← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အပိုင်း ၂၈၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ကျန်းရွှယ်တစ်ယောက် သွေးရောင်ပင်လယ်ထဲမှ ထွက်လာချိန်တွင် နေမင်းကြီး ဝင်သွားပြီဖြစ်သည်။

ပျောက်ဆုံးသွေးမြို့တော်၏လမ်းမများပေါ်၌ မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များဖြင့် ပြည့်နှက်နေလေပြီ။

ကျန်းရွှယ်၏ မျက်လုံးများ အေးစက်သွားကာ အနီးဆုံး ကျောင်းတော်ထဲသို့ အတင်း ဖောက်ထွင်း ပြေးဝင်ရန် ပြင်ဆင်လိုက်၏။

ထိုအခါ ကျန်းရွှယ်ကို မြင်သော တစ္ဆေဝိညာဉ်များအားလုံးသည် တစ်စုံတစ်ခုကို ကြောက်လန့်နေသကဲ့သို့ သူ့ကိုရှောင်ဖယ်သွားကြသည်။

ကျန်းရွှယ်၏မျက်နှာတွင် အံ့ဩ ဝမ်းသာမှုများ တောက်ပသွားသည်။ တစ္ဆေဝိညာဉ်များက သူ့ကို ကြောက်နေခြင်း မဟုတ်ဘဲ သူ၏ လက်ထဲရှိ ဓားကို ကြောက်နေခြင်းပင်။

ရှီးရှယ်ဓားရှိနေသရွေ့ ညဘက် ပျောက်ဆုံးသွေး မြို့တော် ဝင်္ကပါ၏ ကာကွယ်ရေးစနစ် တစ်ခုလုံး စွမ်းအားများ ဆုံးရှုံးသွားကာ လုံးဝ အသုံးမဝင်တော့ကြောင်း ကျန်းရွှယ်တစ်ယောက်သိရှိသွားလေပြီ။

မူလက မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များကြောင့် ညဘက်၌ ကျောင်းတော်မှလွဲ၍ မည်သည့်နေရာတွင်မှနေ၍မရသလို လမ်းမများပေါ်တွင်လည်း လျှောက်သွားနေ၍မရပါချေ။

သို့သော် ယခုအခါ သူ၏ လက်ထဲရှိ ဆန်းကြယ်သော ရှီးရှယ်ဓားကြောင့် မည်သည့် အတားအဆီးမှ မရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်၏။

သို့ဖြင့် ကျန်းရွှယ်တစ်ယောက် လမ်းမကြီးတစ်လျှောက် လျင်မြန်စွာ ပြေးသွားရာ သူ သွားသည့် နေရာတိုင်းရှိ တစ္ဆေဝိညာဉ် ပင်လယ်သည် တစ်ဖက်တစ်ချက်စီသို့ ရှောင်ဖယ်ပေးလိုက်ကြသည်။

နာရီဝက်ပင် မပြည့်မီ ကျန်းရွှယ်တစ်ယောက် ပျောက်ဆုံးသွေး မြို့တော် ဝင်္ကပါထဲမှထွက်လာနိုင်ခဲ့သည်။ ထို့နောက် လေတစ်ချက်ချွန်လိုက်လျှင် ဧရာမ အမ်ဘာသားရဲကြီး တစ်ကောင် အဝေးမှ ပျံသန်းလာကာ ပျောက်ဆုံးသွေး မြို့တော်၏ မြောက်ဘက် ကျောက်ကမ်းပါးပေါ်သို့ ဆင်းသက်လာသည်။

“သတ္တိကြောင်တဲ့ကောင်.. မင်း အထဲကို မဝင်ရဲဘူးပေါ့လေ”

ကျန်းရွှယ်တစ်ယောက် သိမ်မွေ့သော အသံဖြင့် ထပ်မံ ရေရွတ်လိုက်ပြီးမှ အမ်ဘာသားရဲကြီး၏ ကျောပေါ်သို့ ညင်သာစွာ ခုန်တက်ကာ မြောက်ဘက်သို့ ပျံသန်းသွားတော့သည်။

