အခန်း ၇၆
Vol. 8 Ch. 76
အခန်း ၇၆- မီးစက်၏ စွမ်းပကား။
ရှောင်ယီတို့ကို မြန်ဆန်သော လက်ချက်ဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်ပြီး ကျန်းလော်မှာ ကြောက်လန့်တကြား ဆွံ့အသွားခဲ့သည်။
သတ္တိရှိလှချည်လားဆိုသည့် စကားလုံးမှတစ်ပါး သူ့ကို ဖော်ပြရန် တခြားစကားလုံး မတွေးတောနိုင်တော့ပေ။
"မင်းက ထုံယွမ်ဂိုဏ်းကယွီချန့်ရန်ကို စော်ကားခဲ့ရုံတင်မကဘူး။ကျိုးမိသားစု နဲ့ သွေးမြစ်ဂိုဏ်းကိုပါ ရန်စလိုက်တာပဲ။ မင်းတော့ သွားပြီ သွားပြီ။"
"အားလုံးပဲ ငါ့နောက်လိုက်ခဲ့ကြ ဒီမိစ္ဆာကောင်ကို ဝိုင်းသတ်ကြစို့။"
သူတို့ ခြောက်ယောက်စလုံးသည် မိမိတို့၏ ရတနာများကို ထုတ်ယူကာ တိုက်ခိုက်လိုက်ကြသည်။
ဝေ့ဝူသည် ရန်သူ့တိုက်ခိုက်မှုကို တန်ပြန်ရန်အတွက် သူ၏ ဖဲချပ်များကို အသုံးပြုကာ ရှုပ်ထွေးလှသော တိုက်ခိုက်မှုများကို ခုခံလိုက်သော်လည်း သူ၏ လက်ရှိအခြေအနေမှာ ဆက်မတောင့်ခံနိုင်တော့ပေ။
ကန်စွန်းဥများလည်း ကုန်ဆုံးသွားပြီဖြစ်ရာ ၎င်းက ဂူတစ်ခုဆီသို့ ဦးတည်ထွက်ပြေးခဲ့သည်။
ထိုသို့ ထွက်ပြေးနေသည့်တိုင်ကျိုးကျုံးနှင့် တခြားသူများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းရန် သူ မေ့မသွားခဲ့ပေ။
"လိုက်ကြ။"
ကျန်းလော်နှင့် အပေါင်းအပါ ခြောက်ယောက်တို့က နောက်မှ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေကြသည်။
၎င်းတို့သည် ဂူများထဲတွင် ရူးသွပ်စွာ လိုက်လံရှာဖွေခဲ့ကြသည်။ ထိုသို့ လိုက်လံရှာဖွေစဉ် တခြားသူများစွာနှင့် ဆုံတွေ့ခဲ့ရသဖြင့် ကျန်းလော်က အော်ဟစ်အကူအညီတောင်းသည်။
"ဒီမိစ္ဆာကယွီချန့်ရန်ကို စော်ကား သတ်ဖြတ်ခဲ့သလို အမှန်တရားကို ဖုံးကွယ်ဖို့ ကျိုးကျုံးနဲ့ ရှောင်ယီတို့ကို သတ်ပစ်ခဲ့တာ။ ကျင့်ကြံဖော်တို့... သူ့ကို အမြန်ဆုံး နှိမ်နင်းကြပါ။"
အကြိမ်အနည်းငယ်တွင် ဝေ့ဝူသည် ရှေ့တည့်တည့်မှ ပိတ်ဆို့မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ရှောင်တိမ်းရန် လမ်းမရှိသဖြင့် အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို အားကိုးတကြီး အသုံးပြုခဲ့ရသည်။
ထို့ကြောင့် သိုလှောင်အိတ်များထဲမှ သောင်းချီသော ကျောက်တုံးများကို ရရှိခဲ့သော်လည်း အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်းကို ခဏခဏ အသုံးပြုခဲ့ရခြင်းကြောင့် သူ၏ စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်လာခဲ့သည်။
