← Chapters

အခန်း ၂၈၆

Vol. 25 Ch. 286

အခန်း ၂၈၆

Vol. 25 Ch. 286

အခန်း (၂၈၆) တွေ့ဆုံကြပါစို့

"သခင်လေးစုယွမ်… ခင်ဗျားရဲ့ဈေးက ကျွန်တော့်ထက် ယွမ်သန်းနှစ်ဆယ်တောင် ပိုများနေတယ်… ကျွန်တော့်မှာ အဲဒီလောက်အထိ လုပ်ပိုင်ခွင့် မရှိလို့ ကုမ္ပဏီကို ဖုန်းဆက်ခွင့်ပြုပါဦး…"မန်နေဂျာလီက ပြောလိုက်သည်။

"ကောင်းပါပြီ…" စုယွမ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ ယွမ်သန်းငါးဆယ် သုံးစွဲပြီး တစ်ဘီလီယံ အမြတ်ရမည်မှာ အလွန်ကောင်းမွန်သော အပေးအယူတစ်ခု ဖြစ်ပေသည်။

ဈေးနှုန်းကို သန်းနှစ်ဆယ်အထိ တိုးမြှင့်လိုက်ရခြင်း၏ အကြောင်းရင်းမှာ ဟန်ထိုက်လုပ်ငန်းစုအား ဈေးထပ်တက်မလာစေရန် တားဆီးလိုသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ကုမ္ပဏီတွင်းရေးမှာ လက်ရှိအချိန်၌ ရှုပ်ထွေးနေပြီး မည်သည့်အန္တရာယ်ကိုမျှ မစွန့်စားရဲကြချေ။

"ဟယ်လို… သူဌေးရွှီ… အခြေအနေက နည်းနည်းလေး မမျှော်လင့်ထားတဲ့ဘက်ကို ရောက်သွားလို့… ကျွန်တော် အစီရင်ခံချင်လို့ပါ…"မန်နေဂျာလီက ဖုန်းပြောလိုက်၏။

"ဟင်… သူတို့ သဘောမတူဘူးလား…" ရွှီလီက တွေဝေစွာ မေးလိုက်သည်။

"မဟုတ်ပါဘူး… အခု နောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိနေတယ်… သူက လူငယ်လေးတစ်ယောက်ပါ… သန်းငါးဆယ် ပေးထားတယ်… အဲဒါက ကျွန်တော်တို့ပေးတဲ့ ဈေးထက် သန်းနှစ်ဆယ် ပိုများနေလို့ ကျွန်တော်တို့ ဆက်ပြီး ဘာလုပ်ရမလဲဆိုတာ လှမ်းမေးတာပါ…"မန်နေဂျာလီက ပြောလိုက်သည်။

"ဟင်… သူက လူငယ်လေးတစ်ယောက်လား…"

ရွှီလီ၏ အာရုံစိုက်မှုသည် ဈေးနှုန်းအပေါ်တွင် မဟုတ်ဘဲ ပြိုင်ဘက်၏ အသက်အရွယ်အပေါ်တွင်သာ ဖြစ်နေပေ၏။

"ဟုတ်ပါတယ်… အသက်က နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမယ်… ကျွန်တော့်သားလောက်တောင် အသက်မကြီးသေးဘူး…" မန်နေဂျာလီက ဖြေလိုက်သည်။

ဤသည်ကို ကြားလိုက်ရချိန်တွင် ရွှီလီသည် သူ၏ကိုယ်သူ ချက်ချင်း သံသယဝင်လာခဲ့လေ၏။

ဤမျှ ငယ်ရွယ်သူတစ်ဦးက ထိုဆောက်လက်စအဆောက်အအုံကို သဘောကျနေမည်မှာ မယုံနိုင်စရာပင်။

စီးပွားရေးလောကတွင် သူ၏ကိုယ်ပိုင်သမိုင်းကြောင်းသည် ဒဏ္ဍာရီဆန်လှပြီး ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်မှုနှင့် အတွေ့အကြုံများကြောင့်သာ ဖြစ်ပေသည်။