ပျံသန်းနေရင်း အိတ်ကပ်ထဲမှ ဝင်္ကပါများနှင့် အလွန်တရာ ရှုပ်ထွေးလှသည့် တွက်ချက်မှု ပုံသေနည်းများ ပြည့်နှက်နေသော မြေပုံတစ်ခုကို ဆွဲထုတ်လိုက်သည်။

ယခုမူ ဤရတနာမြေပုံဟု ခေါ်သော အရာမှာ အသုံးမဝင်တော့ချေ။ သူ၏ လက်ဝါးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ ရတနာမြေပုံမှာ ချက်ချင်း အမှုန့်အဖြစ် ပြောင်းလဲသွား၏။

…

နေမင်းကြီးမှာ အနောက်အရပ်သို့ဝင်နေလေပြီ။

ဆိုလွန် အလွန်တရာ စိုးရိမ်ပူပန်နေ၏။ အဘယ်ကြောင့်ဆိုသော် နေဝင်သွားသည်နှင့်တစ်ပြိုင်နက် အမှောင်ထု ကျဆင်းလာမည်ဖြစ်ကာ မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ ထွက်ပေါ်လာမည် ဖြစ်သောကြောင့်ပင်။

ယခုအချိန်၌ သူနှင့် အနီးဆုံး ကျောင်းတော်မှာ ကီလိုမီတာ အတော်များများ ကွာဝေးနေဆဲဖြစ်သည်။

‘ကျောင်းတော်ဆီကို အရင် ပြန်သွားရမလား.. ဒါမှမဟုတ် ညကျရင် သွေးရောင်ပင်လယ်ထဲမှာ ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမလား’

ဆိုလွန် ရွေးချယ်မှုတစ်ခု လုပ်ရပေတော့မည်။ နေ့ခင်းဘက် တစ်နေ့လုံး အခွင့်အရေး မရှိခဲ့သော်လည်း ညဘက်၌ သွေးရောင်ပင်လယ်ကို ဖြတ်ကူးရန် အခွင့်အရေးတစ်ခု ရှိနိုင်လေသည်။

သို့သော် သူသာ ပင်လယ်ကို မဖြတ်ကူးနိုင်ပါက မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ၏ ဝန်းရံခြင်းကို ခံရမည်ဖြစ်၏။ ထိုအချိန်ရောက်လျှင် ကျန်းရွှယ်က သူ့ကို ကယ်တင်ရန် ရှိနေတော့မည် မဟုတ်ပေ။

ဆိုလွန် မျက်လုံးများကို မှိတ်လိုက်ပြီး လမ်းညွှန်မည့် အသံကို နောက်တစ်ကြိမ် စောင့်ဆိုင်းနေလိုက်သည်။

သို့သော် ဤအချိန်၌ သူ၏ စိတ်ထဲမှ ထူးဆန်းသောအသံသည် လုံးဝ တိတ်ဆိတ်နေကာ မည်သည့် အသံမှ ထွက်ပေါ်မလာတော့ချေ။

နောက်ဆုံး၌ နေဝင်သွားပြီး ညအမှောင် ကျရောက်လာသည်။

မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ ပျောက်ဆုံးသွေးမြို့တော်၏ အပျက်အစီးများကြားထဲမှ ထွက်ပေါ်လာကြ၏။ ထို့နောက် ရေတွက်၍မရနိုင်သော တစ္ဆေဝိညာဉ်များသည် အစိမ်းရောင် ဒီရေလှိုင်းကြီးအလား ဆိုလွန်ဆီသို့ တိုးဝင်လာကြသည်။

သွေးပင်လယ်အနီးရှိ ဆိုလွန်မှာ မျက်လုံးများ မှိတ်ထားဆဲဖြစ်ကာ ဆွဲဆောင်မှုရှိသော အသံထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

