အခန်း ၄၅၇
Vol. 46 Ch. 457
အခန်း။ ၄၅၇
မင်းမျိုးမင်းနွယ် မိသားစုများရှိ ထာဝရအသက်ရှည်ခြင်း အဆင့်ကျင့်ကြံသူများမှာ မဟာသန့်ရှင်းသော နယ်မြေသုံးခုက စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များသာ ဖြစ်သည်။
သို့သော် ဤစိုက်ပျိုးနည်းမှာ အလွန်ယဉ်ကျေးလှသည်။
လူတိုင်း လက်ခံနိုင်လောက်အောင် ယဉ်ကျေးပြီး အခြားသူများ လုယူ၍မရနိုင်သော နေရာတစ်ခုပင် ဖြစ်နေသည်။
ဤအချက်က ချန်ကျီရှင်းအား သူ၏ ယခင်ဘဝက ဖတ်ခဲ့ဖူးသည့် ဝတ္ထုတစ်ပုဒ်ကို ပြန်လည်သတိရစေသည်။
ဝါးမြိုသူ။
“ဒါက ကုသိုလ်ကောင်းမှုလိုမျိုး အကျိုးပြုတဲ့ စက်ဝန်းတစ်ခုပါပဲ။ မဟာသန့်ရှင်းသော နယ်မြေသုံးခုက ငါတို့ မင်းမျိုးမင်းနွယ် မိသားစုတွေဆီကနေ လိုချင်တာက တည်ငြိမ်တဲ့ အဖွဲ့အစည်းပတ်ဝန်းကျင်နဲ့ သူတို့ ပျက်စီးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ထာဝရအသက်ရှည်ခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ ရုပ်အလောင်းတွေပါပဲ။ ငါတို့ ချန်မိသားစုအနေနဲ့ ဒီလိုမျိုး အပြန်အလှန် အကျိုးပြုတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်”
ချန်ကျောက်ရှင်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ သဘောထားကို ထုတ်ဖော်ပြောဆို လိုက်သည်။
ချန်ကျီရှင်း ဆက်လက် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်ကျောက်ရှင်းက “သေချာတာပေါ့ မင်းမှာ တခြားအမြင်ရှိရင်လည်း ဆွေးနွေးလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က မိသားစုတွေပဲလေ” ဟု ဖြည့်စွက်ပြောသည်။
ချန်ကျောက်ရှင်းသည် သူပြောလိုက်သည့် စကားတွင် အမှားအယွင်းမရှိဘူးဟု ယူဆကာ လေသံမှာလည်း အလွန်ယဉ်ကျေးနေသည်။
သို့သော် ချန်ကျီရှင်းမှာမူ တိတ်ဆိတ်လျက်ပင် ရှိနေပြီး မကျေနပ်သည့်ပုံပေါက်နေသဖြင့် သူက “ကျီရှင်း ဘာဖြစ်လို့လဲ” ဟု ထပ်မေးလိုက်သည်။
ချန်ကျီရှင်း ခေါင်းခါလိုက်သည်။
ချန်ကျောက်ရှင်းနှင့် စတုတ္ထဦးလေးတို့က သူ့ကို စောင့်မျှော်နေသည်ကို မြင်သဖြင့် သူက ညင်သာစွာ ပြောသည်။
“ငါ တွေးနေမိတာက မင်းတောင် ဒီလိုတွေးနေရင် တခြားမင်းမျိုးမင်းနွယ် မိသားစုတွေကကော ဒီလိုပဲ တွေးနေကြမလားပေါ့။ ဒီလို အပြန်အလှန် အကျိုးပြုတဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံမှာ ဘာမှမမှားဘူးလို့ နှလုံးသားထဲကနေ တကယ်ပဲ ယုံကြည်နေကြတာလားဆိုတာကိုပဲ”
