အခန်း ၂၈၅
Vol. 25 Ch. 285
အခန်း (၂၈၅) ယွမ်သန်းငါးဆယ်
နောက်တစ်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာချိန်တွင် စုယွမ်သည် ဆောက်လက်စအဆောက်အအုံပိုင်ရှင်နှင့် ဆွေးနွေးရန် ဆက်သွယ်ဖို့ ပြင်ဆင်ရတော့မည် ဖြစ်ပေ၏။
ဤစီမံကိန်းကြီးသည် နောက်ဆုံးတွင် ယွမ်တစ်ဘီလီယံအထိ အမြတ်ထွက်နိုင်မည်ဖြစ်ရာ ကုန်ကျစရိတ်များကို တစ်ဘီလီယံအောက်တွင် ထိန်းထားရမည်ဖြစ်ပြီး ပိုနည်းလေ ပိုကောင်းလေပင် ဖြစ်ချေသည်။
ထို့အပြင် ဤဆောက်လက်စအဆောက်အအုံအတွက် ပြိုင်ဘက်များ ရှိနေမည်မဟုတ်ချေ။
လက်ရှိ အိမ်ခြံမြေလုပ်ငန်းသည် ကျဆင်းနေပြီး ထျန်းရှန်းလုပ်ငန်းစုသည်လည်း ရှုပ်ထွေးနေပေ၏။ သူတို့၏ ဆောက်လက်စအဆောက်အအုံများကို ဝယ်ယူခြင်းက အမှန်တကယ်တော့ သူတို့အပေါ် ကျေးဇူးပြုနေခြင်းပင်။
စုဖူချန်နှင့် သူ၏အဖွဲ့သည် ကျင်းတူးမြို့အား လည်ပတ်ရန် ယနေ့နံနက်စောစောကပင် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
စုယွမ်ကမူ နေ့လယ်နှစ်နာရီအထိ စောင့်ဆိုင်းပြီးမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သောကြောင့် ဟိုတယ်တွင် အချိန်အနည်းငယ် ထပ်မံနားနေခဲ့၏။
ရိုးရိုးသားသားပြောရလျှင် မနေ့က ဟိုတယ်၏ အသံလုံစနစ်ကို စမ်းသပ်ရန် အတော်လေး အားထုတ်ခဲ့ရပေသည်။
သက်တော်စောင့် သုံးဦးမှာမူ စောစောထကာ အဝင်ပေါက်တွင် အစောင့်ချနေခဲ့ကြချေပြီ။
တံခါးဘဲလ်မြည်သံ ထွက်ပေါ်လာ၏။
"သခင်လေးစုယွမ်… ရှင်မှာထားတဲ့ မနက်စာရပါပြီ…"
အစားအသောက်လှည်းကို တွန်းလာသည့် အမျိုးသမီးချောလေးတစ်ဦးက သမ္မတအခန်းတံခါးဝသို့ ရောက်လာချိန်တွင် ပြောလိုက်ပေသည်။
လီဟူက အပြင်ထွက်ကာ အစားအသောက်များကို ယူလိုက်ချိန်တွင် စားပွဲထိုးမလေးသည် ပြုံးကာ ထွက်ခွာသွားလေ၏။
"သူဌေး… စားကြရအောင်…"လီဟူက ပြောလိုက်သည်။
"ကောင်းပြီ… မင်းတို့အရင်စားနှင့်ကြ…"စုယွမ်က ပြောပြီးနောက် ယနေ့အတွက် သတင်းအချက်အလက်ကို စတင်စစ်ဆေးလိုက်ပေ၏။
[ယနေ့၏ သတင်းအချက်အလက်] တစ်ချိန်က နိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းစုအဖြစ် ရပ်တည်ခဲ့သော ဟန်ထိုက်လုပ်ငန်းစုသည် မကြာမီ အတိတ်၏ အမှတ်တရတစ်ခုအဖြစ်သာ ကျန်ရစ်တော့မည်။
