← Chapters

အခန်း ၉၉၆

Vol. 67 Ch. 996

အခန်း ၉၉၆

Vol. 67 Ch. 996

အခန်း (၉၉၆) မဟာနတ်ဘုရားတောင်တန်း၏ သွေးသစ္စာနှင့် ကျန်းမိသားစု၏ ဧည့်သည်တော် အကြီးအကဲ။ (၂)

"ဒီလိုကိုး"

စူးချန်ခုန်းလည်း ဗဟုသုတတွေ အများကြီး ရရှိသွားသည်။ ကျန်းယောင်မှာ ကျန်းမိသားစုဝင် ဖြစ်သည်နှင့်အညီ ဗဟုသုတ ကြွယ်ဝသည်။

ပြန်လည်မွေးဖွားလာသူများသည် မူလဝိညာဉ်တွင် ပြန်လည်မွေးဖွားခြင်း အမှတ်အသား ရှိကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် စူးချန်ခုန်းမှာ ပြန်လည်မွေးဖွားသူ မဟုတ်ကြောင်း ကျန်းယောင်က ဆုံးဖြတ်လိုက်သည်။

ဤအချက်က ကျန်ယောင်ကို ပို၍ပင် အံ့အားသင့်သွားစေသည်။ အကယ်၍သာ ပြန်လည်မွေးဖွားသူ ဖြစ်ပါက မူလဝိညာဉ် ရှိနေခြင်းမှာ အထူးအဆန်း မဟုတ်ပေ။ စူးချန်ခုန်းမှာ ဤမျှ ငယ်ရွယ်ပါလျက် မူလဝိညာဉ်ကို လေ့ကျင့်နိုင်ခြင်းမှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းနေသည်။ ၎င်းမှာ သူ၏ အလားအလာမှာ အလွန်ပင် ထူးခြားသည့် အဆင့်သို့ ရောက်ရှိနေပြီး အမှန်တကယ် ထူးချွန်သော ပါရမီရှင် ဖြစ်ကြောင်း ပြသနေသည်။

စိတ်ကို ပြန်လည်စုစည်းပြီး ကျန်းယောင်က ရိုးသားစွာ ပြောလိုက်သည်။ "ညီလေးစူး မင်းက ဝေးလံခေါင်ဖျားတဲ့ ဒေသကနေ ထွက်ပေါ်လာပြီး အစ်ကိုတို့ ကျန်းမိသားစုရဲ့ ကောင်းကင်သူတော်စင် တောင်တန်းဆီ ရောက်လာတာဟာ မင်းနဲ့ အစ်ကိုတို့ ကျန်းမိသားစုကြားမှာ ကံကြမ္မာ အကြောင်းတရား ရှိနေတာကို ပြသနေတာပဲ။ ကျန်းမိသားစု ကိုယ်စား မင်းကို အစ်ကိုတို့ မိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ချင်တယ်"

"ဧည့်သည်တော် အကြီးအကဲလား" စူးချန်ခုန်းလည်း အံ့အားသင့်သွားသည်။ ရှေးဟောင်းဂိုဏ်းများ သို့မဟုတ် ရှေးဟောင်းမျိုးနွယ်စုများ ပို၍ ကြီးမားလေလေ ဧည့်သည်တော် အကြီးအကဲ ခေါ်ယူရန် ပို၍ ခဲယဉ်းလေလေ ဖြစ်သည်။ အပြင်လူကို ပြုစုပျိုးထောင်ခြင်းမှာ ကိုယ်ပိုင်လူများကို ပြုစုပျိုးထောင်ခြင်းလောက် တန်ဖိုးမရှိပေ။ ကျန်းမိသားစုအတွက်လည်း ထိုအတိုင်းပင် ဖြစ်သည်။

