အခန်း ၈၀
Vol. 8 Ch. 80
အခန်း ၈၀- မျိုးရိုးဗီဇကျမ်း၏ ထူးခြားဆန်းပြားမှု။
ဟွမ်ရန်တောင်သို့ ရောက်ရှိသောအခါဝေ့ကျင်းပေါ်သည် ဝေ့ဝူကို ရုတ်တရက် လှမ်းခေါ်လိုက်ပြီး ၎င်းတို့နှစ်ဦးစလုံး ဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားခဲ့ကြသည်။
"ဝူအာ... မင်းက ဟို ချောင်ချောင်ဟုတ်တယ်မလား။"
ဝေ့ဝူထိတ်လန့်သွားပြီး ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားခဲ့သည်။
"တကယ်တော့ ပြီးခဲ့တဲ့တစ်ခါ မင်း မန်ရှင်းဆေး ငါးလုံး ယူလာပေးကတည်းက ငါ မင်းကို သံသယဝင်ခဲ့တာ။ ဒီတစ်ခါ မင်းလက်ထဲမှာ ရိုးကူပန်း ပါ ရှိနေတယ်ဆိုတော့ ဒါက တခြားသူ ဖြစ်စရာအကြောင်းကို မရှိတော့တာ။"
ဝေ့ဝူလျူမိသားစုထံ ရောက်ရှိနေသည့် အချိန်အတွင်း ဝေ့ကျင်းပေါ်သည် ထျန်ရှင်းတောင်တွင် ချောင်ချောင်ပြုလုပ်ခဲ့သမျှကို ကြားသိခဲ့ရခြင်း ဖြစ်သည်။
ဝေ့ဝူသည် အနည်းငယ် စိုးရိမ်ပူပန်မိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ မင်း ဘာမှစိုးရိမ်စရာမလိုပါဘူး။ မိသားစုထဲမှာ မင်း ရှီတင်းတောင် ကို သွားခဲ့တာကို သိတဲ့ အကြီးအကဲ အနည်းငယ်ပဲ ရှိတာ ပြီးတော့ သူတို့အားလုံးက လုံးဝ ယုံကြည်စိတ်ချရတဲ့သူတွေ။ နောက်ပြီးရင် ငါ လူတွေကို သတင်းလွှင့်ခိုင်းလိုက်မယ်။ ငါတို့ သောက်သုံးခဲ့တဲ့ မန်ရှင်းဆေးတွေကို နေရာအသီးသီးကနေ တစ်လုံးချင်းစီ လိုက်ဝယ်ခဲ့တာ စုစုပေါင်း ခုနစ်လုံးရှိပြီး အဲဒီထဲက ငါးယောက်ပဲ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့တာလို့ပေါ့။ ဒါမှ တခြားသူတွေက ဒီဖြစ်ရပ်ကနေတစ်ဆင့် ငါတို့ကို သံသယမဝင်နိုင်မှာ။"
ဝေ့ဝူခေါင်းညိတ်လိုက်သည်။ ဤနည်းလမ်းတစ်ခုသာ ရှိပေတော့မည်။
မန်ရှင်းဆေး ငါးလုံးအား ရရှိပြီး ဝေ့ကျင်းပေါ် နှင့် တခြားသူများကို အဆင့်တက်လှမ်းခွင့် ပေးခဲ့ခြင်းမှာ တကယ်ပင် ကြီးမားသော ဟာကွက်တစ်ခု ဖြစ်သော်လည်း တခြားနည်းလမ်းမရှိခဲ့ပေ။
မန်ရှင်းဆေးများကို ရရှိလာသည်မှာ အသုံးပြုရန်အတွက်သာ မဟုတ်ပါလား။
တစ်လှမ်းချင်းစီသာ သွားရပေမည်။ အနီးနားရှိ အင်အားစုများအနေဖြင့် ဝေ့မိသားစုတွင် မန်ရှင်းအဆင့်ကျင့်ကြံသူ အနည်းငယ် ပိုမိုများပြားလာသည်ကို မြင်တွေ့ရပြီး ထူးဆန်းသည်ဟု ခံစားရလျှင်ပင် သူ ရှီတင်းတောင်သို့ သွားခဲ့သည်ကို ၎င်းတို့ မသိရှိကြသဖြင့် ၎င်းကို ချောင်ချောင်နှင့် ချိတ်ဆက်တွေးတောမိကြမည် မဟုတ်ပေ။
လျူရှုယွီနှင့် ပတ်သက်၍မူ သူ့ကို လုံးဝ ဥဿုံ ယုံကြည်စိတ်ချနိုင်သည်။
"ဒါဆို... မင်း ကျိုးကျုံး နဲ့ ရှောင်းယီအပြင် ထိုလူပေါင်းသုံးဆယ်ကျော်ကို သတ်ခဲ့တာက..."