လူငယ်တစ်ဦးအနေဖြင့် သူနှင့် ယှဉ်နိုင်သော အမြင်မျိုးရှိရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။ ဤသည်က မိမိ၏ ဆုံးဖြတ်ချက် မှားယွင်းနေကြောင်း သက်သေပြနေပြီး အမှန်တကယ်တော့ ထိုနေရာသည် အလွန်ညံ့ဖျင်းသော ဆောက်လက်စအဆောက်အအုံတစ်ခုမျှသာ ဖြစ်ပေမည်။

ခဏတာ တွေးတောပြီးနောက် ရွှီလီက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"မန်နေဂျာလီ… အဲဒါက သူ့ကိုယ်ပိုင်အကြံအစည်ဆိုရင် ငါတို့ သူနဲ့ မယှဉ်တော့ဘူး… ဒါပေမဲ့ သူ့နောက်ကနေ တစ်ယောက်ယောက် ကြိုးကိုင်နေတဲ့ အစီအစဉ်ဆိုရင်တော့ ငါတို့ ဈေးဆက်တက်မယ်…" ရွှီလီက ပြောလိုက်၏။

"ဒါက… ကောင်းပါပြီ…" မန်နေဂျာလီကလည်း အလွန်တွေဝေစွာဖြင့် ပြောလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ဤသို့သော အမိန့်မျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေ၏။

ဖုန်းချသွားပြီးနောက် မန်နေဂျာလီသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်လေသည်။ သူဌေးရွှီမှာ အသက်ကြီးလာသည်နှင့်အမျှ ပိုမိုတွေဝေလာပြီး အတိတ်တွင်သာ အမြဲတမ်း ပိတ်မိနေပုံရသည်။

ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေကြောင်းကို သူတို့ မသိရှိခဲ့ကြချေ။

တွေးတောနေပြီးနောက် မန်နေဂျာလီသည် အမြန်ပြုံးလိုက်ကာ ရုံးခန်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့၏။

"သခင်လေးစုယွမ်… ခင်ဗျားရဲ့ အကြံပေးအဖွဲ့က တကယ်ကို အမြင်စုရှတာပဲ… သူတို့က ကျွန်တော်တို့ သူဌေးရွှီနဲ့ အမြင်တူနေတယ်…"မန်နေဂျာလီက စမ်းသပ်သည့်သဘောဖြင့် ပြောလိုက်သည်။

"ကျွန်တော့်မှာ ဘာအကြံပေးအဖွဲ့မှ မရှိပါဘူး… အဲဒီဆောက်လက်စအဆောက်အအုံကို ဝယ်တာက ရုတ်တရက် ဆုံးဖြတ်လိုက်တာပါ…" စုယွမ်က ပြောလိုက်၏။

မန်နေဂျာလီ၏ စကားသည် မည်သည့်အဓိပ္ပာယ်မှန်း သူ မသိသော်လည်း ထိုသို့ပြောရသည့် အကြောင်းရင်းတစ်ခုတော့ ရှိနေပေမည်။

"အို… နားလည်ပါပြီ… သခင်လေးစုယွမ်… သူဌေးရွှီ ခုနကပြောတဲ့အတိုင်းဆိုရင် ဟန်ထိုက်လုပ်ငန်းစုက ဒီဆောက်လက်စအဆောက်အအုံကို ဝမ်းနည်းစွာနဲ့ လက်လွှတ်လိုက်ရတော့မယ် ထင်တယ်…" မန်နေဂျာလီက ချက်ချင်း ပြောလိုက်သည်။

"ဒါဆိုရင်လည်း သူဌေးရွှီနဲ့ မန်နေဂျာလီကို ကျေးဇူးတင်ပါတယ်…" စုယွမ်က တုံ့ပြန်လိုက်၏။

ဤအတွက် စုယွမ် အံ့အားသင့်မသွားခဲ့ပေ။ နောက်ဆုံးတန်ဖိုးကို မသိရှိသရွေ့ သူတို့အနေဖြင့် သဘာဝကျစွာပင် ဆက်လက်တောင်းဆိုနေမည် မဟုတ်ချေ။

