အခန်း ၂၈၅
Vol. 29 Ch. 285
အပိုင်း ၂၈၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
အသူရာမိစ္ဆာကြယ် ပြောခဲ့သည့်အတိုင်းပင် ဤတစ်ကြိမ်သန့်စင်ခြင်းသည် ဆိုလွန်စုပ်ယူခဲ့သည့် နဂါးစွမ်းအားများ အားလုံးစုစုပေါင်းထက် အဆပေါင်းများစွာ ပိုမို သာလွန်နေ၏။
တစ်ရက်နှင့် တစ်ည ကုန်လွန်သွားလေပြီ။
မုန်ထိုလော့တစ်ယောက် သူမ၏ ဧရာမ သားရဲကြီးကို စီးနင်းကာ တောင်ကမ်းပါးပေါ်ရှိ အရွက်နီ သစ်ပင်ကြီးဆီသို့ ရောက်လာသည်။
ဤနေရာသည် ဆိုလွန်နှင့် တွေ့ဆုံရန် သူမ ချိန်းဆိုထားခဲ့သည့် နေရာပင်။
ဆိုလွန်ကို ချက်ချင်း မတွေ့ရသောအခါ သူမ၏ ရင်ထဲ၌ စိုးရိမ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သစ်ပင်ကြီး၏ ပတ်ပတ်လည်ကို ရှာဖွေကြည့်သော်လည်း လူအရိပ်အယောင် မတွေ့ရချေ။ အံ့ဩစရာကောင်းသည်မှာ မနေ့က ရှိနေခဲ့သည့် အနီရောင် မေပယ်ပင်ကြီး၏ အခေါင်းပေါက်မှာ ယနေ့၌ လုံးဝ ပိတ်သွားခြင်းပင်။
သစ်ပင်၏ ကျောဘက်ရှိ အပေါက်ကို လွန်ခဲ့သည့်ဆယ်ရက်က သူမ သတိမထားမိခဲ့သလို ယခု ပိတ်သွားပြီဖြစ်သဖြင့် အထဲ၌ ပုန်းနေသော ဆိုလွန်ကို ရှာတွေ့နိုင်ရန် ပို၍ပင် မဖြစ်နိုင်တော့ချေ။
ဆိုလွန်သည် သူမနှင့် ခြေလှမ်းအနည်းငယ်မျှသာ ကွာဝေးသောနေရာ၌ ရှိနေသော်လည်း မုန်ထိုလော့ ဆိုလွန်၏ စွမ်းအင်ကို လုံးဝ အာရုံခံ၍ မရပေ။
ပျောက်ဆုံးသွေး မြို့တော်မှာ အလွန်တရာ အန္တရာယ်များကြောင်း လူတိုင်း သိကြ၏။ အထဲသို့ ဝင်ရောက်ခြင်းမှာ သေချာပေါက် သေရမည်ဟု ဆိုလိုခြင်းဖြစ်ပြီး ဆိုလွန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် အသက်ရှင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ဆိုလွန်၏ခန္ဓာကိုယ်ထဲ၌ ဒဏ္ဍာရီလာ အသူရာမိစ္ဆာကြယ် ရှိသလို ပျောက်ဆုံးသွေး မြို့တော် အထဲသို့ ဝင်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ခဲ့သူမှာလည်း သူကိုယ်တိုင် ဖြစ်၏။
လူတိုင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းဖြစ်လျှင်တောင်မှ ကိုယ်ပိုင် ရွေးချယ်မှုများအတွက် တာဝန်ယူရမည်သာ။