"မိသားစုအတွက် ဒေါသအနည်းငယ် ဖြေဖျောက်ပေးရုံပါပဲ။"
"ကောင်းတယ် အရမ်းကောင်းတယ်။"
"ဒါနဲ့ ဝူအာ... ဟို ယွီချန့်ရန်ဆိုတဲ့ မိန်းကလေးကကော..."
"ကျွန်တော် မဟုတ်ဘူးနော်။"
သူ အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။
...
ထို့နောက် လျူရှုယွီသည် ရိုးကူပန်းကို စတင်ပြုပြင်စီမံတော့သည်။
ဝေ့ဝူသည် ဤအရာနှင့် ပတ်သက်၍ ဘာမျှမသိသဖြင့် ပစ္စည်းများ အနီးကပ် လှမ်းပေးခြင်း သို့မဟုတ် ဝိဉာဉ်ချီပံ့ပိုးပေးခြင်း စသည်ဖြင့် ဘေးမှသာ ကူညီပေးနိုင်ခဲ့သည်။
လျူရှုယွီသည် ရိုးကူပန်းကို ဆေးအောက်ခံပစ္စည်းနှင့်အတူ ပေါင်းစပ်ကာ မည်းနက်သော ရိုးကူပန်းဆေးပြစ်များအဖြစ် အိုးကြီးတစ်လုံးအတွင်းသို့ ထည့်သွင်းလိုက်သည်။
"အထဲကိုသွားပြီး ဒါတွေကို သူတို့အပေါ် သုံးကြစို့။"
ကျားယီအတွင်းသို့ ရောက်ရှိသောအခါဝေ့မိသားစုဝင်အများအပြား ထိုနေရာတွင် ဒဏ်ရာကုသနေကြသည်။
လျူရှုယွီက ဝေ့ဝူအား ဒဏ်ရာရရှိထားသည့် နေရာများရှိ အသားနှင့် အရိုးများအတွင်းသို့ ရိုးကူပန်း ဆေးပြစ်များ ပေါင်းစပ်ဝင်ရောက်သွားစေရန် ဝိဉာဉ်ချီကို အသုံးပြုခိုင်းလိုက်သည်။
သူတို့သည် နက်ရှိုင်းလှသော ဒဏ်ရာများမှ အသားစများ မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရှိန်အဟုန်ဖြင့် ချက်ချင်း ပြန်လည်ပေါက်ဖွားလာသည်ကို မြင်တွေ့လိုက်ရသည်။
ဝေ့ဝူအလွန်တရာ ဝမ်းမြောက်သွားခဲ့သည်။
သူသည် ဦးလေးဖြစ်သူ ဝေ့ဆန်း၏ ဘေးသို့ လျှောက်လှမ်းသွားခဲ့သည်။
ဦးလေး ဝေ့ဆန်းမှာ သူ၏ ညာဘက်လက်မောင်း ဖြတ်တောက်ခံထားရခြင်း ဖြစ်ပြီး ခန္ဓာကိုယ် ဒဏ်ရာရရုံသာမက သူ၏ နှလုံးသားမှာလည်း မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဦးလေးဝေ့ဆန်း... မလှုပ်ပါနဲ့။ ငါ့ဆီမှာ ဦးလေးရဲ့ လက်မောင်းကို ပြန်ပေါက်လာစေနိုင်တဲ့ ဆေးရှိပါတယ်။"
ဦးလေး ဝေ့ဆန်း အလွန်စိတ်လှုပ်ရှားသွားပြီး မလှုပ်ရဲဘဲ နေခဲ့သည်။
ဝေ့ဝူသည် ရိုးကူပန်းဆေးပြစ်များကို ဦးလေး ဝေ့ဆန်း၏ ညာဘက်ပုခုံးပေါ်တွင် သုတ်လိမ်းပေးလိုက်ရာ ၎င်းက ချက်ချင်း စုပ်ယူသွားခဲ့သည်။
အံ့ဩဖွယ်ရာ ကောင်းလှသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ လက်မောင်းသည် မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရှိန်အဟုန်ဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းသည် တကယ့်ကို သေလူကို ပြန်ရှင်စေပြီး အရိုးပေါ်တွင် အသားပြန်ပေါက်စေခြင်းပင် ဖြစ်သည်။
