အခန်း ၂၁၉
Vol. 21 Ch. 219
အခန်း ၂၁၉ - ကျိုကျိ၏ ဆုံးဖြတ်ချက်
[ညှို့ယူဖမ်းစားခြင်း အတတ် - မြေခွေးမိစ္ဆာမျိုးနွယ်စု၏ ပင်ကိုယ်မှော်စွမ်းအား ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် သားကောင်ကို ထိန်းချုပ်နိုင်ပြီး မိမိအပေါ် အရူးအမူး သက်ဆင်းကျဆုံးသွားအောင် ညှို့ယူဖမ်းစားနိုင်သည်။ စွမ်းအားကို စိတ်ကြိုက် ခြယ်လှယ်နိုင်သော်လည်း ကျင့်ကြံသူထက် စိတ်ဝိညာဉ်စွမ်းအား နိမ့်ပါးသော ဆန့်ကျင်ဘက်လိင် သတ္တဝါများအပေါ်တွင်သာ အာနိသင်သက်ရောက်မှု ရှိလိမ့်မည်။]
[ညှို့ယူဖမ်းစားခြင်း အတတ်: အခြေခံအဆင့် - ၁%]
‘ကျိုကျိမှာ ကိုယ်ဝန်ရှိနေပြီလား’
‘ငါ့ကို မြေခွေးမိစ္ဆာရဲ့ ပင်ကိုယ်မှော်စွမ်းအားဖြစ်တဲ့ ညှို့ယူဖမ်းစားခြင်း အတတ်ကို ဆုလာဘ်အဖြစ် ပေးတယ်ပေါ့’
ချန်အန်သည် မိမိရှေ့မှ အကြောင်းကြားစာကို ကြည့်ရင်း ခဏမျှ မှင်တက်သွားခဲ့ရသည်။
ဤဝမ်းမြောက်စရာ သတင်းက ရုတ်တရက်ဆန်လွန်းလှသဖြင့် သူ့ကို အငိုက်မိသွားစေခဲ့သည်။
ကျိုကျိသည် သူ ရုတ်တရက် မှင်တက်သွားသည်ကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် -
“ယောက်ျား... ဘာဖြစ်လို့လဲဟင်”
မမေးဘဲ မနေနိုင် ဖြစ်သွားရသည်။
ချန်အန်သည် ထိုစကားကြောင့် သတိပြန်ဝင်လာခဲ့သည်။ သူသည် မိမိရှေ့တွင် ဆံပင်များ ဖရိုဖရဲ ဖြစ်နေဆဲရှိသော ကျိုကျိကို ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ၎င်း၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်သဖြင့် သူမအပေါ်သို့ ညှို့ယူဖမ်းစားခြင်း အတတ်ကို အသုံးပြုလိုက်တော့သည်။
သူ၏ မျက်ဝန်းထဲတွင် မှိန်ဖျော့သော ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက်တွင် သူ့ကို စိုက်ကြည့်နေသော ကျိုကျိ၏ မျက်ဝန်းထဲ၌ နောက်တစ်စက္ကန့်တွင် ပန်းရောင်အသည်းပုံလေးများ ပေါ်ပေါက်လာခဲ့ပြီး သူမသည် သူ့အပေါ်သို့ လုံးဝ မိန်းမောကျဆုံးသွားခဲ့ရတော့သည်။
“ယောက်ျား... ဟီးဟီး... ယောက်ျား... ဟီးဟီး...”
