အခန်း ၈၆
Vol. 9 Ch. 86
အခန်း ၈၆- မိဘများ၏ သတင်းအစအန။
ဤနေရာထိုနေရာ လျှောက်ရှာသော်လည်း ဘာမှရှာမတွေ့သဖြင့် ဝေ့ဝူသည် ဟော့ပေါ့ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
"ငါ ဒီမှာ အရင်ဟော့ပေါ့စားမယ်။ မင်း အပြင်ထွက်ပြီး ငါ့အတွက်ဆေးလိပ်အချို့ သွားဝယ်ပေးဦး။"
ပစ္စည်းများသယ်ရခြင်းနှင့် အခိုင်းအစေခံရခြင်းတို့ကြောင့် ရွှီချင်းချန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း ဝေ့ဝူ့ကို ပိုက်ဆံကြွေးတင်နေသူဖြစ်ရာ မတတ်သာဘဲ နာခံလိုက်ရတော့သည်။
"ရှင်က ဘယ်လိုဆေးလိပ်မျိုး လိုချင်လို့လဲ။"
"ဘာဖြစ်ဖြစ်ရတယ် ဈေးကြီးတာသာဝယ်။ အမျိုးအစား ငါးမျိုးရွေးပြီး တစ်မျိုးကို တစ်ဖာစီ ဝယ်ခဲ့။"
'စောစောကတော့ ဆေးလိပ်အနည်းငယ်ဆိုပြီး... အခုကျတော့ ဘာလို့ အဖာလိုက်ကြီး ဖြစ်သွားရတာလဲ။"
ရွှီချင်းချန်တစ်ယောက် စိတ်ထဲကနေ ကြိတ်၍ ညည်းတွားလိုက်မိသည်။
ဝေ့ဝူသည် သေသေချာချာ တွက်ချက်ပြီးသား ဖြစ်သည်။ အထုပ်အပိုးများကို ဖယ်လိုက်လျှင် ဆေးလိပ်တစ်လိပ်သည် တစ်ဂရမ်ခန့်သာ အလေးချိန် ရှိသည်။ အလိပ်တစ်ထောင် ဝယ်လျှင်ပင် ၂ ပိဿာခန့်သာ ရှိလိမ့်မည်။
ဆေးလိပ်တစ်ဗူးတွင် အလိပ် ၂၀ ပါဝင်ပြီး တစ်ဖာတွင် ၁၀ ဗူး ပါဝင်ရာ စုစုပေါင်း အလိပ် ၂၀၀ ရှိသည်။ ငါးဖာဆိုလျှင် အလိပ်ပေါင်း တစ်ထောင် တိတိ ဖြစ်သည်။
ဤနည်းဖြင့် တွက်ချက်ပါက သူ၌ မူလက ကျန်ရှိသော ၆ ပိဿာအလေးချိန်ဆန့်မှုတွင် အရက်နှင့် ဆေးလိပ်အတွက် နုတ်လိုက်ပြီးနောက် ယခုအခါ ၃ပိဿာခန့်သာ ကျန်ရှိတော့သည်။
ရွှီချင်းချန်သည် ပစ္စည်းများကို ဟော့ပေါ့ဆိုင်တွင် အရင်ချထားခဲ့ပြီးနောက် အပြင်သို့ ထွက်ခွာသွားခဲ့သည်။
ဝေ့ဝူသည် ထိုင်ခုံတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်ပြီး အစားအစာများကို အရင်မှာယူလိုက်သည်။
ဟော့ပေါ့အိုး ပွက်ပွက်ဆူလာပြီး ဟင်းလျာများ စုံစုံလင်လင် ရောက်ရှိလာသောအခါ ဝေ့ဝူသည် တစ်ယောက်တည်း တရှူးရှူးတရှဲရှဲဖြင့် စတင် စားသောက်နေတော့သည်။
မကြာမီမှာပင် ရွှီချင်းချန် ပြန်လည်ရောက်ရှိလာပြီးဆေးလိပ်ငါးမျိုးကို သယ်ဆောင်လာခဲ့သည်။
"ပင်ပန်းသွားပြီ လာ... ထိုင်ပြီး စားဦး။ ကြိုက်တဲ့ ဖျော်ရည်ကိုလည်း မှာသောက်နော်။"
ရွှီချင်းချန်သည် သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်