ရှောင်ယီမှာ ဆင်းရဲသားတစ်ဦးဖြစ်ပြီး ကျိုးမိသားစုမှ အလတ်တန်းစား လူလတ်ပိုင်းနှစ်ယောက်မှာလည်း ချမ်းသာကြွယ်ဝခြင်း မရှိကြပေ။ ကျိုးကျုံးတစ်ဦးတည်းသာ အတော်အတန် အခြေအနေကောင်းသော်လည်း အကာသကိုဆုတ်ဖြဲခြင်းနည်းလမ်း၏ စွမ်းအင်စားသုံးမှုမှာ အလွန်တရာ ကြီးမားလှသည်။
"ငါ့ရဲ့ ကန်စွန်းဥတွေနဲ့ ကျောက်တုံးတွေလည်း ကုန်ပြီ။ လိုက်ဖမ်းတဲ့သူတွေကလည်း လက်မလျှော့ကြဘူး။ ငါ ဒီမှာပဲ သေရတော့မှာလား။"
ဝေ့ဝူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရရှိထားကာ ခေါက်ဆွဲအစပ်၏ ဘေးထွက်ဆိုးကျိုးများကို မနည်းအောင့်အီး တောင့်ခံထားရသည်။
သူ၏ အသိစိတ်လွတ်သွားပါက ဖြစ်လာမည့် အကျိုးဆက်ကို သူ ကြိုတင်မြင်ယောင်နေမိသည်။ ဤကျင့်ကြံသူများကို သားရဲတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ တိုက်ခိုက်ရင်း နောက်ဆုံးတွင် ဝိုင်းမွှေအသတ်ခံရပေလိမ့်မည်။
ထို့အပြင် လမ်းခရီးတွင် လူများနှင့် ပိုမိုဆုံတွေ့လာရသည်ကို သူ သတိပြုမိသည်။
"ဘာလို့ ဒီဂူထဲကို လူတွေအများကြီး ဝင်လာကြတာလဲ။ ဘာတွေဖြစ်နေတာလဲ။"
ဤနေရာတွင်ဝိဉာဥ်သွေးကြောတစ်ခု ရှိနေသည်ကို သူ မသိသေးပေ။
သူ၏ အားအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေချိန်တွင် ကြီးမားသော အကွေ့တစ်ခုကို ကွေ့လိုက်ရာ ရှေ့တွင် လမ်းခရီးက ရုတ်တရက် ပွင့်လင်းသွားပြီး ခမ်းနားကြီးကျယ်လှသော နေရာလွတ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ ကျောက်စိမ်းနန်းတော်ကြီးတစ်ခုထက်ပင် ပိုမိုကျယ်ဝန်းလှရာ ဤနေရာတွင် မြို့တစ်မြို့ပင် တည်ဆောက်နိုင်လောက်သည်။
ဤကျယ်ဝန်းလှသော နေရာကြီးမှာ အလွန်လင်းထိန်နေသည်။ အကြောင်းမှာ လူများစွာ စုဝေးရောက်ရှိနေကြပြီး အလင်းပြောက်ကျောက်တုံးများမီးအိမ်များနှင့် နေ့အလင်းရောင် အဆောင်လက်ဖွဲ့များကို အသုံးပြု၍ ထွန်းညှိထားကြသောကြောင့် ဖြစ်သည်။
ဝေ့ဝူဝုန်းဒိုင်းကြဲ ဝင်ရောက်လာချိန်တွင် အတွင်းရှိ လူအားလုံးက လှည့်ကြည့်လာကြသည်။
"ချောင်ချောင်လား။"
"ဟွန့် သူက ငါတို့ထောင်ချောက်ထဲကို တည့်တည့်ကြီး တိုးဝင်လာတာပဲ။ ဖမ်းဆီးလိုက်ကြ။"
ထိုခဏ၌ပင် နောက်ကွယ်မှ ကျန်းလော်၏ အသံက အချိန်ကိုက် ထွက်ပေါ်လာသည်။
"ချောင်ချောင်က ထုံယွမ်ဂိုဏ်းက ယွီချန့်ရန် ကို စော်ကား သတ်ဖြတ်ခဲ့သလို ကျိုးမိသားစုက ကျိုးကျုံးကိုလည်း သတ်ပစ်ခဲ့တာ..."