စုယွမ်၏ မျက်မှောင်များ ကုတ်သွားပေသည်။ ဤသတင်းအချက်အလက်သည် တိုတောင်းသော်လည်း ကြီးမားလှသော အချက်အလက်များ ပါဝင်နေချေ၏။
ဤသည်မှာ ဟန်ထိုက်လုပ်ငန်းစုပင်။ အမှန်တကယ် ကြီးမားလှသော ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်ပေသည်။ သူဌေးရွှီလီသည် နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့သူဖြစ်၏။
ထို့အပြင် ဟန်ထိုက်လုပ်ငန်းစုသည် လက်ရှိတွင် အထည်အလိပ်လုပ်ငန်း၌ အလွန်အောင်မြင်နေပေသည်။
"တကယ်ဆိုးရွားတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မှာပဲ… ဒါက တကယ် ကြောက်စရာကောင်းတယ်…"
"ဒီကိစ္စက ဟန်ထိုက်လုပ်ငန်းစုမှာ ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကို ပြသနေတာပဲ… ပြဿနာရဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူး…"
စုယွမ်သည် နေ့လယ်နှစ်နာရီအထိ အချိန်ဖြုန်းနေခဲ့ပြီးနောက် ပစ္စည်းများကို သိမ်းဆည်းကာ ထျန်းရှန်းလုပ်ငန်းစုသို့ သွားရန် ပြင်ဆင်လိုက်လေသည်။
ကျင်းတူးမြို့တွင် ကားများစွာ မရှိသောကြောင့် စုယွမ်၊ လီဟူနှင့် အခြားနှစ်ဦးတို့သည် ကားများကို သိပ်ပြီး ရွေးချယ်မနေတော့ဘဲ ခရီးသည်ခုနစ်ဦးစီး ကားတစ်စီးကို ငှားရမ်းကာ ထျန်းရှန်းလုပ်ငန်းစုဆီသို့ ထွက်ခွာသွားကြ၏။
ဆယ်မိနစ်ခန့် ကြာမြင့်သော ခရီးစဉ်သည် ထျန်းရှန်းလုပ်ငန်းစု၏ အောက်ထပ်သို့ လျင်မြန်စွာ ရောက်ရှိသွားစေခဲ့သည်။
"လူငယ်လေး… ရောက်ပါပြီ… ငါ့ကို ကြယ်ငါးပွင့် ပြန်ပေးဖို့ မမေ့နဲ့ဦးနော်…" ကားမောင်းသူက ပြောပြီးနောက် မောင်းနှင်ထွက်ခွာသွားလေ၏။
"သူဌေး… ဒီနေရာလား… ဒီကလူတွေအားလုံးက တော်တော်လေး အလုပ်ရှုပ်နေကြပုံပဲ…" လီဟူက အကဲခတ်ကြည့်ရှုရင်း ပြောလိုက်သည်။
"အင်း… ဒါက ထျန်းရှန်းလုပ်ငန်းစုရဲ့ အခြေအနေ မကောင်းဘူးဆိုတာကို ပြနေတာပဲ…"
"တကယ်လို့ စီမံကိန်းတွေရှိရင် သူတို့တွေက အလွန်ဆုံး စိုးရိမ်ပူပန်တဲ့ပုံပဲ ပေါက်နေမှာ… အခုတော့ သူတို့မျက်နှာတွေက သောကတွေ ပြည့်နေတယ်… ထျန်းရှန်းလုပ်ငန်းစုအတွင်းမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိနေပုံရတယ်…"
