အခန်း ၂၈၂
Vol. 29 Ch. 282
အပိုင်း ၂၈၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
နံနက်သို့ရောက်သောအခါ။
ထင်ထားသည့်အတိုင်း ထိုလူမှာ အရိပ်အယောင်မျှမကျန် ထပ်မံ ပျောက်ကွယ်သွားလေပြီ။ သူ့ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သော်လည်း ဆိုလွန်နှင့် စကားပြောဆိုဆက်ဆံလိုခြင်းမရှိကြောင်း ရှင်းလင်းလှ၏။
သို့သော် သူတို့ နှစ်ယောက်စလုံး အလယ်ဗဟိုဆီသို့ ဦးတည်နေပါက ယနေ့ည နောက်ထပ် ကျောင်းတော်တစ်ခု၌ ထပ်မံ ဆုံတွေ့ရနိုင်ခြေ ရှိသည်။
ဤသည်ကား ပျောက်ဆုံးသွေးမြို့တော် ထဲရှိ တတိယမြောက်နေ့ပင်။
ဆန်းကြယ်သော အသံ၏ လမ်းညွှန်မှုကို အားကိုးလျက် ဆိုလွန် ဆက်လက် ရှေ့ဆက်လာလိုက်သည်။ သူထင်ခဲ့သည့်အတိုင်းပင် တတိယမြောက်နေ့ည၌ သူတို့ နှစ်ယောက် အခြား ကျောင်းတော်တစ်ခုတွင် ထပ်မံ ဆုံတွေ့ကြပြန်သည်။
သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်သော အလေ့အကျင့်တစ်ခုဖြစ်ပေါ်နေပြီဖြစ်သဖြင့် စကားတစ်ခွန်းမျှ အပြန်အလှန် မပြောဘဲ ကျောင်းတော်၏ ဆန့်ကျင်ဘက် ထောင့်များ၌ ကိုယ်စီအနားယူလိုက်ကြသည်။
မိုးလင်းလျှင် ထိုလူက အရင် ထွက်သွားပြီး ဆိုလွန်တစ်ယောက်သာကျောင်းတော်ထဲ၌ ကျန်ရစ်ခဲ့သည်။ သူတို့ နှစ်ယောက် အတူတကွ ခရီးသွားနေခြင်းမဟုတ်ကြပါချေ။
…
လေးရက်မြောက်နေ့။
ဆိုလွန်တစ်ယောက် ဆွဲဆောင်မှုရှိသည့် အသံ၏ လမ်းညွှန်မှုဖြင့် ပျောက်ဆုံးသွေးမြို့တော်အတွင်းသို့ နက်ရှိုင်စွာဆက်လက်ဝင်ရောက်လာဆဲပင်။
ထိုအချိန်၌ ရုတ်တရက် လမ်းညွှန်နေသော အသံ ရပ်တန့်သွား၏။
မော့ကြည့်လိုက်သောအခါ သူ၏ရှေ့မှောက်၌ အဆုံးအစမရှိ ကျယ်ပြောလှသည့် သွေးရောင်ပင်လယ်ပြင်ကြီး ကို မြင်လိုက်ရသည်။
လေးရက်တိုင်တိုင် ပင်ပန်းခက်ခဲစွာ ခရီးနှင်ခဲ့ပြီး နောက်ဆုံး၌ အန္တရာယ်များလှသည့် ပျောက်ဆုံးသွေး မြို့တော် ဝင်္ကပါကြီးကို ဖြတ်သန်းနိုင်ခဲ့ကာ သွေးရောင်ပင်လယ်ပြင်ဆီသို့ ရောက်ရှိလာလေပြီ။
သွေးရောင်ပင်လယ်ပြင်၏ အလယ်ဗဟိုတည့်တည့်၌ ဧရာမ ရှေးဟောင်းကျောင်းတော်ကြီးတစ်ခု တည်ရှိနေ၏။ ယင်းမှာ ရေပြင်ထက်၌ မျောလွင့်နေကာ နဂါးတံဆိပ်တုံး ကျောက်တိုင်မှာ ထိုကျောင်းတော်ထဲ၌ ရှိနေသည်။
ဆိုလွန် အလွန် ဝမ်းသာသွားရ၏။ သူသာ နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ရရှိပါက ယန်ယန်ကို အသက်ပြန်ရှင်စေနိုင်မည်ဖြစ်သလို နိုင်အာဆီ ပြန်ကာ ငွေရောင်ဝံပုလွေ စစ်တပ်ကို ကွပ်ကဲခွင့် ရရှိပေလိမ့်မည်။
