အခန်း (၄၄၉-၄၅၀)
Vol. 44 Ch. 449-450
အပိုင်း (၄၄၉)
သားရဲမျိုးနွယ်စုထံသို့ သွားရောက်ခဲ့သော ခရီးစဉ်ကြောင့် အဇူရာတိမ်ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ များစွာ မြင့်တက်ခိုင်မာလာခဲ့လေသည်။
ချင်းယွင်ကျိနှင့် အခြားသူများမှာ ဆွံ့အမှင်တက်နေခဲ့ကြသော်ငြား၊ ၎င်းတို့ အလိုအပ်ဆုံးသော အရာများကိုမူ ယူဆောင်သွားခဲ့ကြပေသည်။
"ဆရာဦးလေးတို့... ဦးလေးသုံးရဲ့ ဆေးဖော်စပ်တဲ့ကိစ္စကလွဲရင်၊ ကျန်တဲ့သူတွေတော့ ခရီးတစ်ခေါက်လောက် သွားပေးဖို့ လိုအပ်လိမ့်မယ်"
ကျန်းယန်က အလေးအနက် ပြောလိုက်လေသည်။
"နောက်ထပ် ခြောက်လလောက် ကြာရင် ကျွန်တော်တို့ရဲ့ ပထမဆုံး ငါးနှစ်စီမံကိန်းက ပြီးဆုံးတော့မှာပါ"
"ဒီပထမဆုံး ငါးနှစ်စီမံကိန်းကို အဖွဲ့အစည်း အသီးသီးက ဘယ်လောက်အထိ ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အနှစ်ချုပ် သုံးသပ်ဖို့ လိုအပ်တယ်။ အဲ့အပြင်၊ ဒုတိယမြောက် ငါးနှစ်စီမံကိန်းကိုလည်း ဆက်လက် ရေးဆွဲရလိမ့်မယ်။ ဒါကြောင့် ဆရာဦးလေးတို့ကို တိမ်တောင်အင်ပါယာ၊ ယွင်ထန့်အင်ပါယာနဲ့ မြောက်ပိုင်းဂိုဏ်းမဟာမိတ်တို့ဆီ အသီးသီး သွားရောက်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်"
"ကျန်းချန်းရှန်၊ ဝမ်ပေ့လဲ့၊ လျန့်ယိနဲ့ စစ်ထူမင်ယွဲ့တို့ကို ရှာပြီး သူတို့ရဲ့ သက်ဆိုင်ရာ တာဝန်တွေကို စာရင်းပြုစုခိုင်းပါ။ ပြီးရင် အစီရင်ခံစာတစ်စောင် ရေးသားပြီး ကျွန်တော့်ဆီ့ အပ်ဖို့ ပြောပေးပါ။ ဒီကိစ္စက ခေါက်တုံ့ခေါက်ပြန် အကြိမ်အတော်များများ သွားရနိုင်တဲ့အတွက် ဆရာဦးလေးတို့ရဲ့ အကူအညီကို ကျေးဇူးတင်မိမှာပါ"
"ချင်းယွင်မြို့တော်အတွက်တော့ ညီလေးကျင်းနဲ့ ကျွန်တော်ကိုယ်တိုင် သွားရောက် ဆွေးနွေးပါ့မယ်။ ကျွန်တော်က ချင်းယွင်မြို့တော်ရဲ့ ကိစ္စအရပ်ရပ်ကို တာဝန်ယူ စီမံနေရလို့ အခြားနေရာတွေကို သွားဖို့ အချိန်မရှိဘူး။ ဒါကြောင့် ဆရာဦးလေးတို့ကိုပဲ ဒုက္ခပေးရတော့မှာပါ။ အဲ့ဒါအပြင်၊ နောက်ထပ် ခြောက်လအကြာမှာ နောက်ကျမယ့် ငါးနှစ်စီမံကိန်းကို ဆွေးနွေးဖို့အတွက် ဂိုဏ်းမှာ အစည်းအဝေးလုပ်ရန် အားလုံးကို စုဝေးကြဖို့ အသိပေးလိုက်ပါ"
"ပြဿနာမရှိပါဘူး"
လင်းယွင်ကျိနှင့် အခြားသူများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။
၎င်းတို့သည် ကျင့်ကြံခြင်းအပြင် သင်ခန်းစာပို့ချခြင်းများကိုသာ ပြုလုပ်ကြပေသည်။ ဤဂိုဏ်းရေးရာ ကိစ္စများကို ၎င်းတို့ နားမလည်ကြချေ။ သတင်းစကား ပါးရုံသက်သက်သာဖြစ်ရာ ၎င်းတို့၏ အချိန်များစွာကို ကုန်ဆုံးစေမည် မဟုတ်ပေ။ ထို့နောက်တွင် လင်းယွင်ကျိ၊ တန်ချန်ကျိနှင့် အခြားသူများသည် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြလေသည်။
"ငါ အနည်းငယ် စပ်စုချင်တာက... မင်းရဲ့ လက်ဆောင်က ဘာလဲ"
ချင်းယွင်ကျိသည် ကျန်းယန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ သူတို့၏ လက်ဆောင်များပင် ဤမျှ တန်ဖိုးကြီးမားနေခဲ့ရာ၊ ကျန်းယန်နှင့် ဟူတလီတို့၏ ဆက်ဆံရေးအရ စံချိန်မမီသော အရာတစ်ခုကို ပေးပို့ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ မဟုတ်ပါလော။
ကျန်းယန်က ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော် ဟူတလီကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ထူးခြားတဲ့ သတ္တုရိုင်း အမျိုးမျိုးကို သဘောကျတယ်လို့ ပြောလိုက်တာ... သူက ကျွန်တော့်ကို သတ္တုရိုင်းတွေနဲ့ ပစ္စည်း ဒါဇင်ပေါင်းများစွာ ပေးလိုက်တယ်လေ"
ကျန်းယန်သည် သတ္တုရိုင်း အချို့ကို ထုတ်ယူလိုက်ရာ၊ ၎င်းတို့အပေါ်တွင် ကိန်းအောင်းနေသော မဟာတာအို၏ ဥပဒေသများကို အာရုံခံမိလိုက်သောအခါ ချင်းယွင်ကျိမှာ အံ့သြတကြီး သက်ပြင်းရှိုက်လိုက်မိတော့သည်။
သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်လျှင် ပိုကောင်းမည် ခံစားလိုက်ရလေသည်။ သို့မဟုတ်ပါက တစ်နေ့တွင် သားရဲမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ၎င်းတို့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူတို့သည် သားရဲမျိုးနွယ်စု၏ ရတနာဘဏ္ဍာတိုက်ကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ကြသည်လော။
"အကယ်၍ ဒီသတ္တုရိုင်းတွေနဲ့ ပစ္စည်းတွေမှာပါတဲ့ တာအိုဥပဒေသများကိုသာ အမတသန့်စင်အမွှေးတိုင်အိုးက ချေဖျက်သန့်စင်လိုက်မယ်ဆိုရင်၊ အမတသန့်စင်အမွှေးတိုင်အိုးက အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်လိမ့်မယ်"
ကျန်းယန်က အလေးအနက် ပြောလိုက်လေသည်။
"အဲ့ဒါအပြင် ဆရာ... ကျွန်တော့် ဝိညာဉ်အခြေတည်အဆင့်ရဲ့ တာအိုဝတ်ရုံကို လျင်လျင်မြန်မြန် တိုးတက်စေမယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ထားပါတယ်"
"ကျွန်တော့်ရဲ့ တာအိုဝတ်ရုံကို ပြုပြင်ဖို့အတွက် အခြားသော မဟာတာအိုစွမ်းအားများကို အမတသန့်စင်အမွှေးတိုင်အိုးနဲ့ အလွယ်တကူ သန့်စင်စေနိုင်ပါတယ်"
ချင်းယွင်ကျိက ခေါင်းကို အနည်းငယ် ညိတ်လိုက်လေသည်။
"မဆိုးလှတဲ့ အကြံဉာဏ်ပဲ"
၎င်းမှာ သေချာပေါက် ဖြတ်လမ်းနည်းတစ်ခု ဖြစ်သော်လည်း၊ မဟာတာအို၏ စွမ်းအားကို အသုံးချနိုင်သမျှ ကာလပတ်လုံး သူ့ကို ကောင်းမွန်သော နည်းလမ်းမဟုတ် မည်သူက ပြောနိုင်ပါမည်နည်း။
"ဒါ့အပြင် ဆရာ့အတွက် အကောင်းဆုံး လက်ဆောင်တစ်ခုကိုလည်း ပြင်ဆင်ထားပါတယ်"
ကျန်းယန်သည် အမတသန့်စင်အမွှေးတိုင်အိုးကို အလေးအနက် ထုတ်ယူလိုက်ပြီး၊ ၎င်းအတွင်းရှိ ကောင်းမှုကုသိုလ်စွမ်းအင်များကို ချင်းယွင်ကျိအား ပြသလိုက်လေသည်။
"ဒီကောင်းမှုကုသိုလ်တွေက လောကကြီးအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ပြီးမှသာ ချီးမြှင့်ခံရတာလို့ အဲဒီသားရဲတွေဆီက ကြားခဲ့ရတယ်"
ဤကောင်းမှုကုသိုလ်စွမ်းအင်များသည် ကောင်းကင်နှင့်မြေပြင်က ချီးမြှင့်သော လက်ဆောင်တစ်ခု ဖြစ်ပေသည်။ သူ့ကို အဆင့်တက်လှမ်းခြင်း၊ တာအိုဉာဏ်အလင်းပွင့်ခြင်းနှင့် ကျင့်စဉ်ပညာရပ်များကို နားလည်သဘောပေါက်ခြင်းစသည်တို့အတွက် အသုံးပြုနိုင်ပေသည်။ ချင်းယွင်ကျိအား ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သို့ တက်လှမ်းနိုင်စေရန်အတွက် ဤကောင်းမှုကုသိုလ်များကို သူ၏ဆရာဖြစ်သူထံ ပေးအပ်ရန် ကျန်းယန် ရည်ရွယ်ထားလေသည်။
ဆရာဖြစ်သူက ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သို့ တက်လှမ်းနိုင်မှသာလျှင်၊ အဇူရာတိမ်ဂိုဏ်းသည် အစွမ်းထက်မြက်သော ဝှက်ဖဲတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ရေတွက်မရနိုင်သော အခြားဂိုဏ်းများနှင့် တန်းတူညီမျှ ဆွေးနွေးပြောဆိုနိုင်ခွင့် ရရှိမည် ဖြစ်ပေသည်။
လက်ရှိတွင် အဇူရာတိမ်ဂိုဏ်းသည် မြေအောက်ကမ္ဘာမိစ္ဆာအုပ်စိုးသူ၏ ခြိမ်းခြောက်နိုင်စွမ်းအပေါ်၌ မှီခိုနေရဆဲ ဖြစ်သည်။ မိစ္ဆာကြီး ထွက်ခွာသွားသောအခါ၊ ထိုဟန့်တားနိုင်စွမ်းသည်လည်း သဘာဝကျကျ ပျောက်ကွယ်သွားမည်သာ ဖြစ်ပေသည်။ အဇူရာတိမ်ဂိုဏ်းနှင့် မိစ္ဆာတို့မှာ လုံးဝကို သဟဇာတ မဖြစ်နိုင်ချေ။ မိစ္ဆာများနှင့် ကျင့်ကြံခြင်းလောကသည်လည်း အတူတကွ မယှဉ်တွဲနိုင်ပေ။ ဤဆိုးယုတ်သော အာဏာရှင်ကြီးများသည် အနှေးနှင့်အမြန် ပျောက်ကွယ်သွားကြမည်သာ ဖြစ်လေသည်။ ထို့ကြောင့်ပင် လောကရှိ ရေတွက်မရနိုင်သော ဂိုဏ်းများသည် အဇူရာတိမ်ဂိုဏ်းကို များစွာ အလေးမထားကြခြင်း ဖြစ်ပေသည်။
ချင်းယွင်ကျိသည် သက်ပြင်းရှိုက်လိုက်ကာ၊ ကောင်းမှုကုသိုလ်စွမ်းအင်များကို စိုက်ကြည့်လျက် မေးလိုက်လေသည်။
