အခန်း (၄၅၅-၄၅၆)
Vol. 44 Ch. 455-456
အပိုင်း (၄၅၅)
"၎င်းမှာ ချင်းယွင်မြို့တော်၏ ခန့်မှန်းခြေ လူဦးရေပင် ဖြစ်ပေသည်။ နောက်ထပ် တစ်ခုကတော့ လန်ကျားပညာသင်ကျောင်းပါ"
ကျန်းကျစ်ချိုးသည် စာရင်းစာအုပ်ငယ်ထဲ၌ ပါဝင်သော အကြောင်းအရာများကို ဆက်လက် အစီရင်ခံလေသည်။
"အစ်ကိုကြီးက ချင်းယွင်မြို့တော်ရဲ့ ပညာရေးကို အလေးထားသင့်တယ်လို့ ပြောခဲ့တဲ့အတွက် လက်ရှိ လန်ကျားပညာသင်ကျောင်းမှာ ကျောင်းသား အယောက် ၂,၇၀၀ ကျော် ရှိနေပါပြီ"
ထို့ကြောင့် ချင်းယွင်မြို့တော်ရှိ ကျောင်းနေအရွယ် ကလေးသူငယ် အားလုံးသည် မဖြစ်မနေ ကျောင်းတက်ကြရပေသည်။
"လန်ကျားပညာသင်ကျောင်းမှာ ကျောင်းအုပ်ကြီး ကုန်းရှန်းက ဆရာအင်အား အရမ်း နည်းလွန်းနေတယ်လို့ ခံစားရလို့ လန်ကျားအထွတ်အမြတ်မြေဆီကနေ နောက်ထပ် ဆရာတစ်စုလောက် ထပ်မံ ပြောင်းရွှေ့ပေးနိုင်မလားလို့ မေးမြန်းထားပါတယ်"
ကျန်းယန်၏ မူလအစီအစဉ်အရ လန်ကျားအထွတ်အမြတ်မြေမှ လူနှစ်ဆယ်ခန့်သာ လန်ကျားပညာသင်ကျောင်းတွင် ကျန်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ဆရာ နှစ်ဆယ်ကျော်မျှဖြင့် ကျောင်းသား နှစ်ထောင်ကျော်အား သင်ကြားပေးရခြင်းမှာ အလွန်အမင်း ပင်ပန်းလှပေသည်။
ကျန်းယန်သည် တစ်ခဏမျှ တွေဝေစဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အစီရင်ခံစာကိုသာ ဆက်ဖတ်ပြပါ။ လန်ကျားပညာသင်ကျောင်း ကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့"
ကျန်းကျစ်ချိုးက ခေါင်းညိတ်လိုက်ပြီး စာမျက်နှာကို လှန်ကာ ဆက်ပြောလေသည်။
"ငါးနှစ်တာ ကာလအတွင်းမှာ ချင်းယွင်ပြတိုက်ကို လာရောက် မှတ်တမ်းတင် ဝင်ရောက်ခဲ့သူ စုစုပေါင်း အရေအတွက်ဟာ သန်းတစ်ရာထက် ကျော်လွန်သွားခဲ့ပါပြီ"
အကြိမ် ၅၀၀ ထက်မက ဝင်ရောက်ခဲ့သူ ၃,၀၀၀ ကျော်ရှိပေသည်။ ၎င်းတို့ထဲမှ အများစုမှာ တစ်ကိုယ်တော် ကျင့်ကြံသူများဖြစ်ကြပြီး အနည်းငယ်မှာ မြို့နယ်မှ သာမန်ပြည်သူများ ဖြစ်ကြသည်။
အကြိမ် ၃၀၀ ထက်မက ဝင်ရောက်ခဲ့သူများမှာမူ များစွာ ပိုမို များပြားလှပေသည်။ ၎င်းတို့ထဲမှ အချို့သည် အဇူရာတိမ် လျှို့ဝှက်နယ်မြေဟောင်းဆီသို့ မကြာခဏ သွားရောက်ခဲ့ကြပြီး စာရင်းအင်း အချက်အလက်များအရ ၎င်းတို့သည် အဇူရာတိမ် လျှို့ဝှက်နယ်မြေဟောင်းအတွက် သီးသန့် လာရောက်ကြခြင်းဖြစ်ကြောင်း မသင်္ကာဖွယ် တွေ့ရှိရပေသည်။
ကျန်းကျစ်ချိုးသည် ကျန်းယန်အား တစ်ချက်ကြည့်လိုက်ရာ ကျန်းယန်ဘက်မှ တားဆီးမည့် အရိပ်အယောင် မတွေ့ရသဖြင့် သူ၏ အစီရင်ခံစာကို ဆက်လက် ဖတ်ပြလေသည်။
"နောက်ဆုံး အစီရင်ခံ တင်ပြမယ့်အရာကတော့ ချင်းယွင်မြို့တော်ရဲ့ ဘဏ္ဍာရေး အခြေအနေပါ"
ပြီးခဲ့သော ငါးနှစ်တာ ကာလအတွင်း ချင်းယွင်မြို့တော်၏ စုစုပေါင်း ဘဏ္ဍာရေးဝင်ငွေမှာ ဝိညာဉ်ကျောက်တုံး သန်း ၅၀၀ ခန့်ရှိပြီး စုစုပေါင်း သုံးစွဲစရိတ်မှာ သန်း ၄၀၀ ကျော်ရှိကာ အဓိကအားဖြင့် ချင်းယွင်မြို့တော်ကို တိုးချဲ့တည်ဆောက်ရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
လက်ရှိတွင် ချင်းယွင်မြို့တော်၌ ဘဏ္ဍာရေး ပိုလျှံငွေ သန်း ၅၀ ခန့် ရှိနေပေသည်။ သို့သော်လည်း ချင်းယွင်မြို့တော်အနေဖြင့် လောလောဆယ်တွင် ထပ်မံ တိုးချဲ့ရန် မလိုအပ်တော့ချေ။ လက်ရှိ အဓိက ဦးတည်ချက်မှာ မြို့တော်၏ အခြေခံ အဆောက်အအုံများကို ပိုမို ကောင်းမွန်စေရန်ဖြစ်ပြီး ကုန်ကျစရိတ် များစွာ ထပ်မံ ရှိတော့မည် မဟုတ်ပေ။
ကျန်းကျစ်ချိုးသည် သူ၏ အစီရင်ခံစာကို ဖတ်ပြပြီးနောက် အောက်သို့ ထိုင်လိုက်လေသည်။ သူသည် ချင်းယွင် စာအုပ်ထုတ်ဝေရေးနှင့် ချင်းယွင် ခရီးသွားလုပ်ငန်း စသည့် စီမံကိန်းများအကြောင်းကို သီးခြားခွဲ၍ အစီရင်ခံ တင်ပြခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများ အားလုံးသည် ခြုံငုံဘဏ္ဍာရေး စာရင်းထဲတွင် အပြည့်အဝ ပါဝင် ထင်ဟပ်နေပြီးဖြစ်သောကြောင့်ပင်။
ချင်းယွင်ဧည့်ခံဂေဟာနှင့် ပတ်သက်၍မူ ၎င်းမှာ သူ၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိခဲ့ပေ။ ၎င်းသည် အထက်နှင့် အောက် အဇူရာတိမ်ဂိုဏ်းတို့၏ ဝင်ပေါက်ဖြစ်ပြီး ဧည့်သည်များကို လက်ခံတွေ့ဆုံရန်အတွက် ချွန်းရှောင်က တာဝန်ယူထားခဲ့ခြင်း ဖြစ်လေသည်။
