အခန်း ၉၉၁
Vol. 67 Ch. 991
အခန်း (၉၉၁) ကောင်းကင်သူတော်စင်တောင်၏ အရှင်သခင်။ ကျန်းမိသားစု၏ ဖိတ်ကြားချက်။ (၂)
“ကောင်းကင်သူတော်စင်တောင်တွင် စူးချန်ခုန်းအမည်ရှိ သိုင်းဝိဇ္ဇာ သူတော်စင်အသစ် ရောက်ရှိလာသည်။ သူသည် သိုင်းဝိဇ္ဇာ သူတော်စင် ပထမကောင်းကင်ဘုံ အဆင့်သာ ရှိသော်လည်း ကျန်းမိသားစုမှ ကျန်းယန်ယွင်နှင့် တစ်ကိုယ်တော်သမား လဲ့အန်းတို့ကို နတ်ဘုရားစွမ်းရည်များ မသုံးဘဲ အနိုင်ယူခဲ့သဖြင့် သာမန်မဟုတ်သည့် အရည်အချင်းရှိကြောင်း ပြသနေသည်။”
ထိုအချိန်တွင် ထိုလူသည် တုံကင်ပြားအတွင်းမှ သတင်းစကားတစ်ခုကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။
သိုင်းဝိဇ္ဇာ သူတော်စင်ပထမအဆင့်သို့ ဝင်ရောက်ခြင်းမှာ ထူးခြားလှသည် မဟုတ်သော်လည်း သတင်းအချက်အလက်များအရ သူသည် တူညီသောအဆင့်ရှိ ထူးချွန်သူအချို့ကို နတ်ဘုရားစွမ်းရည်များ မသုံးဘဲ အနိုင်ယူခဲ့သည်ဆို၏။
"ဒီကျန်းယန်ယွင်ဆိုတဲ့သူက ကျန်းမိသားစုရဲ့ ထူးချွန်တဲ့သူတစ်ယောက်ပဲ။ သူက လက်ခြောက်ဖက်နဲ့ ခေါင်းသုံးလုံး နတ်ဘုရားစွမ်းရည်တွေကို တီထွင်ထားပြီး သိုင်းဝိဇ္ဇာ သူတော်စင် ပထမကောင်းကင်ဘုံအဆင့်မှာ တိုက်ခိုက်နိုင်စွမ်း တော်တော်လေးကောင်းတယ်။ ဒါပေမဲ့ စူးချန်ခုန်းဆိုတဲ့သူက သူ့ကို နတ်ဘုရားစွမ်းရည်မသုံးဘဲ အလွယ်တကူ အနိုင်ယူလိုက်တာလား၊ ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ။"
ထိုလူသည် စိတ်ဝင်စားဟန်ဖြင့် သတင်းစကားကို ကြည့်လိုက်သည်။ ကျန်းမိသားစုဝင်တစ်ဦးအနေဖြင့် ကောင်းကင်သူတော်စင်တောင်ကို စီမံခန့်ခွဲရခြင်းမှာ တောင်ကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စည်းစိမ်ဥစ္စာ အရင်းအမြစ်များ ရှာဖွေရန်သာမက အရည်အချင်းရှိသည့် သိုင်းဝိဇ္ဇာ သူတော်စင်များကို ရှာဖွေဖော်ထုတ်ရန်မှာလည်း အဓိကရည်မှန်းချက်ဖြစ်သည်။
"စူးချန်ခုန်းတဲ့လား။ ဒါဆိုရင်တော့ သူ့ကို ကိုယ်တိုင်တွေ့ဆုံမှ ဖြစ်တော့မယ်" ထိုလူက ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
"အဘိုးလျို၊ ဒီစူးချန်ခုန်းကို ကျွန်တော့်ရဲ့ ဂူနန်းတော်ဆီ လာဖို့ ဖိတ်လိုက်ပါ"
လွင့်မျှောတိမ်တိုက် ဂူအိမ်တော်အတွင်း၌ စူးချန်ခုန်းသည် ဝူချင်းရှီကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေသည်။
"ဟမ်…. လွင့်မျှောတိမ်တိုက် ဂူအိမ်တော်အပြင်ဘက်မှာ ငါ့ကိုရှာနေသူရှိနေတာလား"
