အခန်း ၂၈၆
Vol. 29 Ch. 286
အပိုင်း ၂၈၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
သို့သော် အမှန်စင်စစ်တွင်မူ စိတ်ဝိညာဉ်ကျင့်ကြံသူများ အင်အားကြီးမားသော်လည်း ဤလောက၌ ထိုလမ်းကြောင်းကို ရွေးချယ်လေ့လာသူ လုံးဝ မရှိသလောက်ပင်။ ပထမအချက်မှာ စိတ်ပိုင်းဆိုင်ရာ ပါရမီ လိုအပ်ချက် အလွန်တရာ မြင့်မားလွန်းသောကြောင့် ဖြစ်၏။
လူတစ်ယောက်၌ စိတ်ပိုင်းဆိုင်ရာ ပါရမီ အမှတ် ၈.၅ အနည်းဆုံး မရှိပါက စိတ်ဝိညာဉ်ကျင့်စဉ်များကို လုံးဝ ကျင့်ကြံ၍ မရနိုင်ချေ။ ဒုတိယအချက်မှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းလမ်းကြောင်းသည် အလွန် သီးခြားဆန်ပြီး မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ထိုကျင့်စဉ်များအားလုံးကို လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ်ကျင့်ကြံသူ တစ်ယောက် ပြင်ပလောက၌ ကြီးထွားရန် အခွင့်အရေးမရှိသလောက်ပင်။
ထို့အပြင် စိတ်ဝိညာဉ် ကျင့်ကြံခြင်းကို အထူးပြုခြင်းက လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာကို အားနည်းသွားစေသည်။ စိတ်ဝိညာဉ်ကျင့်ကြံသူများသည် သူတို့၏ အချိန်အားလုံးကို တရားထိုင်ခြင်းဖြင့် ကုန်ဆုံးကြသဖြင့် နဂါးစွမ်းအား တည်ဆောက်ရန် ခက်ခဲစေ၏။
ဥပမာအားဖြင့် ကောင်းကင်သင်္ချိုင်းမှ ယဇ်ပုရောဟိတ်မ၌ ကောင်းကင်ကို အန်တုနိုင်လောက်သည့် အလွန်တရာ အင်အားကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ ရှိသော်လည်း သူမ၏ သိုင်းပညာအဆင့်မှာ သာမန်မျှသာ။
ထိုအချက်များအားလုံးကြောင့် စိတ်ဝိညာဉ်ကျင့်ကြံသူများမှာ ဟန်ချက်ညီအောင် ထိန်းရန် အခက်ခဲဆုံးနှင့် အရှားပါးဆုံးသူများ ဖြစ်နေကြလေပြီ။
ထိုအချိန်တွင် အသူရာမိစ္ဆာကြယ် ပြန်ဖြေလာသည်။
“ကောင်းကင်သင်္ချိုင်းမှာ ဝါးမျိုတုန်းက သခင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင် ကျင့်ကြံခြင်း အလယ်အလတ်အဆင့်ကို ရောက်သွားတယ်လေ..”
“ဒီတစ်ခါတော့ နောက်ထပ် ကြီးမားတဲ့ မြှင့်တင်မှုတစ်ခု ရလိုက်ပြန်ပြီ.. ကြယ်တစ်ပွင့် အလယ်အလတ်အဆင့်ကနေ ကြယ်ခြောက်ပွင့် အလယ်အလတ်အဆင့်ကို တက်သွားတယ်.. အဲ့ဒါက အဆင့် ၅ဆင့် ကျော် တက်သွားတာပဲ”
“ဒါတင်မကဘူး.. သခင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပါရမီကလည်း နောက်တစ်ကြိမ် တိုးတက်သွားပြီး ၈.၇ ကနေ ၈.၉ အထိ ရောက်သွားပြီ..”
