← Chapters

အခန်း ၂၈၁

Vol. 25 Ch. 281

အခန်း ၂၈၁

Vol. 25 Ch. 281

အခန်း (၂၈၁) ဖုန်းခေါ်ဆိုခြင်း

"ဘာဖြစ်လို့လဲ.." စုဖူချန်က သူ၏ မျက်နှာကို အလျင်အမြန် စမ်းသပ်လိုက်၏။ သူသည် အလွန်ချောမောသည်ဟု မပြောနိုင်သော်လည်း အရုပ်ဆိုးသည်ဟုလည်း ပြော၍မရနိုင်ပေ။

'ဒီမိန်းကလေးက ငါ့ကို ဘာလို့ သတ္တဝါဆန်းတစ်ကောင်လို ကြည့်နေရတာလဲ...' စုဖူချန် စိတ်ထဲမှ တွေးလိုက်သည်။

စုဖူချန်သည်လည်း မိန်းကလေးကို ပြန်ကြည့်လိုက်ပြီးနောက် ထိုမိန်းကလေးမှာ သူနှင့် အနည်းငယ် တူညီနေကြောင်း ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ရရှိသွားချေ၏။

"ဦးလေးက ဘယ်ကလာတာလဲ..."

"သမီးက ဘယ်ကလာတာလဲ..." သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း မေးမြန်းလိုက်ကြသည်။

"ဒါက..."

"ငါ အရင် ပြောရမလား..." သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း ထပ်ပြောလိုက်ကြပြန်၏။

"ထူးဆန်းလိုက်တာ... ရှင်တို့ နှစ်ယောက် စကားပြောတာ တူနေပါလား..." ချန်ချွေ့ဖန်က အံ့အားသင့်စွာ ပြောလိုက်သည်။

သူတို့နှစ်ဦးစလုံးမှာလည်း အလွန် ထူးဆန်းနေသည်ဟု ခံစားရပေ၏။

အထူးသဖြင့် ထိုမိန်းကလေးမှာ စုဖူချန်ကို မြင်လိုက်ရသည့် အချိန်တွင် သူမ၏ အဘိုးအရင်းကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေချေသည်။

စုဖူချန်သည် သူမ၏ အဘိုး လူလတ်ပိုင်းအရွယ်နှင့် လုံးလုံးလျားလျား တူညီနေသည်ဟု ပြော၍ရနိုင်ပေ၏။

ထို့အပြင် သူ၏သားဖြစ်ဟန်တူသော ဤလူငယ်လေးမှာလည်း သူမ၏ ဘေးဘိုးနှင့် အနည်းငယ် ဆင်တူနေပြန်လေသည်။

ဤသည်မှာ လုံးလုံးလျားလျား ယုံကြည်နိုင်စရာ မရှိချေ။

အိမ်ပြန်ရန် ကျည်ဆန်ရထား စီးလာရင်း သူမ၏ အဘိုးနှင့် အလွန်တူညီသော သူတစ်ဦးအား မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရခြင်းပင်။

တကယ့်ကို ထူးဆန်းလွန်းလှပေ၏။

"တကယ်လို့ ငါ့အဘိုးမှာ ကလေးသုံးယောက်ပဲ ရှိတယ်ဆိုတာကိုသာ မသိထားဘူးဆိုရင် ဒီလူက မိသားစုနဲ့ ကွဲကွာနေတဲ့ အဘိုးရဲ့ တရားမဝင်သားလို့ သေချာပေါက် ထင်မိမှာပဲ..." ဆယ်ကျော်သက် မိန်းကလေး စုယွဲ့က စိတ်ထဲမှ တွေးတောလိုက်သည်။

ကမ္ဘာကြီး ကျယ်ပြောလှသည်နှင့်အမျှ အံ့သြဖွယ်ရာ အမျိုးမျိုး ရှိနေတတ်သည်ဆိုသော စကားမှာ အမှန်တကယ်ပင် မှန်ကန်ကြောင်း သက်သေပြနေလေ၏။

မိန်းကလေးသည် သူ ငယ်စဉ်က ရုပ်ရည်နှင့် အနည်းငယ် တူညီနေသောကြောင့် စုဖူချန်မှာလည်း အတော်လေး အံ့အားသင့်နေခဲ့ပေသည်။

တကယ့်ကို တိုက်ဆိုင်လွန်းလှပေ၏။

"ဦးလေးရဲ့ မျိုးရိုးနာမည်က ဘာလဲဟင်..." မိန်းကလေးက မေးလိုက်သည်။

"ဦးလေးရဲ့ မျိုးရိုးနာမည်က စုပါ... နာမည်က စုဖူချန်လို့ ခေါ်တယ်..." စုဖူချန်က ပြန်လည်ဖြေကြားလိုက်၏။

