အခန်း ၄၄၆
Vol. 45 Ch. 446
အခန်း။ ၄၄၆
"ချင်းချင်း... ချင်းချင်းရေ..."
"ထူးဆန်းလိုက်တာ သူ ဘယ်ရောက်သွားပါလိမ့်"
ပါးစပ်တွင် မုန့်တစ်ကိုက်ကို ကိုက်ထားလျက် ချန်ကျီရှင်းသည် ဥယျာဉ်ထဲတွင် တစ်ပတ်ပြန်လှည့်ကြည့်လိုက်သည်။ ခေါင်းကို လှည့်လိုက်စဉ် မြက်ခင်းပြင်ထဲတွင် ပုန်းခိုနေပြီး သူ့ကို စိုက်ကြည့်နေသည့် မြွေတစ်ကောင်၏ ရှည်လျားသော မျက်နှာကို တွေ့လိုက်ရသည်။
ချန်ကျီရှင်း: "..."
ချင်းကျီ: "……."
မြွေမင်းသမီး: "..."
ချင်းကျီ၏ ဓားချက်အောက်တွင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်လုနီးပါး ဖြစ်နေသည့် မြွေမိစ္ဆာကို ပန်းခြုံထဲမှ ဆွဲထုတ်လိုက်ပြီးနောက် ချန်ကျီရှင်းက မုန့်ကို ဝါးရင်း မေးလိုက်သည်။ "မင်း ဒီမြက်ခင်းထဲမှာ ဘာလုပ်နေတာလဲ။ အော်... ဟုတ်ပြီ ချင်းချင်းကို မြင်မိသေးလား"
မြွေမင်းသမီးသည် သူမ၏ ခန္ဓာကိုယ်ပေါ် ကပ်နေသည့် မြက်ခြောက်များကို ခါထုတ်ရင်း "သခင်လေး... နေ့လယ်က သခင်မလေးက သခင်ကြီး၊ သခင်မကြီးတို့နဲ့အတူ တောင်ကျောနောက်ဘက်ကို သခင်လေး့ဆီ လာတွေ့ဖို့ ထွက်သွားတာပါရှင်။ အခုထိ ပြန်မရောက်သေးပါဘူး" ဟု ပြန်ဖြေသည်။
"အော်..."
ချန်ကျီရှင်း ခေါင်းညိတ်လိုက်သည်။
"မင်းကရော မြက်ခင်းထဲမှာ ဘာလုပ်နေတာလဲ"
"..."
"ပြောစမ်း"
"ကျွန်မက မြွေမို့လို့ပါရှင်"
"....ကောင်းပြီ အေးအေးဆေးဆေးပဲ နေတော့။ ငါ အိပ်တော့မယ် သခင်မလေး ပြန်ရောက်လာရင် ငါ့ကို လာနှိုးလိုက်ဦး"
"ဟုတ်ကဲ့ပါ သခင်လေး"
ဆယ်မိနစ်အကြာတွင် ချန်ကျီရှင်း အိပ်ပျော်ခါနီးအချိန်၌ အေးစက်စက် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုနေရာတွင် ထိုရှည်လျားသော မျက်နှာပိုင်ရှင်မှာ သူ့ကုတင်ပေါ် ရောက်နေ၏။
"ဒုန်း" ဟူသော အသံနှင့်အတူ အမိုးများ ပျက်ကျသွားပြီး အုတ်ကြွပ်ပြားများ လွင့်စင်ကုန်သည်။
ပေတစ်ရာကျော် ရှည်လျားသည့် မြွေဖြူကြီးတစ်ကောင်သည် အမိုးကို ဖောက်ထွက်သွားကာ လေထဲတွင် ယိုင်နဲ့နဲ့ ပျံသန်းရင်း ဇီဝေတောင်ထိပ်မှ မိုင် (၂၀) ကျော်အကွာသို့ ပျံထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ပျက်စီးနေသော အိပ်ခန်းထဲမှ ထိုင်လိုက်ပြီးနောက် ချန်ကျီရှင်းသည် အထက်ရှိ ပြာလဲ့လဲ့ကောင်းကင်နှင့် တိမ်တိုက်များကို မော့ကြည့်ကာ "မင်း ရူးနေတာလား" ဟု ကျိန်ဆဲလိုက်မိသည်။
စောင်ထဲတွင် ရစ်ပတ်ထားဆဲဖြစ်သော မြွေဖြူငယ်လေးမှာ တုန်ရီနေသည်။
ဉာဏ်ရည် အကန့်အသတ်ရှိသော သူမသည် မိခင်ဖြစ်သူ ဘာလို့ အဝေးကို လွင့်စင်သွားရသလဲဆိုတာ နားမလည်နိုင်ရှာပေ။
ရှူချင်းချင်း တောင်ကျောနောက်ဘက်မှ ပြန်ရောက်လာချိန်တွင် သူမမြင်လိုက်ရသည်မှာ အပျက်အစီးများကြားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမ၏ ခင်ပွန်းပင်။
အံ့အားသင့်သွားသော သူမသည် ချန်ကျီရှင်းကို လှုပ်နှိုးလိုက်သည်။
"ယောကျာ်း..."
