← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

အပိုင်း ၂၈၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအချိန်တွင် ဆိုလွန်၏အမေးစကားကိုကြားသော အသူရာကြယ်ပြန်လည်ဖြေကြားလိုက်သည်။

“သခင်.. ငါတို့ မခွဲခြားနိုင်လည်း ကိစ္စမရှိပါဘူး.. ဒီမြို့မှာ သခင်ကလွဲပြီး တခြား ဘယ်သူမှ လမ်းမရှာနိုင်ဘူး.. သခင် လိုရာခရီးကို ရောက်ဖို့ နှလုံးသားရဲ့ ခေါ်သံကို နားထောင်ဖို့ပဲ လိုတယ်”

အသူရာမိစ္ဆာကြယ်၏စကားအဆုံးတွင် ရုတ်တရက် ဆိုလွန်၏ မျက်စိရှေ့ရှိ အရာအားလုံး စတင် ပြောင်းလဲသွားကာ လောကကြီးတစ်ခုလုံး ရွေ့လျားလာသည်။

သူ၏ ပတ်လည်ရှိ လမ်းများနှင့် အပျက်အစီးများ အားလုံး ကမောက်ကမဖြစ်သွားပြီး ခေါင်းမူးချင်စရာကောင်းလောက်အောင် လည်ပတ်လာ၏။

အကယ်၍ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော နေရာတစ်ခုကိုမြေကွက်တစ်ခုအဖြစ် မြင်ယောင်ကြည့်မည်ဆိုပါက ကျောင်းတော် ပတ်လည်ရှိ ဧရာမ မြေကွက်ကြီးများ ရွေ့လျားလာခြင်းဖြစ်သည်။

ဆိုလွန် လုံးဝ မှင်သက်သွားရသည်။

မည်သို့သော ကြောက်မက်ဖွယ် စွမ်းအားမျိုးက ဤနေရာကို ထိုသို့ဖြစ်စေသနည်း။ ဧရာမ မြို့ကြီးသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားကာ ပဟေဠိတစ်ခုသဖွယ် အဆက်မပြတ် ပြန်လည် နေရာချထားနေခြင်းဖြစ်သည်။

ဆိုလွန် ရပ်နေသည့် ကျောင်းတော် တစ်ခုတည်းသာ ငြိမ်သက်နေခဲ့၏။

မနေ့က ဖြောင့်တန်းသော လမ်း၏ အဆုံးသို့ အဘယ်ကြောင့် မရောက်ခဲ့ကြောင်း ယခုမှ ဆိုလွန် အပြည့်အဝ နားလည်သွားတော့သည်။ ထိုသည်ကား ယခုကဲ့သို့အဆက်မပြတ်နေရာပြောင်းလဲနေခြင်းကြောင့်ပင်။

သတ်မှတ်ထားသော အချိန်ကာလတစ်ခု၌ မြို့ကြီးတစ်ခုလုံး ဧရာမ မြေကွက် ပေါင်းများစွာအဖြစ် ကွဲထွက်သွားကာ ကမောက်ကမဖြစ်သော်လည်း ရှုပ်ထွေးသော ပုံစံဖြင့် ရွေ့လျားသွားသည်။ ထိုရွေ့လျားနေသော အပြင်အဆင်ကြောင့် အလယ်ဗဟိုသို့ တည့်တည့် လျှောက်သွားရန် ကြိုးစားသူတိုင်း အဆုံးတွင် မောပန်းနွမ်းနယ်ကာ သေဆုံးသွားပေလိမ့်မည်။

ထို့အပြင် လမ်းဆုံတိုင်းသည် မည်သည့်အချိန်၌မဆို သေစေနိုင်သော ထောင်ချောက်တစ်ခု ဖြစ်သွားနိုင်၏။ မနေ့က လမ်းဆုံ၏ ဘယ်နှင့် ညာ နှစ်ဖက်စလုံး၌ လူသေအလောင်းပုံများကို ဆိုလွန် မြင်တွေ့ခဲ့ရသည်မှာ မဆန်းပါတော့ချေ။ ဤနေရာရှိ ထောင်ချောက်များကို ကျပန်း ဖန်တီးထားခြင်းကြောင့်ပင်။

