← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အပိုင်း ၂၈၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

တောင်တစ်သောင်း တောင်တန်းမှာ သူတို့၏ရှေ့တည့်တည့်၌ ရှိနေ၏။

နာရီဝက်အကြာ၌ အမ်ဘာသားရဲသည် ထိုတောင်တန်းကို တရားဝင် ဖြတ်သန်းဝင်ရောက်လာသည်။ ကောင်းကင်ယံမှ ကြည့်လျှင် တောင်တစ်သောင်းတောင်တန်းမှာ အလွန်တရာ အန္တရာယ်များလှသော အဆုံးအစမရှိသည့် နှင်းဖုံးတောင်ထွတ်ကြီးတစ်ခုနှင့် တူနေသည်။

လောကရှိ မည်သည့် စစ်တပ်မှ တောင်တစ်သောင်း တောင်တန်းကို တိုက်ရိုက် ဖြတ်သန်း ချီတက်နိုင်စွမ်း မရှိချေ။ တောင်ဘက်ရှိ လူရိုင်းလွင်ပြင်များဆီသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ မိုင်အနည်းငယ်မျှသာ ကျယ်ဝန်းသည့် လူရိုင်းချောက်ကမ်းပါး တစ်ခုတည်းသာ။

မင်းသား ကျိလီ၏ အလောတကြီး ဖြစ်နေမှုကို ဆိုလွန် ယခုမှ နားလည်သွားတော့၏။ အကယ်၍ သူတို့သာ ထျန်းရွှေမြို့ကို မသိမ်းပိုက်နိုင်ပါက နုလန်ဘုရင့်နိုင်ငံ၏ တောင်ဘက်သို့ နယ်မြေချဲ့ထွင်မှုမှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုအဖြစ်သာ ဆက်လက် တည်ရှိနေပေလိမ့်မည်။

ဤတောင်တန်းများမှာ လူသားများနှင့် လူရိုင်းများကြားရှိ ဖြတ်ကျော်၍မရနိုင်သော တံတိုင်းကြီးတစ်ပင်။

ညအမှောင် ကျရောက်လာပြီး တောက်ပသော လမင်းကြီး ကောင်းကင်ယံ၌ မြင့်မားစွာ သာယာနေသည်။ ကြယ်များမှာ အလွန် နီးကပ်နေသဖြင့် ဆိုလွန် လက်လှမ်းကာ ထိတွေ့နိုင်မည်ဟုပင် ခံစားနေရသည်။

ညသန်းခေါင်ယံ၌ အမ်ဘာသားရဲ တောင်တစ်သောင်း တောင်တန်းကို ဖြတ်ကျော်သွားလေပြီ။ ယင်းတို့၏ အလွန်၌ လူသားတိုင်းပြည်များ၏ နယ်မြေ တည်ရှိနေ၏။

ဆိုလွန်နှင့် မုန်ထိုလော့တို့ ဤတောင်တန်းများမှ ပျောက်ဆုံးသွေး မြို့တော်သို့ ခရီးသွားရန် နေ့ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ သို့သော် အမ်ဘာသားရဲ၏ ကျောပေါ်၌ မိုင်ထောင်ချီ ဝေးကွာသော အပြန်ခရီးစဉ်မှာ တစ်ရက်သာ ကြာမြင့်၏။

ကျယ်လောင်သော အော်သံတစ်ခုနှင့်အတူ အမ်ဘာသားရဲကြီး တောင်ခြေသို့ ညင်သာစွာ ဆင်းသက်လိုက်သည်။

ဆိုလွန်၏ ပျံသန်းမှု ခရီးစဉ် တရားဝင် အဆုံးသတ်သွားပြီပင်။ သူ သားရဲကြီး၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျန်းရွှယ်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း”

“သွားတော့မယ်”

ကျန်းရွှယ် သက်ပြင်းချကာ ပြောလိုက်သည်။

သူ ထွက်သွားရန် မစောင့်နိုင်တော့ချေ။

တစ်ရက်နှင့် တစ်ညလုံးလုံး အခြားလူတစ်ယောက် သူ၏ အနောက်၌ အလွန် နီးကပ်စွာ ထိုင်နေခြင်းမှာ ကျန်းရွှယ်ကို အလွန် နေရခက်စေခဲ့ကြောင်း ရှင်းလင်းလှသည်။

