အခန်း ၈၄
Vol. 9 Ch. 84
အခန်း ၈၄ - အခုပဲ အလုံးတစ်ထောင် ဝယ်မယ်။
အတော်အတန်ကြီးမားသည့် ရတနာဆိုင်ကြီးတစ်ဆိုင်ကို ရှာတွေ့ပြီးနောက် ဝေ့ဝူသည် ရွှီချင်းချန်ကို ရှေ့တန်းတင်ကာ ရွှေသွားရောင်းခိုင်းလိုက်သည်။
သူ့ထံတွင် ရွှေဆယ်ပိဿာကျော် ရှိနေသဖြင့် ဆိုင်မန်နေဂျာမှာ အတော်လေး ထိတ်လန့်တုန်လှုပ်သွားရပြီး သူတို့နှစ်ဦးကို အလွန်ရိုသေဂရုတစိုက်ဖြင့် ဆိုင်အနောက်ဘက်ရှိ သီးသန့်အခန်းထဲသို့ ဖိတ်ခေါ်သွားလေသည်။
သေသေချာချာ စစ်ဆေးပြီးနောက် ရွှေများမှာ အပြစ်ပြောစရာမရှိအောင် သန့်စင်ကြောင်း တွေ့ရပြီး စုစုပေါင်း အလေးချိန် ၆၅၄၈.၂၆ ဂရမ် ရှိသည်။ ထိုအချိန်က ရွှေပေါက်ဈေးမှာ တစ်ဂရမ်လျှင် ၃၉"၆.၅၃ ယွမ် ဖြစ်သဖြင့် စုစုပေါင်း ၂,၅၉၆,၅၈၁.၅၃၇၈ ယွမ် ရရှိခဲ့သည်။
ဆိုလိုသည်မှာ ယွမ် ၂.၆ သန်းနီးပါးပင် ဖြစ်သည်။
ကုတ်အင်္ကျီဝတ်ဆင်ထားသည့် ဆိုင်ပိုင်ရှင်သည် ရွှီချင်းချန်အပေါ် အလွန်အမင်း ရိုသေကိုင်းညွတ်လာပြီး စကားပြောလျှင်ပင် ဖားယားသည့် လေသံမျိုး ပေါက်နေတော့သည်။ သူသည် ရံဖန်ရံခါ ဝေ့ဝူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်တတ်ပြီး ထိုအကြည့်များက ညီလေး... မင်းတော့ ကံထူးပြီပဲ ဟု ပြောနေသကဲ့သို့ ရှိသည်။
ရွှီချင်းချန်မှာမူ အနည်းငယ် ဆင်းရဲသော မိသားစုမှ လာသည့် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ရာ ထိုကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် အနည်းငယ် ပျာယာခတ်သွားပြီး ဝေ့ဝူ့အနားသို့ မသိမသာ တိုးကပ်သွားမိသည်။
နောက်ဆုံးတွင် ဝေ့ဝူသည် ရွှေဆိုင်အား ထိုပိုက်ဆံ ၂.၆ သန်းနီးပါးလုံးကို ရွှီချင်းချန်၏ ဘဏ်ကတ်ထဲသို့ လွှဲပြောင်းပေးရန် ပြောလိုက်သည်။
၎င်းသည် သူမကိုယ်ပိုင် ပိုက်ဆံမဟုတ်သော်လည်း ရွှီချင်းချန်၏ အသက်ရှူသံများ ပြင်းထန်လာပြီး မျက်နှာလေးပါ ရဲတက်လာရသည်။
"ကျွန်မ ပိုက်ဆံတွေ အများကြီး ရှုံးပစ်လိုက်တာတောင် ရှင်က ကျွန်မကို ဒီလောက် ပိုက်ဆံအများကြီး ယုံယုံကြည်ကြည်နဲ့ အပ်ရဲသေးတယ်ပေါ့။"
"ငါ အပ်တဲ့အလုပ်ကို သေသေချာချာ လုပ်ပေးသရွေ့ ပိုက်ဆံရှုံးချင်သလောက် ရှုံးစမ်းပါငါ ခံနိုင်ရည် ရှိပါတယ်။"
"ဒါပေမဲ့ ကျွန်မ ပြန်မဆပ်နိုင်ဘူးလေ။"
ရွှီချင်းချန်က စိတ်မကောင်းစွာဖြင့် ဆိုသည်။
"စိတ်မပျက်စမ်းပါနဲ့ မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ။ ကြိုးစားပြီး အလုပ်လုပ် ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဆပ်ပေါ့။"