"မန်နေဂျာလီတို့ဘက်က နုတ်ထွက်သွားပြီဆိုတော့ သန်းငါးဆယ်နဲ့ပဲ သဘောတူလိုက်ကြတာပေါ့…" ဥက္ကဋ္ဌဝမ်က အလွယ်တကူပင် သဘောတူလိုက်လေသည်။

လက်ရှိတွင် အိမ်ခြံမြေဈေးကွက်မှာ ထိုင်းမှိုင်းနေပြီး ကျင်းတူးမြို့တွင်ပင် အနာဂတ်က မှုန်ဝါးနေပေ၏။ ဆောက်လက်စအဆောက်အအုံများစွာမှာ ရောင်းမထွက်သော အိမ်ခြံမြေများသာ ဖြစ်ရာ သူတို့ကို ပစ်ထားမည့်အစား အမြန်ဆုံး ရောင်းချလိုက်ခြင်းက ပိုကောင်းပေသည်။

"ကောင်းပါပြီ… ကျွန်တော် ပြန်လည်နှုတ်ဆက်ပါရစေဦး… နောက်မှ ဥက္ကဋ္ဌဝမ်နဲ့ သခင်လေးစုယွမ်ကို ညစာကျွေးပါ့မယ်…" မန်နေဂျာလီက ပြုံးကာ ရုံးခန်းထဲမှ ထွက်ခွာသွားလေသည်။

"သခင်လေးစုယွမ်… ဒါက စာချုပ်ပါ… ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါဦး…" ဥက္ကဋ္ဌဝမ်က ပြောလိုက်သည်။

"ဟုတ်ကဲ့… ပြဿနာ မရှိပါဘူး… ဥက္ကဋ္ဌဝမ်… စာချုပ်ချုပ်ပြီးတာနဲ့ ငွေတွေကို ခင်ဗျားရဲ့ စာရင်းထဲ ချက်ချင်း လွှဲပေးပါ့မယ်…"စုယွမ်က တိုက်ရိုက်ပင် ပြောလိုက်၏။

"ဟားဟား..သခင်လေးစုယွမ်က တကယ်ကို ပွင့်လင်းတာပဲ…"

ပြည်ပရန်သူများ၏ ကျူးကျော်မှုကို ကာကွယ်ရန် ရှေးခေတ်ကတည်းက တည်ဆောက်ခဲ့သော ကျင်းတူးမြို့၏ မဟာတံတိုင်းကြီးသည် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားလေသည်။

“မဟာတံတိုင်းကို မတက်ဖူးသူဟာ သူရဲကောင်းအစစ် မဟုတ်ဘူး…”

စုဖူချန်က မဟာတံတိုင်းကို ကြည့်ရင်း ပြုံးလိုက်ကာ “ဒီနေ့တော့ ငါ စုဖူချန်လည်း သူရဲကောင်းတစ်ယောက် ဖြစ်သွားပြီပဲ…”ဟုကျေနပ်အားရစွာ ပြောလိုက်၏။

စုဖူချန်သည် မီးရှူးတိုင်စင်မြင့်ဘေးတွင် ရပ်ကာ ခပ်လှမ်းလှမ်းရှိ တောင်ထွတ်များကို ကြည့်ရင်း ခံစားချက်များ ပြည့်နှက်နေခဲ့လေ၏။

ရိုးရိုးသားသားပြောရလျှင် သားဖြစ်သူ၏ အောင်မြင်မှုသာ မရှိခဲ့ပါက သူသည် ကုန်စုံဆိုင်တွင် မိုးလင်းမှမိုးချုပ်အထိ ကြိုးစားပမ်းစား အလုပ်လုပ်နေရဦးမည် ဖြစ်သည်။ ယခုကဲ့သို့ လွတ်လပ်ပေါ့ပါးစွာဖြင့် မိခင်နိုင်ငံတော်၏ လှပသော ရှုခင်းများကို လွတ်လပ်စွာ လည်ပတ်ခံစားနိုင်မည် မဟုတ်ချေ။