"ကောင်းမှုကုသိုလ်အကြောင်းကို ငါသိပါတယ်။ အဇူရာတိမ်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဂိုဏ်တည်ထောင်သူအရှင်က စစ်မှန်သော အမတအဆင့်ကို ရောက်ရှိချိန်မှာ ကုသိုလ်စွမ်းအင် တစ်စု ရရှိခဲ့ဖူးတယ်လေ"
ထို့ကြောင့်ပင် ဘိုးဘေးကြီးသည် ကောင်းမှုကုသိုလ်နှင့် ပတ်သက်သော မှတ်တမ်းများကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။
"မင်း အတိအကျ ဘာလုပ်ခဲ့လို့ ဒီကောင်းမှုကုသိုလ်တွေကို ရလာတာလဲ"
ဤအချက်မှာ သူ အလွန်တရာ သိချင်နေဆုံးသော အရာပင် ဖြစ်လေသည်။
သူသည် နှစ်ပေါင်းများစွာတိုင်အောင် မိစ္ဆာများကို နှိမ်နင်းလာခဲ့သော်လည်း၊ အဘယ်ကြောင့် ကောင်းမှုကုသိုလ် တစ်ခုမျှ မရရှိခဲ့ပါသနည်း။ သူတော်စင်သခင်သည်လည်း နှစ်ပေါင်းများစွာ သွန်သင်ဆုံးမမှုများ ပြုလုပ်လာခဲ့သော်ငြား၊ ကောင်းမှုကုသိုလ်ကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးချေ။ ထို့ကြောင့် ကျန်းယန်က ကုသိုလ်ရစေမည့် အမှုကိစ္စတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သောအခါ၊ ချင်းယွင်ကျိမှာ ဝမ်းသာခြင်းထက် များစွာ ပို၍ အံ့သြမှင်တက်နေခဲ့မိလေသည်။
မင်း အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ
ကျန်းယန်က ရယ်မောလျက် ပြောလိုက်သည်။
"ဆရာ... ကျွန်တော်တို့က ငရဲတံခါးပေါက်ကို ဖွင့်လှစ်ပြီး တစ္ဆေဘုံရဲ့ တမန်တော်တွေကို လွှတ်ပေးခဲ့ကာ လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်လေ။ ဒါကြောင့် ကောင်းကင်နဲ့မြေပြင်က ကျွန်တော်တို့ကို ကောင်းမှုကုသိုလ်တွေနဲ့ ဆုချီးမြှင့်ခဲ့တာပါ"
ထိုစကားကို ကြားသောအခါ ချင်းယွင်ကျိမှာ ဆွံ့အသွားလေတော့သည်။
ငရဲတံခါးပေါက်ကို ဖွင့်လှစ်ခြင်း၊ တစ္ဆေဘုံမှ တမန်တော်များကို လွှတ်ပေးခြင်းနှင့် အခြားဂိုဏ်းများကို ဖျက်ဆီးမွှေနှောက်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ကုသိုလ်ရသည်လော။ ဤအရာ၏ နောက်ကွယ်ရှိ ယုတ္တိတရားမှာ အဘယ်နည်း။
ဤကိစ္စက ချင်းယွင်ကျိအား အတန်ကြာ တွေဝေမှင်တက်သွားစေခဲ့ပြီးနောက်မှ သတိပြန်ဝင်လာကာ နက်ရှိုင်းသော ခံစားချက်ဖြင့် ပြောလိုက်လေသည်။
"ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး"
ဤတပည့်ဖြစ်သူသည် ပျောက်ကွယ်တော့မည့် အဇူရာတိမ်ဂိုဏ်းကို လက်ရှိ အမြင့်မားဆုံး အနေအထားဆီသို့ ပို့ဆောင်ပေးခဲ့ပြီး၊ သူ့အား စစ်မှန်သော အမတတစ်ဦး ဖြစ်လာစေမည့် လမ်းကြောင်းပေါ်သို့ပင် တွန်းတင်ပေးနေလေသည်... ဆရာတစ်ဦးအနေဖြင့် သူ အနည်းငယ် ရှက်ရွံ့မိသလို ခံစားလိုက်ရပေသည်။
"ဟားဟား"
ကျန်းယန်က ရယ်မောလျက် ပြောလိုက်သည်။
"ဆရာက ကျွန်တော်တို့ အားလုံးကို ကာကွယ်ပေးနိုင်လောက်တဲ့အထိ အစွမ်းထက်မြက်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ ဒီကစဉ့်ကလျားလောကကြီးထဲမှာ အသက်ရှင်သန်နိုင်မှာ မဟုတ်ဘူးလေ။ ဆရာက တစ္ဆေဧကရာဇ် ဒါမှမဟုတ် အမတဧကရာဇ်တို့လို ပုဂ္ဂိုလ်မျိုးဖြစ်လာပြီး ကျွန်တော့်ကို ကာကွယ်ပေးဖို့ မျှော်လင့်နေတာ။ ဒါကြောင့် ဆရာ့ကို အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးတာက အရေးအကြီးဆုံး ကိစ္စပဲ"
"အကယ်၍ ဆရာက ထပ်ပြီး ငြင်းဆန်နေမယ်ဆိုရင် အရမ်း ဟန်ဆောင်ရာကျလွန်းနေလိမ့်မယ်"
ချင်းယွင်ကျိက ခေါင်းယမ်းလိုက်လေသည်။
"ဒီရက်ရောလှတဲ့ လက်ဆောင်ကြီးကို ငါ လက်ခံပါ့မယ်"
ဤကောင်းမှုကုသိုလ်နှင့် ဤကျောက်တုံးကို အသုံးပြု၍၊ သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်အတွက် အမှန်တကယ် စတင် ပြင်ဆင်နိုင်ပြီ ဖြစ်ပေသည်။
သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ဆီသို့ ဆက်လက် သွားရန် ဖိအားပေး ခံနေခဲ့ရသော်လည်း၊ သူ၏ အခြေခံအုတ်မြစ်မှာ အဆင့်တက်လှမ်းရန် မလုံလောက်ကြောင်းကို သူ သိထားပေသည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်ကို ဖြတ်ကျော် တက်လှမ်း၍ မရနိုင်သောကြောင့် ဖြစ်သည်။ ယခုအခါတွင်မူ သူ ယုံကြည်ချက် ရှိသွားလေပြီ။
တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ချင်းယွင်ကျိက ဆက်ပြောလေသည်။
"တစ်ခုတော့ ရှိတယ်... လျှို့ဝှက်နယ်မြေ ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး"
"ဟင်"
ကျန်းယန်မှာ အံ့သြသွားပြီး အလျင်စလို မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ ဆရာ"
ချင်းယွင်ကျိက အနည်းငယ် လက်မှိုင်ချသော လေသံဖြင့် ပြောလိုက်သည်။
"တကယ်တော့ အရင်က မင်းကို ငါ ရှင်းပြပြီးသားပါ။ အဲဒီ လျှို့ဝှက်နယ်မြေကို ငါ့ရဲ့ မှော်လက်နက်ကနေ ဖန်တီးထားတာလေ။ အဲ့ဒါက ငါ့ရဲ့ မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်နဲ့ မကိုက်ညီဘူးဆိုပေမဲ့၊ အဲ့ဒါက အလွန်အမင်း အားနည်းနေလို့သာ ဖြစ်တယ်။ အခု ငါ့ဆီမှာ ဒီကျောက်တုံးကြီး ရှိနေပြီဆိုတော့၊ သူ့ကို အဲဒီပန်းချီကားထဲ အရည်ပျော်ပြီး ပေါင်းထည့်လိုက်ဖို့ စီစဉ်ထားတယ်။ အဲဒါဆိုရင် ငါ့ရဲ့ မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်နဲ့ ကိုက်ညီသွားလောက်တယ်"
ထိုလျှို့ဝှက်နယ်မြေသည် အမှန်တကယ်တော့ သူ၏ မွေးရာပါ မှော်လက်နက် သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း ၎င်းမှာ သူ၏နောက်ကွယ်ရှိ တာအိုနယ်ပယ်နှင့် မကိုက်ညီသောကြောင့် သူ စွန့်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ သို့ရာတွင် ကျန်းယန် ယူဆောင်လာခဲ့သော ပစ္စည်းများသည် လျှို့ဝှက်နယ်မြေကို ပြောင်းလဲစေနိုင်ပြီး သဘာဝအရ ကွဲပြားခြားနားသွားစေနိုင်ပေသည်။
ကျန်းယန်က ပြုံးလျက် ပြောလိုက်သည်။
"ကြီးကျယ်တဲ့ ကိစ္စတစ်ခုများလားလို့... အဲ့ဒါက လျှို့ဝှက်နယ်မြေ အတုတစ်ခု ဖြစ်နေမှတော့၊ သူ့ကို ဆက်လက် ထိန်းသိမ်းထားဖို့ သိပ်ပြီး မလိုအပ်တော့ပါဘူး။ ဂိုဏ်းက တပည့်တွေအတွက် လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်လာရုံပေါ့။ ဒါနဲ့... အဲဒီ သက်တံ့ငါးတွေကိုတော့ အလဟဿ မဖြစ်စေနိုင်ဘူး ဆရာ။ သူတို့ကို ထားဖို့ နေရာတစ်ခုလောက် ရှာပေးပါလား။ ဒါကလည်း ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်း အခြေခံအုတ်မြစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မဖြစ်မနေ ထိန်းသိမ်းထားရပါလိမ့်မယ်"
"သေချာပေါက်ပေါ့"
ချင်းယွင်ကျိက ခေါင်းညိတ်လိုက်လေသည်။
"လာခဲ့... အဲဒီ မှော်လက်နက်ကို သန့်စင်ဖို့ ငါ့နောက်လိုက်ခဲ့။ အဲ့ဒါက မင်းကို ဉာဏ်အလင်းပွင့်မှု တချို့ ပေးနိုင်လိမ့်မယ်"
အပိုင်း (၄၅၀)
ချင်းယွင်ကျိသည် ကျန်းယန်အား အဇူရာတိမ်ဂိုဏ်း၏ နောက်ဘက်တောင်ဆီသို့ ခေါ်ဆောင်သွားလေသည်။
နောက်ဘက်တောင်သို့ ရောက်ရှိသောအခါ၊ ချင်းယွင်ကျိက စိတ်အာရုံတစ်ခုကို စေလွှတ်လိုက်ရာ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများ လှုပ်ခတ်တက်လာပြီး အနောက်ဘက်တောင်၏ လောကအတွင်းမှ ပန်းချီလိပ်တစ်ခုကို ဖြည်းညင်းစွာ ထုတ်ဖော်ပြသလိုက်လေသည်။
"ဒါက ငါ့မှော်လက်နက်ရဲ့ စစ်မှန်တဲ့ ပုံသဏ္ဌာန်ပဲ"
ချင်းယွင်ကျိသည် ပန်းချီလိပ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။
"သူ့ကို သန့်စင်ဖန်တီးဖို့အတွက် ငါ့ရဲ့ နှစ်ရာချီတဲ့ ပြင်းထန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ရေတွက်မရနိုင်တဲ့ အဆင့်မြင့် ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံခဲ့ရတယ်"
