← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂ - ရေရှည်ဝန်ထမ်းလေးအား လက်အောက်သွင်းခြင်း။

ဝေ့ဝူ သည် ရေဘုံဘိုင်ခေါင်းကို ဖွင့်ကာ ဆံပင်ကို မြင်းမြီးဆွဲ စည်းထားသည့် မှန်ထဲမှ မိမိကိုယ်ကိုယ် ကြည့်ရင်း မျက်နှာကို ရေဆွတ်လိုက်သည်။

သူသည် တီရှပ်​အားကစားဘောင်းဘီရှည်နှင့် ဖိနပ်တို့ကို လဲလှယ်ဝတ်ဆင်ထားသော်လည်း ဤဆံပင်အရှည်ကြီးကိုတော့ ဒီအတိုင်း ဖြတ်ပစ်လိုက်၍ မရပါချေ။ သို့သော်လည်း ဤဆံပင်ပုံစံသည် သူ၏ ချောမောခန့်ညားသော မျက်နှာကျနှင့် ပေါင်းစပ်လိုက်သောအခါ ရှေးခေတ်က လာသည့် အင်မတန် ချောမောလှပသော သခင်လေးတစ်ဦး၏ အငွေ့အသက်ကို အပြည့်အဝ ပေးစွမ်းနေသည်။

သူသည် စနစ် ကို မေးမြန်းထားပြီး ဖြစ်ရာ မိမိအနေဖြင့် မန်ရှင်းအဆင့် ၂ သို့ အဆင့်တက်လှမ်းပြီးနောက်တွင် ကမ္ဘာနှစ်ခုကြားလမ်းကြောင်း သည် နှစ်လလျှင်တစ်ကြိမ် ငါးရက်ကြာ ပွင့်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် နှစ်နာရီခွဲကြာ နေထိုင်ခွင့်ရကာ ပစ္စည်းသယ်ဆောင်ခွင့်မှာ ၁၃ ပိဿာ​ထက်မပိုစေရဟု သိထားသည်။

မန်ရှင်း ၁ ထပ် အဆင့်နှင့် နှိုင်းယှဉ်ပါက ကြာချိန်မှာ ငါးရက် လျော့နည်းသွားပြီးနေထိုင်ချိန် မိနစ် ၃၀ တိုးလာကာ သယ်ဆောင်နိုင်သည့် အလေးချိန်မှာ ၅ ပိဿာ တိုးလာခဲ့သည်။

သယ်ဆောင်နိုင်စွမ်း တိုးလာမှုမှာ အလွန်ပင် ကြီးမားလှသည်။ မူလက ၈ ပိဿာသာ ရသဖြင့် တိုးလာသည့် ၅ ပိသာကို ၈ နှင့် စားပါက တိုးတက်မှုနှုန်းမှာ ၆၂.၅% အထိ ရှိသည်။ နောက်နောင်တွင်လည်း ယခုကဲ့သို့ပင် သိသိသာသာ တိုးတက်လာလိမ့်မည်ဟု သူ မျှော်လင့်မိသည်။

"ဟူး... ရာချီ​ထောင်ချီ သယ်နိုင်မယ့်အဆင့်ကို ဘယ်တော့မှ ရောက်ပါ့မလဲ။"

ကံကောင်းသည်မှာ ကျင့်ကြံခြင်းလမ်းခရီးသည် ရှည်လျားလှသည်။ အကယ်၍ တစ်နေ့တွင် သူသည် မသေမျိုးအဖြစ် ပျံတက်နိုင်ခဲ့လျှင်သို့မဟုတ် ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ် ပင် ဖြစ်လာခဲ့လျှင် ကမ္ဘာမြေတစ်ခုလုံးကိုပါ ဒီဘက်သို့ သယ်ဆောင်လာနိုင်မလား မပြောတတ်ပေ။

လက်တွေ့တွင်မူ မသေမျိုးဧကရာဇ်ဆိုသည်မှာ ယေဘုယျ အခေါ်အဝေါ်မျှသာ ဖြစ်သည်။ ထိုသို့သော တည်ရှိမှုမျိုး တကယ်ရှိမရှိကိုပင် သူ မသိသေးချေ။ ရှိကောင်းရှိနိုင်သော်လည်း မသေမျိုးဧကရာဇ်ဟု ခေါ်ချင်မှ ခေါ်ပေလိမ့်မည်။