"ကျင်းတူးကို ရောက်တာနဲ့ ငါ့ရဲ့ ပထမဆုံးဆန္ဒက ပြည့်ဝသွားပြီပဲ…"စုဖူချန်က မနေ့ညက သူရေးမှတ်ထားသော စာရင်းတွင် အမှန်ခြစ်လေး ခြစ်လိုက်ပေသည်။

"အချိန်လည်း ရောက်နေပြီဆိုတော့ နေ့လယ်စာစားဖို့ ကေဘယ်ကားနဲ့ အောက်ဆင်းကြရအောင်…" ပိုင်ချန်က အကြံပြုလိုက်သည်။

သူတို့သည် လမ်းလျှောက်တက်လာခဲ့ခြင်းဖြစ်ရာ အချိန်အတော်ကြာမြင့်ခဲ့သော်လည်း ကေဘယ်ကားဖြင့် လျင်မြန်စွာ ဆင်းနိုင်ပြီး သူတို့၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းနိုင်ပေသည်။

"ဒါက အကြံကောင်းပဲလို့ ထင်တယ်…"နေကာမျက်မှန်အကြီးကြီး တပ်ထားသော ချန်ချွေ့ဖန်က ပြောလိုက်၏။

"သွားကြစို့…"

ထိုသို့ပြောပြီးနောက် သူတို့သုံးဦးသား ကေဘယ်ကားဆီသို့ ဦးတည်သွားကြလေသည်။

ဆယ့်ငါးမိနစ်အကြာတွင် သူတို့သုံးဦးသည် အောက်ဘက်ရှိ စားသောက်ဆိုင်တန်းတစ်ခု၌ ပေါ်လာကြ၏။

ဤသည်မှာ ခရီးသွားဧရိယာအတွင်းရှိ စားသောက်ဆိုင်ဖြစ်သောကြောင့် ဟင်းလျာများ၏ ဈေးနှုန်းများမှာ များစွာ မြင့်မားလှပေသည်။

သို့သော် သူတို့သုံးဦးစလုံးမှာ အလွန်ဆာလောင်နေကြပြီး မြို့လယ်ခေါင်သို့ သွားရောက်စားသောက်ရန် အချိန်ထပ်ယူနေခြင်းကလည်း တန်မည်မဟုတ်ချေ။

သူတို့သည် အွန်လိုင်းတွင် သုံးသပ်ချက်ကောင်းများရရှိထားသော ရှုခင်းသာဧရိယာရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့ပြီးနောက် သုံးဦးသား ဝင်ရောက်သွားကြလေသည်။

သူတို့သည် ရိုးရှင်းသော ဟင်းလျာအနည်းငယ်ကို မှာယူခဲ့ကြပြီး သီးသန့်အခန်းထဲတွင် စောင့်ဆိုင်းနေခဲ့ကြ၏။

"ငါ ဒီဖုန်းလေး ကိုင်လိုက်ဦးမယ်…"

သူတို့ စကားပြောနေကြစဉ်မှာပင် စုဖူချန်၏ ဖုန်းမြည်လာခဲ့သည်။ ၎င်းမှာ မနေ့က အမြန်ရထားပေါ်တွင် သူတို့ဆုံတွေ့ခဲ့သော စုယွဲ့ဆိုသည့် မိန်းကလေးပင်။

"ဟေး… ရှောင်စု… ဘာထူးလဲ…"စုဖူချန်က ပြုံးကာ မေးလိုက်သည်။

"ဦးလေးစု… ကျွန်မတို့က တော်တော်လေး ရုပ်ဆင်နေကြတယ် မဟုတ်လား… ပြီးတော့ ဦးလေးက ကျွန်မအဘိုး ငယ်ငယ်ကရုပ်နဲ့လည်း တော်တော်လေး ဆင်တယ်… အဘိုးက ကျွန်မဆီကနေ ဦးလေးအကြောင်း ကြားတော့ လာတွေ့ပြီး စကားပြောချင်တယ်လို့ ပြောနေတယ်…"စုယွဲ့က ပြောလိုက်၏။

"အို… သမီးအဘိုးက ငါ့ကို တွေ့ချင်တယ်ပေါ့… ရပါတယ်… ရပါတယ်… ပြဿနာ မရှိပါဘူး…"စုဖူချန်က ပြန်ပြောလိုက်သည်။

“ဒါပေမဲ့...

