← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အပိုင်း ၂၉၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ရွက်ဖျင်တဲထဲသို့ဝင်လာလျှင် ကံကောင်းထောက်မစွာဖြင့် ထူလင်းတိ အထဲ၌ ရှိမနေခဲ့ချေ။ ထိုနေရာ၌ ရှိနေသူများမှာ ထျန်ယဲ့မြို့စား ကျိကန်းနှင့် သူ၏ ယုံကြည်ရသော လက်ရွေးစင် စစ်သူရဲများသာ။

ဖန်ချင်းရှူအနီး၌ ပြသခဲ့သည့် နှိမ့်ချပြီး ဖားယားတတ်သော အမူအရာများကို ကျိကန်း လုံးဝ စွန့်လွှတ်ထားလေပြီ။ ဆိုလွန်ကို စိုက်ကြည့်နေသည့် သူ၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ စူးရှစွာလက်နေ၏။

“လူကြီးမင်းရဲ့ အထက်လူကြီးက ဘယ်သူလဲ”

“မင်းသိစရာ မလိုဘူး”

ဆိုလွန်အေးစက်စွာ ပြန်ဖြေလိုက်သည်။

“မင်းက ဘယ်သူ့ဆီ စာသွားပို့မှာလဲ”

“ပြောပြစရာ မလိုဘူး”

တစ်ဖက်လူ၏ တင်းမာသောစကားသံများ ကိုသာကြားရသောအခါ ကျိကန်း၏လေသံလျော့သွားပြီး ချောမွေ့စွာ ပြောလာသည်။

“လူကြီးမင်းကို မယုံလို့ မဟုတ်ပါဘူး...ဒါပေမဲ့ အခု အခြေအနေက အရမ်း ရှုပ်ထွေးနေတာ...”

“သူလျှိုတွေ အများကြီးက ဒီရှုပ်ထွေးမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေကြပြီး... တချို့က လမ်းပေါ်မှာ သတင်းပို့သူအစစ်တွေကို သတ်ပြီး သူတို့ရဲ့ အဝတ်အစားတွေကိုတောင် ခိုးယူနေကြတယ်...”

“အဲ့တော့ငါတို့ရဲ့ သတိထားရမှုကို စိတ်မရှိပါနဲ့”

ထိုသို့ပြောနေစဉ် ကျိကန်းသည် ဆိုလွန်ကို စူးစိုက်ကြည့်နေပြီး ထိတ်လန့်မှု သို့မဟုတ် အပြစ်ရှိသည့် အရိပ်အယောင်များ ရှိ၊မရှိ အကဲဖြတ်နေသည်။

ဆိုလွန် လုံးဝ တိတ်ဆိတ်နေပြီး မြို့စားကြီးကို အေးစက်စွာသာ ပြန်လည်စိုက်ကြည့်နေလိုက်၏။

ထိုအခါ ကျိကန်းက ညင်သာစွာ အကြံပြုလာသည်။

“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ”

“လူကြီးမင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြဖို့ တံဆိပ်ပြားကို ငါ့ကို ကြည့်ခွင့်ပေးပါ...”

“တံဆိပ်ပြားကို ပြရင် မင်းကို ဖြတ်သွားခွင့်ပေးမယ်... ဘာပဲဖြစ်ဖြစ် နုလန်ဘုရင့်နိုင်ငံက ဟေးပင်းစံအိမ်ကိုတော့ ဘယ်သူမှ မပြစ်မှားချင်ကြဘူးလေ...ငါလည်း ချွင်းချက်မရှိပါဘူး”

ဆိုလွန့် နှလုံးခုန်သံများ ပိုမိုမြန်လာပြီး သံနက်တံဆိပ်ပြားကို ထုတ်ရန် အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။ သို့သော် နောက်ဆုံးစက္ကန့်၌ သူ၏လက်များ ရပ်တန့်သွား၏။

ကျိကန်းထံမှ ရုတ်တရက် ထွက်ပေါ်လာသည့် ကျေနပ်မှုနှင့် ကောက်ကျစ်မှု လှိုင်းလုံးတစ်ခုကို သူ၏ အလွန် ကျွမ်းကျင်စွာ လေ့ကျင့်ထားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်က အာရုံခံမိသွားသောကြောင့်ပင်။