ကျန်းမိသားစု၏ အခြေခံအုတ်မြစ်တွင် အရည်အချင်းရှိသူ များစွာရှိသော်လည်း ဧည့်သည်တော် အကြီးအကဲ အရေအတွက်မှာ နည်းပါးလှသည်။ သူတို့အားလုံးမှာ ထူးခြားသော နတ်ဘုရားစွမ်းရည် ရှိသည့် သိုင်းဝိဇ္ဇာသူတော်စင်များ သို့မဟုတ် ဂိုဏ်းဂဏမရှိသော ပြန်လည်မွေးဖွားလာသူများ ဖြစ်ကြသည်။ ကျန်းယောင်၏ ဖိတ်ခေါ်မှုမှာ အမှန်တကယ်ပင် စိတ်ရင်းမှန်လေသည်။

ကျန်းယောင်က လေးလေးနက်နက်ဖြင့် "အစ်ကိုတို့ရဲ့ ဧည့်သည်တော် အကြီးအကဲတွေဟာ အမြင့်မားဆုံးသော အခွင့်အရေးတွေကို ခံစားရပြီး မိသားစုရဲ့ တိုက်ရိုက်ဆင်းသက်လာသူတွေနဲ့ ဘာမှမထူးခြားဘူး။ ကျန်းမိသားစုအနေနဲ့ ဧည့်သည်တော် အကြီးအကဲတစ်ဦးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဘာကိုမှ ချန်ထားမှာ မဟုတ်ဘူး။ ကျင့်ကြံရေး အရင်းအမြစ်ပဲဖြစ်ဖြစ် တခြားရတနာတွေပဲဖြစ်ဖြစ် အစ်ကိုတို့ရဲ့ စွမ်းဆောင်နိုင်မှု အတိုင်းအတာထဲမှာ ရှိသရွေ့ ကျန်းမိသားစုက သဘောတူပေးမှာပါ" ဟု ပြောသည်။

"ကျွန်တော်က ဘာပြန်ပေးဆပ်ရမှာလဲ" စူးချန်ခုန်းက တိုက်ရိုက်မေးလိုက်သည်။ ကျန်းယောင်က ပြုံးပြီး "ညီလေးစူး မင်းအနေနဲ့ ကျန်းမိသားစု လိုအပ်တဲ့အချိန်မှာ အကောင်းဆုံး ကူညီပေးဖို့နဲ့ အစ်ကိုတို့မိသားစုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တခြား ရှေးဟောင်းမျိုးနွယ်စု ဒါမှမဟုတ် ရှေးဟောင်းဂိုဏ်းတွေထဲ မဝင်ဖို့ပဲ လိုတယ်။ အစ်ကိုတို့ မိသားစုကို ထိခိုက်စေမယ့် လုပ်ရပ်မျိုး မလုပ်ရဘူး။ ပြီးတော့ မဟာနတ်ဘုရားတောင်တန်း သွေးသစ္စာ ကျမ်းစာကို လက်မှတ်ရေးထိုးရမယ်။ တခြား ကန့်သတ်ချက်တွေ မရှိဘူး" ဟု ပြောပြသည်။

"ကျန်းမိသားစု ဘက်ကို ဝင်ရောက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ" ဟု စူးချန်ခုန်းက တွေးသည်။ တခြားဂိုဏ်း သို့မဟုတ် အင်အားစုများက ကျန်းမိသားစုကို မကျော်လွန်နိုင်သလို စူးချန်ခုန်းကိုလည်း ပိုကောင်းသော အခွင့်အရေး မပေးနိုင်ပေ။ ကျန်းမိသားစု၏ အထောက်အပံ့ဖြင့် စူးချန်ခုန်းမှာ လျင်မြန်စွာ ကြီးထွားလာနိုင်မည် ဖြစ်သည်။

စူးချန်ခုန်းက ခေါင်းညိတ်ပြီး "တောင်သခင်ကျန်းရဲ့ ရိုးသားတဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်တော် ငြင်းစရာ အကြောင်းမရှိပါဘူး။ အစ်ကို ပြောသလိုပဲ ကျွန်တော် ကျန်းမိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲ တာဝန်ကို ယူပါမယ်" ဟု ပြောသည်။