ကျန်းရွှယ်မှာ အခြားနိုင်ငံတစ်ခုမှ ဖြစ်သောကြောင့် နုလန်ဘုရင့်နိုင်ငံ၏ ဝေဟင်ပိုင်နက်ကို တိုက်ရိုက် ဖြတ်သန်းပျံသန်း၍ မရနိုင်ချေ။ ထို့အစား သူသည် တုန်းလီဘုရင့်နိုင်ငံသို့ ပြန်ရန် အရှေ့ဘက်ရှိ အရှေ့ပင်လယ်ဆီသို့ ဦးတည်ပျံသန်းပြီး ထိုမှတစ်ဆင့် မြောက်ဘက်သို့ ကွေ့ရန် အမ်ဘာသားရဲကို အမိန့်ပေးလိုက်သည်။

တိမ်တိုက်များထဲသို့ ပျောက်ကွယ်သွားသည့် ကျန်းရွှယ်ကို ကြည့်ရင်း ဤလောကရှိ လူများကြားမှ ကြီးမားလှသည့် အဆင့်အတန်း ကွာခြားမှုကို ဆိုလွန် နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ သူနှင့် ကျန်းရွှယ်တို့ ဘယ်သောအခါမှ ထပ်ဆုံတော့မည် မဟုတ်ဟု သူ ထင်မှတ်လိုက်၏။

ဆိုလွန် လှည့်ထွက်လာပြီး မဟူရာခံတပ် အနီးရှိ ရေကန်ဆီသို့ ရူးသွပ်စွာ ပြေးသွားလိုက်သည်။ သူ၏ ခြင်္သေ့ကျားသားရဲ ရှောင်ကွေ့ အဝေးသို့ ထွက်မသွားဘဲ ထိုနေရာ၌ ရှိနေသေးရန် ဆုတောင်းနေမိသည်။

“ဝေါင်း... ဝေါင်း...”

အဝေးမှ ရင်းနှီးသော သားရဲဟိန်းသံကို ဆိုလွန် ကြားလိုက်ရသဖြင့် အပြေးအလွှား သွားကြည့်လိုက်ရာ ရှောင်ကွေ့တစ်ကောင် အလွန် ပျော်ရွှင်နေကြောင်း တွေ့လိုက်ရ၏။

ဧရာမ ခြင်္သေ့ကျားသားရဲကြီးသည် မြက်ခင်းရှည်များကြား၌ သွေးတိမ်တိုက်ကျားသစ် တစ်အုပ်နှင့် ပျော်ရွှင်စွာဆော့ကစားနေကာ စိုးရိမ် ပူပန်နေသော အရိပ်အယောင် လုံးဝမရှိချေ။

ဆိုလွန် ချဉ်းကပ်သွားသည်နှင့်တစ်ပြိုင်နက် ကျားသစ် ဒါဇင်ခန့်မှာ ကျောကုန်းများ ကော့၍ အစွယ်များဖော်ပြလာပြီး ကျူးကျော်သူကို တိုက်ခိုက်ရန် ပြင်ဆင်လျက် ခပ်တိုးတိုး ဟိန်းဟောက်လိုက်ကြသည်။

ရှောင်ကွေ့တစ်ကောင် ဆော့ကစားရာမှ ရပ်တန့်သွားပြီး ဆိုလွန်ကို အံ့ဩစွာ စိုက်ကြည့်လာသည်။ ထိုအကောင် သူ့ကို လုံးဝ မေ့သွားခဲ့သည်မှာ ရှင်းလင်းသွားလေပြီ။

ထို့နောက် စက္ကန့်အနည်းငယ်ကြာပြီးမှ ခြင်္သေ့ကျားသားရဲမှာ ဤလူသားသည် သူ စောင့်နေရမည့်သူ ဖြစ်ကြောင်း သတိရသွား၏။ ဧရာမ သားရဲကြီး အပြေးအလွှား ရောက်လာပြီး ဆိုလွန်ကို ဝမ်းသာအားရ ခုန်အုပ်ကာ မြေကြီးပေါ်သို့ လှဲချ၍ သူနှင့်အတူ လူးလှိမ့်လိုက်သည်။