ယနေ့ ဘေးကင်းသော လမ်းကြောင်းသည် မနက်ဖြန်တွင် သေမင်းထောင်ချောက်တစ်ခု ဖြစ်သွားနိုင်၏။ ပျောက်ဆုံးသွေး မြို့တော်ကို တည်ဆောက်ခဲ့သူများသည် မိစ္ဆာစစ်တပ်ကို တားဆီးရန် ထိုကဲ့သို့ယန္တရားကို ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် သူတို့ကိုယ်သူတို့ ကယ်တင်ရန် ကျရှုံးခဲ့ပုံရသည်။

မနေ့က ဆိုလွန် လမ်းလျှောက်နေစဉ် ထိုရွေ့လျားမှုကို လုံးဝ မခံစားခဲ့ရပေ။ မိုင်ပေါင်းများစွာ ရှည်လျားသော ဧရာမ မြေကွက်ကြီးများမှာ တုန်ခါမှုမရှိဘဲ တိတ်ဆိတ်စွာ ရွေ့လျားပြောင်းလဲနေခြင်း ဖြစ်သည်။ သူ၏ အမြင်အာရုံ တစ်ခုလုံးမှာ သူနှင့်အတူ ရွေ့လျားနေသဖြင့် ထိုအပြောင်းအလဲများကို သတိမထားမိခဲ့ချေ။

ဤသည်ကား ပျောက်ဆုံးသွေး မြို့တော်၏ အစစ်အမှန် ကြောက်မက်ဖွယ်ရာပင်။ မှန်ကန်သော လမ်းညွှန်မှု မရှိဘဲ အနှီဝင်္ကပါကြီးထဲမှ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ပေ။

ဆိုလွန်တစ်ယောက် သူ၏ တုန်လှုပ် ခြောက်ခြားမှုကို ဖိနှိပ်ထားလိုက်ကာ ခရီးဆက်လိုက်သည်။

မကြာခင်တွင် ယနေ့အတွက် သူ၏ ပထမဆုံး ပြဿနာနှင့် ရင်ဆိုင်လိုက်ရ၏။

ဘယ်ဘယ်လော..။

ညာဘက်လော..။

ဆိုလွန်လည်း သူ၏ မျက်လုံးများကို ထပ်မံ မှိတ်ပြီး ဖန်သော်တာ သိုင်းပညာကို အသုံးပြုကာ စိတ်ကို တည်ငြိမ်စေလိုက်သည်။

“ညာဘက်... ညာဘက်...”

ဆွဲဆောင်မှုရှိသော ညှို့ငင်နိုင်သည့် အသံသည် သူ၏ စိတ်ထဲ၌ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာ၏။

ဆိုလွန် ညာဘက်လမ်းကြောင်းကို ရွေးချယ်လိုက်သောအခါ သေချာပေါက်ပင် မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ရပေ။

ထိုအချိန်မှစ၍ လမ်းဆုံတိုင်း၌ ဆိုလွန်တစ်ယောက် ဖန်သော်တာ သိုင်းပညာကို အသုံးပြုကာ ဆန်းကြယ်သော အသံ၏ လမ်းညွှန်မှုကို လိုက်နာပြီး မြို့ထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားတော့သည်။

…

တစ်နေ့တာလုံး မိုင်မည်မျှ လျှောက်ခဲ့ရမှန်း ဆိုလွန် မသိသလို လမ်းဆုံပေါင်း မရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့ပြီး ထိုအသံကို ဒါဇင်ပေါင်းများစွာ ကြားခဲ့ရသည်။

မကြာမီ ညနေခင်း ထပ်မံ ရောက်ရှိလာလေပြီ။ နေမင်းကြီး ဝင်တော့မည် ဖြစ်၏။

သင်ခန်းစာ ရထားပြီဖြစ်သဖြင့် ကျရောက်လာတော့မည့် တစ္ဆေဝိညာဉ် ဒီရေလှိုင်းမှ လွတ်မြောက်ရန် နောက်ထပ် ကျောင်းတော်တစ်ခုကို ဆိုလွန် လျင်မြန်စွာ ရှာဖွေလိုက်သည်။ လမ်းလျှောက်နေစဉ် သူ၏ ဆန်းကြယ်သော ကျေးဇူးရှင်က လမ်းညွှန်သံ မပါဘဲ မြို့၏ သေစေနိုင်သော ရွေ့လျားထောင်ချောက်များကို မည်သို့ ဖြတ်သန်းသွားခဲ့သနည်းဟု ဆိုလွန် မတွေးဘဲ မနေနိုင်ခဲ့ပေ။

