← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) အံ့အားသင့်သွားသော ဝူထုံ

"ကောင်းပါပြီ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မှာလည်း လုပ်စရာကိစ္စ မရှိပါဘူး... ဒီမှာပဲ ခဏလောက် စောင့်နေလိုက်ပါ့မယ်..."

ချန်ဖုန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။

လူပိုအနည်းငယ်လောက် မြင်သွားရုံမျှသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ လူအနည်းငယ်က သိရှိနေပြီးဖြစ်ရာ နောက်ထပ် လူအနည်းငယ် ပိုသိသွားခြင်းကလည်း ကွာခြားမှု မရှိနိုင်ချေ။ ဤသည်က ဤကောင်လေးမှာ တကယ်ပင် ကက်ဇယ်ကိုအက်တလပ်စ် ဟုတ်မဟုတ် သိရှိရန် ကူညီပေးနိုင်ပြီး နောင်တွင် ၎င်းကို မည်သို့ ပြုစုပျိုးထောင်ကာ အစာကျွေးရမည်ဆိုသည်ကို ပိုမို တိကျစွာ သိရှိနိုင်စေမည် ဖြစ်သည်။

"ကောင်းပြီ... ငါ အခုချက်ချင်း ဖုန်းဆက်လိုက်မယ်..."

ပရော်ဖက်ဆာကျုံးချန်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်လေ၏။ ၎င်းမှာ သုတေသီတို့၏ သဘာဝပင်၊ သုတေသန ပြုလုပ်ခြင်းထက် မည်သည့်အရာကမျှ ပို၍ အရေးမကြီးချေ။

သို့သော် သူ့အတွက် ဝမ်းနည်းစရာကောင်းသည်မှာ သူ အကြိမ်များစွာ ဖုန်းခေါ်ဆိုခဲ့သော်လည်း တစ်ဖက်လူက ပြန်မဖြေခဲ့ချေ။

"တစ်ဖက်လူက အလုပ်များနေလို့ ဖုန်းသံကို မကြားတာ ဖြစ်လိမ့်မယ်…”

"ရပါတယ် ပရော်ဖက်ဆာကျုံး... အချိန်သတ်မှတ်ပြီးရင် ကျွန်တော့်ကို လာရှာလိုက်ပါ... လိပ်စာကို ပို့ပေးထားလိုက်မယ်..."

ချန်ဖုန်းသည် ဗီလာ၏လိပ်စာကို ပို့ပေးလိုက်ပြီးနောက် ရှန်ယန်းယန်းနှင့်အတူ ထွက်ခွာလာခဲ့၏။

လမ်းတစ်လျှောက်တွင် ရှန်ယန်းယန်းက အကောင်ပေါက်လေးနှင့် တကယ်ပင် ကစားချင်နေခဲ့သော်လည်း အကောင်ပေါက်လေးမှာ ချန်ဖုန်း၏ ပခုံးပေါ်တွင်သာ နေပြီး အောက်ဆင်းရန် ငြင်းဆန်နေခဲ့ပေသည်။ သူမမှာ အလွန် ဒေါသထွက်နေပြီး အဆက်မပြတ် ညည်းတွားနေခဲ့၏။

သူတို့နှစ်ဦး တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာလာစဉ် လမ်းတွင် ဝူထုံနှင့် ဆုံတွေ့ခဲ့ကြသည်။

ကျောင်းအုပ်ဝူ၏ သမီးဖြစ်ပြီး တက္ကသိုလ်၏ အလှလေး လေးဦးထဲမှ တစ်ဦးလည်း ဖြစ်ပေ၏။ ဝူထုံသည် ချန်ဖုန်းအပေါ် အမြဲတမ်း အမြင်မကြည်လင်မှု ရှိခဲ့ပြီး ပြီးခဲ့သည့်အကြိမ်က ချန်ဖုန်းအား တက္ကသိုလ်၏ သုတေသနအဖွဲ့သို့ မဝင်ရောက်နိုင်ရန် တမင်တကာ တားဆီးခဲ့သေးသည်။

ဤအချိန်၌ ချန်ဖုန်းကို မြင်တွေ့လိုက်ရသောအခါ သူမ အနည်းငယ် အံ့အားသင့်သွားပုံ ရလေ၏။

"နင်တို့ ဘာလုပ်နေကြတာလဲ..."

