← Chapters

အခန်း (၁၄၄၁-၁၄၄၃)

Vol. 97 Ch. 1441-1443

အခန်း (၁၄၄၁-၁၄၄၃)

Vol. 97 Ch. 1441-1443

အခန်း ၁၄၄၁: ချင်းလင်ဆန်ရောင်းပြီ!

Optimus Prime နှင့် Megatron ကိစ္စက လိုင်းပေါ်တွင်အချိန်အတော်ကြာနာမည်ကြီးပြီးမှ ပြန်ကျလာသည်။

ဘာပဲဖြစ်ဖြစ် တစ်ခုခုကိုအမြဲအာရုံစိုက်နေရတာ ပြည်သူများငြီးငွေ့သည်။

ချင်းလင်ကုမ္ပဏီက တစ်နှစ်ပတ်လုံးရေပန်းစားမှုကိုထိန်းထားနိုင်ရင်တောင် သူတို့စိတ်ထဲစွဲနေသောကုမ္ပဏီထုတ်ကုန်များက အဆက်မပြတ်ရေပန်းစားခြင်းကြောင့်ဖြစ်သည်။ သူတို့တွေးလိုက်ရုံနှင့် ချင်းလင်ကုမ္ပဏီကိုသတိရလိမ့်မည်။

ဒီလိုလိုင်းပေါ်အမြင်ရှိထားခြင်းက ဘယ်ကြော်ငြာထက်မဆိုကောင်းသည်။

သို့ရာတွင် Optimus Prime နှင့် Megatron ရေပန်းစားမှုကမူ နိုင်ငံတကာမှာမြင့်တက်လာ၏။

အထူးသဖြင့် အမေရိကပင်။

သူတို့နိုင်ငံနည်းပညာထက်ကျော်လွန်သွား၍ အမေရိကန်များက ဝန်ခံချင်ပုံမရ။ တချို့က အမေရိကမှာ သက်ဆိုင်ရာစက်ရုပ်နည်းပညာများအမြန်ထွက်လာပါစေဟူသောမျှော်လင့်ချက်နှင့် ဆန္ဒပြပွဲများတောင်လုပ်ကြသည်။

သူတို့စိတ်ထဲတွင် အရှေ့တိုင်းကလူတွေလုပ်နိုင်ရင် သူတို့လည်းလုပ်နိုင်မည်ဟုထင်နေသည်။

ဘာပဲဖြစ်ဖြစ် သူတို့နိုင်ငံက နည်းပညာလောကတွင်ထိပ်ခေါင်ဖြစ်သည်။

ထိုကိစ္စက အတော်ဂယက်ရိုက်သွားပြီး တစ်နိုင်ငံလုံးမှာ ထိုသတင်းနှင့်လှုပ်ခတ်သွားသည်။

ဓာတ်ခွဲခန်းတစ်ခု၌_

ဆန္ဒပြသတင်းများကြည့်ရင်း ဒီလူတွေဦးနှောက်ချောင်နေသလားဟု သူတွေးမိသည်။ ဘာမှမသိတော့ရင် ဆန္ဒပြဖို့သာတတ်သည်။

ဒီလူတွေသိတာ ဘာရှိလဲ?

Optimus Prime နှင့် Megatron နည်းပညာက နောက်အနှစ် ၂၀ အတွင်း အမေရိကန်မှာထုတ်ဖို့ခက်ဦးမည်။ အနှစ် ၃၀ တောင်ကွာချင်ကွာနိုင်သည်။

သူတို့က ဆန္ဒတောင်ပြနေသေး၊ ဘယ်လောက်ရှက်စရာကောင်းလဲ?

Optimus Prime နှင့် Megatron က နိုင်ငံတကာမှာလှုပ်ခတ်နေစဉ် ပြည်တွင်းမှာ ငြိမ်သက်သွားပြီဖြစ်သည်။ အကြောင်းမှာ စူပါမားကတ်အတော်များများတွင် ထုတ်ကုန်တစ်ခုတင်လိုက်သောကြောင့်ပင်။

ထိုထုတ်ကုန်က အလွန်စိတ်ဝင်စားစရာကောင်းသည်။

ဟွကျင်းစူပါမားကတ်မှာ တောင်ပိုင်းတွင်နာမည်ကြီးသောစူပါမားကတ်ကွင်းဆက်ကြီးတစ်ခုဖြစ်သည်။ အင်အားတောင့်တင်းပြီး နာမည်ရှိသည်။ မင်စီရင်စုပြည်နယ်မြို့တော်တွင် ဆိုင်ခွဲဆယ်ခုမကရှိမည်။

ဒီနေ့ ဟွကျင်းစူပါမားကတ်မှကြော်ငြာကို DLE ဘုတ်နှင့်တခြားကြော်ငြာဘုတ်များတွင်ပြသပြီးနောက် စူပါမားကတ်တစ်ခုလုံးမှာ အပြေးအလွှားဝယ်ကြသည်။

ဒီနေ့ ချင်းလင်ဆန်ပထမအသုတ် စျေးကွက်ထဲရောက်လာပြီဖြစ်သည်။ မကုန်မချင်း တစ်ယောက် ၅ ကတ်တီဝယ်ခွင့်ရမည်။

ချင်းလင်လက်ဆောင်ဆန်အကြောင်း လူတိုင်းသိသော်လည်း လူတိုင်းစားနိုင်သောအရာမဟုတ်ခဲ့။ ဆန်ထွက်သည်နှင့် ပထမဆုံးအသုတ်ကို မြို့တော်ပို့ရသည်။

သာမန်လူတွေ ဒီဆန်မျိုးစားဖို့၊ဝယ်ဖို့မတတ်နိုင်ဟုဆိုရမည်။

သို့သော် ချင်းလင်ဆန်က မတူ။

အရင်က စပါးတောကြီး လိုင်းပေါ်ပြန့်သွားဖူးသည်။ မြေပဲဆံအရွယ်စပါးစေ့ကို အားလုံးစိတ်ဝင်စားကြသည်။ အထူးသဖြင့် စပါးတောကြီးက အလွန်နာမည်ကြီးသောရှုခင်းတစ်ခုဖြစ်ခဲ့သည်။

သတင်းထွက်ထွက်ချင်း ပြည်သူများအံ့ဩသွားသည်။ စပါးပင်ရှေ့မှာ လူကသေးသွားသလိုပင်။

ထို့ကြောင့် အတော်များများက မျှော်လင့်စောင့်စားမိကြသည်။

ဒီစပါးလုံးဝပေါက်သွားရင် ဟယ်ရှားအိပ်မက်ကိုသိကြတော့မည်။

အခုချင်းလင်ဆန်ပေါ်လာတာ ဟယ်ရှားအိပ်မက်လက်တွေ့ဖြစ်လာမည့်သဘောပင်။

အဓိကက ချင်းလင်ဆန်ကိုချက်ချင်းစားကြည့်ချင်သည်။ ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ဒီလိုဆန်မျိုး လူတိုင်းစားနိုင်တော့မည်။