စူးချန်ခုန်းသည် ဂူအိမ်တော် တုံကင်ပြားမှတစ်ဆင့် ဆံပင်ဖြူအဘိုးအိုတစ်ဦး အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားလေ၏။ ဂူအိမ်တော်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အပြင်လူများ ဝင်ရောက်၍မရပေ။
ဤအချက်က စူးချန်ခုန်းကို တွေးတောမိစေသည်။ သူသည် ကောင်းကင်သူတော်စင်တောင်တွင် ခေတ္တသာ နေထိုင်ခြင်းဖြစ်ပြီး လူအနည်းငယ်သာ သိသည်။ ဤဆံပင်ဖြူအဘိုးအိုက သူ့ကိုအထူးတလည် လာရှာတာလား။
"ဘာကိစ္စလဲတော့မသိပေမယ့် တွေ့ကြည့်လိုက်တာ ကောင်းပါတယ်" ဟု တွေးတောပြီးနောက် စူးချန်ခုန်းသည် ဆံဖြူအဘိုးအိုကို တွေ့ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ကောင်းကင်သူတော်စင်တောင်ဖြစ်သဖြင့် မကောင်းကြံသူများရှိမည်ကို စိုးရိမ်စရာမလိုပေ။
"ပြောစရာရှိရင် ဝင်ခဲ့ပါ" စူးချန်ခုန်းသည် ဂူအိမ်တော် တိုကင်ပြားကို အသုံးပြု၍ တံခါးဖွင့်ပေးလိုက်ပြီး အသံဖြင့် ဖိတ်ခေါ်လိုက်သည်။
ဖိတ်ခေါ်ချက်ကို မြင်လိုက်ရသဖြင့် စောင့်ဆိုင်းနေသော ဆံဖြူအဘိုးအိုသည် မဆိုင်းမတွပင် လွင့်မျှောတိမ်တိုက် ဂူအိမ်တော်အတွင်းသို့ လျှောက်ဝင်လာခဲ့သည်။
"အဝေးကနေ လာမကြိုဖြစ်လို့ တောင်းပန်ပါတယ်" အိမ်တော်အတွင်း၌ စူးချန်ခုန်းက ဆံဖြူအဘိုးအိုကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။
အဘိုးအိုက ပြုံးလျက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ "ကျွန်တော့် မျိုးရိုးနာမည်က လျိုပါ။ ကျွန်တော့်ရဲ့အရှင် ကျန်းယောင်ရဲ့စေခိုင်းချက်နဲ့ လာခဲ့တာပါ"
"ကျန်းယောင်လား… ကျန်းမျိုးရိုးကပဲ" အဘိုးအိုလျို၏စကားကို ကြားလိုက်ရသဖြင့် စူးချန်ခုန်း အံ့အားသင့်သွားသည်။ သူသည် ကျန်းယောင်ဆိုသည့်အမည်ကို တစ်ခါမျှ မကြားဖူးသော်လည်း ကျန်းမျိုးရိုးသည် ဂုဏ်ရှိန်ကြီးမားကြောင်း အရိပ်အမြွက်ပြနေသဖြင့် စိတ်ဝင်စားသွားသည်။
အဘိုးအိုလျိုသည် စူးချန်ခုန်း၏ အတွေးကို အတည်ပြုပေးလိုက်သည်။ "ခေါင်းဆောင် ကျန်းယောင်က ကောင်ကင်မီးလျှံမြို့ရဲ့ ကောင်းကင်သူတော်စင်တောင်ပိုင်ရှင် ဖြစ်သလို ဧကရာဇ်မင်းမြတ်ဒေသက ကျန်းမိသားစုရဲ့ ဆင်းသက်လာသူပါ။ တောင်ရဲ့ကိစ္စအဝဝကို သူကပဲ တာဝန်ယူ စီမံခန့်ခွဲတာပါ"