"ဒီအချက်က ဒီနေ့ ငါတို့ရဲ့ လုပ်ငန်းအတွက် အထောက်အကူ ဖြစ်လိမ့်မယ်…" စုယွမ်က ဖြည်းညှင်းစွာ ပြောလိုက်ပြီးနောက် သူတို့လေးဦးသား ထျန်းရှန်းလုပ်ငန်းစု၏ အပေါ်ထပ်သို့ တက်သွားကြပေသည်။
ထျန်းရှန်းလုပ်ငန်းစု ရုံးချုပ်၏ ဥက္ကဋ္ဌရုံးခန်းထဲတွင် ဝမ်ထျန်းရှန်းသည် စုယွမ်ကို စောင့်ဆိုင်းနေခဲ့၏။
ရုံးခန်းထဲ၌ အခြားအမျိုးသားတစ်ဦးလည်း ထိုင်နေပြီး သူသည် ဟန်ထိုက်လုပ်ငန်းစုမှ မန်နေဂျာလီ ဖြစ်ပေသည်။
"ဥက္ကဋ္ဌဝမ်… ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ယောက်ကများ အဲဒီဆောက်လက်စအဆောက်အအုံကို ဝယ်ချင်နေတာလား…" မန်နေဂျာလီက သံသယဖြင့် မေးလိုက်သည်။
"ဟုတ်တယ်… နောက်တစ်ယောက် ရှိသေးတယ်… ခင်ဗျားတို့နှစ်ယောက် ညီတူညီမျှ ယှဉ်ပြိုင်နိုင်ပါတယ်…" ဝမ်ထျန်းရှန်းက ဖြေလိုက်၏။
"မန်နေဂျာလီ… ရိုးရိုးသားသားပြောရရင် ခင်ဗျားက ဘာလို့ အဲဒီဆောက်လက်စအဆောက်အအုံကို ဝယ်ချင်နေတာလဲဆိုတာ ကျွန်တော် မသိပေမဲ့ ဈေးကို တမင်သက်သက် နှိမ့်မချဖို့တော့ မျှော်လင့်တယ်…"
"ခင်ဗျား သိတဲ့အတိုင်းပဲ… ထျန်းရှန်းက ဆက်ပြီး ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး… လူတိုင်းက ထိတ်လန့်နေကြတယ်… ကျွန်တော့်လက်အောက်မှာ ဝန်ထမ်းတွေ အများကြီးရှိတော့ နစ်နာကြေးပေးဖို့က ပြဿနာတစ်ခုပဲ…" ဝမ်ထျန်းရှန်းက ဆက်ပြောလိုက်သည်။
"ဒါကြောင့် ကျွန်တော်က ဥက္ကဋ္ဌဝမ်ကို ပိုက်ဆံလာပေးတာပဲ မဟုတ်ဘူးလား…"မန်နေဂျာလီက ပြောလိုက်၏။
"ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့က ဒီဆောက်လက်စအဆောက်အအုံကို ဘာလို့ ဝယ်ချင်နေတာလဲဆိုတာ ကျွန်တော်လည်း နားမလည်ဘူး… ဒါပေမဲ့ သူဌေးရွှီက ပြောလာမှတော့ ကျွန်တော်လည်း လုပ်ရမှာပဲလေ… ကျွန်တော်က သူဌေးမှမဟုတ်တာ… အမိန့်ကို နာခံရုံပဲ တတ်နိုင်တယ်…"မန်နေဂျာလီက ထပ်လောင်းပြောဆိုလိုက်သည်။
"ဟားဟားဟား… တစ်ခါတလေတော့လည်း ခင်ဗျားတို့လို ဝန်ထမ်းတွေကို အားကျမိတယ်… လစာလည်း အများကြီးရတယ်… ကျွန်တော့်လို တာဝန်ယူစရာလည်း မလိုဘူး…" ဝမ်ထျန်းရှန်းက ပြောလိုက်၏။
ဤသို့ပြောရင်း ဝမ်ထျန်းရှန်းသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။
“ရိုးရိုးသားသား ပြောရရင်...