ထို့ကြောင့် မုန်ထိုလော့ သူ့ကို တားဆီးရန် မကြိုးစားခဲ့ချေ။ တားဆီးရန် တာဝန်ရှိသည်ဟု မခံစားရသောကြောင့်လည်း ဖြစ်သည်။ အမှန်စင်စစ်တွင် အဆိပ်မြွေ မျိုးနွယ်စုကို စောင့်ရှောက်ရမည့် တာဝန်များသာ မရှိခဲ့ပါက သူမကိုယ်တိုင်လည်း အထဲသို့ ဝင်၍ အသေခံချင်သည့် ဆန္ဒ ရှိခဲ့နိုင်သည်။
မဟူရာခံတပ်၌ သွေးစွန်း မင်္ဂလာဆောင် ပြုလုပ်သည့် သူမ၏ လုပ်ရပ်မှာလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုသည့် ဆန္ဒများကြောင့် ဖြစ်ပေါ်လာခြင်းပင်။
သူတို့ သဘောတူထားသည့်အတိုင်း မုန်ထိုလော့ တောင်ကမ်းပါးပေါ်၌ ထိုင်ကာ ပျောက်ဆုံးသွေး မြို့တော်ဆီသို့ ငေးကြည့်ရင်း တစ်ရက်လုံးလုံး စောင့်ဆိုင်းနေလိုက်သည်။
တစ်ရက် ကုန်လွန်သွားကာ နေထွက်လာလေပြီ။
မုန်ထိုလော့ သက်ပြင်းချလိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်၏။ သူမ တစ်ရက် စောင့်မည်ဟု ကတိပေးထားခဲ့ပြီး တစ်နာရီမျှပင် ပိုစောင့်မည် မဟုတ်ချေ။ သို့သော် ထွက်သွားပြီး တစ်နာရီအကြာ၌ သူမ ပြန်ရောက်လာသည်။
ထို့နောက် တစ်ရက်။
နှစ်ရက်။
သုံးရက်။
မုန်ထိုလော့တစ်ယောက် သုံးရက်ဆက်၍ စောင့်နေမိသည်။
သို့သော် ဆိုလွန် ပေါ်မလာခဲ့သလို သူ၏ စွမ်းအင်ကိုလည်း အာရုံခံ၍ မရသေးချေ။
“သူ သေသွားပြီ ဒါမှမဟုတ် တစ်ခုခု ဖြစ်သွားတာလား”
မုန်ထိုလော့ တီးတိုးရေရွတ်လိုက်မိသည်။
“ဒါပေမဲ့ ဒါတွေက ငါနဲ့ ဘာမှမဆိုင်ပါဘူး.. ကတိပေးထားတာထက်တောင် အများကြီး ပိုစောင့်ပြီးပြီပဲ”
ထို့နောက် သူမသည် ဧရာမ သားရဲကြီးကို စီးနင်းကာ ထွက်ခွာသွားပြီး နောက်သို့ လုံးဝ လှည့်မကြည့်တော့ပေ။
သစ်ပင်အခေါင်းပေါက်ထဲ၌။
အသူရာမိစ္ဆာကြယ်သည် နဂါးစွမ်းအားများကို ဆက်တိုက် ထုတ်လွှတ်ပေးကာ ဆိုလွန်၏ တစ်ကိုယ်လုံးကို အဆက်မပြတ်သန့်စင်ပေးနေသည်။
နေ့ရက်များကုန်လွန်သွားသည်နှင့်အမျှ သူ၏သွေးကြောများ၊ အရွတ်များ၊ အရိုးများနှင့် ကြွက်သားများအားလုံး ပို၍ သန်မာလာသည်။
ယခင်က သူ၏ သန့်စင်ခြင်း အကြိမ်များမှာ တစ်ရက်ထက် ပိုကြာလေ့ မရှိချေ။ ယခုတစ်ကြိမ်၌မူ ငါးရက်ပင် ကုန်လွန်သွားခဲ့သည်။
နောက်ဆုံး၌ ခုနစ်ရက်နှင့် ခုနစ်ည ကြာပြီးမှ ဆိုလွန်၏ မျက်လုံးများပွင့်ကာ နိုးထလာတော့သည်။ သန့်စင်ခြင်း လုပ်ငန်းစဉ်သည် ခုနစ်ရက်နှင့် ခုနစ်ညတိတိ ကြာမြင့်သွားခဲ့၏။
‘ငါ့ကျင့်ကြံခြင်း ဘယ်လောက်အထိ တိုးတက်လာလဲ’