"အဟုတ်ပဲ" စူးချန်ခုန်းက တိတ်တဆိတ် အံ့သြနေသည်။ ဤကျန်းယောင်သည် ကောင်းကင်သူတော်စင်တောင်၏ ပိုင်ရှင်ဖြစ်ပြီး ကျန်းမိသားစုမှ တိုက်ရိုက် ဆင်းသက်လာသူဖြစ်သည်။ ကျန်းမိသားစုသည် ရှေးဟောင်းသူတော်စင် ကိုးဦးတို့၏ ပထမဆုံးသူတော်စင်မှ ဆင်းသက်လာသူများဖြစ်ကာ မြင့်မြတ်သောရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုနှင့် တိုင်းပြည်ကိုအုပ်ချုပ်သူများ ဖြစ်သဖြင့် အလွန်ပင် အစွမ်းထက်လှသည်။ ဤကျန်းယောင်သည် ကျန်းမိသားစုဝင်တစ်ဦးဖြစ်ပြီး ကောင်းကင်သူတော်စင်တောင်ကို စီမံခန့်ခွဲနေသူဖြစ်သဖြင့် မိသားစုအတွင်း၌လည်း ဂုဏ်သရေကြီးမြင့်သူနှင့် ထူးချွန်သူတစ်ဦးဖြစ်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ သာမန်လူတို့၏ အမြင်တွင် သူသည် တွေ့မြင်ရခဲသည့် ထင်ရှားသူတစ်ဦးဖြစ်သည်။
"အရှင်ကျန်းယောင်က ဆရာနဲ့ တွေ့ချင်နေပါတယ်" ဟု အဘိုးအိုလျိုက သူ့ရောက်လာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
"ဟမ်… တောင်သခင် ကျန်းယောင်က ငါ့ကိုတွေ့ချင်နေတာလား" ဤစကားကြောင့် စူးချန်ခုန်း မျက်မှောင်ကြုတ်သွားသည်။ သူသည် ဤကျန်းယောင်ကို မသိသော်လည်း ထိုလူက သူ့ကိုတွေ့ဆုံလိုသည်ဟုဆို၏။ သေချာစွာ တွေးတောပြီးနောက် စူးချန်ခုန်းသည် ကျန်းယောင်၌ မကောင်းသောရည်ရွယ်ချက် မရှိနိုင်ဟု ခံစားရသည်။ အကယ်၍သာ မကောင်းကြံပါက သူ၏အဆင့်အတန်းဖြင့် လူလွှတ်ပြီး ဖိတ်ခေါ်ရန် လိုအပ်မည်မဟုတ်ပေ။
"ကောင်းပါပြီ၊ အဘိုးလျို လမ်းပြပေးပါ" စူးချန်ခုန်းသည် ထိုကျန်းယောင်ကို တွေ့ဆုံရန်နှင့် အခြားသူ၏ ရည်ရွယ်ချက်ကို သိရှိရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ အရှင်ကျန်းယောင်က ကောင်းကင်သူတော်စင်တောင်ပေါ်က လနက်ဂူနန်းတော်မှာ နေထိုင်ပါတယ်" ဟု ဆံဖြူအဘိုးအိုက ချက်ချင်းဆိုသည်။ မဆိုင်းမတွပင် စူးချန်ခုန်းသည် ဆံဖြူအဘိုးအိုနောက်သို့ လိုက်ပါသွားပြီး လနက်ဂူနန်းတော်ဆီသို့ ဦးတည်သွားသည်။
လနက်ဂူနန်းတော်သည် တစ်ခုတည်းသော အဆင့်မြင့်ဂူနန်းတော်ဖြစ်ပြီး တောင်ပိုင်ရှင် ကျန်းယောင်၏ တရားကျင့်ရာနေရာလည်း ဖြစ်သည်။ ဆံဖြူအဘိုးအို၏ လမ်းပြမှုဖြင့် စူးချန်ခုန်းသည် လနက်ဂူနန်းတော်အတွင်းသို့ အခက်အခဲမရှိ ရောက်ရှိသွားသည်။
"သဘာဝစွမ်းအင်တွေ အရမ်းပေါမျ,’တာပဲ။ ဒီလောက်သိပ်သည်းတဲ့ စွမ်းအင်ဆိုရင် မူလအဆီအနှစ်အရည်တောင် ထုတ်လုပ်နိုင်လောက်တယ်" လနက်ဂူနန်းတော်အတွင်း၌ စူးချန်ခုန်းသည် ပြည့်ဝသော သဘာဝစွမ်းအင်ကို ခံစားရင်း အတွင်းစိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