ဝမ်ရန်လည်း အစောကြီးအိမ်ပြန်လာပြီး စုကျွမ်ကိုလာကြိုသည်။

စုကျွမ်မှာ ကလေးပိုက်ပြီး အကြာကြီးစောင့်နေရ၏။ သူ့ကိုမြင်သောအခါ ချက်ချင်းပင်_

"ယောက်ျား.. မြန်မြန်လေး.. စူပါမားကတ်မှာ လူတန်းအရှည်ကြီးလို့ကြားတယ်... ရောင်းကုန်သွားတော့မှာပဲ''

"မလောပါနဲ့.. ကိုယ်ဖုန်းဆက်ထားပြီ... သွားယူကြမယ်''

ဝမ်ရန်ကလည်း တန်းပြောသည်။

ချင်းလင်ကိုယ်စားလှယ်များဖြစ်သောကြောင့် သူနှင့်ချင်းလင်ဆန်ကိုယ်စားလှယ်အချင်းချင်းသိကြသည်။ တဖက်ကလည်း လိုက်လျောမည့်ပုံရှိသောကြောင့် သူကဖုန်းဆက်လိုက်ရုံသာ။

သူတို့အားလုံး ချင်းလင်ကိုယ်စားလှယ်များဖြစ်သော်လည်း သူကအဦးဆုံးတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် ဥက္ကဌချင်နှင့်သိကျွမ်းခြင်းက ဘယ်သူမှမယှဉ်နိုင်သောကိစ္စဖြစ်သည်။

တခြားကိုယ်စားလှယ်များမှာ ဥက္ကဌချင်နှင့်ဆုံချင်ရင်တောင်မဆုံဖူးကြ။

ဒီတော့ တခြားဘယ်ကိုယ်စားလှယ်ဖြစ်ဖြစ် သူ့ကိုမျက်နှာသာပေးရသည်။

သူတို့ဟွကျင်းစူပါမားကတ်ရောက်သောအခါ လူတန်းရှည်ကြီးကိုတွေ့ရသည်။ ချင်းလင်ဆန်က တကယ်နာမည်ကြီးပုံပင်။

ခဏအကြာ ဝတ်စုံပြည့်နှင့်လူတစ်ယောက်လျှောက်လာသည်ကို ဝမ်ရန်တွေ့ရသည်။ ကိုယ်စားလှယ်၏ဝန်ထမ်းပင်။

ထိုလူက ဝမ်ရန်ကားနားလျှောက်လာပြီး တရိုတသေနှင့်_

"CEO ဝမ်.. ဒါချင်းလင်ဆန်ပါ!''

သူမဖြစ်မနေရိုသေရသည်။ မစ္စတာဝမ်က မင်စီရင်စုမှာ အရမ်းနာမည်ကြီးသည်။ အချမ်းသာဆုံးမဟုတ်နိုင်သော်လည်း ချင်းလင်ကုမ္ပဏီနောက်ကွယ်မှသူဌေးနှင့်ရင်းနှီးသောကြောင့် ဒီ'လူကြမ်း'ကို လိုင်းပေါ်မှာမသိသူမရှိ။

နောက်ပြီး မင်စီရင်စုနိုက်ကလပ်လောကတွင် ဒီမင်းသားလိုလူအကြောင်းမသိသူမရှိပေ။ အမူးပြေမြက်က သူ့ထုတ်ကုန်တစ်ခုဖြစ်သည်။

ဒီလူက မင်စီရင်စုမှအချမ်းသာဆုံးလူထက်တောင် နာမည်ကြီးသည်ဟုပြောရမည်။

ဝမ်ရန်က ချင်းလင်ဆန်ယူပြီးနောက် တဖက်လူကိုခေါင်းညိမ့်ပြကာ ကားနောက်ဖုံးဖွင့်ပြီးဆန်ထည့်လိုက်သည်။

"ယောက်ျား.. ရှင်ကတော်လိုက်တာ!''

စုကျွမ်လည်း ချက်ချင်းလက်ငင်း ဝမ်ရန်ကိုအနမ်းပေးလိုက်သည်။

နိုက်ကလပ်လောကသားများဖြစ်၍ အီစီကလီကျွမ်းကျင်သည်။ နောက်ပြီး ဝမ်ရန်က မင်စီရင်စုမှာနာမည်ကြီးသောကြောင့် သူမဂုဏ်ယူရသည်။

ဥပမာ အခုလူတွေတန်းစီပြီး ချင်းလင်ဆန်ကိုစောင့်ရသော်လည်း သူမယောက်ျားက ဖုန်းတစ်ချက်ဆက်ရုံနှင့် အရောက်လာပို့မည့်သူရှိသည်။

ဝမ်ရန်က ကားနောက်ဖုံးပိတ်ပြီး စုကျွမ်ကိုအိမ်ပြန်ခေါ်လာသည်။ အိမ်ပြန်ရောက်သည်နှင့် စုကျွမ်ကဆန်အိတ်ကိုင်ပြီး ဝမ်းသာအားရပြောသည်_

"ယောက်ျား.. ကျွန်မ အခုချက်ချင်းချက်မယ်... ဒီချင်းလင်ဆန်ကိုမြည်းကြည့်ရအောင်''

"အင်း!''

ဝမ်ရန်ခေါင်းညိမ့်ပြပြီးပြီးချင်း ကျန်းလင်းလင်းထံမှစာဝင်လာသည်_

"မောင်လေးရန်.. ဒီနေ့ စူပါမားကတ်မှာ ချင်းလင်ဆန်ရောင်းနေပြီ... အစ်မအရမ်းစားချင်တယ်... နည်းနည်းလောက်ဝယ်ခဲ့ပေးပါလား? မင်းအတွက် အစ်မချက်ပေးမယ်''

ဝမ်ရန်က ထိုစာဖတ်ပြီး သက်ပြင်းချကာ စာတစ်ကြောင်းပြန်လိုက်ရသည်:

"ခဏစောင့်!''

အခန်း ၁၄၄၂: ချင်းလင်ဆန်ရောင်းပြီ! ၂

ဝမ်ရန်ကစာပို့ပြီး အထဲတွင်ရှိနေသောစုကျွမ်ကိုလှမ်းအော်လိုက်သည်_

"ကိုယ်လုပ်စရာရှိလို့ အပြင်သွားပြီ''

"ယောက်ျား.. ညစာပြန်စားဖို့မမေ့နဲ့နော်''

စုကျွမ်က ချက်ချင်းပြန်အော်သည်။

"ဟုတ်ပြီ''

ဝမ်ရန်ကပြန်ဖြေပြီး ကျန်းလင်းလင်းကိုသွားကြိုရန် အပြင်ထွက်လာသည်။

ကျန်းလင်းလင်းက အရင်လိုဆွဲဆောင်မှုရှိနေဆဲ။ သူ့ကိုမြင်မြင်ချင်း ညင်ညင်သာသာပွေ့ဖက်ပြီး စွဲမက်စရာအနမ်းပေးသည်။

"အစ်မလင်းလင်း.. အစ်မကောင်လေးရော?''