ကျိုကျိသည် ရုတ်တရက် ရူးသွပ်သွားသည့် ပုံစံမျိုး ဖြစ်ပေါ်လာခဲ့သည်။ သူမသည် အူတူတူနှင့် တဟီးဟီး ရယ်မောနေစဉ်အတွင်း ကြည်လင်သော သွားရည်များကလည်း သူမ၏ နှုတ်ခမ်းထောင့်မှ စီးကျလာခဲ့သည်။
သူမ ဤကဲ့သို့ ဖြစ်သွားသည်ကို မြင်သောအခါ ချန်အန်ကမူ ဇဝေဇဝါ ဖြစ်သွားရသည်။
ညှို့ယူဖမ်းစားခြင်း အတတ်၏ အာနိသင်က ဒီလိုမျိုးလား။
ဘာဖြစ်လို့ အရင်က ကျိုကျိရဲ့ ညှို့ယူဖမ်းစားခြင်းကို ခံခဲ့ရတဲ့ ငှက်မိစ္ဆာတွေရဲ့ ပုံစံနဲ့ မတူဘဲ ကွဲပြားနေရတာလဲ။
ညှို့ယူဖမ်းစားခြင်း အတတ်ရဲ့ ကျွမ်းကျင်မှုအဆင့်က အလွန်နိမ့်ပါးနေသေးလို့ ဖြစ်နိုင်မလား။
ချန်အန်က ထိုသို့သာ ဖြစ်သင့်သည်ဟု ခံစားမိလိုက်သည်။
ဤအချက်ကို အကြမ်းဖျင်း နားလည်သွားပြီးနောက် သူသည် ကျိုကျိကို လက်ဖျစ်တစ်ချက် တီးလိုက်ပြီး မှော်အတတ်ကို ပြန်လည်ရုပ်သိမ်းပေးလိုက်သည်။
ညှို့ယူဖမ်းစားခြင်း အခြေအနေ ပျယ်ပြယ်သွားသည်နှင့် တစ်ပြိုင်နက် ကျိုကျိသည် မိမိဘေးပတ်လည်ရှိ ပေါင်းမြက်များကို ကြည့်ရင်း ၎င်း၏ မျက်ဝန်းထဲ၌ ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ခုနက မိမိကိုယ်တိုင် ဘာဖြစ်သွားခဲ့မှန်း သူမ မသိရှိရပါချေ။
သူမသည် သတိလစ်မေ့မြောသွားခဲ့သလို ခံစားလိုက်ရပြီး ဘာတစ်ခုမှ မမှတ်မိတော့ချေ။
ကျိုကျိသည် နားမလည်နိုင် ဖြစ်သွားရပြီး ချန်အန်ကို တွေဝေစွာဖြင့် လှမ်းကြည့်လိုက်သည်။
သူမသည် အစမှအဆုံး တူညီသော နေရာတွင်သာ ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် သတိလစ်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
သို့သော်လည်း ချန်အန်က သူမ၏ မေးခွန်းကို အဖြေမပေးခဲ့ပေ။ ၎င်းအစား သူက သူမအား လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် လှမ်း၍ ပြောလိုက်သည်။
“မင်းအတွက် ဝမ်းသာစရာသတင်းတစ်ခုနဲ့ ဝမ်းနည်းစရာသတင်းတစ်ခု ရှိတယ်၊ ဘယ်ဟာကို အရင်ဆုံး ကြားချင်လဲ”
“ဝမ်းသာစရာ သတင်းနဲ့ ဝမ်းနည်းစရာ သတင်းလား”
ကျိုကျိသည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။ ခဏမျှ တွေးတောပြီးနောက် - “ဒါဆိုရင်... ကျွန်မ ဝမ်းသာစရာသတင်းကိုပဲ အရင်ဆုံး ကြားချင်ပါတယ်” ဟု ဆိုသည်။
ချန်အန်သည် လက်ကိုဆန့်ကာ သူမ၏ သွယ်လျသော ခါးလေးကို ဖက်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ နုနယ်လှပသော မျက်နှာလေးကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူက ညင်သာစွာ ပြုံးလျက်ဖြင့် -
“ကိုယ့်ရဲ့ စိတ်အာရုံအသိနဲ့ အခုလေးတင် အာရုံခံကြည့်လိုက်တာ မင်းရဲ့ ကိုယ်ထဲမှာ သက်ရှိအသစ်လေးတစ်ခု ရှိနေပြီ။”