ထိုသည်က ဆိုလွန် နိုးထလာပြီးနောက် ကိုယ့်ကိုယ်ကိုယ် မေးလိုက်သည့် ပထမဆုံး မေးခွန်းပင်။
ပျောက်ဆုံးသွေး မြို့တော်သို့ သူ လာရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ယန်ယန်ကို ကယ်တင်ရန် ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းတိုးတက်လာခြင်းမှာ ထင်မထားသောရလာဒ်ဖြစ်သည်။
ထူလင်းတိ တစ်ချိန်က ပြောခဲ့သည်မှာ သိုင်းပညာ စွမ်းရည်များသည် သူမအတွက် အပိုဆု တစ်ခုသာ ဖြစ်ကာ အရေးအကြီးဆုံးအရာ မဟုတ်ပေ။ ကျန်းရွှယ်အတွက်မူ အခြားသူများ လိုချင်မက်မောကြသည့် တန်ဖိုးမဖြတ်နိုင်သော ရတနာများမှာ သူ့အတွက် လုံးဝ တန်ဖိုးမရှိချေ။ ကျန်းရွှယ်သည် တန်ဖိုးကြီးမားလှသည့် ဆန်းကြယ်နဂါးရွှေ ဓားကို လွယ်လွယ်ကူကူ လွှင့်ပစ်ခဲ့သူ ဖြစ်၏။
ထိုသူတို့အတွက် ကျင့်ကြံခြင်းအဆင့်နှင့်သိုင်းပညာဆိုသည်မှာ အသေးအဖွဲ့ကိစ္စမျှသာ။
သူတို့နှင့်နှိုင်းယှဥ်ပါက ဆိုလွန်မှာ သူ၏ ကျင့်ကြံခြင်းနှင့် သိုင်းပညာ တိုးတက်လာစေရန် အလွန်တရာ ဂရုစိုက်သည်။ အဘယ် ကြောင့်ဆိုသော် သူ လုံလောက်အောင် အင်အားကြီးလာပါက ထူလင်းတိလို လူမျိုး ဖမ်းဆီးရန် ကြိုးစားလာလျှင်ပင် အတိတ်ကကဲ့သို့ အကူအညီမဲ့နေတော့မည် မဟုတ်ချေ။
ယခုတစ်ကြိမ် သူ စုပ်ယူခဲ့သည့် နဂါးစွမ်းအား ပမာဏမှာ ယခင် အကြိမ်များအားလုံး ပေါင်းထားသည်ထက်ပင် အဆပေါင်းများစွာ များပြားကြောင်း အသူရာမိစ္ဆာကြယ် ပြောခဲ့သည်။
အရင်က သန့်စင်ခြင်းများမှာ တစ်ရက်ထက် ပိုကြာလေ့မရှိသောကြောင့် ဤခုနစ်ရက်တာ သန့်စင်ခြင်းက မည်မျှအထိ တိုးတက်လာသနည်းဟု အလွန်သိချင်နေမိသည်။
‘အသူရာမိစ္ဆာကြယ်.. ငါ့ရဲ့ကျင့်ကြံခြင်းအဆင့် ဘယ်လောက်တောင် တက်သွားလဲ’
ဆိုလွန် စိတ်ထဲမှ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ဖြင့်လှမ်းမေးလိုက်သည်။
အသူရာမိစ္ဆာကြယ် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။
“လူတိုင်းရဲ့ နဂါးသွေးကြော ပါရမီတွေက မတူဘူးဆိုတာ သခင် သိပါတယ်.. “
“လူတစ်ယောက်က ခွန်အားပိုင်းမှာ ပါရမီ မြင့်မားတယ်ဆိုရင် သန့်စင်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ နဂါးစွမ်းအား အများစုက ခွန်အားအဖြစ် ပြောင်းလဲသွားမှာပဲ..”