"ဦးလေးရဲ့ မျိုးရိုးနာမည်က စု ဟုတ်လား..." မိန်းကလေးက ထပ်မံ အာမေဍိတ်သံပြုလိုက်သည်။

ဘုရားရေ သူမနှင့် မျိုးရိုးနာမည်ပင် တူညီနေသေးသည်ကိုး။

ဤသည်မှာ တကယ့်ကို ထူးခြားလွန်းလှပေ၏။

"ဦးလေးက ဘယ်ကလာတာလဲ..." မိန်းကလေးက မေးလိုက်သည်။

"ဦးလေးက ကျန်းချန်ကပါ..." စုဖူချန်က ပြန်ဖြေလိုက်၏။

"အိုး... အိုး..." မိန်းကလေးက ခေါင်းညိတ်လိုက်သည်။ သူက ကျန်းချန်မှဖြစ်ပြီး သူမ၏ မိသားစုမှာ ကျင်းတူးမြို့မှ ဖြစ်သောကြောင့် သူနှင့် သူမ၏ မိသားစုကြားတွင် မည်သည့် ဆက်စပ်မှုမျှ မရှိနိုင်ကြောင်း ပေါ်လွင်နေပေ၏။

"သူ့ရဲ့ လေယူလေသိမ်းကို ကြည့်ရတာ ငါ့မိသားစုနဲ့ ဘာမှမဆိုင်လောက်ပါဘူး... ရုပ်ချင်းတူနေတာက တိုက်ဆိုင်မှု သက်သက်ပဲ ဖြစ်မယ်..." သူမ စိတ်ထဲမှ တွေးလိုက်သည်။

သေချာပေါက် ထိုသို့သာ ဖြစ်ရပေမည်။

"အင်တာနက်ပေါ်မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့ ရုပ်တူတဲ့ ဘလော့ဂါတွေ အများကြီး ရှိတာပဲ... သူတို့က ရုပ်ချင်း အရမ်းတူပေမဲ့ သွေးသားတော်စပ်တာမျိုးတော့ လုံးဝ မဟုတ်ကြပါဘူး..." သူမ ဆက်တွေးလိုက်သည်။

ဒါက ယုတ္တိရှိလှပေ၏။

"သမီးလေးရဲ့ မျိုးရိုးနာမည်ကကော ဘာလဲ..." စုဖူချန်က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

"သမီးရဲ့ မျိုးရိုးနာမည်ကလည်း စုပါပဲ..."

"ငါတို့က မိသားစု တစ်ခုတည်းကပဲ ဖြစ်မယ်..."

"သမီးနာမည်က စုယွဲ့ပါ..." စုယွဲ့က အမှန်အတိုင်း ပြောပြလိုက်၏။

"အိုက်ရာ.. တိုက်ဆိုင်လိုက်တာ... ငါတို့က တကယ်ကို ရေစက်ပါလာတာပဲ..."

"ရထားပေါ်က ဆင်းရင် ဦးလေး သမီးကို ထမင်းဝယ်ကျွေးမယ်..."

စကားပြောဆိုရင်းဖြင့် သူတို့နှစ်ဦးသည် ဆက်တိုက်ဆိုသလို စကားစမြည် ပြောဖြစ်သွားကြတော့၏။

စုယွမ်နှင့် ပိုင်ချန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤကဲ့သို့ တိုက်ဆိုင်မှုမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု ရှင်းလင်းစွာပင် မမျှော်လင့်ထားခဲ့ကြချေ။

အဆုံးစွန်၌ အရာအားလုံးမှာ ကံကြမ္မာအပေါ်တွင်သာ မူတည်နေပေ၏။

ဤမျှများပြားသော တိုက်ဆိုင်မှုများကြောင့် သူတို့နှစ်ဦးကြားရှိ ဒေါသများမှာလည်း များစွာ လျော့ကျသွားခဲ့ချေပြီ။

ချန်ချွေ့ဖန်က သူမ၏ နေရာကို ဖယ်ပေးလိုက်ပြီး စုယွဲ့နှင့် စုဖူချန်တို့ စကားစမြည် ဆက်ပြောနေကြလေသည်။

လေးနာရီကြာသော ခရီးစဉ်မှာ အတိအကျ မြန်ဆန်လှသည်ဟု မဆိုနိုင်သော်လည်း နှေးကွေးလွန်းလှသည်တော့ မဟုတ်ချေ။

တစ်ခုခုစားလိုက် ဖုန်းသုံးလိုက် တစ်ရေးအိပ်လိုက်ဖြင့် ကျင်းတူး ကျည်ဆန်ရထား ဘူတာရုံသို့ ရောက်ရှိသွားကြတော့၏။

