← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အပိုင်း ၂၈၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုကဲ့သို့ ရှေးဟောင်းမြို့ကြီး၌ နိုင်အာနှင့် သူမ၏ ငွေရောင်ဝံပုလွေ တပ်မတော်တို့ ခိုလှုံရန်ရွေးချယ်ခြင်းက သူတို့၏ အခြေအနေ မည်မျှဆိုးရွားနေကြောင်း ပြသနေသည်။ ကျိန်စာသင့်နေသည့် မြို့ထဲသို့ ဝင်ရောက်ခြင်းသည် သေချာပေါက် သေရမည်ဖြစ်ကြောင်း လူတိုင်း သိကြ၏။

သို့သော် သူတို့သာ အထဲသို့ မဝင်ခဲ့လျှင် သောင်းနှင့်ချီသည့် ရန်သူ့စစ်တပ်များ၏ ဝန်းရံခြင်းကို ခံရကာ နာရီအနည်းငယ်အတွင်း သုတ်သင်ခံရပေလိမ့်မည်။ ရွေးချယ်စရာ နှစ်ခုလုံးက သေချာပေါက် သေရမည်ဖြစ်သော်လည်း ကျိန်စာသင့်မြို့တော်ထဲ၌ ပုန်းအောင်းခြင်းဖြင့် သူတို့အတွက် အချိန်အနည်းငယ် ပို၍ အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခု ပေးစွမ်းခဲ့သည်။

နိုင်အာ လုပ်ကြံခံရပြီးနောက် သူမ၏ စစ်တပ်တစ်ခုလုံးကို ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲသို့ ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။ ထျန်ယဲ့မြို့ မဟာမိတ်တပ်များ ကျိန်စာကို ကြောက်ရွံ့ပြီး တိုက်ရိုက်တိုက်ခိုက်ရဲမည်မဟုတ်ကြောင်း သူမ တွက်ဆမိထားသဖြင့် ငွေရောင်ဝံပုလွေ တပ်မတော်အတွက် အသက်ရှင်ရန် နောက်ထပ် ရက်အနည်းငယ် အချိန်ရစေခဲ့သည်။

ဆိုလွန် မြင်းသုံးကောင် ဝယ်ယူကာ တစ်လှည့်စီ စီးနင်းရင်း အနောက်တောင်ဘက်ရှိ ရှေးဟောင်းမြို့တော်ဆီသို့ မရပ်မနား ဒုန်းစိုင်းလာလိုက်သည်။

လမ်းတစ်လျှောက်တွင် နောက်ဆုံး ဝိုင်းရံပိတ်ဆို့မှု၌ ပါဝင်ရန်အတွက် သူနှင့်တူညီသောဦးတည်ရာသို့ သွားနေကြသည့် ယိုရှာစစ်သူရဲ အများအပြားကို ကျော်ဖြတ်လာ၏။ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အထဲသို့ အမှန်တကယ် မဝင်သရွေ့ ကျိန်စာသင့်မည်မဟုတ်ဟု လူများက ယုံကြည်ထားကြသည်။

ထျန်ယဲ့မြို့၏ မဟာမိတ်တပ်များသည် မြို့ကို ဝင်တိုက်ရန် ကြောက်ရွံ့နေကြသော်လည်း ငွေရောင်ဝံပုလွေ တပ်မတော်ကို ထွက်ပြေးခွင့် ပေးမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် မြို့ကို အပြည့်အဝ ဝိုင်းရံထားရန် ဆုံးဖြတ်လိုက်ခြင်းပင်။

သူတို့ဘက်၌ စစ်သည် လေးသောင်း ရှိနေသော်လည်း ဖြတ်ကျော်၍မရနိုင်သည့် ပိတ်ဆို့မှုကို ဖွဲ့စည်းရန် လူအင်အား ပိုမိုလိုအပ်သည်ဟု ခံစားရသဖြင့် လေလွင့် ကြေးစားစစ်သည်များကို ငှားရမ်းရန် ငွေအမြောက်အမြား သုံးစွဲခဲ့ကြသည်။