"ငါတို့ ဘာလုပ်လုပ်ပေါ့..."

ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားရသည်။ ‘နင်က ပစိဖိတ်သမုဒ္ဒရာက ရဲလည်း မဟုတ်ဘဲနဲ့ ဘာလို့ အကုန်လုံးကို ဝင်ပါနေရတာလဲ’

"နင်..."

ဝူထုံမှာ ပုံမှန်ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး ချန်ဖုန်း၏ဘေးတွင် ရပ်နေသော ရှန်ယန်းယန်းကို မြင်တွေ့လိုက်ရချိန်တွင် "ချန်ဖုန်းက တကယ့် နှာဘူးကောင်ပဲ" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်လေ၏။

သူမ ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် နောက်သို့ လှည့်ကြည့်လာခဲ့သည်။ ထို့နောက် သူမက လေးနက်စွာ ပြောဆိုလိုက်၏။

"ချန်ဖုန်း... ပြီးခဲ့တဲ့အကြိမ်က ငါပြောခဲ့တာကို နင် သေချာ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်... ကျောင်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ ဆိုတာ နင် ဖြစ်ကတတ်ဆန်း ဝင်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး..."

"ငါ့အဖေကို နင် ဘယ်လို နားချခဲ့လဲဆိုတာ ငါ မသိပေမဲ့ နင်က သုတေသနအဖွဲ့ထဲ ဝင်ဖို့ လုံးဝ အရည်အချင်း မပြည့်မီဘူးဆိုတာကိုတော့ ငါ သိတယ်..."

"နင် ပါဝင်လာတာက ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးကို အလဟဿ ဖြစ်သွားစေရုံပဲ ရှိမှာ..."

စကားပြောနေရင်းဖြင့် သူမက ဘေးနားရှိ ရှန်ယန်းယန်းအား ထပ်မံကြည့်ရှုလိုက်ပြီး ဆက်ပြောလိုက်၏။

"ပြီးတော့ နင့်မှာ ရှန်ယန်းယန်းလို လှပတဲ့ ကောင်မလေး ရှိနေမှတော့ သူ့ကို တန်ဖိုးထားသင့်တယ်နော်..."

"ပြီးခဲ့တဲ့အကြိမ်က ငါတို့အကြောင်း ကောလာဟလတွေကို နင် တမင်တကာ ဖြန့်ခဲ့တာလား..."

"ဘာတဲ့... နင်က ကျောင်းရဲ့အလှလေး လေးယောက်ထဲက သုံးယောက်ကို တွဲနိုင်ခဲ့တယ်ပေါ့လေ..."

"ဟွန့် ငါက နင့်ကို ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး... ပြီးတော့ ငါ့ကိုလည်း လာမပတ်သက်နဲ့နော်..."

"နင်က အရမ်းကို အထင်ကြီးလွန်းနေတာပဲ..."

ချန်ဖုန်းမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိပြီး ပြန်မချေပဘဲ မနေနိုင်တော့ချေ။

"ကျောင်းက ကောလာဟလတွေက ငါနဲ့ ဘာမှမဆိုင်ဘူး... ငါက ရင်သားသေးတဲ့သူတွေကို သဘောမကျဘူးလို့ ပြောပြီးသားပဲ... ဒါကြောင့် နင် စိတ်အေးအေးထားလို့ ရပါတယ်..."

"ယန်းယန်း... သွားကြမယ်... ဒီရင်သားသေးသေးနဲ့ တစ်ယောက်က အရမ်း ဒရာမာဆန်လွန်းတယ်..."

