← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အပိုင်း ၂၈၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအခါ ရွှေရောင်တောက်ပနေသော ရတနာထံမှ မီးတောင်ပေါက်ကွဲသကဲ့သို့ အလွန်အင်အားကြီးမားသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ဆိုလွန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ကို ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်သွားစေပြီး ရွှေရောင်အလင်းများဖြင့် တောက်ပသွားစေတော့သည်။

“အား...”

ဆိုလွန်တစ်ယောက် ပြင်းထန်သော နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်မိလိုက်သည်။

ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်မှု။

သူ၏ အတွင်းပိုင်း၌ ရူးသွပ်သွားလုမတတ် နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ်၏ နေရာတိုင်းမှ စတင် ကွဲအက်လာပြီး သွေးများစီးထွက်လာသည်။

ချက်ချင်းပင် ဆိုလွန်၏ အတွင်း၊အပြင် ခန္ဓာကိုယ်တစ်ခုကိုယ်လုံး မရေမတွက်နိုင်သော မီးတောင်ချော်ရည်များဖြင့် လောင်ကျွမ်းသွားတော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ အသူရာမိစ္ဆာကြယ် ထိတ်လန့်သွားပြီး စိတ်ဝိညာဉ် လွင့်စင်ပျောက်ကွယ်သွားလုမတတ် ဖြစ်သွားရသည်။ ထို့နောက် သတိပြန်ဝင်လာပြီး ဆိုလွန်၏ခန္ဓာကိုယ်ကိုဖျက်စီးလောင်ကျွမ်းနေသောစွမ်းအင်များကို ရူးသွပ်စွာ စတင် ဝါးမျိုလိုက်၏။

သို့သော် အသူရာမိစ္ဆာကြယ် စုပ်ယူနိုင်သည့် စွမ်းအင်မှာ နဂါးတံဆိပ်တုံး ဓာတ်တော်မှ တိုးထွက်လာသည့် စွမ်းအင်၏ အစိတ်အပိုင်း သေးသေးလေးတစ်ခုမျှသာ။ ကျန်ရှိနေသော စွမ်းအင်များသည် ဒေါသတကြီး ရိုက်ခတ်လာသော ဒီရေလှိုင်းကြီး အလား ဆိုလွန်၏ခန္ဓာကိုယ်ထဲမှ အဆုံးအစမရှိထွက်ပေါ်နေ၏။

ဆိုလွန်တစ်ယောက် သူမကြာခင်သေတော့မည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထိုသည်ကား ပြီးပြည့်စုံသော သေဆုံးခြင်း၊ စိတ်ဝိညာဉ် လုံးဝ လွင့်စင်ပျောက်ကွယ်သွားမည့် သေဆုံးခြင်းမျိုးပင်။

ဆိုလွန်တစ်‌ယောက် သေတော့မည်ကို အသူရာမိစ္ဆာကြယ်လည်း ခံစားသိရှိနေ၏။ သို့သော် သူလည်း မည်သို့မျှ မစွမ်းဆောင်နိုင်ချေ။ နဂါးတံဆိပ်တုံး ဓာတ်တော်မှအလွန် ကြီးမားလှသည့် စွမ်းအင်ပမာဏကို စုပ်ယူနိုင်ရန်အတွက် အသူရာမိစ္ဆာကြယ်မှာ အလွန် အားနည်းနေဆဲဖြစ်သည်။ သူ့၌ ဆိုလွန်ကိုကယ်တင်နိုင်သောအစွမ်းအစမျိုးရှိရှိမနေပေ။

ဆိုလွန် ထွက်ပြေးချင်သော်လည်း မည်သည့် ခွန်အားမျှ မထုတ်နိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အမှုန့်ကြိတ်ခံရပြီး ပြာအဖြစ် ပြောင်းလဲသွားတော့မည်သကဲ့သို့ ခံစားနေရသည်။

အမှန်စင်စစ်တွင်လည်း ဤအခြေအတိုင်းဆက်ဖြစ်နေပါက မိနစ်ဝက်အတွင်း ပြာအဖြစ် ပြောင်းလဲသွားမည်ပင်။

ထိုအခိုက်အတန့်၌။

“ဝုန်း...”