"ဝေ့ဝူ... မင်း ငါ့အပေါ် ကြီးမားတဲ့ ကျေးဇူးကို ပြုလိုက်တာပဲ။"
ဦးလေး ဝေ့ဆန်းကို ကုသပေးပြီးနောက် ရိုးကူပန်းဆေးပြစ်များ၏ ထက်ဝက်ကျော်မှာ ကုန်ဆုံးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ ဒဏ်ရာရသူအားလုံးအတွက် လုံလောက်ခဲ့ပြီး ဒုတိယအကြီးအကဲ ဝေ့ဒုံချန် ပင်လျှင် အများစု ပြန်လည်ကောင်းမွန်လာခဲ့သည်။
မကြာမီ ဝေ့မိသားစုဝင်များ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများမှာ သက်သာပျောက်ကင်းသွားခဲ့သည်။ နောက်ထပ် ကျန်ရှိသည်မှာ ၎င်းတို့၏ စွမ်းအင်ကြောများနှင့် စိတ်ဝိဉာဥ် ဒဏ်ရာများဖြစ်ပြီး ၎င်းတို့အတွက်မူ ဆက်လက်ကုသမှုများ လိုအပ်မည်ဖြစ်သည်။
ဘိုးဘေးဝေ့ချွမ်ဟဲက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"ဝူအာ... မင်းကြောင့်သာ မဟုတ်ရင် ဒီ ရိုးကူပန်းသာ မရှိရင်... ဟူး..."
"အကြီးအကဲတွေက မိသားစုကို အသက်ပေးကာကွယ်ဖို့ ကျိန်ဆိုထားကြတာပဲ ကျွန်တော်လုပ်ခဲ့တာတွေက ဘာမှမဟုတ်ပါဘူး။"
သို့သော်လည်း...ဝေ့ဝူသည် သတိမေ့မြောနေဆဲဖြစ်သော ဝေ့ကျွင်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဝေ့ကျွင်းချန်၏ စိတ်ဝိဉာဥ်ဒဏ်ရာမှာ အလွန်အမင်း ပြင်းထန်လှသဖြင့် သူသည် အနာဂတ်တွင် ပြန်လည်နိုးထလာနိုင်ခြင်း ရှိမရှိပင် မသေချာလှပေ။
"ဒါဆို သူက လူနာတင်ကုတင်ပေါ်မှာပဲ အသက်ရှင်နေရတဲ့ အပင်တစ်ပင်လို ဖြစ်သွားတော့မှာလား။"
ဝေ့ဝူအလွန်စိုးရိမ်သွားခဲ့သည်။
သူသည်လျူရှုယွီကို မေးမြန်းကြည့်ရာ လျူရှုယွီက စိတ်ဝိဉာဥ်နှင့် ပတ်သက်သည့် ဒဏ်ရာများသည် စိတ်ဝိဉာဥ်အတွက် သီးသန့်ဆေးဝါးများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ထိုကဲ့သို့သော ဆေးဝါးများသည် များသောအားဖြင့် အလွန်တရာ တန်ဖိုးကြီးလှသည်။
အကြောင်းမှာ စိတ်ဝိဉာဥ်အတွက် ဆေးဝါးများကို များသောအားဖြင့် လင်းထိုင်အဆင့်ရှိ စွမ်းအားရှင်များသာ အသုံးပြုလေ့ရှိသောကြောင့် ဖြစ်သည်။ ၎င်းမှာ အဆင့်မြင့်ပစ္စည်းဖြစ်ပြီး ရှာဖွေရန် ခက်ခဲကာ တစ်ခါတစ်ရံတွင် စျေးဖြတ်၍ပင် မရနိုင်ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝေ့ဝူ သည် ကမ္ဘာမြေ ဆီသို့ မျက်စိကျမိသွားခဲ့သည်။
ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိဉာဥ်ဆိုသည်မှာ ကမ္ဘာမြေ၏ အခေါ်အဝေါ်အရဆိုလျှင် စိတ်ပိုင်းဆိုင်ရာနှင့် တူညီသင့်သည်။