ကျန်းယန်သည် ချင်းရှုအား ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်လေသည်။
"မင်းဘက်ကကော အနှစ်ချုပ် တင်ပြစရာ တစ်ခုခု ရှိသေးလား"
ချင်းရှုမှာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ပြန်ဖြေလေသည်။
"ကျွန်တော်က ဝိညာဉ်အခြေတည်အဆင့်ကို အခုလေးတင်မှ တက်လှမ်းနိုင်ခဲ့တာပါ ပြီးတော့ မှော်ရတနာတွေကို သုတေသနပြုလုပ်ဖို့ တာဝန်ယူထားရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အနှစ်ချုပ် တင်ပြစရာ ဘာမှမရှိဘူး မဟုတ်လား"
"ကောင်းပြီလေ"
ကျန်းယန်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်းရှန်နှင့် အခြားသူများအား ကြည့်ကာ ဆိုလေသည်။
"နောက်ထပ် မင်းတို့အလှည့်ပဲ"
ကျန်းချန်းရှန်သည် မတ်တတ်ရပ်လိုက်ပြီး အနှစ်ချုပ် အစီရင်ခံစာ တစ်စောင်ကို ထုတ်ယူလိုက်လေသည်။
"လက်ရှိမှာ ကျွန်တော်တို့ အပြာရောင်ဝတ်တပ်ဖွဲ့ စခန်းမှာ တပည့် စုစုပေါင်း ၃၇,၀၀၀ ကျော် ရှိပါတယ်။ ၎င်းတို့ထဲမှာ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူ ၅၀ ဦးနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁,၇၀၀ ကျော် ပါဝင်ပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မှုနှုန်း ၁၀% ဆိုတဲ့ ကနဦး ပန်းတိုင်ကို အောင်မြင်ခဲ့ပါပြီ"
အပြာရောင်ဝတ်တပ်ဖွဲ့မှ တပ်သားထောင်ပေါင်းများစွာကို မီရှန်ဂိုဏ်းက သတ်ဖြတ်ပစ်ခဲ့သည့် အချက်နှင့် ပတ်သက်၍မူ သူ အစီရင်ခံ တင်ပြရန် မလိုအပ်ခဲ့ပေ။ ၎င်းမှာ သေချာပေါက် ကြီးမားလှသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လေသည်။
ကျန်းချန်းရှန်၏ အစီရင်ခံစာ ပြီးဆုံးသွားပြီးနောက် ဝမ်ပေ့လဲ့သည် မဟုတ်တတ်ရပ်လိုက်ကာ ပြောလိုက်လေသည်။
"အနီရောင်ဝတ်တပ်ဖွဲ့ စခန်းမှာတော့ တပည့် စုစုပေါင်း ၄၇,၀၀၀ ကျော် ရှိပါတယ်။ ၎င်းတို့ထဲမှာ ဝိညာဉ်အခြေတည်အဆင့် ၆၅ ဦးနဲ့ ရွှေအမြုတေအဆင့် ၁,၈၀၀ ကျော် ပါဝင်ပြီး သတ်မှတ်ထားတဲ့ ရွှေအမြုတေအဆင့် အောင်မြင်မှုနှုန်း ၁၀% ဆိုတဲ့ ပန်းတိုင်ကို ရရှိခဲ့ပါပြီ"
"အဝါရောင်ဝတ်တပ်ဖွဲ့မှာတော့ လက်ရှိ တပည့် စုစုပေါင်း ၁၈,၀၀၀ ကျော် ရှိနေပါတယ်။ ၎င်းတို့ထဲမှာ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူ ၂၇၀ ဦးနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၄,၃၀၀ ကျော် ပါဝင်ပြီး သတ်မှတ်ထားတဲ့ ရွှေအမြုတေအဆင့် အောင်မြင်မှုနှုန်း ၁၀% ဆိုတဲ့ ပန်းတိုင်ကို ရရှိခဲ့ပါပြီ"
လျန့်ယိက ဆက်လက် အစီရင်ခံလေသည်။
လူတိုင်းသည် လျန့်ယိအား အံ့သြမှင်တက်စွာ စိုက်ကြည့်လိုက်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် အဝါရောင်ဝတ်တပ်ဖွဲ့မှာ ရိုးရှင်းစွာပင် အလွန်အမင်း အစွမ်းထက်မြက်လွန်းနေသောကြောင့် ဖြစ်သည်။ ကျန်းချန်းရှန်နှင့် ဝမ်ပေ့လဲ့တို့၏ တပ်ဖွဲ့များမှာ လူဦးရေ များပြားရုံသက်သက်သာ ဖြစ်ပေသည်။ လျန့်ယိ၏ အုပ်စုမှာ သေးငယ်သော်ငြား ထိပ်တန်း သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေလေသည်။ ဝိညာဉ်အခြေတည်အဆင့်ရှိသူများကို ဖယ်လိုက်လျှင်ပင် ဤအုပ်စုထဲရှိ ထိပ်တန်း သိုင်းပညာရှင် အရေအတွက်မှာ ချင်းယွင်မြို့တော်၏ ကျင့်ကြံသူ လူဦးရေနှင့် နီးပါးမျှ တူညီနေပေသည်။
သူတို့သုံးဦး အစီရင်ခံ တင်ပြပြီးစီးသွားသောအခါ ကျန်းယန်က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။
"ဂိုဏ်းထဲက တပည့် အရေအတွက်ဟာ တစ်သိန်းထက် ကျော်လွန်သွားခဲ့ပြီပဲ"
လက်ရှိတွင် ဝိညာဉ်အခြေတည်အဆင့်ရှိ ကျင့်ကြံသူ စုစုပေါင်း အရေအတွက်မှာ လေးရာနီးပါးခန့် ရွှေအမြုတေအဆင့်မှာ ရှစ်ထောင်နီးပါးခန့်ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့်မှာ တစ်သိန်းဝန်းကျင်ခန့် ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းယွင်မြို့တော်တွင် မြို့စောင့်တပ်ဖွဲ့များ ရှိနေသေးပြီး ထိုနေရာ၌ လူအချို့ ရှိနေသေးသောကြောင့်ပင်။