"ချစ်ခင်ရပါသော ခရီးသည်များရှင်... ကျင်းတူး ကျည်ဆန်ရထား ဘူတာရုံသို့ ဆိုက်ရောက်ပါပြီ... ကျေးဇူးပြုပြီး စနစ်တကျ ဆင်းသက်ပေးကြပါ... ခရီးဆောင်အိတ်များကို မေ့မကျန်ခဲ့စေရန် သတိပြုပါရှင်..." ရထားဝန်ထမ်းက လူတိုင်းကို သတိပေးလိုက်လေသည်။

"ဟူးးးး... ငါတို့က တကယ်ကို သဘောထားတိုက်ဆိုင်တာပဲ... ငါ့သမီးလေးလိုပါပဲလား..." စုဖူချန်က စုယွဲ့အပေါ်၌ ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှုကို ခံစားရရင်း အာမေဍိတ်သံပြုလိုက်၏။

"ဟုတ်ပါတယ်... ဦးလေးနဲ့ သမီးအဖေက နည်းနည်း တူသလိုလိုနဲ့ နည်းနည်းတော့ ကွာခြားတယ်လို့ ခံစားရတယ်..." စုယွဲ့က ပြောလိုက်သည်။

သူမ၏ ဖခင်မှာ ဒေသခံ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ကာ ဒေသတစ်ခုလုံး၏ အုပ်ချုပ်ရေးမှူးဖြစ်သဖြင့် ပုံမှန်အားဖြင့် သူမနှင့် စကားစမြည်ပြောရန် အချိန်မရှိတတ်ချေ။

'ဒီနေ့ ဒီလူကြီးနဲ့ နာရီပေါင်းများစွာ စကားပြောဖြစ်ခဲ့တာတောင် နည်းနည်းလေးမှ မပင်ပန်းခဲ့ဘူး... ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ဆွေမျိုးရင်းချာ တစ်ယောက်လို နွေးထွေးပြီး သက်တောင့်သက်သာ ရှိတယ်လို့တောင် ခံစားရတယ်...' သူမ စိတ်ထဲမှ တွေးလိုက်မိလေသည်။

"သမီး ရထားပေါ်က ဆင်းတော့မယ်... တကယ်လို့ အချိန်ရရင် ဦးလေးစု သမီးကို ထမင်းဝယ်ကျွေးပေါ့..." စုယွဲ့က ပြုံးလျက် ပြောလိုက်၏။

"သေချာပေါက်ပေါ့... အခုတော့ သမီး အိမ်ကို အမြန်ပြန်ဖို့ လိုနေတယ်... အရေးတကြီး ကိစ္စရှိလို့ပါ..."

"ကျင်းတူးမြို့မှာ ပျော်ပျော်ရွှင်ရွှင် လည်ပတ်သွားပါဦးနော်... နားမလည်တာရှိရင် အချိန်မရွေး မေးလို့ရပါတယ်... အချိန်ရရင် သမီးကိုယ်တိုင် ဧည့်လမ်းညွှန် လာလုပ်ပေးပါ့မယ်..." စုယွဲ့က ပြောပြီးနောက် ခရီးဆောင်အိတ်ကို ဆွဲကာ ရထားပေါ်မှ ဆင်းသွားတော့၏။

"တကယ့်ကို တိုက်ဆိုင်တာပဲ..." စုဖူချန်က ရေရွတ်လိုက်လေသည်။

ဤအချိန်တွင် လူစုသည် သူတို့၏ ခရီးဆောင်အိတ်များနှင့်အတူ ရထားပေါ်မှ ဆင်းလာကြပြီး စောစောက ရိုင်းရိုင်းစိုင်းစိုင်း စကားပြောဆိုခဲ့သော အမျိုးသမီးမှာ ထွက်ခွာသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရပေသည်။

ကျည်ဆန်ရထား တွဲထဲမှ ထွက်လာပြီးနောက် လူစုသည် ကျည်ဆန်ရထား ဘူတာရုံ၏ အပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ကြ၏။

"အငှားကားပဲ စီးသွားကြရအောင်..." စုယွမ်က အငှားကားခေါ်ရန် ဖုန်းကို ထုတ်ယူလိုက်လေသည်။

စုစုပေါင်း လူခုနစ်ဦး ရှိပေသည်။ ကားတစ်စီးမှာ သက်တော်စောင့်များအတွက်ဖြစ်ပြီး အခြားကားတစ်စီးမှာ သူ၏ မိသားစုအတွက် ဖြစ်၏။

ကားစောင့်နေစဉ် စုဖူချန်က ဘေးဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်အချို့ကို ရုတ်တရက် မြင်တွေ့လိုက်ရပေသည်။

"ဟင်... ဒုက္ခပါပဲ..."

"အဲဒါ စုယွဲ့ မဟုတ်ဘူးလား..."