"ငါ့ကို လူနှစ်ယောက်လောက် စုံစမ်းပေးပါဦး။ တစ်ယောက်က ရှန်ဝမ်လို့ ခေါ်ပြီး နောက်တစ်ယောက်ကတော့ ဝေ့ရှန်းချန်တဲ့။ သူတို့က ချန်အန်းမြို့၊ ချန်အန်းခရိုင်က ဖြစ်ပြီး အခုဆို အသက် ၄၄ နှစ် ဒါမှမဟုတ် ၄၅ နှစ်ဝန်းကျင် ရှိနေလောက်ပြီ။"
"လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က သူတို့ဟာ ချန်အန်း ကူထယ် သန့်ရှင်းရေးသုံးပစ္စည်းကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ ရုပ်ရည်ကတော့... ယောက်ျားဖြစ်သူက ပုံမှန်ယောကျာ်းတစ်ယောက်ပဲအရပ် ၁ မီတာ ၇၀ ရှိပြီး မျက်နှာဝိုင်းဝိုင်းနဲ အပ်လိုမျိုး စူးရှပြီး မာထန်တဲ့ မုတ်ဆိတ်မွေးတိုတွေ ရှိတယ်။ သူ့အသံက အရမ်းပြတ်သားပြီး တစ်ခါတလေ လူတွေကို အော်ဟစ်တတ်တယ်..."
ဝေ့ဝူ ဤနေရာတွင် စကားရပ်လိုက်သည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်မဟုတ်တော့ဘဲ စရိုက်လက္ခဏာ ဖြစ်သွားသောကြောင့် ဖြစ်သည်။
သူ မိဘများနှင့် မတွေ့ရသည်မှာ ရှစ်နှစ်နီးပါးပင် ရှိခဲ့ပြီ မဟုတ်ပါလား။
"မိန်းမဖြစ်သူကတော့ အရပ် ၁ မီတာ ၆၃ ဝန်းကျင် ရှိပြီး ဆံပင်ကို မြင်းမြီးစွဲ ဆံပင်ပုံစံ ထားတတ်တယ်...ပြီးတော့ အရမ်း သဘောကောင်းမယ့်ပုံ ရှိတယ်..."
ရွှီချင်းချန်သည် တိတ်ဆိတ်စွာ နားထောင်နေပြီး ဝေ့ဝူ့ထံမှ အချက်အလက်များစွာ ကြားရသောအခါ သူမ၏ လက်ကိုင်ဖုန်းကို အလျင်အမြန် ထုတ်ယူကာ မှတ်စုအက် ထဲတွင် အကုန်လုံးကို လိုက်လံ မှတ်သားထားလိုက်သည်။
"ဟုတ်သားပဲ... သူတို့ရဲ့ ဖုန်းနံပါတ်တွေက ၁၅၁... နဲ့ ၁၃၂... တွေ ဖြစ်တယ်ဒါပေမဲ့ အခုထိ သုံးနေသေးလားတော့ ငါ မသိဘူး။"
"ဖုန်းနံပါတ်တွေ ရှိနေမှတော့ အခုပဲ လှမ်းခေါ်ကြည့်လိုက်ပါလား။"
ဝေ့ဝူသည် အတော်ကြာ တိတ်ဆိတ်သွားပြီးမှပြန်ပြောသည်။
"ကောင်းပြီမင်းပဲ အခု လှမ်းခေါ်ကြည့်လိုက်။"
"ရှင်ကိုယ်တိုင် မခေါ်ဘူးလား။"
"မင်းပဲ ခေါ်လိုက်ပါ။"
"ဪ... အင်း။"
ရွှီချင်းချန် ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
ဝေ့ဝူသည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဘေးမှ စောင့်ကြည့်နေမိသည်။
"ဖုန်းဝင်သွားပြီ၊ ဝင်သွားပြီ။"
ရွှီချင်းချန်က ပြောလိုက်သည်။
"ဟလို... ရှန်ဝမ် ရှင့်လားရှင့်။"
"အော်... ကျွန်မက..."