သို့သော် တိတ်ဆိတ်မှုသာ ဆက်လက် တည်ရှိနေ၏။

ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ သူ၏ မျက်နှာပေါ်သို့ လေပြေညင်းလေး ဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရပြီးမျက်လုံးများကို အလိုအလျောက် ဖွင့်ကြည့်လိုက်မိသည်။

ထိုအခါ သွေးရောင်ပင်လယ်ထဲတွင် အဖြူရောင် လှေငယ်လေးတစ်စင်း ထွက်ပေါ်လာကာ သူရှိရာအရပ်ဆီသို့ လွင့်မျောလာနေသည်ကို မြင်လိုက်ရသည်။

အဆုံးအစမရှိသော တစ္ဆေဝိညာဉ် ဒီရေလှိုင်းကြီးမှာ သူနှင့်ပို၍ ပို၍ နီးကပ်လာနေလေပြီ။

သွေးရောင်ပင်လယ်ထက်ရှိ အဖြူရောင် လှေငယ်လေးမှာလည်း ဆိုလွန်နှင့်ပို၍ နီးကပ်လာ၏။

“ဝေါင်း...”

ရုတ်ချည်းဆိုသလို မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဆိုလွန်ဆီသို့ ပြင်းထန်စွာ ပြေးဝင်လာကြသည်။

ဆိုလွန်လည်း အားကုန်သုံး၍ သွေးရောင်ပင်လယ်ထဲရှိ လှေငယ်လေးပေါ်သို့ ခုန်တက်လိုက်၏။

“ဝှီး... ဝှီး... ဝှီး...”

မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ အရှိန်မထိန်းနိုင်ဘဲ သွေးရောင်ပင်လယ်ထဲသို့ ပြေးဝင်သွားကြသည်။ ထိုအခါ သူတို့ထံမှ စူးရှစွာ အော်ဟစ်သံများထွက်ပေါ်လာပြီးပင်လယ်ထဲတွင် အရေပျော်ကျသွားသည်ကို မြင်လိုက်ရသည်။

သွေးရောင်ပင်လယ်ရေ၏ တိုက်စားခံလိုက်ရခြင်းပင်။

နှင်းကဲ့သို့ ဖြူဖွေးသော လှေငယ်လေးမှာ အလိုအလျောက် ညင်သာစွာ ရွေ့လျားသွားပြီး ဗဟိုကျောင်းတော်ဆီသို့ မျောလွင့်သွားသည်။

လှေငယ်လေးမှာ သေသပ်လှပပြီး အပြစ်အနာအဆာကင်းကာ ရုပ်ရှင်ထဲတွင်ပါလေ့ရှိသော နတ်သူငယ်လေးများ၏ လှေငယ်လေးတစ်စင်းနှင့် ဆင်တူနေခဲ့၏။

…

ဖြူဖွေးသော လှေငယ်လေးမှာ သင့်တင့်သော အရှိန်ဖြင့် မျောလွင့်နေခဲ့ကာ တစ်နာရီခန့်ကြာပြီးနောက် သွေးရောင်ပင်လယ်၏ အလယ်ဗဟိုရှိ ဧရာမ ကျောင်းတော်ကြီး တည်ရှိရာတွင် ဆိုက်ကပ်သွားသည်။

ကျောင်းတော်ကြီးမှာ တောင်ငယ်လေးတစ်လုံးပမာ ကြီးမားလှပြီး အမြင့် မီတာ ပေါင်း များစွာရှိကာ စတုရန်းမီတာ သောင်းနှင့်ချီ၍ ကျယ်ဝန်းသည်။