သို့သော် မည်သည့် တံတားကိုမှ မမြင်ရဘဲ ကျယ်ဝန်းလှသည့် သွေးရောင်ပင်လယ်ကြီးကို သူ မည်သို့ ဖြတ်ကူးရမည်နည်း။
ထိုအချိန်၌ လေပြေညင်းလေးတစ်ခု ဖြတ်တိုက်သွားကာ လူရိပ်တစ်ခု သူ၏ဘေးနားသို့ တိတ်ဆိတ်စွာ ရောက်ရှိလာသည်။
ထိုသူကား ဆိုလွန်၏ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့သည့် အလွန်တရာ ချောမောသော လူရွယ်ပင်။
ထိုလူ ပျောက်ဆုံးသွေးမြို့တော်၏ဝင်္ကပါအတွင်းမှ မည်သို့လွတ်မြောက်လာသည်ကို ဆိုလွန် အလွန်တရာ သိချင်မိသွား၏။
သူသည်ပင် ဆန်းကြယ်သည့် အသံ၏လမ်းညွှန်မှုကြောင့်သာ ဝင်္ကပါအတွင်းမှ အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခြင်း မဟုတ်ပါလော။ အသူရာမိစ္ဆာကြယ်၏ အဆိုအရ ဆိုလွန် တစ်ယောက်တည်းသာ ပျောက်ဆုံးသွေးမြို့တော်၏ဝင်္ကပါကို ဘေးကင်းစွာ ဖြတ်သန်းနိုင်စွမ်းရှိသည်ဟူ၍ပင်။
ထိုသို့ဆိုလျှင် ဤသူက မည်သို့ ဖြတ်ကျော်လာနိုင်သနည်း။ သူ့ကိုရော ဆန်းကြယ် သောအသံမှ လမ်းညွှန်ပေးခဲ့ခြင်းပေလော။ လုံးဝ မဖြစ်နိုင်ချေ။
ဆိုလွန် ရုတ်တရက် မေးလိုက်သည်။
“ဒီသွေးရောင်ပင်လယ်ကို ဘယ်လို ဖြတ်ကူးရမလဲဆိုတာ ခင်ဗျား သိလား”
လူရွယ်သည် ထိုမေးခွန်းကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း ခေါင်းရမ်းလိုက်သည်။
ထိုအခါ ဆိုလွန် ရိုသေလေးစားစွာ ဆက်မေးလိုက်ပြန်သည်။
“ငါ့နာမည်က ဆိုလွန်ပါ.. လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ရမလား”
ထိုသူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်မှ ပြန်ဖြေလာသည်။
“ငါ့နာမည်က ကျန်းရွှယ်”
‘ကျန်းရွှယ်.. တကယ်ပဲ သူ ဖြစ်နေတာလား’
ကျန်းရွှယ်သည် မည်သူနည်း။
ထိုသူသည် တုန်းလီဘုရင် ကျန်းရှန်၏ သားတော်ဖြစ်ကာ လောက၏ နံပါတ်တစ် ပါရမီရှင်နှင့် တုန်းလီဘုရင့်နိုင်ငံ၏ အနာဂတ်ဘုရင်အဖြစ် လူတိုင်းက အသိအမှတ်ပြုထားသူပင်။
သို့သော် အံ့ဩမှုများ ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် ကြီးမားသည့် နားလည်သဘောပေါက်မှုတစ်ခု ဆိုလွန်ထံ ဝင်ရောက်လာသည်။
ပထမအချက်မှာ ကျောင်းတော်ထဲဝင်ရန် သွေးရောင်ပင်လယ်ကို မည်သို့ ဖြတ်ကူးရမည်ကို သူတို့နှစ်ယောက်စလုံး မသိကြပေ။
ဒုတိယအချက်မှာ အထဲသို့ ရောက်သွားလျှင်တောင်မှ နဂါးတံဆိပ်တုံး ကျောက်တိုင်မှာ တစ်ခုတည်းသာ ရှိသည်။
ထိုအခါ ကျောက်တိုင်ကိုမည်သူ ပိုင်ဆိုင်ရမည်နည်း။