ဧရာမ ကျောင်းတော်ကြီး ပြိုကျသွားလေပြီ။

ကျောင်းတော်အတွင်းသို့ ဆူပွက်နေသော သွေးရောင်ပင်လယ်ရေများ ရုတ်ချည်း ဝင်ရောက်လာ၏။ ထိုအခါ ပြာအဖြစ် ပြောင်းလဲတော့မည့် ဆိုလွန်၏ ခန္ဓာကိုယ်လည်း သွေးရောင်ပင်လယ်ထဲသို့ နစ်မြုပ်သွားတော့သည်။

သွေးရောင်ပင်လယ်သည် ဆန်းကြယ်နဂါးရွှေ ဓားကိုပင် တိုက်စားနိုင်စွမ်းရှိရာ ဆိုလွန်၏ ခန္ဓာကိုယ်မှာ ထိုတိုက်စားမှုကိုတောင့်ခံနိုင်စရာအကြောင်းမရှိပေ။

ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းသည် သွေးရောင်ပင်လယ် တစ်ခုလုံးကို ပို၍ ဆူပွက်လာစေပြီး ပြင်းထန်သောအပူရှိန်ကြောင့် မရေမတွက်နိုင်သော သွေးရေစက်များ ဆူပွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။

သနားစရာ ဆိုလွန်မှာ ဓာတ်တော်၏ စွမ်းအင်နှင့် သွေးရောင်ပင်လယ်၏ စွမ်းအင်နှစ်ခုကြား၌ ညပ်သွားတော့သည်။

စွမ်းအင်တစ်ခုသည် အလွန် အင်အားကြီးမားသော ယန် သဘာဝရှိကာ အခြားတစ်ခုသည် မိစ္ဆာဆန်လှသော ယင် သဘာဝရှိနေသည်။

စွမ်းအင် နှစ်ခုထိပ်တိုက်တွေ့ဆုံပြီးနောက် အချင်းချင်း ပျက်ပြယ်သွားသဖြင့် ဆိုလွန်တစ်ယောက် အသက်ရှင်ခွင့် ရသွားလေပြီ။

သို့သော် အဆုံးအစမရှိသော နာကျင်မှုကြောင့် ခံနိုင်ရည်မရှိဘဲ သတိလစ်သွားတော့သည်။

သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် သွေးရောင်ပင်လယ်မှာ ဆက်လက် ဆူပွက်နေဆဲပင်။

နာရီအတော်ကြာပြီးနောက်မှသာ နဂါးတံဆိပ်တုံး ဓာတ်တော်၏ စွမ်းအင်များ လုံးဝ ကုန်ခန်းသွားပြီး ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားကာ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

…

တစ်နေ့တွင် ဆိုလွန်တစ်ယောက် ရုတ်တရက် လန့်နိုးလာသည်။ ထိုအချိန်တွင်မှ လှေငယ်လေးတစ်စင်းပေါ်၌ လှဲလျောင်းနေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထူးဆန်းစွာဖြင့် သူ၏ တစ်ကိုယ်လုံးမှာ ခြစ်ရာတစ်ခုမျှပင် မကျန်ရစ်ခဲ့သကဲ့သို့ နဂိုအတိုင်း ရှိနေဆဲပင်။

သူ၏ပတ်လည်၌ အဆုံးမမြင်ရသော သွေးရောင်ပင်လယ် ရှိနေဆဲဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သွေးရောင်ပင်လယ်မှာ အနည်းငယ် ပို၍ ကြည်လင်လာကြောင်း ဆိုလွန် သတိထားမိလိုက်သည်။

ယခုအချိန်၌ သူ၏ အောက်ရှိ လှေငယ်လေးကိုလည်း ရှင်းလင်းစွာ မြင်တွေ့နိုင်သွားလေပြီ။ ညဘက်၌ ဤလှေငယ်လေးမှာ နှင်းပမာ ဖြူဖွေးပြီး သေသပ်လှပကာ ရုပ်ရှင်ထဲမှ နတ်သူငယ်လှေတစ်စင်းနှင့် ဆင်တူလှ၏။