ဝမ်ရန်က တန်းမေးသည်။

ကျန်းလင်းလင်းက နှာခေါင်းရှုံ့လိုက်ပြီး_

"အလုပ်ကိစ္စနဲ့ခရီးသွားတယ်... တစ်ပတ်ကြာမှပြန်လာလိမ့်မယ်... ရှင် နောက်သုံးလေးရက်လာလို့ရသေးတယ်''

ဝမ်ရန် ဘယ်လိုပြန်ပြောရမှန်းမသိ။

ဒီဆက်ဆံရေးကိုဖြတ်သင့်ပြီဟု သူထင်သည်။ ဘာပဲဖြစ်ဖြစ် သူမမှာကောင်လေးရှိနေပြီ။

ဝမ်ရန်က ကျန်းလင်းလင်းနှင့်ကားထဲဝင်ပြီး ကားစက်နှိုးကာ ဟွကျင်းစူပါမားကတ်ကိုသွားပြန်သည်။ သူဖုန်းဆက်ပြီးနောက် ဝတ်စုံနှင့်လူက ချင်းလင်ဆန်နောက်တစ်အိတ်နှင့်ထွက်လာပြန်၏။

ထိုလူက ဝမ်ရန်ကားထဲမှနောက်ထပ်အမျိုးသမီးကိုမြင်သောအခါ မအံ့ဩမိ။

ဘာပဲဖြစ်ဖြစ် ဝမ်ရန်လိုအရာရောက်သူတစ်ယောက်အနေနဲ့ အိမ်မှာတစ်ယောက်၊ အပြင်မှာတစ်ယောက်ရှိတာ မဆန်းဘူးမလား?

နှစ်ယောက်လုံးက သူများအားကျရလောက်အောင် အရမ်းလှ၊ အရမ်းဆွဲဆောင်မှုရှိနေတာရော?

သူကတော့ ကောင်မလေးလိုချင်ရင်တောင် ရှာမရချေ။

ဝမ်ရန်က ချင်းလင်ဆန်ယူပြီး ကျန်းလင်းလင်းကိုအိမ်လိုက်ပို့သည်။

"မောင်လေးရန်.. ညကျရင် အစ်မအိမ်မှာညစာစား... ချင်းလင်ဆန်က ပေါ်ခါစဆိုတော့ မင်းကိုချက်ကျွေးမယ်''

ကျန်းလင်းလင်းက ကားထဲမှထွက်ပြီးပြောသည်။

ဝမ်ရန် ဘယ်လိုပြန်ဖြေရမည်မသိ။

စုကျွမ်က ညစာပြင်ပြီးလောက်ပြီ။ သူငြင်းမည်အပြုတွင် ကျန်းလင်းလင်းက_

"မောင်လေးရန်.. အစ်မက ကိုယ်ဝန်နဲ့... ကလေးက မင်းရဲ့ကလေးဖြစ်နိုင်တယ်နော်''

"ကျွတ် ကျွတ်''

ရုတ်တရက် သူဘာပြောရတော့မလဲ?

သူသတိဝင်ချိန်တွင် ကျန်းလင်းလင်းက အထဲလျှောက်သွားလေပြီ။

ဒီ သော*က်...

ဝမ်ရန်စဉ်းစားချိန်မရသေးခင် ဖုန်းမြည်လာပြန်သည်။ အစ်မကျားနန်!

ဒီအမျိုးသမီးက ကိုင်တွယ်ရအခက်ဆုံးပင်။

သူက အမှတ်တမဲ့တွေးမိသည်။ ချင်းလင်ဆန်ပဲဖြစ်မည်!

သူဖုန်းမဖြေချင်။

သို့သော် အရင်တစ်ခေါက်က သူဖုန်းမကိုင်သောအခါ စုကျွမ်ကိုဖုန်းဆက်ပြီး စျေးဝယ်ထွက်လည်ပတ်ကြသည်ကိုပြန်တွေးမိသည်။ သူကမတတ်သာဘဲ ဖုန်းကိုင်လိုက်ရပြန်သည်။

ဘယ်အမျိုးသမီးက ဒီအစ်မကျားနန်လောက်ရဲတင်းမလဲ? အဓိကက စုကျွမ်ကို အခင်ဆုံးသူငယ်ချင်းလိုလို ကောင်းကောင်းလှည့်စားထားသည်။ ဒါနည်းနည်းပြောရခက်သည်။

ဒါမှမဟုတ် ဒီအမျိုးသမီးစိတ်ကူးကို သူလုံးဝမလိုက်နိုင်။

ဝမ်ရန်က ဖုန်းကိုင်လိုက်ရာ ထင်ထားသည့်အတိုင်း တဖက်မှအသံထွက်လာသည်_

"မောင်လေးရန်.. ဒီနေ့ ချင်းလင်ဆန်ရောင်းနေပြီ... သွားဝယ်ရအောင် လိုက်ပို့ပါလား? အစ်မ တကယ်စားချင်တာ!''

"အာ!''

ဝမ်ရန် သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် ကားစက်နှိုးပြီးမောင်းထွက်လာ၏။ မကြာမီ အစ်မကျားနန်ကိုကြိုပြီး ဟွကျင်းစူပါမားကတ်ခေါ်လာပြန်သည်။

ဖုန်းထပ်ဆက်သောအခါ ဝတ်စုံနှင့်လူထွက်လာပြန်၏။

"CEO ဝမ်!''

ထိုလူက ဝမ်ရန်ကားထဲမှအလှလေးအသစ်ကိုကြည့်ပြီး လုံးဝအားကျသွားသည်။

CEO ဝမ်က အမျိုးသားထုကြီးအတွက်စံပြ၊ အမျိုးသားထုကြီးပြိုင်ဆိုင်နေသောပန်းတိုင်ပင်။

သူ့အတွေးကို ဝမ်ရန်သာသိရင် 'ဒီကောင်တွေ ငါ့အဖြစ်ကိုမသိပါဘူး' ဟု စိတ်ပျက်ပျက်နှင့်ပြောလိမ့်မည်။ သိသွားရင် အားကျမှာမဟုတ်။

တစ်နေကုန် ရုံးပတီသီးစားနေရတဲ့အဖြစ်၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်ပြတ်မှာ​ကြောက်တဲ့အ​ဖြစ်ကို ဘယ်သူနားလည်မလဲ?

အိမ်ကိုတရားဝင်လစာပေးပြီး ရုံးကိုလစ်၊ ရုံးကပြန်ရင် ကားထဲဂျောင်း။

ဒီလိုသာဆက်သွားနေရင် သူ့အသက်တိုလိမ့်မည်။

ဝမ်ရန်က လီကျားနန်ကို အိမ်ပြန်လိုက်ပို့သည်။

လီကျားနန်က_

"မောင်လေးရန်.. ဒီည ချင်းလင်ဆန်ချက်စားမယ်... မင်းလာရမယ်နော်... ညီမစုကျွမ်လည်းချက်ထားမှာ အစ်မသိတယ်... ဒါပေမဲ့ အစ်မလက်ရာနဲ့မတူဘူး... မင်းမလာရင် စုကျွမ်ဆီသွားကုန်းဆင်းပြီး သူ့ချင်းလင်ဆန်ကိုစားပစ်မှာ''

"ဟူး ဟူး''

ထိုစကားကြောင့် ဝမ်ရန်မှာ သက်ပြင်းတွင်တွင်ချပြီး စိတ်ပျက်လက်ပျက်နှင့်ကားမောင်းပြန်လာသည်။

ခက်ပြီ။

သူအိမ်ပြန်ရောက်သောအခါ စုကျွမ်က မီးဖိုချောင်ထဲအလုပ်ရှုပ်နေသည်။

သူကမီးဖိုချောင်ထဲလျှောက်သွားလိုက်ရာ ထမင်းနံ့မွှေးမွှေးကိုရသည်။

ဒီအပိုင်းမှာ ချင်းလင်ဆန်က သာမန်ဆန်ထက်သာသည်။

ထမင်းအနံ့မွှေးရင် ပိုစားကောင်းတယ်ဟုတ်?