"အင်း... အင်း"
ချန်ကျီရှင်းသည် တစ်ဖက်မျက်လုံးကိုသာ ဖွင့်ကြည့်ရင်း သူမကို အလိုအလျောက် ပွေ့ဖက်ထားလိုက်ပြီး ဆက်လက် အိပ်ပျော်သွားသည်။
ပွေ့ဖက်ခံလိုက်ရသဖြင့် ရှူချင်းချင်းမှာ စိတ်ရှုပ်ထွေးသွားသည်။
"ငါ့ယောင်္ကျားက အခုအချိန်ဆို ကောင်းကင်စံအိမ်တော်ကို ရောက်နေရမှာလေ...
ဘာလို့ အိမ်မှာ လာအိပ်ပျော်နေရတာလဲ...
အိမ်ကရော ဘာဖြစ်သွားတာလဲ...
လမ်းမှာတင် ကောင်းကင်စံအိမ်တော်က မသေမျိုးကို စိတ်ဆိုးအောင် လုပ်မိလို့... အဲဒီမသေမျိုးကပဲ သူ့ကို တိမ်တိုက်တွေပေါ်ကနေ ပစ်ချလိုက်တာများလား မသိဘူး..."
ထိုသို့တွေးရင်း ရှူချင်းချင်းသည် ချန်ကျီရှင်း၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လိုက်သည်။
အင်း... သူ အန္တရာယ်ကင်းရင် ပြီးတာပါပဲ။
...
အခြားတစ်ဖက်တွင် ကလေးငယ်၏ အနှောင့်အယှက်မှ အခုလေးတင် လွတ်မြောက်လာပြီး တောင်ပေါ်သို့ ပြန်တက်လာသည့် ချန်ချိုအာသည် ရုတ်တရက် အားအင်များ လျော့နည်းသွားတော့သည်။
"ဘုန်း"
"အို... အရမ်းနာတာပဲ..."
နောက်တစ်နေ့ နံနက်စောစော အခန်းပြောင်းပြီး အိပ်စက်ခဲ့ရသည့် ချန်ကျီရှင်းသည် ဝတ်စားဆင်ယင်ပြီးနောက် အိပ်ပျော်နေဆဲဖြစ်သော ဇနီးသည်ကို ပွေ့ဖက်လိုက်သည်။
ခဏအကြာတွင် ဇီဝေတောင် တောင်တံခါးဝရှေ့၌ သူ့လမ်းကို ပိတ်ဆို့ထားသော ဘိုးဘေးကို ကြည့်ရင်း ချန်ကျီရှင်းမှာ နဖူးကို ပွတ်သပ်လိုက်ရသည်။
"ဘိုးဘေး... ကျွန်တော် မြောက်ဘက်ဒေသမှာ လုပ်စရာကိစ္စရှိလို့ပါ။ ကောင်းကင်စံအိမ်တော်ကို မသွားတော့ပါဘူး"
"ငါ သိပါတယ်"
ချန်ထျန်ယွမ်သည် သူ့ထက် အရပ်တစ်ဝက်ခန့် ပိုမြင့်နေပြီဖြစ်သော ချန်ကျီရှင်းကို ကြည့်ကာ ခေါင်းညိတ်သည်။
"အိမ်ကို စောစောပြန်ခဲ့ဖို့ မမေ့နဲ့"
"နားလည်ပါပြီ"
စကားဆုံးသည်နှင့် သူသည် ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံသန်းသွားတော့သည်။
...
