အခန်း ၇၅
Vol. 8 Ch. 75
အခန်း ၇၅ - လူလေးဦးကို သတ်ဖြတ်ခြင်း။
"သခင်လေး မြန်မြန်ပြေးတော့။"
ကျိုးမိသားစုမှ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် သူတို့၏ဘေးသို့ ရောက်ရှိလာပြီး ပခုံးများကို ဆွဲကိုင်ကာ အတင်းဆွဲခေါ်သွားကြတော့သည်။
သူ၏ မှော်ရတနာ ကို နှစ်ကြိမ်ဆက်တိုက် အတင်းအဓမ္မ အသက်သွင်းခဲ့ရသဖြင့် ဝေ့ဝူ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားခဲ့သည်။ သူသည် ကန်စွန်းဥ တစ်လုံးကို ထုတ်ယူကာ စိတ်ဝိဉာဥ်ချီများကို အလျင်အမြန် စုပ်ယူလိုက်သည်။
ခွန်အားများ ပြန်လည်ပြည့်ဝလာသောအခါ သူသည် အေးစက်သော အမူအရာဖြင့် ထိုလေးဦးနောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးတော့သည်။
ထိုအချိန်ကျမှသာ ကျိုးကျုံး နှင့် ရှောင်ယီ တို့သည် ဝေ့ဝူကို လှမ်းမြင်လိုက်ကြရသည်။
"ချောင်ချောင် မင်းလား။ မဖြစ်နိုင်တာ။"
သူတို့သည် တစ်ပြိုင်နက်တည်းနီးပါး အာမေဍိတ်သံ ထွက်ပေါ်လာခဲ့ကြသည်။
ဝေ့ဝူသည် စကားတစ်လုံးမျှ မဆိုခဲ့ချေ။ သူ၏မျက်လုံးထဲတွင် ဤလူနှစ်ဦးမှာ အလောင်းကောင်များ ဖြစ်နေချေပြီ။
ဂူလမ်းကြောင်းမှာ ကွေ့ကောက်လွန်းလှသည်။ အတန်ကြာပြီးနောက် ရှေ့မှလူလေးဦး၏ အရိပ်အယောင်များမှာ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ဝေ့ဝူသည် စိုးရိမ်တကြီးဖြင့် အရှိန်ကို မြှင့်လိုက်ရသည်။
သူသည် အကွေ့တစ်ခုသို့ လှည့်လိုက်ရုံရှိသေး ပြင်းထန်လှသော စိတ်ဝိဉာဥ်ချီတစ်ခုက သူ့ထံသို့ ရုတ်တရက် တိုက်ခိုက်လာခဲ့ချေပြီ။
ဝေ့ဝူ စဉ်းစားနေရန် အချိန်မရှိတော့ဘဲ သူ၏ စိတ်ဝိညာဉ်နန်းတော် အတွင်းရှိ စိတ်ဝိဉာဥ်ချီများကို ထုတ်လိုက်ကာ ဖဲချပ်ခြောက်ချပ်ကို ပစ်လွှတ်လိုက်သည်။
ဤဖဲချပ်ခြောက်ချပ်မှာ တူညီသော အရောင်အဆင်းများ ဖြစ်ကြပြီး ၃၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ ဖြစ်ကြသည်။
ဖလပ်စ်ဖဲချပ်ခြောက်ချပ်သည် သူ၏ရှေ့တွင်ပုံစံအတိုင်း စီတန်းတည်ရှိနေပြီး ရွှေရောင်နံရံကြီးတစ်ခုကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေခဲ့သည်။
တစ်ဖက်မှ တိုက်ခိုက်မှုသုံးခုသည် ရွှေရောင်နံရံပေါ်သို့ ကျရောက်လာခဲ့ပြီး ကြေးမောင်းတီးသံကဲ့သို့ သတ္တုချင်းရိုက်ခတ်သံ သုံးချက် ထွက်ပေါ်လာခဲ့သည်။ သူသည် ၎င်းတို့ကို မနည်းပင် ခုခံလိုက်ရခြင်း ဖြစ်သည်။
ရှေ့မှ အသံတစ်သံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မင်းတစ်ယောက်တည်းနဲ့ ငါတို့လေးယောက်ကို လိုက်ရဲတယ်ပေါ့။ တကယ်ကို ရဲတင်းလွန်းတယ်။ ဒီနေ့ မင်းကို အသေသက်ရမယ်။"
ကျိုးကျုံးက ရိပ်မိသွားသည်။
"ငါတို့ လေးယောက်ရှိတာ သူတစ်ယောက်တည်းကို ဘာလို့ ကြောက်နေရမှာလဲ။"