အကယ်၍ တိုက်ခိုက်ရမည်ဆိုပါက ဆိုလွန် တစ်ထောင် ပေါင်းလျှင်ပင် ကျန်းရွှယ်ကို အနိုင်ယူနိုင်စွမ်း မရှိချေ။
ကျန်းရွှယ်သည် ဆိုလွန်ကို လျစ်လျူရှုထားပြီး ကျယ်ပြောလှသည့် သွေးရောင်ရေပြင်ကြီးကိုသာ စိုက်ကြည့်နေသည်။
ထို့နောက် ရုတ်တရက် ဆန်းကြယ်နဂါးရွှေ ဓားကို ဆွဲထုတ်ကာ ပျောက်ဆုံးမြို့ တော်၏အပျက်အစီးနံရံများထဲမှ ကျောက်စိမ်းပြား ဒါဇင်ကျော်ခန့်ကို လျင်မြန်စွာ ခုတ်ဖြတ်၍ သွေးရောင်ရေထဲသို့ ပစ်ချလိုက်သည်။
သွေးပင်လယ်ကို ဖြတ်ကူးရန် ကျောက်စိမ်းပြားများကို အထောက်အကူအဖြစ် အသုံးပြုလိုက်ခြင်းပင်။
သို့သော် မျက်စိတစ်မှိတ်အတွင်း ပစ်ချခံလိုက်ရသည့်ကျောက်စိမ်းပြားများအားလုံး တိုက်စားခံလိုက်ရကာ အရည်ပျော်ကျသွားပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဆိုလွန်တစ်ယောက် လုံးဝ မှင်သက်သွားရလေပြီ။
သွေးရောင်ပင်လယ်ကြီးသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် မည်သည့် သက်ရှိ သို့မဟုတ် မည်သည့်အရာမဆို ထိုရေကန်ထဲကျသွားပါက အရည်ပျော်သွားမည် ဖြစ်၏။
ကျန်းရွှယ် မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ လက်ထဲရှိ ဓားကို ကြည့်လိုက်သည်။ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆန်းကြယ်နဂါးရွှေ ဓားကို သွေးရောင်ပင်လယ်ထဲသို့ ပစ်ချလိုက်တော့သည်။
ဆိုလွန် အံ့ဩလွန်းသဖြင့် အော်ဟစ်လိုက်မိမတတ် ဖြစ်သွားကာ ကြောက်ရွံ့မှုကြောင့် ရင်တဒိန်းဒိန်း ခုန်သွားရသည်။
‘ကျေးဇူးပြုပြီး.. မင်းက ချမ်းသာပြီး ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်မှန်း ငါ သိပါတယ်.. ဒါပေမဲ့.. ဒါက အရမ်း အသုံးအဖြုန်း ကြီးလွန်းနေပြီ’
ဆန်းကြယ်နဂါးရွှေ ဓားဆိုသည်မှာ တန်ဖိုးမဖြတ်နိုင်သည့် ရတနာဖြစ်ကာ လောကကြီးတစ်ခုလုံး၌ ငါးလက်သာ ရှိသည်။
သွေးရောင်ပင်လယ်ထဲ ပစ်ချလိုက်၍ အရည် ပျော်ကျသွားပါက မည်သို့လုပ်မည်နည်း။
သို့သော်လှပပြီး ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေသည့် ဆန်းကြယ်နဂါးရွှေ ဓားသည် ပျက်စီးသွားခြင်းမရှိဘဲ သွေးရောင်ပင်လယ်ပြင်၌ မျောနေကာ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လာသည်။
ကျန်းရွှယ် လေထဲသို့ ညင်သာစွာ ပျံတက်သွားပြီး သွေးရောင်ပင်လယ် အလယ်ရှိ ဆန်းကြယ်နဂါးရွှေ ဓားပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ညင်သာချောမွေ့လှပြီး သွေးပင်လယ်တွင် လှိုင်းလုံးများပင်ထသွားခြင်းမရှိချေ။