ချင်းယွင်ကျိသည် ထိုပန်းချီလိပ်ကို ကျန်းယန်အား ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်လေသည်။ ထိုပန်းချီလိပ်သည် မိစ္ဆာကို မဟန့်တားနိုင်ခဲ့သော်ငြား၊ ယင်းမှာ သူ၏ အပြောင်မြောက်ဆုံးသော လက်ရာမွန်တစ်ခု ဖြစ်နေဆဲပင်။ ဤပန်းချီကားချပ်ထဲတွင် သူ၏ အစီအရင်များ အဆောင်လက်ဖွဲ့များ လက်နက်သန့်စင်ခြင်းများနှင့် မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုများ ပါဝင်နေပြီး၊ ထိုအရာများကို အခြေခံ၍ ဤပန်းချီကားချပ်ကို ဖန်တီးထားခြင်း ဖြစ်ပေသည်။
သူသည် လက်နက်သန့်စင်ခြင်းတွင် ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း၊ ဤပန်းချီကားချပ်သည် သူ၏ လက်နက်သန့်စင်ခြင်း စွမ်းရည်အဆင့်အတန်းကို ကိုယ်စားပြုနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မူလရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ပန်းချီကားချပ်ထဲရှိ ရှုခင်းများ၊ သက်တံ့ငါးများ ကူးခတ်နေသော ဝိညာဉ်ရေကန်နှင့် ပန်းချီကားချပ်ထဲရှိ သားရဲအမျိုးမျိုးကို ကြည့်ကာ ကျန်းယန်မှာ အလွန်အမင်း တုန်လှုပ်အံ့သြသွားမိလေသည်။ "တောင်တန်းနှင့်မြစ်များမြေပုံ" ခေါ်ဆိုသော ဒဏ္ဍာရီလာ မှော်လက်နက်တစ်ခုအကြောင်းကို သူ ကြားဖူးခဲ့ပေသည်။ ဤပန်းချီကားချပ်သည် ဒဏ္ဍာရီလာ "တောင်တန်းနှင့်မြစ်များမြေပုံ" လောက် ခမ်းနားကြီးကျယ်ခြင်း မရှိသော်ငြား၊ အကျိုးသက်ရောက်မှုမှာကား နီးပါးမျှ တူညီနေလေသည်...
သေချာပေါက်ပင်၊ ဒဏ္ဍာရီလာ "တောင်တန်းနှင့်မြစ်များမြေပုံ" သည် သူ့ကိုယ်တိုင်က သီးခြားလောကတစ်ခု ဖြစ်ပေသည်။ သူတို့ရှေ့ရှိ ပန်းချီကားချပ်ထဲမှ ရှုခင်းများမှာမူ ပြင်ပမှ ရွှေ့ပြောင်းထည့်သွင်းထားခြင်း ဖြစ်လေသည်။
"အခြားသော တောင်တွေနဲ့ မြစ်တွေကိုတော့ ငါ မထိတော့ဘူး"
ချင်းယွင်ကျိက ပြုံးလျက် ပြောလိုက်သည်။
"အဲဒီတောင်တွေနဲ့ မြစ်တွေကို ဒီပန်းချီကားချပ်ထဲက ရှုခင်းတွေအဖြစ်ပဲ ထားလိုက်ကြစို့။ ဒါပေမဲ့ ဒီဝိညာဉ်ရေကန်ကိုတော့ မင်းအတွက် အပြင်ဘက်ကို ထုတ်ပေးမယ်။ ငါ ပန်းချီလိပ်ကို ပြုပြင်ဖန်တီးနေတဲ့အချိန်မှာ သက်တံ့ငါးတွေ အားလုံး သေမသွားစေဖို့အတွက်ပေါ့"
စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူသည် ပန်းချီလိပ်အတွင်းသို့ လက်လှမ်းထည့်ကာ ဝိညာဉ်ရေကန်ကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက်တွင် ဝိညာဉ်ရေကန်သည် တောင်နောက်ဘက်ရှိ တောင်ကြားချောက်ထဲသို့ သက်ဆင်းသွားလေသည်။
ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများ ဟိန်းဟောက်မြည်ဟည်းသွားမှုနှင့်အတူ ဝိညာဉ်ရေကန်သည် တည်ငြိမ်စွာ နေရာယူသွားပြီး တောင်ကြားချောက်၏ အရပ်လေးမျက်နှာရှိ နေရာလွတ်များကို ဖယ်ရှားတွန်းထုတ်ပစ်လိုက်လေသည်။ အကျယ်အဝန်းအားဖြင့် ပေအရာအနည်းငယ်ရှိသော ရေကန်တစ်ကန်သည် အနောက်ဘက်တောင်၌ ထွက်ပေါ်လာခဲ့ချေပြီ။
အရောင်အသွေး စုံလင်လှသော သက်တံ့ငါးများသည် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများ ပြောင်းလဲသွားမှုကို အာရုံခံမိပုံရကာ တစ်ကောင်ပြီးတစ်ကောင် ရေပြင်ထက်သို့ တက်လာကြလေသည်။ ရေတွက်မရနိုင်သော သက်တံ့ငါးများ ရေပြင်ပေါ်သို့ ရောက်ရှိလာပြီး ရေကန်ဘေးတွင် ရပ်နေသော ကျန်းယန်အား မြင်လိုက်ရသောအခါ သက်တံ့ငါးများ အားလုံးသည် ရေအောက်ခြေဆီသို့ ချက်ချင်း ပြန်လည်မြုပ်ဆင်းသွားကြပြီး တစ်ကောင်တစ်လေမျှ ပျောက်ကွယ်သွားခြင်း မရှိချေ။
ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းယန်မှာ ဆွံ့အသွားမိလေသည်။ သူ ငါးဖမ်းခဲ့သည်မှာ အကြိမ်အနည်းငယ်မျှသာ ရှိသေးပြီး၊ သူတို့ကို ဖမ်းဆီးရန် မည်သည့် အင်အားကိုမျှ အသုံးမပြုခဲ့ချေ။ ဤသက်တံ့ငါးများက အဘယ်ကြောင့် သူ့အား ဤမျှလောက်အထိ ကြောက်ရွံ့နေကြရပါသနည်း။
"ဒီသက်တံ့ငါးတွေက သာမန်ငါးတွေ မဟုတ်ဘူးကွ။ သူတို့ထဲက တချို့ဆိုရင် ဝိညာဉ်အခြေတည်အဆင့်ကိုတောင် ကျော်လွန်နိုင်လောက်တဲ့အထိ အစွမ်းထက်မြက်ကြတယ်"