“ရှင်းရှင်းပြောရရင်တော့ မင်းမှာ ကိုယ်ဝန်ရှိနေပြီ။”
“ဟင်”
ကျိုကျိသည် ထိုစကားကို ကြားရသောအခါ အံ့အားသင့်သွားခဲ့ရသည်။
ယခုအခိုက်အတန့်တွင် သူမအနေဖြင့် ပျော်ရွှင်နေရမလား၊ ဝမ်းနည်းနေရမလား ဆိုသည်ကို မခွဲခြားနိုင်တော့ဘဲ စိတ်အာရုံများ ရှုပ်ထွေးသွားခဲ့ရသည်။
သူမသည် အသက် ၁၈ နှစ်တိုင်တိုင် မြေခွေးတစ်ကောင်အဖြစ် နေထိုင်ခဲ့ရပြီး ကလေးမွေးဖွားရန်အတွက် တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
သို့သော်လည်း ယခုအခိုက်အတန့်တွင် သူမ၌ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ရုတ်တရက် အပြောခံလိုက်ရသည်။
ခဏမျှအတွင်း သူမ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားခဲ့ရသည်။
သူမကိုယ်တိုင်ပင် မိမိကိုယ်မိမိ ကောင်းစွာ မစောင့်ရှောက်နိုင်သေးချေ။ ရုတ်တရက် ပေါ်ပေါက်လာသော ဤကလေးကို သူမ မည်ကဲ့သို့ စောင့်ရှောက်ရပါမည်နည်း။
ချန်အန်သည် ကျိုကျိအနေဖြင့် သူမတွင် ကိုယ်ဝန်ရှိနေသည့် သတင်းကို ကြားရသောအခါ ပျော်ရွှင်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏ ရင်ထဲ၌ အနည်းငယ် စိတ်ပျက်သွားရသည်။
ဤမြေခွေးမိစ္ဆာမလေးသည် ဤမိသားစုအတွင်းသို့ လုံးဝ ဝင်ဆံ့ခြင်း မရှိသေးပုံရသည်။ သူမသည် အတိုင်းအတာတစ်ခုအထိ မိမိ၏ ကံကြမ္မာကိုသာ အရှုံးပေး ညိတ်ထည့်ထားရသလို ခံစားနေရဆဲ ဖြစ်သည်။
သို့မဟုတ်ပါက သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိရသောအခါ ဤကဲ့သို့သော မှင်တက်သွားသည့် အမူအရာမျိုးကို ပြသလိမ့်မည် မဟုတ်ချေ။
ကျိုကျိသည် ချန်အန်၏ မျက်နှာထက်မှ ခဏမျှ ဖြတ်ပြေးသွားသော စိတ်ပျက်မှုများကို သတိမပြုမိခဲ့ပါချေ။ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး ချန်အန်ကို စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ယောက်ျား... ဒါဆို ဝမ်းနည်းစရာ သတင်းကကော ဘာလဲဟင်”
“ဝမ်းနည်းစရာ သတင်းကတော့... အနာဂတ်မှာ မင်းရဲ့ လွတ်လပ်ခွင့်ကို လုံးဝ ဆုံးရှုံးရတော့မှာ ဖြစ်သလို၊ နေ့ဘက်မှာ ကလေးကို စောင့်ရှောက်ရပြီး ညဘက်မှာတော့ ကိုယ့်ရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတော့မှာပဲ။”
ချန်အန်က အမှန်အတိုင်း ပြောဆိုလိုက်သည်။
ကျိုကျိသည် အလွန်ဆိုးရွားသော သတင်းတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှသာ ဖြစ်နေခဲ့သည်။ သူမသည် ထိုစကားကို ကြားရပြီးနောက် မည်သည့် စိတ်ခံစားမှုမျှ မရှိဘဲ တည်ငြိမ်စွာဖြင့် - “အော်...” ဟုသာ တုံ့ပြန်ခဲ့သည်။