သူတို့လေးဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
စုန်းကဝေအတတ်နှစ်ခုအနက်ရောင်တစ်ခုနှင့် အနီရောင်တစ်ခုနှင့်အတူ မှော်ရတနာနှစ်ခုဖြစ်သော ငွေအပ်တစ်ချောင်းနှင့် ပျံသန်းဓားမြှောင်တစ်စင်းတို့သည် သူ့ထံသို့ ဒုန်းစိုင်း ပျံသန်းလာခဲ့ကြသည်။
ထိတ်လန့်ဖွယ် ကောင်းလှသော အရောင်အဝါ များသည် ဂူအတွင်း၌ ပြည့်နှက်သွားခဲ့ချေပြီ။
ဝေ့ဝူ၏ နှလုံးသားမှာ မီးလောင်တိုက်သွင်းထားသော သံမဏိကဲ့သို့ ဖြစ်နေပြီး မျက်နှာမှာလည်း အေးစက်သော သံတုံးကဲ့သို့ ရှိနေသည်။
သူ၏ လက်ညှိုးကို ထပ်မံဝှေ့ယမ်းလိုက်ရာ နောက်ထပ် ဖဲချပ်တစ်ခု ပေါ်လာပြန်သည်။
ဝေ့ဝူသည် ၎င်းကို ကျောက်ခဲကိုပြစ်၍ ကျောက်စိမ်းကိုဆွဲဆောင်ခြင်း အတတ်ပညာဖြင့်ပါ ပေါင်းစပ်မြှင့်တင်လိုက်သည်။ ဖဲချပ်များ၏ အရောင်အဝါမှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားခဲ့ချေပြီ။
"ဒုန်းးး"
နှစ်ဖက်စလုံး တိုက်မိကြရာ ဝေ့ဝူသည် နောက်သို့ လွင့်ထွက်သွားပြီး သူ၏နောက်ကွယ်ရှိ ကျောက်နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။
သို့သော်ငြားလည်း သူသည် ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ချေပြီ။
ကျိုးကျုံး ရှောင်ရီနှင့် အခြားသူများမှာ ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားကြပြန်သည်။
"ဒါ... ဒါက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား။"
"မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး သူက မန်ရှင်းအဆင့် ၁ ပဲ ရှိသေးတာလေ။"
"ကျောက်စိမ်းနန်းတော် သူက ကျောက်စိမ်းနန်းတော်အဆင့် ဖြစ်ရမယ်။"
ဝေ့ဝူသည် ခေါင်းကိုမော့ကာ သူတို့လေးဦးကို သိန်းငှက်တစ်ကောင်ကဲ့သို့ စိုက်ကြည့်လိုက်သည်။ သူသည် ယခင်က ထိုလူများ အားလုံးကို အနိုင်မတိုက်နိုင်မည်ကို စိုးရိမ်သဖြင့် လူစုခွဲရန် များစွာကြိုးပမ်းခဲ့ရသည်။
သို့သော် ယခုအချိန်တွင်မူ သူသည် စိတ်အားထက်သန်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူတို့အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရလျှင်ကော ဘာဖြစ်သနည်း။
သူ၏ ဆုံးဖြတ်ချက် ခိုင်မာသွားသောအခါ ဝေ့ဝူသည် မည်သည့်အရာကိုမျှ ချန်မထားတော့ချေ။
သူသည် အနီရောင် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ ခေါက်ဆွဲအစပ်ဖြစ်သည်။
ထိုစဉ်က ခေါက်ဆွဲအစပ်နှင့် နို့ခဲသကြားလုံးတို့ကို ကမ္ဘာမြေမှ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို တွဲဖက်အသုံးပြုပါက တစ်နာရီအတွင်း မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်သည်။