ချင်းယွင်ကျိက သတိပေးစကား ဆိုလိုက်လေသည်။
"နောင်တစ်ချိန် သူတို့ကို ရင်ဆိုင်ရတဲ့အခါ သတိထားပါ။ အဇူရာတိမ်ဂိုဏ်းက တပည့်တွေ ဒီနေရာကို ရောက်လာခဲ့ရင် ဒီငါးတွေ စားပစ်တာကို မခံရစေဖို့အတွက် ဒီအနီးတစ်ဝိုက်မှာ တားမြစ်အစီအရင် တချို့ကို ငါ ချထားလိုက်မယ်"
ထို့နောက်မှသာလျှင် သူသည် ကျန်းယန်အား အဇူရာတိမ်တောင်ထွတ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားလေတော့သည်။
အဇူရာတိမ်တောင်ထွတ်သို့ ပြန်ရောက်သောအခါ သူသည် လက်တစ်ဖက်တွင် ပန်းချီကားချပ်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် အလွန်အမင်း လေးလံလှသော ကျောက်တုံးကြီးကို ကိုင်ဆောင်ထားကာ အလွန် အလေးအနက်ရှိသော မျက်နှာအမူအရာဖြင့် ထိုကျောက်တုံးကို ပန်းချီကားချပ်ထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ်ထည့်သွင်းလိုက်လေသည်။
ကျောက်တုံးမှာ ပန်းချီကားချပ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်နှင့်အမျှ ကျန်းယန်သည် ပန်းချီကားချပ်ပေါ်တွင် ကြွေထည်တစ်ခု ကွဲအက်သွားသကဲ့သို့ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး ၎င်းမှာ အချိန်မရွေး ပြိုကွဲတော့မည့်အလား ပုံပေါက်နေလေသည်။
ကျန်းယန်မှာ အံ့သြသွားခဲ့သော်ငြား သူ၏ဆရာဖြစ်သူအား အနှောင့်အယှက် မပေးခဲ့ချေ။ သူသည် ဘေးဘက်မှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာနေခဲ့ပြီး ဖြစ်စဉ်ထဲတွင် ပါဝင်နေသော မဟာတာအို၏ သဘောတရား အသီးသီးကို နားလည်နိုင်ရန် ကြိုးစားနေခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ချင်းယွင်ကျိမှာ သူ၏ အာရုံစူးစိုက်မှု အားလုံးကို ပန်းချီကားချပ်ထက်၌သာ နှစ်မြှုပ်ထားရသဖြင့် ကျန်းယန်အား ရှင်းပြနေရန် အချိန်မရှိခဲ့ပေ။
ဤပန်းချီကားချပ်သည် ယခင်ကတည်းက နီးပါးမျှ ပြီးပြည့်စုံနေခဲ့ပြီး ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုရှုခင်းများကို ထည့်သွင်းထားရန် သက်ရှိများကို သိမ်းဆည်းထားရန်နှင့် ပန်းချီကားချပ်များကို ရှုခင်းများထဲသို့ ပေါင်းစပ်ရန်ဆိုသည်မှာ လုံးဝ ဖြစ်နိုင်မည် မဟုတ်ချေ။ ရှုထောင့်တစ်ခုမှ ကြည့်လျှင် ဤပန်းချီကားချပ်သည် ဝိညာဉ်တစ်ခု ကင်းမဲ့နေခြင်းမှလွဲ၍ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
မူလက ပြီးပြည့်စုံနေပုံရသော မှော်လက်နက်တစ်ခုကို ယခုအခါတွင် မဟာတာအို၏ အနှစ်သာရများ ကိန်းအောင်းနေသည့် အခြားသော ပစ္စည်းတစ်ခုအတွင်းသို့ အတင်းအဓမ္မ ပေါင်းစပ်ထည့်သွင်းရမည် ဖြစ်ရာ ၎င်းမှာ လောကနှစ်ခုကို ပေါင်းစည်းလိုက်ခြင်းနှင့် အနည်းငယ်မျှ ကွာခြားခြင်း မရှိပေ။ ဤလောကနှစ်ခု၏ ပေါင်းစည်းခြင်းကို သတိကြီးစွာထား၍ မကိုင်တွယ်နိုင်ပါက လောကနှစ်ခုလုံး ပျက်စီးသွားသည့် အခြေအနေဆီသို့ အလွယ်တကူ ဦးတည်သွားစေနိုင်ပေသည်။
ထို့ကြောင့်ပင် ချင်းယွင်ကျိသည် အာရုံနောက်ခံရခြင်း လုံးဝ မရှိခဲ့ပေ။ သေချာပေါက်ပင် ပန်းချီကားချပ်နှင့် ကျောက်တုံးတို့ ပေါင်းစည်းသွားသောအခါ ၎င်းတို့အကြားရှိ ပွတ်တိုက်တိုက်ခိုက်မှုနှင့် တာအိုသဘောတရားများ၏ ပဲ့တင်ထပ်လှုပ်ခတ်မှုတို့သည် ကောင်းကင်နှင့်မြေပြင်၏ နက်နဲလှသော လျှို့ဝှက်ချက်များကိုလည်း ထုတ်ဖော်ပြသပေးမည် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင် ချင်းယွင်ကျိက ကျန်းယန်အား ဘေးဘက်မှနေ၍ စောင့်ကြည့်စေခဲ့ခြင်း ဖြစ်လေသည်။
ကျန်းယန်သည် ဘေးဘက်မှနေ၍ အာရုံစိုက် ကြည့်ရှုနေခဲ့သော်လည်း ပန်းချီလိပ်ကို ပြုပြင်ဖန်တီးခြင်းမှာ သူ စိတ်ကူးထားခဲ့သည်ထက် များစွာ ပို၍ ခက်ခဲနေကြောင်း တွေ့ရှိလိုက်ရပေသည်။ ထိုကျောက်တုံးကြီးသည် အလွန်အမင်း မာကျောပြီး လေးလံလှပေသည်။ ပန်းချီကားချပ်အနေဖြင့် အချိန်တိုအတွင်း သူ့ကို မြိုချပစ်လိုက်ရန်ဆိုသည်မှာ ရိုးရှင်းစွာပင် မလွယ်ကူလှချေ။ ၎င်းမှာ အလွန်အမင်း ခက်ခဲလွန်းလှပေသည်။