ဝန်ထမ်းဘဝကနေ သူဌေးဖြစ်ချင်တဲ့သူတွေ အများကြီးရှိတယ်...ဒါပေမဲ့...သူဌေးဘဝကနေ ဝန်ထမ်းဖြစ်ချင်တဲ့သူတော့ ဥက္ကဋ္ဌဝမ်က ပထမဆုံးလူ ဖြစ်လောက်တယ်...”မန်နေဂျာလီက ရယ်မောလျက် နောက်ပြောင်လိုက်၏။
ဝမ်ထျန်းရှန်းကလည်း အသံထွက်ကာ ရယ်မောလိုက်ပေ၏။
"သူဌေး… သခင်လေးစုယွမ် ရောက်လာပါပြီ…" အမျိုးသမီးလက်ထောက်က အနားသို့ချဉ်းကပ်လာချိန်တွင် ပြောလိုက်သည်။
"ကြိုဆိုပါတယ်…" ဝမ်ထျန်းရှန်းက တိုက်ရိုက်ပင် ပြောလိုက်၏။
"သခင်လေးစုယွမ်… ကျေးဇူးပြုပြီး ဝင်လာပါ…"
လက်ထောက်အမျိုးသမီးချောလေးက လမ်းညွှန်ပြသလိုက်ရာ စုယွမ်သည် မောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိဘဲ ဝင်ရောက်လာခဲ့လေသည်။
သူတို့နှစ်ဦးစလုံးသည် စုယွမ်ကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြ၏။ အလွန်ငယ်ရွယ်လွန်းလှပြီး ကျင်းတူးမြို့၏ အသိုင်းအဝိုင်းထဲမှလည်း မဟုတ်ပေ။
"သခင်လေးစုယွမ်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေလိမ့်မယ်လို့ ကျွန်တော် လုံးလုံးလျားလျား မထင်ထားခဲ့ဘူး…"
ဟု ဝမ်ထျန်းရှန်းက မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ဟုတ်ပါ့… ခုနလေးတင်ပဲ ဥက္ကဋ္ဌဝမ်က နောက်ထပ် ပြိုင်ဘက်တစ်ယောက်ရှိတယ်လို့ ပြောနေတာ… ကျွန်တော့်အရွယ်လောက် ခပ်ကြမ်းကြမ်းလူကြီးတစ်ယောက်လို့ ထင်နေခဲ့တာ… ရုပ်ဖြောင့်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေတာကိုး… မန်နေဂျာလီက ပြောလိုက်၏။
"တကယ်ကို အံ့ဩစရာပဲ…"
မန်နေဂျာလီက ပြောရင်း ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ ဤသခင်လေးစုယွမ်မှာ အလွန်ငယ်ရွယ်လှရာ သူ့ကဲ့သို့ အလုပ်သမားလူတန်းစားတစ်ဦးတော့ ဖြစ်မည်မဟုတ်ချေ။
သူသည် ချမ်းသာကြွယ်ဝသူတစ်ဦး သို့မဟုတ် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးသာ ဖြစ်ပေမည်။
သူတို့သည် ပြိုင်ဘက်များဖြစ်ကြသော်လည်း ၎င်းမှာ စီးပွားရေးနယ်ပယ်တွင်သာ ဖြစ်၏။ စိတ်အားထက်သန်မှုရှိခြင်းနှင့် အထင်ကြီးလေးစားဖွယ်ကောင်းသော ပုံရိပ်ကို ချန်ထားခဲ့ခြင်းက နောင်တစ်ချိန်တွင် အလုပ်ရှာဖွေချိန်၌ မိမိအတွက် အကျိုးကျေးဇူးတစ်ခု ဖြစ်လာနိုင်ချေသည်။
"ဟားဟားဟား… အသက်ကသာ နည်းနည်းငယ်ပေမဲ့ အတွေ့အကြုံပိုင်းမှာတော့ အစ်ကိုကြီးနှစ်ယောက်က ပိုပြီး ရင့်ကျက်မှာပါ…" စုယွမ်က ပြန်လည်ပြောဆိုလိုက်သည်။
"ဒီလူကလည်း အဲဒီဆောက်လက်စအဆောက်အအုံကို ဝယ်ဖို့ ရောက်နေတာလား…" ဘေးရှိ မန်နေဂျာလီကို တစ်ချက်ကြည့်ကာ စုယွမ်က မေးလိုက်၏။
