← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇- ပြန်လည်ထွက်ခွာခြင်း။

ဝေ့ဝူသည် သူ၏ လျှပ်စစ်စကူတာကို စီးပြီး ရွှီချင်းချန်ကမူ စက်ဘီးကို နင်းကာ အဆာပြေမုန့်ဆိုင်သို့ အရင်ဆုံး ရောက်ရှိလာခဲ့ကြသည်။

ည ၈ နာရီခွဲ ရှိပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်တွင် လူသူ ကင်းရှင်းနေပြီ ဖြစ်သည်။ ဆိုင်ပိုင်ရှင်သည် ဆိုင်အဝင်ဝ လှေကားထစ်ပေါ်တွင် ထိုင်ကာ ဆေးလိပ်တစ်လိပ်ကို သောက်ရင်း ဘေးနားတွင် အရက်ပုလင်းတစ်ပုလင်း ချထားသည်။ သူ့ကို ကြည့်ရုံနှင့်ပင် တစ်စုံတစ်ခုကို စိတ်ပူပန်နေကြောင်း သိသာလှသည်။

ဝေ့ဝူ့ကို မြင်သောအခါ ဆိုင်ပိုင်ရှင်သည် မတ်တတ်ရပ်လိုက်ပြီးပြောလိုက်သည်။

"မင်းရဲ့ ပေါက်စီတွေ အဆင်သင့်ဖြစ်ပြီနော်။"

ဝေ့ဝူက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။

"ဦးလေး... ဘာတွေ စိတ်ညစ်စရာ ရှိလို့လဲ။"

"လူ့ဘဝဆိုတာ အမြဲတမ်း စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေတာပဲ ပြောပြနေဖို့ မတန်ပါဘူး။"

"ကျွန်တော့်ကို အရက်နှစ်ပုလင်းနဲ့ ဘဲပေါင်းလက်နှစ်ချောင်း ပေးပါ။"

ဘာပဲဖြစ်ဖြစ် အချိန်က လုံလောက်ပါသေးသည်။

ဆိုင်ပိုင်ရှင်သည် အရက်နှင့် ဘဲပေါင်းလက်များကို ယူဆောင်လာပေးသည်။ ဝေ့ဝူသည် ဒီအရာနှစ်ခုက ကျင့်ကြံခြင်းလောကကို ရောက်ရင် ဘာဖြစ်သွားမလဲဟု စိတ်ထဲကနေ မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။

"ဦးလေး..."

သူက လှမ်းခေါ်လိုက်သည်။

"လာ... ထိုင်ပြီး ကျွန်တော်နဲ့ အတူတူ သောက်ရအောင်။ အခုလည်း အားနေတာပဲဥစ္စာ။"

"မင်းက ဒီလိုလုပ်နေရင် ငါက ဘယ်လိုလုပ် မင်းဆီက ပိုက်ဆံယူရက်ပါ့မလဲ။"

သို့သော် ဆိုင်ပိုင်ရှင်သည် ပွင့်လင်းပြတ်သားသူတစ်ဦး ဖြစ်သဖြင့် ချက်ချင်းပင် ဝင်ထိုင်လိုက်သည်။

ရွှီချင်းချန်မှာမူ ဘေးတွင် အဖော်မဲ့စွာဖြင့် အခြားစားပွဲတစ်ခု၌ ထိုင်ကာ လက်ဖြင့် မေးထောက်ရင်းတိုးတိုးလေး ညည်းတွားနေတော့သည်။

"ကျွန်မ အိမ်စာတွေတောင် မလုပ်ရသေးဘူး..."

သူတို့နှစ်ဦး သောက်စားရင်း စကားပြောဆိုကြရာမှ နောက်ဆုံးတွင် ဆိုင်ပိုင်ရှင်သည် သူ၏ စိတ်ပူပန်မှုကို ဖွင့်ဟလာခဲ့သည်။

သူ့သားဖြစ်သူ၏ စီးပွားရေးလုပ်ငန်း ပျက်စီးသွားသဖြင့် အကြွေးအမြောက်အမြား တင်ရှိနေကာ ၎င်းကို ဆပ်ရန်အတွက် မိမိ၏ စုဆောင်းငွေများကို ထုတ်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် လက်ရှိ စီးပွားရေး ကျဆင်းမှုကြောင့် သူကိုယ်တိုင်လည်း ပိုက်ဆံ သိပ်မရချေ။