ရွှေဆိုင်ထဲက ထွက်လာပြီးနောက် ရွှီချင်းချန်သည် ဘဏ်ကတ်ကို သေသေချာချာ သိမ်းဆည်းနေသည်ကို ဝေ့ဝူ မြင်လိုက်ရသဖြင့် ဒီဘဏ်ကတ်ကို ကျင့်ကြံခြင်းလောကထဲ ယူသွားရင် ဘာဖြစ်သွားမလဲဟု ရုတ်တရက် တွေးမိသွားသည်။
"မင်းဆီမှာ အသုံးမပြုတဲ ဘဏ်ကတ်တွေ ရှိလား။"
"ရှိပါတယ် မနှစ်က အဖေ စီးပွားရေးလုပ်တုန်းက ကျွန်မ နာမည်နဲ့ ကတ်အပြားကြီးတွေ အများကြီး ဖွင့်ခိုင်းထားတာ တစ်ခါမှ မသုံးရသေးဘူး။"
"အဲဒါတွေကို ငါ့ကို ပေး။"
"ဒါတွေကို တခြားလူကို ဒီအတိုင်း ပေးလို့ရလို့လားရှင့်။ အင်တာနက်ပေါ်မှာ ပြောနေကြတာတော့ ရာဇဝတ်ကောင်တွေက ဒါတွေကို သုံးပြီးတော့..."
ဝေ့ဝူက သူမစကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။
"ငါက ပိုက်ဆံရဖို့ အဲဒီလို နည်းလမ်းမျိုးတွေကို သုံးဖို့ လိုလို့လား။ ငါ့မှာ အခြား အသုံးချစရာ ရှိလို့ပါ ငါ့ကိုသာ ပေးစမ်းပါမင်းအပေါ် ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး။"
"ဟုတ်ကဲ့ပါ ဒါပေမဲ့ ကတ်တွေကို အဆောင်မှာ ထားခဲ့တာ။ အဆောင်ကို အရင်ပြန်ယူရမလား။"
"နောက်မှပေါ့။"
ရွှေဆိုင်မှ ထွက်ခွာပြီးနောက် ဝေ့ဝူသည် စူပါမားကတ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
သူသည် အရုပ်များ ဝယ်ယူလိုခြင်း ဖြစ်သည်။
ပေါက်စီတွေက ၃ ပိဿာခန့် ရှိမယ် ဆေးဝါးတွေကတော့ အထုပ်အပိုးတွေကို ဖယ်လိုက်ရင် အကုန်ပေါင်းမှ ၁၀ပိဿာတောင် မပြည့်လောက်ဘူး မဟုတ်လား။
ယခုတစ်ခါတွင် သယ်ဆောင်နိုင်သည့် အလေးချိန်မှာ ၁၃ ပိဿာ ဖြစ်သဖြင့် အလေးချိန် အများကြီး ပိုနေသေးသည်။
စူပါမားကတ်ထဲသို့ လှမ်းဝင်လိုက်သောအခါ အရုပ်များ ရောင်းချခြင်း မရှိသည်ကို တွေ့ရသည်။ ရွှီချင်းချန်ကို မေးမြန်းကြည့်ရာ သူမက ထိုကဲ့သို့သော အထူးဆိုင်မျိုးများကို ဂျင်ထိုက် တွင်သာ ရနိုင်ပြီး ထိုနေရာ၌ အရုပ်မျိုးစုံ ရှိကြောင်း ပြောပြသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ဂျင်ထိုက်ကုန်တိုက်ဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။
"ရှင်က ဘယ်လို အန်နီမေးရှင်းမျိုးတွေကို သဘောကျတာလဲ။"
လမ်းခရီးတွင် ဝေ့ဝူတစ်ယောက် အရုပ်များ ဝယ်ယူချင်နေသည်ကို မြင်သဖြင့် ရွှီချင်းချန်က စက်ဘီးကို မောမောပန်းပန်း နင်းရင်း မေးလိုက်သည်။
"ဆိတ်ကလေး ရှီးယန်ရန်၊ ဝါတာရု၊ ဝက်ကလေး ကျူးကျူး၊ တုတု..."