ညဦးပိုင်း အချိန်မျှသာ ရှိသေးသည်။ လမ်းမီးတိုင်များမှာ အလွန်လင်းထိန်နေပြီး လူသွားလမ်းပေါ်တွင် လူများ တဖွဲဖွဲ သွားလာနေကြကာ လူ့လောက၏ နေ့စဉ်ဘဝ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သူ ကမ္ဘာမြေသို့ ရောက်ရှိလာသောအခါ သူ၏ ဖုန်းသည် သာမန်ဖုန်းအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကြည့်လိုက်ရာ ဖုန်းတွင် ပါလာသည့် ကြော်ငြာပုံအနည်းငယ်မှလွဲ၍ သီးသန့်အရာဟူ၍ ဗီဒီယိုတစ်ခုသာ ရှိသည်။

နှိပ်၍ ကြည့်လိုက်ရာ ထိုဗီဒီယိုမှာ ကျောက်ဂူထဲက အောက်တန်းကျလှသော မြင်ကွင်းပင် ဖြစ်သည်။

"အာ... ဒါက..."

ဝေ့ဝူ လျှာအာခေါင်ခြောက်သွားရသည်။

"ယွီချန့်ယန်က ဒီလောက်လှတာ၊ ပြီးတော့ ဒီဗီဒီယိုကလည်း ဒီလောက် ပေါက်ကွဲအားပြင်းနေတာပဲ။ အကယ်၍ ငါသာ ဒါကို ရောင်းလိုက်ရင် သေချာပေါက် လူကြိုက်များမှာပဲ။"

သို့သော် ဝေ့ဝူသည် ထိုသို့ လုံးဝပြုလုပ်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းသည် တရားမဝင်သောကြောင့် ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းလောကတွင် ခုနစ်နှစ်—အော်... အခု တွက်ကြည့်ရင် ရှစ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း ဝေ့ဝူ၏ ဥပဒေအသိစိတ်မှာ ပျောက်ကွယ်မသွားသေးချေ။

"ဒါပေမဲ့.."

ဝေ့ဝူသည် ဖုန်းကို ကြည့်ရင်း အလေးအနက် တွေးတောနေမိသည်။

"ငါက ကျင့်ကြံခြင်းလောကမှာ ဗီဒီယိုရိုက်ပြီး ဒီဘက်ကို ယူလာလို့ရနေမှတော့... ငါ ကျင့်ကြံခြင်းဗီဒီယိုတချို့ ရိုက်ပြီးတော့ Youkuဒါမှမဟုတ် ထူတို Tudouပေါ် တင်လိုက်ရင် သေချာပေါက် လူကြည့်အများဆုံး ဖြစ်သွားမှာပဲ။"

သနားစရာကောင်းသော ဝေ့ဝူမှာမူ ထိုဗီဒီယိုဝက်ဘ်ဆိုက်နှစ်ခုစလုံး ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်းနှင့် ယခုခေတ်မှာBilibiliခေတ် ဖြစ်နေပြီဆိုသည်ကို မသိရှာပေ။

"နောက်မှပဲ ကြည့်ရတော့မယ်။ အရင်ဆုံး ရွှီချင်းချန်ကို ရှာတာ ပိုကောင်းမယ်။ အဲဒီကောင်မလေးက တော်တော်လေး စွမ်းတယ်။ ငါ့ပိုက်ဆံတွေ ယူပြီး ရင်းနှီးမြှုပ်နှံထားတာ ဘယ်လောက်တောင် မြတ်နေပြီလဲ မသိဘူး။"

သူသည် ဝေ့ကျင်းပေါ် နှင့် ဝေ့ကျွင်းချန်တို့အပြင် သူ၏ ဖုန်းထဲတွင် ရှိသော တတိယမြောက် ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင်။