ထို့နောက် ကျန်းရွှယ်သည် ဓားသွားထိပ်ကို ခြေထောက်ဖြင့် ညင်သာစွာ ဖိလိုက်ပြီး ဟန်ချက်ညီအောင်ထိန်း ရပ်ကာ သွေးရောင်ပင်လယ် အလယ်ရှိ ကျောင်းတော်ဆီသို့ လျင်မြန်စွာ မျောလွင့်သွားတော့သည်။
ဆိုလွန်တစ်ယောက် ဆွံ့အသွားရလေပြီ။
ထိုအခိုက်အတန့်၌ ဆိုလွန်၏ နှလုံးသားထဲရှိ စကားလုံးများအားလုံး စကားစုတစ်ခုတည်းအဖြစ် စုစည်းသွား၏။
‘ချီးပဲ’
ချောမော ချမ်းသာကာ အင်အားကြီးမားသည့် ကျန်းရွှယ်တစ်ယောက် ဆန်းကြယ်နဂါးရွှေ ဓားကို စီးနင်းကာ ထွက်သွားလေပြီ။
သူ့ကိုမူ သွေးရောင်ပင်လယ်ကို စိုက်ကြည့်ရင်း မျှော်လင့်ချက်မဲ့စွာ ညည်းတွားရန် တစ်ယောက်တည်း ထားရစ်ခဲ့၏။
ဆိုလွန်သည်လည်း ချမ်းသာ ချောမောပြီး အောင်မြင်သည့် ယောက်ျားတစ်ယောက် ပင်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ချမ်းသာပြီး ချောမောအောင်မြင်သည့် ယောက်ျားများကြား၌ ဤမျှ ကြီးမားသည့် ကွာခြားချက် ရှိနေရပါသနည်း။
…
ကျန်းရွှယ်တစ်ယောက် ဆန်းကြယ်နဂါးရွှေ ဓားကို စီးနင်းကာ လျင်မြန်စွာ မျောလွင့်သွားလိုက်လျှင် နာရီဝက်ခန့်အကြာ၌ သွေးရောင်ပင်လယ် အလယ်ရှိ ကျောင်းတော်ဆီသို့ ရောက်ရှိလာသည်။
ထို့နောက် ဓားပေါ်မှ ခုန်ဆင်းလိုက်ကာကျောင်းတော်၏ မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး နဂါးစွမ်းအားကို ထုတ်ဖော်လိုက်၍ သွေးရောင်ပင်လယ်ထဲ၌ မျောလွင့်နေသော ဆန်းကြယ်နဂါးရွှေ ဓားကို ဆွဲယူလိုက်သည်။
ဓားကိုမြင်လျှင် ကျန်းရွှယ် မျက်မှောင်ကြုံ့လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ထဲရှိ ဆန်းကြယ်နဂါးရွှေ ဓားမှာ လုံးဝ ရုပ်ဆိုးသွားသောကြောင့်ပင်။
မူလ ဆန်းကြယ်နဂါးရွှေ ဓားမှာ ပေါ့ပါးပြီး ဖောက်ထွင်းမြင်ရကာ ရင်သပ်ရှုမောဖွယ် လှပလှသည်။ သို့သော် သွေးပင်လယ်ကို ဖြတ်ကူးရန် အသုံးပြုပြီးနောက် ဆန်းကြယ်နဂါးရွှေ ဓားမှာ သွေးရောင်အဖြစ် ပြောင်းလဲသွားပြီး ဓားသွားများ လိမ်ကောက်ကာ ကြမ်းကြုတ် ကြောက်မက်ဖွယ်ကောင်းသည့် အသွင်သို့ ရောက်ရှိသွားလေပြီ။
သူ၏ မျက်လုံးများထဲ၌ ဒေါသရိပ်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ရုပ်ဆိုးသွားသည့် ဆန်းကြယ်နဂါးရွှေ ဓားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