ရောက်ရှိနေသူများသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြပြီး အချို့မှာ စိတ်မထိန်းနိုင်ဘဲ ဝေ့ဝူ ဆီသို့ တိုက်ခိုက်မှုများစွာကို ပစ်လွှတ်လိုက်ကြသည်။
ဝေ့ဝူ၏ အခြေအနေမှာ အလွန်တရာ ဆိုးရွားနေပြီ ဖြစ်သည်။ သူ့တွင် ကျောက်တုံးအနည်းငယ်သာ ကျန်ရှိတော့ပြီး ကန်စွန်းဥမှာလည်း နောက်ဆုံးတစ်လုပ်စာသာ ရှိတော့သည်။
သူ၏ စိတ်ဝိဉာဥ်ပင်လယ်ထဲမှ ခရမ်းရောင်နတ်ဆိုးပင်လျှင် ဟစ်အော်ပြောဆိုလာသည်ယ
"မင်း ဘာလို့ ဒီလောက် အားနည်းသွားရတာလဲ။ ဘာဖြစ်တာလဲ။ မင်း သေတော့မှာလား။ ငါ နောက်ဆုံးတော့ မင်းရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်တော့မှာလား။"
ထို့အပြင်ပိုင်ကျန့်ဟန်နှင့် ချူလန်ဖုန်းတို့လည်း ဤနေရာတွင် ရှိနေကြသည်။ စုစုပေါင်း လူတစ်ရာနီးပါး ရှိနေသဖြင့် ၎င်းတို့အားလုံးက ဝေ့ဝူ ကို တစ်ပြိုင်နက် တိုက်ခိုက်မည်ဆိုပါက သူသည် ပြာအဖြစ်သို့ သေချက်ပေါက် ပြောင်းလဲသွားပေလိမ့်မည်။
"ငါ့မှာ ဖဲချပ်တွေ မကျန်တော့ဘူး။"
ဝေ့ဝူ၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်လာသည်။
မူလက သူ၏ အစီအစဉ်မှာ ဖဲချပ်များကို သုံးပြီး ကျိုးကျုံးနှင့် ရှောင်ယီ တို့ကို သတ်ရန်ဖြစ်ပြီးသတ်ပြီးနောက် ပုန်းအောင်းကာ ခေါက်ဆွဲအစပ်၏ အာနိသင် ကုန်ဆုံးသွားသည်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။
ဂူထဲတွင် လူများစွာ ရုတ်တရက် ပေါ်လာပြီး သူ့ကို ရှာတွေ့လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ယခုမူ သူ့တွင် တခြားအကာအကွယ်များ ရှိနေသည့်တိုင် မည်သို့မျှ အသုံးဝင်လိမ့်မည်မဟုတ်ပေ။
လမ်းခရီးတွင် သူသည် ယွီချန့်ရန်နှင့်အတူ ရှိနေခဲ့သည့် ထုံယွမ်ဂိုဏ်းမှ တခြားကျင့်ကြံသူနှစ်ဦးနှင့်လည်း ဆုံတွေ့ခဲ့ရသည်။ ထို့ပြင်ဟော်ရုံ လည်း ရှိနေသည်။
ထိုသူ သုံးယောက်စလုံးမှာ ကျိုးကျုံးနှင့် ရှောင်ယီ တို့၏ မည်သည့်နည်းလမ်းဖြင့် လှည့်စားခြင်းကို ခံလိုက်ရသည်မသိဘဲ ဝေးရာသို့ ရောက်ရှိသွားခဲ့ကြသဖြင့် ယွီချန့်ရန်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့သည် ယွီချန့်ရန်ကို လိုက်လံရှာဖွေနေစဉ် ဝေ့ဝူက သူမကို ရန်ပြုခဲ့သည်ဟူသော သတင်းကို ကြားလိုက်ရသဖြင့် လုံးဝ ရူးသွပ်သွားကြပြီး ဝေ့ဝူကို တစ်စစီ ဆုတ်ဖြဲပစ်ချင်နေကြသည်။
"သူ အားအင်ကုန်ခမ်းနေပြီ။ အားလုံးတူတူ ဝိုင်းသတ်ကြစို့။"
ဤကျင့်ကြံသူများသည် ဒေါသတကြီးဖြင့် ဝိုင်းအော်နေကြသည်။
ဝေ့ဝူမှာ ပိတ်မိနေပြီး ကျောက်တုံးများလည်း လုံးဝ ကုန်ခမ်းသွားပြီဖြစ်ရာ သေခြင်းတရားသာ သူ့ကို စောင့်ကြိုနေတော့သည်။