ကုန်စုံဆိုင်လေးတစ်ခု၌။

ရွှီချင်းချန်သည် အနက်ရောင် ဝန်ထမ်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး ခေါင်းငုံ့ထားသည်။ သူ့ရှေ့တွင်မူ ဆံပင်ကို အပေါ်သို့ ပင့်တင်ဖြီးထားသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြင်းထန်သော လေသံဖြင့် ပြောဆိုနေသည်။

"ဆင်ခြေမပေးနဲ့။ ပစ္စည်းတွေက သက်တမ်းကုန်ခါနီးနေပြီကို မင်း ဘာလို့ အချိန်မီ စင်ပေါ်ကနေ မဖယ်ရတာလဲ။ အဲဒီလူတွေက သက်သက် အကွက်ဆင်တာ မှန်ပေမဲ့ မင်းသာ ဒီထက်ပိုပြီး ဂရုစိုက်ရင် ဒါကို ရှောင်လွှဲလို့ရတယ် မဟုတ်ဘူးလား။"

ဖြစ်ပုံမှာ ယနေ့ ရွှီချင်းချန် ဆိုင်စောင့်နေစဉ် လူနှစ်ယောက် ရောက်လာပြီး မနေ့က ဝယ်သွားသည့် ပေါင်မုန့်မှာ သက်တမ်းကုန်နေပြီဟု ဆိုကာ လျော်ကြေးတောင်းကြခြင်း ဖြစ်သည်။ ထိုသို့သော လူမျိုးများသည် ဆိုင်များနှင့် စူပါမားကတ်များတွင် သက်တမ်းကုန်ခါနီး သို့မဟုတ် ကုန်နေသည့် ပစ္စည်းများကို တမင်လိုက်ရှာပြီး ပိုက်ဆံညှစ်တတ်ကြသည်။

ဆိုင်မန်နေဂျာသည် ကိစ္စကြီးကျယ်ကာ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး စီမံခန့်ခွဲမှုဦးစီးဌာန အထိ ရောက်သွားမည်ကို စိုးရိမ်သဖြင့် ကိစ္စအေးစေရန် ယွမ်တစ်ထောင် လျော်ကြေးပေးဖို့ သဘောတူလိုက်ရသည်။ မနေ့ကလည်း ရွှီချင်းချန်သာ တာဝန်ကျခဲ့သဖြင့် ဤလျော်ကြေးငွေကို သူမကသာ စိုက်လျော်ရမည် ဖြစ်သည်။

ရွှီချင်းချန်သည် ခေါင်းလေးငုံ့ကာ အလွန်ဝမ်းနည်းနေပုံရပြီး နှုတ်ခမ်းလေးကို အနည်းငယ် စူထားမိသည်။

ကွက်တိပင် ဖုန်းမြည်လာသည်။

ရွှီချင်းချန် ကြည့်လိုက်ရာ

"ဝေ့ဝူလား။"

သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုတစ်ချို့ ဖြတ်ပြေးသွားသည်။

"မင်း ဘာဖြစ်နေတာလဲ။ ငါ မင်းကို ဆုံးမနေတဲ့အချိန်မှာ ဖုန်းကိုင်ဖို့ အချိန်ရနေသေးတယ်ပေါ့။"

သို့သော် ရွှီချင်းချန်သည် ဤဆိုင်မန်နေဂျာကို ဂရုမစိုက်နိုင်တော့ပေ။ အကြောင်းမှာ ဝေ့ဝူသည် သူမ၏ သူဌေးကြီး ဖြစ်သောကြောင့် ဖြစ်သည်။

"ဟယ်လို။"

ရွှီချင်းချန်က အပြစ်ရှိသလို လေသံဖြင့် ပြောလိုက်သည်။

"မင်း အခု ဘယ်မှာလဲ။ အမြန်လာခဲ့ဦး။ ငါက..."

ဝေ့ဝူသည် လမ်းဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး

"...ရှန်လူဘုရားကျောင်းလမ်း က အများသုံးအိမ်သာနားမှာ။"

"မရဘူးရှင့်။ အခု ကျွန်မ အလုပ်လုပ်နေလို့။"

"အလုပ်။ ဘာအလုပ်လဲ။ မင်းက ငါ့ဆီမှာ အလုပ်လုပ်နေတာလေ​တစ်လ သုံးသောင်း ပေးနေတာ မလောက်သေးဘူးလား။"

"ဒါပေမဲ့..."