လောက၌ ဆန်းကြယ်နဂါးရွှေ ဓား ငါးလက်သာ ရှိသည်။ သွေးရောင်ပင်လယ်၏ တိုက်စားခြင်းကို ခံလိုက်ရသော်လည်း ကျန်းရွှယ်က လွယ်လွယ်ကူကူပင် စွန့်ပစ်လိုက်သည်။
ထိုသည်ကား ငွေကို ဖြုန်းတီးပစ်ခြင်းပင်။ တစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက ဒေါသထွက်၍ သေသွားနိုင်ပေသည်။
ထိုအချိန်၌ ကျောင်းတော်၏ တံခါးများမှာ အနည်းငယ်ဟနေသဖြင့် ကျန်းရွှယ်တစ်ယောက် စုတ်ပြတ်သွားသည့်ဆန်းကြယ်နဂါးရွှေ ဓား ကို လျစ်လျူရှုကာ ကျောင်းတော်ထဲသို့ ဝင်ရောက်သွားတော့သည်။
…
ကျောင်းတော်မှာ ကြီးမားသော်လည်း အတွင်း၌ မည်သည့်အဆောင်အယောင်မျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ မျက်နှာကျက်ရှိ အမိုးခုံးမှာ အနက်ရောင်ကောင်းကင် ကန့်လန့်ကာတစ်ခုသဖွယ်ပင်။
တစ်ချိန်က ဤကျောင်းတော်၏ အမိုးခုံးသည် မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အမိုးခုံးကဲ့သို့ မရေမတွက်နိုင်သော ကြယ်များဖြင့် တောက်ပနေခဲ့ပုံရသည်။ သို့သော် ယခုအခါ ထိုကြယ်များအားလုံး သေဆုံးသွားကြလေပြီ။
ကျန်းရွှယ်၏ အကြည့်များ ကျောင်းတော်တစ်လျှောက် ဝေ့ဝဲသွားကာ အလယ်ဗဟိုရှိ လေထဲ၌ မျောလွင့်နေသော ဓားတစ်လက်ပေါ်တွင် ရပ်တန့်သွားသည်။
ဓားအိမ်မှာ ရှေးကျ ရိုးရှင်းလှကာ မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းလာခဲ့ပုံရသည်။ ယင်းအပေါ်ရှိ ပန်းပုလက်ရာများမှာ ဆန်းကြယ်ပြီး များပြားသော သင်္ကေတများဖြင့်အလှဆင်ထွင်းထုထားခြင်းမရှိသော်လည်း ဤလောကနှင့် မသက်ဆိုင်သည့် ကျက်သရေရှိမှုတစ်ခု ပါဝင်နေ၏။
ကျန်းရွှယ်၏ မျက်လုံးများ တောက်ပသွားကာ လေထဲသို့ ပျံတက်လိုက်ပြီး ဓားကို ဆွဲယူ၍ လျင်မြန်သည့် လှုပ်ရှားမှုဖြင့် ဆွဲထုတ်ကြည့်လိုက်သည်။
ဓားသွားမှာ ရေကဲ့သို့ ပျော့ပျောင်းစီးဆင်းသည့်အသွင်ရှိကာ လှပသည့် မိန်းမပျိုတစ်ဦး၏ အကြည့်ပမာ တောက်ပသည့် အရောင်အဝါတစ်ခုဖြင့် လင်းလက်နေသည်။
ဓားကို မြှောက်၍ ညင်သာစွာ ခုတ်ပိုင်းလိုက်ရာ ဓားအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကျောင်းတော်အပြင်ရှိ ဧရာမ ကျောက်တုံးကို တိတ်ဆိတ်စွာ ဖြတ်တောက်သွားသည်။
ထို့အပြင် ဓားထဲ၌ ဆန်းကြယ်သည့် စွမ်းအားတစ်ခု ပါဝင်နေကာ တုန်ဟီးသံအနည်းငယ်ထွက်ပေါ်နေ၏။
“ကောင်းလိုက်တဲ့ဓား.. ဒီနေ့ကစပြီး မင်းက ငါ့ဟာပဲ”
ကျန်းရွှယ် ပြုံးကာ တီးတိုးရေရွတ်လိုက်သည်။
“မင်းရဲ့ နာမည်က ရှီးရှယ် (လှပသော မျက်ဝန်း) ပဲ”
“ရွှီး... ရွှီး... ရွှီး...”