ဝေ့ဝူသည် ရွှီချင်းချန်ကို ပုတ်ကာ သူမ၏ စကားကို ဖြတ်တောက်လိုက်သည်။
သူသည် ရွှီချင်းချန်အား ဖုန်းကို အရင်ချခိုင်းလိုက်ရာ ဝေ့ဝူ၏ ရင်ဘတ်တစ်ခုလုံး ရင်ခုန်သံများ မြန်ဆန်နေတော့သည်။
သူသည် ကမ္ဘာမြေပေါ်တွင် နောက်ထပ် နှစ်နာရီခန့်သာ နေထိုင်နိုင်မည် ဖြစ်ပြီး မိဘများနှင့်လည်း လူချင်းမတွေ့ဆုံနိုင်သေးသဖြင့် သူတို့အား မပြောပြသေးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သူတို့ကို ပူပန်အောင်သာ လုပ်မိသလို ဖြစ်သွားလိမ့်မည်။
"သူတို့က ဘယ်သူတွေမို့လို့လဲ။"
ဝေ့ဝူ၏ စိတ်အခြေအနေ မမှန်မကန်ဖြစ်နေသည်ကို သတိပြုမိသဖြင့် ရွှီချင်းချန်က မေးလိုက်သည်။
"ငါ့မိဘတွေလေ။"
ဝေ့ဝူသည် ဖျော်ရည်ကို တစ်ငုံ သောက်ရင်း ပြောလိုက်သည်။
"နောက်ကျရင် သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါ။ သူတို့ကို ချန်ထန်မြို့ကို လာခိုင်းနိုင်ရင် အကောင်းဆုံးပဲ။"
"သူတို့က ရှင့်မိဘတွေပဲဥစ္စာဘာလို့ ရှင်ကိုယ်တိုင် ဖုန်းမဆက်ဘဲ စကားမပြောရတာလဲ။"
ဝေ့ဝူက အလေးအနက် ပြောလိုက်သည်။
"ငါပြောတာကို သေသေချာချာ နားထောင်။ အချို့သော အကြောင်းကိစ္စတွေကြောင့် ငါဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က မိဘတွေဆီကနေ ခွဲခွာသွားခဲ့ရတာ သူတို့ကတော့ ငါ့ကို ပျောက်ဆုံးသွားပြီ ဒါမှမဟုတ် သေဆုံးသွားပြီလို့ ထင်နေကြလိမ့်မယ်။ ပြီးတော့ ငါ့ရဲ့ ထူးခြားတဲ့ အဆင့်အတန်းကြောင့် ငါဟာ အချိန်တိုလေးအတွင်းမှာပဲ လွတ်လွတ်လပ်လပ် သွားလာနိုင်တာ။ ဒါကြောင့် မင်းက သူတို့နဲ့ အရင် ဆက်သွယ်ထားပေးပါ။ နောက်ထပ် တစ်လနဲ့ ရက်ပေါင်း ၂၀ ဒါမှမဟုတ် ရက်အနည်းငယ် ကြာပြီးတဲ့အခါကျမှ မင်းက ငါ ရှိနေသေးတဲ့အကြောင်းကို သူတို့ကို ပြောပြပြီး ဒီကို လာခိုင်းလိုက်ပါ။ ငါ နောက်ထပ် နှစ်လနဲ့ ငါးရက်ခန့် ကြာရင် မင်းဆီကို လာရှာမယ်။"
"စောစောက ငါ မင်းကို အခန်းတစ်ခန်း ငှားခိုင်းထားတယ် မဟုတ်လား။ အချိန်တန်ရင် သူတို့ကို အဲဒီမှာပဲ တည်းခိုခိုင်းလိုက်။ ဟုတ်သားပဲ... ငါ့ရဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ထားလိုက်ဦး ဒါမှ သူတို့ မင်းကို ယုံကြည်ကြမှာ။ ပြီးတော့ သူတို့နဲ့ စကားပြောတဲ့အခါ သူတို့ရဲ့ စိတ်ခံစားချက်ကို သေသေချာချာ ဂရုစိုက်ပေးပါ။ သူတို့ကို အရမ်း စိတ်မလှုပ်ရှားစေနဲ့ ပြီးတော့ ငါ ရှိနေသေးတဲ့အကြောင်းကို ဆွေမျိုးတွေ သို့မဟုတ် သူငယ်ချင်းတွေ အပါအဝင် ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။"