ခေါက်ဆွဲအစပ် သက်သက်ကိုသာ အသုံးပြုပါက အတွင်းစိတ်ကို ရူးသွပ်ရိုင်းစိုင်းစေသဖြင့် ၎င်းကို နှိမ်နင်းရန် နို့ခဲသကြားလုံး လိုအပ်သည်။
သို့သော် သူသည် ခေါက်ဆွဲအစပ်နှင့် နို့ခဲသကြားလုံး အတွဲအားလုံးကို သူ၏မိသားစုထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် မိမိထံတွင် ခေါက်ဆွဲအစပ် သက်သက်သာ ကျန်ရှိတော့သည်။
ယခုအချိန်တွင် ထိုလူလေးဦးကို သတ်ဖြတ်ရန်အတွက် သူသည် ရူးသွပ်သွားမည့် အန္တရာယ်ကို စွန့်စားကာ ခေါက်ဆွဲအစပ်ကို စားသုံးရမည် ဖြစ်သည်။
အရသာရှိပုံရသော်လည်း အန္တရာယ်ရှိသော အနံ့အသက်များ ထွက်ပေါ်နေသည့် ခေါက်ဆွဲအစပ်ကို ကြည့်ရင်း ဝေ့ဝူသည် စိတ်ကို တင်းလိုက်ပြီး ၎င်းကို သူ၏ပါးစပ်ထဲသို့ တည့်တည့် ထည့်လိုက်တော့သည်။
"သူ ဘာလုပ်နေတာလဲ။"
ရှောင်ယီသည် မရေမရာသော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။ ဝေ့ဝူ၏လက်ထဲရှိ ကန်စွန်းဥမှာ ယခုအခါ လုံးဝ ညှိုးနွမ်းခြောက်သွေ့သွားခဲ့ချေပြီ။
"ဒုန်းးးး"
သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိဉာဥ်ချီများ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏အရောင်အဝါမှာမန်ရှင်းအဆင့်၂အသို့ ရောက်ရှိသွားခဲ့သည်။
လျှံထွက်နေသော စိတ်ဝိဉာဥ်ချီများသည် ဝေ့ဝူကို ယခင်ကထက် များစွာ ပိုမိုသန်မာလာစေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ရိုင်းစိုင်းကြမ်းကြုတ်သော စိတ်ခံစားမှုတစ်ခုက သူ၏နှလုံးသားအတွင်း၌ အထိန်းအကွပ်မဲ့စွာ တိုးဝှေ့လာခဲ့သည်။
ဝေ့ဝူသည် မိမိကိုယ်မိမိ အသိစိတ်လွတ်မသွားစေရန်အတွက် ဆင်ခြင်တုံတရားကို အသုံးပြု၍ ထိုရူးသွပ်မှုကို အပြင်းအထန် နှိမ်နင်းလိုက်ရသည်။
"ငါ သူတို့ကို အမြန်ဆုံး ဖျက်ဆီးပစ်ရမယ်။"
မူလက သူသည် သူ့ကို ကူညီရန် လီယိုကို ဆင့်ခေါ်နိုင်သော်လည်း ကူယွန်းတောင်တန်းတွင် ဝေ့ဝူ ဟူသော မူလလက္ခဏာကို အသုံးပြုစဉ်က လီယိုကို ထုတ်ပြခဲ့ဖူးသည်ကို သတိရမိသည်။
အကယ်၍ ယခု ချောင်ချောင် ဟူသော လက္ခဏာကို အသုံးပြုနေစဉ်အတွင်း လီယိုကို ထုတ်သုံးလိုက်ပြီး ဤသတင်း ပေါက်ကြားသွားပါကဤနေရာတွင် မည်သူမျှ မမှတ်မိသည့်တိုင် အပြင်သို့ ရောက်ရှိသွားသောအခါ လျှို့ဝှက်ချက် ပေါ်သွားနိုင်ခြေကို အာမမခံနိုင်ချေ။
သူ ချောင်ချောင် အဖြစ် ရှိနေစဉ် လီယိုကို အသုံးပြုသည်ကို မြင်တွေ့ခဲ့ဖူးသူမှာ နှစ်ဦးသာ ရှိသည်။ ရှောင်ယီနှင့် သူ၏ဆရာ တို့ ဖြစ်ကြသည်။ ယခု ရှောင်ယီကို သတ်ပစ်လိုက်ရုံဖြင့် ထိုတစ်ဦးတည်းသာ ကျန်ရှိတော့မည် ဖြစ်သည်။
ဝေ့ဝူ၏ထံတွင် ဖြစ်ပျက်နေသောအရာများသည် ကျိုးကျုံးနှင့် အခြားသုံးဦးကို တုန်လှုပ်သွားစေခဲ့သည်။
"သူ့ရဲ့ အရှိန်အဝါ... သူ့ရဲ့စွမ်းအားက..."
ကျိုးမိသားစုမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်တာ သူက ငါ့ထက်တောင် ငယ်ပုံရသေးတယ်။ ဒါကို လက်ခံလို့မရဘူး။ သူက ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေရင်တောင် ငါတို့လေးယောက်က သူ့ကို အသေသတ်နိုင်မှာ သေချာတယ်။"
သို့သော် သူတို့ မလှုပ်ရှားနိုင်မီမှာပင် ဝေ့ဝူသည် ဦးစွာ ရှေ့သို့ ပြေးဝင်လာခဲ့ချေပြီ။
ဝေ့ဝူ၏ ပတ်ဝန်းကျင်တွင် အလွန်ရှားပါးလှသော ဖဲချပ် တစ်ဆယ့်တစ်ချပ်မှာ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။ ၎င်းတို့အနက် ရှစ်ချပ်မှာ ၃ မှ ၁၀ အထိ ဖြစ်ကြသည်။
အခြားသုံးချပ်မှာမူ အလွန်ထိတ်လန့်ဖွယ်ကောင်းသော အရောင်အဝါရှိပြီး ကြီးမြတ်သော စစ်သူကြီးသုံးဦး ထွက်ပေါ်လာတော့မည့်အလား ဖြစ်နေသည်။
၎င်းတို့မှာ J, Q နှင့် K တို့ ဖြစ်ကြသည်။
ဖဲချပ် တစ်ဆယ့်တစ်ချပ်လုံးမှာ ရွှေရောင်အလင်းတန်းများ တောက်ပြောင်ကာသူ၏ခန္ဓာကိုယ်ကို ဝန်းရံလျက်ရှိပြီး သစ်သီးလှီးဓားကမူ ရှေ့ဆုံးမှ ဦးဆောင်နေခဲ့သည်။
"ဒီမိစ္ဆာက... ဒီမိစ္ဆာက တကယ်ကို ကြောက်ဖို့ကောင်းတယ်။"
ဤကဲ့သို့သော အရှိန်အဝါမျိုးကြောင့် ကျိုးမိသားစု၏ ပါရမီရှင်ဖြစ်သော ကျိုးကျုံးပင်လျှင် ကြောက်ရွံ့လွန်းသဖြင့် အသံများ တုန်ရီနေခဲ့ရသည်။
"ငါမယုံဘူး။"
ရှောင်ယီသည် မိန်းမဆန်သော အသွင်အပြင် ရှိသော်လည်း ရက်စက်ကြမ်းကြုတ်လာကာ အမည်မသိ သားရဲ၏ သားရေဖြင့် ပြုလုပ်ထားသော အနက်ရောင် အပ်အိတ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။
"ထွက်လာခဲ့စမ်း။"
ချက်ချင်းပင် အပ်အိတ်အတွင်းမှ ငွေအပ် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ဝေ့ဝူထံသို့ ဦးတည်သွားခဲ့သည်။ ဖဲချပ်များသည် ၎င်းတို့ကို အလျင်အမြန်ပင် ကာကွယ်ပေးလိုက်ရာ ဒင် ဒင် ဒင်...ဟူသော အသံများမှာ မပြတ်တမ်း မြည်ဟီးနေခဲ့သည်။
ခဏမျှအကြာတွင် ရှောင်ယီ၏ ဆွံ့အငေးမောနေသော အကြည့်အောက်၌ ငွေအပ်အားလုံးမှာ ပိတ်ဆို့ခြင်း ခံလိုက်ရလေသည်။
ရယ်စရာပဲ။ ငါက အခု ကျောက်စိမ်းနန်းတော်ရဲ့ မန်ရှင်းအဆင့် ၂ မှာ ရှိနေတာ။ မင်းက ရွှေနန်းတော် ရဲ့ မန်ရှင်းအဆင့် ၁ ပဲ ရှိတာကို ငါ့ကို ဘာလို့ တားဆီးချင်နေရတာလဲ။
ဝေ့ဝူသည် သူ့ကို လှောင်ပြောင်နေရန်ပင် အားမထုတ်ခဲ့ချေ။ သို့သော် ရှောင်ယီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ထူးဆန်းလှသည်။ သူသည် မန်ရှင်းအဆင့် ၁ တွင်သာ ရှိနေသည်မှာ ရှင်းလင်းသော်လည်း အခြားသူများနှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိနေသည်။
