← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အပိုင်း ၂၈၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဧရာမ အမ်ဘာသားရဲကြီးပေါ်၌ ထိုင်နေသည့် ကျန်းရွှယ်ကို မြင်သောအခါ ဆိုလွန် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

‘ချမ်းသာပြီး ရုပ်ချောတဲ့ အောင်မြင်သူတွေကြားက ကွာဟချက်က တကယ်ကို ကြီးမားလှပါ့လား’

နုလန်ဘုရင့်နိုင်ငံ၌ အမ်ဘာသားရဲများ ရှိနေသော်လည်း နိုင်ငံတစ်ဝန်းလုံးရှိ အမ်ဘာသားရဲစီးသူ အရေအတွက်မှာ အယောက်နှစ်ဆယ်ပင် မပြည့်ချေ။ အမ်ဘာသားရဲ တပ်မတော် ဆိုသည်မှာ အမည်ခံမျှသာ။

အမ်ဘာသားရဲတို့မှာ အလွန် ရှားပါးလှသဖြင့် မည်သူမှ အမ်ဘာသားရဲ စစ်သည်တော်များကို စစ်မြေပြင်ထဲသို့ လွှတ်ရန် စွန့်စားရဲကြခြင်းမရှိပေ။

အမ်ဘာသားရဲများမှာ လူရိုင်းနယ်မြေမှ မျိုးစိတ်များပင်။ နုလန်ဘုရင့်နိုင်ငံသည် လူရိုင်းများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တစ်ခုတည်းသော လူသားတိုင်းပြည် ဖြစ်သောကြောင့် အမ်ဘာသားရဲ အများဆုံး ပိုင်ဆိုင်ထားပြီး ယန်အင်ပါယာနှင့် တုန်းလီဘုရင့်နိုင်ငံရှိ အမ်ဘာသားရဲ အနည်းငယ်မှာ နုလန်ဘုရင့်နိုင်ငံမှ လက်ဆောင်ပေးထားခြင်းများသာ ဖြစ်သည်။

ထို့ကြောင့် အမ်ဘာသာရဲများမှာ ဧကရာဇ်တစ်ပါးက လက်ဆောင်ပေးထားသည့် ရှားပါး ပန်ဒါများကဲ့သို့ တန်ဖိုးမဖြတ်နိုင်ဘဲ ငွေဖြင့် တိုင်းတာ၍ မရနိုင်ချေ။

ယခုအခါ၌မူ လူတစ်ယောက်သည် အန္တရာယ်များလှသည့် လူရိုင်းနယ်မြေထဲသို့ အမ်ဘာသားရဲ တစ်ကောင် စီးနင်းကာ လွတ်လပ်ပေါ့ပါးစွာ ဝင်ထွက်သွားလာနေပြီ။

လူသားတစ်ယောက်ဖြစ်သည့် ကျန်းရွှယ် လူရိုင်းနယ်မြေကို မည်သို့ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ကြောင်း ဆိုလွန် နောက်ဆုံး၌ နားလည်သွား၏။ အမ်ဘာသားရဲများမှာ ရှားပါး မွန်မြတ်သည့် မျိုးစိတ်များ ဖြစ်ကြကာ လူရိုင်းများကြား၌ပင် အင်အားအကြီးဆုံး ခေါင်းဆောင်များသာ စီးနင်းခွင့် ရှိသည်။

ကျန်းရွှယ်သည် အမ်ဘာသားရဲကို စီးနင်းကာ ကောင်းကင်ထက်၌ ဝင့်ကြွားစွာ သွားလာနေသဖြင့် အောက်ဘက်ရှိ လူရိုင်းများက အလွန် အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ဦး ဖြတ်သန်းသွားသည်ဟု ထင်မှတ်ကာ မတားဆီးရဲကြခြင်းပင်။ ထို့အပြင် လူရိုင်းများ၌ သူ့ကို ကြားဖြတ်တိုက်ခိုက်ရန် ကိုယ်ပိုင် လေကြောင်းပျံသန်းရေးတပ်ဖွဲ့ လည်း ရှိမနေပါချေ။