ကျင့်ကြံခြင်းလောကသို့ ကူးပြောင်းသွားပြီးနောက် ဝေ့ဝူ့၏ အမည်နာမမှာ တူညီရုံသာမက သူ၏ ရုပ်ရည်မှာလည်း ယခင်ဘဝကအတိုင်း အတိအကျပင် ဖြစ်သဖြင့် မိဘများ ယုံကြည်လာစေရန်အတွက် ဓာတ်ပုံရိုက်၍ သက်သေပြနိုင်သည်။
ရွှီချင်းချန်သည် ဤအရာမှာ ဝေ့ဝူ့အတွက် အလွန်အရေးကြီးကြောင်း သိသဖြင့် အလေးအနက်ထား၍ မှတ်သားနေခဲ့သည်။
ဝေ့ဝူ စကားပြောပြီးနောက် စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားရသည်။ သူသည် မိမိ အသက်ရှင်နေသေးကြောင်း မိဘများကို အမြန်ဆုံး သိစေချင်သော်လည်း လောလောဆယ်တွင်မူ လျှို့ဝှက်ထားရဦးမည် ဖြစ်သည်။
ထိုကိစ္စကို ခတ္တဘေးဖယ်ထားပြီးနောက် ဝေ့ဝူသည် ရွှီချင်းချန်နှင့် အခြားအကြောင်းအရာများကို စကားစမြည် ပြောဆိုခဲ့သည်။
လက်ရှိ နာမည်ကြီးအနုပညာရှင်များ၏ အခြေအနေမှသည် နိုင်ငံတကာရေးရာများအထိ ဝေ့ဝူသည် လက်ရှိ အခြေအနေ အရပ်ရပ်ကို မေးမြန်း နားလည်ခဲ့သည်။
ရွှီချင်းချန်၏ အခြေအနေမှာမူ ယခုအခါ တက္ကသိုလ် တတိယနှစ် ကျောင်းသူတစ်ဦး ဖြစ်သည်။ မနှစ်က သူမ၏ မိသားစု စီးပွားရေး ပျက်စီးသွားကတည်းက ဖခင်ဖြစ်သူမှာ စိတ်ဓာတ်ကျကာ ပြန်လည်မထူထောင်နိုင်တော့သဖြင့် သူမသည် မိမိ၏ ကျောင်းလစာကိုပင် ကိုယ်တိုင် ရှာဖွေခဲ့ရသည်။
အကယ်၍ ဝေ့ဝူ့ထံမှ ယွမ်သုံးသောင်း လစာသာ မရရှိခဲ့လျှင် ရွှီချင်းချန်တစ်ယောက် ကျောင်းလစာ ပေးသွင်းရန် ကြွေးကျန်နေဦးမည် ဖြစ်သည်။
ဝေ့ဝူက သူမအား ပိုက်ဆံပြန်ဆပ်ရန် စိုးရိမ်မနေရန်နှင့် လစဉ် လစာငွေများကို ကတ်ထဲမှ ဆက်လက်ထုတ်ယူသုံးစွဲရန်၊ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ဆင်ရန်နှင့် အချိန်ပိုင်းအလုပ်များ မလုပ်ရန် ညွှန်ကြားခဲ့သည်။
သူတို့နှစ်ဦး အလျင်အမြန် စားသောက်လိုက်ကြသည်။ အသစ်ဝယ်ထားသည့် ရိုလက်စ်နာရီကို စစ်ဆေးကြည့်ရာ တစ်နာရီနှင့် မိနစ် ၂၀ ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
အချိန်ကတော့ လုံလောက်ပါသေးသည်။
ကျန်ရှိသည့် အလေးချိန် ၃ ပိဿာဆန့်မှုအတွက် ဝေ့ဝူ ခတ္တမျှ စဉ်းစားလိုက်ပြီးပြောလိုက်သည်။
"အရင်ဆုံး စာအုပ်အချို့ သွားဝယ်ကြရအောင်။"
ဤစာအုပ်ဆိုင်ကြီးမှာ အလွန်ကြီးမားလှပြီး ဝေ့ဝူသည် စာအုပ်များကို စတင် ရှာဖွေတော့သည်။