သုံးရက်အကြာ မြောက်ဘက်ဒေသ။
စစ်ပွဲပြီးဆုံးပြီး လေးရက်မြောက်နေ့ ဖြစ်သည်။ ကျယ်ပြန့်သော နှင်းခဲပြင်များမှာ အများအားဖြင့် သဲကန္တာရကဲ့သို့ ဖြစ်နေဆဲ ဖြစ်သော်လည်း ကြေးနန်းပို့စနစ်များ ပြန်လည်လည်ပတ်လာပြီဖြစ်ရာ ဤမြေပြင်သည် တစ်နေ့တွင် ၎င်း၏ စည်ကားမှုကို ပြန်လည်ရရှိလာလိမ့်မည်။
ထိုအချိန်တွင် မြောက်ဘက်ဒေသအတွင်းပိုင်းရှိ ကျောက်ရွာလေးတစ်ခု၌ သစ်ပင်နတ်ဘုရားလွီယူဆောင်လာသော ဒုတိယအသုတ် ကုန်ပစ္စည်းများကို မြင်လိုက်ရသည့်အခါ ချန်ကျီရှင်းမှာ ကျိန်ဆဲမိတော့သည်။
"ဟာ... ဖြစ်မှ ဖြစ်ရလေ"
ချန်ကျီရှင်းသည် သစ်ပင်နတ်ဘုရားထံမှ အံ့အားသင့်စရာများကို မျှော်လင့်ထားခဲ့သည်။ သို့သော်နတ်ဘုရားလွီတစ်ယောက် ထာဝရအသက်ရှည်ခြင်း နဂါးလိပ်ကိုပင် ကုန်ပစ္စည်းအဖြစ် ယူလာနိုင်သည်ဟု တွေးထားခဲ့သော်လည်း ယခုမြင်ကွင်းမှာ သူ့စိတ်ကူးထက်ပင် ကျော်လွန်နေသည်။
"ဒီတစ်ခါတော့ ကျေနပ်ပြီလား"
"ဒီလောက်ကြီးမားတဲ့ ခရုခွံကြီးကို ဘယ်ကနေ ရလာတာလဲ"
ချန်ကျီရှင်းသည် လေးထပ်အဆောက်အအုံခန့် မြင့်ပြီး ပေငါးဆယ်ကျော် ရှည်လျားသော ဧရာမခရုခွံကြီးကို ကြည့်ကာ မေးလိုက်သည်။
"ပင်လယ်ထဲကပါ"
"မြောက်ပင်လယ်လား"
"ဟုတ်တယ်"
"အဲဒီလိပ်အိုကြီး နဂါးလိပ်ရဲ့ နဂါးနန်းတော်ထဲကို ဖောက်ဝင်ပြီး ဒီအရာကို သွားယူလာတာလား"
"..."
ချန်ကျီရှင်း: "……"
တကယ်ပဲ ဖောက်ဝင်သွားတာလား။ လိပ်ခွံတစ်ခုကိုလည်း ပြန်ယူလာသေးတယ်။ ဒီသစ်ပင်နတ်ဘုရားကြီးက တကယ်ကို သန်မာလွန်းတာပဲ။
ချန်ကျီရှင်း၏ အတွေးကို သိနေသလို သစ်ပင်နတ်ဘုရားက ရှင်းပြသည်။
"အဲဒီမျိုးစပ် နဂါးလိပ်က သူ့ဘာသာသူ ပိတ်မိသွားတာ အပြင်ကို မထွက်နိုင်တော့ဘူး"
"ဘယ်သူ ပိတ်လိုက်တာလဲ"
"သူ့ဘာသာသူပဲ"
"..."
သစ်ပင်နတ်ဘုရားနှင့် စကားပြောတိုင်း ချန်ကျီရှင်းမှာ ပဟေဠိဖြေနေရသလို ခံစားရသည်။ သစ်ပင်ကြီးက စကားကို ထစ်ထစ်အအ ပြောတတ်ပြီး အမြဲတမ်း စကားလုံးတွေ လိုနေတတ်သည်။ အကျိုးအမြတ် မပါလာလျှင် သူ စကားတောင် ပြောချင်မည် မဟုတ်ပေ။
ထို့နောက်။
"အပင်...အနှစ်သာရ"
"ယူလိုက်ပါ"
သစ်ပင်နတ်ဘုရားက ပစ္စည်းယူလာပေးသဖြင့် ချန်ကျီရှင်းလည်း မတွန့်ဆုတ်တော့ပေ။ ကျောပိုးအိတ်ထဲမှ အပင်အနှစ်သာရပါသည့် ပုလင်း (၁၇) လုံးကို ထုတ်ပေးလိုက်သည်။
ထိုအခါ
"မျိုးစပ် နဂါးလိပ်က သူ့ရဲ့ အခွံကိုသုံးပြီး လူသား ထာဝရအသက်ရှည်ခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးကို ပိတ်မိအောင် လုပ်ခဲ့တယ်။ နောက်တော့ သူတို့က နဂါးလိပ်ရဲ့ မှော်အတတ်ကို ဖျက်ဆီးပြီး ထွက်ပြေးသွားတော့ မှော်အတတ်က ပြန်ကန်ထွက်ပြီး နဂါးလိပ်ကိုယ်တိုင် ပိတ်မိသွားတာ"
သစ်ပင်နတ်ဘုရား စကားကို ပီပီသသ ပြောနိုင်သွားပြီပဲ။
သူ အပင်အနှစ်သာရကို အလွန်အကျွံ သုံးစွဲမိလို့များလား။
"ပြီးတော့ မင်း ဒီတစ်ခါ ပေးတာ များသွားပြီ။ ငါအခု ထာဝရအသက်ရှည်ခြင်းအဆင့်မိစ္ဆာတွေကို မဖမ်းနိုင်သေးဘူး။ အကြွေးကို အရစ်ကျ ပြန်ဆပ်မယ်"
"အာ... အဲဒီအစား နဂါးလိပ်ရဲ့ နဂါးနန်းတော် ဘယ်မှာလဲဆိုတာ ပြောပြရင်ရော။ ဒါဆိုရင် ကျေပြီလေ"
ချန်ကျီရှင်းသည် နဂါးလိပ်၏ ရတနာများကို စိတ်ဝင်စားနေသည်။
ထာဝရအသက်ရှည်ခြင်းအဆင့်အထိ ရောက်ထားတဲ့ မိစ္ဆာတစ်ကောင်... အထူးသဖြင့် သက်တမ်းရင့်လှပါတယ်ဆိုတဲ့ နဂါးလိပ်တစ်ကောင်ဆိုရင်တော့... နှစ်ပေါင်းများစွာအတွင်းမှာ ရတနာ အမြောက်အမြားကို စုဆောင်းထားမှာ သေချာတယ်...