“ဒါကြောင့် လူတစ်ယောက်က များသောအားဖြင့် သိုင်းပညာ တစ်မျိုးကိုပဲ အဓိက လေ့လာပြီး နောက်တစ်မျိုးကို အရံအနေနဲ့ပဲ လေ့လာနိုင်တယ်.. ဥပမာပြောရရင် သခင့် စစ်သည်တော် ရဲ့ကျင်းယွီက ဓားသိုင်းကို အဓိက လေ့လာပြီး မြှားပစ်ကို အရံအနေနဲ့ လေ့လာသလိုမျိုးပေါ့”
ဆိုလွန် ခေါင်းညိတ်လိုက်၏။
ရဲ့ကျင်းယွီသည် ဓားကောက်ကို အသုံးပြုပြီး ဓားကိုင်စစ်သည် တစ်ပိုင်း၊ လုပ်ကြံသတ်ဖြတ်သူ တစ်ပိုင်း ဖြစ်သော်လည်း အခြေခံအားဖြင့် ဓားကိုင်စစ်သည်အဖြစ် သတ်မှတ်ထားဆဲပင်။ ဓားမြှောင်များ၊ ဓားများနှင့် အခြားသော ပေါ့ပါးသည့် လက်နက်အသုံးပြုသူများကို ဓားကိုင်စစ်သည်အမျိုးအစားထဲ၌သာ ထည့်သွင်းသောကြောင့်ဖြစ်သည်။
ယင်းတို့သည် ခွန်အားနှင့် ခံနိုင်ရည်ထက် နည်းစနစ်နှင့် သွက်လက်မှုကို ပို၍ အားကိုးသောအမျိုးအစားပင်။
‘ဒါဆို ငါ့ရဲ့လက်ရှိအခြေအနေကဘာကို ဆိုလိုတာလဲ’
“အရင်တုန်းက သခင့်ရဲ့ နဂါးစွမ်းအားကို ကျွန်တော် သန့်စင်ပေးတဲ့အခါ သခင့်ရဲ့ ခွန်အားကိုပဲ သီးသန့် မြှင့်တင်ပေးခဲ့တာ.. သခင့်ရဲ့ သွက်လက်မှု၊ ခန္ဓာကိုယ်နဲ့ ခံနိုင်ရည်တွေက သိပ်မတိုးတက်ခဲ့ဘူး”
အသူရာကြယ်၏စကားကိုကြားလျှင် ဆိုလွန်ခေါင်းညိတ်လိုက်သည်။
ထိုသည်က မှန်ပေသည်။ သူသည် ခွန်အားနှင့် စိတ်ဝိညာဉ်နှစ်ခုကိုသာ အာရုံစိုက်ခဲ့၏။
လေးကို ဆွဲရန် ရုပ်ပိုင်းဆိုင်ရာ ခွန်အား လိုအပ်ပြီး တိကျစွာ ချိန်ရွယ်ရန် စိတ်ပိုင်းဆိုင်ရာ စွမ်းအင် လိုအပ်သောကြောင့်ပင်။
‘အခုကော’
“ဒီခုနစ်ရက်နဲ့ ခုနစ်ည အတွင်းမှာ သခင့်ရဲ့ ခွန်အား၊ သွက်လက်မှု၊ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နဲ့ ခံနိုင်ရည်တွေ အားလုံး အချိုးညီညီ တိုးတက်လာခဲ့တယ်”
အသူရာမိစ္ဆာကြယ်၏ အဖြေကြောင့် ဆိုလွန် တစ်ယောက် ဆွံ့အသွားရလေပြီ။
အသူရာမိစ္ဆာကြယ် ဆက်ပြောလာ၏။
“တစ်နည်းအားဖြင့် ဆိုရရင် သခင့်ရဲ့ အမြန်နှုန်း၊ ခွန်အား၊ ကာကွယ်မှုနဲ့ ခံနိုင်ရည်တွေ အားလုံး တိုးတက်လာတာပဲ..”
“သခင့်ရဲ့ ကျင့်ကြံခြင်းက ဂုဏ်သတ္တိတိုင်းမှာ ကြီးမားစွာ တိုးတက်လာတဲ့အတွက်.. သခင်က လေးစစ်သည် သက်သက် မဟုတ်တော့ဘူး..”