သမီးဘက်က နေရာတစ်ခု စီစဉ်လိုက်ပါ...ငါကပဲ သမီးအဘိုးဆီ လာတွေ့ပါမယ်...လူကြီးတစ်ယောက်ကို ငါလို လူငယ်တစ်ယောက်ဆီ ကိုယ်တိုင်လာခိုင်းရတာ ဘယ်လိုမှ မသင့်တော်ဘူး...”စုဖူချန်က ပြုံးဖျော့ဖျော့ဖြင့် အကြံပြုလိုက်၏။

"အို… ကိစ္စမရှိပါဘူး… ကျွန်မအဘိုးက အဲဒါတွေကို ဂရုမစိုက်ပါဘူး… သူက ကျွန်မတို့ မိသားစုနှစ်ခုကြားမှာ ရေစက်ပါလာတယ်လို့ ခံစားရလို့ ဒီလိုအကြံဉာဏ်ရသွားတာပါ…" စုယွဲ့က ပြန်ဖြေလိုက်သည်။

"ဒါနဲ့ ဦးလေးစုက အခု ဘယ်မှာလဲ…" စုယွဲ့က မေးလိုက်၏။

"အို… သမီးတို့နဲ့ နည်းနည်းတော့ ဝေးလိမ့်မယ် ထင်တယ်… ငါက မဟာတံတိုင်းကြီးနဲ့ သိပ်မဝေးတဲ့ စားသောက်ဆိုင်တန်းတစ်ခုမှာ ရောက်နေတာ… ငါတို့ စားတော့မလို့လေ…"

ဟု စုဖူချန်က ပြောလိုက်သည်။

"အို… တိုက်ဆိုင်လိုက်တာ… ကျွန်မတို့ ဒီနေ့ တခြားနေရာတစ်ခုကို သွားကြတာဆိုတော့ အခု ဦးလေးတို့နဲ့ နီးတဲ့နေရာမှာ ရောက်နေတာ… ဦးလေးစု… ကျွန်မကို နေရာလေး ပို့ပေးထားပါ… ဆယ်မိနစ်လောက်နေရင် ရောက်လာခဲ့ပါ့မယ်…" စုယွဲ့က ပြောလိုက်၏။

"ကောင်းပြီ… ကောင်းပြီ… ငါ အခုပဲ ပို့ပေးလိုက်မယ်…"

စုဖူချန်က ပြောပြီးနောက် တည်နေရာကို အလျင်အမြန် ပို့ပေးလိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦး ဖုန်းချသွားကြ၏။

"ဘာဖြစ်လို့လဲ…" ချန်ချွေ့ဖန်က တွေဝေစွာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး… စုယွဲ့ရဲ့အဘိုးက ငါတို့တွေ ရုပ်ဆင်တယ်ဆိုတာ ကြားလို့ လာတွေ့ပြီး စကားပြောချင်လို့တဲ့… သက်ကြီးရွယ်အိုတွေအတွက်တော့ အားလုံးက ဖူးစာရေစက်တွေချည်းပဲလေ… ဒါကြောင့် ငါက နေရာပို့ပေးလိုက်တာ…" စုဖူချန်က ရှင်းပြလိုက်၏။

"အို… နားလည်ပါပြီ…"

ဤသည်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း သူတို့အဖွဲ့မှာ သိပ်ပြီး အများကြီး တွေးမနေခဲ့ကြချေ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် သီးသန့်အခန်း၏ တံခါးခေါက်သံ ထွက်ပေါ်လာတော့သည်။

All Chapters