"ဟုတ်ပါတယ်… ကျွန်တော်က ဟန်ထိုက်လုပ်ငန်းစုရဲ့ မန်နေဂျာပါ… ကျွန်တော့်မျိုးရိုးနာမည်က လီပါ…"
"ဒီနေ့ ကျွန်တော်က အထွေထွေမန်နေဂျာရွှီကိုယ်စား ဆွေးနွေးဖို့ ရောက်လာတာပါ…" မန်နေဂျာလီက ပြန်လည်ဖြေကြားလိုက်သည်။
"အို… အို…"
စုယွမ်က တုံ့ပြန်လိုက်ပြီး ဤသည်မှာ ရွှီလီ၏ အကြံအစည်မှန်း ချက်ချင်း နားလည်သွားလေ၏။ ဤရှုထောင့်မှကြည့်လျှင် ရွှီလီသည် အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်ပေသည်။
ဟန်ထိုက်လုပ်ငန်းစုသည် ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း ဤသည်မှာ ရွှီလီ၏ ပုဂ္ဂိုလ်ရေးအရည်အချင်းများ မစွမ်းဆောင်နိုင်ခြင်းကြောင့်ဟု မဆိုလိုချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးပေသည်။
ထိုသို့ တွေးတောကြည့်လိုက်လျှင် အံ့ဩစရာတော့ မဟုတ်တော့ချေ။
သို့သော် သူ၏ ကျဆုံးမှုမှာ မိမိကဲ့သို့ သတင်းအချက်အလက်များကို ကောင်းစွာ မသိရှိခြင်းကြောင့်သာ ဖြစ်ပေ၏။
ဤဆောက်လက်စအဆောက်အအုံသည် မည်မျှအထိ အမြတ်အစွန်းများ ယူဆောင်လာပေးနိုင်မည်ကို သူ မသိရှိသောကြောင့် ငွေပိုသုံးရန် တွန့်ဆုတ်နေခဲ့ခြင်းပင်။
တစ်နည်းဆိုရလျှင် စွန့်စားရမှုများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်၍ လေလံဆွဲခြင်းလုပ်ငန်းစဉ်အပေါ် ကြီးမားသော စိုးရိမ်ပူပန်မှုများ ရှိနေခြင်း ဖြစ်ချေသည်။
မိမိအတွက်ကရော မည်သို့နည်း။ ရလဒ်ကို ကြိုတင်သိရှိထားခြင်းက သဘာဝကျစွာပင် ပိုမိုကြီးမားသော ယုံကြည်မှုကို ရရှိစေလေသည်။
"လူကြီးမင်းတို့… အားလုံးလည်း စုံပြီဆိုတော့ ကိစ္စတွေကို သိပ်ပြီး ရှုပ်ထွေးမနေစေသင့်တော့ဘူးလို့ ထင်တယ်… ဘာလို့လဲဆိုတော့ ခင်ဗျားတို့နှစ်ယောက်တည်းကသာ ပြိုင်ဘက်တွေ ဖြစ်နေလို့ပဲ…"
"အခုပဲ လေလံစဆွဲကြတာပေါ့…" ဝမ်ထျန်းရှန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ကောင်းပါပြီ ဥက္ကဋ္ဌဝမ်… သခင်လေးစုယွမ်… ဒါဆို ကျွန်တော် အရင်စလိုက်မယ်…" မန်နေဂျာလီက ပြောလိုက်၏။
"အားလုံးကို ဖုံးကွယ်မထားတော့ပါဘူး… ဒီဆောက်လက်စအဆောက်အအုံအတွက် ကျွန်တော်တို့က ယွမ်သန်းသုံးဆယ် ပေးပါမယ်…" မန်နေဂျာလီက ဆက်ပြောလိုက်သည်။
ဝမ်ထျန်းရှန်းသည် သက်ပြင်းချလိုက်၏။ ဈေးနှုန်းမှာ တကယ်ကို နည်းပါးလွန်းနေသော်လည်း လက်ရှိအချိန်တွင် သူ့အတွက် အခြားရွေးချယ်စရာ မရှိချေ။
"သန်းငါးဆယ်…" စုယွမ်က လက်ငါးချောင်း ထောင်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"သန်းငါးဆယ်…"
မန်နေဂျာလီသည် တွေဝေနေသော မျက်နှာအမူအရာဖြင့် စုယွမ်ကို ကြည့်လိုက်လေ၏။