“ဓားကိုင်စစ်သည်၊ လုပ်ကြံသတ်ဖြတ်သူ၊ စစ်သည်တော်၊ သူရဲကောင်း ဒါမှမဟုတ် စိတ်ဝိညာဉ်ကျင့်ကြံသူ ဖြစ်လာနိုင်သွားပြီ..”
“အခု သခင် လိုချင်တဲ့ ဘယ်သိုင်းပညာကိုမဆို အကုန်လေ့လာလို့ ရသွားပြီ”
ဆိုလွန် လုံးဝ အံ့ဩသွားရကာ စက္ကန့်အနည်းငယ်ကြာပြီးမှ ထပ်၍မေးမြန်းလိုက်သည်။
‘ငါ့ကျင့်ကြံခြင်းက ဘယ်လောက်တောင် တက်သွားတာလဲ’
“သခင့်ရဲ့ လေးစစ်သည် ကျင့်ကြံခြင်းက အဆင့် ၉ ဆင့် တက်သွားတယ်”
“သခင်က တတိယအဆင့် လေးစစ်သည် ကနေ ကြယ်သုံးပွင့်အဆင့် လေးသည်တော် အထိ တက်သွားပြီ..”
“ဒါက သခင့်ရဲ့ ကိုယ်ပိုင် နဂါးစွမ်းအားတွေ သီးသန့်ပဲရှိသေးတယ်.. သခင့်ရဲ့ ကျင့်ကြံခြင်းက ကျွန်တော့်ရဲ့ အကူအညီ ဘာမှမပါဘဲ ဒီအဆင့်ကို ရောက်သွားတာ”
အခြေခံ စစ်သည်များမှာ အဆင့် တစ် မှ ကိုး။
အလယ်အလတ် စစ်သည်များမှာ ကြယ် တစ်ပွင့် မှ ကိုးပွင့်။
အဆင့်မြင့် စစ်သည်များမှာ အဆင့် တစ် မှ ကိုး ဟူ၍ အသီးသီးရှိ၏။
သာမန်အားဖြင့် တတိယအဆင့် လေးစစ်သည်အဆင့် မှ ကြယ်သုံးပွင့်အဆင့် လေးစစ်သည် သို့ အဆင့်တက်ရန် အနည်းဆုံး နှစ်နှစ်ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံရန် လိုအပ်သည်။
သို့တိုင်အောင် ဆိုလွန်သည် အံ့ဩဖွယ် အဆင့်တက်မှုကိုရရှိခဲ့ကာ အခြေခံစစ်သည်အဆင့်မှ အလယ်အလတ်စစ်သည်အဆင့်ထိ ခုန်ပျံကျော်လွှားအဆင့်တက်ခဲ့လေပြီ။
အသူရာမိစ္ဆာကြယ် ဆက်ပြောလာ၏။
“လုပ်ကြံသတ်ဖြတ်သူ၊ ဓားကိုင်စစ်သည်၊ စစ်သည်တော် နဲ့ သူရဲကောင်း လိုမျိုး အခြား သိုင်းပညာ အားလုံးနီးပါးမှာလည်း အဆင့် ၉ဆင့် တက်သွားတယ်..”