ကြေးစားစစ်သည်များက သူတို့ တိုက်ခိုက်စရာပင် မလိုအပ်ကြောင်း သိရှိထားကြ၏။ သူတို့ လုပ်ရမည့်အရာမှာ မြို့ပတ်လည်၌ ရပ်နေပြီး မည်သူမှ ထွက်မပြေးနိုင်ကြောင်း သေချာစေရန်သာ။ အများဆုံး ဆယ်ရက်မှ ဆယ့်ငါးရက်အတွင်း အထဲ၌ ပိတ်မိနေသည့် ငွေရောင်ဝံပုလွေ တပ်မတော်သည် ငတ်မွတ်၍ဖြစ်စေ၊ ကျိန်စာကြောင့်ဖြစ်စေ သုတ်သင်ခံရပေလိမ့်မည်။

ထိုအခါထျန်ယဲ့ မဟာမိတ်တပ်များသည် သွေးထွက်သံယိုမရှိဘဲ အောင်ပွဲရရှိကြမည်ပင်။ ထို့အပြင် ကြေးစားစစ်သည်များအနေဖြင့် အခမဲ့ အစားအသောက်များ ရရှိကာ ရပ်စောင့်နေရုံဖြင့် ရွှေဒင်္ဂါး နှစ်ပြား သုံးပြားခန့် ရရှိမည့်အလုပ်ဖြစ်သဖြင့် အလွန် ရက်ရောသည့် ကမ်းလှမ်းမှုတစ်ခုဟု ဆိုနိုင်သည်။

ထို့ကြောင့်ပင် မရေမတွက်နိုင်သော လေလွင့်စစ်သူရဲများ ဝိုင်းရံမှုတွင် ပါဝင်ရန် အပြေးအလွှားလာနေကြသည်။ ဆိုလွန်လည်း သူတို့ကြား၌ ရောနှောလိုက်ပါလာခဲ့လေပြီ။

သူသည် အလွန် လျင်မြန်သည့် အရှိန်ဖြင့် စီးနင်းကာ လမ်းတစ်လျှောက်ရှိ အခြားစစ်သူရဲများကို ကျော်တက်လိုက်သည်။ သူ၏စိတ်ထဲတွင် မြို့ဆီသို့ တိုက်ရိုက် ပျံသန်းသွားချင်လိုစိတ်များ ပေါက်နေသောကြောင့်ပင်။

အချိန်တိုင်း မိနစ်တိုင်း၌ နိုင်အာတစ်ယောက် ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်မဟုတ်ပါလော။

မိုင်သုံးရာခရီး နှင်ပြီးနောက် ဆိုလွန်တစ်ယောက် အဆိပ်မြွေ သဲကန္တာရဓားပြများ၏ ဌာနချုပ်ဖြစ်သည့် မဟူရာအိုအေစစ်ဆီသို့ တမင်သက်သက် လမ်းလွှဲသွားကာ စာအချို့ ဖြန့်ကြဲထားလိုက်သည်။ သူ၏ စာမှာ ရိုးရှင်းလှ၏။

ထျန်ယဲ့မြို့၌ မြို့စောင့်တပ်များ မရှိတော့သဖြင့် လုံးဝ အကာအကွယ်မဲ့နေကာလက်လွတ်မခံသင့်သော အခွင့်အရေးကျရောက်လာပြီဟူ၍ပင်။

ဓားပြများ ထိုစာကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ဆိုလွန် ဂရုမစိုက်ချေ။ သူသည် ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ဆီသို့ ဒုန်းစိုင်းပြေးခြင်းကို ချက်ချင်း ပြန်လည်စတင်လိုက်သည်။