“အခုချိန် နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံးမှာ သခင့်ထက် စိတ်ပိုင်းဆိုင်ရာ ပါရမီ ပိုမြင့်တဲ့သူ ဆယ်ယောက်ထက် ပိုမရှိလောက်ဘူး”
ဆိုလွန် ထပ်မံ၍ အံ့ဩသွားရပြန်သည်။
‘ဒီတစ်ခါ ငါတို့ စုပ်ယူခဲ့တဲ့ စွမ်းအင်က နဂါးစွမ်းအား သက်သက်ပဲလေ..စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ မပါဘူး မဟုတ်လား’
သူ နားမလည်စွာဖြင့် မေးလိုက်၏။
“သခင်ပြောတာလည်း မှန်ပါတယ်”
“ဒါပေမဲ့ ရှေးဟောင်း နတ်နဂါးက မှုတ်ထုတ်လိုက်တဲ့ မီးလျံထဲမှာ လောကရဲ့ အသန့်စင်ဆုံးနဲ့ အင်အားအကြီးဆုံး စွမ်းအင်တွေ ပါဝင်နေတယ်.. အဲ့ဒါက စံသတ်မှတ်ချက် ဂုဏ်သတ္တိတွေ အားလုံးကို လျစ်လျူရှုနိုင်တယ်”
ယခုတစ်ခါတွင်တော့ ဆိုလွန်တစ်ယောက် လုံးဝ မှင်သက်သွားကာ ပြောစရာစကားပင် ပျောက်သွားတော့သည်။
သာမန်အားဖြင့် တတိယအဆင့် လေးသည်တော် မှ ကြယ်သုံးပွင့်အဆင့် လေးသည်တော် သို့ ရောက်ရန် နှစ်နှစ် အချိန်ယူရသည်။ လုပ်ကြံသတ်ဖြတ်သူ၊ ဓားကိုင်စစ်သည်၊ စစ်သည်တော် နှင့် သူရဲကောင်း စသည့် လမ်းကြောင်းများ၌ သုည မှ အဆင့် ကိုး အခြေခံသို့ ရောက်ရန်လည်း အနည်းဆုံး သုံးနှစ် အချိန်ယူရ၏။
နောက်ဆုံး၌ ကြယ်တစ်ပွင့် မှ ကြယ်ခြောက်ပွင့်နှင့် အလယ်အလတ် စိတ်ဝိညာဉ်ကျင့်ကြံသူအဖြစ် သို့ အဆင့်တက်ရန် အနည်းဆုံး ငါးနှစ် အချိန်ယူရသည်။
တစ်နည်းအားဖြင့် ဆိုလွန်သည် နိုးထမှု တစ်ကြိမ်တည်းဖြင့် ဆယ့်ငါးနှစ်စာ ကျင့်ကြံခြင်းနှင့် ညီမျှသော အရာများကို ရရှိခဲ့ခြင်းပင်။
“သခင်.. ဒါက သခင့်ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း သီးသန့်ပဲ”
အသူရာမိစ္ဆာကြယ်က ထပ်လောင်းပြောလာ၏။
“ကျွန်တော့်ဆီက ဘာစွမ်းအင်မှမသုံးထားဘဲ.. သခင့်ရဲ့ သွေးမျိုးဆက်ကနေ တိုက်ရိုက် ထွက်လာတာ”
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
ဆိုလွန် အံ့ဩသင့်စွာဖြင့် မေးလိုက်သည်။
‘အရင် အဆင့်တက်မှုတွေက ဂုဏ်သတ္တိ တစ်ခု ဒါမှမဟုတ် နှစ်ခုကိုပဲ မြှင့်တင်ပေးခဲ့တာလေ.. ဘာလို့ ဒီတစ်ခါ ငါ့ရဲ့ ဂုဏ်သတ္တိ အားလုံးကို မြှင့်တင်ပေးရတာလဲ’
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျောင်းတော်ထဲမှာ နဂါးမီးလျံနဲ့ ခန္ဓာကိုယ်ကို သန့်စင်ခဲ့လို့ပဲ”
အသူရာမိစ္ဆာကြယ်က ရှင်းပြလာ၏။
“စက္ကန့်ဝက်လောက်ပဲ ကြာပြီး သခင့်ကို ပြာအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်ခဲ့ပေမဲ့ သခင့်ရဲ့ နဂါးသွေးကြောကို လုံးဝ ပြောင်းလဲပြီး သန့်စင်ပေးခဲ့တယ်.. အဲ့ဒါက သခင့်ရဲ့ ကိုယ်ပိုင် သွေးမျိုးဆက် အစစ် ဖြစ်လာစေတာပဲ”
ထိုညက အဖြစ်အပျက်ကို ဆိုလွန် သတိရသွားသည်။