သို့သော် ယခု နေရောင်ခြည် တောက်ပစွာ လင်းထိန်နေသဖြင့် နှင်းပမာ ဖြူဖွေးသော လှေငယ်လေးမှာအမှန်စင်စစ်တွင် အရိုးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဆိုလွန် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ အနီးကပ် ကြည့်လိုက်ပါက ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေမည့် မြင်ကွင်းမျိုးပင်။

ချက်ချင်းပင် နဂါးတံဆိပ်တုံး ဓာတ်တော်ကို သတိရသွားကာ လက်ဝါးဖြန့်ကြည့်လိုက်သည်။

ထိုအရာ၏ အစစ်အမှန် ပုံသဏ္ဌာန်ကို မြင် တွေ့လိုက်ရသောအခါ ဆိုလွန်တစ်ယောက် မှင်သက်သွားလေပြီ။

‘ဒါ.. ဒါက တကယ်ပဲ နဂါးတံဆိပ်တုံး ဓာတ်တော်လား..’

ယင်းမှာ အလွန်တရာ လှပလှသော ဖောက်ထွင်းမြင်ရသည့် မီးတောက်တစ်ခုပင်။

ဟုတ်ပေသည်၊ အအေးဓာတ်များဖြာထွက်နေသော မီးတောက်တစ်ခုဖြစ်၏။

ယေဘုယအားဖြင့် မီးတောက်ဆိုသည်မှာ မျက်စိဖြင့်မြင်နိုင်သော်လည်း ကိုင်တွယ်၍မရသော စွမ်းအင်တစ်မျိုး ဖြစ်ကာ ထုထည် မရှိသလို အစစ်အမှန် ရုပ်ဝတ္ထုလည်း မဟုတ်ချေ။

သို့သော် သူ၏မျက်စိရှေ့ရှိ မီးတောက်မှာ မြင်လည်း မြင်နိုင်သလို ကိုင်တွယ်၍လည်း ရနေ၏။

သေချာစွာ ကြည့်လိုက်သောအခါ မီးတောက်၏ အလယ်ဗဟို၌ ရွှေရောင် အရည်စက်လေးတစ်စက် ရှိနေသည်ကို သတိထားမိလိုက်သည်။

‘ဒါက တကယ်ပဲ ဘာလဲ’

‘အသူရာမိစ္ဆာကြယ်.. ဒါက နဂါးတံဆိပ်တုံး ဓာတ်တော်ဟုတ်ရဲ့လား’

ဆိုလွန် စိတ်ထဲမှ မေးလိုက်၏။

ခေတ္တမျှတိတ်ဆိတ်နေပြီးမှ အသူရာမိစ္ဆာကြယ် စိတ်ရှုပ်ထွေးနေသောအသံဖြင့်ပြန်ဖြေလာသည်။

“ဟုတ်တယ်”

‘မီးတောက်အမျိုးအစားလား’

“ဒါက နတ်နဂါး တစ်ချိန်က မှုတ်ထုတ်ခဲ့တဲ့ မီးတောက်တစ်ခုပဲ..”

“သတ္တုတစ်ခုခုကို အရည်ပျော်သွားစေပြီး မီးလျံသလင်းကျောက် အသွင်နဲ့ သိမ်းဆည်းထားတာ.. အဲ့ဒါကို ပျောက်ဆုံးသွေး မြို့တော်က မြင့်မြတ်တဲ့ ဓာတ်တော်တစ်ခုအနေနဲ့ သတ်မှတ်ပြီး ကျောင်းတော် အမိုးခုံးထဲမှာ ဖွက်ထားခဲ့တာပဲ”

‘ဒီသွေးရောင်ပင်လယ်သာ မရှိရင် ငါ သေချာပေါက် သေပြီ’

“နှစ်တွေ ဒီလောက် ကြာသွားတော့ သူ့ရဲ့ စွမ်းအင်တွေ တော်တော်လေး အားနည်းသွားလောက်ပြီလို့ ကျွန်တော် ထင်ခဲ့တာ.. ဒါပေမဲ့ အားနည်းနေတဲ့ နဂါးမီးလျံက ဒီလောက်တောင် အင်အားကြီးနေတုန်းပဲလို့ လုံးဝ မထင်ထားခဲ့ဘူး”

‘အရင်က သွေးရောင်ပင်လယ်ကို အကြာကြီး လောင်ကျွမ်းခဲ့တာဆိုတော့..အခု နဂါးမီးလျံရဲ့ စွမ်းအင်တွေ ကုန်သွားပြီလား..’