ဆိုလွန် လှေပေါ်မှ ဆင်းကာ ကျောင်းတော်၏ လှေကားထစ်များပေါ်သို့ ခြေချလိုက်သည်။ သူ၏ရှေ့မှောက်ရှိ ဧရာမ တံခါးမကြီးနှစ်ချပ်မှာ အနည်းငယ်ကျယ်ဟနေသဖြင့် ဆိုလွန် အထဲသို့ ဝင်လာခဲ့လိုက်၏။

အထဲ၌မည်သည့်အသုံးအဆောင်ပစ္စည်းမျှမရှိဘဲ ကျောင်းတော်ကြီးတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်နေသည်။ မျက်နှာကျက်သို့မော့ကြည့်လိုက်သောအခါ အနက်ရောင်ကောင်းကင်ကြီးပမာ မည်းနက်နေသည့် ကျောင်းတော် အမိုးခုံးကို မြင်တွေ့လိုက်ရ၏။

သို့သော် ဤနေရာ၌ မည်သည့်အရာမျှ ရှိမနေချေ။ ရတနာများ မရှိသလို နဂါးတံဆိပ်တုံး ကျောက်တိုင်ကိုလည်း အရိပ်အယောင်မျှပင် မြင်တွေ့ရခြင်းမရှိပေ။

‘အသူရာမိစ္ဆာကြယ်.. ကျန်းရွှယ်က အရင်ရောက်လာပြီး ရတနာကို ယူသွားပြီထင်တယ်’

ဆိုလွန် စိတ်ထဲမှ ပြောလိုက်သည်။

“သေချာပေါက် မဟုတ်ဘူးပေါ့”

“သခင်.. ထပ်ရှာကြည့်ပါဦး”

အသူရာမိစ္ဆာကြယ် တုံ့ပြန်လာခြင်းပင်။

သို့ဖြင့် ဆိုလွန် ကျောင်းတော် တစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်ရှာကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်အရာမျှ မတွေ့ရသေးချေ။

ကျန်းရွှယ် ဤနေရာသို့ ရောက်ခဲ့သည်မှာ ရှင်းလင်းလှပြီး တစ်ခုခုကို ယူသွားခဲ့သည်မှာလည်း သေချာလှသည်။

သို့သော် ဤအခိုက်အတန့်၌။

“ဂျွတ်...”

ကျောင်းတော်၏ အမိုးခုံးထံမှ ဆုတ်ဖြဲသံတစ်ခု ထွက်ပေါ်လာ၏။

ဆိုလွန် မော့ကြည့်လိုက်ရာ ဧရာမ အနက်ရောင် အမိုးခုံးပေါ်၌ အက်ကြောင်း အနည်းငယ်ကို မြင်လိုက်ရသည်။

ကျောင်းတော်ကြီး ပြိုကျတော့မည်လော။

ချက်ချင်းဆိုသလို ကျောင်းတော်တစ်ခုလုံး စတင် တုန်ခါလာပြီး အပြင်ဘက်ရှိ သွေး ရောင်ပင်လယ်မှာ ဆူပွက်လာသည်။

တစ်ချိန်တည်း၌ ကျောင်းတော်၏ အနက်ရောင် အမိုးခုံးပေါ်ရှိ အက်ကြောင်းထဲမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

“ဂျွတ်... ဂျွတ်...”

ကျောင်းတော်၏ အမိုးခုံး ဆက်လက် ကွဲအက်လာသောအခါအက်ကြောင်းထဲမှ ဖြာထွက်နေသည့် ရွှေရောင် အလင်းတန်းမှာ ပို၍ တောက်ပလာသည်။

“ဝုန်း...”