သူသည် သွေးမြစ်ဂိုဏ်းကို ကိုယ်စားပြုပြီး ဝင်ရောက်ခွင့်ရခဲ့သည်မှာ မဆန်းတော့ချေ။
ထိုအချိန်တွင် ကျိုးကျုံးနှင့် အခြားသူများလည်း တိုက်ခိုက်လိုက်ကြပြီ။ အချိန်တိုအတွင်းမှာပင် စုန်းကဝေအတတ်များ၊ မှော်ရတနာများ၊ အင်းစာရွက်များနှင့် လက်နက်ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဂူအတွင်း၌ စူးရှတောက်ပသော အရောင်အသွေးများဖြင့် ပြည့်နှက်သွားပြီး မိုးကြိုးပတ်ကွဲသံကဲ့သို့သော ဟိန်းဟောက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ဝေ့ဝူသည် သူတို့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ သူ၏မျက်လုံးများမှာ ပိုမိုနီမြန်းလာပြီး သူ၏အမူအရာမှာလည်း တဖြည်းဖြည်း ကြမ်းကြုတ်လာခဲ့သည်။
သူသည် နောက်ထပ် ကန်စွန်းဥတစ်လုံးကို ထုတ်ယူကာ စိတ်ဝိဉာဥ်ချီများကို လောဘတကြီး စုပ်ယူလိုက်ပြန်သည်။ ဤအရာသည် သူ၏ တတိယမြောက် ကန်စွန်းဥ ဖြစ်ပြီး ယခုအခါ သူ၏ သိုလှောင်အိတ်အတွင်း၌ တစ်လုံးတည်းသာ ကျန်ရှိတော့သည်။
သူ၏ စိတ်ဝိဉာဥ်ချီများ ပြန်လည်ပြည့်ဝလာသောအခါ ဝေ့ဝူသည် ဖဲချပ်သုံးချပ်ကို ဝှေ့ယမ်းပစ်လိုက်သည်။ ၈ သုံးချပ် သည် ကျိုးကျုံးထံသို့ တည့်တည့် ဦးတည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သစ်သီးလှီးဓားသည် ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှောင်ယီထံသို့ ခုတ်ပိုင်းလိုက်တော့သည်။
သူသည် ကျောက်ခဲကိုပြစ်၍ကျောက်စိမ်းကိုဆွဲဆောင်ခြင်း နှင့် အိုးအောက်မှ ထင်းကို ဆွဲထုတ်ခြင်း အတတ်ပညာတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ပါရမီရှင်... မင်းက တကယ့် ပါရမီရှင်ပဲ။"
အမြဲတစေ တည်ငြိမ်တတ်သော ရှောင်ယီပင်လျှင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားခဲ့ရသည်။
"ဒုန်း"
တိုက်ခိုက်မှုနှစ်ခုစလုံးသည် ကျိုးကျုံးနှင့် ရှောင်ရီတို့ထံသို့ ရောက်ရှိသွားပြီး ကမ္ဘာပျက်မတတ် ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်သွားခဲ့သည်။ ကျိုးကျုံး၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပေါက်ကွဲပျက်စီးသွားခဲ့ပြီး သူ၏ဘယ်ဘက်လက်နှင့် ဘယ်ဘက်ပခုံးတို့မှာ မရှိတော့ချေ။
ရှောင်ယီ၏ ဘက်တွင်မူ သူ၏ဝမ်းဗိုက် ဘယ်ဘက်ခြမ်းတွင် လခြမ်းပုံသဏ္ဍာန် အပေါက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ လင်ဗန်းတစ်ဝက်ခန့် ကြီးမားလှပြီး ဒဏ်ရာအတွင်းရှိ သွေးများ ပုပ်စပ်နေသော အသားများနှင့် ကလီစာများကို အထင်အရှား မြင်တွေ့နေရသည်။
"မလုပ်နဲ့... မလုပ်နဲ့..."
"ငါမသေနိုင်ဘူး ငါမသေချင်ဘူး..."