ပထမဆုံးအနေဖြင့် သူသည် လျူရှုယွီအတွက် အသုံးဝင်မည့်အတွင်းပိုင်းဆိုင်ရာ ဆေးကျမ်ကို သဘောကျသွားခဲ့သည်။
ထို့နောက်အိမ်ရာကျမ်း ကို ရွေးချယ်လိုက်သည်။
နောက်တစ်ခုမှာ အနောက်တိုင်း မှော်ပညာနှင့် ပတ်သက်သည့် ရှာလမွန်၏ သော့ချက် စာအုပ် ဖြစ်သည်။ ဝေ့ဝူ ကြည့်ရသလောက်တော့ ၎င်းသည် ဆင့်ခေါ်မန္တန်များအကြောင်း အဓိက ဖြစ်ပုံရသည်။ ၎င်းကို ကျင့်ကြံခြင်းလောကသို့ ယူဆောင်သွားပါက ဘာဖြစ်လာမလဲဟု သူ သိချင်နေမိသည်။
ဤစာအုပ် သုံးအုပ်တည်းနှင့်ပင် ၁ ပိဿာခွဲကျော် အလေးချိန် စီးနေပြီ ဖြစ်သည်။ ဝေ့ဝူ ခတ္တမျှ စဉ်းစားပြီးနောက် ပို၍ ပေါ့ပါးသော စာအုပ်တစ်အုပ်ဖြစ်သည့် ရင်သွေးငယ်များအတွက် ရုပ်ပြဖတ်စာအုပ်ကို ရွေးချယ်လိုက်သည်။
အနီးနားရှိ ဖုန်းဆိုင်တစ်ဆိုင်ကို တွေ့ရသဖြင့် ဝေ့ဝူသည် ပြည်တွင်းဖြစ် လက်ကိုင်ဖုန်း ငါးလုံးကို ဝယ်ယူခဲ့သည်။ စာအုပ်များနှင့် ပေါင်းလိုက်ပါက ၂ ပိဿာကျော်မျှသာ ရှိသည်။
စုစုပေါင်း ဖုန်းငါးလုံး ရှိသည့်အနက် ဝေ့ဝူသည် ရွှီချင်းချန်အား သူမ၏ မှတ်ပုံတင်ကို သုံး၍ ဆင်းမ်ကတ်သုံးကတ်ကို အသင့်ပြင်ခိုင်းလိုက်သည်။ ကျန်ရှိသည့် ဖုန်းနှစ်လုံးကိုမူ ဆင်းမ်ကတ်မပါဘဲ အသုံးပြုနိုင်ခြင်း ရှိမရှိ စမ်းသပ်လိုခြင်း ဖြစ်သည်။
ခြေလှမ်းအနည်းငယ် ဆက်လျှောက်လိုက်သောအခါ အရုပ်ဆိုင်တစ်ဆိုင်ကို မြင်လိုက်ရသည်။ ဝေ့ဝူ ခတ္တမျှ စဉ်းစားပြီးနောက် ကစားစရာသေနတ်တစ်လက်၊ လက်ဖဝါးအရွယ် ကစားစရာကားတစ်စီးနှင့် အယ်လ်အီးဒီမီးချောင်း တပ်ဆင်ထားသည့် လေဆာဓားတစ်ချောင်းတို့ကို ဝယ်ယူခဲ့သည်။
'နောက်ထပ် ဝယ်လို့ မရတော့ဘူး။ အခုတင် တော်တော်လေး အလေးချိန် စီးနေပြီ။ ပေါက်စီနဲ့ ဆေးဝါးတွေကို သွားယူပြီးရင် အားလုံးကို အလေးချိန် ပြန်ချိန်ရမယ်။'
ရွှီချင်းချန်သည် အနောက်ကနေ တစ်ချိန်လုံး လိုက်ပါလာခဲ့သည်။ သူမသည် ဝေ့ဝူ ဤကဲ့သို့သော အထွေထွေပစ္စည်းများကို ဝယ်ယူနေခြင်းအား အတော်လေး ကျင့်သားရနေပြီ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က သူ မီးစက်တစ်လုံးကိုပင် ဝယ်ယူခဲ့သေးသည် မဟုတ်ပါလား။
သူမ၏ တာဝန်မှာ ပစ္စည်းများ ဝိုင်းသယ်ပေးရန်နှင့် ပိုက်ဆံရှင်းပေးရန်သာ ဖြစ်သည်။
အမျိုးသမီးတစ်ဦးက ပစ္စည်းများသယ်ကာ ပိုက်ဆံရှင်းပေးနေသည်ကို မြင်ရသဖြင့် လူအများက ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဝေ့ဝူကတော့ ဂရုမစိုက်ချေ။