“ရပြီ.. ရပြီ.. မင်း ဒီမှာ အရမ်း ပျော်နေတော့ ငါ့ကိုတောင် မေ့သွားပြီပေါ့”

ဆိုလွန် ရယ်မောလိုက်ပြီး ဧရာမ ခေါင်းကြီးကို ပုတ်ပေးလိုက်၏။

သားရဲကြီး အတော်လေး ဝလာကြောင်း သူ သတိထားမိလိုက်သည်။ မျက်မမြင် အဘိုးအိုက သားရဲကြီး၏ အစားအသောက်ကို ထိန်းချုပ်ရန် သတိပေးခဲ့ဖူးသည်။ ထိုသို့မဟုတ်လျှင် အနှီခြင်္သေ့ကျားသားရဲသည် မရပ်မနား စားနေလိမ့်မည်ဟူ၍ပင်။ အဘိုးအို၏ ပြောစကားမှာ အမှန်ပင်ဖြစ်ပုံရသည်။

ဆိုလွန် သားရဲကြီး၏ ကျောပေါ်သို့ တက်ကာ လည်ပင်းကို ပုတ်ပေးလိုက်သည်။

“ကဲ.. အိမ်ပြန်ချိန် ရောက်ပြီ..”

“အိမ်က သခင်မလေးတော့ စိတ်ပူနေလောက်ပြီ”

ရှောင်ကွေ့ မြက်ခင်းထဲရှိ ကစားဖော်များကို လှည့်ကြည့်ကာ မခွဲခွာချင်သည့် ဝမ်းနည်းဖွယ် ဟိန်းဟောက်သံတစ်ခု ပြုလုပ်လိုက်၏။ ထို့နောက်တွင်မှ ကြီးမားသောခန္ဓာကိုယ်ကြီးကိုလှည့်ကာ အနောက်ဘက် ထျန်းယဲ့မြို့ဆီသို့ ပြေးလွှားသွားတော့သည်။ သွေးတိမ်တိုက်ကျားသစ် အုပ်စုကလည်း အနောက်မှ ကပ်လျက် လိုက်ပါလာပြီး မိုင်နှစ်ရာအထိ လိုက်လံ ပို့ဆောင်ပေးပြီးမှ အုပ်စုခွဲသွားကြသည်။

ခြင်္သေ့ကျားသားရဲကို စီးနင်းကာ ဆိုလွန်တစ်ယောက် မရပ်မနား ပြေးလွှားခဲ့ပြီး သုံးရက်နှင့် သုံးညအကြာတွင် ထျန်းယဲ့မြို့သို့ ရောက်ရှိလာသည်။

မြို့မှ စတင် ထွက်ခွာခဲ့သည်မှာ တစ်လတိတိ ကုန်လွန်သွားခဲ့လေပြီ။

ယခုအချိန်ရှိ ထျန်းယဲ့မြို့၏ အခြေအနေမှာ ကမောက်ကမ ဖြစ်နေ၏။ ရှီးလျန်ဘုရင့်နိုင်ငံရှိ လိုလန် သို့ သွားသော ကုန်သွယ်ရေး လမ်းကြောင်းများ လုံးဝ ပြတ်တောက်နေပြီး နေ့စဉ်သုံး ပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာကာ မရေမတွက်နိုင်သော ကုန်သည် ယာဉ်တန်းများမှာ ကုန်ပစ္စည်းများ စုပုံလျက် မြို့ထဲ၌ပိတ်မိနေကြသည်။

မြို့တစ်ခုလုံး၏ စည်ပင်ဝပြောမှုမှာ တစ်လအတွင်း ပျက်စီးခဲ့ပြီး ဥပဒေမဲ့ ကမောက်ကမ အခြေအနေသို့ ပြောင်းလဲသွားခြင်းပင်။ လူများ နေ့စဉ် ငတ်မွတ်နေကြပြီး ဒုက္ခသည်များ အဆက်မပြတ် ထွက်ပြေးနေကြကာ လမ်းထောင့်တိုင်း၌ လုယက်မှုနှင့် လူသတ်မှုများ ဖြစ်ပွားနေသည်။