သူမကို တစ်ယောက်ယောက်က ပိတ်ရပ်ထားတာလား။

"အဲဒီ ပြဿနာရှာတဲ့ အမျိုးသမီး ဖြစ်မယ်ထင်တယ်..." စုဖူချန်က ပြောလိုက်ရာ အခြားသူများလည်း ထိုအရပ်သို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြလေ၏။

သေချာပေါက်ပင် စောစောက ပြဿနာရှာခဲ့သော အမျိုးသမီးက ခြိမ်းခြောက်လိုသော အသွင်အပြင်ရှိသည့် အမျိုးသားအချို့နှင့်အတူ စုယွဲ့ကို ဝိုင်းရံထားခြင်း ဖြစ်ပေ၏။

သူတို့က ကျင်းတူးမြို့ကြီးတွင်ပင် လူများကို ပေါ်ပေါ်ထင်ထင် ပိတ်ရပ်ရဲကြသည်ကိုး။

ဘုရားရေ တကယ့်ကို သတ္တိကောင်းလွန်းလှချေသည်။

"လီဟူ..." စုယွမ်က ပြောလိုက်ရာ လီဟူက အခြား သက်တော်စောင့် နှစ်ဦးကို ဦးဆောင်ကာ ရှေ့သို့ တက်သွားတော့၏။

"ဒီကောင်မစုတ်လေး..."

"စောစောက နင် အရမ်း ဆရာလုပ်ချင်နေတာ မဟုတ်ဘူးလား... ငါ့ကိုတောင် ပါးဖြတ်ရိုက်သွားသေးတယ်..."

"အခုကျတော့ရော... နင် ကြောက်သွားပြီလား..."

"သွား... သူ့ကို ဖမ်းလိုက်စမ်း..." အမျိုးသမီးက မောက်မာစွာ ပြောလိုက်လေသည်။

"ငါ ပြောပြမယ်... ငါ့ယောကျ်ားက ဒေသခံ ရဲစခန်းရဲ့ အကြီးအကဲပဲ... ဒီနေ့ နင့်ကို ရိုက်နှက်ရုံတင်မကဘူး... သူ့ကို ဖမ်းခိုင်းဖို့ပါ လုပ်ဦးမှာ..." အမျိုးသမီးက ရက်စက်စွာ ပြောဆိုလိုက်၏။

"ဟင်..." ဤစကားကို ကြားသော်လည်း စုယွဲ့က မည်သည့် ကြောက်ရွံ့မှုမျှ မပြသခဲ့ချေ။

သူမက ထိုအမျိုးသမီး၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်ကိုသာ မြင်လိုက်ရလေသည်။

ဖြောင်း...

ပြတ်သားသော အသံနှင့်အတူ အမျိုးသမီးမှာ လုံးလုံးလျားလျား မှင်သက်သွားတော့၏။

"နင်... နင်..."

"သူ့ကို သေအောင် ရိုက်ကြစမ်း..." အမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ..." ထိုသို့ပြောပြီးနောက် လူသန်ကြီးအချို့က ရှေ့သို့ လှမ်းလာကြပြီး စုယွဲ့အား သင်ခန်းစာပေးရန် ပြင်လိုက်ကြတော့၏။

စုယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် စောစောက သူမ အနည်းငယ် စိတ်လိုက်မာပါ လုပ်ခဲ့မိခြင်း ဖြစ်၏။ သူမက ဤလူများကို ယှဉ်နိုင်စွမ်း မရှိသဖြင့် အရင်ဆုံး ထွက်ပြေးရန်သာ တတ်နိုင်ပေတော့မည်။

သို့သော် သူမ ခြေလှမ်း ရွှေ့ရန် ပြင်လိုက်ချိန်မှာပင် လီဟူ ရုတ်တရက် ပေါ်လာလေ၏။

လူသန်ကြီးများ လန့်ဖြန့်သွားကြပြီးနောက် လီဟူထံသို့ ဦးတည်သွားကြတော့သည်။

ဘန်း ဘန်း ဘန်းး...

အခြား သက်တော်စောင့် နှစ်ဦးလည်း ရောက်ရှိလာကြပြီး လက်သီးအနည်းငယ် ထိုးကြိတ်ကာ ကန်ကျောက်မှုအချို့ဖြင့် သူတို့ကို မြေပြင်ပေါ်သို့ အလျင်အမြန် လဲကျသွားစေခဲ့လေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မောက်မာနေသော အမျိုးသမီးမှာ လုံးလုံးလျားလျား အံ့အားသင့်သွားရပေတော့သည်။

"နင်တို့တော့ ဇာတ်သိမ်းပြီသာ မှတ်... အခုချက်ချင်း ငါ့ယောကျ်ားကို ဖုန်းဆက်လိုက်မယ်..."

အမျိုးသမီးက ခြိမ်းခြောက်လိုက်လေ၏။

All Chapters