‘ဒါက စမ်းသပ်နေတာပဲ’

ကျိကန်းသည် လူရိုင်းသဲကန္တာရထဲမှ မြို့စားတစ်ဦးသာ ဖြစ်ပြီး နုလန်ဘုရင့်နိုင်ငံ၏ အတော်ဆုံး လျှို့ဝှက် အဖွဲ့အစည်းအပေါ်၌ မည်သည့် အာဏာမှ မရှိချေ။ အစစ်အမှန် ဟေးပင်းစံအိမ် တမန်တော်တစ်ဦးသည် အဆင့်နိမ့် လူရိုင်းမြို့စားတစ်ဦးက တောင်းဆိုရုံဖြင့် သူတို့၏ အဆင့်မြင့် လျှို့ဝှက် တံဆိပ်ပြားကို ဘယ်သောအခါမှ ပြသမည်မဟုတ်ပေ။

အကယ်၍ ဆိုလွန်သာ တံဆိပ်ပြားကို ပြသလိုက်လျှင် သူသည် အယောင်ဆောင်တစ်ဦး ဖြစ်ကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားမည်။

ဆိုလွန်စိတ်ထဲ အတွေးများစွာဖြတ်သန်းသွားသော်လည်း အေးစက်သည့် အထင်အမြင်သေးမှု အပြည့်ဖြင့်ပြောလိုက်သည်။

“ထုတ်ပြစရာ မလိုဘူး”

အစမှ အဆုံးတိုင်အောင် ဆိုလွန်ထံမှ မည်သည့် ခံစားချက် အရိပ်အယောင်ကိုမှ မပြသခဲ့သလို အခြား အပိုစကားကိုလည်း မပြောခဲ့ချေ။

ဆိုလွန် ခန့်မှန်းထားသည့်အတိုင်းပင် မြို့စားကြီး ကျိကန်း သက်ပြင်းတစ်ချက် ချလိုက်ကာ စိုးရိမ်တကြီး ရယ်မောလိုက်၏။

“လူကြီးမင်းက တကယ့် အစစ်အမှန်ပဲ”

“အခြေအနေတွေ အရမ်း ရှုပ်ထွေးနေလို့...ပြဿနာရှာမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”

“လူကြီးမင်းကို ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲ ချက်ချင်း လိုက်ပို့ပေးဖို့ လူတစ်ယောက် စီစဉ်ပေးပါ့မယ်”

ကျိကန်း၏မျက်နှာမှာ ပြုံးနေသော်လည်း ထိုမြေခွေးအိုကြီး၏ မျက်လုံးများက ဆိုလွန်အပေါ်၌ စူးစိုက်နေဆဲဖြစ်ကာ အမှားလုပ်မိမလားဟု စောင့်ကြည့်နေဆဲပင်။

“မလိုဘူး... ငါ့ဘာသာငါ သွားမယ်”

ဆိုလွန်ပြတ်သားစွာ ပြောလိုက်သည်။

ထို့နောက် ကိုယ်ကိုလှည့်ကာ ရွက်ဖျင်တဲထဲမှ ထွက်လာလိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ကျိကန်း သူ့ကို တားဆီးရန် မကြိုးစားခဲ့ချေ။

ရွက်ဖျင်တဲထဲမှနေသာ သူ၏ လူများကို အော်ဟစ်အမိန့်ပေးလိုက်သည်။

“တမန်တော်ကို ရှေးဟောင်းမြို့တော်ထဲ ဝင်ခွင့်ပြုလိုက်”

ဆိုလွန်တစ်ယောက် ထျန်ယဲ့ မဟာမိတ်တပ်များ၏ ကြီးမားလှသော စခန်းကြီးကို ယုံကြည်မှုရှိစွာ ဖြတ်သန်းပြီး ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ တံခါးများဆီသို့ တည့်တည့် ဦးတည်သွားလိုက်သည်။