ပို၍ ဆိုးရွားသည်မှာ မြို့စောင့်တပ်ဖွဲ့ တစ်ခုလုံးနီးပါးကို နိုင်အာအား လိုက်လံ ဖမ်းဆီးရန် သဲကန္တာရထဲသို့ စေလွှတ်ထားသဖြင့် စစ်တပ် မရှိတော့သော ထျန်းယဲ့မြို့၏ လုံခြုံရေးသည် အလွန်ဆိုးဝါးနေ၏။

မြို့ထဲရှိ ကောလဟာလများအရ စစ်သည် လေးသောင်းမှ ငါးသောင်း ပါဝင်သည့် မဟာမိတ်တပ်ကြီးသည် ယန်ရွှမ်းကို ဝိုင်းရံရန် သဲကန္တာရထဲသို့ ချီတက်သွားကြသည်ဟူ၍ပင်။ သတင်းစကား အသစ်များနှင့် ကောလဟာလများ နေ့စဉ် ရောက်ရှိလာသဖြင့် မည်သည့်အရာက အမှန်၊ မည်သည့်အရာက အမှားဖြစ်ကြောင်း ရှင်းလင်းစွာသိရန် မဖြစ်နိုင်ချေ။

တစ်ခဏ၌ လူများက ယန်ရွှမ်း၏ စစ်တပ်တစ်ခုလုံး ဖျက်ဆီးခံရပြီး သူမ အဖမ်းခံလိုက်ရသည်ဟု ဆိုကြသည်။ နောက်တစ်ခဏ၌ သူမ ရှုံးနိမ့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီဟု ကျိန်တွယ် ပြောဆိုကြပြန်သည်။

သို့သော် သူမ၏ အစစ်အမှန် တည်နေရာ သို့မဟုတ် သေဆုံးသူ အရေအတွက်နှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထား မရှိချေ။

ဆိုလွန် အလျင်အမြန် အဝတ်အစား လဲလှယ်လိုက်ပြီး ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ စုဆောင်းရန် ကျိချန်းချန်းနှင့် တွေ့ဆုံလိုက်သည်။ သူတို့ စကားပြောနေစဉ်မှာပင် မြင်းစီးတပ်ဖွဲ့ငယ်တစ်ခု ထျန်းယဲ့မြို့ထဲသို့ ပြေးဝင်လာသည်။

“သတင်းထူး.. သတင်းထူး”

သတင်းပို့အရာရှိ တစ်ဦးက အော်ဟစ်လိုက်သည်။

“သူပုန်ခေါင်းဆောင် နိုင်အာ လုပ်ကြံခံလိုက်ရပြီး အသက်ရှင်သလား၊ သေသွားသလား မသိရသေးဘူး..”

“ငွေရောင်ဝံပုလွေ စစ်တပ်က ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲကို ဆုတ်ခွာသွားပြီ.. သောင်းနဲ့ချီတဲ့ ငါတို့စစ်တပ်က အဲ့နေရာကို အပြည့်အဝ ဝိုင်းရံထားတယ်..”

“မကြာခင် ငွေရောင်ဝံပုလွေ သူပုန်တွေကို ချေမှုန်း၊ယန်ရွှမ်းကို ဖမ်းဆီးပြီးရင် သဲကန္တာရ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်ဖွင့်ပေးတော့မယ်”

ထိုသတင်းစကားကြားလျှင် လမ်းမများပေါ်ရှိ လူအုပ်ကြီးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

ယန်ရွှမ်းတစ်ယောက် ဖမ်းမိသွားလေပြီ။ တစ်လတိတိ တစ္ဆေနဂါးတစ်ကောင်ပမာ ဖမ်းဆီးရခက်ခဲနေသူကို နောက်ဆုံး၌ဖမ်းမိသွားပြီဖြစ်သည်။