ဆိုလွန် အလွန်မြန်မြန် စီးနင်းလာခြင်းဖြစ်သဖြင့် သဲကန္တာရလမ်းပေါ်၌ တစ်ယောက်တည်း ဖြစ်နေကာ ထျန်ယဲ့မြို့ဆီသို့ သတင်းပို့ရန် ပြန်လာသည့် သတင်းပို့သူများနှင့် ရံဖန်ရံခါ ဆုံတွေ့နေရသည်။

ရုတ်တရက် အနောက်ဘက်မှ လျင်မြန်စွာ ချဉ်းကပ်လာသည့် မြင်းခွာသံများကို ကြားလိုက်ရသည်။ မြင်းမှာ အလွန် မြန်ဆန်ပြီး ခွန်အားများ ပြည့်ဝနေသော မြင်းကောင်းမျိုးပင်။

ဆိုလွန် လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်ရုံနှင့် စစ်သူရဲတစ်ဦး သူ့ဆီသို့ အပြင်းအထန် ဒုန်းစိုင်းလာသည်ကို တွေ့လိုက်ရသည်။ ထိုမြင်းစီးသူမှာလည်း ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ဆီသို့ ဦးတည်နေ၏။

ထိုသူ၏ အနက်ရောင်ဝတ်ရုံနှင့် စစ်သူရဲတစ်ယောက်ဖြစ်မှန်းသတိထားမိသောအခါ ဆိုလွန်၏ မျက်လုံးများ၌ ပြင်းထန်သည့် သတိထားမှုနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်သွားသည်။

ထိုလူသည် ထျန်ယဲ့မြို့မှ စစ်သူရဲတစ်ဦး မဟုတ်ချေ။ နုလန်ဘုရင့်နိုင်ငံ လျှို့ဝှက်ထောက်လှမ်းရေးစစ်သည်တစ်ဦးဖြစ်ပြီး ထူလင်းတိ၏ လက်အောက်ခံများထဲမှ တစ်ဦးပင် ဖြစ်နိုင်၏။

ထိုမျှအပြင်းအထန် စီးနင်းလာခြင်းက အရေးကြီးသည့် အမိန့်များကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဆိုလိုနေသည်။

ဆိုလွန် တွေဝေမှုမရှိဘဲ လေးကို ဆွဲတင်လိုက်ပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ဖြင့် ချိန်ရွယ်၍ နဂါးစွမ်းအားများထည့်သွင်းကာ အပြင်းအထန် ပစ်ခတ်လိုက်သည်။

“ဝှစ် ဝှစ် ဝှစ်”

မြှားသုံးစင်း တစ်ဆက်တည်း ပစ်လွှတ်လိုက်ခြင်းပင်။

အနက်ရောင်ဝတ်ရုံနှင့် ထောက်လှမ်းရေးစစ်သည်မှာ ဆိုလွန်တစ်ယောက် စကားတစ်ခွန်းမျှ မပြောဘဲ ရုတ်တရက်တိုက်ခိုက်လာသဖြင့် အံ့ဩသင့်သွားပြီး အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် ဆိုလွန်၏ မြှားပစ်စွမ်းရည်မှာ အလယ်အလတ်အဆင့် စစ်သည်တစ်ဦး ရှောင်တိမ်းနိုင်သည့် အဆင့်ထက် များစွာ သာလွန်နေပြီဖြစ်သည်။

“ဖောက် ဖောက်‌ ဖောက်”

မြှားသုံးစင်းစလုံး ပစ်မှတ်ကို တိကျစွာ ထိမှန်သွားသည်။ နှစ်စင်းက ထိုလူ၏ မျက်လုံးများကို ထိမှန်ပြီး တစ်စင်းက နဖူးကို ဖောက်ထွင်းသွားသည်။

ထောက်လှမ်းရေးစစ်သည်တစ်ယောက် အော်ဟစ်သံပင် မထွက်လိုက်နိုင်ဘဲ ပွဲချင်းပြီး သေဆုံးသွားကာ မြင်းပေါ်မှ ပြင်းထန်စွာ လွင့်စင်ကျသွားတော့သည်။