ကျောက်တုံးနှင့် ပန်းချီကားချပ်ကို ပေါင်းစပ်ရန် ခက်ခဲနေကြောင်း သဘောပေါက်လိုက်သောအခါ ချင်းယွင်ကျိက မျက်မှောင်ကြုတ်လိုက်လေသည်။
သူသည် ကျောက်တုံးနှင့် ပန်းချီကားချပ်၏ ပေါင်းစည်းမှုကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ချေ။ အကယ်၍ ယခုအချိန်တွင် လက်လျှော့လိုက်ပါက ဤတန်ဖိုးကြီးမားလှသော ရတနာနှစ်ခုလုံး ဖျက်ဆီးခံရပေလိမ့်မည်။
၎င်းမှာ သူ၏ ကိုယ်ပိုင် တာအိုဉာဏ်အလင်းပွင့်ခြင်း လမ်းစဉ်နှင့် မသက်ဆိုင်သော်ငြား ဤယှဉ်ပြိုင်နှိုင်းယှဉ်၍ မရနိုင်လောက်အောင် တန်ဖိုးကြီးမားလှသော ရတနာနှစ်ခုကို ဆုံးရှုံးရမည်ကိုမူ သူ များစွာ နှမြောတသနေမိဆဲ ဖြစ်သည်။
အချိန်အတော်ကြာ တွေဝေစဉ်းစားပြီးနောက် ချင်းယွင်ကျိသည် သူ၏ တာအိုနယ်ပယ်ကို ဖြန့်ကြက်ထုတ်လွှတ်လိုက်ကာ ပန်းချီကားချပ်ကို ရစ်ပတ်ဖုံးလွှမ်းလိုက်လေသည်။ တစ်ခဏချင်းအတွင်းမှာပင် ပန်းချီလိပ်ပေါ်တွင် မိစ္ဆာဆယ်ကောင်၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်လည်း ထိုမိစ္ဆာဆယ်ကောင်၏ ပုံသဏ္ဌာန်များမှာ အသက်ဝင်လွန်းလှပေသည်။
ထိုမိစ္ဆာဆယ်ကောင်သည် ထိတ်လန့်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး ပန်းချီလိပ်မှ ကျောက်တုံးကို မြိုချနိုင်ရန် ကူညီပေးသည့်အနေဖြင့် ထူးခြားလှသော သိုင်းပညာရပ် အမျိုးမျိုးကို အသုံးပြုလိုက်ကြလေသည်။ ချင်းယွင်ကျိ၏ တာအိုနယ်ပယ် လွှမ်းမိုးမှု မိစ္ဆာဆယ်ကောင်၏ ကြိုးပမ်းအားထုတ်မှုနှင့် မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်၏ ဖိနှိပ်မှုတို့အောက်တွင် ကျောက်တုံးမှာ ပန်းချီကားချပ်ထဲသို့ ဖြည်းညင်းစွာ အရည်ပျော် ဝင်ရောက်သွားလေတော့သည်။
သို့သော်လည်း ကျောက်တုံးမှာ ပန်းချီကားချပ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသောအခါ ချင်းယွင်ကျိသည် ထိတ်လန့်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို တွေ့ရှိလိုက်ရပေသည်။ သူ၏ တာအိုနယ်ပယ်သည် ပန်းချီကားချပ်နှင့် အမှန်တကယ် ပေါင်းစပ်သွားခဲ့လေပြီ။
ပန်းချီလိပ်အတွင်း၌ တာအိုနယ်ပယ်များ ပေါင်းစည်းသွားမှုကြောင့် အံ့သြဖွယ်ကောင်းသော တုံ့ပြန်မှုများ စတင် ထွက်ပေါ်လာခဲ့ပေသည်။ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသ အသီးသီးသည် သူ၏ မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ်နှင့် တစ်စထက်တစ်စ ပိုမို ပေါင်းစည်းလာနေပြီး ဆန့်ကျင်ဘက်အနေဖြင့် ပြင်ပလောကရှိ ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများနှင့်မူ သဟဇာတ မဖြစ်တော့ချေ။
သူ ဖန်တီးပုံဖော်ထားသော မိစ္ဆာဆယ်ကောင်သည် ပန်းချီကားချပ်ထဲသို့ ပေါင်းစပ်သွားပုံရကာ ၎င်းအတွင်းရှိ ထူးခြားလှသော ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများနှင့် တစ်စထက်တစ်စ ပိုမို လိုက်ဖက်ညီထွေ ဖြစ်လာခဲ့လေသည်။ ထိုမိစ္ဆာများသည် ပန်းချီကားချပ်ထဲတွင် ဖော်ပြထားသော ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများနှင့် တစ်စထက်တစ်စ ကိုက်ညီလာသည်နှင့်အမျှ ၎င်းတို့၏ စွမ်းအားနှင့် လွှမ်းမိုးနိုင်စွမ်းတို့မှာလည်း တည်ငြိမ်စွာ မြင့်တက်လာခဲ့ပေသည်။ ထိုမိစ္ဆာများထဲမှ မည်သည့် တစ်ယောက်၏ စွမ်းအားမဆို ကျိုးကျွင်းချန်ကဲ့သို့သော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားထက်ပင် ကျော်လွန်နေခဲ့ရာ သူတို့ကို အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းနေစေတော့သည်။