အကယ်၍ စုဆောင်းငွေများကို ထုတ်ပေးလိုက်ပါက ဆိုင်လခ ပေးနိုင်တော့မည်မဟုတ်ဘဲ ဆိုင်ကို ပိတ်ကာ စက်ရုံတွင် အလုပ်ဝင်လုပ်ရမည့် အခြေအနေ ဖြစ်နေသည်။

"ဒီအခြေအနေ ပြန်လည်ကောင်းမွန်ဖို့ ပိုက်ဆံ ဘယ်လောက် လိုတာလဲ။"

"ယွမ် နှစ်သိန်းလောက်ဆိုရင်တော့ ရမယ် ထင်တာပဲ။"

ဝေ့ဝူက လှမ်းခေါ်လိုက်သည်။

"ချင်းချန်။"

"ရှင်..."

ရွှီချင်းချန်က သမ်းဝေရင်း ပြန်ထူးလိုက်သည်။

"သူ့ကို ယွမ်နှစ်သိန်း လွှဲပေးလိုက်။"

ရွှီချင်းချန်၏ အကောင့်ထဲတွင် ယွမ် ၁.၄ သန်းကျော် ကျန်ရှိနေသေးသဖြင့် ဆိုင်ပိုင်ရှင်အား နှစ်သိန်း ပေးကမ်းပြီး ကားတစ်စီး ဝယ်ယူရန်အတွက် လုံလောက်သည်ထက် ပိုနေသေးသည်။

ထိုစကားကို ကြားသောအခါ ဆိုင်ပိုင်ရှင်သည် စကားပြောရန် ပြင်လိုက်သော်လည်း ဝေ့ဝူက တားဆီးလိုက်သည်။

"ဒီလိုလုပ်ရအောင် ဦးလေးလုပ်တဲ့ အစားအစာတွေကို ကျွန်တော် တကယ် သဘောကျတယ် ပြီးတော့ ဒီဆိုင်က တိုးတက်ဖို့ အလားအလာ အများကြီး ရှိတယ်လို့ ထင်တယ်။ ဒါကို ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားလိုက်ပါ။ နောင်ကျလို့ ပိုက်ဆံရလာရင် ကျွန်တော့်ကို အမြတ်ဝေစု ခွဲပေးတာပေါ့ ဘယ်လိုလဲ။"

ဝေ့ဝူသည် ဆိုင်ပိုင်ရှင်နှင့် အကြာကြီး စကားပြောဆိုခဲ့ပြီး အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်ကို မြင်သောအခါ ဘီယာကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

"ယောက်ျားကောင်းတစ်ယောက်က တွေဝေမနေသင့်ဘူး။ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ။"

"ဒါပေမဲ့ အနည်းဆုံးတော့ စာချုပ်တစ်ခုခု လက်မှတ်ထိုးရမယ်လေ။"

ဆိုင်ပိုင်ရှင်က လှမ်းအော်ပြောသည်။

သို့သော် ဝေ့ဝူသည် ထိုသို့ပြောပြီးနောက် ရွှီချင်းချန်အား ပေါက်စီများကို သယ်ခိုင်းကာ ဆိုင်ထဲမှ ထွက်ခွာခဲ့တော့သည်။ မထွက်ခွာမီ သူသည် ဆိုင်ထဲမှ ပလတ်စတစ်အိတ် အနည်းငယ်ကိုပါ လက်တစ်ဆုပ်စာ ယူဆောင်ခဲ့သေးသည်၊ ၎င်းတို့က ဆေးလိပ်၊ အရက်၊ ဆေးဝါး သို့မဟုတ် ပေါက်စီများကို ထုပ်ပိုးရန်အတွက် အသုံးဝင်လိမ့်မည် ဖြစ်သည်။

ပေါက်စီထည့်ထားသည့် ဘူးမှာလည်း အတော်လေး အလေးချိန် စီးလှသည်။

ဆေးဆိုင်အနီးသို့ ရောက်သောအခါ ဝေ့ဝူသည် ရွှီချင်းချန်အား အမှိုက်ပုံးတစ်ခုကို အရင်ရှာခိုင်းပြီး ထိုနေရာတွင် စောင့်ဆိုင်းကာ ဆေးလိပ်ဘူးများကို ဖောက်ပြီး အပြင်အထုပ်အပိုးများကို လွှင့်ပစ်ရန် ပြောခဲ့သည်။ သူကိုယ်တိုင်မူ ဆေးဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။