မြို့တံခါးနှင့် မီတာတစ်ရာခန့် အကွာသို့ ရောက်သောအခါ ဟွမ်ချွမ်မြို့ရိုးပေါ်တွင် လူရိပ်တစ်ခုပေါ်လာကာ လေးတစ်လက် ဆွဲတင်ပြီး သူ့ဆီသို့ တည့်တည့် ချိန်ရွယ်လာ၏။ လေးကို ကိုင်ထားသူမှာ ဆိုလွန် ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားသော အသိဟောင်း ဖန်မိုပင်။

ဖန်မို အေးစက်စွာ အော်ဟစ်လိုက်သည်။

“လာနေတဲ့သူ ဘယ်သူလဲ”

“နုလန်ဘုရင့်နိုင်ငံက တမန်တော်ပဲ”

“သခင်မလေး ယန်ရွှမ်းကို လာတွေ့တာ”

ဆိုလွန် ပြန်အော်လိုက်၏။

ဖန်မို လေးကို အနည်းငယ် နှိမ့်ချလိုက်သည်။

“ဝင်ခဲ့”

သို့ဖြင့် ကြီးမားလေးလံသော တံခါးကြီးများကို ဖြတ်၍ ဟွမ်ချွမ်မြို့ထဲသို့ တစ်ယောက်တည်း ဝင်လာလိုက်သည်။

အထဲသို့ သူ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက်အနောက်ရှိတံခါးကြီးများ ပြန်ပိတ်သွားသည်။ ထို့နောက် ငွေရောင်ဝံပုလွေ စစ်သူရဲ ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကိုခံလိုက်ရကာ သူ၏ လည်ပင်း၌ အေးစက်သည့် ဓားတစ်လက်ကိုခံစားမိလိုက်သည်။

ဖန်မိုတစ်ယောက် လှောင်ပြုံးတစ်ခုဖြင့် ဆိုလွန်ရှိရာဆီသို့ လျှောက်လာ၏။

“သခင်မလေး ယန်ရွှမ်းကို တိုက်ခိုက်ခဲ့တဲ့ လုပ်ကြံသူတွေကို နုလန်ဘုရင့်နိုင်ငံရဲ့ ဟေးပင်းစံအိမ်က စေလွှတ်ခဲ့တာပဲ...”

“သူတို့က မိုက်မဲစွာနဲ့ နောက်တစ်ယောက်ကို ငါတို့ တံခါးဝဆီ ထပ်လွှတ်လာမှတော့ အသက်ရှင်ရက် ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့...”

“သူ့ခေါင်းကို ဖြတ်လိုက်... ငါတို့နဲ့အတူ အသေခံခိုင်းရမယ်”

ဖန်မို၏စကားအဆုံးတွင် ဆိုလွန် သူ၏ အနက်ရောင်မျက်နှာဖုံးကို ချက်ချင်း ဆွဲချွတ်လိုက်သည်။

“ငါပါ”

“မင်း..လန်လင်းပဲ”

ဖန်မို အေးခဲသွားပြီး သူ၏ မျက်လုံးများ၌ အံ့ဩမှုနှင့် ရှုပ်ထွေးသည့် ခံစားချက်များ ပြည့်နှက်သွားကာ ထစ်အစွာဖြင့် မေးလာသည်။

“မင်း... မင်း ဒီကို ဘယ်လိုရောက်လာတာလဲ”

သူနှင့် ဆိုလွန်မှာ တစ်ချိန်က အချစ်ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်မဟုတ်ပါလော။

ဆိုလွန် အလျင်စလို ပြောလိုက်သည်။ “ဇာတ်လမ်းက ရှည်တယ်... နောက်မှပြောတာပေါ့”

“သခင်မလေး ယန်ရွှမ်း ဘယ်မှာလဲ... ငါ့ကို သူ့ဆီ ချက်ချင်း ခေါ်သွားပေး”

စစ်သူရဲများ မသေချာစွာဖြင့် အချင်းချင်း အကဲခတ်လိုက်ကြကာ တွန့်ဆုတ်နေကြသည်။ နောက်ဆုံးတွင်မှ ဖန်မို သက်ပြင်းချကာ သူ၏ လက်နက်ကို ချလိုက်သည်။

“ငါ့မှာ ဒါကို ဆုံးဖြတ်ဖို့ အာဏာ မရှိဘူး...”