အစမှ အဆုံးထိ သူသည် ယွီချန့်ရန်နှင့် ပတ်သက်ပြီး မည်သည့် ခုခံချေပချက်မျှ မပြောခဲ့ပေ။
အကြောင်းမှာ သူ့တွင် မှတ်တမ်းတင်ကျောက်စိမ်း မရှိသဖြင့် သူ၏ ဖုန်းထဲမှ ဗီဒီယိုကို ဖွင့်မပြနိုင်သောကြောင့် ဖြစ်သည်။ သူ၏ နှုတ်ကတိစကားသက်သက်ကို မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
"ငါ သေရတော့မှာပဲ။"
ဝေ့ဝူက ထိုသို့ တွေးလိုက်သည်။
"ဒါဟာ ငါ့ရဲ့ မိသားစုအတွက်ပဲဆိုတော့ တန်ပါတယ်လေ။"
သူ လက်လျှော့လိုက်သည့် အချိန်၌ပင် ရုတ်တရက် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဂူတစ်ခုလုံးသည် မိုးပြိုပြီး မြေအက်ကွဲသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ဤကျယ်ဝန်းလှသော နေရာကြီး၏ ကျောက်မြေပြင်တွင် မီတာ ဒါဇင်ဝက်ခန့် ကျယ်ဝန်းသော ကြီးမားလှသည့် အက်ကြောင်းကြီးများ ပေါ်ထွက်လာသည်။
ဘေးတစ်ဖက်တစ်ချက်စီရှိ ကျောက်နံရံများတွင်လည်း အက်ကြောင်းများ ပေါ်လာခဲ့သည်။
ခြုံငုံကြည့်လျှင် ၎င်းတို့သည် ဥတစ်လုံးအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်ပြီး ယခုအခါ ထိုဥခွံက စတင်အက်ကွဲနေပြီ ဖြစ်သည်။
"ဘာတွေဖြစ်တာလဲ။"
ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထိုအက်ကြောင်းများထဲမှ အေးစိမ့်လှသော ယင်ချီများ အမြောက်အမြား မှုတ်ထုတ်လာသည်ကို မြင်တွေ့လိုက်ရပြီးနောက် နတ်ဆိုးမျက်နှာပြင်များ ပေါ်ထွက်လာခဲ့သည်။
"မိစ္ဆာဝိဉာဥ်တွေ။ မိစ္ဆာဝိဉာဥ်တွေ အများကြီးပဲ။"
"ကြည့်စမ်း။ အဲဒီ မိစ္ဆာဝိဉာဥ်ကမန်ရှင်းအဆင့်ရဲ့ ထိပ်တန်းအဆင့် ခွန်အားမျိုး ရှိပုံရတယ်။"
"ငါ ဒီဂူထဲမှာ နေလာတာ ကြာပြီ မိစ္ဆာဝိဉာဥ်တစ်ကောင်မှ မတွေ့ဖူးဘူး။ အခုကျမှ ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ။"
ယင်ချီများမှာ အလွန်တရာ ထူထပ်လှသဖြင့် နေရာလွတ်တစ်ခုလုံးကို ပြည့်နှက်လုနီးပါး ဖြစ်သွားစေသည်။
ယင်ချီများအတွင်း ကျင့်ကြံသူများ၏ စိတ်ဝိဉာဥ်ချီများ ပိတ်ဆို့သွားပြီး ၎င်းတို့၏ အရေပြားများမှာ စတင်ပုပ်ပွလာကာ အကယ်၍ အသက်ကို အလွန်အကျွံ ရှူရှိုက်မိပါက ခန္ဓာကိုယ်တွင်းရှိ အသက်စွမ်းအင်များ ကုန်ခမ်းပြီး သေဆုံးသွားနိုင်ချေ ရှိသည်။
မည်သည့်အချိန်တွင်မဆို ၎င်းတို့၏ အသက်ကို နှုတ်ယူနိုင်သည့် ရေတွက်မရနိုင်သော မိစ္ဆာဝိဉာဥ်များကိုမူ ဆိုဖွယ်ရာမရှိပေ။
ထိုနေရာသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။
"အား..." "အား..." "အား..."