ချန်အန် ပြောဆိုသော ဝမ်းနည်းစရာ သတင်းဆိုသည်ကို ဆောင်ဟွာယင်းနှင့် ဝမ်ကျိယန်တို့ထံမှ သူမ အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးသား ဖြစ်သည်။ သူမအနေဖြင့် ဤအရာက အဆင်ပြေပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ဘာမှမရှိဟု ခံစားမိသည်။
မှောင်မိုက်လှသော လိုဏ်ဂူအတွင်း ပိတ်လှောင်ခံထားရသည့် နေ့ရက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ဤအရာက ပြောပလောက်သည့် ကိစ္စရပ်ပင် မဟုတ်ပါချေ။
“ဒါက ဝမ်းနည်းစရာ သတင်းတစ်ခုလို့ မင်း မထင်ဘူးလား”
မြေခွေးမိစ္ဆာမလေးက အလွန်အမင်း တည်ငြိမ်နေသည်ကို မြင်သောအခါ ချန်အန်က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
ကျိုကျိက ခေါင်းခါပြလိုက်ပြီး မိမိ၏ ကံကြမ္မာကို လက်ခံထားသော ပုံစံဖြင့် - “ယောက်ျားက ကျွန်မကို သိမ်းပိုက်ပြီးသားပဲဥစ္စာ။ အနှေးနဲ့အမြန် ကျွန်မလည်း အမဆောင်နဲ့ အမဝမ်တို့လို ဖြစ်လာမှာပဲလေ။ ဒါက လုံးဝ ကြိုတင်မျှော်လင့်ထားပြီးသား ကိစ္စပဲဟာကို” ဟု ဆိုသည်။
“ဒါဆိုရင် စောစောက ဝမ်းသာစရာသတင်းကို ကြားရတုန်းက ဘာဖြစ်လို့ မပျော်မရွှင် ဖြစ်နေရတာလဲ”
“ကျွန်မ မပျော်မရွှင် ဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်မ... ကျွန်မ စိတ်ပြင်ဆင်မှု မရှိသေးလို့ပါ။ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ကိုယ်ဝန်ရလာလိမ့်မယ်လို့ မထင်ထားမိလို့ပါ”
ကျိုကျိသည် သူမ၏ ပြားချပ်နေသော ဗိုက်ကလေးကို ပွတ်သပ်ရင်း ရုတ်တရက်ဆန်လွန်းလှသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
သူမ ထိုသို့ ပြောသည်ကို ကြားရသောအခါမှ ချန်အန်လည်း စိတ်သက်သာရာရသွားခဲ့သည်။
ဤမြေခွေးမိစ္ဆာမလေးသည် မိသားစုအပေါ် သံယောဇဉ် အနည်းငယ် ရှိနေသေးပုံရသည်။ အချိန်ကာလတစ်ခု ကုန်လွန်ပြီးနောက်တွင် ချစ်ခြင်းမေတ္တာက နောက်ဆုံးတွင် အလုပ်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ထိုသို့ တွေးတောမိပြီးနောက် သူသည် ကျိုကျိ၏ ခန္ဓာကိုယ်ပေါ်ရှိ တားဆီးပိတ်ပင်ထားသော မှော်ရတနာအားလုံးကို ဖြုတ်ယူလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ကာ သူမအား လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်လိုက်တော့သည်။
ကျိုကျိသည် ချန်အန်ကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်သည်။ သူ ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူမ အမှန်တကယ်ပင် ထင်မှတ်မထားခဲ့မိချေ။