မကြာမီ ထမင်းကျက်သည်။

စုကျွမ်က ချက်ချင်းထမင်းအိုးထုတ်ပြီး ခူးခပ်ကာ ဝမ်ရန်ကိုပေးလိုက်သည်_

"ယောက်ျား.. စားကြည့်!''

ဝမ်ရန်ကခေါင်းညိမ့်ပြီး ထမင်းယူစားကြည့်သည်။ စားပြီးနောက် မျက်လုံးနည်းနည်းကျယ်သွားကာ_

"ဒီဆန်က ချင်းလင်လက်ဆောင်ဆန်လောက်မကောင်းပေမဲ့ သာမန်ဆန်ထက်ပိုအရသာရှိတယ်''

စုကျွမ်ကနားထောင်ရင်း တစ်ပန်းကန်ခပ်ပြီးမြည်းကြည့်သည်။ အမှန်ပင်။ ဒီဆန်က ပိုအရသာရှိသည်_

"တကယ်အရသာရှိတယ်''

ချင်းလင်ဆန်ကို ပထမဆုံးအကြိမ်စားရခြင်းကြောင့်လားမသိ၊ အရမ်းပျော်နေကြသည်။

ဝမ်ရန်က ပန်းကန်ကြီးနှစ်ပန်းကန်စားပစ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒီဆန်စားရတာ ပထမဆုံးဖြစ်သောကြောင့် ခံစားချက်က ထူးခြားနေသည်။

တစ်ပန်းကန်အပိုစားပြီးနောက် ဝမ်ရန်ဗိုက်တင်းသွား၏။ ထိုအချိန် သူ့ဖုန်းမြည်လာသည်။

သူကဖုန်းထုတ်ပြီးကြည့်လိုက်သည်။

ကျန်းလင်းလင်း: "မောင်လေးရန်.. ရပြီ''

လီကျားနန်: ''မောင်လေးရန်.. ညစာဘယ်အချိန်လာစားမလဲ?''

ထိုစာများကြောင့် ဝမ်ရန်မျက်နှာနည်းနည်းပျက်သွားပြီး အမှတ်တမဲ့ သူ့ဗိုက်သူလက်နှင့်ပွတ်လိုက်သည်။ တကယ်တော့ ဒီနှစ်ယောက်ကို သူမေ့နေပြီ။ အခု သူ့ဗိုက်ကပြည့်လုနီးနီးဖြစ်နေပြီ။

ဝမ်ရန်တင်မဟုတ်။ ချင်းလင်ဆန်ကိုဝယ်ယူသူများမှာ ဆန်ကိုချက်ပြီးနောက် သာမန်ဆန်ထက်အရသာရှိကြောင်းသိသွားကြသည်။ သူတို့ကလေးများက ထမင်းပိုစားကြ၏။

ထို့ကြောင့် ချင်းလင်ဆန်ပထမအသုတ်ဝယ်သူများက လိုင်းပေါ်တက်ပြီး ကြော်ငြာကြသည်။ ချီးကျူးကြသည်။

ချင်းလင်ဆန်မှတ်ချက်ကြောင့် ကုမ္ပဏီအတော်များများလည်းထိတ်လန့်ရသည်။

အန်းထိုက်ကုမ္ပဏီလီမိတက်မှာ ပြည်တွင်းတွင်အကြီးဆုံးဆန်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ သူတို့ကိုယ်တိုင်စပါးစိုက်ရောင်းပြီး စျေးကွက်ကျယ်ပြန့်သည်။

အန်းထိုက်ကုမ္ပဏီလီမိတက်ပိုင်ရှင်က လီဟယ်ဖြစ်ပြီး အမြင်ရှိသူဖြစ်၍ ချင်းလင်ဆန်ထွက်ထွက်ချင်းဝယ်ပြီး သူ့အိမ်ပို့ခိုင်းသည်။

လီဟယ်အိမ်ပြန်ရောက်သောအခါ သူ့မိန်းမက ချင်းလင်ဆန်ချက်နေသည်။ သူ့ကိုမြင်သည်နှင့်_

"ခဏစောင့်.. ချင်းလင်ထမင်းကျက်တော့မယ်... ပြီးရင် ဘယ်လိုနေလဲသိရမှာ''

မိန်းမဖြစ်သူစကားကြောင့် လီဟယ်ခေါင်းညိမ့်လိုက်သည်။ သူမက အရမ်းသိတတ်ပြီး သူ့အတွေးကိုနားလည်သည်။

သူအသိချင်ဆုံးက ချင်းလင်ဆန်အခြေအနေပင်။

ချင်းလင်ဓာတ်ခွဲခန်းမှပထမဆုံးထွက်ကတည်းက ချင်းလင်ဆန်ကို သူအာရုံစိုက်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် 'ဟယ်ရှားအိပ်မက်' ဆိုသော စကားလုံးက ဆွဲဆောင်မှုပြင်းသည်။ သူမသိဘဲမနေ။

သို့ရာတွင် ချင်းလင်ဆန်ကိုမဖြန့်ချိသေးသောကြောင့် သူစိတ်မလောခဲ့။

ဘာပဲဖြစ်ဖြစ် မျိုးစေ့ပျိုးထောင်ရဦးမည်ဖြစ်၍ စပါးစိုက်တာသိပ်မမြန်နိုင်။

ဒါပေမဲ့ ချင်းလင်ဆန်က သူထင်ထားတာထက်မြန်မြန်ထွက်လာမယ်လို့ ဘယ်ထင်မလဲ?

ချင်းလင်ဆန်ပထမအသုတ်ရောင်းတာ မြန်လွန်းသည်။

မတတ်နိုင်။ ချင်းလင်ဆန်အခြေအနေကို အမြန်ဆုံးသိအောင်လုပ်ရမည်။ ဒါ သူတို့ကုမ္ပဏီသေရေးရှင်ရေးနှင့်ဆိုင်နေသည်။

"ရပြီ''

သူ့မိန်းမက လှမ်းခေါ်ပြီး ပြင်ဆင်ထားသောချင်းလင်ထမင်းကိုသယ်လာသည်။

လီဟယ်က အရင်ဆုံး သူ့ဘာသာပန်းကန်ကြီးတစ်လုံးခူးစားသည်။ တစ်လုတ်စားရုံနှင့်တင် သူ့မျက်မှောင်များကြုတ်သွား၏။

ဆန်ကုန်သည်ဖြစ်သောကြောင့် ကွာခြားချက်ကိုသတိထားမိသည်။

သူ့ကုမ္ပဏီမှရောင်းချသောဆန်အရည်အသွေးကိုလည်း သူသိသည်။ ဒီချင်းလင်ဆန်က သူ့ကုမ္ပဏီကဆန်ထက် အရည်အသွေးပိုကောင်းသည်။ အရသာလည်းကောင်းသည်။