အထက်ကောင်းကင်ပြင်မှ ကျန်းရွှယ်သည် ဆိုလွန်ကို ချက်ချင်း မြင်တွေ့သွားသည်။

သူသည် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကိုပင် အသုံးပြုရန် မလိုအပ်ဘဲ အလွန် ကောင်းမွန်သည့် အမြင်အာရုံဖြင့် မီတာထောင်ချီ အကွာအဝေးမှ ဆိုလွန်ကို အနီးကပ် မြင်တွေ့နိုင်စွမ်း ရှိသောကြောင့်ပင်။

မိနစ်ဝက်ပင် မကြာလိုက်ဘဲ ဧရာမ အမ်ဘာသားရဲကြီး တောင်ကမ်းပါးပေါ်သို့ ဆင်းသက်လာ၏။

ကျန်းရွှယ်ကို အနီးကပ် ထပ်မံ မြင်တွေ့လိုက်ရသောအခါ ဆိုလွန်တစ်ယောက် ထိုလူ၏ ရင်သပ်ရှုမောဖွယ် ရုပ်ရည်ကြောင့် နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။ သူသည် အလွန် ချောမောလွန်းလှသဖြင့် လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။

ကျန်းရွှယ်၏ အကြည့်များ ဆိုလွန်ထံ ကျရောက်လာသည်။

“မင်း အပြင်ထွက်လာနိုင်ခဲ့တာပဲ”

ကျန်းရွှယ်သည် သူ၏ နာမည်ကို မေ့သွားပြီ ဖြစ်ကြောင်း ဆိုလွန် ရွှေဒင်္ဂါး တစ်သောင်းလောင်းရဲ၏။

ဆိုလွန် နားမလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“အင်း.. ခင်ဗျား ဘာလို့ ပြန်လာတာလဲ”

“ကျောင်းတော်ထဲက ငါ ယူလာတဲ့ ဓားက နဂါးတံဆိပ်တုံး ဓာတ်တော် မဟုတ်ဘူး ဆိုတာ ရုတ်တရက် သတိရသွားလို့..”

“ဒါကြောင့် လာစစ်ကြည့်တာ.. မင်း ကျောင်းတော်ထဲ ဝင်ခဲ့လား”

ဆိုလွန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဝင်ခဲ့တယ်”

“နဂါးတံဆိပ်တုံး ဓာတ်တော်ကို မင်း မြင်ခဲ့လား”

ဆိုလွန် ထပ်မံ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

“မြင်ခဲ့တယ်”

“မင်း အဲ့ဒါကို ရခဲ့လား”

ဆိုလွန် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရွှယ်၏ တည်ငြိမ်နေလေ့ရှိသော မျက်လုံးများထဲ၌ အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

“ငါ့ကို တစ်ချက်လောက် ပေးကြည့်လို့ ရမလား”

သူ လက်ဆန့်တန်းကာ တိုက်ရိုက် မေးလိုက်၏။ ကျောင်းသားတစ်ယောက်က အတန်းဖော်ထံမှ စာအုပ်ငှားသကဲ့သို့ ပေါ့ပေါ့ပါးပါးပင်။

သို့သော် နဂါးတံဆိပ်တုံး ဓာတ်တော်မှာ နှစ်တစ်ထောင်မှ တစ်ကြိမ်သာ မြင်တွေ့ရသည့် ဒဏ္ဍာရီလာ ရတနာဖြစ်၏။ လူများစွာသည် ထိုအရာကို ပိုင်ဆိုင်ရရန်အတွက် လူထောင်ပေါင်းများစွာကိုပင် ဝမ်းသာအားရ သတ်ဖြတ်ကြပေလိမ့်မည်။

‘သခင်.. သူ့ကို မပေးလိုက်နဲ့.. ကျေးဇူးပြုပြီး မပေးလိုက်ပါနဲ့’

အသူရာမိစ္ဆာကြယ်တစ်ယောက် ဆိုလွန်၏ စိတ်ထဲ၌ အသည်းအသန် အော်ဟစ်လိုက်၏။

ထိုသတိပေးချက်ကို လျစ်လျူရှုကာ ဆိုလွန် အိတ်ကပ်ထဲမှ နဂါးမီးလျံ သလင်းကျောက်ကို ထုတ်၍ ကျန်းရွယ်ထံ ကမ်းပေးလိုက်သည်။