“ထျန်းယဲ့မြို့စား ကျိကန်း က အမိန့်ထုတ်ပြန်လိုက်တယ်.. အခုကစပြီး ဘယ် လေလွင့်စစ်သူရဲမဆို ကိုယ်ပိုင် လက်နက်တွေနဲ့ စီးတော်ယာဉ်တွေကို ယူဆောင်ပြီး နောက်ဆုံးတိုက်ပွဲမှာ ပါဝင်ဖို့ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို သွားနိုင်တယ်”

သတင်းပို့သူက မြို့ရိုးပေါ်၌ ကြေငြာစာလိပ်ကြီးတစ်ခုကို ဖြန့်ချရင်း ဆက်ပြောလာ၏။

“ယန်ရွှမ်း သူပုန်တွေကို ချေမှုန်းမယ့် တိုက်ပွဲမှာ ပါဝင်သူတိုင်း အနည်းဆုံး ရွှေဒင်္ဂါး နှစ်ပြား ဆုချီးမြှင့်ခံရမယ်”

ချက်ချင်းပင် မရေမတွက်နိုင်သော ကြေးစားစစ်သည်များနှင့် လေလွင့်စစ်သူရဲများ တိုက်ပွဲသို့ ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။ စစ်မြေပြင်သို့ ရောက်ရုံဖြင့် သူတို့အတွက် ရွှေဒင်္ဂါး နှစ်ပြား သေချာနေပြီ မဟုတ်ပါလော။

ထိုသတင်းကို ကြားသောအခါ ဆိုလွန်တစ်ယောက် အလွန်တရာ စိုးရိမ်ထိတ်လန့်သွားသည်။

‘နိုင်အာ လုပ်ကြံခံရတယ် ဟုတ်လား.. သူ ဘယ်လောက်တောင် ဒဏ်ရာရသွားတာလဲ’

ဘယ်သူက လုပ်ကြံသူကို လွှတ်လိုက်တာလဲ။ ထူလင်းတိ ဆိုတဲ့ အမျိုးသမီးများဖြစ်နေမလား။

သတင်းပို့သူထံမှ အချက်အလက်များအရ နိုင်အာနှင့် သူမ၏ ငွေရောင်ဝံပုလွေ တပ်မတော်မှာ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေသို့ ရောက်နေကြောင်း ရှင်းလင်းလှ၏။ ရှေးဟောင်း အပျက်အစီးတစ်ခုဖြစ်သည့် ဟွမ်ချွမ် ရှေးဟောင်းမြို့ထဲ၌ သောင်းနှင့်ချီသော စစ်တပ်များ၏ ဝန်းရံခြင်းကို ခံထားရရာ သူတို့ ပျက်စီးရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။

ဆိုလွန် ထျန်းယဲ့မြို့ထဲမှ ချက်ချင်းထွက်ခွာပြီး မြင်းပေါ်တက်ကာ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို ရှာဖွေရန် သဲကန္တာရဆီသို့ ဒုန်းစိုင်းဦးတည်လိုက်သည်။

‘နိုင်အာ.. တောင့်ခံထား.. ငါ့ကို စောင့်နေ.. ငါ လာပြီ’

…

ဟွမ်ချွမ် ရှေးဟောင်းမြို့တော်သည် ထျန်ယဲ့မြို့အနောက်တောင်ဘက် မိုင်ခုနစ်ရာအကွာ တွင်တည်ရှိ၏။

လွန်ခဲ့သော အချိန်များစွာက ယင်းကို ဟွမ်ချွမ်ဟု မခေါ်ဆိုခဲ့ဘဲ ဟွမ်ရွှေမြို့ဟု လူသိများခဲ့သည်။ အနီးအနား၌ ရေကန်ကြီးတစ်ခု ရှိပြီး သဲမြေများကြောင့် ရေများမှာ အဝါရောင်သန်းနေသည်။ ပတ်ဝန်းကျင်မြေပြင်သည် အများအားဖြင့် သဲကန္တာရဖြစ်နေသော်လည်း ရေကန်ပတ်လည်ရှိ နေရာများ၌ စိုက်ပျိုးရေးပြုလုပ်နိုင်ရန်အတွက် အလားအလာကောင်းများ ရှိနေသည်။