သူသည် စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများသည် ဦးလေးကျွင်းချန်၏ ဒဏ်ရာအတွက် အသုံးဝင်မလားဟု တွေးတောမိသည်။
၎င်းက စမ်းသပ်ကြည့်ရန် ထိုက်တန်ပေသည်။
ယခင်က ဝေ့မိသားစုသည် မကြာမီ ကြုံတွေ့ရတော့မည့် ကပ်ဘေးကြီးမျိုးနှင့် မကြုံတွေ့ခဲ့ရသဖြင့် ဝေ့ဝူ၏ ကမ္ဘာမြေသို့ သွားရောက်သည့် စိတ်နေစိတ်ထားမှာ အနည်းငယ် ပေါ့ဆနေခဲ့ပြီး ကစားစရာသဖွယ်ပင် ဖြစ်နေခဲ့သည်။
ယခု ပြန်လည်တွေးတောမိသောအခါ သူသည် အလွန်တရာ နောင်တရမိပြီး မိမိ၏ အမျိုးအနွယ်များကို အားနာမိသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ သူသာ တိုက်ရိုက်တိုက်ခိုက်ရေးစွမ်းအားအချို့ဖြစ်သည့် ရှောင်ချီဒါဇင်ဝက်ခန့် သို့မဟုတ် လီယို ဒါဇင်ဝက်ခန့်ကို ယူဆောင်လာနိုင်ခဲ့ပါက ဝေ့မိသားစုသည် ဤတစ်ကြိမ်တွင် ဤမျှလောက် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရပါမည်နည်း။
ဝေ့ဝူကိုယ်ကိုယ်ကိုယ် အပြစ်တင်မိနေခဲ့သည်။
"ဒါဆို ဒီတစ်ခါ ပြန်လာရင် ငါ ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ဆေးဝါးတွေကို ယူဆောင်လာဖို့ ကြိုးစားမယ် ဒုတိယအနေနဲ့ ချက်ချင်း တိုက်ခိုက်ရေးစွမ်းအား ဖြစ်လာနိုင်တဲ့ အရာတွေ နောက်ဆုံးအနေနဲ့ စာအုပ်တွေ ဒါမှမဟုတ် ဝိဉာဉ်ရတနာတွေကို ယူလာမယ်။"
သို့သော်လည်း ၎င်းက အလွန်အမင်း အခက်အခဲရှိလှသည်။
အကြောင်းမှာ ကမ္ဘာမြေမှ ပစ္စည်းများသည် ဤနေရာသို့ ရောက်ရှိလာသောအခါ မည်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားမည်ကို ဝေ့ဝူ အနေဖြင့် တကယ်ကို မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။
သူ ယခင်က အတည်ပြုပြီးသားဖြစ်သည့်အရာများ ငှက်၊ လီယို တို့ကိုသာ ထပ်မံယူဆောင်လာရမည်လော။
ယခင်က သူယူဆောင်လာခဲ့ဖူးသည့် ပစ္စည်းများအကြောင်း ပြောရလျှင် ဝေ့ဝူ သည် ဤတစ်ကြိမ်တွင် ပေါက်စီ များကို ပိုမိုယူဆောင်လာရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းမှာ ပေါက်စီများသည် ကြီးထွားရန် အချိန်စောင့်ဆိုင်းရန် မလိုဘဲ လူတစ်ဦး၏ *ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ဝေ့မိသားစုတစ်ခုလုံးသာ ဤတစ်ကြိမ်တွင် ချီသန့်စင်ခြင်း အဆင့် ၉၌ ရှိနေခဲ့ပါက ၎င်းတို့သည် ဤအကျပ်အတည်းကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့မည် ဖြစ်သည်။