ကျန်းရွှယ်၏ မျက်လုံးများ တောက်ပသွားလေပြီ။

သူ၏ ရှည်လျားပြီး ကျက်သရေရှိလှသော လက်မှ ဆွဲငင်အားတစ်ခုထွက်ပေါ်လာပြီး နဂါးမီးလျံကို ဆွဲယူလိုက်သည်။

“ဒါ.. ဒါက တကယ်ပဲ နဂါးတံဆိပ်တုံး ဓာတ်တော်ပဲ..”

‘ပြီးတော့ ကျောက်တိုင် မဟုတ်သလို ရုပ်တုလည်း မဟုတ်ဘူး.. ရှေးဟောင်း နတ်နဂါးရဲ့ မီးလျံသလင်းကျောက်ပဲ”

ကျန်းရွှယ်၏ မျက်လုံးများ တောက်ပလင်းလက်နေကာ အလွန်တရာ စိတ်ဝင်စားမှုဖြင့် စစ်ဆေးကြည့်လိုက်သည်။

“ဒါက နှစ်ထောင်ပေါင်းများစွာအတွင်း တူးဖော်တွေ့ရှိခဲ့သမျှ နတ်နဂါးနဲ့ အနီးစပ်ဆုံး ဆက်စပ်နေတဲ့ ဓာတ်တော် ဖြစ်ရမယ်..”

“ရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ စွမ်းအင်ရဲ့ မူလဇစ်မြစ်တွေကို လေ့လာဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ.. မြင့်မြတ်နတ်နဂါးကျောင်းတော်သာသိရင်တော့ ရူးသွပ်သွားမှာ သေချာပေါက်ပဲ”

ကျန်းရွှယ်ဆိုသည်မှာ ရတနာများကို အမြဲတမ်း လျစ်လျူရှုလေ့ရှိသူ ဖြစ်၏။ တန်ဖိုးမဖြတ်နိုင်သည့် ဆန်းကြယ်နဂါးရွှေ ဓားကိုဖြစ်စေ၊ ကျောင်းတော်ထဲမှ ဆန်းကြယ်သော မှော်ဓားကိုဖြစ်စေ အထူး ဂရုစိုက်ခြင်းမရှိခဲ့ပေ။

နှစ်ခါပင် ပြန်၍မစဉ်းစားဘဲ လွှင့်ပစ်ခဲ့ခြင်းမဟုတ်ပါလော။

သို့သော် ယခုအချိန်၌ နဂါးမီးလျံကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများထဲ၌ ပူပြင်းသည့် ရမ္မက်တစ်ခု ပထမဆုံးအကြိမ်အဖြစ် လက်ခနဲ ဖြစ်သွားလေပြီ။

နဂါးမီးလျံသည် ဆိုလွန် တွေးထားခဲ့သည်ထက် များစွာ ပို၍ တန်ဖိုးကြီးမားလှ၏။ ဓာတ်တော်အတွင်းမှ မူလစွမ်းအင်၏ သမိုင်းနှင့် တန်ဖိုးမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။

ကျန်းရွှယ်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်တီးတိုးရေရွတ်လိုက်သည်။

“ဒီပျောက်ဆုံးသွေး မြို့တော်က ထင်ထားသလို စိတ်ပျက်စရာ မကောင်းဘူးပဲ..”

“နဂါးမီးလျံကို တွေ့ရှိလိုက်တာက ရှေးဟောင်း ယဉ်ကျေးမှု စူးစမ်းလေ့လာမှုကို ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်း ရှေ့တိုးသွားစေလိမ့်မယ်”

ကျန်းရွယ်၏အမူအရာကိုကြည့်ကာ ဆိုလွန် နှလုံးခုန်သံများ ရပ်တန့်လုနီးပါးဖြစ်သွားရ၏။

ဤရတနာအပေါ် ကျန်းရွှယ် အလွန်တရာ စွဲလမ်းနေသည်ကို မြင်သောအခါ သူ အလွန် စိုးရိမ်လာမိသည်။