"ဆရာ... ဒီလောက် တပည့် အရေအတွက်ကို ဆရာ ကျေနပ်ရဲ့လား"
ကျန်းယန်က ချင်းယွင်ကျိအား ပြုံးလျက် မေးလိုက်လေသည်။
ချင်းယွင်ကျိသည် ပြုံးဖြီးလိုက်ပြီး ခေါင်းကို တဆက်တည်း ညိတ်လိုက်လေသည်။ သူ မကျေနပ်စရာ အကြောင်း ဘာများရှိနိုင်ပါမည်နည်း။ အဇူရာတိမ်ဂိုဏ်းကြီး သူ၏လက်ထက်တွင် ပျက်စီးသွားတော့မည် မူလက သူ ထင်မှတ်ထားခဲ့မိသည်။ သို့သော်လည်း ကျန်းယန်၏ ဆက်တိုက်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် နှစ်အနည်းငယ် အကြာတွင် ဂိုဏ်း၌ တပည့် တစ်သိန်းအထိ ရှိလာခဲ့ပြီး ၎င်းတို့ထဲမှ တစ်သောင်းနီးပါးခန့်မှာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
ဤအင်အားအဆင့်အတန်းမျိုးသည် အခြား မည်သည့် ဂိုဏ်းနှင့်မဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
သေချာပေါက်ပင် အဇူရာတိမ်ဂိုဏ်းတွင် အလိုအပ်ဆုံးသောအရာမှာ အမှန်တကယ်တော့ ထိပ်တန်း သိုင်းပညာရှင်များပင် ဖြစ်လေသည်။ အခြားသော ဂိုဏ်းကြီးများတွင် ၎င်းတို့၏ အရင်းအမြစ်များ အားလုံးကို ထည့်သွင်း ရေတွက်လိုက်ပါက ဂိုဏ်းတစ်ခုစီတိုင်း၌ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့် များစွာ ပိုမိုများပြားသော နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားကြပေသည်။
လက်ရှိ အဇူရာတိမ်ဂိုဏ်းတွင်မူ စစ်မှန်သော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ခြောက်ဦးသာရှိပြီး နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများမှာမူ ပို၍ပင် နည်းပါးလှပေသည်။ ကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။
ကျန်းယန်သည် လူတိုင်းအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
"နောက်ထပ် ကျွန်တော် အနှစ်ချုပ် ပြောပြပါ့မယ်"
စီးပွားရေးနှင့် လူဦးရေ ကိစ္စများနှင့် ပတ်သက်၍ လူတိုင်းက ထိုရှုထောင့်များကို ဆွေးနွေး တင်ပြပြီးကြလေပြီ။
"နောက်ထပ် သံတမန်ဆက်ဆံရေးအကြောင်းကို ကျွန်တော် ပြောပါ့မယ်။ လက်ရှိမှာ ကျွန်တော်တို့ဟာ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ မဟာမိတ် ဖွဲ့ဆိုထားနိုင်ခဲ့ပြီး သူတို့ထဲမှာ လန်ကျားအထွတ်အမြတ်မြေဟာ ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ထားတဲ့ ရင်းနှီးတဲ့ မိတ်ဖက်တစ်ခု ဖြစ်ပါတယ်"
"လောကကြီးထဲက အခြားသော ဂိုဏ်းတွေဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ မရရှိသေးဘူး ဆိုပေမဲ့ ဂိုဏ်းပေါင်း ငါးဆယ့်ခုနစ်ဂိုဏ်းကတော့ ကျွန်တော်တို့နဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်"
၎င်းတွင် ၀မ်လင်းဂိုဏ်းနှင့် ရှို့ယိဘုရားကျောင်းတို့ကဲ့သို့သော ဂိုဏ်းများလည်း ပါဝင်ပေသည်။
"အဲ့ဒါအပြင် ဒီအရေအတွက်ဟာ ကျွန်တော်ကိုယ်တိုင် သေချာ ကြံစည် ထိန်းချုပ်ထားမှုရဲ့ ရလဒ်သာ ဖြစ်ပါတယ်... အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့နဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ တည်ဆောက်လိုတဲ့ ဂိုဏ်းတွေ ပိုပြီး များပြားနေလိမ့်မယ်"
"ကျွန်တော်တို့ရဲ့ အဇူရာတိမ်ဂိုဏ်းဟာ အခြေအနေကို အပြည့်အဝ ပြောင်းလဲပစ်နိုင်ခဲ့ပြီး အထီးကျန် ဆန်နေတဲ့ ဂိုဏ်းတစ်ခု ဘဝကနေ လူတိုင်းက အားကျ လေးစားရတဲ့ ဂိုဏ်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပါပြီ။ ဒါတွေ အားလုံးက ကျွန်တော်တို့ အားလုံးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဆရာဦးလေးတို့ရဲ့ ခွန်အားတွေနဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ ပူးပေါင်း ကြိုးပမ်းအားထုတ်မှုတွေကြောင့်သာ အဇူရာတိမ်ဂိုဏ်းဟာ လက်ရှိ အနေအထားအထိ ရောက်ရှိလာခဲ့တာပါ။ အခုအခါမှာတော့ ပထမဆုံး ငါးနှစ်စီမံကိန်းကို မျှော်မှန်းထားတာထက် ကျော်လွန် အောင်မြင်ခဲ့ပြီးလို့ ဒုတိယမြောက် ငါးနှစ်စီမံကိန်းအကြောင်းကို ဆက်လက် ပြောဆိုကြပါ့မယ်"