“မင်း ရောက်လာတဲ့အကြောင်းကို လူတစ်ထောင်တပ်မှူးဆီ သွားသတင်းပို့ဖို့ပဲ တတ်နိုင်တယ်”

သို့ဖြင့် ဖန်မို အထက်အရာရှိကို ရှာဖွေရန် အလျင်အမြန် ထွက်သွားတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ပိန်ပါးသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။

ထိုလူသည် ဆိုလွန်ကို ဂရုတစိုက် အကဲခတ် စစ်ဆေးကြည့်လာ၏။ ထိုလူမှာ ငွေရောင်ဝံပုလွေ စစ်တပ်၏ လူတစ်ထောင်တပ်မှူး တပ်မှူးတွမ် ပင်။ သူသည် ယန်မိသားစုအတွက် အနှစ်နှစ်ဆယ်ကျော် အမှုထမ်းခဲ့ပြီး နိုင်အာ၏ အယုံကြည်ရဆုံး အရာရှိများထဲမှ တစ်ဦး ဖြစ်သည်။

ဆိုလွန်ကို အသေးစိတ်စစ်ဆေးပြီးနောက်လှည့်ထွက်သွားကာ တိုးတိတ်စွာ ပြောလိုက်သည်။

“ငါ့နောက် လိုက်ခဲ့”

ပျက်စီးနေသော ဟွမ်ချွမ် ရှေးဟောင်းမြို့တော်အနက်ပိုင်းဆီသို့ တွမ်၏အနောက်မှ ဆိုလွန် လိုက်ပါသွားသည်။ သူတို့ လျှောက်သွားစဉ် မြေပြင်ပေါ်၌ ဖရိုဖရဲ လဲလျောင်းနေကြသည့် မရေမတွက်နိုင်သော ငွေရောင်ဝံပုလွေ စစ်သူရဲများကို တွေ့လိုက်ရ၏။

သူတို့ထဲမှ အများစုမှာ မျက်နှာများ ဖြူရော်နေပြီး မျက်လုံးများ၌ အလွန်တရာ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေကြသည်။ သူတို့အားလုံး၌ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများ ပြည့်နှက်နေပြီး ငတ်မွတ်နေကြပုံပင်။

လွန်ခဲ့သည့် တစ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ဆိုလွန် တွေးထားခဲ့သည်ထက် များစွာ ပို၍ ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း ရှင်းလင်းလှသည်။

တပ်မှူး တွမ်သည် ဆိုလွန်ကို အတွင်းဘက်ခြံဝင်းထဲရှိ ကျောက်တုံးအဆောက်အအုံငယ်တစ်ခုဆီသို့ ခေါ်ဆောင်လာ၏။ ထိုနေရာ၌ အမျိုးသမီး စစ်သူရဲနှစ်ဦးရှိနေပြီး ကြီးမားလေးလံသော သစ်သားတံခါးကို စောင့်ကြပ်နေကြသည်။

ထိုအမျိုးသမီးများက ဆိုလွန်ကို သံသယဖြင့် စိုက်ကြည့်နေကြသော်လည်း ဘေးနားရှိတပ်မှူးတွမ်ကို လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

“သခင် တွမ်”

“တံခါးဖွင့်”

တွမ် အမိန့်ပေးလိုက်၏။

အမျိုးသမီး စစ်သူရဲတစ်ဦး၏မျက်နှာတွင် တုံ့ဆိုင်းသောအမူအရာဖြတ်သန်းသွားသည်။

“ဒါပေမဲ့...”

“ရတယ်... တံခါးဖွင့်လိုက်”

တွမ် ပြတ်သားစွာ ထပ်ပြောလိုက်၏။

“ဟုတ်ကဲ့ပါ”

ထိုအခါမှ အမျိုးသမီးနှစ်ဦးလည်း ကြီးမားလေးလံသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

ဆိုလွန် ချက်ချင်းပင် အခန်းထဲသို့ အပြေးအလွှား ဝင်သွားလိုက်သည်။

သူ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ ကုတင်ပေါ်၌ လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသော လှပသည့် အမျိုးသမီးတစ်ဦးပင်။ သူ၏ နှလုံးသားတစ်ခုလုံး တစ်စစီ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ထိတ်လန့်တကြား အော်ဟစ်လိုက်လေပြီ။

“နိုင်အာ... ငါ ပြန်လာပြီလေ”

“မင်း ဘယ်လိုနေသေးလဲ...”