ချန်အန်က ညင်သာစွာဖြင့် ရှင်းပြလိုက်သည် - “မင်းရဲ့ ဗိုက်ထဲက ကလေးက အနာဂတ်မှာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအားတွေရဲ့ ပြုစုပျိုးထောင်မှုကို လိုအပ်လိမ့်မယ်။ ကိုယ့်အနေနဲ့ ပင်လယ်ရေအောက်ကျောက်တုံးကို သုံးပြီး မင်းကို ဆက်ပြီး ပိတ်ပင်ထားလို့ မဖြစ်တော့ဘူး။ မင်းကို လွတ်လပ်ခွင့် ပြန်ပေးဖို့ အချိန်တန်ပါပြီ။”
“ကျွန်မကို ဒီလိုမျိုး လွတ်လပ်ခွင့် ပေးလိုက်တာ... တစ်နေ့နေ့ကျရင် ကျွန်မ အိမ်ကို ထွက်ပြေးသွားပြီး ယောက်ျားကို ပြန်ပြီး ကလဲ့စားချေမှာကို မကြောက်ဘူးလား။”
ကျိုကျိ၏ လှပသော ခရမ်းရောင် မျက်ဝန်းအစုံသည် ချန်အန်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ချန်အန်က ခါးသီးစွာ ပြုံးလိုက်ပြီး - “ကိုယ်က မင်းကို သိမ်းပိုက်ပြီးသားပဲလေ။ မင်းမှာလည်း ကိုယ့်ရဲ့ သွေးသား ကလေးလေး ရှိနေပြီပဲဥစ္စာ။ တကယ်လို့ မင်းက ဒီလိုအခြေအနေမျိုးမှာတောင် ကိုယ့်ကို ကလဲ့စားချေဦးမယ်ဆိုရင်လည်း ကိုယ် လက်ခံရုံပဲ ရှိတာပေါ့” ဟု ဆိုသည်။
သူ၏ စကားလုံးများသည် အပေါ်ယံတွင် နားထောင်ကောင်းလှသော်လည်း သူ၏ ရင်ထဲ၌မူ ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်သည်။
သွေးမြုတေကျွန်ပြုခြင်း မှော်အတတ်သည် သွေးသားတော်စပ်မှုကို အာရုံခံနိုင်သော အာနိသင်ရှိသဖြင့် ကျိုကျိ၏ တည်နေရာကို မည်သည့်အချိန်မဆို ရှာဖွေနိုင်သည်။
ထို့အပြင် ယခုအခါတွင် သူသည် ကောင်းကင်မြေကမ္ဘာဂိုဏ်းအတွင်း ရောက်ရှိနေခြင်းဖြစ်ရာ သူမ၏ အဝင်အထွက်များအပေါ် ကန့်သတ်ချက်များ ရှိနေပေလိမ့်မည်။
အကယ်၍ ကျိုကျိက အိမ်သို့ပြန်ကာ ကလဲ့စားချေရန် လူအင်အား သွားရောက်ရှာဖွေချင်လျှင်ပင် ပြီးမြောက်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်မည် ဖြစ်သည်။
ထိုအတောအတွင်း သူသည် မိမိ၏ မိသားစုဝင်များကို ခေါ်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ရန် အချိန်အလုံအလောက် ရှိပေသည်။ သူသည် ကျိုကျိ၏ ကလဲ့စားချေမှုကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပါချေ။
သို့သော်လည်း ကျိုကျိသည် ယခုအခိုက်အတန့်တွင် သူ ဘာတွေးတောနေသည်ကို မသိရှိရပါချေ။
မိမိ၏ ခင်ပွန်းသည် မိမိအပေါ် ဤမျှအထိ ယုံကြည်မှုရှိသည်ကို မြင်တွေ့လိုက်ရသောအခါ ကျိုကျိသည် အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားသွားရသည်။
