အခန်း ၈၅
Vol. 9 Ch. 85
အခန်း ၈၅ - ငါ ရိုလက်စ် တစ်လုံး ဝယ်ချင်တယ်။
အရုပ်ဆိုင်မှ ထွက်လာပြီးနောက် ဝေ့ဝူသည် အရုပ်များ ပြည့်နှက်နေသည့် အိတ်ကို ရွှီချင်းချန်အား သယ်ခိုင်းပြီး သူ၏ နောက်မှ လိုက်လာစေသည်။
ရွှီချင်းချန်သည် လက်တစ်ဖက်ဖြင့် အိတ်ကို သယ်ထားပြီး ကျန်လက်တစ်ဖက်ကမူ ပျင်းရိတဲ့ဆိတ် လန်ယန်ယန်အရုပ်လေးကို ကိုင်ကာ မျက်နှာတစ်ခုလုံး ပြုံးရွှင်နေတော့သည်။
၎င်းကို မြင်သောအခါ ဝေ့ဝူ ခိုးပြုံးမိပြီး ရုတ်တရက် လန်ယန်ယန်အရုပ်လေးကို လုယူလိုက်သည်။
"ဒါက ငါ ပိုက်ဆံပေးဝယ်ထားတာလေ မင်းက ဘာလို့ ယူသွားတာလဲ။"
"ကျွန်မ..."
ဝေ့ဝူ့၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ရွှီချင်းချန် လန့်သွားရပြီး အရုပ်လေး လုယူခြင်း ခံလိုက်ရသည်ကို မြင်သောအခါ သူမ ချက်ချင်းပင် ပျာယာခတ်သွားတော့သည်။
"ရှင်ပဲ ပြောတော့... ကျွန်မ သေတ္တာတွေ ဝိုင်းဖောက်ပေးရင် အမှတ်တရအနေနဲ့ အရုပ်အချို့ စိတ်ကြိုက် ယူသွားလို့ရတယ်ဆို။ တခြားလူတွေတောင် ရကြတာပဲ ကျွန်မကျတော့ ဘာလို့ မရရတာလဲ။"
"မင်းက တခြားလူတွေနဲ့ မတူဘူးလေ။ သူတို့က လာကူညီတာ မင်းကတော့ ငါ့ဆီမှာ အလုပ်လုပ်နေတာဆိုတော့ လစာ ရပြီးသားပဲဥစ္စာ။"
"ကျွန်မ... ကျွန်မ..."
ရွှီချင်းချန်သည် သူ၏ ကျိုးကြောင်းပြချက်ကို မချေပနိုင် ဖြစ်သွားရသည်။ သူမ အလွန်အမင်း လိုချင်နေခဲ့ပြီး မိမိပိုင်ဆိုင်သွားပြီဟု ထင်မှတ်ထားသည့် အရုပ်လေးမှာ ရုတ်တရက် ပြန်လည် အလုခံလိုက်ရသဖြင့် ဝမ်းနည်းစိတ်ကြောင့် သူမ၏ တောက်ပသော မျက်ဝန်းအစုံတွင် မျက်ရည်စများ ဝဲတက်လာတော့သည်။
ဝေ့ဝူ ချက်ချင်းပင် ပျာယာခတ်သွားရသည်။ မိမိ စနောက်လိုက်သည်မှာ အနည်းငယ် လွန်သွားကြောင်း သိလိုက်သဖြင့် အရုပ်လေးကို သူမထံ အမြန် ပြန်ကမ်းပေးလိုက်ရသည်။
"ကဲပါ... ကဲပါ... ငါ နောက်လိုက်တာပါ။"
ရွှီချင်းချန်သည် အရုပ်လေးကို ဆတ်ခနဲ ပြန်လုယူလိုက်ပြီး သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လေသည်။
ရွှီချင်းချန် တစ်ယောက် စိတ်ဆိုးနေဆဲ ဖြစ်သည်ကို မြင်သော်လည်း မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ဝေ့ဝူသည် သူမကို ချော့မြှူခြင်း မပြုဘဲ နေမိသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် ကုန်တိုက်အတွင်း တိတ်ဆိတ်စွာဖြင့် လျှောက်လှမ်းလာခဲ့ကြသည်။
ခဏအကြာတွင် ဝေ့ဝူ အနောက်သို့ ခိုးကြည့်လိုက်ရာ ရွှီချင်းချန်သည် အရုပ်လေးကို ပြန်လည် ငေးမောကြည့်ရှုရင်း ပျော်ရွှင်စွာ ပြုံးနေပြန်သည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ စောစောက မသက်သာစရာ ကိစ္စကို မေ့လျော့သွားပုံရသည်။
ဝေ့ဝူ လှည့်ကြည့်လာသည်ကို မြင်သောအခါ သူမက သူ့ကိုပါ ပြုံးပြလိုက်သေးသည်။