"ပိုက်ဆံတွေ အကုန်လုံး မရှိတော့ဘူး။"

"ဘာကို ဆိုလိုတာလဲ။"

"ပိုက်ဆံတွေ အကုန်လုံးကို ကျွန်မ ရှုံးသွားပြီလို့ ပြောတာ။ ရှင့်ကို ပြန်ဆပ်ဖို့ အလုပ်လုပ်နေရတာ။ ကျွန်မ တွက်ကြည့်ပြီးပြီ စုစုပေါင်း ၁.၈၃ သန်း ရှိတယ်။ ကျွန်မ... ကျွန်မ တစ်သက်လုံး အလုပ်လုပ်ပြီး ဆပ်ပါ့မယ်။"

သူမသည် အော်ပြောသည့် လေသံမျိုး သုံးနေသော်လည်း အသံမှာ ကျယ်မလာသဖြင့် ကြည့်ရသည်မှာ အတော်လေး ချစ်စရာကောင်းနေသည်။

"..."

ဝေ့ဝူ အနည်းငယ် ဆွံ့အသွားရသည်။

ရှုံးသွားတာလား။ ဤကောင်မလေးသည် အတော်လေး ထက်မြက်ပြီး လည်ဝယ်ပါလျက်နှင့် ဘယ်လိုလုပ်ပြီး အကုန်လုံးကို တစ်ပြိုင်နက်တည်း ရှုံးပစ်လိုက်ရသနည်း။

သို့သော် ကိစ္စမရှိပေ။ သူ ယခုတစ်ခါတွင်လည်း ရွှေ ၁၀ ပိဿာကျော် ယူလာခဲ့သေးသည်။

"ရတယ်၊ အရင်လာခဲ့ဦး။ မင်းကို ခိုင်းစရာ ရှိလို့။ အလုပ်ကို ထားလိုက်တော့ ထွက်လိုက်။ ငါက မင်းရဲ့ တစ်ဦးတည်းသော သူဌေးပဲ။"

ရွှီချင်းချန်သည် သူ့ကို ပိုက်ဆံအများကြီး အကြွေးတင်နေပြီ ဖြစ်ရာ ဆယ်စုနှစ်ချီပြီး ပြန်ဆပ်ရပေလိမ့်မည်။

"ဒါ... ဒါဆိုလည်း ပြီးရော။"

ရွှီချင်းချန်တွင် နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"မင်း ဘာလုပ်တာလဲ။ အလုပ်ချိန်မပြည့်သေးဘူးလေ။"

ဆိုင်မန်နေဂျာက အော်ပြောလိုက်သည်။

"ကျွန်မ အလုပ်ထွက်ပါပြီ။"

ရွှီချင်းချန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ထွက်မယ် ဟုတ်လား။ ဒါဆိုလည်း ဒီနေ့ အလုပ်ပြီးအောင် လုပ်သွား၊

မဟုတ်ရင် ပြီးခဲ့တဲ့လက လစာကို မပေးဘူး။"

"မရလည်း နေပါစေတော့။"

ရွှီချင်းချန်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ငါက အကြွေးတွေ ဒီလောက်တင်နေတာမျှော်လင့်ချက်တွေ ကုန်နေပါပြီ။

ဝေ့ဝူသည် လမ်းဘေးတွင် စောင့်ဆိုင်းရင်း ချန်ရှင်းမြက်နှင့် ခရမ်းရောင်ပုတီးပိုးကောင်တို့ကို လေ့လာရန် အခွင့်အရေး ယူလိုက်သည်။

ကျင့်ကြံခြင်းလောကမှ လာသော ဤသက်ရှိနှစ်ခုစလုံးသည် ယခုအခါ သူတို့၏ ဝိညာဉ်စွမ်းအင်များ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချန်ရှင်းမြက်မှာ လမ်းဘေးက ပေါင်းမြက်များကဲ့သို့ ဖြစ်သွားပြီး ခရမ်းရောင်ပုတီးပိုးကောင်မှာမူ အနည်းငယ် ထူးခြားကာ ခရမ်းရောင်အလင်းတန်းလေး ဖြာထွက်နေဆဲ ဖြစ်သည်။