“အင်း ကုန်ဆုံးလုနီးပါးတော့ရှိနေပြီ.. ဒါပေမဲ့ စိတ်မပူပါနဲ့.. ယန်ယန်ကို ကယ်ဖို့လောက်ကတော့ ပိုတောင် ပိုသေးတယ်..နဂါးမီးလျံက တစ္ဆေဝိညာဉ်တွေ အားလုံးရဲ့ ရန်သူပဲလေ”

‘ဒီမီးလျံသလင်းကျောက်ရဲ့ အလယ်ဗဟိုမှာ ရွှေရောင် အရည်တစ်စက် ရှိတယ်.. အဲ့ဒါ ဘာလဲ’

“မပြောပြချင်ပေမဲ့ သခင့်ကို ကျွန်တော် လိမ်လို့ မရဘူး.. အဲ့ဒါက.. မိစ္ဆာသွေး တစ်စက်ပဲ”

‘မိစ္ဆာသွေး.. ဘယ်လိုလုပ် အဲ့ဒါကလည်း ရွှေရောင် ဖြစ်နေတာလဲ’

ဆိုလွန် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“ဒီမိစ္ဆာသွေးက မူလက သွေးစက် သေးသေးလေး တစ်စက်ပါပဲ..”

“ဒါပေမဲ့ မနေ့ညက နဂါးမီးလျံ သွေးရောင်ပင်လယ်ကို လောင်ကျွမ်းစေပြီး မရေမတွက်နိုင်တဲ့ အသက်ဝိညာဉ်တွေကို ဝါးမျိုခဲ့လို့ ဒီမိစ္ဆာသွေးစက်က အခု အရွယ်အစားအထိ ကြီးထွားလာခဲ့တာလေ..”

“သခင် နောင်ကျရင် သတိထားရမယ်.. ဒီနဂါးမီးလျံ သလင်းကျောက်ကို မြင့်မြတ်နတ်နဂါးကျောင်းတော်က လူတွေ လုံးဝ အမြင်ခံလို့ မရဘူး.. မဟုတ်ရင် စိတ်ကူးလို့တောင်မရတဲ့ ဘေးဒုက္ခတွေ ကျရောက်လာလိမ့်မယ်”

ရုတ်တရက် အသူရာမိစ္ဆာကြယ်က ဆက်ပြောလာ၏။

“သခင်.. ကျန်းရွှယ်လည်း တစ်ခုခု ယူသွားတာ သေချာတယ်.. ပြီးတော့ အဲ့ဒီအရာက သခင်နဲ့ သက်ဆိုင်တယ်”

ဆိုလွန် အံ့ဩသွားရသည်။

‘ငါနဲ့ သက်ဆိုင်တယ် ဟုတ်လား.. ဒီက ရတနာတွေ အားလုံးက ပိုင်ရှင်မဲ့တွေပဲ.. ဘယ်သူရရ သူ့ဟာပဲပေါ့.. ဘာလို့ ငါနဲ့ သက်ဆိုင်ရမှာလဲ’

ထို့နောက် ဆိုလွန် အောက်သို့ ငုံ့ကြည့်လိုက်ရာ အရိုးလှေငယ်လေးပေါ်၌ ရင်းနှီးသောအရာတစ်ခုကို တွေ့လိုက်ရ၏။

ယင်းမှာ သွေးရောင် လွှမ်းနေသော ရုပ်ဆိုး ကြမ်းကြုတ်သည့် ဓားတစ်လက်ပင်။

ဆိုလွန် ဓားကို ကောက်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သရဲတစ္ဆေများ၏ ငိုကြွေးညည်းတွားသံများကို ကြားလိုက်ရသည်။

‘ဒါကကော ဘာကြီးလဲ’

“ဒါက ဖျက်ဆီးလို့မရတဲ့ ဆန်းကြယ်နဂါးရွှေ ဓားပဲ.. အခုကစပြီး သခင်က သူ့ရဲ့ ပိုင်ရှင်ဖြစ်သွားပြီ”

ဆိုလွန် မှင်သက်သွားသည်။

‘ဒါက သွေးရောင်ပင်လယ်ရဲ့ တိုက်စားခံလိုက်ရတဲ့ ကျန်းရွှယ်ရဲ့ ဓားမလား..’