ကျန်းယန်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားခဲ့ပြီး ဖြည်းညင်းစွာ ဆိုလေသည်။
"ပထမ ငါးနှစ်တာ ကာလအတွင်းမှာ အလားအလာ အခွင့်အလမ်းသစ်များကို ဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းခဲ့ကြတယ် အရေအတွက် ပိုင်းဆိုင်ရာ ထိုးဖောက်အောင်မြင်မှုများကို ရှာဖွေခဲ့ကြပြီး ဆက်ဆံရေး အသီးသီး ပြေလည်စေဖို့ကိုလည်း ဦးတည် ကြိုးပမ်းခဲ့ကြပါတယ်"
သို့သော်လည်း ယခုအခါတွင် သူတို့သည် ခိုင်မာသော ခြေကုပ်နေရာတစ်ခုကို ရရှိနေပြီ ဖြစ်သည်။ မည်သူကမျှ သူတို့ကို အထင်သေးဝံ့ခြင်း မရှိတော့ချေ။ အမှန်တကယ်တော့ များစွာသော သူတို့သည် သူတို့ထံမှ မျက်နှာသာရရန်နှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ တည်ဆောက်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းနေကြလေသည်။
"ဒါကြောင့် ဒုတိယမြောက် ငါးနှစ်စီမံကိန်းမှာ အရေအတွက်ကို လိုက်လံ ရှာဖွေနေဖို့ မလိုအပ်တော့ဘဲ အရည်အသွေးပိုင်းကိုသာ ဦးတည်ရပါမယ်။ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှုကို ထိန်းသိမ်းထားရင်းနဲ့ တိုးတက်မှုကို ရှာဖွေကြရလိမ့်မယ်။ ပထမဆုံးအနေနဲ့ နောက်ထပ် ငါးနှစ်အတွက် ဆက်သွားရမယ့်အခြေအနေတွေကို ဆရာ့ဆီ သတ်မှတ်ခိုင်းခြင်းဖြင့် စတင်လိုက်ကြတာပေါ့"
ချင်းယွင်ကျိမှာ ချက်ချင်းပင် ထိတ်လန့် ပြာယာခတ်သွားလေတော့သည်။
သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ဆီသို့ ယခုလေးတင်မှ ထိုးဖောက် ဝင်ရောက်ထားခဲ့ခြင်း ဖြစ်ပေသည်။ သူ့အား ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဆီသို့ မကြာမီ ထပ်မံ တက်လှမ်းရန် တောင်းဆိုတော့မည်လော။ ဤအရာကိုကား... မည်သူကမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
"ဆရာ... ဒီငါးနှစ်အတွက် ဆရာလုပ်ရမှာကတော့ ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်သွားဖို့ပဲ"
ကျန်းယန်က ပြုံးလျက် ပြောလိုက်လေသည်။
"အဲ့ဒါအပြင် ဆရာ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်ဖို့အတွက် ပြိုင်ဘက် အနည်းငယ်လောက်ကို ရှာဖွေနိုင်ဖို့လည်း မျှော်လင့်ပါတယ်"
ဆရာဖြစ်သူမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြား လူများစွာသည် ဤအချက်ကို ရှင်းလင်းပြတ်သားစွာ သဘောမပေါက်ကြသေးချေ။
"ဆရာ့အနေနဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့ ဂုဏ်သတင်းကျော်စောမှု တစ်ခုကို တည်ဆောက်ပြဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်"
အပိုင်း (၄၅၆)
အဇူရာတိမ်ခန်းမဆောင် အတွင်းရှိ လူအများမှာ အတော်အတန် စိတ်လှုပ်ရှားလာခဲ့ကြလေသည်။
အဇူရာတိမ်ဂိုဏ်းအနေဖြင့် မိမိတို့၏ ဂုဏ်သတင်းကျော်စောမှုကို တည်ဆောက်ရန် လိုအပ်နေပြီလော။
ချင်းယွင်ကျိသည် သိပ်ပြီး ဂရုမစိုက်လှသည့်အလား ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်လေသည်။ ကျန်းယန် ကစားချင်သလို ကစားနိုင်ပေသည်၊ ၎င်းမှာ လုံးဝကို အဆင်ပြေလှ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ တာအိုနယ်ပယ် ပြောင်းလဲသွားခဲ့ပြီးဖြစ်ရာ မိစ္ဆာသည်လည်း သူ၏ ပုံသဏ္ဌာန်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။ သူ့အား စိုးရိမ်ပူပန်စေခဲ့သော တစ်ခုတည်းသော အရာမှာကား ထိုကိုယ်ပွားများ၏ မသိရသေးသော အခြေအနေပင်ဖြစ်ပြီး အခြားသော ပြဿနာများ ထွက်ပေါ်လာမည်ကို သူ စိုးရိမ်နေမိလေသည်။
"ဒုတိယ မေးခွန်းကတော့ ဆရာ... အခု ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တိုးတက်လာပြီဆိုတော့ မိစ္ဆာမျိုးနွယ်စုက မိစ္ဆာကြီးတွေကို ပိုပြီး လွှတ်ပေးနိုင်သင့်ပြီ မဟုတ်လား"
ကျန်းယန်က ချင်းယွင်ကျိအား မေးလိုက်လေသည်။
မျက်လုံးများ အားလုံးသည် ချင်းယွင်ကျိထံသို့ ချက်ချင်း ရောက်ရှိသွားကြလေသည်။ ဂူဒူအာပင်လျှင် ချင်းယွင်ကျိအား စူးစိုက်ကြည့်နေခဲ့ပေသည်။ စန်းစုန့် တစ်ယောက်သာလျှင် ထိတ်လန့်တုန်လှုပ်နေခဲ့၏။ သူက မိစ္ဆာများကို ထပ်လွှတ်ပေးချင်နေသေးသည်လော။ မဖြစ်နိုင်ပါချေ။