ဝေ့ဝူ၏ အန်နီမေးရှင်းအပေါ် အမှတ်သညာမှာ လွန်ခဲ့သော ခုနစ်နှစ်က အခြေအနေတွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။
"တိုက်ဆိုင်လိုက်တာ ကျွန်မလည်း တူတူပဲ။"
ရွှီချင်းချန်သည် အလွန် စိတ်လှုပ်ရှားသွားပြီး စက်ဘီးနင်းရသည်မှာပင် ပို၍ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
"ကျွန်မရဲ့ အဆောင်သူငယ်ချင်းတွေကတော့ အိုင်ဒေါ ဒရာမာတွေနဲ့ အချစ်ဇာတ်လမ်းတွဲတွေပဲ ကြည့်ကြတာ အန်နီမေးရှင်းဆိုရင်လည်း Fight Through the Heavens' တို့ 'Soul Land' တို့ပဲ ကြည့်ကြတယ်။ ကျွန်မတစ်ယောက်ပဲ ရှေးဟောင်း အန်နီမေးရှင်းတွေကို ကြည့်ရတာ ဝါသနာပါတာ။"
"ဒါနဲ့ ရှင် သိလား။ ရှီးယန်ရန်က အရုပ်အသစ်တွေ ထပ်ထုတ်ထားတယ်လေ။ ကျွန်မ တခြားဇာတ်ကောင်တွေ အကုန်လုံးကို ဝယ်နိုင်ဖို့ အချိန်ပိုင်းအလုပ်တွေ ရက်ပေါင်းများစွာ လုပ်ခဲ့ရတာ အခု ပျင်းရိတဲ့ဆိတ် တစ်ကောင်ပဲ လိုတော့တယ်။ ကြားတာတော့ ဆိုင်တွေက လန်ယန်ယန်ကို တမင်တကာ အကန့်အသတ်နဲ့ နည်းနည်းပဲ ထုတ်တာတဲ့ တကယ် ကန့်သတ်လွန်းတယ် ပြီးတော့ လန်ယန်ယန် ကျွန်မ အကြိုက်ဆုံး ဇာတ်ကောင်လည်း ဖြစ်နေတယ်လေ။"
ဝေ့ဝူ စိတ်ထဲတွင်မူ 'ဒီကောင်မလေးက တစ္ဆေတစ်ကောင်လို ဆင်းရဲနေတာတောင် အရုပ်တွေဝယ်ဖို့ ပိုက်ဆံကို မရရအောင် စုနိုင်သေးတယ်ဒါက တကယ့် အစစ်အမှန် အချစ်ပဲ' ဟု တွေးလိုက်မိသည်။
ထို့နောက်တွင် ရွှီချင်းချန်သည် စကားဖားဖားများ ပွင့်သွားပြီး မရပ်မနား ပြောဆိုနေတော့သည်။ ဝေ့ဝူ့နားထဲတွင် အသံဗလံများကြောင့် ကိုက်ခဲလာရပြီး သူမကို စကားစမိသည်ကို အမှန်တကယ်ပင် နောင်တရမိသွားသည်။
ကုန်တိုက်သို့ ရောက်သောအခါ သူတို့သည် အရုပ်ဆိုင်သို့ တိုက်ရိုက် သွားခဲ့ကြသည်။
သို့သော် ဝေ့ဝူသည် ဆိုင်သို့ ရောက်သောအခါ အူကြောင်ကြောင် ဖြစ်သွားရသည်။
"Blind Boxesတွေလား။ ဒါက လူလိမ်တာ မဟုတ်ဘူးလား။"
အရုပ်များကို ဝယ်ယူရာတွင် တိုက်ခိုက်ရေးစွမ်းရည်ကို ထည့်သွင်းစဉ်းစားရုံသာမက ဝေ့ဝူ၌လည်း မိမိကိုယ်ပိုင် ဝါသနာ ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် သူသည် ငယ်စဉ်ကတည်းက အန်နီမေးရှင်းများကို ကြည့်ရှုခဲ့သူ ဖြစ်ရာ မိမိအကြိုက်ဆုံး ဇာတ်ကောင်အချို့ ရှိစမြဲ ဖြစ်သည်။
ယခုအခါ ပိုက်ဆံရှိနေပြီ ဖြစ်သဖြင့် အကြိုက်ဆုံးအရာကိုသာ ရွေးချယ်လိုသည်။
သူက ဆိုင်ဝန်ထမ်းကို မေးလိုက်သည်။
"ဒီမှာ လျှို့ဝှက်သေတ္တာတွေပဲ ရောင်းတာလား။ စိတ်ကြိုက် ရွေးဝယ်လို့ မရဘူးလား။"