"သဘောတူတယ်"
သစ်ပင်ကြီးက လှုပ်ခါလိုက်ပြီး အရွက်တစ်ရွက်မှာ ချန်ကျီရှင်း၏ လက်ဖဝါးပေါ်သို့ ကျလာသည်။
"မင်းရဲ့ နဖူးပေါ် တင်လိုက် အဲဒါဆို သိရလိမ့်မယ်"
ချန်ကျီရှင်း: "..."
"နဖူးပေါ် တင်ရမှာပေါ့နော်"
"ဟုတ်တယ်"
ချန်ကျီရှင်း စမ်းသပ်ကြည့်လိုက်သည်။ အေးမြသော အရွက်ကို နဖူးပေါ် တင်လိုက်သည်နှင့် ကိုယ်ခန္ဓာမှ ဝိညာဉ်ခွဲထွက်သွားသလို ခံစားလိုက်ရသည်။
သူ့အမြင်အာရုံများ ပြောင်းလဲသွားသည်။
၎င်းမှာ အလွန်မှော်ဆန်သော အမြင်အာရုံ အတွေ့အကြုံပင်။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်နေသော်လည်း ပင်လယ်အောက် ပေသုံးထောင်ကျော်ကို မြင်နေရသည်။
ချိုင့်ဝှမ်းထဲတွင် တောက်ပနေသော ဧရာမလိပ်ခွံကြီးမှာ ငြိမ်သက်စွာ ရှိနေသည်။
သံလှံကိုင်ထားသော ပုစွန်စစ်သည်များ၊ တူနှစ်လက်ကိုင်ထားသော ဂဏန်းစစ်သည်များ၊ ပင်လယ်မြင်းစီး မြင်းတပ်များနှင့် ထူးဆန်းသော ဆွဲဆောင်မှုမျိုး ထုတ်လွှတ်နေသည့် အနီရောင်အခွံပိုင် နဂါးလိပ်တစ်ဒါဇင်ကျော်ပင်။
ဒါတွေက နဂါးလိပ်ရဲ့ သားသမီးတွေများလား။
...
သစ်ပင်နတ်ဘုရားကို နှုတ်ဆက်ပြီးနောက် ချန်ကျီရှင်းသည် မြောက်ပင်လယ်သို့ ချက်ချင်း မသွားရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းရင်းမှာ အရွက်ကို သုံးလိုက်ချိန်တွင် နဂါးလိပ်၏ နန်းတော်နှင့် အထဲရှိ အဆင့်မြင့် မိစ္ဆာများကို မြင်လိုက်ရသောကြောင့်ပင်။ သူသည် အိမ်သို့ အရင်ပြန်ပြီး ဘိုးဘေးကို အဖော်ပြု၍ ရတနာရှာရန် စည်းရုံးကြည့်မည်ဟု စိတ်ကူးလိုက်သည်။
ထိုခရုခွံကြီးကို အိမ်သယ်သွားရင် ရှူချင်းချင်းရော၊ သူ့အမေဖြစ်သူ ယင်ရွှမ်းရွှမ်ပါ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မည်ဟု ချန်ကျီရှင်း ခံစားလိုက်ရသည်။
"ဒီလောက်ကြီးတဲ့ ခရုခွံထဲမှာဆိုရင် ပုလဲတွေကလည်း အများကြီးပဲ ဖြစ်လိမ့်မယ်"