ချင်းယွင်ကျိသည် တစ်ခဏမျှ တွေဝေစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီဖြစ်ရာ မိစ္ဆာများ၏ စစ်မှန်သော အမည်နာမများကို ဆက်လက် ဖိနှိပ်ထားနိုင်ပြီဖြစ်သဖြင့် နောက်ထပ် အနည်းငယ် ထပ်မံလွှတ်ပေးခြင်းမှာ ပြဿနာတစ်ရပ် မဟုတ်တော့ချေ။
ဆရာဖြစ်သူထံမှ အဖြေရရှိသွားသည်ကို မြင်လိုက်ရသောအခါ ကျန်းယန်သည် သူ၏ အကြည့်များကို ဂူဒူအာထံသို့ လွှဲပြောင်းလိုက်ပြီး အလေးအနက် လေသံဖြင့် ပြောလိုက်လေသည်။
"အစ်ကိုကြီး... ခနနေမှပဲ အခြား မိစ္ဆာအကိုကြီးတွေနဲ့ သွားရောက် တွေ့ဆုံလိုက်ပါ။ ဘယ်သူတွေကို လွှတ်ပေးရမလဲဆိုတာကို ခင်ဗျားတို့ပဲဆုံးဖြတ်လိုက်ပါတော့"
သေချာပေါက်ပင် ယခုအခါ နောက်ထပ် မိစ္ဆာကြီး ငါးကောင်ကို ထပ်မံ လွှတ်ပေးနိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့၏ စစ်မှန်သော အမည်နာမများကိုမူ မဖြစ်မနေ ဖိနှိပ်ထားရပေမည်။
ဂူဒူအာက ခေါင်းညိတ်လိုက်လေသည်။
"ဒီကိစ္စကို ခနနေမှပဲ ဆွေးနွေးကြတာပေါ့"
"ကောင်းပါပြီ ဒါဆိုရင် နောက်ထပ် ငါးနှစ်အတွက် အစီအစဉ်ကို လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ကြစို့"
ထို့နောက်တွင် ကျန်းယန်သည် စန်းစုန့်အား ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ကာ မေးလိုက်လေသည်။
"တာအိုရောင်းရင်းအိုကြီး... ဒီငါးနှစ်အတွင်းမှာ တာအိုရောင်းရင်းအိုကြီး အဆင့်တက်နိုင်ပါ့မလား"
"သေချာပေါက်ပေါ့"
စန်းစုန့်က အလျင်စလို ပြန်ဖြေလိုက်လေသည်။ သူသည် ယခုလေးတင်မှ သရော်လှောင်ပြောင် ခံထားရခြင်းဖြစ်ရာ ကတိအာမခံချက် တစ်ခုမျှ မပေးဘဲနေရန်မှာ ယုတ္တိမတန်လှချေ။
ထို့နောက် ကျန်းယန်က ထပ်မံမေးမြန်းလိုက်လေသည်။
"တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဟာ အများဆုံး နှစ်ဘယ်လောက်အထိ အသက်ရှင်နိုင်သလဲ"
"အသက် သုံးထောင်အထိတော့ သေချာပေါက် ရှင်သန်နိုင်လောက်ပါတယ်"
စန်းစုန့်က မသေမချာ လေသံဖြင့် ပြန်ဖြေလိုက်လေသည်။ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ တစ်ဦးတစ်ယောက်၏ သက်တမ်းမှာ ပို၍ မှန်းဆရခက်လာပေသည်။ တာအိုစွမ်းအား၏ အာဟာရဖြည့်တင်းမှုကြောင့် အချို့သော ထူးခြားသည့် တာအိုလမ်းစဉ်များဆိုလျှင် အသက် ငါးထောင်ထက်ပင် ကျော်လွန် ရှင်သန်နိုင်ကြပေသည်။
သို့သော်လည်း အချို့သော မဟာတာအို လမ်းစဉ်များမှာမူ သက်တမ်းကို များစွာ စားသုံးလွန်းလှသဖြင့် အသက် နှစ်ထောင်အထိပင် ရှင်သန်နိုင်မည် မဟုတ်ချေ။
ကျန်းယန်က ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"တာအိုရောင်းရင်းအိုကြီး... တာအိုရောင်းရင်းအိုကြီးကို အဆင့်တက်ဖို့ ကျွန်တော် အတင်းအဓမ္မ ဖိအားပေးနေရတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက တာအိုရောင်းရင်းအိုကြီးရဲ့ သက်တမ်း ကုန်ဆုံးတော့မှာမလို့ပဲ။ အကယ်၍ အမြန်ဆုံး အဆင့်မတက်နိုင်ဘူးဆိုရင် ဘယ်အချိန် သေသွားမလဲဆိုတာကိုတောင် သိလိုက်ရမှာ မဟုတ်ဘူး"
"အခြား အခြေအနေတစ်ခုကတော့ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခု ကျရောက်တော့မှာဖြစ်ပြီး တစ္ဆေဘုံက တမန်တော်တွေ မကြာခဏ ထွက်ပေါ်လာနေသလို ကြီးမားတဲ့ မုန်တိုင်းကြီးတစ်ခုလည်း ကျရောက်တော့လိမ့်မယ်ဗျ။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေနဲ့ အထူးသဖြင့် တိုက်ခိုက်ရေးစွမ်းအား အားနည်းနေရင် ဒီကပ်ဘေးက အန္တရာယ်များတယ်နော်။ အဲ့ဒါအပြင် အဇူရာတိမ်ဂိုဏ်းမှာ တပည့် တစ်သိန်းကျော် ရှိနေပြီဖြစ်လို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်နေတဲ့ အကြီးအကဲ နောက်တစ်ဦး ထပ်ရှိလာတာက တပည့်တွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်လိမ့်မယ်ဗျ။ ဒါကြောင့် တာအိုရောင်းရင်းအိုကြီး တာဝန်ယူဖို့ လိုအပ်နေပြီနော်"