သူ ရရှိသည့် အဖြေမှာ မရပါ ဟူ၍ ဖြစ်သည်။
သူက ရေရွတ်လိုက်သည်။
"လောကကြီးက ပျက်စီးနေပြီပဲ လူတွေက အရင်လို မရိုးသားကြတော့ဘူး။ ကံမကောင်းတဲ့လူဆိုရင် မိမိအကြိုက်ဆုံး ဇာတ်ကောင်ကိုရဖို့ ဘယ်နှစ်ဘူးတောင် ဝယ်ရမလဲ မသိဘူး။ အကယ်၍ ငါသာ အဲဒီ ရွံစရာကောင်းတဲ့ ကန်စွန်းဥရုပ်ကြီးကို မဲနှိုက်မိလို့ ရုပ်သေးရုပ်အဖြစ် ပြောင်းသွားရင် ကြက်သီးတွေတောင် ထလာလိမ့်မယ်။"
သူ ခေါင်းလှည့်ကြည့်လိုက်ရာ ရွှီချင်းချန်ကို မတွေ့တော့ချေ။
ခြေလှမ်းအနည်းငယ် လျှောက်ကြည့်လိုက်သောအခါ ထိုကောင်မလေးသည် ရှီးယန်ယန် အရုပ်များရှိရာ ကဏ္ဍတွင် လူအုပ်ကြား တိုးဝှေ့နေသည်ကို တွေ့လိုက်ရသည်။
"လန်ယန်ယန်.. လန်ယန်ယန်..."
သူမသည် တစ္ဆေပူးနေသကဲ့သို့ တတွတ်တွတ် ရေရွတ်နေသည်။
"မင်းလည်း ဝယ်မလို့လား ပိုက်ဆံရှိလို့လား။"
"ကျွန်မဆီမှာ သုံးလေးရာတော့ ကျန်သေးတယ်... ဘာပဲဖြစ်ဖြစ် ဒီကို ရောက်နေမှတော့ ကံစမ်းကြည့်တာပေါ့။"
"တောက်။"
ဝေ့ဝူ ရုတ်တရက် စိတ်တိုသွားသည်။
"ငါ့မှာ ပိုက်ဆံရှိရဲ့သားနဲ့ ငါလိုချင်တာကို မရနိုင်ဘူးလား။"
"သူဌေး။"
သူ လှမ်းအော်လိုက်သည်။
ဆိုင်ဝန်ထမ်းတစ်ဦး ရောက်လာပြီး ဘာကိစ္စရှိလို့လဲဟု မေးမြန်းသည်။
ဝေ့ဝူက ပြောလိုက်သည်။
"ကလောင်တံနဲ့ စာအုပ်ယူပြီး သေသေချာချာ လိုက်မှတ်စမ်း။ မှားသွားရင်တော့ ငါ့ကို မပြစ်တင်နဲ့။"
ဆိုင်ဝန်ထမ်းသည် သူ ဘာကို ဆိုလိုသည်ကို နားမလည်ဘဲပြန်မေးသည်။
"အစ်ကို... ဘာပြောလိုက်တာလဲခင်ဗျာ။"
ဝေ့ဝူက လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်ပြီး
"ငါ ပြောတာက... အခုပဲ ဘူးတစ်ထောင် ဝယ်မယ်။"
ဆိုင်ဝန်ထမ်းမှာ ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားရသည်။
ဝေ့ဝူ ပြောပြီးသည်နှင့် လှမ်းအော်လိုက်သည်။
"ရွှီချင်းချန်။"
"ရှင်။"
ရွှီချင်းချန် အပြေးအလွှား ရောက်လာသည်။
"ဒီဟာတွေ ဒီဟာတွေ... ပြီးတော့ ဟိုဘက်ကဟာတွေ... အကုန်လုံးကို ဖောက်စမ်း။"
"ဟင်။"
ဝေ့ဝူသည် အရုပ်များမှာ အတော်လေး အလေးချိန်စီးသဖြင့် အသေးဆုံး အရွယ်အစားများကိုသာ ဝယ်ယူရန် စဉ်းစားခဲ့သည်။ ဤအရွယ်အစားရှိ အရုပ်များသည် တစ်ဘူးလျှင် ၇၀ သို့မဟုတ် ၈၀ ယွမ်ခန့်သာ ကျသင့်သည်။
အလုံးတစ်ထောင်ဆိုလျှင်ပင် ၇ သောင်း သို့မဟုတ် ၈ သောင်းယွမ်ခန့်သာ ရှိသဖြင့် ကိစ္စအသေးအဖွဲမျှသာ ဖြစ်သည်။