ဆွဲဆောင်မှုရှိသော အသံနောက်ကို လိုက်၍ ဆိုလွန် နောက်ထပ် ကျောင်းတော်တစ်ခုဆီသို့ ပို၍ နီးကပ်လာသည်။

ရုတ်တရက် အသူရာမိစ္ဆာကြယ်၏ သတိပေးသံ သူ၏စိတ်ထဲ၌ ထွက်ပေါ်လာ၏။

“သခင်.. သတိထား.. လူရိုင်းတစ်ယောက် လာနေပြီ”

ဆိုလွန် နောက်သို့ လှည့်ကြည့်လိုက်သောအခါ လူရိုင်းတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုသူ၏ ခန္ဓာကိုယ်မှာ မည်းနက်နေပြီး ခေါင်းပေါ်၌ ချွန်ထက်သည့် အရိုးဆူးများ ဖုံးလွှမ်းနေကာ မျက်လုံးများမှာ နာမကျန်းဖြစ်နေသည့် အဝါရောင်အလင်းဖြင့်တောက်ပနေသည်။ မည်သည့် မျိုးနွယ်မှဖြစ်ကြောင်း ဆိုလွန် အတိအကျ မသိသော်လည်း ယမန်နေ့က ပေါက်ကွဲသွားသည့် လူရိုင်းနှင့် မျိုးစိတ်တူဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

“သခင်.. အဲ့ဒါက ပုတ်သင်ညိုမိစ္ဆာ စစ်သည်တော်ပဲ..”

“သူတို့ရဲ့ခန္ဓာကိုယ်ကို အရမ်း မာကျောတဲ့ သံချပ်ကာလွှာတစ်ခုနဲ့ ဖုံးလွှမ်းထားတဲ့အတွက်.. သာမန် ဓားတွေ၊ မြှားတွေနဲ့ မသတ်နိုင်ဘူး”

ထိုအချိန်၌ ပုတ်သင်ညိုမိစ္ဆာ စစ်သည်တော်လည်း ဆိုလွန်ကို မြင်သွားသည်။ လူရိုင်းသည် ဆိုလွန်ကိုမြင်သည်နှင့် ချက်ချင်းပင် အနက်ရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ဆီသို့ ပြေးဝင်လာသည်။

ဆိုလွန်လည်း ညာဘက် လမ်းဆုံဆီသို့ အသက်လု၍ ထွက်ပြေးတော့၏။ နောက်ထပ် ကျောင်းတော်မှာ မီတာတစ်ရာခန့်သာ ကွာဝေးသဖြင့် ဆိုလွန်တစ်ယောက် အမြန်နှုန်းကို အဆုံးစွန်ထိ မြှင့်တင်ကာ ကျောင်းတော်ထဲသို့ ပြေးဝင်လ်ိုက်သည်။

သို့သော် ပုတ်သင်ညိုစစ်သည်မှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှ၏။ သူ၏နောက် မီတာ လေးငါးရာခန့်မှ စတင် ပြေးလာခဲ့သော်လည်း ကျောင်းတော်၏ တံခါးခုံကို တစ်ပြိုင်တည်းနီးပါး ဖြတ်ကျော်လာခဲ့ကြသည်။

ကျောင်းတော်ထဲသို့ရောက်သောအခါ ပုတ်သင်ညိုစစ်သည်သည် သင်တုန်းဓားပမာ ထက်မြက်သည့်သူ၏အဖြူရောင် သွားများကို ဖော်ပြလာကာ မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။

“ကောင်လေး... မင်းက လူသားတစ်ယောက်ပဲ..”

“ငါ အရမ်း ဆာနေတာ.. လူသားက အရသာရှိတဲ့ အစားအစာပဲ.. ငါကျန်းလီရဲ့ အစာဖြစ်ရတာကို မင်း ဂုဏ်ယူသင့်တယ်”

ဆိုလွန် ဓားကို ဆုပ်ကိုင်ထားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

နေမင်းကြီး ဝင်သွားပြီဖြစ်ကာ နေ့အလင်းရောင်၏ နောက်ဆုံး အရိပ်အယောင်များ ပျောက်ကွယ်သွားလေပြီ။ စက္ကန့်ပိုင်းအတွင်း လမ်းများပေါ်၌ တစ္ဆေဝိညာဉ်များ ပြည့်လျှံသွားပေတော့မည်။