ဖိအားပေးခြင်းနှင့် တိုက်တွန်းခြင်း စသည့် နည်းလမ်းပေါင်းစုံကို သူ သုံးကြည့်ခဲ့ပြီးဖြစ်သော်လည်း ထိုတာအိုရောင်းရင်းအိုကြီးမှာ အဆင့်တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။ သူ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းသော ပဋိပက္ခတစ်ခု ရှိနေကြောင်းမှာ ထင်ရှားလှပေသည်။ စိတ်နှလုံး၏ အထုံးအဖွဲ့ကို မိမိကိုယ်တိုင်ကသာ ဖြတ်တောက် ဖယ်ရှားနိုင်ပေသည်။
အမှန်တကယ်တော့ စန်းစုန့် တစ်ယောက် တာအိုကို ထိုးဖောက်မတက်လှမ်းနိုင်ခဲ့သည်မှာ နှစ်ပေါင်း ရာချီနေပြီဖြစ်သည့် အချက်နှင့် လက်ရှိ အဇူရာတိမ်ဂိုဏ်း ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို ထည့်သွင်းစဉ်းစားကြည့်ပါက စန်းစုန့် အဆင့်မတက်နိုင်စရာ အကြောင်းအရင်း လုံးဝ မရှိပေ။
သို့သော်လည်း ဤအဘိုးကြီးမှာ ရိုးရှင်းစွာပင် အဆင့်မတက်နိုင်ခဲ့ချေ။
ဤအဘိုးကြီးသည် တာဝန်မယူလိုသဖြင့် မိမိကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ထားမိခြင်းဖြစ်ရန် အလွန် ဖြစ်နိုင်ချေများပြီး ထိုအကြောင်းကြောင့်ပင် အဆင့်မတက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် စန်းစုန့်အား ပိုမိုမြင့်မားစွာ ကြီးထွားလာစေရန် တိုက်တွန်းမည့် အခြားနည်းလမ်းတစ်ခုကိုသာ ကျန်းယန် ရှာဖွေရတော့မည် ဖြစ်ပေသည်။
စန်းစုန့်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းကို တဆက်တည်း ညိတ်လိုက်လေသည်။
"ငါ နားလည်ပါပြီ။ စိတ်မပူပါနဲ့ ငါ သေချာပေါက် အဆင့်တက်ပြပါ့မယ်"
"ဒါဆိုရင် တာအိုရောင်းရင်းအိုကြီးက တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်ကို အရင်ဆုံး ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားကြည့်သင့်တယ်"
ကျန်းယန်သည် စန်းစုန့်အား တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို လွှဲဖယ်လိုက်ကာ စန်းစုန့်အား ဆက်လက် မကြည့်တော့ချေ။
"ဆရာဦးလေးတို့... ဆရာဦးလေးတို့ အားလုံးက တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိနေကြပြီ"
ကျန်းယန်က လင်းယွင်ကျိနှင့် အခြားသူများအား ဆက်ပြောလေသည်။
"နောက်ထပ် ငါးနှစ်အတွက် ဆရာဦးလေးတို့ရဲ့ ပန်းတိုင်ကတော့ တာအိုပေါင်းစည်းခြင်းအဆင့်ကို ခိုင်မာအောင် တည်ဆောက်ဖို့ပါပဲ။ အကယ်၍ တာအိုပေါင်းစည်းခြင်းအလယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် အဲဒါက မမျှော်လင့်ဘဲ ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်"
"ကျွန်တော်တို့ ဂိုဏ်းဟာ ဆေးဖက်ဝင်အပင် အမြောက်အများကို စုဆောင်းရရှိထားပြီးဖြစ်သလို အခုအခါ တပည့် တစ်သိန်းကျော် ရှိနေပါပြီ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို မြှင့်တင်ပေးဖို့ အရင်းအမြစ်တွေကို အသုံးပြုရမယ့် အချိန်ရောက်နေပါပြီ"
တန်ချန်ကျိသည် လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။ ဤအမှန်တရားကို သူ လက်ခံရပေမည်။
တာအိုပေါင်းစည်းခြင်းအဆင့် ဆေးပညာရှင်တစ်ဦးအနေဖြင့် သူသည် ဂိုဏ်းမှ ရေတွက်မရနိုင်သော ပစ္စည်းများနှင့်အတူ ယခင်က မရှိဖူးလောက်အောင် အစွမ်းထက်မြက်သော ဆေးလုံးတစ်လုံးကို သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားပေသည်။ အကယ်၍ သူသာ ထူးခြားပြောင်မြောက်သော ရလဒ်တစ်ခုကို ထုတ်မပေးနိုင်ပါက မျက်နှာပြရန်ပင် အလွန် ရှက်ရွံ့နေရပေလိမ့်မည်။
"ဆရာဒေါ်လေး... နေ့စဉ် တာဝန်တွေအပြင် ဆရာဒေါ်လေး ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
ကျန်းယန်သည် ပိလင်းကျိအား ကြည့်လိုက်လေသည်။
"ချင်းယွင်မြို့တော်ကို တည်ဆောက်ပြီးသွားပြီဆိုပေမဲ့ မြို့ရိုးတွေပေါ်မှာ အဆောင်စာသားတွေ ရှိနေတာတောင် ခံစစ်က လုံလောက်တဲ့အထိ မခိုင်မာသေးဘူး"
"နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဆရာဒေါ်လေးက ချင်းယွင်မြို့တော်ကို အခြေခံမယ့် အစီအရင်တစ်ခု ဖန်တီးပေးဖို့ လိုလိမ့်မယ်။
ဒီအစီအရင်က ချင်းယွင်မြို့တော်တစ်ခုလုံးကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းပေးရမှာ။ ပြီးတော့ ခံစစ်ပိုင်းကိုလည်း အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ရမယ်လေ။ ဒီလောက်လေးကတော့ ဆရာဒေါ်လေးအတွက် ဘာမှ အပန်းမကြီးလှဘူး မဟုတ်လား။"