ကျန်းယောင်က စူးချန်ခုန်း သဘောတူလိုက်သည်ကို မြင်သောအခါ ဝမ်းမြောက်မိသည်မှာ အမှန်ပင်။

ယခင်က စူးချန်ခုန်းသည် ထူးခြားသော အလားအလာကို ပြသခဲ့လျှင်ပင် ကျန်းယောင်သည် ဧည့်သည်တော် အကြီးအကဲတစ်ယောက်၏ အကျိုးခံစားခွင့်များကို ဤမျှ လွယ်လွယ်ကူကူ ပေးအပ်ခဲ့မည် မဟုတ်ပေ။ သို့သော် ယခုမူ ကွာခြားသွားလေပြီ။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များ အပြင်းအထန် လှုပ်ရှားနေခြင်းသည် ရှေးကာလများကတည်းက မမြင်တွေ့ခဲ့ရသော ရှုပ်ထွေးမှုမျိုး ဖြစ်ပြီး ကျန်းမိသားစုသည်လည်း သာမန်လူတို့ထက် ပိုမိုသိရှိထားသည်။ ဤရုန်းရင်းဆန်ခတ်မှုသည် ရှေးဟောင်းအင်အားကြီးများစွာ စောင့်မျှော်နေခဲ့ကြသည့် အချိန်အခါဖြစ်ပြီး ရှေးဟောင်းသိုင်းဝိဇ္ဇာသူတော်စင်ကြီး ကိုးပါးပင် ပြန်လည်မွေးဖွားလာကြလိမ့်မည်။

ပြန်လည်မွေးဖွားခြင်း အောင်မြင်ရန်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေနည်းသော်လည်း ကျန်းယောင်သည် မိမိတို့မိသားစု၏ အကြီးအကဲများထံမှ အမှန်တကယ် ထိပ်တန်းအင်အားကြီးများမှာ ပြန်လည်မွေးဖွားခြင်း၌ အောင်မြင်ရန် ဖြစ်နိုင်ခြေ အလွန်များကြောင်း ကြားသိထားသည်။ သူတို့သည် ပြန်လည်မွေးဖွားခြင်း မပြုလုပ်မီကပင် အသေးစိတ် ပြင်ဆင်မှုများကို လုပ်ဆောင်ထားကြသည်။ တိကျသော အကြောင်းရင်းများကို ကျန်းယောင် မသိရှိသော်လည်း ဤအခြေအနေမျိုးတွင်ပင် ကျန်းမိသားစုသည် မည်သို့မျှ လျော့တွက်၍ မရပေ။ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုအတွက် ရေရှည်တည်တံ့ခိုင်မြဲစေရန် ကြိုတင်ပြင်ဆင်ခြင်းမှာ အလွန်ပင် အရေးကြီးလှသည်။

ပါရမီရှင်များကို ရှာဖွေပြီး ဆွဲဆောင်ခြင်းသည်လည်း ကျန်းမိသားစု၏ လူငယ်မျိုးဆက်များအား ပေးအပ်ထားသည့် တာဝန်တစ်ခု ဖြစ်ပြီး လိုအပ်ပါက အမြင့်ဆုံးသော ဆက်ဆံမှုမျိုးဖြင့် ဆွဲဆောင်ရမည်ဖြစ်သည်။

ကျန်းယောင်၏ အမြင်တွင် စူးချန်ခုန်းမှာ အမြင့်ဆုံးသော ဆက်ဆံမှုမျိုးကို ရရှိရန် အရည်အချင်း ပြည့်မီနေသဖြင့် ဧည့်သည်တော် အကြီးအကဲ ရာထူးနှင့် ဂုဏ်ပုဒ်ကို ပေးအပ်ရန် ကတိပေးခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်းမှာလည်း မျှော်လင့်ထားသည့်အတိုင်း သဘောတူခဲ့ပြီး အခြား မည်သည့် ရှေးဟောင်းမိသားစု သို့မဟုတ် ဂိုဏ်းကြီးများကမျှ ဤမျှ ကောင်းမွန်သော ကမ်းလှမ်းချက်ကို ပေးနိုင်မည် မဟုတ်ပေ။