တနည်းပြောရရင် ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်ဆန်ကိုအပြည့်အဝဖြန့်ချိသောအခါ ဆန်ကုမ္ပဏီများဒုက္ခရောက်တော့မည်။

ချင်းလင်ဆန်က အရည်အသွေးပိုကောင်းရုံတင်မဟုတ်၊ အရသာလည်းပိုကောင်းသည်။ အဓိကအချက်မှာ စျေးသက်သာခြင်းပင်။ အနည်းဆုံးတော့ သူတို့ကုမ္ပဏီကဘယ်ဆန်မှ ချင်းလင်ဆန်ထက်သာမည်မထင်။

ဒီတော့ ဒီအချိန်သူတို့တတ်နိုင်တာက သေဖို့ထိုင်စောင့်နေရုံသာ။

ချင်းလင်ဓာတ်ခွဲခန်းနှင့် အရည်အသွေးချင်းမပြိုင်နိုင်သလို ဘဏ္ဍာရေးအင်အားလည်း မလိုက်နိုင်သောကြောင့်ပင်။

အမြှောက်စာမဖြစ်ချင်ရင် အစ်ကိုကြီးဟုအသိအမှတ်ပြုပြီး ခြေသလုံးဖက်ရတော့မည်။

ဒီတော့ လောလောဆယ် ဒီတစ်နည်းသာရှိသည်။ ချင်းလင်ဓာတ်ခွဲခန်းကို အစ်ကိုကြီးခေါ်ပြီး ခြေသလုံးအမြန်ဖက်ရမည်။

အရင်ဆုံးဖက်နိုင်သူက ပြဿနာအားလုံးအေးမည်။

သူကတွေးတောပြီး သူ့အတွင်းရေးမှူးကိုချက်ချင်းဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကလောလောနှင့်_

"ငါ့ကိုစာဖိုင်တွေမြန်မြန်ပြင်ပေးပါ... ငါယူသွားချင်တယ်... ချင်းလင်ဆန်အတွက် ချင်းလင်ဓာတ်ခွဲခန်းနဲ့ပူးပေါင်းဖို့ပြောရမယ်!''

အခန်း ၁၄၄၃: နတ်သမီးပုံပြင်ထဲက မုန်လာဥ!

လိုင်းပေါ်တွင်_

ချင်းလင်ဆန်သတင်းက ထိပ်ဆုံးရောက်နေသည်။ ချင်းလင်ဆန်စားပြီးသူများက ချင်းလင်ဆန်မှာ သာမန်ဆန်ထက်အရသာပိုရှိကြောင်းပြောကြသည်။

ထို့ကြောင့် စိတ်ပူပန်သူများက လီဟယ်လုပ်နည်းအတိုင်းလုပ်ကြ၏။

ထိုလူများမှာ ဆန်လုပ်ငန်းရှင်များပင်။

ချင်းလင်ဆန်ထွက်လာပြီး သူတို့အားလုံးစိတ်ပူနေကြသည်။ ဉာဏ်ကောင်းသူများက ချက်ချင်းဖုန်းဆက်ပြီးလှုပ်ရှားကြ၏။

ဒါချင်းလင်ဓာတ်ခွဲခန်း၏လှည့်ကွက်တစ်ခုမှန်း သူတို့မသိကြ။

ချင်းလင်အပန်းဖြေစံအိမ်_

ရှန်လီက မနက်အစောကြီး ချင်လင်ကိုလာရှာပြီး လျှောက်လွှာစာဖိုင်တချို့ပေးသည်_

"ဥက္ကဌချင်.. ပြည်တွင်းစပါးစိုက်ပျိုးရေးနဲ့ဆန်ရောင်းဝယ်ရေးကုမ္ပဏီအများစုက လျှောက်လွှာတွေပို့လာတယ်... ကြိုတွက်ထားတဲ့အတိုင်းပဲ... စျေးကွက်ထဲချင်းလင်ဆန်တစ်သုတ်ရောက်တာနဲ့ ကုမ္ပဏီတွေအပြေးအလွှားရောက်လာကြပြီ... ဒါကျွန်တော်သေချာရွေးထားတဲ့အကောင်းဆုံးကုမ္ပဏီတွေပါ''

ချင်လင်ကခေါင်းညိမ့်ပြီး စာဖိုင်များစဖတ်သည်။

အားလုံးက စပါးစိုက်ပျိုးရေး၊ ဆန်ရောင်းဝယ်ရေးကုမ္ပဏီများဖြစ်သော်လည်း ရောင်းသောဆန်ချင်းအတူတူ ကွာခြားချက်များရှိနေသည်။

စျေးချင်းတူပြီး တချို့ကပိုကောင်းသည်၊ တချို့က ညံ့သည်။

ဒီတော့ သူများလောက်မကောင်းတဲ့သဘောလား? ဒါ ဆန်ကောင်းမဖြစ်နိုင်။

အကယ်၍ ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်ဆန်ကိုဖြန့်ချိချင်ရင် သူတို့ဘာသာမဖြစ်နိုင်။ ရုံချန်းမြေမှာပဲစိုက်ဖို့ ပိုပြီးမဖြစ်နိုင်။ တစ်နိုင်ငံလုံးအနှံ့မြေများကိုစာချုပ်လိုက်ချုပ်မည်ဆိုလျှင်လည်း အကုန်အကျများမည်၊ ဒုက္ခများမည်။

အထူးသဖြင့် ဆန်က နေ့စဉ်စားကုန်ဖြစ်၍ အချိန်အကန့်အသတ်ရှိသည်။ ချင်းလင်ဆန်မှာထွက်ခါစဖြစ်သောကြောင့် ချင်းလင်ဓာတ်ခွဲခန်းမှာသာရှိသည်။

နောက်လေးငါးနှစ်ကြာရင် တစ်နိုင်ငံလုံးအနှံ့ရောက်သွားမည်။

ဆန်က ဒီလိုပင်။ ချင်းလင်ဓာတ်ခွဲခန်းသာ ဟိုဟိုဒီဒီလိုက်ကန့်သတ်နေရင် ဆုံးမည်မထင်။

ဒီလိုလုပ်စရာမလို။

သဘောထားသေးသိမ်ရာကျမည်။

အစပိုင်းတွင် ချင်းလင်ဓာတ်ခွဲခန်းက ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ချင်းလင်ဆန်ကိုဖြန့်ချိရင်ပိုကောင်းမည်။ ပထမအချက်၊ 'ဟယ်ရှားအိပ်မက်' ကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်မည်။ ဒုတိယအချက်၊ ချင်းလင်ဆန်စျေးကိုထိန်းချုပ်နိုင်မည်။

ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်လက်ဆောင်ဆန်နှင့် ဝင်ငွေအမြောက်အများဖန်တီးနိုင်သောကြောင့် ဒီအတွက် ဘယ်သူမှဘာမှပြောမှာမဟုတ်။

အလွန်ဆုံး 'သူဌေးတွေမှာပိုက်ဆံပေါလွန်းလို့ သုံးစရာနေရာမရှိ' ဟုပြောကြရုံသာ။

ထို့ကြောင့် သာမန်ချင်းလင်ဆန်မှဝင်ငွေဖန်တီးရန် စဉ်းစားစရာမလို။ သုံးလေးနှစ်သာကြာမည်ဖြစ်၍ ရက်ရက်ရောရော၊ ချိုချိုသာသာပေးလိုက်တာ ပိုကောင်းမည်။

"ဥက္ကဌရှန်က သေချာရွေးထားတယ်ဆိုမှတော့ ဒီကုမ္ပဏီတွေကိုပဲရွေးလိုက်တာပေါ့''

ချင်လင်ကပြောသည်_

"ဒါပေမဲ့ ကျွန်တော်တောင်းဆိုစရာတစ်ခုရှိတယ်... ဒီချင်းလင်ဆန်ကို အမြတ်အများကြီးမတင်ချင်ဘူး... 'ဟယ်ရှားအိပ်မက်' ကို အမြန်ဆုံးအကောင်အထည်ဖော်ချင်လို့ပဲ!''