လနက်ဂူနန်းတော်အတွင်းတွင် လနက်တစ်စင်း ချိတ်ဆွဲထားသကဲ့သို့ နေရာတစ်ခုလုံးမှာ မှောင်ရိပ်သန်းနေသည်။ စူးချန်ခုန်း ဂူနန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ အဝေးရှိ ရေအိုင်အလယ်၌ တည်ရှိသော အဆောက်အအုံငယ်တစ်ခုအတွင်း လရောင်ကို ခံယူနေသည့် ခန့်ညားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူသည် လျှောက်လာသော စူးချန်ခုန်းကို မြင်လိုက်ရသဖြင့် ရယ်မောကာ ဖိတ်ခေါ်လိုက်သည်။ "ညီလေး စူးချန်ခုန်းပါလား။ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လာပါဦး၊ စကားပြောကြရအောင်"
စူးချန်ခုန်းသည် သူ့ရှေ့မှ ခန့်ညားသောလူမှာ တစ်ရာစုကြာ ကောင်းကင်သူတော်စင်တောင်ကို အုပ်ချုပ်လာသည့် တောင်သခင် ကျန်းယောင်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူသည် ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွေ့လျားလိုက်ပြီး အိုင်အလယ်ရှိ အဆောက်အအုံအတွင်းသို့ ရောက်ရှိသွားကာ ကျန်းယောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
"အသက်အရမ်းငယ်သေးတာပဲ" ကျန်းယောင်သည် စူးချန်ခုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အတွင်း၌ ရှိနေသော တက်ကြွသည့် အသက်စွမ်းအင်ကို သတိပြုမိကာ အသက်အရွယ်ကြီးမည် မဟုတ်ကြောင်း တွက်ဆလိုက်သည်။
စူးချန်ခုန်းသည်လည်း ကျန်းယောင်ကို အနည်းငယ်လေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ကျန်းယောင်၏ တည်ရှိမှုမှာ မထင်ရှားသော်လည်း သူ့ထံမှ ထွက်ပေါ်လာသည့် သဘာဝအလျောက် ဂုဏ်သရေမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကိုပင် ရိုသေလေးစားစေသကဲ့သို့ ဖြစ်နေသည်။
ကျန်းယောင်သည် သူတွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံး သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်ကြောင်း စူးချန်ခုန်း သတ်မှတ်လိုက်သည်။ သူသည် နတ်ဘုရား ခန္ဓာကိုယ်ကို မရရှိသေးသော်လည်း မဝေးကွာတော့ကြောင်း၊ ကျန်းမိသားစုမှဖြစ်ပြီး ကောင်းကင်သူတော်စင်တောင်ကို အုပ်ချုပ်နေသူဖြစ်သဖြင့် သာမန်လူမဟုတ်ကြောင်း စူးချန်ခုန်း သိလိုက်သည်။
"တောင်သခင်ကျန်း၊ ကျွန်တော့်ကို အခုလို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု စူးချန်ခုန်းသည် တိုက်ရိုက်ပင် အကြောင်းအရာကို ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်ကို ဘာများလမ်းညွှန်စရာ ရှိလို့ပါလဲ"