‘ဒီရတနာကို ကျန်းရွယ်လိုချင်နေတာလား’

အကယ်၍ ကျန်းရွှယ်သာ တကယ် ယူရန် ဆုံးဖြတ်လိုက်ပါက ဆိုလွန် တစ်ထောင် ပေါင်းလျှင်ပင် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။

အသက်တစ်ချောင်းကို ကယ်တင်ရန်အတွက် နဂါးမီးလျံ လိုအပ်ကြောင်း မည်သို့ရှင်းပြရမည်ကိုတွေးကာ ဆိုလွန်၏ စိတ်များ အပြေးအလွှားလှုပ်ရှားသွားသည်။ သူ၏စိတ်ထဲတွင် ကျန်းရွှယ်၏ ခံစားချက်ကို လှုပ်ခတ်စေပြီး ရတနာကို ခိုးယူမည့်အရေးမှ တားဆီးနိုင်ရန် မျှော်လင့်နေမိ၏။

သို့သော် သလင်းကျောက်ကို မိနစ်အနည်းငယ်ကြာ သေချာစွာ စစ်ဆေးပြီးနောက် ကျန်းရွှယ်သည် တည်ငြိမ်စွာပင် ဆိုလွန်ထံ ပြန်ပေးလာသည်။

“ငါ ကြည့်လို့ ပြီးပြီ.. ငါ့စိတ်ထဲက ကြီးမားတဲ့ ပဟေဠိကြီးတစ်ခုကို ဖြေရှင်းပေးလို့ ကျေးဇူးပဲ”

ဆိုလွန် လုံးဝ မှင်သက်သွားတော့သည်။

လောကကြီးထဲ၌ ဤကဲ့သို့လူမျိုး ရှိနေပါသလော။

နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ထွက်လာနိုင်သည့် ကောင်းကင်ဘုံ ရတနာနှင့် ရင်ဆိုင်ရချိန်တွင်ပင် ကျန်းရွှယ်သည် လောဘရိပ် အနည်းငယ်မျှ မပြသခဲ့ချေ။ တစ်ချက်ကြည့်ရန်အတွက် ခဏငှားရုံသာ ငှားပြီး ချက်ချင်း ပြန်ပေးသည်။

ကျန်းရွှယ်သည် အားစိုက်ထုတ်စရာမလိုဘဲ ဆိုလွန်ထံမှ ယူသွားနိုင်သော်လည်း သိမ်းထားရန် စဉ်းစားခဲ့ခြင်းပင် မရှိပေ။ မှင်သက်တုန်လှုပ်နေဆဲဖြစ်သော ဆိုလွန်တစ်ယောက် နဂါးမီးလျံကို ပြန်ယူလိုက်သည်။

“နဂါးတံဆိပ်တုံး ဓာတ်တော်ကို ငါ မြင်ပြီးပြီဆိုတော့ ပျောက်ဆုံးသွေး မြို့တော်ထဲကို ပြန်ဝင်ဖို့ မလိုတော့ဘူး.. သွားတော့မယ်”

ကျန်းရွှယ် ရုတ်တရက်ပြောလာခြင်းပင်။

ထို့နောက်ခဏမျှရပ်တန့်သွားပြီးမှ ဆက်ပြောလာသည်။

“ဒါနဲ့..”

“နဂါးမီးလျံ သလင်းကျောက်ထဲက ရွှေရောင် သွေးတစ်စက်က ပြိုင်ဘက်ကင်းတဲ့ စွမ်းအင်တွေ ပါဝင်နေပေမဲ့ အရမ်း အန္တရာယ်များတယ်.. သတိထားပါ”

ထိုသို့ပြောပြီးသည်နှင့် သူ၏ အမ်ဘာသားရဲကြီးမှာ ကောင်းကင်သို့ပျံတက်ရန် ပြင်ဆင်လျက် ဧရာမ တောင်ပံကြီးများကို ခတ်လိုက်သည်။

“ခဏလေး နေပါဦး”

ဆိုလွန်တစ်ယောက် ကျန်းရွှယ်ထွက်သွားတော့မည်ကိုမြင်လျှင် လှမ်းခေါ်လိုက်၏။

“ဘာဖြစ်လို့လဲ”