ဝေ့ဝူ့ကို မြင်လိုက်ရုံနှင့်ပင် ကျိူးထုံကွမ်သည် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ မင်း နောက်ကျနေတာ သိရဲ့လား။ ငါ ဆိုင်ပိတ်ပြီး သုတေသနဓာတ်ခွဲခန်းကို ပြန်ဖို့ စောင့်ရင်း သေတော့မယ်။"

"ရော့... ဒါက စိတ်ကျန်းမာရေး ဆေးဝါးခြောက်မျိုးပဲ​ တစ်မျိုးကို တစ်ဘူးစီ။ အသုံးပြုပုံတွေကတော့ အပေါ်မှာ ရေးထားပြီးသား။"

ဝေ့ဝူ ဆေးဝါးများကို ယူလိုက်ပြီး အောက်ရှိ မှန်ဗီရိုကို ကြည့်လိုက်သည်။

"ခင်ဗျားတို့ရဲ့သွေးတိတ်ဒဏ်ကြေဆေးနဲ့ ကျောက်ကပ်အားဆေး တစ်ဘူးစီပါ ပေးပါ။"

သူ သယ်ဆောင်မည့် အလေးချိန်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤဆေးနှစ်မျိုးကို ကျင့်ကြံခြင်းလောကသို့ သယ်ဆောင်သွားနိုင်ခြင်း ရှိမရှိပင် မသေချာချေ​။ သို့မဟုတ်ပါက သူ ပို၍ ဝယ်ယူမိမည် ဖြစ်သည်။

ဆေးများကို ယူပြီး ထွက်ခွာခါနီးတွင် ဝေ့ဝူသည် တစ်စုံတစ်ခုကို သတိရသွားကာ ပုလင်းထဲတွင် ထည့်ထားသည့် ခရမ်းရောင်ပုတီးစေ့ပိုးကောင် ကို ထုတ်ယူလိုက်သည်။

"ခင်ဗျားက သတ္တဗေဒကို လေ့လာတာလား။"

ခရမ်းရောင်ပုတီးစေ့ပိုးကောင်ကို မြင်သောအခါ ကျိူးထုံကွမ်၏ မျက်လုံးများမှာ တောက်ပလာပြန်သည်။

"ဒီပိုးကောင်က... တကယ်ကြီး အလင်းဖြာနေတာပဲ။"

သူသည် တစ်ချက်ကြည့်ရုံနှင့်ပင် ဤပိုးကောင်မှာ မျိုးစိတ်အသစ် ဖြစ်ကြောင်း သိလိုက်သည်။ အကြောင်းမှာ သူသည် ကမ္ဘာပေါ်တွင် အလင်းလွှတ်နိုင်သည့် အင်းဆက်မှန်သမျှကို အိပ်မက်ထဲတွင်ပင် အလွတ်ရွတ်နိုင်သောကြောင့် ဖြစ်သည်။

ဝမ်ဝူဂရု၏ အဓိက သုတေသနပညာရှင်ဖြစ်သူ ဤလူငယ်သည် အရည်အချင်း ပြည့်ဝပြီး ဆုတံဆိပ်များစွာ ရရှိထားကာ အရေးကြီးပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံဖူးသော်လည်း ယခုကဲ့သို့ စိတ်လှုပ်ရှား တုန်လှုပ်ဖူးခြင်း မရှိချေ။

"ကျွန်တော် ခရမ်းရောင်ပုတီးစေ့ပိုးကောင်ကို ခင်ဗျား လေ့လာဖို့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ အလားတူပဲ... ဒါကို ကျွန်တော် ပေးတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောရဘူ။ပြီးတော့ ခင်ဗျားရဲ့ သုတေသန ရလဒ်တွေကိုလည်း ကျွန်တော့်ကို အမြဲ အသိပေးရမယ်။"

"ပြဿနာမရှိဘူး။ ပြဿနာ လုံးဝမရှိဘူး။"

ကျိူးထုံကွမ်သည် ဇီဝဗေဒအပေါ် အလွန်အမင်း ရူးသွပ်သူ ဖြစ်ပြီး မိမိ၏ စစ်မှန်သော အရည်အချင်းဖြင့်သာ ယခုရာထူးကို ရရှိခဲ့သူ ဖြစ်ရာ လှည့်ကွက်ဆင်မည့်လူမျိုး မဟုတ်ချေ။