နောက်ဆုံးတွင် ထိုအလင်းရောင်သည် နေမင်းကြီး၏ အလင်းရောင်ပမာ ပြိုင်ဘက်ကင်းသော တောက်ပမှုဖြင့် လင်းထိန်လာခဲ့ကာ ကျောင်းတော်၏ အမိုးခုံး တစ်ခုလုံးလည်း ပြိုကျသွားတော့သည်။

ရွှေရောင်အလင်းတန်းများကြားမှ မျက်စိကျိန်းမတတ် ဖြာထွက်နေသော ရတနာတစ်ခု ဖြည်းညှင်းစွာ ကျဆင်းလာလေပြီ။

…

“ဒါ.. ဒါ ဘာကြီးလဲ”

မျက်စိကျိန်းမတတ် တောက်ပလွန်းသော ရွှေရောင်အလင်းတန်းများကြောင့် ဆိုလွန်တစ်ယောက် မျက်လုံးများ ကန်းသွားတော့မည့်အလား ခံစားလိုက်ရသည်။ ထိုအလင်းရောင်သည် ဧရာမကျောင်းတော်ကြီး တစ်ခုလုံးကို နေ့လယ်ခင်းပမာ လင်းထိန်သွားစေခဲ့ခြင်းပင်။

အလွန်တရာ တောက်ပလွန်းနေသည့်အတွက် ထိုအရာ၏ ပုံပန်းသဏ္ဌာန်ကို သေချာ မြင်နိုင်ခြင်းရှိမနေပါချေ။

‘အသူရာမိစ္ဆာကြယ်.. အဲ့ဒါ နဂါးတံဆိပ်တုံး ဓာတ်တော်လား’

ဆိုလွန် စိတ်ထဲမှ မေးလိုက်၏။

အသူရာမိစ္ဆာကြယ်ပင် စက္ကန့်အနည်းငယ်မျှမှင်သက်နေခဲ့ကာ ဆိုလွန်၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသော အသံမှာ တုန်ယင်နေ၏။

“ဟုတ်တယ်”

ကျောင်းတော်၏ အမိုးခုံးမှာ ဆက်လက် ပြိုကျနေပြီး ရွှေရောင်တောက်ပနေသောရတနာသည်လည်း ဆိုလွန်၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ ဆက်လက်ကျဆင်းလာနေဆဲပင်။

“သခင်.. ဒါကို ချက်ချင်း သိမ်းရမယ်..”

“မဟုတ်ရင် ကျောင်းတော် အမိုးခုံး ပြိုကျသွားပြီးနောက် ဒီရွှေရောင်အလင်းတန်းက ကောင်းကင်အထိ ထိုးတက်သွားလိမ့်မယ်.. အဲ့ဒါဆို မရေမတွက်နိုင်တဲ့ လူရိုင်းတွေ အုံခဲလာကြလိမ့်မယ်”

“ကျောင်းတော် ပြိုကျသွားတာနဲ့.. မြို့ရဲ့ ကာကွယ်ရေးစနစ် လုံးဝ ပျက်စီးသွားပြီမလို့ လူရိုင်းတွေက အတားအဆီးမရှိ ဝင်လာနိုင်ပြီလေ”

အသူရာမိစ္ဆာကြယ် သတိပေးလာသည်။

ရွှေရောင်အလင်းများဖြင့်တောက်ပနေသောရတနာကို စိုက်ကြည့်ရင်း ကောင်းကင်မိစ္ဆာ တောင်တန်း၌ နိုင်အာတစ်ယောက် နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ထိလိုက်သောအခါ အထဲမှ အစောင့်အရှောက် စိတ်ဝိညာဉ်များ ချက်ချင်း ထွက်ပေါ်လာပြီး ယန်ယန်၏ ကံကြမ္မာကို မသေချာမရေရာ ဖြစ်သွားစေခဲ့သည့် အချိန်ကို ဆိုလွန် သတိရသွားသည်။

‘ငါ့ရှေ့က နဂါးတံဆိပ်တုံး ဓာတ်တော်မှာရော အစောင့်အရှောက် တစ္ဆေဝိညာဉ်တွေ ရှိနေနိုင်လား’