ထိုလူနှစ်ဦးသည် နာကျင်စွာဖြင့် ညည်းတွားနေကြသည်။
ကျိုးမိသားစုမှ သက်လတ်ပိုင်း အမျိုးသားနှစ်ဦးမှာ အလွန်အမင်း ထိတ်လန့်နေကြသည်။
"သခင်လေး တောင့်ခံထားပါဦး။ထျန်ရှင်းတောင်ကနေ ထွက်ပြီး အိမ်ပြန်ရောက်တာနဲ့ ဂိုဏ်းချုပ်ကြီးက သခင်လေးကို သေချာပေါက် ကယ်တင်နိုင်မှာပါ။"
"ဟမ့်"
အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။
"ထွက်ခွာဖို့ စဉ်းစားနေသေးတာလား။ ဟားဟား ဟား။"
ဝေ့ဝူသည် ယခုအခါ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး မိစ္ဆာကျင့်ကြံသူ တစ်ဦးနှင့် တူနေခဲ့ချေပြီ။ သစ်သီးလှီးဓားနှင့် ဖဲချပ်များသည် ထပ်မံ၍ တုန်ခါလာကြပြန်သည်။
ကျိုးမိသားစုမှ သက်လတ်ပိုင်း အမျိုးသားနှစ်ဦးမှာ မျှော်လင့်ချက်မဲ့သွားကြသည်; လက်ရှိ ဝေ့ဝူကို မည်သူမျှ မတားဆီးနိုင်ချေ။
သူတို့ မည်သို့ ပိတ်ဆို့နိုင်မည်နည်း။
"သေစမ်း။"
ဝေ့ဝူ ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ သစ်သီးလှီးဓားသည် အမျိုးသားတစ်ဦး၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားသော်လည်း သူ၏ ရင်ဘတ်ကာ ကြောင့် တားဆီးခြင်းခံလိုက်ရသည်။
ဝေ့ဝူက အားစိုက်လိုက်ရာ သစ်သီးလှီးဓားသည် မှန်ကို ခွဲဖျက်ပစ်လိုက်ပြီး ထိုလူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဝင်သွားခဲ့သည်။
ထို့နောက် ၎င်းသည် ပြင်းထန်စွာ တုန်ခါသွားကာ ထိုလူ၏ အသားများကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေခဲ့ပြီး မြေပြင်ပေါ်တွင် ညှင်းပန်းနှိပ်စက်ခံထားရသော အသားပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
လူတစ်ဦး သေဆုံးသွားခဲ့ပြီ။
"မိစ္ဆာခေါင်းဆောင်... မင်းက တကယ့် မိစ္ဆာခေါင်းဆောင်ပဲ။"
ဤမြင်ကွင်းကို မြင်သောအခါ အခြားအမျိုးသားတစ်ဦးမှာ စိတ်ဓာတ်များ အားလုံး ပြိုလဲသွားခဲ့ရသည်။
ဝေ့ဝူ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းနေခဲ့သည်။ သူသည် ထိုလူကို သစ်သီးလှီးဓားဖြင့် သူ၏လည်ပင်းကို ဖြတ်ပစ်လိုက်ရာ သူ၏ဦးခေါင်းကြီးမှာ လွင့်ထွက်သွားခဲ့သည်။
ဒုတိယမြောက်လူ သေဆုံးသွားခဲ့ပြန်သည်။
ဝေ့ဝူသည် ပိုမိုစိတ်လှုပ်ရှားလာပုံရပြီး ဆံပင်များ လွင့်ပျံနေလျက် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် ကျိုးကျုံးနှင့် ရှောင်ရီတို့ကို လှည့်ကြည့်လိုက်သည်။
"ငါ့ကိုမသတ်ပါနဲ့ မင်းဘာပဲလိုချင်လိုချင် ငါအကုန်ပေးပါ့မယ်။"
ကျိုးကျုံးက အော်ဟစ်တောင်းပန်နေခဲ့သည်။
ရှောင်ရီကမူ နာကျင်မှုကို အံတုရင်း ပြောလိုက်သည်။
"ငါ့ကို သတ်လိုက်ရင် ငါ့ရဲ့ဆရာက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ သူက မန်ရှင်းအဆင့် ၈ မှာ ရှိနေတာကို မင်းသိပါတယ်။ မင်း ထျန်ရှင်းတောင်ကနေ ထွက်သွားတာနဲ့ ချက်ချင်း အသတ်ခံရလိမ့်မယ်။"
ဝေ့ဝူ၏ စိတ်အာရုံမှာ ယခုအချိန်တွင် လုံးဝရှင်းလင်းနေခြင်း မရှိသည့်တိုင်အောင်အကယ်၍ သူ ရှင်းလင်းနေခဲ့လျှင်ပင် ဤခြိမ်းခြောက်မှုအချို့ကြောင့် ထိုလူနှစ်ဦးကို လွှတ်ပေးမည်မဟုတ်ချေ။
စင်စစ် သူတို့၏ သေဆုံးမှုမှာ အစပျိုးခြင်းမျှသာ ဖြစ်သည်။ ဝေ့မိသားစုသည် ကြီးမားသော အထိအခိုက် အကျဆုံးများကို ခံစားခဲ့ရသည်မှာ ကျိုးမိသားစုနှင့် သွေးမြစ်ဂိုဏ်းတို့ကြောင့် ဖြစ်သည်။
ရှောင်ယီတစ်ယောက်နှင့် ကျိုးကျုံးတစ်ယောက်တည်းဖြင့် မည်သို့ လုံလောက်နိုင်မည်နည်း။
"ငါ့အတွက် သေပေးကြစမ်း။
" ဝေ့ဝူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာ အထိန်းအကွပ်မဲ့နေခဲ့ပြီ ဖြစ်သည်။
...