"နှမြောစရာကောင်းတာက ငါက မန်ရှင်းအဆင့် ၁ကိုပဲ ရောက်ခါစရှိသေးတာ။ အခုက ဒုတိယအဆင့်ကို ရောက်ဖို့ အချိန်လိုသေးတော့ ငါ့အနေနဲ့ ကမ္ဘာမြေမှာ နေထိုင်နိုင်တဲ့ အချိန် ဒါမှမဟုတ် ငါပြန်ယူလာနိုင်တဲ့ ပစ္စည်းတွေရဲ့ အလေးချိန်ကို တိုးမြှင့်လို့ မရသေးဘူး။"
လူတိုင်း၏ ဒဏ်ရာများမှာ သက်သာလာပြီး လှုပ်ရှားနိုင်လာကြပြီ ဖြစ်သောကြောင့် မူလက လေဖြတ်ထားသကဲ့သို့ ဖြစ်နေသော ဝေ့မိသားစုသည် ဖြည်းဖြည်းချင်း ပြန်လည်လည်ပတ်လာခဲ့သည်။
ဤနေ့တွင် မိုးကောင်းကင်မှာ အုံ့မှိုင်းနေပြီး ဝေ့မိသားစု၏ ကျင့်ကြံသူအားလုံးနှင့် လူသား များထဲမှ အရေးကြီးသော ပုဂ္ဂိုလ်အချို့သည် ချန်ချွမ်တောင်၏ နောက်ဘက်တွင် စုဝေးခဲ့ကြသည်။
ဤနေရာတွင် ယဇ်ပလ္လင်တစ်ခု ရှိနေသည်။
ယခုအချိန်တွင် ပြုလုပ်နေသည်မှာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သော အမျိုးအနွယ်များကို ဝမ်းနည်းပူဆွေးခြင်း အခမ်းအနား ဖြစ်သည်။
ဤဘေးဒုက္ခတွင် ဝေ့မိသားစု ကျင့်ကြံသူ ခုနစ်ဦး သေဆုံးခဲ့ရပြီး ပရမ်းပတာ ဖြစ်ရပ်များအတွင်း လူသားတစ်ရာကျော် သေဆုံးခဲ့ရသည်။
ရလဒ်အနေဖြင့် ဝေ့မိသားစုကျင့်ကြံသူ အရေအတွက်မှာ လေးဆယ်ကျော်မျှသာ ကျန်ရှိတော့သည်။
သို့သော်လည်း ဝေ့ဝူသည် သူရရှိခဲ့သည့် ဝိဉာဉ်သွေးကြောကို တွေးမိလိုက်သည်။
ဝိဉာဉ်သွေးကြော၏ လုပ်ဆောင်ချက်မှာ သိပ်သည်းသော ဝိဉာဉ်ချီများကို ပေးစွမ်းရန်တင်မကပေ။ အကယ်၍ ထိုမျှသာဆိုလျှင် ဝေ့ဝူအနေဖြင့် ၎င်းကို လုယူရန် သူ၏ အသက်ကို စွန့်စားခဲ့မည် မဟုတ်ပေ။
အကြောင်းမှာ အနာဂတ်တွင် ကန်စွန်းဥစိုက်ပျိုးမှု တိုးချဲ့လာသည်နှင့်အမျှ ဝိဉာဉ်ချီသည် ပြဿနာတစ်ခု ဖြစ်လာတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။
၎င်း၏ ပိုမိုအရေးကြီးသော လုပ်ဆောင်ချက်များမှာ ပထမဆုံးအနေဖြင့် မိသားစုတစ်ခုလုံးထံသို့ ကံကောင်းခြင်းများကို ယူဆောင်လာပေးခြင်း ဖြစ်သည်။
ဒုတိယအနေဖြင့် ဝိဉာဉ်သွေးကြော၏ လွှမ်းမိုးမှုရှိသော ပတ်ဝန်းကျင်တွင် ရေရှည်နေထိုင်ခြင်းဖြင့် ကျင့်ကြံသူများနှင့် သာမန်လူများ၏ ခန္ဓာကိုယ်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ပိုမိုအရေးကြီးသော အချက်တစ်ခုမှာ ၎င်းသည် မွေးကင်းစကလေးငယ်များတွင် ဝိဉာဉ်စွမ်းအင်ဝင်ပေါက်ပါရှိလာနိုင်မည့် အလားအလာကို မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်သည်။