အသူရာမိစ္ဆာကြယ် ရှင်းပြလာသည်။

“သခင်.. အဲ့ဒီ နဂါးတံဆိပ်တုံး ကျောက်တိုင်က မူလတုန်းက သာမန် ကျောက်တိုင်တစ်ခုပါ.. ရှေးဟောင်း နတ်နဂါးက အဲ့ဒီအပေါ်မှာ စာအနည်းငယ် ရေးသွားခဲ့လို့သာ အဲ့ဒီလောက် အင်အားကြီးတဲ့ စွမ်းအင်တွေ ပါဝင်နေတာ”

“မရေမတွက်နိုင်တဲ့ နှစ်တွေ ကုန်လွန်သွားတဲ့အခါ တစ်ယောက်ယောက်က ဒီကျောက်တိုင်ကို မတော်တဆ ရသွားခဲ့တယ်..”

“ဒါပေမဲ့ အဲ့ဒါက မြင့်မြတ်တဲ့အရာမှန်း မသိဘဲ သင်္ချိုင်းကျောက်တိုင် အဖြစ် ထွင်းထုလိုက်ကြတော့..သင်္ချိုင်းကျောက်တိုင်အောက်က သေဆုံးသွားတဲ့သူဟာ နှစ်ပေါင်းများစွာကြာအောင် ကျောက်တိုင်ထဲက အင်အားကြီးမားတဲ့ စွမ်းအင်တွေကိုစုပ်ယူပြီး ဧရာမ တစ္ဆေဝိညာဉ်ကြီး အဖြစ် ပြောင်းလဲသွားခဲ့တာပဲ..”

“သူက နဂါးတံဆိပ်တုံး ကျောက်တိုင်ကို သူ့ကိုယ်ပိုင်ပစ္စည်းလို့ သတ်မှတ်ထားတာမလို့.. တစ်ယောက်ယောက် လာယူတာကို မြင်တော့ သေချာပေါက် အားကုန်သုံး တိုက်ခိုက်ပြီး ယန်ယန်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာပေါ့..”

“တကယ်တော့ နိုင်အာကသာ ကျောက်တိုင်ကို ဝင်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မကြိုးစားခဲ့ရင်.. သူ့ရဲ့ သွေးတွေနဲ့ နဂါးတံဆိပ်တုံးကို မစွန်းထင်းစေခဲ့ရင်.. ကျောက်တိုင်ထဲက စွမ်းအင်တွေ နိုင်အာရဲ့ ခန္ဓာကိုယ်ထဲ ဝင်လာမှာ မဟုတ်ဘူး”

အသူရာမိစ္ဆာကြယ်၏ ရှည်လျားသောရှင်းပြချက်များအဆုံးတွင် ဆိုလွန်တစ်ယောက် နားလည်သွားလေပြီ။

နဂါးတံဆိပ်တုံး ကျောက်တိုင်သည် သင်္ချိုင်းကျောက်တိုင်တစ်ခု ဖြစ်နေသဖြင့် သေဆုံးသွားသူက အစောင့်အရှောက် တစ္ဆေဝိညာဉ်အဖြစ် တည်ရှိနေခဲ့ခြင်းပင်။ အခြားသော နဂါးတံဆိပ်တုံး ဓာတ်တော်များ၌မူ ထိုကဲ့သို့သော အစောင့်အရှောက် စိတ်ဝိညာဉ်များ ရှိချင်မှ ရှိပေလိမ့်မည်။

ထိုအချိန်၌ ကျောင်းတော်၏ အမိုးခုံးမှာ ဆက်လက် ပြိုကျလာပြီး လုံးဝ ပွင့်ထွက်လုနီးပါး ဖြစ်နေလေပြီ။

ဆိုလွန် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ရှေ့သို့ ပြေးထွက်သွားပြီး တောက်ပနေသည့် ရွှေရောင်အရာကို လက်ဖြင့် တင်းကြပ်စွာဆုပ်ကိုင်လိုက်တော့သည်။

အပိုင်း၂၈၃ ပြီး။

All Chapters