နဂါးမီးလျံက သူ၏ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်ချိန်၌ အစစ်အမှန်သေခြင်းတရား ကြောက်ရွံ့ဖွယ်ကောင်းပုံကို ခံစားခဲ့ရ၏။ အသူရာမိစ္ဆာကြယ် ရှိနေခဲ့သည်တောင်မှ ပြာအဖြစ် ပြောင်းလဲသွားလုနီးပါးဖြစ်ခဲ့သည်မဟုတ်ပါလော။
သွေးရောင်ပင်လယ်သာ မရှိခဲ့လျှင် အကြိမ်တစ်ထောင်မက သေဆုံးပြီးပင်ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းအရာကိုတွေးမိလိုက်တိုင်း ဆိုလွန် တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့်အေးခဲသွားမတတ်ခံစားလိုက်ရသည်။
ထိုအချိန်၌ အသူရာမိစ္ဆာကြယ် ထပ်မံစကားပြောလာသည်။
“သခင့်ကို ဒီလောက် ကြီးမားတဲ့ အဆင့်တက်မှု ပေးပြီးနောက်မှာတောင် တစ်ခုခုဖြစ်ရင် သုံးဖို့ နဂါးစွမ်းအား စွမ်းအင် အများကြီးကို ကျွန်တော် သိမ်းထားသေးတယ်.. “
“သခင် အခုဆို နဂါးစွမ်းအားနဲ့ ပြင်းထန်တဲ့ ပစ်ခတ်မှု အကြိမ်ပေါင်းများစွာ လုပ်ဖို့ စွမ်းအင် အလုံအလောက် ရှိနေပြီ”
ဆိုလွန် လျှာသပ်လိုက်သည်။
‘ဒါပေမဲ့ အဲ့ဒီညက မင်း နဂါးမီးလျံ စွမ်းအင်ရဲ့ အစိတ်အပိုင်း သေးသေးလေးကိုပဲ စုပ်ယူနိုင်ခဲ့တာလေ’
“ဟုတ်တယ်.. အဆုံးအစမရှိတဲ့ ပမာဏထဲက အစိတ်အပိုင်း သေးသေးလေး တစ်ခုပါပဲ”
အသူရာမိစ္ဆာကြယ် သဘောတူလိုက်၏။
“ကျန်တဲ့ စွမ်းအင် အများစုက သွေးရောင်ပင်လယ်ကို လောင်ကျွမ်းပစ်ဖို့ အသုံးပြုသွားခဲ့တာ”
ထိုစွမ်းအင်၏ အစိတ်အပိုင်း သေးသေးလေးတစ်ခုကပင် ဆိုလွန်ကို ဧရာမ မြှင့်တင်မှုတစ်ခု ပေးနိုင်ခဲ့သည်။
နဂါးတံဆိပ်တုံး ဓာတ်တော်သည် တကယ်ကိုပင် ကောင်းကင်ကို အန်တုနိုင်စွမ်းရှိနေသည်။
ကံမကောင်းစွာဖြင့် ဆိုလွန်၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်နိမ့်ကျနေခဲ့သည်။ အကယ်၍ သူသာ အဆင့်မြင့် စစ်သည် တစ်ယောက် ဖြစ်ခဲ့ပါက ညတွင်းချင်း နဂါးစစ်သည်တော် ဖြစ်လာအောင် အဆင့်တက်နိုင်ပေလိမ့်မည်။
နိုင်အာ၏ နဂါးတံဆိပ်တုံး ကျောက်တိုင်ထဲရှိ စွမ်းအင်များမှာ ဆိုလွန်၏ နဂါးမီးလျံထက် များစွာ အားနည်းလှ၏။ အထူးသဖြင့် ထိုတစ္ဆေဝိညာဉ်ကြီး၏ စားသုံးခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရသောကြောင့်ပင်။ သို့သော် နိုင်အာ၏ သိုင်းပညာ အခြေခံမှာ သူ့ထက် များစွာ အားကောင်းလှသည်။
သူမက ဆိုလွန်ထက် စွမ်းအင် အများကြီး ပိုစုပ်ယူနိုင်သဖြင့် ထိုအချိန်က နဂါးစစ်သည်တော် အဖြစ်သို့ တိုက်ရိုက် အဆင့်တက်သွားခဲ့သည်။
နဂါးမီးလျံမှာ ကောင်းကင်နှင့် မြေကြီး၏ အစစ်အမှန် ရတနာတစ်ခုပင်။ ဆိုလွန်လို အားနည်းသူ တစ်ယောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရခြင်းသည် တန်ဖိုးရှိသော အရင်းအမြစ်များကို ဖြုန်းတီးပစ်လိုက်ခြင်းဟုပင် ဆိုနိုင်၏။