ဝေ့ဝူသည် သူ့ထံတွင် လျူရှုယွီ၏ အရိပ်အယောင်ကို မြင်တွေ့ရသောကြောင့်သာ ချန်ရှင်းမြက်နှင့် ခရမ်းရောင်ပုတီးစေ့ပိုးကောင်တို့ကို လေ့လာရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ချိုးထုံကွမ်း၏ ဆက်သွယ်ရန် အချက်အလက်ကို ယူလိုက်ပြီး နောင်တွင် ရွှီချင်းချန်က ဆက်သွယ်လိမ့်မည်ဟု ပြောခဲ့သည်။

ဆေးဆိုင်ထဲက ထွက်လာသောအခါ ရွှီချင်းချန်သည် ပန်းခုံဘေးတွင် ထိုင်ကာ ဆေးလိပ်ဘူးများကို တစ်ဘူးချင်း ဖောက်နေပြီး အသက်မပါသလို ဖြစ်နေသည်။

ဝေ့ဝူက ထိုမြင်ကွင်းကို ကြည့်ကာ ရယ်မောလိုက်ပြီး စနောက်သည့် လေသံဖြင့်ပြောလိုက်သည်။

"လာ... ဒီဆေးတွေကိုလည်း အထုပ်တွေ ခွာပြီး ပလတ်စတစ်အိတ်ထဲ ခွဲထည့်လိုက်ဦ။"

ရွှီချင်းချန် ငြင်းဆန်ချင်သော်လည်း ဝေ့ဝူ့ကို ပိုက်ဆံကြွေးတင်နေသည်ကို သတိရသွားကာ နှုတ်ခမ်းလေး စူရင်း အားအင်ကုန်ခမ်းနေသော လေသံဖြင့်ပြန်ပြောသည်။

"ပေးပါ..."

ဝေ့ဝူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

"အတူတူ လုပ်ကြရအောင်။"

သူတို့နှစ်ဦး အလျင်အမြန်ပင် အရက်၊ ဆေးဝါး၊ ဆေးလိပ်နှင့် အရုပ်များ၏ အထုပ်အပိုးများကို ဖယ်ရှားလိုက်ကြသည်။ ပေါက်စီများကို ဘူးထဲမှ ထုတ်ယူပြီး အရက်ကိုလည်း ဖန်ပုလင်းထဲမှ ထုတ်ကာ အားလုံးကို ပလတ်စတစ်အိတ်များထဲသို့ ပြောင်းလဲထည့်လိုက်ကြသည်။

ထိုအချိန်တွင် ပြင်းရှသော အရက်နံ့မှာ လေထဲတွင် ပျံ့လွင့်သွားရာ လမ်းလျှောက်လာသည့် အဘိုးအိုတစ်ဦးက နှာခေါင်းကို ရှုံ့ကာ​ မောက်ထိုင်ရဲ့ အမွှေးနံ့ပဲဟု ရေရွတ်သွားသည်။

ဝေ့ဝူသည် ပစ္စည်းအားလုံးကို ဆိုင်တစ်ဆိုင်သို့ ယူဆောင်ကာ အလေးချိန် ချိန်ကြည့်လိုက်ရာ ၆၅၂၅ ဂရမ် ရှိနေသည်။ ၎င်းသည် သတ်မှတ်ထားသည့် အလေးချိန်ထက် အမှန်တကယ် ပိုနေခဲ့သည်။

သူသည် မောက်ထိုင်အရက် ၃၀ ဂရမ်ခန့်ကို သွန်ပစ်လိုက်ပြီး ခတ္တမျှ စဉ်းစားကာ ပုလင်းအဖုံးထဲသို့ အရက်အပြည့် ထည့်လိုက်ပြီး ရွှီချင်းချန်ထံ ကမ်းပေးလိုက်သည်။

"ဒါကို သောက်လိုက်။"

ရွှီချင်းချန် မျက်မှောင်ကုတ်သွားပြီး နှုတ်ခမ်းလေး စူကာ မျက်ဝန်းထဲတွင် မျက်ရည်စများဖြင့် သနားစရာပုံစံ ဖြစ်သွားရသည်။ နောက်ဆုံးတွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ သူမ လက်လှမ်း၍ ယူရန် ပြင်လိုက်သည်။