ကျန်းလီ ဟုခေါ်သော ပုတ်သင်ညိုစစ်သည်၌ ဆိုလွန်ထက် အဆတစ်ရာမက ကြီးမားသည့် သိုင်းပညာ စွမ်းရည်များ ရှိနေသည်။ ထိုသို့မဟုတ်လျှင် ပျောက်ဆုံးသွေး မြို့တော်ထဲသို့ ဝင်လာရဲမည် မဟုတ်ပေ။

ဆိုလွန် အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ ကျောင်းတော်ထဲမှ အပြင်သို့ ဖောက်ထွက်ကာ ထိုမိစ္ဆာကောင်ကို လမ်းမ ပေါ်သို့ သွေးဆောင်ပြီး မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များအား ဆွဲဖြဲခိုင်းရန်ပင်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် တစ္ဆေဝိညာဉ်များ၏ ဝါးမျိုခြင်းခံရသည့် ငရဲကျသကဲ့သို့ နာကျင်မှုကို သူပါ ခံစားရမည် ဆိုသော်လည်း အရှင်လတ်လတ် စားခံရခြင်းထက် ပိုကောင်းနေဆဲ ဖြစ်၏။

“ဝှီး...”

ဆိုလွန် ချက်ချင်းပင် အပြင်ထွက်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။

သို့သော် ခြေလှမ်း အနည်းငယ်မျှပင် မလှမ်းရသေးမီ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းအေးခဲသွားသည်။ မျက်စိဖြင့် မမြင်ရသော ကြီးမားလှသည့် ဖိအားတစ်ခုက သူ့ကို ခိုင်မာသော ကျောက်တုံးအတွင်း၌ ပိတ်လှောင်သကဲ့သို့ နေရာတွင် ရပ်တန့်သွားစေခြင်းဖြစ်သည်။

လူရိုင်း ကျန်းလီ လှောင်ပြုံးပြုံးကာ ဆိုလွန်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

“ဒီလောက် အားနည်းပြီး သနားစရာကောင်းတဲ့ လူသား.. မင်း ပျောက်ဆုံးသွေး မြို့တော်ထဲကို ဘယ်လို ဝင်လာတာလဲ..”

“ဒါက တော်တော် ထူးဆန်းတယ်.. မိစ္ဆာမျိုးနွယ်စုတွေ ကြားမှာ သစ္စာဖောက် တစ်ယောက် ရှိနေပုံရတယ်..”

“ပြောစမ်း.. ဘယ်သစ္စာဖောက်က မင်းကို ဒီကို ခေါ်လာတာလဲ.. ပြောပြရင် သူတို့ကို အပြစ်ပေးဖို့ မျိုးနွယ်စုတွေကို ငါအမိန့်ပေးမယ်”

ဆိုလွန် လုံးဝ လှုပ်ရှား၍ မရသေးပေ။ လူရိုင်းက ပို၍ နီးကပ်လာကာ ထိုသတ္တဝါထံမှ ထွက်ပေါ်လာသည့် ဧရာမ ဖိအားကြီးကြောင့် ဆိုလွန်တစ်ယောက် အသက်ရှူပင် မဝ တော့သကဲ့သို့ခံစားလိုက်ရသည်။

“ငါ့ကို ပြောပြရင် မင်းကို ငါ မသတ်ဘူး..”

“ငါက ပုတ်သင်ညိုမိစ္ဆာ မျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ အမွေဆက်ခံသူပဲ.. ပြောပြီးသားစကားကို မရုတ်သိမ်းဘူး”

ထိုသတ္တဝါ၏ ချွန်ထက်သော နှာခေါင်းသည် ဆိုလွန်၏ မျက်နှာနှင့်ပိုမို နီးကပ်လာကာ တစ်ပေပင် မကွာတော့ချေ။ လူရိုင်း၏လည်ချောင်းထဲမှ ထွက်ပေါ်လာသည့် ပုပ်စော်နံနေသော အနံ့ကိုပင် သူ ရနေလေပြီ။

ပျောက်ဆုံးသွေးမြို့တော်သည် စစ်မှန်သော သေမင်းထောင်ချောက်ကြီးပင်။

ယမန်နေ့က တစ္ဆေဝိညာဉ်များ၏ ဝါးမျိုခြင်းခံရကာ လမ်းလျှောက်နေသည့် ဖုတ်ကောင်အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်ခဲ့ရပြီး ယခုမှာ မိစ္ဆာကောင်၏ အစာ ဖြစ်ပေတော့မည်။

ပုတ်သင်ညို၏ မေးရိုးများမှာ ပို၍ ကျယ်လာကာ ဆိုလွန်၏ ခေါင်းတစ်ခုလုံးကို တစ်ကိုက်တည်းဖြင့် လွယ်ကူစွာ မျိုချနိုင်လောက်သည်အထိ ဆန့်ထွက်လာ၏။

“ဝှီး...”

ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး လူရိုင်း၏ လည်ချောင်းကို တိုက်ရိုက် ထိုးဖောက်သွားသည်။

“အား.....”

အနက်ရောင် သွေးရေပန်းတစ်ခု လေထဲသို့ ပန်းထွက်သွားကာ အလွန်တရာ အင်အားကြီးမားသော ပုတ်သင်ညိုမိစ္ဆာ စစ်သည်တော်တစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသေဆုံးသွားသည်။

ထို့နောက် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူရိပ်တစ်ခု ကျောင်းတော်ထဲသို့ ခြေချလာသည်။

ထူးဆန်းသောလူ ထပ်မံရောက်ရှိလာခြင်းပင်။ ထိုဆန်းကြယ်သော သူစိမ်းသည် ဆိုလွန်၏ အသက်ကို နောက်တစ်ကြိမ် ထပ်မံ ကယ်တင်လိုက်လေပြီ။

ယခုမှ ဆိုလွန် ထိုလူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရကာ အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။

အကြောင်းကား သူ့ထက် ပို၍ ချောမောသော ယောက်ျားတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ယောက်ျားလေးများသာမက မိန်းကလေးများကိုပါ လုံးဝ ယုံကြည်မှု ကင်းမဲ့သွားစေမည့် ရင်သပ်ရှုမောဖွယ် အလှတရားပင်။

သူ၏ ရှေ့၌ ရပ်နေသူမှာ မည်သည့် ယောက်ျားလေးထက်မဆို ပို၍ ချောမောပြီး မည်သည့် မိန်းကလေးထက်မဆို ပို၍ လှပနေ၏။ သူ၏ သူရဲကောင်းဆန်သော အငွေ့အသက်များထဲ၌ ထူးခြားညှို့ငင်နိုင်စွမ်းရှိသည့် ကျက်သရေရှိမှုတစ်ခု ရောယှက်နေသည်။

ယောက်ျားတစ်ယောက် ထိုမျှ ဆွဲဆောင်မှု ရှိနေခြင်းက မတရားပေ။ ကျား၊ မ မရွေး မည်သူမဆို ထိုကဲ့သို့သော ရုပ်ရည်မျိုး၏ ဖမ်းစားခြင်းကို ခံရမည်ဖြစ်၏။

ဆိုလွန်ကို မြင်သောအခါ လူရွယ်က မျက်မှောင် အနည်းငယ် ကြုံ့လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မပြောဘဲ ကျောင်းတော်၏ အနက်ရှိုင်းဆုံး ထောင့်သို့ လျှောက်သွားကာ ဆိုလွန်ကို ကျောပေး၍ လှဲလျောင်းလိုက်သည်။ စကားပြောမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

ဆိုလွန်သည် ထိုသူစိမ်း၏ ကျောပြင်ကို သေချာစွာ လေ့လာလိုက်၏။ ယောက်ျားတစ်ယောက်အတွက် သူ၏ ခန္ဓာကိုယ် အချိုးအစားမှာ ထူးခြားစွာ ကျက်သရေရှိလှပြီး မိန်းကလေးများပင် မနာလိုဖြစ်ရလောက်သည့် သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေတံများ ရှိနေသည်။

သူစိမ်း၏ ကျောပြင်ကို မျက်နှာမူကာ ဆိုလွန် ကျေးဇူးတင်သည့်အနေဖြင့် သုံးကြိမ် ဦးညွှတ်လိုက်သော်လည်း ထိုလူက သူ့ကို လျစ်လျူရှုထားဆဲပင်။

လွန်ခဲ့သည့်ညက ထိုလူထူးဆန်း သတ်မှတ်ထားသည့် နယ်နိမိတ်များကို လေးစားသောအားဖြင့် ဆိုလွန် ကျောင်းတော်၏ အဝေးဆုံး ထောင့်သို့ လျှောက်သွားကာ ထိုလူကို ကျောပေးလျက် လှဲအိပ်လိုက်တော့သည်။

…

အပိုင်း ၂၈၁ ပြီး။

All Chapters