ကုန်တိုက်မှ ထွက်ခွာပြီးနောက် ဝေ့ဝူသည် ဘဏ်ကတ်များ သွားရောက်ယူဆောင်ရန် ရွှီချင်းချန်၏ ကျောင်းသို့ လိုက်ပါသွားခဲ့သည်။
ရွှီချင်းချန်၏ အဆောင်အောက်သို့ လျှောက်လှမ်းလာစဉ် မိန်းကလေးတစ်ဦးက လှမ်းအော်လိုက်သည်။
"ချင်းချန်... ဒါ ဘယ်သူလဲ။ နင့်ရဲ့ ရည်းစားလား။"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။"
"ဒါ ငါ့ရဲ့ အဆောင်သူငယ်ချင်း။"
ရွှီချင်းချန်တစ်ယောက် ပျာယာခတ်နေသည်ကို မြင်သောအခါ ထိုသူငယ်ချင်းမလေးကငါ နားလည်ပါတယ်ဟူသော အကြည့်မျိုးဖြင့် ကြည့်ကာ ဝေ့ဝူ့ကို ပြောလိုက်သည်။
"ကျောင်းနေဖက်ကြီး... မဆိုးဘူးပဲ။ ချင်းချန်က ငါတို့ မဟာဌာနရဲ့ အလှပဂေးလေ သူမနောက်ကို လိုက်နေတဲ့လူတွေ ဘယ်လောက်တောင် များလဲ နင် သိမှာမဟုတ်ဘူး။"
သူမသည် ဝေ့ဝူ့ကို အပေါ်အောက် အကဲခတ်လိုက်ရာ ဝေ့ဝူ့လက်ကောက်ဝတ်ရှိ ရိုလက်စ်နာရီကို ချက်ချင်း မြင်သွားပြီး သူမ၏ မျက်နှာအမူအရာမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ချင်းချန်...စောစောက သူက နင့်ရည်းစား မဟုတ်ဘူးလို့ ပြောတယ်မလား။ ဒါဆို ငါကော..."
ရွှီချင်းချန်တစ်ယောက် ထိုလူကို အဝေးသို့ မောင်းထုတ်ရန် အတော်လေး အားထုတ်လိုက်ရသည်။ ဝေ့ဝူက အောက်ကနေ စောင့်ဆိုင်းနေပြီး သူမသည် ဘဏ်ကတ်များ ယူဆောင်လာခဲ့သည်။ စုစုပေါင်း ငါးပြား ရှိသည်။
"ကောင်းပြီ အခု ပေါက်စီနဲ့ ဆေးဝါးတွေကို သွားယူကြရအောင်။"
"ကျွန်မပါ လိုက်ရဦးမှာလား တကယ် ပင်ပန်းနေပြီ။"
"သေချာပေါက် လိုက်ရမှာပေါ့။ မြန်မြန်... ပစ္စည်းတွေအကုန်လုံး ယူပြီး သွားကြစို့။"
"ဟုတ်သားပဲ..."
ဝေ့ဝူက ဆက်ပြောလိုက်သည်။
"နောက်တစ်ကြိမ်ကျရင်တော့ မင်း ငါ့ကို ကားမောင်းပြီး လာကြိုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
"ဘာကို ဆိုလိုတာလဲ။"
ဝေ့ဝူ သူမ၏ ခေါင်းကို ဖွဖွလေး ပုတ်ချင်စိတ် ပေါက်သွားသော်လည်း ထိန်းချုပ်လိုက်သည်။
"ဆိုလိုတာက... ကားတစ်စီး သွားဝယ်လိုက်တော့။"
"ကားလား။ မော်တော်ကားလား။ ဒါပေမဲ့ ကျွန်မဆီမှာ ကားမောင်းလိုင်စင် မရှိဘူးလေ။"
"ဒါဆိုရင် ကားဒရိုင်ဘာတစ်ယောက် ငှားလိုက်ပေါ့။"
ဝေ့ဝူသည် ရှေ့သို့ လှမ်းလျှောက်သွားပြီးမှ ရုတ်တရက် အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"အမျိုးသမီး ဒရိုင်ဘာနော်။"