“သခင်က ဘာအတွေ့အကြုံမှ မရှိတဲ့ အခြေအနေကနေ နယ်ပယ်အားလုံးမှာ အဆင့် ကိုး အခြေခံ စစ်သည် ဖြစ်လာပြီ.. အဲ့ဒီနယ်ပယ်တွေမှာလည်း အလယ်အလတ် စစ်သည် ဖြစ်လာဖို့ တစ်လှမ်းပဲ လိုတော့တယ်”
တစ်နည်းအားဖြင့် ဆိုလွန်သည် ယခုအခါ အဆင့် ကိုး လုပ်ကြံသတ်ဖြတ်သူ၊ အဆင့် ကိုး ဓားကိုင်စစ်သည်၊ အဆင့် ကိုး စစ်သည်တော် နှင့် အဆင့် ကိုး သူရဲကောင်း ဖြစ်သွားပြီပင်။
အဓိက သိုင်းပညာများထဲတွင် လုပ်ကြံသတ်ဖြတ်သူများသည် လူသတ်ခြင်းနှင့် ငွေရှာခြင်း၌ ကျွမ်းကျင်ကြသော်လည်း လူမှုရေး အဆင့်အတန်း မရှိကြပေ။ ဓားကိုင်စစ်သည်များသည် တစ်ယောက်ချင်း ယှဉ်ပြိုင်ရာ၌ အကောင်းဆုံးဖြစ်ပြီး မူးမတ်အထက်တန်းလွှာများ အကြိုက်ဆုံး ဖြစ်သည်။
စစ်သည်တော်များနှင့် သူရဲကောင်းများမှာမူ စစ်မြေပြင်အတွက် မွေးဖွားလာကြသူများ ပင်။
စစ်တပ်တစ်ခု၏ အစစ်အမှန် အင်အားမှာ စစ်သည်တော်များနှင့် သူရဲကောင်းများ မည်မျှရှိသည်အပေါ် မူတည်နေ၏။ စစ်သည်တော်များသည် ခြေလျင်တပ်များ၏ ခေါင်းဆောင်များဖြစ်ကာ သူရဲကောင်းများမှာ မြင်းတပ်များ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
ဆိုလွန် မိသားစု၏ တိုက်ခိုက်ရေးသမား အများစုမှာလည်း စစ်သည်တော်များနှင့် သူရဲကောင်းများ ဖြစ်သည်။ သူတို့သည် တစ်ယောက်ချင်း တိုက်ခိုက်ရာ၌ အထူးတလည် မသန်မာကြသော်လည်း စစ်မြေပြင်ရှိ သူတို့၏ အသုံးဝင်မှုနှင့် စွမ်းအားမှာ အခြား အဆင့်မြင့် တိုက်ခိုက်ရေးသမားများထက် များစွာ သာလွန်လှပေသည်။
ထို့အပြင် စစ်သည်တော်နှင့် သူရဲကောင်းများမှာ ပိုမို တိုးတက်ရန် အခက်ခဲဆုံး အသက်မွေးဝမ်းကျောင်း နှစ်ခုပင်။
ထိုအသက်မွေးဝမ်းကြောင်းကိုရွေးချယ်သူများသည် မရေမတွက်နိုင်သော သွေး၊ ချွေးများဖြင့် ပြင်းပြင်းထန်ထန်ကြိုးစားရန် လိုအပ်ပြီး ဖြတ်လမ်းနည်းဟူ၍ အလွန် နည်းပါးသည်။
ထို့ကြောင့်ပင် တော်ဝင်အကယ်ဒမီက စစ်သည်တော်များနှင့် သူရဲကောင်းများကို အဓိက လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။
စစ်သည်တော်များနှင့် သူရဲကောင်းများမှာ လောကကြီး တစ်ခုလုံး၏ကျောရိုးများပင်။
‘ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းကကော.. အဆင့်တက်သွားလား’
ဆိုလွန် မေးလိုက်သည်။
ထိုသည်က သူ အဂရုစိုက်ဆုံး အရာဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ စွမ်းအင်မှာ ဤလောက၌ အင်အားအကြီးဆုံး လက်နက် ဖြစ်ပြီး သူ၏ အသက်လု တန်ပြန်တိုက်ခိုက်မှု နှစ်ခုစလုံးမှာ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ စွမ်းအင်ကို အားကိုးခဲ့ရသည်။
စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတိုက်ကွက် တစ်ကွက်က သွေးတစ္ဆေကို သတ်ပစ်နိုင်ခဲ့ပြီး နောက်တစ်ကွက်က ထူလင်းတိကို သေလုမြောပါး ဖြစ်သွားစေခဲ့သည်။
ထိုရလာဒ်များက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းမျိုးသည် အခြားတိုက်ခိုက်ရေးနည်းစနစ်များထက် ပို၍ ပြင်းထန်အစွမ်းထက်ကြောင်းပြသနေ၏။
အပိုင်း ၂၈၅ ပြီး။