"နားလည်ပါပြီ ဥက္ကဌချင်!''

ရှန်လီခေါင်းညိမ့်လိုက်သည်။

ဒီအကြောင်း သူဌေးထက်သူပိုသိသည်။ ချင်းလင်ဓာတ်ခွဲခန်းကိုတည်ထောင်တာမကြာသေးသော်လည်း ပြည်တွင်းမှာအစွမ်းအထက်ဆုံးဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။

ထို့ကြောင့် တစ်ခါတလေ မလိုအပ်သောအကျိုးအမြတ်များနှင့်ရှုပ်ထွေးစရာမလို။ နာမည်ဂုဏ်သတင်းဖန်တီးနိုင်တာပိုကောင်းသည်။

ရှန်လီထွက်သွားပြီးနောက် ချင်လင်လည်းနှာခေါင်းစည်းတပ်၊ဦးထုပ်ဆောင်းပြီး ချင်းလင်အပန်းဖြေစံအိမ်မှထွက်ကာ ရှုမျှော်ခင်းဘက်လျှောက်သွားသည်။

စီမံရေးကိုသူစိတ်မဝင်စားသော်လည်း သူဖန်တီးထားသောရှုမျှော်ခင်းကိုကြည့်ပြီး အောင်မြင်မှုရသလိုခံစားမိသည်။

သူကအပန်းဖြေစံအိမ်မှထွက်ပြီး ဧရာမသီးနှံစိုက်ခင်းထဲတန်းသွားသည်။

အခု ချင်းလင်ရှုမျှော်ခင်းတွင် ဧရာမသီးနှံစိုက်ခင်းမှာ ရေပန်းအစားဆုံးဖြစ်နေပြီး ခရီးသည်တိုင်းလိုလိုသွားချင်၊ ဓာတ်ပုံရိုက်ချင်ကြသည်။

'ချင်းလင်ရှုမျှော်ခင်းမှာ ဧရာမသီးနှံနှင့်ဓာတ်ပုံမရိုက်ဖူးရင် ချင်းလင်ရှုမျှော်ခင်းကိုရောက်သည်မမည်' ဟုတောင်ပြောကြသည်။

ချင်လင်ဖြတ်သွားသောအခါ ဧရာမစိုက်ခင်းထဲတွင်လူများဝိုင်းအုံနေပြီး ဆူဆူညံညံအသံများကြားရသည်။

ဧရာမသီးနှံပရောဂျက်ဝန်ထမ်းက ခရီးသည်များ၏ကလေးများယှဉ်ပြိုင်နေသောအဖွဲ့နှစ်ဖွဲ့ကိုညွှန်ပြသည်။ သူတို့ကိုအားပေးနေသောခရီးသည်မိဘများလည်းရှိသည်။

သူတို့ဘေးတွင် စာတမ်းချိတ်ထား၏:

'ယုန်လေးများ မုန်လာဥဆွဲပြိုင်ပွဲ'

'အနိုင်ရသည့်အဖွဲ့က ယုန်ရုပ်ဆုရမည်!'

တစ်ဖွဲ့တွင် ကလေး ၈ ယောက်ပါသည်။ တစ်ယောက်ချင်းက မုန်လာဥအရွက်များကိုကိုင်ပြီး ဆွဲနှုတ်ကြ၏။

ကလေးများက အားကုန်သုံးသော်လည်း နှစ်မီတာနီးပါးရှိသောမုန်လာဥက မြေကြီးထဲမြုပ်ဝင်နေပြီး ဆွဲနှုတ်ရခက်သည်။

ဘေးတွင်မိဘများက စိတ်ဝင်တစားကြည့်နေကြသည်။ ပထမအချက်၊ သူတို့ကလေးများပျော်နေသောကြောင့်ဖြစ်ပြီး ဒုတိယအချက်၊ သူတို့အမှတ်တရများထဲနစ်ဝင်နေသောကြောင့်ပင်။

"အင်း.. စတုတ္ထတန်းပုံနှိပ်စာအုပ်ထဲမှာ ယုန်က မုန်လာဥဆွဲနှုတ်တဲ့နတ်သမီးပုံပြင်ပါတယ်... အဲဒါ ကလေးအိပ်ရာဝင်ပုံပြင်လို့ပဲထင်ခဲ့တာ''

"ငါလည်း အဲလိုထင်တာ... အရင်က ငါအလိမ်ခံရတယ်... အခု ငါ့ကလေးလည်း အလိမ်ခံရတယ်''

"လိမ်တာပဲလေ... ရှောင်ချင်သာ ဒီလိုဧရာမသီးနှံကြီးတွေမဖန်တီးခဲ့ရင် အဲလောက်ကြီးတဲ့မုန်လာဥရှိမလား?''

နောက်ထပ် စိတ်ဝင်စားစရာပွဲတစ်ခုပင်။

သို့သော် ကလေးများအတွက်သာ သင့်တော်သည်။ ကလေးများက မုန်လာဥကိုအကြာကြီးဆွဲနှုတ်ရသည်။

ချင်လင်ကစိတ်ဝင်စားပြီး အမှတ်တမဲ့ဖုန်းထုတ်ကာ ဗီဒီယိုရိုက်၍ ကျောက်မိုချင်းဆီပို့လိုက်သည်။

ထို့နောက် မွေးမြူရေးခြံထဲသွား၏။

ခြံထဲတွင် ခပ်ပုပု၊နားရွက်ကြီးကြီးနှင့်ဆင်ပျော်များက လွတ်လွတ်လပ်လပ်လျှောက်သွားနေကြသည်။ ခရီးသည်နှင့်ကြုံလျှင် ရယ်ရအောင်လုပ်ပြသည်။

အစက ဆင်ပျော်များကိုခြံဝင်းနှင့်ထားခဲ့သော်လည်း အချိန်အတော်ကြာကြာစောင့်ကြည့်ပြီးနောက် ဆင်ပျော်များမှာ လူယဉ်ကြောင်း၊အန္တရာယ်မပြုတတ်ကြောင်းတွေ့ရပြီး ခြံဝင်းနှင့်မထားတော့ဘဲ လွှတ်ပေးလိုက်သည်။

ထိုသို့စောင့်ကြည့်ခြင်းကို ကျွမ်းကျင်သူများအဖွဲ့ကဆောင်ရွက်သည်။

ချင်လင်က ဦးထုပ်ဆောင်း၊နှာခေါင်းစည်းတပ်ထားသောကြောင့် ခရီးသည်များ သူ့ကိုမမှတ်မိကြ။ ဆင်ပျော်များကမူ မှတ်မိပုံရပြီး သူ့နားတစ်ကောင်ချင်းကပ်လာကာ ချစ်စရာပုံလုပ်ပြသည်။

ထိုအချိန် ဝန်ကြီးလုထံမှဖုန်းဝင်လာသည်။

သူဖုန်းဆက်ရင် တစ်ခုခုတော့ တစ်ခုခု...