သူ ခတ္တမျှ တွေးတောပြီးနောက် ကျောက်ခဲတစ်လုံးကို ခရမ်းရောင်ပုတီးပိုးကောင်ပေါ်သို့ တင်လိုက်သည်။ ထိုအခါ ဤခရမ်းရောင်ပုတီးပိုးကောင်လေးမှာ ချက်ချင်းပင် ဖိညှပ်ပြီး သေဆုံးသွားလေသည်။

"ဟင်။ မင်းက အနည်းဆုံးတော့ အဆင့် ၁ ဝိညာဉ်ဆက်နွှယ်မှုအဆင့် ရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ပဲ သာမန်လူတစ်ယောက်ကိုတောင် သတ်နိုင်တဲ့ တည်ရှိမှုမျိုးက ဘာလို့ ကျောက်ခဲသေးသေးလေးတစ်ခုနဲ့ ဖိရုံနဲ့ သေသွားရတာလဲ။"

မျှော်လင့်ထားသည့်အတိုင်း ကျင့်ကြံခြင်းလောကမှ အရာဝတ္ထုများသည် ကမ္ဘာမြေတွင် အလွန်တရာ နုနယ်လှသည်။ ရွှေမှတစ်ပါး အခြားအရာများမှာ မခံနိုင်ကြချေ။

မူလက ခရမ်းရောင်ပုတီးပိုးကောင် သုံးကောင် ယူလာခဲ့သော်လည်း ယခုအခါ နှစ်ကောင်သာ ကျန်တော့သည်။

ထိုစဉ် ရွှီချင်းချန်သည် သူမ၏ ပန်းရောင်လျှပ်စစ်စကူတာလေးကို စီးကာ ရောက်ရှိလာသည်။

"တောင်းပန်ပါတယ်ရှင့်။"

ရွှီချင်းချန်သည် သူ့ကို မြင်မြင်ချင်းပင် တောင်းပန်လိုက်သည်။

ဝေ့ဝူက အထုပ်ကို သူမထံ ကမ်းပေးလိုက်ပြီး

"ဒီနားမှာအဆာပြေဆိုင်ရှိမရှိ ကြည့်ပြီး ငါ့ကို ခေါ်သွားပေးဦး။"

သူသည် ပေါက်စီများ ဝယ်ယူလိုခြင်း ဖြစ်သည်။ ဤအရာသည် ယခုအချိန်တွင် ဝေ့မိသားစုဝင်များ၏ အစွမ်းကို တိုက်ရိုက်နှင့် အမြန်ဆုံး မြှင့်တင်ပေးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။ ပေါက်စီသာ လုံလောက်အောင် ရှိမည်ဆိုပါက ဝေ့မိသားစု၏ နောင်လာမည့် ကျင့်ကြံခြင်းလမ်းခရီးသည် လျှို့ဝှက်ဆန်းကြယ်အဆင့် ၁ မှ ၈ အထိ ကျော်ခွပြီး အဆင့် ၉ သို့ တိုက်ရိုက် ရောက်ရှိသွားနိုင်မည် ဖြစ်သည်။

ရွှီချင်းချန် အထုပ်ကို လှမ်းယူလိုက်ရာ လက်ထဲတွင် အလေးကြီး ဖြစ်သွားသည်။

ဤရင်းနှီးနေသော ခံစားချက်။

"ဒါ... ဒါကလည်း ရွှေတွေပဲလား။"

"ဟုတ်တယ် စကားအပိုတွေ ပြောမနေနဲ့တော့​မင်းရဲ့ ဖုန်းနဲ့ အဆာပြေဆိုင်ကို အမြန်ရှာစမ်းပါ။"

အဆာပြေဆိုင် တစ်ခုတည်းကသာ ပေါက်စီရောင်းသည် မဟုတ်သော်လည်း ပထမဆုံးရရှိခဲ့သည့် ပေါက်စီများကို ရှာရှန်းအဆာပြေဆိုင်မှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ တခြားနေရာက ပေါက်စီများက အာနိသင် ကွဲပြားသွားမည်ကို စိုးရိမ်သဖြင့် ထိုဆိုင်ခွဲများတွင်သာ ဝယ်ယူရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

"ဒါဆို ကျွန်မ ရှုံးပစ်လိုက်တဲ့ ပိုက်ဆံတွေက..."