“ငါ.. ငါ ကိုယ့်ဘာသာကိုယ် လူရိုင်းနယ်မြေထဲကနေ မထွက်နိုင်လို့.. ကျေးဇူးပြုပြီး လူသားတိုင်းပြည်ဆီ အရောက် လိုက်ပို့ပေးလို့ ရမလား”

ကျန်းရွှယ်၏ မျက်လုံးများထဲ၌ တွန့်ဆုတ်သည့် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

ကျန်းရွှယ်ဆိုသူမှာ အနီးအနားသို့ တခြားလူများ ကပ်လာသည်ကို မုန်းတီးသူပင်။ ထို့အပြင်အမ်ဘာသားရဲမှာ သူ၏ ကိုယ်ပိုင် စီးတော်ယာဉ်ဖြစ်ပြီး အခြား မည်သူ့ကိုမှ မစီးစေချင်ပေ။

ဆိုလွန်က နဂါးမီးလျံကို ပေးကြည့်ခဲ့ခြင်းမှာ ကျေးဇူးပြုခဲ့ခြင်း ဖြစ်သော်လည်း ကျန်းရွှယ်သည် ဝင်္ကပါမြို့တော်ထဲ၌ ဆိုလွန်၏ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီဖြစ်ရာ ဆိုလွန်ကသာ ကျေးဇူးတင်ရမည့်သူ ဖြစ်နေဆဲပင်။

ထိုအခိုက်အတန့်၌ ကျန်းရွှယ်၏ စိတ်ကို ပြောင်းလဲနိုင်သည့် တစ်ခုတည်းသော အရာမှာ လူသားမျိုးနွယ်၏ မူဝါဒသာရှိ‌ တော့သည်။

လူသားမျိုးနွယ်၏ မူဝါဒဆိုသည်မှာ အဘယ်နည်း။ လူသားတိုင်းပြည်များ အတွင်း၌ လူသားများသည် အချင်းချင်း လွတ်လပ်စွာ သတ်ဖြတ်နိုင်ကြ၏။ သို့သော် လူရိုင်းနယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သေခန်းပြတ် ရန်သူများပင်ဖြစ်စေ အတူတကွ ပူးပေါင်းကာ အသက်ရှင်သန်ရန် အချင်းချင်း ကူညီရမည် ဟူ၍ဖြစ်သည်။

ယင်းမှာ မွန်မြတ်သော စည်းမျဉ်းတစ်ခု ဖြစ်သော်လည်း လူအများစုက အလေးအနက် မထားကြချေ။

သို့သော် ကျန်းရွှယ်အတွက်မူ ဤမူဝါဒသည် လိုက်နာရမည့်အရာပင်။ သူသည် သိုင်းပညာ၊ ရတနာ၊ ငွေကြေး သို့မဟုတ် အာဏာတို့ကို ဂရုမစိုက်ပေ။ လောက၏ သမိုင်းကြောင်း၊ စွမ်းအင်၏ မူလဇစ်မြစ်နှင့် လူသားမျိုးနွယ်၏ စုပေါင်းတာဝန်များကိုသာ ဂရုစိုက်သူဖြစ်၏။

ထို့ကြောင့် လူသားမျိုးနွယ်၏ ဥပဒေများမှာ သူ့အတွက် ချိုးဖောက်၍မရသော စည်းမျဉ်းတစ်ခု ဖြစ်နေလေပြီ။

“ကောင်းပြီ”

စက္ကန့်အနည်းငယ်ခန့်တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ကျန်းရွှယ် ပြောလာသည်။

“ဒါပေမဲ့ တောင်တစ်သောင်း တောင်တန်း အထိပဲ ငါ ခေါ်သွားပေးမယ်.. လူသားနယ်မြေထဲ ရောက်တာနဲ့ နောက်ထပ် ခြေတစ်လှမ်းမှ ဆက်ခေါ်သွားမှာ မဟုတ်ဘူး”

“နားလည်ပါပြီ.. သခင်လေး ကျန်းရဲ့ ကြီးမြတ်တဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်”

ဆိုလွန် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

နှင်းပမာ ဖြူဖွေးသော အမ်ဘာသားရဲကြီးသည် ဆိုလွန်ကို စိုက်ကြည့်ကာ မကျေနပ်သည့် အသံတစ်ခု ချက်ချင်း ထုတ်လွှတ်လာသည်။

‘သခင်နဲ့တူတဲ့ စီးတော်ယာဉ်ပဲ..’