သူဖုန်းကိုင်လိုက်သောအခါ ဝန်ကြီးလုအသံထွက်လာသည်_

"သူဌေးချင်.. မင်းရဲ့အပန်းဖြေစံအိမ်ကို ငါရောက်နေပြီ... မင်းအတွက်အံ့ဩစရာတစ်ခုရှိတယ်''

ဒီပုဂ္ဂိုလ်က အသံမပေးဘာမပေး စံအိမ်ရောက်နေသောကြောင့် ချင်လင်အံ့ဩသွားသည်။

နောက်ပြီး သူကအံ့ဩစရာရှိတယ်ဆိုမှတော့ အံ့ဩစရာဖြစ်မှာပေါ့?

သူကချက်ချင်း ချင်းလင်အပန်းဖြေစံအိမ်ပြန်သည်။ စံအိမ်ဧည့်ခန်းထဲရောက်သောအခါ ဝန်ကြီးလုနှင့်တော်ဝင်ပညာဖန်းစကားပြောနေသည်ကိုတွေ့ရသည်။

သူ့ဘေးတွင် နောက်ထပ်လူတစ်ယောက်ရှိပြီး ထိုလူခြေထောက်နားတွင် သေတ္တာတစ်လုံးချထားသည်။

ဝန်ကြီးလုက သူ့ကိုမြင်မြင်ချင်း_

"သူဌေးချင်.. လာ.. မင်းကိုကောင်းတာလေးပြမယ်!''

ထို့နောက် သူ့ဘေးမှလူကိုသေတ္တာယူခိုင်းပြီး တော်ဝင်ပညာရှင်ဖန်းအခန်းထဲခေါ်လာသည်။

တော်ဝင်ပညာရှင်ဖန်းအခန်းထဲရောက်သောအခါ ဝန်ကြီးလုက သေတ္တာဖွင့်ခိုင်းသည်။ အထဲတွင် ပိတ်စနှစ်စရှိနေသည်။

ချင်လင်က ပိတ်စနှစ်စကိုကြည့်ရင်း တစ်ခုခုတွေးမိပုံရသည်။

ဒါမှင်စာလက်အိတ်ရဲ့ဖိုက်ဘာသားကနေလုပ်ထားတဲ့နည်းပညာမလား?

"သူဌေးချင်.. ဒီပိတ်စနှစ်စက ပါမောက္ခဝမ်ဖန်တီးထားတဲ့အထူးဖိုက်ဘာနည်းပညာနဲ့လုပ်ထားတာပဲ''

ဝန်ကြီးလုက ချက်ချင်းအတည်ပြုပေးသည်_

"အဲဒါကို အထူးကျည်ကာနည်းပညာနဲ့ပေါင်းစပ်ထားတာ... ဒီတိုက်*ပွဲဝတ်စုံကို အားဖြည့်ဆေးရည်သုံးထားတဲ့စ*စ်သားတွေဝတ်ရင် ဘယ်လောက်ထိရောက်လဲ မင်းသိမှာမဟုတ်ဘူး''

ဝန်ကြီးလုကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး ချင်လင်ကိုဗီဒီယိုတစ်ပုဒ်ပြသည်။

ချင်လင်က ဗီဒီယိုကြည့်ပြီး နည်းနည်းအံ့ဩသွားသည်။ သေတ္တာထဲတွင်ရှိနေသောတိုက်*ပွဲဝတ်စုံနှင့်စ*စ်သားတစ်ယောက်ကို ဆက်တိုက်ပစ်*ခတ်နေကြောင်း သူတွေ့ရသည်။ နောက်ဆုံး သူကဘာမှမဖြစ်သလိုနှင့်ထလာ၏။

ထိုစ*စ်သားမှာ အားဖြည့်ဆေးရည်သောက်ထားသည်ဆိုသော်လည်း တကယ်အံ့ဩစရာကောင်းသည်။

ဒီဝတ်စုံဝတ်ထားရင် ခေါင်းကိုမမှန်သရွေ့အထိအခိုက်မရှိနိုင်။ ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာရေပူစမ်းရှိသောကြောင့် ဘယ်လိုထိခိုက်ဒဏ်ရာမျိုးမဆို အမြန်ဆုံးပြန်ကောင်းနိုင်သည်။

သူမတတ်နိုင်ရင် ဂိမ်းထဲကရေပူစမ်းထဲမှာပုန်းနေလိုက်ရုံပင်။

"သူဌေးချင်.. ကျွမ်းလုံနဲ့လီရှန်ရော?''

ဝန်ကြီးလုကမေးပြန်သည်_

"အဲဒီနှစ်ယောက်ကိုဝတ်ပေးလိုက်ရင် သူတို့အားအင်အကုန်ထွက်လာပြီး အစွမ်းတွေတောင်ရှိလာနိုင်တယ်!''

ကျွမ်းလုံနှင့်လီရှန်မှာ အားဖြည့်ဆေးရည်သောက်ထားသောအထူးစ*စ်သည်များဖြစ်ပြီး ချင်းလင်အပန်းဖြေစံအိမ်သို့ ဝန်ကြီးလုပို့ထားခြင်းဖြစ်သည်။

သူတို့နှစ်ဦးရောက်ရောက်ချင်း ဂျပန်နိုင်ငံမှနံပါတ်တစ်လုပ်ကြံရေးသမား Yamamoto ကိုဖမ်းဆီးပေးခဲ့သည်။

အဲဒီနောက်ပိုင်း ချင်းလင်အပန်းဖြေစံအိမ်တွင်စာရင်းသွင်းပြီး လုံခြုံရေးဝန်ထမ်းများဖြစ်လာ၏။ သူတို့က လူကြားထဲရောနှောနေထိုင်ကာ မာဟုန်ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ကြသည်။

မကြာမီ ကျွမ်းလုံနှင့်လီရှန်ရောက်လာသည်။ သူတို့ရောက်ရောက်ချင်း ဝန်ကြီးလုက_

"ဒီဝတ်စုံနှစ်စုံကိုဝတ်ကြည့်ပါ''

ကျွမ်းလုံနှင့်လီရှန်က ဝန်ကြီးလုနှင့်သိပြီးဖြစ်သောကြောင့် ချက်ချင်းခေါင်းညိမ့်ပြီး တိုက်*ပွဲဝတ်စုံနှစ်စုံကိုဝတ်လိုက်ကြသည်။

တိုက်*ပွဲဝတ်စုံက အလွန်ကြပ်ပြီး ဝတ်စုံတွင်ခေါင်းစွပ်ပါသောကြောင့် သူတို့နှစ်ယောက်အံ့ဩသွားသည်။