ဝေ့ဝူသည် ထိုလူလေးဦးနှင့် တိုက်ခိုက်နေစဉ်အတွင်း ဂူ၏အပြင်ဘက် အနက်ရောင်အကြေးခွံကျောက်တုံး နယ်မြေတွင် လူများစွာ စုဝေးရောက်ရှိနေခဲ့ကြသည်။
အကြမ်းဖျင်း ကြည့်ရုံမျှဖြင့် လူ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ထက်မနည်း ရှိနေခဲ့သည်။
ထိုလူများထဲတွင် အမြင်သာဆုံးပုဂ္ဂိုလ်မှာ ချင်လင်းဂိုဏ်းမှ လူငယ်လေး ချူလန်ဖုန်း ဖြစ်သည်။
"မင်းပြောတာက ကျိုးမိသားစုက ကျိုးကျုံး သွေးမြစ်ဂိုဏ်းက သုံးယောက်နဲ့ ထုံယွမ်ဂိုဏ်းက လူတွေက အစောကြီးကတည်းက အောက်ကို ဆင်းသွားကြတာပေါ့။
"ဟုတ်ပါတယ်ခင်ဗျာ။"
ချူလန်ဖုန်းသည် သူ၏နူးညံ့သော မျက်မှောင်ကို ကုပ်လိုက်ပြီး စဉ်းစားလိုက်သည်။
"သူတို့က ဝိညာဉ်သွေးကြော က ဒီနေရာမှာ ပေါ်လာလိမ့်မယ်ဆိုတာကို ကြိုသိနေကြတာလား။ မဖြစ်နိုင်တာ။ ငါတောင် ယခုလေးတင် လှုပ်ရှားမှုကို ခံစားမိတာ။ သူတို့က ဘယ်လိုလုပ် ကြိုသိနိုင်မလဲ။"
အခြားလူတစ်ဦးက ပြောလိုက်သည်။
"သူတို့က မိစ္ဆာခေါင်းဆောင် ချောင်ချောင်နောက်ကို လိုက်ဖမ်းရင်း ဆင်းသွားကြတာပါ။"
"အဲဒီ ဝိညာဉ်သွေးကြောကိုတော့ ငါ သေချာပေါက် ရယူရမယ်။"
ချူလန်ဖုန်းသည် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ဂူအတွင်းသို့ ဆင်းသွားခဲ့သည်။ ဤသည်ကို မြင်သောအခါ အခြားသူများလည်း တစ်ဦးပြီးတစ်ဦး လိုက်လံခုန်ဆင်းသွားကြတော့သည်။
...
ဂူ၏ နက်ရှိုင်းသော နေရာတွင် ဝေ့ဝူသည် ကျိုးကျုံးနှင့် ရှောင်ရီတို့ကို အဆုံးသတ်ရန် ပြင်နေစဉ်မှာပင် သူ၏နောက်ကွယ်မှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဘယ်သူတွေ ဒီမှာ တိုက်ခိုက်နေတာလဲ။ ငါတို့ ကျောက်ခန်းမတစ်ခုထဲမှာ ထုံယွမ်ဂိုဏ်းရဲ့ သခင်မလေး ယွီချန့်ရန် စိတ်မကောင်းစရာ သေဆုံးနေတာကို မြင်ခဲ့ရတယ်။ လူသတ်သမားက ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား။"
လူခြောက်ဦး ပေါ်လာခဲ့ပြီး ကျိုးကျုံးနှင့် ရှောင်ရီတို့ကို မြင်သောအခါ အလွန်တရာ ထိတ်လန့်သွားကြသည်။
"သခင်လေးကျိုး သခင်လေးက ဘယ်လိုဖြစ်လို့..."