ဆိုလွန် သူ၏မြင်းပေါ်မှ ဆင်းလိုက်ပြီး သေဆုံးသွားသူ၏ မြင်းဇက်ကြိုးကို ဆွဲယူကာ ရုပ်အလောင်းဆီသို့ ချဉ်းကပ်လိုက်သည်။ သူ သံသယရှိခဲ့သည့်အတိုင်းပင် ထိုလူ၏ အဝတ်အစားများထဲ၌ ဖယောင်းဖြင့် ပိတ်ထားသည့် လျှို့ဝှက်စာတစ်စောင်ကို တွေ့လိုက်ရ၏။

စာစောင်ကို ဖွင့်ကြည့်ရန် လက်လှမ်းလိုက်သော်လည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မဖွင့်တော့ဘဲ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သေဆုံးသွားသူ၏ သံချပ်ကာ၊ အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတို့ကို အလျင်အမြန် ချွတ်ယူလိုက်လျှင် အထဲ၌ ဝှက်ထားသည့် အထူး သံနက်တံဆိပ်ပြား တစ်ခုကို တွေ့လိုက်ရသည်။

‘ဒီလူက ဟေးပင်းစံအိမ်ကပဲ’

ဟေးပင်းစံအိမ်မှာ နုလန်ဘုရင့်နိုင်ငံရှိ အဆန်းကြယ်ဆုံးနှင့် အင်အားအကြီးဆုံး လျှို့ဝှက်အဖွဲ့အစည်းဖြစ်သည်။

ဟေးပင်းစံအိမ်မှ ကျွမ်းကျင်သူများသည် အရာအားလုံးကို စွမ်းဆောင်နိုင်ကာ နေရာတိုင်း၌ ရှိနေသည်ဟု ဒဏ္ဍာရီလာများ ရှိ၏။ ဓားသခင် ပိုင်ရှောင်း၏ အယုံကြည်ရဆုံး သက်တော်စောင့်တစ်ဦးမှာလည်း ဟေးပင်းစံအိမ်မှ လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသောကြောင့် သူနှင့် သူ၏ ညီမဖြစ်သူတို့၏ တရားမဝင်ဇာတ်လမ်းကိုတော်ဝင်မိသားစုက သိရှိသွားခဲ့ကြောင်း ကျိထင် ပြောပြဖူးသည်ကို သတိရသွားသည်။

ပုံမှန်အားဖြင့် ဒဏ္ဍာရီလာ ဟေးပင်းစံအိမ်သည် ဘုရင်မင်းမြတ်ကိုသာ တိုက်ရိုက် တာဝန်ခံရသော်လည်း ယခုအခြေအနေမှာ သိသိသာသာ ရှုပ်ထွေးနေလေပြီ။ ထူလင်းတိသည် ဟေးပင်းစံအိမ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူမ အသက် ဆယ့်ငါးနှစ်အရွယ်ကတည်းက သူတို့အတွက် အလုပ်လုပ်ပေးနေခဲ့ခြင်းပင်။

ထို့ကြောင့် သေဆုံးသွားသည့်ထောက်လှမ်းရေးစစ်သည်မှာ ထူလင်းတိလက်အောက်မှဖြစ်ရန် ပို၍သေချာသွားလေပြီ။

ဆိုလွန် သေဆုံးသွားသူ၏ သံချပ်ကာ၊ အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတို့ကို အလျင်အမြန် ဝတ်ဆင်လိုက်ကာ သံနက်တံဆိပ်ပြားကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ဤသို့ဖြင့် ဆိုလွန်တစ်ယောက် ဟေးပင်းစံအိမ်၏ တမန်တော်တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

သေဆုံးသွားသည့် လျှို့ဝှက်ထောက်လှမ်းရေးသမားကို သဲထဲ၌ နက်ရှိုင်းစွာ မြှုပ်နှံပြီး သက်သေအထောက်အထား အားလုံးကို လုံးဝ ဖုံးကွယ်ပစ်လိုက်သည်။