နှာခေါင်းစည်းတပ်လိုက်သောအခါ ဓားပြလိုလိုဘာလိုလိုဖြစ်သွား၏။

သို့သော် အမိန့်အတိုင်း ခေါင်းစွပ်ကိုဝတ်လိုက်သေးသည်။

သူတို့ဝတ်ပြီးသောအခါ ဝန်ကြီးလုဘေးမှလူက သူတို့ခါးပတ်ကိုဖိလိုက်သည်။

တခဏချင်း ကျွမ်လုံနှင့်လီရှန်၏ဝတ်စုံက အရောင်ပြောင်းသွားသည်ကို ချင်လင်တွေ့ရသည်။

အနီးကပ်ကြည့်လျှင်မြင်ရသေးသော်လည်း ခပ်ဝေးဝေးမှကြည့်လျှင် သူတို့နှစ်ယောက်ဘယ်မှာမှန်းမသိရ၊ ပျောက်နေသည်။

အကယ်၍ ပတ်ဝန်းကျင်သာရှုပ်ထွေးနေရင် ပိုပြောရခက်မည်။

"သူဌေးချင်.. ဒီတိုက်*ပွဲဝတ်စုံကို ပါမောက္ခလီခိုင်ရဲ့အရောင်ပြောင်းပင်က အရောင်ပြောင်းဓာတ်ပစ္စည်းနဲ့လုပ်ထားတာ''

ဝန်ကြီးလုက ထပ်ပြောပြသည်။

တိုက်*ပွဲဝတ်စုံအဖြစ်ဖန်တီးထား၍ လုံးဝမမြင်ရခြင်းမဟုတ်သော်လည်း ကင်မရာအလုပ်မဖြစ်နိုင်။ တစ်ခုတော့ သေချာသည်။ ချုံခိုတိုက်ခိုက်ရာမှာဖြစ်ဖြစ်၊ သီးခြားပတ်ဝန်းကျင်တစ်ခုခုမှာဖြစ်ဖြစ်သုံးရင် ဘယ်သူမှစဉ်းစားမိမှာမဟုတ်။

ကျွမ်းလုံနှင့်လီရှန်က အချင်းချင်းတအံ့တဩကြည့်လိုက်ကြသည်။ သူတို့က အမှတ်တမဲ့လှုပ်ရှားကြည့်ရာ ထိုလှုပ်ရှားမှုကြောင့် သူတို့ခန္ဓာကိုယ်အရောင်​ပြောင်းသွားသည်ကို သေချာမြင်ရသည်။

လှုပ်ရှားတိုင်း အရောင်ပြောင်းလဲသွားသည်။

ဒီတိုက်*ပွဲဝတ်စုံက ဘယ်ပတ်ဝန်းကျင်မှာမဆို မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်သည်ဟုဆိုရမည်။

"သူဌေးချင်''

ဝန်ကြီးလုက ဂုဏ်ယူသံနှင့်_

"စဉ်းစားကြည့်... အားဖြည့်ဆေးရည်သုံးထားတဲ့စ*စ်သားတွေကို Optimus Prime နဲ့ Megatron နည်းပညာပေါင်းစပ်လိုက်မယ်ဆိုရင်... သူတို့ကိုတိုက်*ပွဲထဲမှာ ဖြန့်ကျက်ထားလိုက်မယ်ဆိုရင်?''

ထိုစကားကြောင့် ချင်လင်ကြောင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူ့စိတ်ထဲအတွေးတစ်ခုဝင်လာသည်။

နည်းပညာလက်*နက်တွေမသုံးတဲ့အခြေအနေမျိုးမှာဆိုရင် ဒါအနိုင်ကျင့်ရာမကျဘူးလား?

တန်းငိုသွားအောင်လုပ်လို့ရတယ်ဟုတ်?

"သူဌေးချင်.. ဒါတွေအားလုံးက မင်းတို့ချင်းလင်ဓာတ်ခွဲခန်းရဲ့ကျေးဇူးတွေပဲ''

ဝန်ကြီးလုကပြောသည်_

"ချင်းလင်ဓာတ်ခွဲခန်းကြောင့်သာမဟုတ်ရင် ဒီလိုနည်းပညာမျိုးရလာမှာမဟုတ်ဘူး... ပထမဆုံးအသုတ်မှာ ဒီနှစ်စုံတည်းထုတ်တာ... ဒါကျွမ်းလုံနဲ့လီရှန်ကိုပေးလိုက်မယ်''

ဒါဝန်ကြီးလု ကျေးဇူးဖော်ပြသောနည်းပင်။

ဘာပဲဖြစ်ဖြစ် ပထမဆုံးထုတ်သောပစ္စည်းကို ကိုယ်ရေးကိုယ်တာသုံးရန်ပေးလေ့မရှိ။ အတွင်းရေးဝန်ထမ်းနှင့်စမ်းသပ်အသုံးပြုပြီးမှ လွှဲပေးလေ့ရှိသည်။

သို့သော် အခု ဝန်ကြီးလုက ချင်လင်ကိုအရင်ဆုံးပေးနေပြီ။ ဒီရလဒ်ကို ချင်လင်နှင့်မျှဝေချင်သောကြောင့်ပင်။

ဘာပဲဖြစ်ဖြစ် သူ့အဖို့ သူဌေးချင်ဆီမှရထားသောအံ့ဖွယ်ပစ္စည်းများ၊ နည်းပညာများက ပြောမပြနိုင်အောင်ပင်။

ချင်လင်က တိုက်*ပွဲဝင်ယူနီဖောင်းနှစ်စုံကိုကြည့်ရင်း တစ်ခုတွေးမိသည်။

သူ့အတွက်သူလည်း ဒီလိုဝတ်စုံမျိုးဖန်တီးနိုင်သည်ဟုပင်။ ဘာပဲဖြစ်ဖြစ် သူ့မှာအရောင်ပြောင်းပင်ရှိသောကြောင့် မျိုးစေ့ချန်ထားသည်။

ဂိမ်းထဲမှာအပင်စိုက်၊ ရိတ်သိမ်းပြီး အရောင်ပြောင်းဓာတ်ကိုထုတ်ယူနိုင်သရွေ့ သတ္တုမြို့တော်၊မျိုးစေ့ထုတ်စက်မှာ ရိုးရိုးဖိုက်ဘာထုတ်စက်တိုးလာမည်။ အရောင်းပြောင်းဓာတ်နှင့်ဖိုက်ဘာကိုသုံးပြီး ဒီလိုအရောင်ပြောင်းသည့်ပိတ်စမျိုးရနိုင်သည်။

ဂိမ်းအရည်အသွေးထပ်တိုးလာရင်ရော?

ဒီလိုဆို ပိုအံ့ဩစရာကောင်းမယ်မလား?

ဘယ်လောက်အံ့ဩစရာကောင်းလဲက ထုတ်ကုန်အပေါ်မူတည်သည်။

ထိုအတွေးနှင့် ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းကိုဖုန်းဆက်ပြီး အထူးဖိုက်ဘာတစ်သုတ်ထုတ်ကာ ချင်းလင်အပန်းဖြေစံအိမ်သို့ပို့ခိုင်းလိုက်လေသည်။

All Chapters