“အဲဒီ... အဲဒီမှာ ဘာမှားနေလို့လဲ”
ချန်ထျန်ချန်း အံ့အားသင့်သွားသည်။
မင်းမျိုးမင်းနွယ်များနှင့် သန့်ရှင်းသော နယ်မြေများကြားရှိ အပြန်အလှန် အကျိုးပြုမှုကို သူ မမှားဘူးဟု ယူဆသည်။
သန့်ရှင်းသော နယ်မြေများက သူတို့ကို အလွန်အမင်း မဖိနှိပ်ဘဲ လုံလောက်သော ရိုသေမှုနှင့် နေထိုင်စရာ နေရာ၊ အသက်ရှင်သန်မှု အာမခံချက်တို့ကို ပေးထားသောကြောင့် နှစ်ဦးနှစ်ဖက်အတွက် အနိုင်အရှုံးမရှိသည့် ကိစ္စဟု သူ မြင်သည်။
“ဘာမှ မဟုတ်ပါဘူး"
ချန်ကျီရှင်း သက်ပြင်းချလိုက်သည်။
“စတုတ္ထဦးလေး၊ ဦးလေးနဲ့ အစ်ကိုကျောက်ရှင်း ဆက်ပြောနေကြပါ။ ကျွန်တော့်မှာ ကိုင်တွယ်စရာ ကိစ္စနည်းနည်းရှိလို့ အရင်ပြန်နှင့်မယ်"
ထိုသို့ပြောပြီးနောက် နှစ်ဦးစလုံး တုံ့ပြန်ခြင်းမပြုမီမှာပင် ချန်ကျီရှင်းက တစ်ဖက်လက်ဖြင့် အာကာသကို ဆွဲဖြဲလိုက်ပြီး အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်ထျန်ချန်းက ချန်ကျောက်ရှင်းကို လှည့်ကြည့်ကာ “ကျောက်ရှင်း ကျီရှင်းက စိတ်မကြည်လို့ ဖြစ်မှာပါ။ စိတ်ထဲမထားပါနဲ့။ အိမ်ပြန်ရောက်ပြီဆိုတော့ လိုတာရှိရင် ဦးလေးကို ပြောပါ” ဟု ပြုံး၍ ပြောသည်။
သို့သော် ချန်ကျောက်ရှင်းမှာမူ ပြန်မဖြေဘဲ နေရာတွင် ငေးငိုင်စွာ ရပ်နေမိသည်။
သူ၏ မျက်လုံးများတွင် ပိတ်သွားသော အာကာသအက်ကြောင်းကို ကြည့်ရင်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
“ကျောက်ရှင်း”
“အော်... ဟုတ်ကဲ့ စတုတ္ထဦးလေး"
ချန်ထျန်ချန်း၏ ခေါ်သံကြောင့် သတိပြန်ဝင်လာပြီး ချန်ကျောက်ရှင်း ခေါင်းခါလိုက်သည်။ “စတုတ္ထဦးလေး ကျီရှင်းက ဒီလောက်အဆင့်ထိ ရောက်နေပြီလား။ အာကာသကိုတောင် ဆွဲဖြဲနိုင်နေပြီပေါ့”
“ဟင် အဲဒါ ထူးဆန်းလို့လား”
ချန်ထျန်ချန်းက အံ့သြစွာ ပြန်မေးသည်။
“ကျီရှင်းက ပါရမီရှင်တစ်ယောက်ပါ။ အာကာသကို ဆွဲဖြဲတယ်ဆိုတာ ထိပ်သီးအဆင့်မှာပဲ လုပ်နိုင်တဲ့အရာပေမဲ့၊ နိဗ္ဗာန်အဆင့်မှာ လုပ်တာက ကျီရှင်းအတွက်တော့ မထူးဆန်းပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကျော်အတွင်းမှာ သူ့ထက်သာတဲ့သူ မရှိနိုင်တော့ဘူးလေ"
“...”