၎င်းက ဝေ့ဝူ့ကို အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားစေသဖြင့် ခေါင်းကို အမြန် ပြန်လွှဲလိုက်ရကာ မိမိကိုယ်ကိုယ် မိန်းကလေးငယ်တစ်ဦးလောက်ပင် စိတ်သဘောထား မကျယ်ပြန့်ကြောင်း တွေးမိသွားသည်။ ထို့နောက် သူသည် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး အခြားအရာများကို စတင် စဉ်းစားတော့သည်။
အရုပ်များနှင့် ပတ်သက်သည့် သူ၏ ခန့်မှန်းချက်မှာ လီယို ကို အခြေခံထားခြင်း ဖြစ်သည်။
သို့သော် အရုပ်များသည် လီယိုနှင့် မတူချေ။ လီယိုက အတွင်းခေါင်းပွ ပလတ်စတစ် အရုပ် ဖြစ်သည်။ ဤအရုပ်များကမူ အတွင်းအပိတ် ဖြစ်ပြီး ပိုမို သေသပ်နုနယ်စွာ ပြုလုပ်ထားသည်။ သူတို့သည် သူ စိတ်ကူးထားသည့်အတိုင်း ရုပ်သေးရုပ်များဖြစ်လာမလား မသိချေ။
သူ တွေးတောရင်း ကုန်တိုက်အတွင်း ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ကုန်တိုက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤနေရာတွင် မည်သည့် အဖိုးတန်အရာများ ရှိဦးမလဲဟု လိုက်လံ ကြည့်ရှုမိသည်။
မိနစ်အနည်းငယ်ခန့် လျှောက်ကြည့်ပြီးနောက် နာရီအထူး အရောင်းဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။
'ပြီးခဲ့တဲ့အကြိမ်က ငါ ယွမ်တစ်ဆယ်တန် ဒစ်ဂျစ်တယ်နာရီတစ်လုံး ယူသွားတာ ပေါက်ကွဲသွားခဲ့တယ်။ အဲဒါက ပစ္စည်းအမျိုးအစားကြောင့်လား။ ဒါမှမဟုတ် ဒီလိုအရာမျိုးကို သယ်သွားလို့ လုံးဝ မရတာကြောင့်လား။'
ဝေ့ဝူသည် နာရီဆိုသည့်အရာမှာ အချိန်နှင့် ဆက်စပ်နေသဖြင့် အင်မတန် အရေးကြီးသော အရာတစ်ခု ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။
ကျင့်ကြံခြင်းလောကတွင် အချိန်နှင့် ဟင်းလင်းပြင်ဆိုသည်မှာ အလွန်တရာ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်လှသည့် မှော်ပညာရပ်အမျိုးအစားများ ဖြစ်ကြသည်။ ၎င်းကို ဟင်းလင်းပြင်ဖြတ်သန်းခြင်း အတတ်ပညာကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ယေဘုယျအားဖြင့် ဟင်းလင်းပြင်ဆိုင်ရာ မန္တန်များကို ကျင့်ကြံရန်အတွက် စိတ်ဝိညာဉ်စင်မြင့်နယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သည်။
အချိန်ဆိုင်ရာ မန္တန်များမှာမူ ပိုမို နက်နဲလှသဖြင့် ၎င်းကို ကျင့်ကြံသူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ အနည်းဆုံးတော့ ချင်းလုံဂိုဏ်းနယ်မြေတစ်ဝိုက်တွင် အချိန်ဆိုင်ရာ မန္တန်များကို ကျင့်ကြံသူ ရှိသည်ဟု ဝေ့ဝူ တစ်ခါမှ မကြားဖူးချေ။
နာရီများသည် အချိန်နှင့် ဆက်စပ်နေသဖြင့် အကယ်၍ သူသာ ၎င်းကို ကျင့်ကြံခြင်းလောကသို့ အောင်မြင်စွာ ယူဆောင်သွားနိုင်ခဲ့လျှင် ဝေ့ဝူ့အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်လာနိုင်ပေသည်။
"ဒစ်ဂျစ်တယ်နာရီက အညံ့စားမို့လို့ ပေါက်ကွဲသွားတာဆိုရင်... ဒီတစ်ခါတော့ စမ်းသပ်ဖို့ ပိုကောင်းတဲ့ နာရီတစ်လုံး ဝယ်ရမယ်။"
ဝေ့ဝူ ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။