"ကိစ္စမရှိဘူး​ဖြည်းဖြည်းချင်းပဲ ပြန်ဆပ်။ နှစ်ချီမလား ဆယ်စုနှစ်ချီမလား​ တစ်သက်လုံးလား အကုန်အဆင်ပြေတယ်။ အတိုးတောင် မယူဘူး။ ဒါနဲ့... ဒီရွှေတွေကို ယူပြီး စီးပွားရေး ဆက်လုပ်ဦး။ ရဲရဲဝံ့ဝံ့သာ လုပ်စမ်းပါ​မင်း ပြန်မြတ်လာရင်လည်း မြတ်လာမှာ​အဲဒါဆိုရင် ငါ့ကို အကြွေးပြန်ဆပ်စရာ မလိုတော့ဘူး။"

ဝေ့ဝူက မြှောက်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

သူသည် စိတ်ထဲတွင်မူ 'သူမ ပိုပြီး ရှုံးလေ ကောင်းလေပဲဒါဆို ရွှီချင်းချန်က ငါ့အတွက် တစ်သက်လုံး အလုပ်လုပ်ပေးရတော့မှာဟု ခိုးတွေးနေမိသည်။ ဤမျှ စိတ်ချရပြီး စိတ်သဘောထားကောင်းကာ အနည်းငယ် အူကြောင်ကြောင်နှင့် ချစ်စရာကောင်းသည့် လူမျိုးကို ရှာဖွေရန် မလွယ်ကူလှပေ။

ရွှီချင်းချန်သည် သူမ၏ ဖုန်းဖြင့် ရှာဖွေကြည့်ရာ အနီးအနားတွင် အဆာပြေဆိုင် နှစ်ဆိုင် ရှိကြောင်း တွေ့ရသည်။

ဝေ့ဝူသည် တစ်ဆိုင်ပြီးတစ်ဆိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ လျှပ်စစ်စကူတာပေါ်တွင် လိုက်စီးရန် ဝေ့ဝူက အကြံပြုသော်လည်း သူမက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။

အကြောင်းပြချက်မှာ ထုံးစံအတိုင်း လူတင်စီးခွင့်မရှိခြင်းနှင့် သူက ဆိုင်ကယ်စီးဦးထုပ်မပါခြင်းကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ရွှီချင်းချန်သည် ဖုန်းဖြင့် စကင်ဖတ်ကာ အများသုံးစက်ဘီးတစ်စီး ငှားပေးလိုက်ရသည်။

ဝေ့ဝူသည် စက်ဘီးမစီးရသည်မှာ ခုနစ်နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း ခတ္တမျှ ကျင့်သားရအောင် စီးကြည့်ပြီးနောက်တွင် မောင်းထွက်သွားနိုင်ခဲ့ရာ ၎င်းကို ပါရမီတစ်ခုဟု ဆိုရပေမည်။

ပထမဆုံး အဆာပြေဆိုင်သို့ ရောက်ရှိသောအခါ ၎င်းသည် ဝေ့ဝူ ယခင်က ရောက်ခဲ့သည့် ဆိုင်မဟုတ်ချေ။ သို့သော်လည်း ဝေ့ဝူသည် အခြားဆိုင်က ပေါက်စီများတွင်လည်း တူညီသော အာနိသင် ရှိမရှိ စမ်းသပ်လိုသဖြင့် ပေါက်စီတစ်ချို့ကို ဝယ်ယူခဲ့သည်။

ပစ္စည်းများကို ထုပ်ပိုးပြီးနောက် ဒုတိယမြောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ထိုဆိုင်သည် ဝေ့ဝူ ပထမဆုံးအကြိမ် ကမ္ဘာမြေသို့ ပြန်လာစဉ်က ရောက်ရှိခဲ့သည့် ဆိုင် အစစ်အမှန်ပင် ဖြစ်တော့သည်။

All Chapters