ဆိုလွန် ဟေးပင်းစံအိမ် တမန်တော်အဖြစ် အယောင်ဆောင်ရသည့် အကြောင်းရင်း နှစ်ခု ရှိ၏။ ပထမအချက်မှာ သတင်းအချက်အလက်များ စုဆောင်းရန်ဖြစ်ကာ ဒုတိယအချက်သည် အယောင်ဆောင်မှုဖြင့် ထျန်ယဲ့ မဟာမိတ်တပ်များ၏ ပိတ်ဆို့မှုကို တိုက်ရိုက် ဖြတ်သန်း၍ ကျိန်စာသင့်မြို့တော်ထဲသို့ ဝင်ရောက်ရန်ပင်။

ယခုအချိန်၌ ရှေးဟောင်းမြို့တော်ကို အပြည့်အဝ ဝိုင်းရံထားပြီး မည်သည့် သာမန်လူကိုမှ အထဲသို့ ဝင်ခွင့်ပြုမည် မဟုတ်ချေ။

ဟေးပင်းစံအိမ် ထောက်လှမ်းရေးစစ်သူရဲ၏ မြန်ဆန်သော မြင်းပေါ်သို့ တက်ကာ ဆိုလွန် ဆက်လက်ထွက်ခွာခဲ့လိုက်သည်။ အမြင့်ဆုံး အရှိန်ကို ထိန်းသိမ်းရန် မြင်းများကို မကြာခဏ ပြောင်းစီးခဲ့ပြီး သုံးနာရီနှင့် မိုင်သုံးရာ အကြာ၌ နောက်ဆုံးတွင် အဝေးမှ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို မြင်တွေ့လိုက်ရသည်။

အချိန်မှာ နေဝင်သွားပြီဖြစ်သဖြင့် ညအမှောင် ကျရောက်နေလေပြီ။

ဆိုလွန် ပထမဆုံး သတိထားမိသည့်အရာမှာ မြို့တော် မဟုတ်ဘဲ ထျန်ယဲ့ မဟာမိတ်တပ်များ၏ တပ်စွဲထားသော ကြီးမားလှသည့် စခန်းကြီးပင်။

ထိုနေရာ၌ စစ်သည် လေးသောင်းခန့် စုရုံးနေကာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှ၏။

ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို မြို့တစ်မြို့ဟု ခေါ်သော်လည်း အမှန်စင်စစ်တွင်မိုင်တစ်ထောင်ခန့် ကျယ်ဝန်းသည့် ခံတပ်ကြီးတစ်ခုမျှသာ။ ထို့ကြောင့်လေးသောင်းသော မဟာမိတ်တပ်များသည် ယင်းကို အပြည့်အဝ ဝိုင်းရံထားရန် လုံလောက်သည်ထက်ပင် ပိုနေသည်။

မြို့ပတ်လည်ရှိ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော သဲကန္တာရကို တဲများ၊ စစ်သည်များနှင့် ကာကွယ်ရေး ခံတပ်များဖြင့် ဖုံးလွှမ်းထားကာ ရေရှည် ဝိုင်းရံပိတ်ဆို့ရန် ပြင်ဆင်ထားကြောင်း ရှင်းလင်းလှသည်။ ထို့အပြင် အချိန်နှင့်အမျှ ကြေးစားစစ်သည်များ ထပ်မံ ရောက်ရှိလာသဖြင့် အခြေအနေမှာ အလွန်တရာ ဆိုးရွားလာသည်။

သောင်းနှင့်ချီသည့် ရန်သူများ၏ ဝန်းရံခြင်းကို ခံထားရသော ဟွမ်ချွမ် ရှေးဟောင်းမြို့တော်မှာ လုံးဝ တိတ်ဆိတ်နေပြီး မြို့ရိုးပေါ်၌ ကင်းစောင့် တစ်ယောက်မျှပင် မရှိချေ။