ဆိုလွန်တစ်ယောက် စိတ်ထဲမှ မှတ်ချက်ပေးမိလိုက်၏။

ကျန်းရွှယ်သည် မာနကြီးပြီး သန့်ရှင်းမှုကို အလွန် အစွဲအလမ်းကြီးသလို သူ၏ အမ်ဘာသားရဲမှာလည်း ထိုနည်းတူ မာနကြီးကာ ဂျီးများလှသည်။

…

မီတာထောင်ချီ အမြင့်မှနေ၍ လူရိုင်းတိုက်ကြီးကို ငုံ့ကြည့်လိုက်သောအခါ အဆုံးအစမရှိသော တောင်တန်းများနှင့် ကျယ်ပြောလှသည့် လွင်ပြင်များကို ဆိုလွန် မြင်တွေ့လိုက်ရ၏။ ထိုအမြင့်မှကြည့်လျှင် တိကျသော လူရိုင်းမျိုးနွယ်စုများနှင့် အဆောက်အအုံများမှာ သေးငယ်ဝါးတားသော အစက်လေးများသာ ဖြစ်သည်။

သို့သော် သေချာသည့် အချက်တစ်ချက်မှာ လူရိုင်းတိုက်ကြီး၏ လူဦးရေ သိပ်သည်းဆသည် လူသားတိုင်းပြည်များနှင့် ထပ်တူနီးပါး ရှိနေပြီး လွင်ပြင်တစ်လျှောက် နေရာတိုင်း၌ ခံတပ်များ အပြည့် ဆောက်လုပ်ထားသည်။

ထိုလွင်ပြင်များသည် နုလန်ဘုရင့်နိုင်ငံ လိုချင်မက်မောနေသည့် မြေနေရာများပင်။ အကယ်၍ နိုင်ငံတော်သာ ထိုနယ်မြေကို သိမ်းပိုက်နိုင်ပါက စုစုပေါင်း မြေနေရာ အကျယ်အဝန်းမှာ နှစ်ဆ တိုးလာမည်ဖြစ်ပြီး လောက၌ အင်အားအကြီးဆုံး နိုင်ငံအဖြစ် ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။ လောကရှိ အင်အားကြီး နိုင်ငံငါးခုစလုံးမှာ အသာစီးမရဘဲ တန့်နေကြသော်လည်း နုလန်ဘုရင့်နိုင်ငံ၌ ပြင်းထန်သည့် နယ်မြေချဲ့ထွင်လိုသော ပန်းတိုင်တစ်ခု ရှိနေသည်။

ခရီးစဉ်တစ်လျှောက်လုံးတွင် ဆိုလွန်တစ်ယောက် တိတ်ဆိတ်သော ခရီးသည်တစ်ဦးပမာ ပြုမူနေခဲ့၏။ လူသူကင်းမဲ့သော တိုက်ကြီးကိုသာ စိတ်ဝင်တစား ငုံ့ကြည့်နေရင်း ကျန်းရွှယ်နှင့် စကားတစ်ခွန်းမျှ ထပ်မပြောခဲ့ချေ။

တစ်ရက်နှင့် တစ်ည ကုန်လွန်ပြီးနောက် ကျယ်ပြောလှသည့် လွင်ပြင်များ အဆုံးသတ်သွားကာ အဆက်မပြတ် မြင့်မားနေသည့် တောင်တန်းကြီးများ ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် ဆိုလွန်တစ်‌ယောက် လူရိုင်းတိုက်ကြီးမှ ထွက်ခွာလာနိုင်ခဲ့ကာ အပျက်စီးမြေစွန့်စားခရီးပြီးဆုံးလေပြီ။

အပိုင်း ၂၈၇ ပြီး။

All Chapters