ဝူထုံအား အများကြီး ရှင်းပြနေရန် သူ ပျင်းရိနေခဲ့၏။ တကယ်တော့ ဝူထုံမှာ စိတ်ထားမကောင်းတဲ့ သူတစ်ယောက် မဟုတ်ကြောင်းနှင့် သူမ၏ တားဆီးမှုမှာ သူက ကျောင်း၏ သုတေသန ရလဒ်များကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်ကြောင်း ချန်ဖုန်း သိရှိထားပေသည်။

ဘာပဲဖြစ်ဖြစ် ဝူထုံ၏ အမြင်တွင် သူသည် နှာဘူးကောင်တစ်ဦး ဖြစ်နေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူမက သူ့အပေါ်တွင် အလွန် ဆိုးရွားသော အမြင်ရှိနေခြင်းပင် ဖြစ်သည်။

ရှန်ယန်းယန်းက နှုတ်ခမ်းဆူလိုက်၏။သူမသည် ချန်ဖုန်း၏ ရည်းစားအဖြစ် အထင်ခံရခြင်းကို တကယ်တော့ အတော်လေး ဝမ်းသာနေခဲ့သည်။ သို့သော် ချန်ဖုန်းကို အထင်လွဲခံရခြင်းကိုမူ သူမ မမြင်တွေ့လိုချေ။

ဘာနှာဘူးကောင်လဲ ဘာကြောင့် ချန်ဖုန်းက ကျောင်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကို မဝင်နိုင်ရမှာလဲ။

နောက်နေတာလား…ချန်ဖုန်းသည် ခေတ်မီဆန်းသစ်သော နည်းပညာဖြစ်သည့် ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာကိုပင် တီထွင်ထားနိုင်သူ ဖြစ်ပေ၏။ ဘယ်သူက ဒီစွမ်းရည်ကို ယှဉ်နိုင်မှာလဲ။

ထိုအချိန်၌ ရှန်ယန်းယန်း ဆီသို့ ရုတ်တရက်

မက်ဆေ့ခ်ျ တစ်စောင်ဝင်လာသည်။

သူမသည် ဝူထုံ၏ ရှေ့တွင် သူမ၏ လက်ကောက်ဝတ်ရှိ အဆင့်မြင့် နည်းပညာပစ္စည်းကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်ရာ သူမ၏ လက်မောင်းအထက် လေဟာပြင်တွင် ဟိုလိုဂရမ် ရုပ်လုံးကြွ တစ်ခု ချက်ချင်း ပေါ်လာခဲ့၏။

ရှန်ယန်းယန်းသည် လေဟာပြင်ထဲတွင် တည်ငြိမ်စွာ လှုပ်ရှားလုပ်ဆောင်လိုက်သည်။ မက်ဆေ့ခ်ျကို ဖတ်ပြီးနောက် သူမ၏ သူငယ်ချင်းအတွက် WeChat Moments ရှိ ပို့စ်အချို့ကိုလည်း Like ပေးလိုက်သေး၏။

"ဒါက..."

ဝူထုံမှာ ခဏတာ မှင်တက်သွားပြီးနောက် ဘာတွေဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားလေသည်။ သူမ လုံးဝ အံ့အားသင့်သွားတော့၏။

အို ဘုရားရေ… ဒါက ဟိုလိုဂရမ် ရုပ်လုံးကြွ စမတ်နာရီပဲ…လွန်ခဲ့သော ရက်အနည်းငယ်က ၎င်းသည် လက်ရှိနည်းပညာထက် ၂၅ နှစ်ခန့် သာလွန်သော ထုတ်ကုန်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အလားအလာအရှိဆုံး နည်းပညာကုမ္ပဏီ ဖြစ်လာမည်ဟူသော အဆိုများနှင့်အတူ အွန်လိုင်းပေါ်တွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

နည်းပညာလောကတွင် အလွန်တရာ အလေးထားခံနေရပေ၏။ ကျောင်းမှ ပရော်ဖက်ဆာများပင်လျှင် ၎င်းကို လွန်စွာ ချီးကျူးခဲ့ကြသည်။

ဒါပေမဲ့ ဤထုတ်ကုန်မှာ ထုတ်လုပ်မှုအဆင့်တွင်သာ ရှိသေးပြီး ရောင်းချခြင်းပင် မစတင်ရသေးဟု ဆိုကြလေ၏။ ကြိုတင်စာရင်းပေး၍ပင် မရနိုင်သေးချေ။

ရှန်ယန်းယန်းမှာ အဆက်အသွယ်များ ရှိနေသည်လား။နည်းပညာကို ရူးသွပ်သူတစ်ဦးဖြစ်သော ဝူထုံက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

"ယန်းယန်း... နင် ဒါကို ဘယ်ကနေ ဝယ်ခဲ့တာလဲ... ငါ့အတွက်ရော... တစ်လုံးလောက် ဝယ်ပေးလို့ ရမလား…”

"ဒါကို ငါ ဝယ်ထားတာ မဟုတ်ဘူး..."