ထိုအင်အားစုကြီးများ၏ အဖွဲ့ဝင်အားလုံးသည် အဘယ်ကြောင့် ကျင့်ကြံသူများ ဖြစ်နေကြသနည်း။ အကြောင်းရင်းမှာ ဤအချက်၌ပင် ရှိနေသည်။
ဝေ့မိသားစုတစ်ခုတည်းကို ကြည့်လျှင်ပင် ၎င်းတို့၌ ဆယ်မိုင်ခန့် ရှည်လျားသော ဝိဉာဉ်သွေးကြောအသေးစားတစ်ခု ရှိသည်။ အမျိုးအနွယ်တစ်ဦးဦးတွင် ကိုယ်ဝန်ရှိလာလျှင် သို့မဟုတ် ကလေးယူရန် စီစဉ်လျှင် ၎င်းတို့ကို ဝိဉာဉ်တောင်ပေါ်တွင် လာရောက်နေထိုင်စေသည်။
ထို့ကြောင့် အမျိုးအနွယ်များ ကျင့်ကြံနိုင်စွမ်း ရှိလာမည့် အလားအလာမှာ သာမန်လူသားများထက် များစွာပိုမိုမြင့်မားသည်။
ကျင့်ကြံသူ အရေအတွက်ကို တိုးမြှင့်ရန်အတွက် ဝိဉာဉ်သွေးကြောသည် အလွန်တရာ အရေးကြီးပေလိမ့်မည်။
ဤပူဇော်ပသမှုကို ဘိုးဘေးဝေ့ချွမ်ဟဲ က ဦးဆောင်ခဲ့သည်။
ထိုအချိန်တွင် မိုးကောင်းကင်မှာ တိမ်ထူထပ်နေပြီး မြေပြင်မှာ ကျယ်ပြောလှကာ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေခဲ့သည်။
ဝေ့မိသားစုဝင်အားလုံးမှာ တည်ငြိမ်သော အမူအရာများနှင့် ဝမ်းနည်းပူဆွေးသော မျက်နှာများ ရှိနေကြသည်။
ယဇ်ပလ္လင်ပေါ်တွင် ဝိဉာဉ်အထိမ်းအမှတ် ကမ္ပည်းပြားများကို တစ်ခုပြီးတစ်ခု တင်ထားကြသည်။ ဤလူများသည် မိသားစု ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသူများ ဖြစ်သည်။
လူသားများပင်လျှင် မိသားစု၏ ပတ်သက်ဆက်နွှယ်မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ပုံမှန်ရက်များတွင် အတူတူ ရှင်သန်ကြပြီး ရယ်မောခဲ့ကြသည့် ထင်ရှားသော မျက်နှာများကို ယခုအခါ မမြင်တွေ့နိုင်တော့သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးနေခဲ့သည်။
လှူဖွယ်ပစ္စည်းများကို ဆက်သပြီးနောက် ဝေ့ကျင်းပေါ်သည် မိသားစုခေါင်းဆောင်အနေဖြင့် ပူဇော်သက္ကာစာသားကို ရွတ်ဖတ်ခဲ့သည်။
"တာအိုမင်းခေတ် သက္ကရာဇ် ၁၈,၃၇၁ ခုနှစ်၊ ဘင်းယင်နှစ်၊ စတုတ္ထမြောက်လ၏ တစ်ဆယ့်ကိုးရက်မြောက်နေ့..."
"...ကျွန်ုပ်တို့၏ မိသားစုသည် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး ရက်စက်ကြမ်းကြုတ်သော ရန်သူများသည် ကျွန်ုပ်တို့ကို လာရောက်နှိပ်စက်ခဲ့ကြသည်..."
"...၎င်းတို့၏ ခန္ဓာကိုယ်များ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့၏ ရဲရင့်သော ဝိဉာဉ်များသည် ထာဝရ ရှင်သန်နေပေလိမ့်မည်..."