ချန်ကျောက်ရှင်း ခါးသီးစွာ ပြုံးလိုက်သည်။
“မှန်ပါတယ် ဘာမှမထူးဆန်းပါဘူး။ ကျီရှင်းရဲ့ ထူးချွန်တဲ့ ပါရမီက ကျွန်တော်တို့နဲ့ နှိုင်းယှဉ်လို့မရပါဘူး"
မထူးဆန်းဘူး ဟုတ်လား။
လက်တစ်ချက်မြှောက်လိုက်ရုံနဲ့ အာကာသကို ဆွဲဖြဲလိုက်ခြင်းမှာ ထာဝရအသက်ရှည်ခြင်း အရှင်သခင်တို့၏ အမှတ်အသားပင်။
အင်အားကြီးမားသော ထိပ်သီးအဆင့် ကျင့်ကြံသူအချို့ လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မည်ဖြစ်သော်လည်း လူတိုင်း လုပ်နိုင်တာမျိုးတော့ မဟုတ်ချေ။
ရိုးရိုးသားသား ပြောရလျှင် ထာဝရအသက်ရှည်ခြင်း အဆင့်သို့ အခုလေးတင် ရောက်ရှိလာသော အရှင်သခင် အများစုတောင် ချန်ကျီရှင်း လုပ်ပြလိုက်သလိုမျိုး လွယ်လွယ်ကူကူ လုပ်နိုင်ကြမည် မဟုတ်ပေ။
ကျီရှင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဖြစ်နိုင်ရတာလဲ။ ငါတို့နှစ်ယောက်ကြားက ကွာဟချက်က တကယ်ပဲ ဒီလောက်ကြီးမားနေတာလား
ဤအရာကို တွေးမိသောအခါ ချန်ကျောက်ရှင်းသည် အိမ်မပြန်မီကပင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း ရင်ထဲတွင် မကျေနပ်မှုများ လှိုင်းထန်လာသည်။
"ဝေတုလုံကိုတောင် အနိုင်ယူပြီး ပြန်လည်ဝင်စားလာခဲ့တဲ့ ငါ့လိုလူမျိုးတောင်မှ ချန်ကျီရှင်းရဲ့ ကျင့်ကြံခြင်းအရှိန်ကို မမီနိုင်တော့ဘူးဆိုရင်... ဒီကမ္ဘာကြီးက ချန်ကျီရှင်းတစ်ယောက်တည်းရဲ့ လက်ခုပ်ထဲကရေ ဖြစ်သွားတော့မယ့် ကံကြမ္မာမျိုးလား..."
ချန်ကျီရှင်းသည် သူ၏ အာကာသကို ဆွဲဖြဲလိုက်သည့် လုပ်ရပ်က ချန်ကျောက်ရှင်းအပေါ် မည်မျှအထိ ထိတ်လန့်သွားစေသည်ကို မသိရှိခဲ့ပေ။
အမှန်စင်စစ် သူသာ သိခဲ့လျှင်လည်း အရေးကြီးလိမ့်မည် မဟုတ်ပေ။
အာကာသကို ဆွဲဖြဲခြင်းမှာ ဘိုးဘေး ချန်ထျန်ယွမ်ထံမှ သူ သင်ယူခဲ့ရသည့်အရာ ဖြစ်သည်။ အစပိုင်းတွင် သင်ယူရသည်မှာ အနည်းငယ် ခက်ခဲသော်လည်း နောက်ပိုင်းတွင် ချင်းကျီ၏ ဓားအာရုံကို အသုံးပြု၍ အာကာသကို ဖောက်ခွဲနိုင်ကြောင်း သူ တွေ့ရှိခဲ့ပြီး ၎င်းမှာ အစပျိုးလမ်းစတစ်ခု ဖြစ်လာခဲ့သည်။