ပိလင်းကျိသည် ခေါင်းကို အနည်းငယ် ညိတ်လျက် သဘောတူလိုက်လေသည်။
သို့သော်လည်း သူမ၏ ပုံစံမှာ လုံးဝ ပေါ့ပါးလွတ်လပ်နေခြင်း မရှိချေ။ ထိုမျှ ခမ်းနားကြီးကျယ်သော အစီအရင်ကြီးတစ်ခုကို ပုံစံချ ရေးဆွဲရခြင်းမှာ သူမအတွက် သေချာပေါက် ကြီးလေးသော တာဝန်ကြီးတစ်ခု ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ တာဝန်များ သတ်မှတ်ပေးအပ်ပြီးဖြစ်ရာ သူမ လုပ်ဆောင်ရပေမည်။
"ညီလေးကျန်း... မင်းက ဆရာဒေါ်လေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ်"
ပိလင်းကျိ သဘောတူလိုက်သည်ကို မြင်ပြီးနောက် ကျန်းယန်က ကျန်းကျစ်ချိုးအား ချက်ချင်း ပြောလိုက်လေသည်။
"အစီအရင်တွေ ချထားဖို့နဲ့ ချင်းယွင်မြို့တော်ရဲ့ ခံစစ်ကို မြှင့်တင်နိုင်ဖို့ ဆရာဒေါ်လေးနဲ့ အတူလုပ်ရမယ့် စီမံကိန်းတွေ အများကြီး ရှိတယ်"
ချင်းယွင်မြို့တော်တွင် ၎င်း၏ ကိုယ်ပိုင် ခံစစ်စနစ်များ ရှိသင့်ပေသည်။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး"
ကျန်းကျစ်ချိုးက ပြန်ဖြေလိုက်လေသည်။
"ငါကကော ဘာလုပ်ရမလဲ"
ဟွာလင်းကျိက တက်ကြွစွာ မေးလိုက်လေသည်။ အခြားသူများ အားလုံးတွင် တာဝန်တစ်ခုစီ ရှိကြရာ သူ့အတွက်လည်း သေချာပေါက် ရှိရပေမည်။
ကျန်းယန်က အဓိပ္ပာယ်ပြည့်ဝသော လေသံဖြင့် ပြောလိုက်လေသည်။
"ဦးလေးငါး... ဦးလေးက အဆောင်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရပါမယ်။ သီးခြား အဆောင်လက်ဖွဲ့ တချို့မှာ ကျွမ်းကျင်အဆင့် ရောက်နေရမယ့်အပြင် သူတို့ကို အတိုတောင်းဆုံး အချိန်အတွင်း ရေးဆွဲနိုင်စွမ်း ရှိရပါမယ်"
ဟွာလင်းကျိ နားလည်သွားခဲ့လေပြီ။ ၎င်းမှာ တစ္ဆေအဆောင်လက်ဖွဲ့ကို ရည်ညွှန်းနေခြင်းပင်။
အခြားတစ်နည်းအားဖြင့် ဆိုရလျှင် ၎င်းတို့သည် နောင်တစ်ချိန်တွင် အခြားသော ဂိုဏ်းများ၌ ငရဲတံခါးပေါက်များကို ဖွင့်လှစ်ကြရလိမ့်မည်။ ဤပညာရပ်တွင် ပို၍ ကျွမ်းကျင်လာသည်နှင့်အမျှ ငရဲတံခါးပေါက်များကို ဖွင့်လှစ်ရာတွင် ပို၍ တိတ်ဆိတ် ငြိမ်သက်နေပေလိမ့်မည်။ အချိန်ကျရောက်လာသောအခါ သူတို့သည် မြေအောက်ကမ္ဘာဆီသို့ သွားရာ တံခါးပေါက်များကို တိတ်ဆိတ်စွာ ဖွင့်လှစ်ကြမည်ဖြစ်ပြီး မည်သူကမျှ တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ထောက်လှမ်းမိနိုင်ကြမည် မဟုတ်ချေ။
"အဲဒါအပြင် ကျွန်တော့်မှာ အကောင်အထည်ဖော်ဖို့ ဦးလေးငါးရဲ့ အကူအညီ လိုအပ်နေတဲ့ အကြံဉာဏ် တချို့လည်း ရှိသေးတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးက သီးသန့် ကိစ္စတွေဖြစ်လို့ နောက်မှပဲ ဦးလေးကို ပြောပြပါ့မယ်"
ကျန်းယန်က ပြုံးလျက် ပြောလိုက်လေသည်။
သူသည် စစ်ထူမင်ယွဲ့အား တစ်ချက်ကြည့်လိုက်လေသည်။ ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်များကို စစ်ထူမင်ယွဲ့နှင့် ပွင့်လင်းစွာ ဆွေးနွေး၍ မရနိုင်သောကြောင့် သူမအား ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်လေသည်။ ဤအရာမှာ တစ်လောကလုံးကို လုယက်မွှေနှောက်မည့် ကြီးမားလှသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ရာ သိရှိသူ နည်းပါးလေလေ ပိုကောင်းလေလေပင် ဖြစ်လေသည်။
"ချင်းရှု... မင်းက မှော်လက်နက်တွေ ပိုပြီး ပုံစံချ ဖန်တီးဖို့ တာဝန်ယူရလိမ့်မယ်"
ကျန်းယန်သည် ချင်းရှုအား ကြည့်လျက် ပြောလိုက်လေသည်။
"အဲ့ဒါအပြင် အစွမ်းထက်မြက်တဲ့ မှော်လက်နက် တချို့ရဲ့ အကြံဉာဏ်တွေကို မင်း ဖန်တီးပေးဖို့ လိုအပ်တယ်"
ဤမှော်ရတနာများကို လက်တွေ့တွင် ဖန်တီးနိုင်မည် မဟုတ်သလို သန့်စင်ဖန်တီးရန်ပင် လိုအပ်မည် မဟုတ်ချေ။ သူ လိုအပ်သောအရာမှာ သဘောတရား အကြံဉာဏ်တစ်ခုသာ ဖြစ်ပေသည် ဤအရာများကို သူ အလွန်အမင်း အသည်းအသန် လိုအပ်နေလေသည်။ အခြားသော ဂိုဏ်းများကို ဤမှော်ရတနာများအကြောင်း ဆက်လက် သုတေသန ပြုလုပ်စေချင်ပြီး ထိုမှသာလျှင် တစ်လောကလုံး၏ ကြွယ်ဝချမ်းသာမှုများကို လုယက်ယူဆောင်ရန်အတွက် ၎င်းတို့က အပြာရောင်လကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်လာကြမည် ဖြစ်ပေသည်။