ရှန်ယန်းယန်းက ဖျော့တော့စွာ ပြုံးလိုက်၏။

"ဝယ်ထားတာ မဟုတ်ဘူး..."

ဝူထုံမှာ ချက်ချင်းပင် ဆွံ့အသွားရလေသည်။

"ဟုတ်တယ်..."

ရှန်ယန်းယန်းက ထွက်ခွာရန် ပြင်နေသော ချန်ဖုန်းကို လက်ညိုးထိုးကာ ပြောဆိုလိုက်သည်။

"ဒါကို သူက ငါ့ကို ပေးထားတာ... အဲဒါက ချန်ဖုန်း ဖန်တီးထားတဲ့ နမူနာပုံစံဖြစ်ပြီး လက်ရှိမှာ ကမ္ဘာပေါ်မှာ ဒါတစ်လုံးတည်းပဲ ရှိသေးတာ..."

"ဝူထုံ... တကယ်လို့ နင် ဝယ်ချင်တယ်ဆိုရင် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ဈေးကွက်ထဲ ရောက်လာတဲ့အထိ နင် စောင့်ရလိမ့်မယ်..."

"နောက်တစ်လလောက်ဆိုရင် ရနိုင်လောက်ပါတယ်..."

"ဘာ..."

ဝူထုံမှာ ချက်ချင်းပင် တုန်လှုပ်သွားရတော့၏။

ဘာအဓိပ္ပာယ်လဲ…

ရှန်ယန်းယန်း၏ စကားများတွင် သတင်းအချက်အလက်များ အလွန်များပြားလွန်းလှသဖြင့် သူမ တစ်ပြိုင်နက်တည်း နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ချေ။ ချန်ဖုန်း ဖန်တီးထားတဲ့ နမူနာပုံစံ ဟုတ်လား။ အစစ်အမှန် ထုတ်ကုန်က နောက်လမှ ရနိုင်မယ်တဲ့လား။

ဒီ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို ချန်ဖုန်းက တီထွင်ခဲ့တာများလား။

ထိုအခိုက်အတန့်တွင် သူမ၏ ဦးနှောက်မှာ ရှော့ခ်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေ၏။

ထိုအချိန်၌ သူမသည် သူမအဖေ ကျောင်းအုပ်ဝူထံသို့ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်သည်။

"အဖေ... အဖေက ချန်ဖုန်းကို ကျောင်းရဲ့ သုတေသနအဖွဲ့ထဲ အမြဲတမ်း ဝင်စေချင်နေခဲ့တာ... သူ့ရဲ့ သုတေသန အောင်မြင်မှုတွေကြောင့်လား... အဲဒီ ဟိုလိုဂရမ် ရုပ်လုံးကြွကို သူ ဖန်တီးခဲ့တာလား..."

"ရှောင်ထုံ... ဒီကိစ္စကို မင်းဘာသာမင်းပဲ သိထားလိုက်ပါ... အပြင်မှာ မဖြန့်လိုက်နဲ့နော်..."

"သမီး..."