ယခုမူ ချင်းကျီ၏ အကူအညီမပါဘဲ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့်ပင် အာကာသကို ဆွဲဖြဲပြီး ရွေ့လျားနိုင်နေပြီ ဖြစ်သည်။
အာကာသအတွင်း လျှောက်လှမ်းစဉ် ရင်ဆိုင်ရမည့် အာကာသဆွဲငင်အားမှာလည်း နွားမိစ္ဆာ ကြယ်စင်ဖျက်ဆီးခြင်း လက်သီးကို ကျင့်ကြံထားသူတစ်ယောက်အတွက် ခံနိုင်ရည်ရှိသည့် အပိုင်းအခြားအတွင်း၌သာ ရှိသည်။
ချန်ကျီရှင်းသည် သူ၏ ကိုယ်ပိုင် ခြံဝင်းအတွင်းသို့ ပြန်ရောက်လာသည်။
ခြံဝင်းထဲတွင် သူ၏မိခင် ယင်ရွှမ်းရွှမ်းသည် ရှူချင်းချင်းနှင့်အတူ ပုလဲလုံးများကို ရေတွက်နေကြသည်။
သူ ပြန်ရောက်လာသည်ကို မြင်သော်လည်း မိခင်ဖြစ်သူမှာ ခေါင်းပင် မမော့ဘဲ ကလေးငယ်၏ လက်သီးဆုပ်အရွယ်ရှိ ပုလဲအမည်းတစ်လုံးကို နေရောင်အောက်တွင် စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
“ချင်းချင်း... ဒီပုလဲလုံး ဘယ်လောက်တောင် အရောင်တောက်သလဲဆိုတာ ကြည့်စမ်း။ ငါ့မြေးလေး မွေးလာတဲ့အခါ ဒီပုလဲနဲ့ ဆွဲသီးလေး လုပ်ပေးရင် ဘယ်လိုနေမလဲ”
ရှူချင်းချင်းသည် စကားမပြောဘဲ ပြုံးနေရုံသာ ရှိပြီး ချန်ကျီရှင်းကို ခိုးကြည့်နေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယင်ရွှမ်းရွှမ်းက မျက်နှာကို တင်းထားလိုက်ပြီး ချန်ကျီရှင်းကို ပြောသည်။
“ပြန်လာရမှန်း သိသေးတယ်ပေါ့လေ မသွားခင်ကလည်း နှုတ်မဆက်ဘူး။ ထွက်သွားတုန်းကလည်း အိမ်ကို ဖြိုချပြီးမှ ထွက်သွားသေးတယ်ပေါ့ ဟုတ်လား။ အိမ်က ဇီဝေတောင်တန်းက သေးလွန်းလို့ မင်းလို ဗုဒ္ဓကြီးတစ်ဆူကို မဆံ့တော့တာလား”
ယင်ရွှမ်းရွှမ်းသည် ရှူချင်းချင်းမှာ ကိုယ်ဝန်ရင့်မာနေပြီ ဖြစ်သည့်အတွက် ချန်ကျီရှင်းအား သူ၏ ဇနီးဖြစ်သူနှင့် အချိန်ပိုပေးစေလိုသဖြင့် ဆူပူရန် ရည်ရွယ်ထားသည်။
သို့သော်....
“အမေ... ကျွန်တော် ကျင့်ကြံခြင်းမှာ အခက်အခဲတစ်ခုနဲ့ ကြုံနေရလို့ ခဏလောက် တံခါးပိတ် ကျင့်ကြံတော့မယ်။ လာမယ့်ရက်တွေမှာ ထမင်းစားဖို့ လာမခေါ်ပါနဲ့တော့"
“ဒုန်း”
အသစ်ဆောက်ထားသည့် အိမ်တံခါးမှာ အတွင်းဘက်မှ ပိတ်သွားသည်။
ယင်ရွှမ်းရွှမ်း: “…..”
“ချင်းချင်း... ဒီကောင် ဘာဖြစ်တာလဲ သူက....”