သို့သော် ဝေ့ဝူသည် အရက်ကို မြေကြီးပေါ်သို့ သွန်ပစ်လိုက်ပြီး ရယ်မောလိုက်သည်။

"ငါက မင်းကို အနိုင်ကျင့်နေသလို ဖြစ်နေတာပဲ။ မင်း မလုပ်ချင်တဲ့အရာကို လုပ်စရာမလိုပါဘူး။ နောက်ပြီး မင်း ကျောင်းပြန်ရဦးမှာလေ​အရက်သောက်ထားရင် အန္တရာယ်ရှိတယ်။"

ရွှီချင်းချန် ခေါင်းငုံ့လိုက်ပြီး ခြင်ကိုက်သံလောက်ရှိသော လေသံတိုးတိုးလေးဖြင့်ပြန်ပြောသည်။

"ဒါပေမဲ့ ကျွန်မ ရှင့်ကို ပိုက်ဆံကြွေးတင်နေတာလေ။"

"အကြွေးတင်တော့ ဘာဖြစ်လဲ။ အကြွေးတင်တဲ့လူက သူဌေးပဲဥစ္စာ။ မင်းက ခြေထောက်ချိတ်ထိုင်ပြီး ငါ့ကို 'နင့်ရဲ့ အမူအရာကို ပြင်စမ်း၊ မဟုတ်ရင် ပိုက်ဆံပြန်ရဖို့ မစဉ်းစားနဲ့' လို့ ပြောရမှာ။"

ရွှီချင်းချန် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး သူမ၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးပုံစံ ဖြစ်သွားကာ စိတ်ထဲက အုံ့မှိုင်းမှုများ ချက်ချင်းပင် လွင့်ပျောက်သွားရသည်။

ဝေ့ဝူက သူမအား ထပ်မံ သတိပေးလိုက်သည်။

"မှတ်ထားဦး နောင်ကျရင် အချိန်ပိုင်းအလုပ်တွေ မလုပ်နဲ့တော့။ မင်းရဲ့ ပိန်ပိန်ပါးပါး လက်မောင်းလေးတွေနဲ့ ခြေထောက်လေးတွေကို ကြည့်ပြီး လူတွေ သနားစရာ ဖြစ်နေမယ်။"

"ရှင် ဘာကို ဆိုလိုတာလဲ။ ကျွန်မက ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေတာလေ ဘာလို့ သနားစရာ ဖြစ်ရမှာလဲ။"

ရွှီချင်းချန်က မကျေမနပ်ဖြင့် ပြန်ပြောသည်။

"ဘာပဲဖြစ်ဖြစ် မင်းဆီမှာ တစ်လ ယွမ်သုံးသောင်း လစာ ရှိနေသေးတယ် မဟုတ်လား။ အဲဒီလစာကို ကတ်ထဲကနေ ကိုယ့်ဘာသာကိုယ် ထုတ်ယူဖို့ သတိရပါ။ မင်း အခု ငါ့ကို ပိုက်ဆံကြွေးတင်နေရင်တောင် လစာကိုတော့ သေသေချာချာ တွက်ချက်ရမယ်။"

"ဒါတွေကို ရှင် ပြောပြီးပြီပဲဥစ္စာ... တကယ် စကားများတာပဲ​ ဟူး...ကျွန်မ ရှင့်ရဲ့ ပိုက်ဆံတွေကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာလဲ မသိဘူး။"

ဝေ့ဝူကမူ ဘေးတွင် ခိုးပြုံးနေတော့သည်။

အချိန်တန်ပြီ ဖြစ်ကြောင်း မြင်သောအခါ သူသည် ရွှီချင်းချန်အား စက်ဘီးကို ပြန်အပ်ပြီး ကျောင်းသို့ ပြန်ရန် ပြောလိုက်သည်။

"ကားဝယ်ဖို့နဲ့ ဒရိုင်ဘာငှားဖို့ သတိရနော်..."