တုန်ယင်သောအသံဖြင့် ဆိုလွန် စကားပြောလိုက်သည်။

သို့သော် နိုင်အာ ပြန်မထူးချေ။ ကုတင်ပေါ်၌ မျက်လုံးများမှိတ်ထားကာ တိတ်ဆိတ်စွာ လဲလျောင်းနေဆဲပင်။

ဆိုလွန် ကုတင် အရှေ့သို့ အပြေးအလွှား သွားကာငုံကြည့်လိုက်သည်။ သူမ၏ လှပသည့် မျက်နှာလေးမှာ သိသိသာသာ ပိန်ချုံးသွားပြီး မေးရိုးများ ချွန်ထွက်ကာ မျက်လုံးများ ချိုင့်ဝင်နေသည်။ တစ်ချိန်က နက်မှောင်နေသော ဆံပင်များပင် အရောင်အဝါ ကင်းမဲ့နေပြီး နှုတ်ခမ်းများလည်း ခြောက်သွေ့ကွဲအက်ကာ သွေးထွက်နေသည်။

တစ်လတာကာလအတွင်း အလွန် လှပသော အမျိုးသမီးလေးတစ်ဦး ဘယ်လိုဘဝမျိုးကို ဖြတ်သန်းခဲ့ရသောကြောင့် ယခုကဲ့သို့ပြောင်းလဲသွားခဲ့ရသနည်း။

ဆိုလွန်၏ နှလုံးသားတစ်ခုလုံးနာကျင်နေပြီး နိုင်အာတစ်ယောက်ကြုံတွေ့ခဲ့ရမည်များကို စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။

ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အမှောင်စွမ်းအင်တစ်ခု သူမ၏ နဖူးပေါ်၌ ဝဲပျံနေပုံသည်ကို ဆိုလွန်သတိထားမိလိုက်သည်။

ထို့ကြောင့် သူမ၏ လက်ကိုဂရုတစိုက် ကိုင်တွယ်ကာ သွေးခုန်နှုန်းကိုစမ်း၊ အသက်ရှူသံကို နားထောင်ကြည့်လိုက်သည်။ နိုင်အာ၏ အသက်ရှူသံမှာ မကြားရသလောက် တိုးညှင်းနေပြီး နှလုံးခုန်သံကလည်း အချိန်မရွေး ရပ်တန့်သွားနိုင်သည့်အလား အလွန် အားနည်းနေသည်။ သူမ၏ အသက်စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးနေလေပြီ။

“နိုင်အာက အမည်မသိ ရှားပါးအဆိပ်တစ်ခု မိထားတာ”

ဘေးနားရှိ တွမ် ရှင်းပြလာခြင်းပင်။

ဆိုလွန်၏ ရင်ထဲ၌ စူးရှသည့် နာကျင်မှုတစ်ခု ခံစားလိုက်ရကာ မျက်ရည်များ ဝဲတက်လာပြီး တုန်ယင်စွာ မေးလိုက်သည်။

“ဦးလေး တွမ်... ဘာတွေများဖြစ်ခဲ့ရတာလဲ”

ဆိုလွန်၏ အမေးစကားကြောင့် တိုက်ပွဲတွင်ဖြစ်ပျက်ခဲ့သည်များကိုပြန်လည်တွေးတောမိသွားသည့် တွမ်၏ မျက်လုံးများ နီရဲလာသည်။

“လွန်ခဲ့တဲ့ တစ်လက နိုင်အာ ငါတို့ကို ဦးဆောင်ပြီး သဲကန္တာရထဲမှာ ပြောက်ကျားစစ် ဆင်နွှဲခဲ့တယ်...”