ရွှီချင်းချန်သည် ဝေ့ဝူ့၏ ရည်ရွယ်ချက်ကို နားလည်သွားသောအခါ အံ့အားသင့်သွားသော်လည်း ပိုက်ဆံကို ရေလိုသုံးတတ်သည့် သူမ၏ အကြွေးရှင်၏ ပုံစံကို တွေးမိကာ နားလည်ပေးလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ထိုနေရာတွင်ပင် သေတ္တာများကို စတင်ဖောက်တော့ရာ အခြားသော ဝယ်သူများမှာ အံ့အားသင့်စွာ စိုက်ကြည့်နေကြတော့သည်။
ဝေ့ဝူက 'ဒီလောက် အရုပ်အများကြီးကို လူနှစ်ယောက်တည်း ဖောက်နေရင် ဘယ်အချိန်မှ ပြီးမှာလဲ' ဟု တွေးကာ အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။
"ချောမောလှပတဲ့ ကိုကို မမတို့ခင်ဗျာ... ကျွန်တော့်ကို ဒီအရုပ်သေတ္တာလေးတွေ ဝိုင်းဖောက်ပေးကြပါဦး။ ပြီးရင် အကြိုက်ဆုံး အရုပ်အချို့ကို လက်ဆောင်အဖြစ် ယူသွားလို့ ရပါတယ်ခင်ဗျာ။"
ချက်ချင်းပင် လူအုပ်ကြီးမှာ တိုးဝှေ့ကာ ရောက်ရှိလာကြတော့သည်။
သူဌေးကြီးက သဘောကောင်းလှချည်လားဟူသော အော်ဟစ်ချီးမွမ်းသံများမှာ မစဲတော့ချေ။
ခဏမျှ ဝိုင်းဝန်းဖောက်လိုက်ကြပြီးနောက် ဘေးနားရှိ ရွှီချင်းချန်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"လန်ယန်ယန်။"
ဝေ့ဝူ လှည့်ကြည့်လိုက်ရာ ရွှီချင်းချန်သည် ရှီးယန်ယန် ကဏ္ဍမှ ဇာတ်ကောင်များကိုသာ လိုက်ဖောက်နေသည်ကို တွေ့ရသဖြင့် စိတ်တိုတိုနှင့် သူမခေါင်းကို ဖွဖွလေး တစ်ချက် တောက်လိုက်သည်။
"ရှီးယန်ယန်တွေကို မဖောက်နဲ့တော့။ Ultraman၊ League of Legends၊ One Piece၊Naruto... အဲဒါတွေကို မြန်မြန် ဖောက်စမ်းပါ။"
"ဪ... ဟုတ်ကဲ့ပါ။"
ရွှီချင်းချန်က သူမခေါင်းကို ပွတ်လိုက်သည်။ သူမသည် စိတ်မဆိုးသည့်အပြင် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ သူမ အလိုချင်ဆုံး ဖြစ်သည့် အရုပ်ကို နောက်ဆုံးတွင် ရရှိသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
လူများလျှင် အလုပ်ပြီးသည်ဟူသည့်အတိုင်း မိနစ်အနည်းငယ်အတွင်းမှာပင် ဘူးပေါင်း ရာဂဏန်းခန့်မှာ ပွင့်သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူသည် အရုပ်များကို စတင် ရွေးချယ်တော့သည်။
"ကြည့်ရအောင်... အာထရာမန်းကတော့ မပါမဖြစ်ပဲ၊ နာရူတိုလည်း အချို့ယူမယ်၊ ဝမ်းပီးစ်၊ ပိုကီမွန် ... ဟာ... နာစာရီပါလား။ ပြီးတော့ ဂျင့်စ်၊ ငါ ကူးပြောင်းမသွားခင်လေးတင် ထွက်ထားတဲ့ ဟီးရိုးအသစ်လေးပဲ။"
နောက်ဆုံးတွင် သူ ရွေးချယ်ခဲ့သည်များမှာ
Ultraman၊ Tiga၊ Z၊ Belial
Naruto ၊Sasuke၊Tsunade၊ Hinata
One Piece ၊Luffy၊Nami၊Empress။
Pokémo: Mewtwo၊ Rayquaza၊ Ash။
League of Legends :Jinx၊Teemo၊ Nasus၊ Soraka။
CrossFire:SWAT၊ Mandala၊Fox။