ဝေ့ဝူက မှာကြားခဲ့သည်။

"ကားဝယ်ရတာက လွယ်ပါတယ်၊ ဒါပေမဲ့ အခု ကားလိုင်စင်နံပါတ်ပြား တွေက မဲနှိုက်ရတာလေ။"

ဝေ့ဝူ ခတ္တမျှ တွေးတောပြီးနောက် သူမအား ကျိူးထုံကွမ်၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်။

"သူ့ကို အကူအညီတောင်းလိုက်။ ဪ... ပြီးတော့ ကားမောင်းလိုင်စင် သွားဖြေထားဦး။ နောင်ကျရင် မင်းက ငါ့ရဲ့ ကားဒရိုင်ဘာ ဖြစ်ရမယ်။"

ရွှီချင်းချန် မျက်နှာလေး ရှုံ့မဲ့သွားလေသည်။

"ကားမောင်းလိုင်စင် ဖြေရမှာလား။ အဲဒါက​ တကယ်ရှုပ်ထွေးတာပဲ။"

"သွားတော့... လမ်းမှာ ဂရုစိုက်ဦး ဖြည်းဖြည်းမောင်းနော်။"

သူမ၏ လျှပ်စစ်စကူတာလေးကို စီးနင်းရင်း လှပသော ညမီးရောင်များကြားသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

...

ရွှီချင်းချန် ထွက်ခွာသွားပြီးနောက် ဝေ့ဝူသည် ပစ္စည်းအားလုံးကို ကောက်ယူကာ သန့်စင်ခန်းတစ်ခုကို ရှာဖွေခဲ့သည်။

သူ အထဲသို့ လှမ်းဝင်ခါနီးတွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး စနစ်က ငါ့ကို သန့်စင်ခန်းထဲကနေပဲ ကျင့်ကြံခြင်းလောကကို ပြန်ရမယ်လို့ ပြောခဲ့လို့လား။ လူသူကင်းဝေးပြီး ဘယ်သူမှ မမြင်နိုင်တဲ့နေရာကို ရှာတွေ့ရင် ရပြီ မဟုတ်လား ဟု တွေးမိသွားသည်။

သူသည် ကမ္ဘာမြေသို့ ရောက်ရှိမည့်နေရာကို ရွေးချယ်၍မရသော်လည်း ပြန်လည်ထွက်ခွာမည့်နေရာကိုမူ ရွေးချယ်နိုင်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ သူသည် အဘယ်ကြောင့် သန့်စင်ခန်းများကိုသာ စွဲလမ်းနေခဲ့ရသနည်း။ သန့်စင်ခန်းသည် လူသူမသိဘဲ ပျောက်ကွယ်သွားရန် အကောင်းဆုံးနေရာ ဖြစ်သော်လည်း ဖြစ်သည်။

ထိုသို့ တွေးတောပြီးနောက် ဝေ့ဝူသည် ပန်းခြံတစ်ခုကို ရှာဖွေကာ မှောင်မိုက်သော ထောင့်တစ်ထောင့်တွင် ပုန်းအောင်းနေလိုက်သည်။ ဤနေရာသို့ လူသူလာရောက်ခြင်း မရှိသည့်အပြင် စောင့်ကြည့်ကင်မရာ များလည်း မရှိချေ။ သူသည် ငြိမ်သက်စွာ စောင့်ဆိုင်းနေစဉ် ခြေရင်းရှိ ရေအိုင်ငယ်လေးတစ်ခုအတွင်း၌ ခြင်ပိုးလောက်လန်း အချို့ကို တွေ့ရှိလိုက်သည်။

"ဒါတွေကို ငါ့အစ်မအတွက် လက်ဆောင်အဖြစ် ယူသွားရင်ကော ကောင်းမလား။"

သူသည် ပလတ်စတစ်အိတ်တစ်ခုဖြင့် ခြင်ပိုးလောက်လန်းများနှင့် ရေအနည်းငယ်ကို ခပ်ယူလိုက်ရာ အလေးချိန်မှာ မီလီလီတာ အနည်းငယ်မျှသာ ရှိသဖြင့် မလေးချေ။ သို့သော်လည်း စိတ်ချရစေရန်အတွက် သူသည် မောက်ထိုင်အရက် အနည်းငယ်ကို ထပ်မံ သွန်းပစ်လိုက်သည်။

"အချိန်ပြည့်ပါပြီ။ အိမ်ရှင်သယ်ဆောင်လာသော ပစ္စည်းများသည် သတ်မှတ်ချက်နှင့် ကိုက်ညီပါသည်။ ပြန်လည်ထွက်ခွာခြင်းကို စတင်နေပါပြီ။”

All Chapters