ထို့နောက် ကျန်းယောင်က စူးချန်ခုန်းကို ပြောလိုက်သည်။ "ညီလေးစူး၊ ဒီကိစ္စကို အစ်ကိုတို့ မိသားစုအတွင်း အတည်ပြုချက်ရယူဖို့ အကြီးအကဲတွေကို တင်ပြရဦးမယ်... ဒါပေမဲ့ စိတ်မပူပါနဲ့။ အတည်ပြုပေးဖို့ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ အဲဒီအခါ ညီလေးက အစ်ကိုတို့ ကျန်းမိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာမှာပါ။"

စူးချန်ခုန်း ခေါင်းညိတ်လိုက်သည်။ ကျန်းမိသားစုသို့ ဧည့်သည်တော် အကြီးအကဲတစ်ဦး တိုးမြှင့်ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်သဖြင့် ကျန်းယောင် တစ်ဦးတည်း ဆုံးဖြတ်၍ မရနိုင်ပေ။ မိသားစုအတွင်းမှ အတည်ပြုချက် လိုအပ်သည်။

သို့သော် ကျန်းယောင်၏ ခန့်မှန်းချက်အရ ကျန်းမိသားစုတွင် ပါရမီရှင်များ အထူးလိုအပ်နေခြင်း၊ နှစ်တစ်ရာမပြည့်သေးဘဲ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ဝင်ရောက်ကာ မူလဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည့် သိုင်းပညာရှင်တစ်ဦးကို ဆွဲဆောင်ရန် များစွာ ကြိုးစားအားထုတ်ရမည်ဖြစ်သဖြင့် ဧည့်သည်တော် အကြီးအကဲနေရာကို အလွယ်တကူ ရရှိလိမ့်မည်ဟု ယူဆသည်။

"ပြီး‌တော့ ညီလေးစူး၊ တခြား တောင်းဆိုစရာတွေ ရှိသေးရင်လည်း လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်" ဟု ကျန်းယောင်က ဆိုသည်။ စူးချန်ခုန်း စိတ်လှုပ်ရှားသွားသည်။ သူသည် ကျန်းယောင်နှင့် ယဉ်ကျေးနေရန် မလိုဘဲ ကျန်းမိသားစု၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့ခြင်းမှာ သူ၏ အကြီးဆုံး ရည်မှန်းချက်က ကျန်းမိသားစု၏ ပံ့ပိုးမှုဖြင့် မိမိ၏ စွမ်းရည်များကို မြှင့်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။

ချက်ချင်းပင် စူးချန်ခုန်းက ပြောလိုက်သည်။ "တကယ်တော့ တောင်းဆိုစရာ အချို့ ရှိပါတယ်။ ကျွန်တော်က သမင်၊ ဝက်ဝံ၊ မျောက်ဝံနဲ့ ငှက် သားရဲစစ်လေးမျိုးနဲ့ ပတ်သက်တဲ့ ရတနာတွေကို လိုချင်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီ သားရဲစစ်တွေရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ် ဒာမှမဟုတ် စွဲလမ်းမှု ပါတဲ့ အရာတွေကို ပိုပြီး လိုချင်ပါတယ်"

စူးချန်ခုန်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော ရတနာများသည် သူကိုယ်တိုင် ရှာဖွေပါက အချိန်နှင့် အားထုတ်မှုများစွာ ကုန်ကျလိမ့်မည်။ သို့သော် ကျန်းမိသားစုအတွက်မူ ၎င်းတို့ကို ရှာဖွေပေးခြင်းမှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