ကျန်းယောင်က ပြုံးလျက် "ညီလေး စူးချန်ခုန်း၊ ညီလေးက တိုက်ပွဲရာချီအဆောင်မှာ ကျန်းယန်ယွင်နဲ့ လဲ့အန်းတို့ကို အနိုင်ယူခဲ့တယ်လို့ ကြားသိရတယ်။ သူတို့က သိုင်းဝိဇ္ဇာ သူတော်စင်ဝင်ခါစ ပထမအဆင့်မှာ တော်တော်လေး စွမ်းဆောင်နိုင်တဲ့သူတွေပါ။ ညီလေးက သူတို့ကို ဒီလောက် အလွယ်တကူ အနိုင်ယူနိုင်တာက တကယ်ကို ထူးခြားပါတယ်" ဟု ပြောသည်။
ဤစကားကို ကြားရသဖြင့် စူးချန်ခုန်းသည် တိုက်ပွဲရာချီခန်းမတွင် သူ၏စွမ်းဆောင်မှုများကြောင့် ကျန်းယောင်၏အာရုံစိုက်မှုကို ခံရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ကောင်းကင်သူတော်စင်တောင်သို့ အသစ်ရောက်ရှိလာသူဖြစ်သဖြင့် စူးချန်ခုန်းသည် တိုက်ပွဲရာချီခန်းမအကြောင်း သိလို၍ သွားရောက်ခဲ့ပြီး လဲ့အန်းနှင့် ကျန်းယန်ယွင်တို့ကို အစဉ်လိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က စူးချန်ခုန်းသည် ထိုအကြောင်းကို သိပ်ပြီး မတွေးခဲ့သော်လည်း ယခုအခါ ကျန်းယောင်၏ အာရုံစိုက်မှုကို ခံရသည့်အတွက် အံ့သြသွားသည်။ ကျန်းယောင်က စိတ်အားထက်သန်သော လေသံဖြင့် ဆက်ပြောသည်။ "ညီလေး စူးချန်ခုန်း၊ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ အစ်ကိုက ကောင်းကင်သူတော်စင်တောင်ကို အုပ်ချုပ်သလို မြင့်မြတ်တဲ့ ရှေးဟောင်းနိုင်ငံအတွက် အရည်အချင်းရှိတဲ့ သိုင်းပညာရှင်တွေကို ရှာဖွေပြီး အင်အားဖြည့်တင်းပေးနေတာပါ"
စူးချန်ခုန်းက လူအမဟုတ်ပေ။ သူသည် ကျန်းယောင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။ သူသည် ကျန်းမိသားစု၏အဖွဲ့သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခံရတာ ဖြစ်နိုင်သည်။ ဤသည်မှာ အလွန်ပင် ဂုဏ်ယူစရာကောင်းသော အချက်ဖြစ်သည်။
ကျန်းမိသားစုမှ ဆင်းသက်လာသူများ၏ အမြင်တွင် သာမန် သိုင်းဝိဇ္ဇာသူတော်စင်များသည် သူတို့၏ အာရုံကို ဖမ်းစားနိုင်ရန် ခဲယဉ်းသည်။ စူးချန်ခုန်းသည် သိုင်းဝိဇ္ဇာသူတော်စင် ပထမအဆင့်တွင်သာ ရှိသော်လည်း တိုက်ပွဲရာချီအဆောင်မှ မန်နေဂျာ၏ ပြောကြားချက်အရ သူသည် တူညီသောအဆင့်ရှိ အခြားထူးချွန်သော သိုင်းပညာရှင်များကို နတ်ဘုရားစွမ်းရည်များ မသုံးဘဲ အလွယ်တကူ အနိုင်ယူခဲ့သည်။ သူ၏နည်းစနစ်များသည် နားလည်ရန်ခက်ခဲပြီး သူ၏အဆင့်နှင့် မလိုက်ဖက်အောင်ပင် ထူးခြားနေသည်။ ဤအချက်က စူးချန်ခုန်း၏ အရည်အချင်းမှာ နိမ့်ကျမှုမရှိကြောင်း ပြသနေသဖြင့် ကျန်းယောင်သည် သူ့ကိုဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကျန်းယောင်က ပြောလိုက်သည်။ "အစ်ကိုတို့ ကျန်းမိသားစုရဲ့အဖွဲ့ထဲ ဝင်တာက လူတွေ တွေးနိုင်တာထက် ပိုတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ နတ်ဘုရားလက်နက်တွေ၊ ရှေးဟောင်းကျမ်းစာတွေ၊ မူလအဆီအနှစ်ရည်… အရာအားလုံး အစ်ကိုတို့ဆီမှာ ရှိတယ်။ အစ်ကိုတို့ ကျန်းမိသားစုရဲ့ အင်အားနဲ့ ပတ်သက်ပြီးတော့ ပြောစရာမလိုလောက်အောင် သိပြီးသားဖြစ်မှာပါ"
ကျန်းယောင်၏ လေသံတွင် ဂုဏ်ယူဝံ့ကြွားဟန် အနည်းငယ် ပါဝင်နေသည်။ အမှန်တကယ်ပင် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ၏ နယ်မြေ ဆယ့်ကိုးခုအတွင်းတွင် ရှေးဟောင်းမျိုးနွယ်စုများနှင့် ရှေးဟောင်းဂိုဏ်းများ ရှိကြသော်လည်း အင်အားအကြီးဆုံးမှာမူ မြင့်မြတ်သော ဧကရာဇ်ဒေသကို အုပ်ချုပ်နေသည့် ကျန်းမိသားစုပင် ဖြစ်သည်။
ကျန်းမိသားစုမှ တစ်ဦးဦးထံမှ ဖိတ်ခေါ်ချက်ကို ရရှိခြင်းသည် သိုင်းဝိဇ္ဇာ သူတော်စင်များစွာအတွက် အတိုင်းအဆမရှိသော စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်စေမည်မှာ အသေအချာပင်။ ကျန်းမိသားစု၏အဖွဲ့သို့ ဝင်ရောက်ခြင်းသည် အကျိုးကျေးဇူးများစွာကို ရရှိစေပြီး ရှာဖွေရခက်ခဲသော ရတနာများကိုလည်း လွယ်ကူစွာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ကျန်းယောင် အနည်းငယ် အံ့အားသင့်သွားသည်။ ပုံမှန်အားဖြင့် ကျန်းမိသားစု၏ ဖိတ်ခေါ်ချက်ကို ရရှိသူတိုင်း အလွန်ပင် ပျော်ရွှင်ကြရမည်ဖြစ်သော်လည်း သူ၏ရှေ့မှ စူးချန်ခုန်းမှာမူ အလွန်အမင်း စိတ်လှုပ်ရှားမှု သို့မဟုတ် မလျော်ကန်သော အပြုအမူမျိုး မပြဘဲ ထူးခြားသည့် တည်ငြိမ်မှုကို ပြသနေသည်။
အမှန်စင်စစ် စူးချန်ခုန်း တည်ငြိမ်နေရခြင်းမှာ သူ၏ခရီးလမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှအရာတို့ကြောင့် အရာတစ်ခုကို ရရှိရန်အတွက် အခြားအရာတစ်ခုကို ပေးဆပ်ရမည်ဟူသည့် သဘောကို သူနားလည်ထားသောကြောင့် ဖြစ်သည်။ ဒီကျန်းယောင်က သူ့ကို ကျန်းမိသားစုအဖွဲ့သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းမှာ သေချာပေါက် အခြားသော အခြေအနေတစ်ရပ်ရပ် ရှိနေမည်ဖြစ်သည်။
စူးချန်ခုန်းသည် တိတ်တဆိတ် တွေးတောမိသည်။ အကယ်၍သာ ကျန်းမိသားစုနှင့် အမှန်တကယ် ဆက်ဆံရေး တည်ဆောက်နိုင်ပါက ယခုအချိန်တွင် သူ့အတွက် အလွန်အထောက်အကူ ဖြစ်လာမည်ဖြစ်သည်။ ဥပမာအားဖြင့် ကျန်းမိသားစု အသေအချာ စုဆောင်းထားနိုင်သည့် သားရဲစစ်ငါးကောင်နှင့် ပတ်သက်သည့် ရတနာများကို ရရှိနိုင်မည်ဖြစ်သည်။