"ပြဿနာ မရှိပါဘူး"
ချင်းရှုက သဘောတူလိုက်လေသည်။
ကျန်းယန်သည် ဝမ်ပေ့လဲ့နှင့် အခြားနှစ်ဦးအား ကြည့်လိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်လေသည်။
"ဂိုဏ်းအတွက် တပည့်တွေ ထပ်မံ စုဆောင်းနေဖို့ မလိုအပ်တော့ဘူး။ စောစောက ငါ ပြောခဲ့သလိုပဲ တစ်သိန်းဆိုတဲ့ အရေအတွက်က လုံလောက်နေပါပြီ"
"နောက်ထပ် ငါးနှစ်အတွင်း ငါတို့ဂိုဏ်းရဲ့ အဓိကတာဝန်က အရည်အသွေးကို မြှင့်တင်ဖို့ပဲ။ ဒါကြောင့် မင်းတို့အားလုံး ဒီကာလထဲမှာ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို နတ်ဝိညာဉ်အဆင့်အထိ ရောက်အောင် မြှင့်တင်ကြရမယ်။
အဇူရာတိမ်ဂိုဏ်းရဲ့ တပည့်တွေ ဝိညာဉ်အခြေတည်အဆင့်ကို တက်လှမ်းနိုင်မယ့် အောင်မြင်မှုနှုန်းဟာ ငါးရာခိုင်နှုန်းအထိ ရှိလာအောင် ကြိုးစားရမယ်။ ရွှေအမြုတေအဆင့်ရှိတဲ့ တပည့်တွေအတွက်ကတော့ အောင်မြင်မှုနှုန်း ၂၀ ရာခိုင်နှုန်းအထိ ရောက်ဖို့ ကြိုးပမ်းရလိမ့်မယ်။
လာမယ့် ငါးနှစ်အတွင်းမှာ ဂိုဏ်းဘက်က အရင်းအမြစ်တွေကို အကုန်ဖွင့်ပေးပြီး မင်းတို့အတွက် လိုအပ်တဲ့ ဆေးလုံးအမျိုးမျိုးကို အပြည့်အဝ ထောက်ပံ့ပေးသွားမှာပါ။ ဆရာဦးလေးတွေကလည်း အလှည့်ကျ သင်ခန်းစာတွေ ပို့ချပေးကြလိမ့်မယ်။
ဒီလောက်အထိ အခြေအနေပေးနေတာတောင် မင်းတို့ဘက်က အဆင့်မတက်နိုင်သေးဘူးဆိုရင်တော့ ဒါဟာ မင်းတို့ရဲ့ ပါရမီ ကန့်သတ်ချက်ကြောင့်ပဲလို့ပဲ ပြောရတော့မယ်။ ဒီအချက်ကို တပည့်တွေအားလုံး သိအောင် အဆင့်ဆင့် အကြောင်းကြားလိုက်ပါ။
ဒါဟာ တစ်ကြိမ်တည်းရမယ့် အခွင့်အရေးပဲ။ နောက်တစ်ကြိမ်ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး စိတ်မပူပါနဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို သေချာပေါက် ရရှိအောင်မြင်စေရပါမယ်"
ကျန်းချန်းရှန်နှင့် အခြားသူများက တစ်သံတည်း ကျယ်လောင်စွာ ပြန်လည် ဖြေကြားလိုက်ကြလေသည်။
ကျန်းယန်က ခေါင်းညိတ်လိုက်ပြီး လူတိုင်းအား တစ်ချက် ဝေ့ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"ငါကတော့ နောက်ထပ်ငါးနှစ်လုံး တော်တော်လေး အေးအေးဆေးဆေး ဖြတ်သန်းခွင့်ရမှာပဲ။ ဒါကြောင့်... ဒီအချိန်အတွင်းမှာ ဝိညာဉ်အခြေတည်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားကြည့်ဖို့ စီစဉ်ထားတယ်။"
သို့သော်လည်း သူကိုယ်တိုင်လည်း သေချာပေါက် မသိနိုင်သေးချေ။
သေချာပေါက်ပင် သူသည် အဆင့်မတက်လိုသော လူစားမျိုး မဟုတ်ပေ သူ၏ အခြေအနေမှာ ထူးခြားနေ၍သာ ဖြစ်လေသည်။
စန်းစုန့်မှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး နီရဲသွားခဲ့လေတော့သည်။ ဤကောင်လေးက သူ့အား နောက်တစ်ကြိမ် ရွေးချယ် ထောက်ပြလိုက်ပြန်ပြီ။
ကြည့်ရသည်မှာ အဆင့်မတက်နိုင်ဘဲ ရှင်းပြချက်တစ်ခု ပေးရန် နည်းလမ်းမရှိတော့ချေ။
နောက်ဆုံးတွင် ကျန်းယန်က အလေးအနက် လေသံဖြင့် ပြောလိုက်လေသည်။
"အားလုံးပဲ... ဒါဟာ ဒုတိယမြောက် ငါးနှစ်တာ ကာလဖြစ်ပြီး အနှစ်နှစ်ဆယ် သက်တမ်းတစ်ခုလည်း ဖြစ်တယ်။ ကနဦး အချိန်တစ်ဝက်အတွင်းမှာ ငါတို့ဘက်က လုံလောက်တဲ့ အင်အားတွေကို စုဆောင်းထားနိုင်ဖို့ လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ ကျင့်ကြံနေဖို့ အချိန်ရတော့မှာ မဟုတ်လို့ပဲ။
သွေးနဲ့ မီးတောက်တွေရဲ့ ခေတ်ကာလတစ်ခုက စတင်တော့မှာဗျ။
အခြေအနေကြီးက အကြီးအကျယ် ပြောင်းလဲသွားပြီ။ ငါတို့တွေ ကောင်းကင်ထက်မှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်မလား၊ ဒါမှမဟုတ် မြေအောက်ထဲမှာပဲ နစ်မြုပ်သွားမလားဆိုတာက... လက်ရှိ ငါတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ်မှာပဲ မူတည်နေတယ်။
နောက်ပိုင်းမှာ ကျွန်တော် ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် အခြားတာဝန်တွေ ရှိသေးတာမို့... ကျွန်တော်နဲ့အတူ အစည်းအဝေးကို ဆက်ပြီး လုပ်ဆောင်ပေးကြပါ။
ကဲ... ပုံမှန်အစည်းအဝေး ရပ်နားပါပြီ။"