ဆိုလွန် နိုးလာသောအခါ အရွက်နီ သစ်ပင်ရှိ အပေါက်မှာ ဖြည်းညှင်းစွာ ပြန်ပွင့်လာသည်။ သူ သစ်ပင် အခေါင်းပေါက်ထဲမှ တွားသွား ထွက်လာပြီး မုန်ထိုလော့ကို အရိပ်အယောင်မျှ မတွေ့ရသောအခါ အံ့ဩစွာဖြင့် မေးမြန်းလိုက်သည်။
‘အသူရာမိစ္ဆာကြယ်.. ဒီသစ်ပင်ထဲမှာ ငါတို့ ကျင့်ကြံနေတာ ဘယ်လောက်ကြာသွားပြီလဲ’
“ခုနစ်ရက်နဲ့ ခုနစ်ည ပါ”
‘ဒါဆို.. မုန်ထိုလော့နဲ့ သဘောတူထားတဲ့ ဆယ်ရက် ကန့်သတ်ချက်ကို ငါတို့ ကျော်သွားပြီပေါ့’
“ဟုတ်ပါတယ်”
အသူရာမိစ္ဆာကြယ် အတည်ပြုလိုက်သည်။
‘ဒါဆို ဘာလို့ ငါ့ကို စောစော မနှိုးတာလဲ’
“သခင့်ကို နှိုးလိုက်ရင် သန့်စင်တဲ့ လုပ်ငန်းစဉ် ပြတ်တောက်သွားပြီး ကျင့်ကြံခြင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်”
“ဒါ့အပြင် သခင်နဲ့ မုန်ထိုလော့ရဲ့ ဆက်ဆံရေးကို ကြည့်ပြီး သူက သခင့်ကို ဆယ်ရက် ဒါမှမဟုတ် တစ်လပဲ ကြာကြာ ဒီမှာ စောင့်နေလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ”
ဆိုလွန် လှောင်ရယ်လိုက်၏။
‘မင်းက ငါတို့ရဲ့ ဆက်ဆံရေးကို တော်တော် အထင်ကြီးနေတာပဲ.. သူ ငါ့ကို ကူညီရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါက အသူရာမိစ္ဆာကြယ်ရဲ့ လက်ခံပိုင်ရှင် ဖြစ်နေလို့.. ပြီးတော့ သူက လူသားတွေကို လုံးဝ မုန်းတီးလို့လေ..’
‘တစ်နေ့ကျရင် သူ ရွံရှာတဲ့ လူသားလောကကြီးကို ငါ ဖျက်ဆီးပစ်လိမ့်မယ်လို့ သူ မျှော်လင့်နေတာ.. အဲ့ဒါကလွဲရင် ငါ့အပေါ် ဘာခံစားချက်မှ မရှိဘူး’
အတိအကျ ပြောရလျှင် မုန်ထိုလော့သည် ထိုယောက်ျားမှလွဲ၍ ဤလောကရှိ မည်သူ့အပေါ်တွင်မှ ခံစားချက် မရှိခြင်းပင်။
ထို့နောက် ဆိုလွန် မေးလိုက်၏။
‘ငါက ဒီအရွက်နီ သစ်ပင်ထဲမှာ ရှိနေတာလေ.. မုန်ထိုလော့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ငါ့စွမ်းအင်ကို အလွယ်တကူ အာရုံခံပြီး ရှာတွေ့သင့်တာပေါ့’
“ဒီသစ်ပင်ကြီးက နှစ်တစ်သောင်းကြာ သွေးတွေ၊ စွမ်းအင်တွေနဲ့ ကြီးထွားလာခဲ့တာ.. အဲ့ဒါက သခင့်ရဲ့ အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထားနိုင်တယ်”
“ဒါကြောင့်လည်း သခင့်ကို အထဲမှာ ပုန်းခိုင်းခဲ့တာပေါ့.. လူရိုင်းတွေက ဒီနေရာကို ဘယ်အချိန်မဆို ရောက်လာနိုင်တယ်လေ”
‘ဪ.. ဒါကြောင့်ကိုး’
ယခုအခါ ဆိုလွန်တစ်ယောက် ကြီးမားလှသည့် စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်ရလေပြီ။
တောင်တစ်သောင်း တောင်တန်းဆီသို့ မည်သို့ ပြန်ပြီး နိုင်အာ၏ အနားသို့ သွားရပါမည်နည်း။
မြောက်ဘက်သို့ ဆက်သွားပြီး လူရိုင်းနယ်မြေထဲမှ တစ်ယောက်တည်း ထွက်သွားရမည်လော။