"ရှင် နာရီဝယ်မလို့လား။" နောက်လိုက်လေးတစ်ယောက်ကဲ့သို့ ပစ္စည်းများကို သယ်ဆောင်လာသည့် ရွှီချင်းချန်၏ စိတ်အခြေအနေမှာ အပြည့်အဝ ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
"ငါ ရိုလက်စ်တစ်လုံး ဝယ်ချင်တယ်။"
သူတို့ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် စမတ်ကျသည့် ဝန်ထမ်းယူနီဖောင်းကို ဝတ်ဆင်ထားသော ချောမောလှပသည့် ဆိုင်ဝန်ထမ်းအမျိုးသမီးလေးတစ်ဦးက အလွန် ကောင်းမွန်သော အမူအရာဖြင့် ချက်ချင်း ကြိုဆိုနှုတ်ဆက်လာသည်။
"မင်္ဂလာပါ အစ်ကို နာရီကြည့်မလို့လားရှင့်။ မိမိကိုယ်တိုင်အတွက်လားဒါမှမဟုတ် ချစ်သူကောင်မလေးအတွက်လားရှင့်။ ဘယ်လိုပုံစံမျိုး လိုချင်တယ်ဆိုတာ ပြောရင် ကျွန်မတို့ဘက်က အကြံပြုပေးပါရစေ။"
သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း စကားပြောလိုက်ကြသည်။
ရွှီချင်းချန်က "ကျွန်မက သူ့ချစ်သူ မဟုတ်ပါဘူး။" ဟု ပြောပြီး ဝေ့ဝူက "ငါက ဈေးကြီးတာကို လိုချင်တာ။" ဟု ပြောလိုက်သည်။
"ဒါဆို အစ်ကိုက ဘယ်လောက်ဈေးနှုန်းဝန်းကျင် ရှာနေတာလဲရှင့်။"
"ဒီဆိုင်မှာ အဈေးကြီးဆုံး နာရီက ဘယ်လောက်လဲ။"
"မင်္ဂလာပါရှင့် ယွမ် ၃.၅ သန်းဝန်းကျင် ရှိပါတယ်ရှင့်။"
"ဒါဆို ဒုတိယအဈေးကြီးဆုံးကကော။"
"ယွမ် တစ်သန်းဝန်းကျင် ရှိပါတယ်ရှင့်။"
"ကောင်းပြီ အဲဒါကို ငါ့ကို ပြ။"
ဆိုင်ဝန်ထမ်းလေး မှင်သက်သွားရသည်။ လက်တွေ့တွင် ရိုလက်စ်နာရီများထဲ၌ အရောင်းရဆုံးမှာ ယွမ်ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းတန်များသာ ဖြစ်ပြီး ယွမ်သိန်းဂဏန်းတန်မှာ ရှားပါးလှကာ ယွမ်သန်းတန် နာရီဝယ်သူမျိုးနှင့်မူ လုံးဝ မကြုံဖူးသလောက် ဖြစ်သည်။
သူမသည် ဤဝယ်သူမှာ လာရောက်ကြည့်ရှုရုံသာ ဖြစ်နိုင်သော်လည်း သေသေချာချာ ဧည့်ခံရမည်ဟု တွေးကာ ပိုမို ရိုသေကိုင်းညွတ်သွားတော့သည်။
ရွှီချင်းချန်က မျက်တောင်လေး ခတ်ကာ မိမိမှာမူ အရုပ်အနည်းငယ်ဝယ်ရန်အတွက်ပင် သေလုမတတ် အလုပ်လုပ်ခဲ့ရသည်ကို တွေးမိပြီး ချမ်းသာရတာ တကယ်ကောင်းတာပဲဟု မချိတင်ကဲ ရေရွတ်မိသည်။
မူလက သူမတွင် တစ်လလျှင် ယွမ် ၃၀,၀၀၀ လစာ ရှိသော်လည်း စီးပွားရေးရှုံးနိမ့်မှုကြောင့် ယခုအခါ ဝေ့ဝူ့ကို ယွမ်နှစ်သန်းနီးပါး အကြွေးတင်နေပြီ ဖြစ်သည်။
ဆိုင်ဝန်ထမ်းလေးသည် နာရီကို ထုတ်ယူကာ စိန်စီထားသည့် ရွှေဝါရောင် အကြောင်း၊ ပါပက်ချူရယ် စီးရီးနှင့် ၀၀၁ မော်ဒယ်အကြောင်း စသည်ဖြင့် အများကြီး လျှောက်ပြောနေတော့သည်။
သို့သော် ဝေ့ဝူ၏ အမြင်တွင်မူ သူသည် အချက်သုံးချက်ကိုသာ အနှစ်ချုပ်လိုက်သည်။ ၎င်းမှာ ကြည့်ရသည်မှာ လှပခြင်း ဈေးကြီးခြင်းနှင့် အလွန် တာရှည်ခံမည့်ပုံ ပေါက်ခြင်းတို့ ဖြစ်ကြသည်။
သူက ဆိုင်ဝန်ထမ်းလေး၏ စကားတန်းရှည်ကြီးကို ဖြတ်ပြောလိုက်သည်။
"ယွမ် ၁.၀၇ သန်း မဟုတ်လား။ ရွှီချင်းချန် ပိုက်ဆံရှင်းလိုက်။"
"..."