ခဏတာအတွင်းမှာပင် လူအချက်မှာ အော်ဟစ်ကာ အသက်ပျောက်သွားကြသည်။
ကျင့်ကြံသူများသည် မိမိတို့ တတ်စွမ်းသမျှ ခွန်အားများကို အသုံးပြု၍ မိစ္ဆာဝိဉာဥ်များကို ခုခံကြပြီး မိမိတို့ပိုင်ဆိုင်သည့် အလင်းစွမ်းအင်သုံး ရတနာများနှင့် မန္တန်များကို ထုတ်သုံးကြသည်။
အခြေအနေ အသင့်အတင့် ကောင်းမွန်နေသူများမှာ စိတ်ဝိညာဉ်ဆက်သွယ်မှုအဆင့် ရှိသော အင်အားစုမှ လူများသာ ဖြစ်ကြသည်။
ချူလန်ဖုန်းမှာမူ ပိုမိုသက်တောင့်သက်သာ ရှိပြီး တည်ငြိမ်နေသည်။
သူသည် ဤကျယ်ဝန်းလှသော နေရာကြီး၏ အလယ်ဗဟိုတွင် ရပ်နေပြီး အကြီးမားဆုံး အက်ကြောင်းကြီးကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။
"ဝိဉာဥ်သွေးကြောပေါ်လာပြီ။"
ဤအချိန်တွင် ဝေ့ဝူမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အားအင်ကုန်ခမ်းနေပြီ ဖြစ်ရာ မိစ္ဆာဝိဉာဥ်များကို ခုခံရန် မည်သို့မျှ ခွန်အားမရှိတော့ပေ။
"ကောင်းပြီလေ။ ကျင့်ကြံသူတွေရဲ့ လက်ထဲမှာ မသေရဘဲ မိစ္ဆာဝိဉာဥ်တွေရဲ့ လက်ထဲမှာ သေရတာလည်း တန်ပါတယ်။"
သူသည် မျက်လုံးများကို မှိတ်ကာ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ရန် ပြင်လိုက်သည်။
ရုတ်တရက် သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ပေါ်လာခဲ့သည်။
"လျှပ်စီးစွမ်းအင်က မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး ယင်ချီတွေကို ရှင်းလင်းပစ်နိုင်တဲ့ လက်နက်ကောင်း မဟုတ်ဘူးလား။"
ယခင်က သူသည် မီးစက်ကို သူ၏ ဖုန်းအားသွင်းရန် ကိရိယာတစ်ခုအဖြစ်သာ သဘောထားခဲ့ပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျစ်လျူရှုခဲ့သည်။
ထိုသို့ တွေးမိသောအခါ ဝေ့ဝူ ၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီး မီးစက်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။
သူသည် မီးစက်လက်ကိုင်ကို ကိုင်ကာ အရှိန်အဟုန်ဖြင့် စတင်လှည့်လိုက်သည်။
"ဖြန်း... ဖြန်း..."