ဤနေရာတွင် ဖော်ပြထားသော တာအိုမင်းခေတ် သက္ကရာဇ် ၁၈,၃၇၁ ခုနှစ် ဆိုသည်မှာ ဝေးကွာလှသော မဟာယွမ်မင်းဆက် ၏ နန်းစံနှစ် ဖြစ်သည်။
အမှန်တကယ်တော့ ချူပြည်နယ်သည် မဟာယွမ်မင်းဆက်အတွင်း၌ ရှိမနေသကဲ့သို့ ၎င်း၏ အုပ်ချုပ်မှုအောက်တွင်လည်း မရှိပေ။ ၎င်း၏ နန်းစံနှစ်ကိုသာ အသုံးပြုခြင်း ဖြစ်သည်။
အကယ်၍ မဟာယွမ်မင်းဆက်က ဘယ်မှာလဲဟု တစ်စုံတစ်ယောက်ကို မေးမြန်းပါက ၎င်းတို့က အနောက်ဘက်။ အနောက်ဘက်။ ဟုသာ ပြောကြပေလိမ့်မည်။
အနောက်ဘက်တွင် အတိအကျ မည်မျှဝေးကွာကြောင်းကိုမူ မည်သူမျှမသိကြပေ။
ပူဇော်သက္ကာစာသား ပြီးဆုံးသွားသောအခါ လူတိုင်း၏ စိတ်ခံစားချက်များမှာ လှုံ့ဆော်ခြင်း ခံလိုက်ရသည်။ ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမှု၊ ကျေးဇူးတင်မှု၊ မိသားစု ဂုဏ်သိက္ခာအားလုံးမှာ တရှိန်ထိုး တက်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ဘဝဆက်တိုင်းတွင် ဝေ့မိသားစုဝင်များအဖြစ်သာ ဖြစ်တည်လိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။
ဤကဲ့သို့သော ပူဇော်ပသမှုသည် သေဆုံးသူများကို ဝမ်းနည်းပူဆွေးရန်အတွက်သာမက မိသားစုကို စည်းလုံးညီညွတ်စေရန်အတွက်လည်း အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်သည်။
အတိအကျ ထိုအချိန်၌ပင် ဝေ့ဝူ ၏ စိတ်ထဲရှိမျိုးရိုးဗီဇကျမ်းသည် ရုတ်တရက် ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် ဝေဝါးသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းကို သူတစ်ဦးတည်းသာ မြင်တွေ့နိုင်ကာ ဝေ့မိသားစုဝင်တိုင်းကို လွှမ်းခြုံထားပြီး ချန်ချွမ်တောင်၏ ပြင်ပသို့ပါ ပျံသန်းသွားကာ ထိုနေရာတွင် ရှိမနေသည့် တခြားသောအမျိုးအနွယ်များကို လိုက်လံရှာဖွေနေခဲ့သည်။
ဝေ့ဝူကိုယ်တိုင်လည်း ထိုအလင်းတန်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး အေးမြသော ခံစားမှုတစ်ခု သူ့အပေါ်သို့ စီးဆင်းသွားခဲ့သည်။
"ဟင်..."
ဝေ့ဝူထိတ်လန့်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ခု ကွဲအက်သွားပြီး ပိတ်ဆို့မှုများ ပွင့်ထွက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။
"ဒါက..."
ဝေ့ဝူ၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ပြီး သူ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ဝိဉာဉ်စွမ်းအင်ဝင်ပေါက်လား။ ငါ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ ဝိဉာဉ်စွမ်းအင်ဝင်ပေါက် အပိုတစ်ခု ထပ်ပေါ်လာတာလဲ။"
သူ မော့ကြည့်လိုက်သောအခါ လူပေါင်းများစွာလည်း အံ့ဩတုန်လှုပ်နေကြသည့် မျက်နှာများကို တွေ့လိုက်ရသည်။
"ငါတစ်ယောက်တည်း မဟုတ်ဘူးလား။"
သူ ပိုမို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။
ဝိဉာဉ်စွမ်းအင်ဝင်ပေါက် ဆိုသည်မှာ နောက်ပြောင်စရာ ကိစ္စတစ်ခု မဟုတ်ပေ။