“သူက စစ်မြေပြင်အတွက် မွေးဖွားလာတဲ့ စစ်နတ်ဘုရားတစ်ပါးလိုမျိုး သဲကန္တာရထဲက ရန်သူ့ခံတပ် အားလုံးကို ဖျက်ဆီးပစ်တယ်... “

“ကုန်သည်ယာဉ်တန်းတွေကို လုယက်ပြီး ထျန်ယဲ့မြို့ဆီ သွားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို သူ တစ်ယောက်တည်း ဖြတ်တောက်လိုက်တာပဲ”

ဆိုလွန် အံ့ဩသင့်သွားရသည်။

ဆိုလွန်တစ်ယောက် နိုင်အာကို အကြံပြုခဲ့သည်မှာ ပြောက်ကျားစစ်ဆင်နွှဲပြီး ယန်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ ပြိုကွဲသွားစေရန် ကျိကန်းနှင့် အခြားအဖွဲ့အနည်းငယ်ကို ရွေးချယ်တိုက်ခိုက်ရန်သာ။

ထျန်ယဲ့မြို့၏ အသက်သွေးကြောကို တိုက်ရိုက် ဖြတ်တောက်ပြီး ရန်သူအားလုံးကို လက်နက်ချရန် အတင်းအကျပ် ဖိအားပေးသည်အထိ နိုင်အာ ရက်စက်ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

တွမ် ဆက်ပြောလာသည်။

“ကျိကန်းနဲ့ တခြားသူတွေ အတော်လေး ထိတ်လန့်သွားကြတယ်...”

“သူတို့က သောင်းနဲ့ချီတဲ့ မဟာမိတ်တပ်တွေကို အမြန်ဆုံး စုစည်းပြီး ငါတို့ကို သုတ်သင်ဖို့ သဲကန္တာရထဲ ချီတက်လာခဲ့တာ... ဒါပေမဲ့ ငါတို့ ခြေရာဖျောက်နိုင်ခဲ့တယ်လေ...”

“သူတို့ကို အနားအကပ်မခံဘဲ မိုင်ထောင်ချီ အဝေးကို ဆွဲခေါ်သွားပြီး သူတို့ စစ်တပ်တွေ ခွန်အားကုန်ခမ်းသွားတဲ့အထိ လုပ်ပစ်လိုက်တယ်...ပြီးတော့ အရပ်မျက်နှာ အားလုံးကနေ ရုတ်တရက် ဝင်တိုက်ပြီး နောက်ကျန်ရစ်တဲ့သူတွေကိုပါ ခြုံခိုတိုက်ခိုက်ခဲ့သေးတယ်...”

“ငါတို့အားလုံးက မြင်းစီးတပ်ဖွဲ့တွေ ဖြစ်ပြီး သူတို့က နှေးကွေးတဲ့ ခြေလျင်တပ်တွေနဲ့ ရောနှောနေတဲ့ တပ်ဖွဲ့တွေဖြစ်နေတော့ ငါတို့ကို မမီခဲ့ဘူး...”

“အဲဒီအစား ငါတို့က သူတို့ကို တစ်ဖွဲ့ချင်းစီ ချေမှုန်းပစ်ခဲ့လို့ မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေ ဖြစ်စေခဲ့တယ်... အဲဒီအချိန်တုန်းက ငါတို့ဆီမှာ လူတစ်ထောင်ကျော်လေးပဲ ရှိပေမဲ့ သူတို့ကို လွှမ်းမိုးထားနိုင်ခဲ့တာ... “

“ငါတို့ရဲ့ စိတ်ဓာတ်တွေ ဘယ်လောက် မြင့်မားနေလဲ၊ နိုင်အာအပေါ် ဘယ်လောက် သစ္စာရှိကြလဲဆိုတာ မင်း စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး”

တွမ်သည် ခံစားချက်အပြည့်ဖြင့်ရှင်းပြနေပြီး သူ၏လေသံထဲ၌ဂုဏ်ယူဝင့်ကြွားမှုများထင်ဟပ်နေသည်။

နိုင်အာမှာ အံ့မခန်းဖြစ်ပြီး ဆိုလွန် စိတ်ကူးထားသည်ထက် များစွာ ပို၍ ထက်မြက်နေလေပြီ။

အပိုင်း ၂၉၀ ပြီး။

All Chapters