သူ ပိုမိုမြန်ဆန်စွာ လှည့်လေလေ လျှပ်စီးအလင်းများ လက်ခနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ လျှပ်စီးပင်လယ်ပြင်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ဤလျှပ်စီးပင်လယ်ပြင်အတွင်း မည်သည့် ယင်ချီမိစ္ဆာမျှ မကျူးကျော်နိုင်ပေ။
ယင်ချီဖြစ်စေမိစ္ဆာဝိဉာဥ်ဖြစ်စေ အားလုံး ထိတ်လန့်တကြား ထွက်ပြေးကြသည်။ မိစ္ဆာဝိဉာဥ်၏ အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ မန်ရှင်းအဆင့်ရှိသည့် မိစ္ဆာဝိဉာဥ်များပင်လျှင်အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
မီးစက်သည် ကျင့်ကြံသူများအပေါ်တွင် ဤမျှ အစွမ်းမပြနိုင်သော်လည်း မိစ္ဆာဝိဉာဥ်များအတွက်မူ သေမင်းတမန် ကိရိယာတစ်ခု ဖြစ်နေပုံရသည်။
ဝေ့ဝူက တခြားသူများကို လှည့်ကြည့်လိုက်ရာ အချို့မှာ လျှပ်စီးမန္တန်များကို အသုံးပြုနေကြသော်လည်း မည်သူမျှ သူ၏ မီးစက်လောက် မစွမ်းထက်ကြပေ။
"ကမ္ဘာမြေက လာတဲ့ လျှပ်စစ်ဓာတ်က မကောင်းဆိုးဝါးတွေကို နှိမ်နင်းရာမှာ ပိုပြီး အစွမ်းထက်တာ ဖြစ်ရမယ်။"
သူ ဤသို့သာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တော့သည်။
မီးစက်ကို အားကိုးခြင်းဖြင့် သူ၏ ပတ်ဝန်းကျင်မှာ လုံးဝ ဘေးကင်းလုံခြုံနေပြီး ဆူညံလှသော ရုတ်ရုတ်သဲသဲ အခြေအနေကြီးကြားတွင် သူတစ်ယောက်တည်း သီးခြားဖြစ်နေသကဲ့သို့ ထင်မှတ်ရသည်။
အနီးအနားတွင် သူ့ကို လိုက်လံဖမ်းဆီးနေသည့် လူများထဲမှ တစ်ယောက်မှာ မိစ္ဆာဝိဉာဥ်နှစ်ကောင်၏ ဝိုင်းဆွဲခြင်းကို ခံနေရသည်။
"ငါ ကူညီပေးမယ်။"
ဝေ့ဝူက ရက်စက်စွာ ပြုံးလိုက်ပြီးဆိုလိုက်သည်။
သူသည် မီးစက်ကို ထိုလူထံသို့ ချိန်ရွယ်ကာ လျှပ်စစ်ဓာတ်အား လွှတ်လိုက်သည်။ ချက်ချင်းပင် လျှပ်စီးအလင်းတန်းက ထွက်ပေါ်သွားပြီး ထိုလူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားခဲ့သည်။
ဝေ့ဝူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လွတ်မြောက်ရန် အခွင့်အရေးကို အသုံးချမည်အပြုတွင် အဝေးသို့ လှည့်ကြည့်လိုက်မိသည်။ တခြားကျင့်ကြံသူများဖြစ်ကြသည့် ချူလန်ဖုန်း ပိုင်ကျန့်ဟန် နှင့် ချန်ကျောက်မိသားစု မှ လူများသည် မိစ္ဆာဝိဉာဥ်များ၏ ဝိုင်းရံမှုကို ခံနေရသည့်တိုင် အလယ်ဗဟိုနေရာသို့ ဦးတည်ရွေ့လျားနေကြသည်ကို မြင်လိုက်ရသည်။
သူ အံ့သြသွားပြီး သေချာကြည့်လိုက်ရာ အလယ်ဗဟိုတွင် မီတာရာချီ ကျယ်ဝန်းသော အက်ကြောင်းကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအက်ကြောင်းအောက်တွင် ကြီးမားလှသော အရာတစ်ခုက ကူးခတ်နေပုံရသည်။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ နဂါးဖြူတစ်ကောင်ကဲ့သို့ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေပြီး အလွန်တရာ ကြီးမားလှသော စိတ်ဝိဉာဥ်ချီများက ဝေဝါးစွာ ပျံ့နှံ့နေသည်။
"ဝိဉာဥ်သွေးကြော..."
ဝေ့ဝူ၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့သည်။