ထိုသည်က လုံးဝ မဖြစ်နိုင်ချေ။ သူ၌ နဂါးစစ်သည်တော် တစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်မျိုး ရှိနေလျှင်ပင် မိုင်ရှစ်ရာခရီးကို တစ်ယောက်တည်း ဖြတ်သန်းနိုင်မည် မဟုတ်ပေ။
ဆိုလွန် ယခုအခါ လူရိုင်းများအကြောင်းကို နက်နက်နဲနဲ နားလည်နေလေပြီ။ တစ်ယောက်ချင်း တိုက်ခိုက်ရာ၌ လူရိုင်းများသည် လူသားများထက် များစွာ ပိုမို သန်မာကြောင်း သိထားသလို မည်သို့ပင် ရုပ်ဖျက်ထားပါစေ၊ သူ၏ လူသားအနံ့နှင့် အငွေ့အသက်ကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်းလည်း သိရှိထားသည်။
ထို့ကြောင့် ဤလူသူကင်းမဲ့သော နေရာမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူရိုင်းများ၏ အပြင်းအထန် လိုက်လံ ဖမ်းဆီးခံရ ပေလိမ့်မည်။ နောက်ဆုံး၌ လူရိုင်းများ၏ အကင်စင်ပေါ်မှ အစာတစ်ခွက်ပင် ဖြစ်သွားနိုင်သည်။
ယခုအခြေအနေ၌ ဘာလုပ်သင့်ပါသနည်း။
နိုင်အာကို ထားခဲ့သည်မှာ တစ်လနီးပါး ရှိပြီဖြစ်သည်။ ယခုအချိန်၌ သူမသည် လူတစ်ထောင်ပါ အသေခံတပ်ဖွဲ့ကို ဦးဆောင်ကာ သူမတို့ထက် အဆများစွာ ကြီးမားသည့် ရန်သူ့တပ်ကို ရင်ဆိုင်နေရ၏။ သူမသည် သေမင်းနှင့်တစ်ဖက်ကမ်း၌ အမြဲတမ်း ရှိနေခြင်းပင်။
သူ ပြန်ရန် နောက်ကျသည့် နေ့ရက်တိုင်း နိုင်အာမှာ ပို၍ အန္တရာယ်များလာနေသည်။
ဆိုလွန် မျက်လုံးများကို မှိတ်လိုက်သည်။ လူသားနယ်မြေဆီသို့ ပြန်သွားနိုင်မည့် ဖြစ်နိုင်ခြေရှိသော နည်းလမ်းတိုင်းကို စဉ်းစားရန် ကြိုးစားရင်း သူ၏ စိတ်များ အပြေးအလွှား လှုပ်ရှားသွား၏။
သို့သော် အချို့သော အခက်အခဲများမှာ လူသားများ၏ ထိန်းချုပ်မှုထက် ကျော်လွန်နေသဖြင့် တောင်တစ်သောင်း တောင်တန်း၏ မြောက်ဘက်သို့ ဖြတ်ကူးရန် ဘေးကင်းသည့် နည်းလမ်း မရှိပေ။
အကယ်၍ လူရိုင်းများနှင့် ဆုံခဲ့လျှင် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ သေလုမြောပါး တိုက်ခိုက်ရန်သာ။
ထိုအချိန်၌ ရုတ်တရက် ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ကြားလိုက်ရသည်။
ထိုအော်သံမှာ ကြက်ဖတွန်သံနှင့် ခြင်္သေ့ဟိန်းဟောက်သံ ရောနှောနေသကဲ့သို့ပင်။
ခဏအကြာ၌ ဧရာမ အမ်ဘာသားရဲကြီး တစ်ကောင် မြောက်ဘက်မှ ပျံသန်းလာကာ ဆိုလွန်နှင့် ပို၍ နီးကပ်လာသည်။ ကီလိုမီတာဝက်ခန့် အကွာမှ ငေးကြည့်လိုက်ခြင်းဖြစ်သော်လည်း သားရဲကြီး၏ ကျောပေါ်ရှိ လူကို ဆိုလွန် ချက်ချင်း မှတ်မိလိုက်၏။
ထိုသူ၌ ညှို့ငင်နိုင်လောက်အောင် လှပလွန်းသည့် မျက်နှာတစ်ခု ရှိနေသောကြောင့်ပင်။
ကျန်းရွှယ်။
ထူးဆန်းစွာဖြင့် ကျန်းရွှယ်တစ်ယောက် ပျောက်ဆုံးသွေးမြို့တော်သို့ပြန်လည်ရောက်ရှိလာလေပြီ။
အဘယ်ကြောင့် ထိုလူထူးဆန်းပြန်၍ရောက်ရှိလာပါသနည်း။
အပိုင်း ၂၈၆ ပြီး။