ဆိုလွန်၏ ရင်ထဲ၌ အေးစက်မှုတစ်ခု ခံစားလိုက်ရသည်။ ဟွမ်ချွမ် ရှေးဟောင်းမြို့အတွင်း မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရမှန်း မသိသော်လည်း သူ စိုးရိမ်ထားခဲ့သည်ထက်ပင် ပိုမို ဆိုးရွားနေပုံရ၏။ မူလက ငွေရောင်ဝံပုလွေ စစ်တပ်သည် အင်အားမမျှသော်လည်း အသာစီးရကာ ခိုင်မာသည့် အနေအထားတွင် ရှိနေခဲ့သည်။

သို့သော် နိုင်အာ လုပ်ကြံခံရပြီးနောက် ထိုစစ်တပ်သည် ခေါင်းဆောင်ကို လက်လွတ်လိုက်ရကာ အခြေအနေမှာ သိသိသာသာ ဆိုးရွားသွားခဲ့လေပြီ။

နိုင်အာ၏ ဒဏ်ရာများ အသက်အန္တရာယ် မစိုးရိမ်ရစေရန်သာ ဆိုလွန် ဆုတောင်းနိုင်တော့သည်။

…

ဆိုလွန်တစ်ယောက် ထျန်ယဲ့ မဟာမိတ်တပ်များ၏ ရှေ့တန်းစစ်မျက်နှာဆီသို့ တည့်တည့် စီးနင်းသွားကာ အေးစက်တည်ငြိမ်သောအသံဖြင့် ကြေညာလိုက်၏။

“ယန်ရွှမ်းဆီ ပေးဖို့ လျှို့ဝှက်စာတစ်စောင် ပါတယ်”

“ချက်ချင်း လမ်းဖယ်ပေးစမ်း”

ထိုအခါ တပ်မှူးတစ်ဦး ထွက်လာကာ ခေတ္တမျှအံ့ဩသင့်သွားပြီးနောက် အလျင်အမြန် ပြောလိုက်သည်။

“လူကြီးမင်း... ခဏလောက် စောင့်ပါဦး”

“အထက်လူကြီးတွေဆီ ချက်ချင်း သွားသတင်းပို့လိုက်ပါ့မယ်”

ထူလင်းတိ စခန်းထဲ၌ မရှိနေစေရန် ဆိုလွန် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။

ခဏအကြာ၌ ထိုတပ်မှူး အပြေးအလွှား ပြန်ရောက်လာသည်။

“မြို့စားကြီးက လူကြီးမင်းကို တပ်မှူးကြီးရဲ့ ရွက်ဖျင်တဲဆီ လာခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်”

ဆိုလွန် နှလုံးခုန်သံ တစ်ချက် မြန်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ဆီ စာလာပို့တာ... ငါက ဘာလို့ သူ့ကို တွေ့ဖို့ လိုတာလဲ”

ထိုတပ်မှူးမှာ စိုးရိမ်တကြီးဖြင့် ပြန်ဖြေလာ၏။

“ဒါကတော့ ကျွန်တော်လည်း မသိပါဘူး”

“အမိန့်အတိုင်း နာခံရတာပါ...ကျေးဇူးပြုပြီးကျွန်တော့်နောက်လိုက်ခဲ့ပါ လူကြီးမင်း”

ချက်ချင်းပင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သူရဲ ရှစ်ဦး ရှေ့ထွက်လာကာ ဆိုလွန် လိုက်ပါလာစေရန် မသိမသာ ဝိုင်းရံလိုက်ကြသည်။

“လမ်းပြ”

ဆိုလွန် အေးစက်စွာ ပြောလိုက်ကာ အစောင့်ရှစ်ဦး၏ စောင့်ကြည့်နေသည့် မျက်လုံးများအောက်၌ ထျန်ယဲ့ မဟာမိတ်တပ်များ၏ ဗဟိုကွပ်ကဲရေး ရွက်ဖျင်တဲထဲသို့ လိုက်လာခဲ့လေတော့သည်။

အပိုင်း ၂၈၉ ပြီး။

All Chapters