ဝူထုံသည် ဖုန်းထဲမှ သူမ၏ဖခင် ပြောနေသောအရာများကို ဆက်လက်၍ မကြားနိုင်တော့ချေ။ သူမ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားရတော့သည်။

နှလုံးသားထဲရှိ တုန်လှုပ်မှုသည် အချိန်အတော်ကြာသည်အထိ ကျန်ရစ်နေခဲ့ပြီး သူမသည် ချန်ဖုန်းကို အထင်လွဲမှားခဲ့မိပြီဟု ခံစားလိုက်ရလေ၏...။

ရှန်ယန်းယန်းနှင့် ချန်ဖုန်းတို့သည် တက္ကသိုလ်လမ်းမပေါ်တွင် လျှောက်သွားနေကြပြီး ချစ်သူများအလား ဖြစ်နေကာ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေခဲ့ကြသည်။ ပုံမှန်ဆိုလျှင် လူတိုင်း၏ အာရုံစိုက်မှုသည် ရှန်ယန်းယန်းအပေါ်တွင်သာ ရှိနေမည် ဖြစ်၏။

သို့သော် ယခုအခါတွင်မူ လူတိုင်းနီးပါး၏ အာရုံစိုက်မှုသည် ချန်ဖုန်း၏ ပခုံးပေါ်ရှိ အကောင်ပေါက်လေးအပေါ်သို့သာ ကျရောက်နေခဲ့ပေသည်။

"ချန်ဖုန်းက တကယ့်ကို ဟန်ရေးပြလွန်းတာပဲ... ကောင်မလေးနဲ့ ချိန်းတွေ့တာကို အဲဒီငှက်ကို ခေါ်လာသေးတယ်..."

"သောက်ရူး... မင်းက ဘာတွေ လျှောက်ပြောနေတာလဲ... ချိန်းတွေ့တဲ့နေရာကို မင်းရဲ့ ဟိုဟာကို မခေါ်သွားရင် မင်းက ယောက်ျား ဟုတ်သေးလို့လား... အရေးကြီးတဲ့ အချိန်တွေမှာ သုံးဖို့ အဲဒါက ရှိနေတာလေ..."

(တရုတ်စကားပုံမှာ ငှက်ဆိုတာ ဒွေးကျိနဲ့ အသံထွက်တူသလိုလိုရှိပါတယ်)

"ကျစ်... မင်းက ညစ်ညမ်းတဲ့ စကားတွေ ပြောနေတယ်လို့ ငါ ထင်တယ်နော်..."

"ဟီးဟီး... ငါက ငှက်ကိုပြောတာနော် မင်းဘာမင်း ထင်ချင်တာထင်ရင်တော့ ငါလည်းမတတ်နိုင်ပါဘူးကွာ..."

လူအုပ်ကြီးက စတင်ဆွေးနွေးလာကြလေ၏။

အချို့လူများက ချန်ဖုန်း၏ ကွယ်ရာတွင် သူ့အား ကျိန်ဆဲကြပြီး သူတို့၏ နတ်ဘုရားမကို သူက သိမ်းပိုက်သွားပြီဟု ပြောဆိုနေကြသည်။ ချန်ဖုန်းက ကျောင်းရဲ့အလှလေးများနှင့် စကားပြောကာ ရယ်မောနေသည်ကို မြင်ရတိုင်း ၎င်းတို့မှာ နေမထိထိုင်မသာ ဖြစ်ရပေ၏။

ချန်ဖုန်းသည် ကျောင်းတွင် အချိန်အကြာကြီး မနေခဲ့ချေ။ အကောင်ပေါက်လေးကို လူအများအပြား မမြင်စေချင်သောကြောင့် အဓိကအားဖြင့် သူတို့သည် ဗီလာသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ…

ပရော်ဖက်ဆာကျုံးချန်၏ ဖုန်းလည်း မြည်လာခဲ့၏။သူ၏ သူငယ်ချင်းသည် ကက်ဇယ်ကိုအက်တလပ်စ် ကို တွေ့ရှိခဲ့ကြောင်း သိရှိသွားသောအခါ စိတ်လှုပ်ရှားစွာဖြင့် လုပ်လက်စများကို အကုန်ချထားခဲ့ပြီး အလျင်အမြန် ပြေးလာခဲ့လေသည်။

၎င်းတို့မှာ သမိုင်းမတင်မီခေတ်က သတ္တဝါများပင် ဖြစ်၏။ ဤသည်က ရှေးဟောင်းသတ္တဗေဒ အသိုင်းအဝိုင်းတွင် ကြီးမားလှသော လှုပ်ခတ်မှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။

All Chapters