‘သူက ဒီအတိုင်း လွယ်လွယ်ကူကူ စွန့်ပစ်သွားတာလား’

“ဟုတ်လောက်တယ်.. ဒါပေမဲ့ ဆန်းကြယ်နဂါးရွှေ ဓားက သွေးရောင်ပင်လယ်ရဲ့ တိုက်ခံရပြီးနောက် ပိုပြီး ကြောက်စရာကောင်းလာမှာ သေချာတယ်”

ဆိုလွန် ထပ်မံအံ့ဩသင့်သွားရပြန်သည်။

ကျန်းရွှယ်တစ်ယောက် ငွေဖြုန်းတတ်ကြောင်း သူ သိသော်လည်း ဤမျှအထိ အသုံးအဖြုန်း ကြီးလိမ့်မည်ဟု တွေးထားခဲ့ခြင်းမရှိပေ။

ဆန်းကြယ်နဂါးရွှေ ဓားကို အမှိုက်တစ်ခုသဖွယ် လွှင့်ပစ်ခဲ့ခြင်းမဟုတ်ပါလော။

အရိုးဖြူ လှေငယ်လေး သွေးရောင်ပင်လယ်၏ ကမ်းစပ်ဆီသို့ ဆိုက်ကပ်သွားလျှင် ဆိုလွန် ပျောက်ဆုံးသွေး မြို့တော်ရှိ လမ်းမပေါ်သို့ ခြေချလိုက်၏။ ထိုအခါ အရိုးဖြူ လှေငယ်လေးမှာ သွေးရောင်ပင်လယ်ပြင်အတွင်းသို့ ထပ်မံ မျောလွင့်ထွက်ခွာသွားတော့သည်။

ဆိုလွန် မမြင်လိုက်ရသည့် အရာတစ်ခုမှာ လှေငယ်လေး၏ အောက်၌ ကြောက်မက်ဖွယ်ကောင်းသည့် ယက္ခ နှစ်ကောင် လှေကို ရှေ့သို့ တွန်းပို့ပေးနေခြင်းပင်။

…

ကျောင်းတော် ဖျက်ဆီးခံလိုက်ရသဖြင့် ပျောက်ဆုံးသွေး မြို့တော် တစ်ခုလုံး၏ ကာကွယ်ရေး အစီအရင်မှာ လုံးဝ အသုံးမဝင်တော့ချေ။

ထို့ကြောင့် ပျောက်ဆုံးသွေး မြို့တော်သည် သာမန် အပျက်အစီးတစ်ခု ဖြစ်သွားကာ ယခင်ကကဲ့သို့ ဝင်္ကပါ၏ ဆန်းကြယ်မှုများ မရှိတော့ပေ။

ဆိုလွန်တစ်ယောက် ဗဟိုလမ်းမကြီးတစ်လျှောက် ရူးသွပ်စွာ ပြေးသွားရာ နှစ်နာရီအတွင်း ပျောက်ဆုံးသွေး မြို့တော်မှ ထွက်လာနိုင်ခဲ့သည်။

ပျောက်ဆုံးသွေး မြို့တော်မှ စွန့်စားခန်း ပြီးဆုံးသွားလေပြီ။

လုပ်ငန်းစဉ်နှင့် ရလဒ်မှာ သူ စိတ်ကူးထားသည်ထက် အနည်းငယ် ကျော်လွန်နေသော်လည်း ယန်ယန်ကို ကယ်တင်ရန် လိုအပ်သည့်ရတနာကို ရရှိခဲ့ပြီဖြစ်သည်။

ဆိုလွန် တောင်ထိပ်တစ်လျှောက် လျှောက်သွားလိုက်ကာ နာရီအတော်ကြာပြီးနောက် တောင်ကမ်းပါးပေါ်ရှိ အရွက်နီ သစ်ပင်ကြီးအနီးသို့ ပြန်လည်ရောက်ရှိလာသည်။