ချင်းယွင်ကျိက မျက်မှောင်ကြုတ်လိုက်လေသည်။ သူသည် သူ၏ မွေးရာပါ မှော်လက်နက် တာအိုနယ်ပယ်နှင့် တာအိုတို့တွင် အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်းကို အာရုံခံမိသော်လည်း ဤအပြောင်းအလဲများမှာ ကောင်းမွန်သလား သို့မဟုတ် ဆိုးရွားသလားဆိုသည်ကိုမူ သူ မသိခဲ့ချေ။ သို့သော်လည်း သူ ရပ်တန့်၍ မရနိုင်ခဲ့ပေ။
"ဒီအခြေအနေအထိ ရောက်လာမှတော့ အခြား ဘာကိုမှ ဂရုမစိုက်နေနဲ့တော့"
ချင်းယွင်ကျိက ပြတ်သားစွာ ဆိုလိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ရှေ့သို့ ဆက်လက် တက်လှမ်းလိုက်လေသည်။
သူ ကျင့်ကြံခဲ့သော လမ်းစဉ်သည် အခြားသူများ၏ လမ်းစဉ်နှင့် ကွဲပြားခြားနားပေသည်။ ၎င်းမှာ သူကိုယ်တိုင် ရှေ့ဆောင်လမ်းပြအဖြစ် ဖန်တီးခဲ့သော မိစ္ဆာနှိမ်နင်းခြင်းလမ်းစဉ် ဖြစ်သည်။ သူ မတိုင်မီက ဤလောကတွင် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိဖူးချေ။ ထိုသို့ဖြစ်နေမှတော့ သူ၏လမ်းစဉ်သည် အခြားသူများနှင့် လုံးဝ ကွဲပြားနေသဖြင့် သူ၏ နောက်တစ်လှမ်းမှာ မှန်ကန်သလား သို့မဟုတ် မှားယွင်းနေသလားဆိုသည်ကို မည်သူက သေချာပေါက် အတည်ပြုပေးနိုင်ပါမည်နည်း။
သူ့တွင် အခြား ရွေးချယ်စရာမရှိသဖြင့် စမ်းသပ်ကြည့်ရုံသာ ရှိတော့သည်။ သေချာပေါက်ပင် သူသည် မဆင်မခြင် ရမ်းသန်း ဝင်ရောက်သွားခဲ့ခြင်း မဟုတ်ချေ။ သူသည် ကျန်းယန် ပေးအပ်ထားသော ကောင်းမှုကုသိုလ်များကို ထုတ်ယူလိုက်ပြီး သူ့ကို အသုံးပြုရန် ပြင်ဆင်လိုက်လေသည်။
အမှောင်ဖုံးနေသော အဝါရောင် ကောင်းမှုကုသိုလ်များသည် ပေါင်းစည်းနေသော လောကတစ်ခွင်လုံးသို့ ပြန့်ကျဲသွားခဲ့လေသည်။ ချင်းယွင်ကျိ၏ ဆန္ဒအောက်တွင် ကောင်းမှုကုသိုလ်များသည် လောကထဲ၌ ပျော်ဝင် ပျောက်ကွယ်သွားကြလေသည်။ ကောင်းမှုကုသိုလ်များ ပျောက်ကွယ်သွားသောအခါ တစ်လောကလုံး၏ ပေါင်းစည်းမှုမှာ အဆပေါင်းများစွာ ပိုမို မြန်ဆန်သွားပုံရကာ ပြီးပြည့်စုံသော အနေအထားတစ်ခုဖြင့် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့လေတော့သည်။
ထို့နောက်တွင် ပန်းချီလိပ် ပျောက်ကွယ်သွားသည် မိစ္ဆာများ ပျောက်ကွယ်သွားသည် အဲ့ဒါအပြင် အလွန်အမင်း လေးလံလှသော ကျောက်တုံးကြီးလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ ဘေးဘက်မှ စောင့်ကြည့်နေသော ကျန်းယန်မှာ ရင်တဒိတ်ဒိတ် ခုန်လာခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
သူသည် ချင်းယွင်ကျိအား အာရုံစိုက် ကြည့်နေခဲ့ပြီး ချင်းယွင်ကျိ ပြုံးလိုက်သည်ကို မြင်သောအခါ
"ဆရာ... အောင်မြင်သွားပြီလား"
အလျင်စလို မေးလိုက်လေသည်။
"ပြီးသွားပြီ"
ချင်းယွင်ကျိက ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။
"ပန်းချီကားချပ်ကော ဘယ်ရောက်သွားလဲ။ ဆရာရဲ့ တာအိုနယ်ပယ်ကော။ ပြီးတော့ အဲဒီမိစ္ဆာတွေကော ဘယ်မှာလဲ"
ကျန်းယန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"ဒီမှာပဲ ရှိနေတာပေါ့"
ချင်းယွင်ကျိ စကားပြောနေစဉ်မှာပင် ထူးဆန်းသော လောကတစ်ခုသည် သူ၏ ပတ်ပတ်လည်၌ ပွင့်ဟ ထွက်ပေါ်လာခဲ့လေသည်။ မူလက အသက်ဝင်လှသော မိစ္ဆာဆယ်ကောင်မှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့ အားလုံးသည် ချင်းယွင်ကျိ၏ ပုံသဏ္ဌာန်ကို ရယူထားကြလေသည်။
"တာအိုမိတ်ဆွေ"
"တာအိုမိတ်ဆွေ"
ထိုမိစ္ဆာခေါင်းဆောင်ဆယ်ယောက်လုံးသည် ချင်းယွင်ကျိအား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြလေသည်။
ချင်းယွင်ကျိက ပြုံးလျက် ထိုချင်းယွင်ကျိဆယ်ယောက်အား ခေါင်းပြန်ညိတ်ပြလိုက်သည်။
"တာအိုမိတ်ဆွေတို့"
ထိုချင်းယွင်ကျိဆယ်ယောက်သည် ကောင်းကင်ထက်သို့ မော်ကြည့်လိုက်ကြပြီး ချင်းယွင်ကျိအား ပြောလိုက်ကြလေသည်။
"တာအိုမိတ်ဆွေ... ခင်ဗျား ကပ်ဘေးဖြတ်ကျော်ရမယ့် အချိန်ရောက်နေပြီ"