အတိတ်ကာလက ခင်ပွန်းဖြစ်သူ မိမိအပေါ် ကျူးလွန်ခဲ့သော ဆိုးရွားသည့် လုပ်ရပ်များသည် သူ၏ ကြင်နာမှုများအောက်တွင် ယခုအခါ လုံးဝ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ယောက်ျား... ကျွန်မ ယောက်ျားကို ကလဲ့စားမချေပါဘူး။ နောက်ဆယ်လကြာရင် ကလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားပေးပြီး ယောက်ျားနဲ့အတူတူ ပြုစုပျိုးထောင်သွားပါ့မယ်။”
ကျိုကျိသည် ရှေ့သို့ တိုးလာခဲ့ပြီး ချန်အန်ကို လှမ်း၍ ဖက်လိုက်သည်။ သူမသည် သူမ၏ မျက်နှာလေးကို သူ၏ ရင်ခွင်ထဲသို့ နစ်ဝင်စေခဲ့ပြီး သူ၏ ရင်ခုန်သံကို တိတ်တဆိတ် နားထောင်နေမိသည်။
ဤသည်မှာ သူမအနေဖြင့် ချန်အန်ကို ပထမဆုံးအကြိမ်အဖြစ် အစပြုကာ လှမ်း၍ ဖက်လိုက်ခြင်း ဖြစ်သည်။
အတိတ်ကာလက ချန်အန်သည် သူမအား နီးပါးမျှသော နှစ်ဝက်ခန့်တိုင်တိုင် ညှာတာမှုမရှိဘဲ နှိပ်စက်ခဲ့သော်လည်း ယခုအခါ သူမ လုံးဝ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ချန်အန်သည် ချောမောလှပပြီး ပါရမီထူးချွန်လှသည်။ သူသည် သူမ အမြဲတစေ အိပ်မက်မက်ခဲ့ရသော အိမ်ထောင်ဖက်မျိုး မဟုတ်ပါလော။
သူမ အဘယ်ကြောင့် သူ့အပေါ် ကလဲ့စားချေလိုစိတ် ရှိရပါမည်နည်း။
အမှန်တကယ် ပြုလုပ်ရမည့်အရာမှာ ခင်ပွန်းဖြစ်သူ၏ လိုဏ်ဂူအတွင်း ပိတ်လှောင်နှိပ်စက်ခြင်း ခံခဲ့ရသော အတွေ့အကြုံများကို အသုံးချကာ အနာဂတ်တွင် သူမအား ပြန်လည် အစားထိုးပေးအပ်စေရန် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက ခင်ပွန်းဖြစ်သူ၏ ရင်ထဲ၌ သူမ၏ အခန်းကဏ္ဍကို ပိုမိုကြီးမားလာစေပေလိမ့်မည်။
အမှန်တကယ်တွင် အကယ်၍ အရာအားလုံး အဆင်ပြေသွားခဲ့လျှင် ခင်ပွန်းဖြစ်သူ၏ အောက်ခြေရှိ မယားငယ်ဘဝမှနေ၍ ခင်ပွန်းအပေါ်တွင်ပင် စိုးမိုးနိုင်သော အိမ်ထောင်ဦးစီးမကြီးတစ်ဦးအဖြစ်သို့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခြေပင် ရှိပေသည်။
[သင်သည် ဇနီးဖြစ်သူ ကျိုကျိအပေါ် အလွန်အမင်း ယုံကြည်မှုရှိသဖြင့် သူမအား စိတ်လှုပ်ရှားသွားစေခဲ့သည်။ ဇနီးမောင်နှံ သံယောဇဉ်ရမှတ် +1 +3 +1 +4 +5 +2 +0…]
[အမည်: ကျိုကျိ]
[သံယောဇဉ်အဆင့်: ကြယ် ၂ ပွင့် • ၀%]
ချန်အန်သည် ရုတ်တရက် ပေါ်ပေါက်လာသော အကြောင်းကြားစာကို အရင်ဆုံး လှမ်းကြည့်လိုက်ပြီးနောက် မိမိအား ပထမဆုံးအကြိမ်အဖြစ် အစပြုကာ လှမ်းဖက်ထားသော ကျိုကျိကို ငုံ့ကြည့်လိုက်သည်။ မကြာမီ သူသည်လည်း လက်ကိုမြှောက်ကာ သူမကို ပြန်လည်ဖက်လိုက်ပြီး သူ၏ မျက်နှာကို သူမ၏ နားရွက်နားသို့ ကပ်လျက် ညင်သာစွာဖြင့် -
“ကျိုကျိ... ကိုယ် အနာဂတ်မှာ မင်းအပေါ်ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ့မယ်...” ဟု ဆိုလိုက်တော့သည်။
..............................................................