လွန်ခဲ့သည့် ရာစုနှစ်များစွာက ရှီးလျန်ဘုရင့်နိုင်ငံမှ စစ်ရှုံးလာသည့် မျိုးနွယ်စုတစ်ခု ထိုနေရာသို့ ရောက်ရှိလာကာ ပတ်ဝန်းကျင်အနေအထားကို သဘောကျသွားသဖြင့် မြို့တည်အခြေချနေထိုင်ခဲ့ကြသည်။ ထိုသူတို့ကပင် ဟွမ်ရွှမ်မြို့ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

ထိုမျိုးနွယ်စုသည် ဟွမ်ရွှမ်မြို့၌ စပျစ်သီးများ စိုက်ပျိုးကာ စပျစ်ဝိုင်ထုတ်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း ကြီးပွားလာခဲ့၏။ ထိုအချိန်က မြို့နေ လူဦးရေမှာ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ တိုးပွားမှုရှိခဲ့သည်။

သို့သော် လွန်ခဲ့သည့် နှစ်တစ်ရာက အကြောင်းအရင်းမသိရဘဲ ဟွမ်ရွှမ်မြို့ရှိ လူအားလုံး ညတွင်းချင်း သေဆုံးသွားခဲ့ကြသည်။

တိုက်ခိုက်ခံရခြင်း မရှိသလို သဘာဝဘေးအန္တရာယ်လည်း မရှိခဲ့ဘဲ သောင်းနှင့်ချီသည့် မျိုးနွယ်စုတစ်ခုလုံး မည်သူမှ အသက်ရှင်မကျန်ရစ်ဘဲ မျိုးတုံးသွားခဲ့ခြင်းပင်။ထူးဆန်းသည်မှာ ရုပ်အလောင်းများ၌ မည်သည့် ဒဏ်ရာမှ မရှိဘဲ အိပ်ပျော်နေသည့်အလား ငြိမ်းချမ်းစွာ သေဆုံးနေကြခြင်းဖြစ်သည်။

သို့ဖြင့် နှစ်များကြာလာသောအခါ အခြားသော မျိုးနွယ်စုအချို့သည် ရေကန်ကို မက်မောသဖြင့် ဟွမ်ရွှမ်မြို့တော်၌ အခြေချရန် ကြိုးစားခဲ့ကြပြန်သည်။ ခြွင်းချက်မရှိ ထိုသူတို့အားလုံးမှာ ထူးဆန်း ကြောက်မက်ဖွယ်ကောင်းသည့် နိဂုံးချုပ်ခြင်းမျိုးနှင့် ကြုံတွေ့ခဲ့ရပြန်၏။

တစ်ခါ အယူသီးမှုများကို လှောင်ပြောင်ပြီး ပတ်ဝန်းကျင်ရှိ လူများ၏ ကြောက်ရွံ့မှုကို အခွင့်ကောင်းယူရန် ကြိုးစားသည့် သဲကန္တာရဓားပြ အဖွဲ့များ ထိုမြို့ကို သူတို့၏ ပုန်းအောင်းရာအဖြစ် သတ်မှတ်ခဲ့ကြရာ ခြွင်းချက်မရှိ ဓားပြအားလုံး သေဆုံးသွားခဲ့ရပြန်သည်။ ထိုသေဆုံးမှုများ၌လည်း သေဆုံးရသည့် အကြောင်းရင်း ဇစ်မြစ်ကိုရှာမတွေ့ခဲ့ချေ။

ထို့ကြောင့် ဟွမ်ရွှမ်မြို့ကို ကျိန်စာသင့်နေသည့် သေမင်းမြို့တော်ဟု အဓိပ္ပာယ်ရသည့် ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ဟု အမည်ပြောင်းလဲလိုက်ကြသည်။

ထိုနာမည်အရ မြို့ထဲသို့ဝင်ရောက်သွားသူ မည်သူမဆို အကြောင်းပြချက်မရှိ သေဆုံးသွားမည်ဖြစ်၏။

အပိုင်း ၂၈၈ ပြီး။

All Chapters