လေထုမှာ ရုတ်တရက် အေးခဲသွားရပြီး ရွှီချင်းချန်ကော ဆိုင်ဝန်ထမ်းလေးပါ ရုတ်တရက် တုံ့ပြန်မှု မလုပ်နိုင်ကြသေးချေ။
'ဒါက... ဝယ်လိုက်ပြီပေါ့။ ဒီအတိုင်းကြီးလား။ ဘာမှလည်း မမေးဘူး၊ တစ်ချက်ပဲ ကြည့်ပြီး တန်းဝယ်လိုက်တာလား။ ဒါက ယွမ်သန်းတန် ပစ္စည်းကြီးလေ။ ဈေးထဲမှာ ဂေါ်ဖီထုပ်ဝယ်ရင်တောင် သေသေချာချာ ရွေးကြသေးတာ မဟုတ်ဘူးလား။'
ဆိုင်ဝန်ထမ်းလေး၏ ရင်မှာ တဒိန်းဒိန်း ခုန်နေတော့သည်။
ယွမ်တစ်သန်း။ ယွမ်တစ်သန်း။ ဤအရာမှ သူမ ရရှိမည့် ကော်မရှင်မှာ ဘယ်လောက်တောင် များလိုက်မလဲ။
ဒီနေ့ ငါ ထီပေါက်တာပဲ ဖြစ်ရမယ်။
သူမသည် ဝေ့ဝူ့ကို မသိမသာ ခိုးကြည့်မိသည်။
ထို ဆွဲဆောင်မှုရှိသော မြင်းမြီးဆွဲ ဆံပင်ပုံစံကို ကြည့်ဦး ချမ်းသာတဲ့လူတွေရဲ့ စတိုင်က တကယ့်ကို ကွဲပြားတာပဲ အဓိကက သူက ငယ်ငယ်လေး ရှိသေးတာ...
ရွှီချင်းချန်သည် အံ့အားသင့်သွားသော်လည်း ယခုအခါ အတော်လေး ကျင့်သားရနေပြီ ဖြစ်သဖြင့် အလိုက်တသိဖြင့်ပင် ပိုက်ဆံရှင်းပေးလိုက်သည်။
ဝေ့ဝူ ခတ္တမျှ တွေးတောပြီးနောက် မတူညီသော ဈေးနှုန်းအလိုက် အာနိသင် ကွဲပြားမှု ရှိမရှိ စမ်းသပ်ရန်အတွက် ယွမ် ၂၀,၀၀၀ တန် နာရီတစ်လုံးကိုပါ ထပ်မံ ဝယ်ယူခဲ့သည်။
"ဖြည်းဖြည်းကြွပါရှင့်။ အစ်ကို့ရဲ့ ဇနီးသည်က တကယ်ကို လှပလွန်းပါတယ်ရှင့်။"
ချစ်သူကောင်မလေး မဟုတ်ဘူးဆိုရင်တော့ သေချာပေါက် ဇနီး သို့မဟုတ် အသိုက်အမြုံလေး ဖြစ်ရမည်။ ကတော်ဟု ခေါ်လိုက်ခြင်းက ဘယ်တော့မှ မမှားနိုင်ဟု ဆိုင်ဝန်ထမ်းလေးက တွေးလိုက်ခြင်း ဖြစ်သည်။
ရွှီချင်းချန် မျက်နှာလေး ရဲတက်သွားပြီး ထိုနေရာမှ အမြန် ထွက်ခွာခဲ့တော့သည်။
ဝေ့ဝူကမူ နောက်ထပ် ဘာဝယ်ရမလဲဆိုသည်ကို အလေးအနက် စဉ်းစားနေသည်။
'ကျင့်ကြံခြင်းလောကကို ယူသွားဖို့ အစားအစာအချို့ ဝယ်ရင်ကော ကောင်းမလား။ အဲဒီထဲမှာ မသေမျိုးအဆင့်ကို တိုက်ရိုက် ရောက်ရှိသွားစေမယ့် မသေမျိုးဆေးဝါးမျိုး ပါလာမလား မပြောတတ်ဘူး။ ဆေးဝါးလို့ ပြောရရင်... ခဏနေ စိတ်ကျန်းမာရေးဆေး သွားယူတဲ့အခါ တခြားဆေးဝါးအချို့ကိုပါ တစ်ပါတည်း ဝယ်ရမယ်။'
သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရာ ကုန်တိုက်တွင် သစ်သီးဝလံ သို့မဟုတ် ဟင်းသီးဟင်းရွက်ဆိုင်မျိုး မတွေ့ရသဖြင့် လမ်းဘေးတွင် အစားအသောက်ဆိုင် ရှိမရှိကိုသာ အာရုံစိုက်ရင်း ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
နေရာတစ်ခုသို့ အရောက်တွင် ပြင်းရှသော အရက်နံ့တစ်ခုက သူ၏ နှလုံးနှင့် အဆုတ်တို့ကို လန်းဆန်းသွားစေသည်။
သူသည် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
"အရက်လား။"
သူ ဆိုင်ထဲသို့ လှမ်းဝင်လိုက်ပြီး
"သူဌေး... ဒီမှာ မောက်ထိုင်အရက် ရှိလား။"
သူ ဆိုင်ထဲက ပြန်ထွက်လာသောအခါ လက်ထဲတွင် ၅၀၀ မီလီလီတာ ရှိသော မောက်ထိုင်အရက်တစ်ပုလင်း ပါလာခဲ့ပြီ ဖြစ်သည်။ အရက်သက်သက်ကိုသာ တွက်ချက်မည်ဆိုပါက ၎င်းသည် ၁ ပိဿာ အလေးချိန် ရှိသည်။
"နောက်မှ ဒါကို ပလတ်စတစ်အိတ်ထဲ ပြောင်းထည့်ရမယ်ဒီဖန်ပုလင်းကြီးက အလေးချိန် စီးလွန်းတယ် အလဟဿပဲ။"
ဝေ့ဝူသည် နောင်နောင်တွင် ပစ္စည်းများ ဝယ်ယူသည့်အခါ အထုပ်အပိုးများကို ဖယ်ရှား၍ရပါက အလေးချိန် သက်သာစေရန်အတွက် အတတ်နိုင်ဆုံး ဖယ်ရှားပစ်မည်ဟု တွေးလိုက်သည်။
သို့သော်လည်း။
သူသည် ထပ်မံ၍ တွေးတောမိပြန်သည်။
အကယ်၍ အချို့သော အရာဝတ္ထုများတွင် အထဲက ပစ္စည်းထက် အပြင်က အထုပ်အပိုးက ပို၍ အရေးကြီးနေလျှင်ကော ဘယ်လိုလုပ်မလဲ။
"အဲဒီလိုအရာမျိုး ရှိနိုင်ပေမဲ့ သေချာပေါက် အများကြီးတော့ မဟုတ်လောက်ပါဘူး။ ငါ ဒီအတိုင်း အခြေအမြစ်မရှိတာတွေကို လျှောက်တွေးပြီး စိုးရိမ်မနေသင့်ပါဘူး။"
အရက်ကို ဝယ်ယူပြီးပြီ ဖြစ်သဖြင့် ဝေ့ဝူသည် ဆေးလိပ်ကိုပါ မသိမသာ သတိရသွားသည်။
ပြီးခဲ့သည့်အကြိမ်က သူ ယူဆောင်သွားခဲ့သောဆေးလိပ်တစ်ဗူးသည် ကျင့်ကြံခြင်းနှုန်းကို သုံးနာရီကြာအောင် ဆယ်ဆအထိ မြှင့်တင်ပေးနိုင်ခဲ့သည်။
၎င်းသည် ပေါက်စီအပြင် ဝေ့မိသားစုဝင်များ၏ နယ်ပယ်ကို ရေတိုအတွင်း မြှင့်တင်ပေးနိုင်သည့် ဒုတိယမြောက် အဖိုးတန်ပစ္စည်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဆေးလိပ်ဆိုင်တစ်ဆိုင်ကို စတင် ရှာဖွေတော့သည်။