နောက်ဆုံးတစ်ခုမှာ ဝေ့ဝူ တစ်ခါမှ မမြင်ဖူးသည့် အရုပ်ဖြစ်ပြီး ၎င်းကို Kasumigaoka Utahaဟု ခေါ်ကာ မကြာသေးမီ နှစ်များအတွင်းက ထွက်ရှိခဲ့သည့် ဂျပန်အန်နီမေးရှင်းမှ ဖြစ်သည်။ သို့သော် ၎င်းကို တိုက်ခိုက်ရေးစွမ်းရည်အတွက် ရွေးချယ်ခြင်း မဟုတ်ဘဲ ဝေ့ဝူ တကယ်ကို သဘောကျလွန်းသောကြောင့် ဖြစ်သည် ။အထူးသဖြင့် ထိုခြေတံရှည်ကြီးများက...အဟမ်း။
ဝေ့ဝူသည် ရွှီချင်းချန်၏ ထူးဆန်းသော အကြည့်ကို ခံစားလိုက်ရသဖြင့် ထျန်ရှင်းတောင်တန်း တွင် ကျင့်ကြံသူ ရာပေါင်းများစွာ၏ လိုက်လံတိုက်ခိုက်ခြင်းကို ရင်ဆိုင်ရစဉ်ကထက်ပင် ပို၍ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
စုစုပေါင်း အရုပ် ၂၁ ရုပ် ရှိသည်။
ဤအရုပ်များသည် သေးငယ်သော်လည်း တစ်ရုပ်လျှင် ၁၀၀ ဂရမ်နီးပါး အလေးချိန် ရှိသည်။ယခင် ပေါက်စီနှင့် ဆေးဝါးများ၏ အလေးချိန်နှင့် ပေါင်းလိုက်ပါက ယခု သုံးစွဲထားသည့် အလေးချိန်မှာ ၇ ပါဿာခန့် ရှိပြီ ဖြစ်သည်။
"တောက်... သယ်ဖို့ ၆ ပိဿာတောင် မပြည့်တော့ဘူးပဲ။"
သို့သော် ကျန်ရှိသည့် အလေးချိန်အတွက်မူ သူ အေးအေးဆေးဆေး ဖြစ်သွားပြီး အရာဝတ္ထုအသစ် အချို့ကို စမ်းသပ်ကြည့်နိုင်ပြီ ဖြစ်သည်။
အရုပ်များကို ရရှိခဲ့သော်လည်း အလုံးတစ်ထောင် ရှိသည့် လျှို့ဝှက်သေတ္တာများမှာ အကုန်မဖောက်ရသေးဘဲ ကြမ်းပြင်ပေါ်တွင် အရုပ်လေးများဖြင့် ပြည့်နှက်နေသည်။
ဝေ့ဝူ ခတ္တမျှ တွေးတောပြီးနောက် ကုန်တိုက်တွင် လက်ကမ်းစာစောင်များ ဝေငှနေသည့် လူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
စကားပြောဆိုပြီးနောက် ထိုလူသည် ဝေ့ဝူ့ထံမှ ဆုကြေးငွေ ယွမ်သုံးထောင်ကို လက်ခံကာ ကူညီရန် သဘောတူလိုက်သည်။ ဝေ့ဝူက သူ့ကို ဤအရုပ်များကို ကုန်တိုက်အတွင်းရှိ ကလေးငယ်များထံသို့ ဖြည်းဖြည်းချင်း လိုက်လံဝေငှပေးရန် အပ်နှံခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူက ဒါတွေကို သယ်သွားလို့ မရသဖြင့် ဤနေရာတွင် ထားခဲ့ပါက ဖြုန်းတီးရာရောက်မည်ဖြစ်၍ ပေးကမ်းလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
နောက်ဆုံးတွင် ဝေ့ဝူသည် ရွှီချင်းချန်ကို ပိုက်ဆံရှင်းခိုင်းလိုက်ရာ စုစုပေါင်း ၇ သောင်း ၈ ထောင်ယွမ် ကျသင့်ခဲ့သည်။
သူတို့ မထွက်ခွာမီ သေတ္တာဝိုင်းဖောက်ပေးခဲ့ကြသည့် လူများသည် ဝေ့ဝူ ကတိပေးထားသည့်အတိုင်း အရုပ်များကို လက်ခံရရှိခဲ့ကြသဖြင့် လက်ခုပ်တီးကာ လေချွန်ရင်း ဝေ့ဝူ့ကို နှုတ်ဆက်လိုက်ကြတော့သည်။