ဤနေရာက သူနှင့် မုန်ထိုလော့ သဘောတူထားသည့် နေရာပင်။

လူရိုင်းနယ်မြေမှ ထွက်ခွာပြီး တောင်တစ်သောင်း တောင်တန်းဆီသို့ ပြန်ရန် ဆယ်ရက်အကြာတွင် ဆိုလွန်ကို လာကြိုမည်ဟု သူမ ပြောခဲ့ဖူး၏။

‘အသူရာမိစ္ဆာကြယ်.. ဆယ်ရက် ပြည့်သွားပြီလား’

“မပြည့်သေးဘူး.. တစ်ရက် လိုသေးတယ်.. သခင်.. ပုန်းနေဖို့ ဘေးကင်းတဲ့ နေရာတစ်ခု ရှာလိုက်.. သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျွန်တော် မြှင့်တင်ပေးမယ်”

‘နဂါးမီးလျံ စွမ်းအင်ရဲ့ အစိတ်အပိုင်း သေးသေးလေးကိုပဲ စုပ်ယူနိုင်ခဲ့တာလို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား’

“အဲ့ဒါကိုက အရမ်း များပြားတဲ့ ပမာဏပဲ.. အရင်က သခင် စုပ်ယူခဲ့တဲ့ နဂါးစွမ်းအား စုစုပေါင်း ပမာဏထက် အဆပေါင်းများစွာ သာတယ်..”

“ဒါ့အပြင် နဂါးမီးလျံ စွမ်းအင်နဲ့ အချိန်တိုအတွင်း သန့်စင်တာက သခင့်ရဲ့ နဂါးသွေးကြော ပါရမီကို အများကြီး တိုးတက်သွားစေနိုင်တယ်.. ဒါကြောင့် ဒီကျင့်ကြံခြင်းအဆင့် မြှင့်တင်မှုပြီးသွားရင် သခင်တွေးထားတာထက် အများကြီး ပိုလွန်နေလိမ့်မယ်”

ဆိုလွန် ဧရာမ အရွက်နီ သစ်ပင်ကြီးရှိရာသို့ လျှောက်သွားလိုက်လျှင် အခေါင်းပေါက်တစ်ခုကို ရှာတွေ့လိုက်သည်။

သို့ဖြင့် အခေါင်းပေါက်ထဲသို့ တွားသွားဝင်ရောက်ကာ မျက်လုံးများကို မှိတ်လျက် တင်ပျဉ်ခွေ ထိုင်လိုက်လျှင် အသူရာမိစ္ဆာကြယ်က ဝါးမျိုထားသည့် ပြင်းထန်သော စွမ်းအင်များစွာကို စတင် ထုတ်လွှတ်ပေးလာသည်။

ထွက်ပေါ်လာသောစွမ်းအားများသည် ဆိုလွန်၏ လက်မောင်းများ သို့မဟုတ် လက်မောင်းနှင့် ခါးကိုသာ မဟုတ်ဘဲ သူ၏ တစ်ကိုယ်လုံးရှိ သွေးကြောများ၊ အရွတ်များ၊ အရိုးနှင့် ကြွက်သားများကိုပါ စတင်သန့်စင်ပေးတော့သည်။

ထိုစွမ်းအားများသည် ဆိုလွန်၏ ကျင့်ကြံခြင်းကို ဘက် ပေါင်းစုံမှ မြှင့်တင်ပေးနေခြင်းပင်။

“ဝုန်း.. ဝုန်း.. ဝုန်း.. ဝုန်း...”

မရေမတွက်နိုင်သော နဂါးစွမ်းအားများ ရူးသွပ်စွာ တိုးထွက်လာပြီး ဆိုလွန်၏ ခန္ဓာကိုယ်ရှိ သွေးကြောတိုင်းကို ရိုက်ခတ်သွားသည်။ ဆိုလွန်၏ စွမ်းအားများ ထင်ရှားသိသာသော အမြန်နှုန်းဖြင့် လျင်မြန်စွာတိုးတက်လာလေပြီ။

အပိုင်း ၂၈၄ ပြီး။

All Chapters