"ရတာပေါ့.. ညီလေးစူး။ ခဏလောက်တော့ စောင့်ပေးပါ။ သုံးလအတွင်းမှာ ရလဒ်ထွက်လာပါလိမ့်မယ်" ကျန်းယောင်က ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ ကျန်းယောင်နှင့် ဆွေးနွေးပြီးနောက် စူးချန်ခုန်းသည် နှုတ်ဆက်ပြီး လွင့်မျောတိမ်တိုက် ဂူအိမ်တော်သို့ ပြန်သွားခဲ့သည်။ ကျန်းယောင်၏ စကားအရ သုံးလအတွင်း ရလဒ်ထွက်လာမည်ဖြစ်ရာ စူးချန်ခုန်းမှာ စိတ်ရှည်စွာ စောင့်ဆိုင်းရုံသာ ရှိတော့သည်။

"မထင်ထားဘူး... ငါ မူလဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်တာကို မြင်ပြီးတော့ ကျန်းယောင်က ငါ့ကို ကျန်းမိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲ ဖြစ်ဖို့ တိုက်ရိုက် ဖိတ်ခေါ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

လွင့်မျောတိမ်တိုက် ဂူအိမ်တော်သို့ ပြန်ရောက်သောအခါ စူးချန်ခုန်း အံ့အားသင့်နေမိသည်။ စူးချန်ခုန်းသည် ပြန်လည်မွေးဖွားလာသူ မဟုတ်သောကြောင့်လည်း တစ်ချက်အပါအဝင်ဖြစ်သည်။ ယေဘုယျအားဖြင့် ပြန်လည်မွေးဖွားလာသူများသည် ယခင်ဘဝက ထင်ရှားသူများ ဖြစ်ကြပြီး အင်အားကြီးသောအဖွဲ့အစည်းများတွင် ပါဝင်ကြသဖြင့် ဆွဲဆောင်ရန် ခက်ခဲသည်။

စူးချန်ခုန်း စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ရာ နှစ်လတောင် ကုန်ဆုံးသွားလေ၏။

"ဆရာစူး တောင်သခင်က ဆရာ့ကို ခေါ်ခိုင်းလိုက်ပါတယ်" ကျန်းယောင်လက်အောက်တွင် အလုပ်လုပ်သော လျိုမျိုးရိုး အဖိုးအို တစ်ဦးက စူးချန်ခုန်းကို လာရောက် ပြောကြားသည်။ စူးချန်ခုန်းသည်လည်း အဖြေထွက်လာပြီဟု နားလည်လိုက်သည်။ ကျန်းယောင်ကို တွေ့ဆုံရာတွင် ကျန်းယောင်၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်၍ စူးချန်ခုန်း နားလည်လိုက်သည်။

"ညီလေးစူး၊ အစ်ကို မင်းအကြောင်းကို မိသားစုကို အစီရင်ခံခဲ့ပြီးပြီ။ အကြီးအကဲ ကောင်စီရဲ့ အတည်ပြုချက်အရ ကျန်းမိသားစုက မင်းကို ဧည့်သည်တော် အကြီးအကဲ အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီ" ဟု ကျန်းယောင်က ပြောပြသည်။ စူးချန်ခုန်းလည်း ဝမ်းသာသွားသည်။

ကျန်းယောင်က သူ့ရတနာသိုလှောင်ရာထဲမှ ကျမ်းလိပ်တစ်ခုကို ထုတ်ယူပြီး "ညီလေးစူး ဒါက မဟာနတ်ဘုရား တောင်တန်း သွေးသစ္စာ ကျမ်းစာပဲ။ ဒါဟာ ကျန်းမိသားစုနဲ့ မင်းကြားက သဘောတူညီချက် ဖြစ်တယ်။ ကျေးဇူးပြု၍ အတည်ပြုပြီး သွေးနဲ့ လက်မှတ်ထိုးပေးပါ" ဟု ပြောသည်။

All Chapters