ထိုလူများကို မြင်သောအခါ ကျိုးကျုံးက အကူအညီတောင်းလိုက်သည်။
"ကျန်းလော် ငါ့ကို မြန်မြန်ကယ်ပါဦး။ သူက ချောင်ချောင်ပဲ! ယွီချန့်ရန်ကို စော်ကားပြီး သတ်ပစ်ခဲ့တာလည်း သူပဲ။"
ကျန်းလော် ဟုခေါ်သော ထိုလူက အလျင်အမြန် ပြောလိုက်သည်။
"စိတ်ချပါ သခင်လေးကျိုးသခင်လေးကို အခုပဲ ကယ်တင်ပေးပါ့မယ်။ ချောင်ချောင်... မင်းလို တိရစ္ဆာန်က ဒီလောက်အထိ ယုတ်မာတဲ့ ကိစ္စကို လုပ်ရဲတယ်ပေါ့ မင်းက လူရော နတ်ပါ ရွံရှာဖွယ်ကောင်းတဲ့ ကောင်ပဲ။"
ထိုခြောက်ဦးစလုံးမှာ ကျိုးမိသားစု၏ သြဇာလွှမ်းမိုးမှုအောက်ရှိ မန်ရှင်းအဆင့် အဖွဲ့အစည်းများမှ လာကြသူများ ဖြစ်ကြသည်။ ယခုအခါ ကျိုးမိသားစု ဂိုဏ်းချုပ်ကြီး၏ မျိုးဆက်ဖြစ်သူ ဒုက္ခရောက်နေသည်ကို ကယ်တင်ပေးနိုင်ခဲ့ပါက သူတို့၏ အဖွဲ့အစည်းများမှာ အဆင့်အတန်း မြင့်မားလာမည်ဖြစ်ပြီး ဆုလာဘ်များလည်း ရရှိကြမည်မှာ သေချာလှသည်။
"ချောင်ချောင် အသက်ရှင်ချင်ရင် သခင်လေးကျိုးကို ချက်ချင်းလွှတ်ပေးလိုက်စမ်း။
" "မင်းသာ မဆင်မခြင် လှုပ်ရှားရဲရင် မင်းရဲ့ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ပြာကျသွားအောင် ငါတို့ လုပ်ပစ်မယ်။"
ထိုခြောက်ဦးစလုံးသည် သူတို့၏ မှော်ရတနာများကို ဝှေ့ယမ်းလိုက်ကြသည်။
ဝေ့ဝူသည် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားခဲ့ရသဖြင့် သူ၏စိတ်ဝိဉာဥ်ချီများမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ချေပြီ။ ဤခြောက်ဦးထဲတွင် လေးဦးမှာ မန်ရှင်းအဆင့် ၃ဖြစ်ပြီး နှစ်ဦးမှာ မန်ရှင်းအဆင့် ၂ ဖြစ်ကြသည်။
ခြောက်ယောက်တစ်ယောက် ရင်ဆိုင်ရမည် ဖြစ်သဖြင့် ဝေ့ဝူ၏ထံတွင် ခွန်အားများ ကျန်ရှိနေသေးခြင်း ရှိမရှိကို သူကိုယ်တိုင်ပင် မသိရှိချေ။
သို့သော် ဤအချက်သည် ကျိုးကျုံးနှင့် ရှောင်ယီတို့အပေါ် ဝေ့ဝူ၏ အဆုံးအဖြတ်ကို မတားဆီးနိုင်ခဲ့ချေ။
ဝေ့ဝူသည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး။
"ဟားဟားဟား ဒီနေ့ သူတို့ကို ဘယ်သူမှ မကယ်နိုင်ဘူး။"
သူသည် သစ်သီးလှီးဓားကို ထိန်းချုပ်လိုက်ပြီး ရှောင်ယီ၏ နဖူးအလယ်ဗဟိုသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။
အသံတစ်ခုသာ ကြားလိုက်ရသည်။
"ဖြန်းး"
သွေးများ ပန်းထွက်သွားခဲ့သည်။ ရှောင်ယီ သေဆုံးသွားခဲ့ပြီဖြစ်၏။
ထို့နောက် သူသည် ကျိုးကျုံးကို လှည့်ကြည့်လိုက်သည်။
"မလုပ်နဲ့... မလုပ်နဲ့..."
ကျိုးကျုံး အလွန်အမင်း ထိတ်လန့်နေခဲ့သည်။
ဝေ့ဝူသည် မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ သစ်သီးလှီးဓားကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ပြန်သည်
"ရွှပ်"
ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လွင့်ကျသွားခဲ့သည်။
ကျိုးကျုံး သေဆုံးသွားခဲ့ပြီ။
ဤသို့ဖြင့် ဝေ့ဝူသည် တစ်ယောက်တည်းနှင့် လေးယောက်ကို ရင်ဆိုင်ကာ လေးဦးစလုံးကို သတ်ဖြတ်နိုင်ခဲ့ချေပြီ။
ဝေ့ဝူသည် သူ၏နှလုံးသားထဲတွင် စိတ်သက်သာရာရမှုကိုသာ ခံလိုက်ရတော့သည်။
"ဒါကို ငါ့ရဲ့ အနစ်နာခံသွားခဲ့ရတဲ့ ဆွေမျိုးသားချင်းတွေအတွက် ယာယီပူဇော်သက္ကာအဖြစ် မှတ်ယူလိုက်ပါတော့။"