နာမည်ပေးပြီးနောက် ဓားကို အကြိမ်အနည်းငယ် ထပ်မံဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ကျောင်းတော်၏ အနက်ရောင် အမိုးခုံးဆီသို့ ခုတ်ပိုင်းသွားသည်။
“ဂျွတ်....”
ရုတ်တရက် အနက်ရောင် အမိုးခုံးပေါ်၌ အက်ကြောင်းများစွာ ထွက်ပေါ်လာသည်။
ကျန်းရွှယ် ရယ်မောလိုက်ရာ သူ၏ အသံမှာ အံ့ဩစရာကောင်းလောက်အောင် သိမ်မွေ့ နူးညံ့နေ၏။
“ပျောက်ဆုံးသွေး မြို့တော်ဆိုတာလည်း ဘာမှ မထူးခြားပါဘူး”
“အဟွတ်...”
ကျန်းရွယ် ချောင်းတစ်ချက်ဟန့်လိုက်ကာ ယခင်အသံကို ပြန်လည် ရယူလိုက်သည်။
ထို့နောက်တွင်မှ ကျောင်းတော်ထဲက ထွက်လာပြီး မြေပြင်ပေါ်သို့ ပစ်ချထားခဲ့သည့် ဆန်းကြယ်နဂါးရွှေ ဓားကို ပြန်ကောက်ကာ သွေးရောင်ပင်လယ်ကို ပြန်၍ ဖြတ်သန်းရန် အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအခိုက် သူ၏ အကြည့်များသည် ယခုလေးတင် ရရှိခဲ့သည့် ဆန်းကြယ်သော ဓားပေါ်သို့ ကျရောက်သွား၏။
ရုတ်တရက် သူ၏ တည်ငြိမ်နေသော အကြည့်မှာ ထပ်မံ ဂဏာမငြိမ် ဖြစ်လာပြီး ဖျက်ဆီးလိုသည့် ဆန္ဒများဖြင့် ပြည့်နှက်လာသည်။
ကျန်းရွှယ်တွင် သူ၏ လက်ထဲရှိ တန်ဖိုးကြီးမားသည့် မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်လိုသော အကျင့်ဆိုးတစ်ခုရှိနေသောကြောင့်ပင်။
ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းပင် ရှီးရှယ်ဓားကို ဆွဲထုတ်ကာ သွေးရောင်ပင်လယ်ထဲသို့ ပစ်ချလိုက်၏။
ထိုသည်ကား မည်သူ့ကိုမဆို နှလုံးရောဂါ ရသွားစေနိုင်သည့် အသုံးအဖြုန်းကြီးသော သားမိုက်တစ်ယောက် အစစ်ပင်။
အံ့ဖွယ်အရာတစ်ခု ဖြစ်ပေါ်လာလေပြီ။
ရှီးရှယ်ဓား ရေထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဓားပတ်လည်ရှိ သွေးများ ချက်ချင်း ကြည်လင်သွားပြီး ရေခဲအဖြစ် အေးခဲသွားခြင်းပင်။
မိန်းမတစ်ယောက်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိနေသော ကျန်းရွှယ်၏ မျက်လုံးလေးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။ ထို့နောက် ရေခဲပေါ်သို့ ညင်သာစွာ ခြေချလိုက်ရာ သွေးပင်လယ်၏တိုက်စားခြင်းမခံရတော့ကြောင်း အံ့ဩဖွယ်တွေ့ရှိလိုက်ရသည်။
သို့ဖြင့် သူသည် ရှီးရှယ်ဓားကို အသုံးပြုကာ လမ်းတစ်လျှောက်ရှိ သွေးများကို အေးခဲစေလျက် သွေးရောင်ပင်လယ်ထဲမှ ပြန်၍ ထွက်ခွာလာခဲ့တော့သည်။
အပိုင်း ၂၈၂ ပြီး။