← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အခန်း (၉၁) အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း။

"ဆရာတစ်ယောက်အနေနဲ့ ဘာနာမည်ဂုဏ်သတင်းမှလည်း မရှိ၊ ဟိုဘက်ဒီဘက်မှာလည်း ရန်သူတွေနဲ့ ပြည့်နေတဲ့အပြင် ငါကလည်း အခုလို ဒဏ်ရာတွေ ရနေတယ်။ ဒီလို အခြေအနေမျိုးမှာတောင် မင်းအနေနဲ့ အဲဒီလိုမျိုး မြင်မြင်ချင်း အပြန်အလှန် ချစ်မိကြတယ် ဆိုတဲ့ ကောလာဟလတွေကို ဆက်ပြီး ပြောနေဦးမယ်ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ် တူးနေတာနဲ့ အတူတူပဲ။ ဒီနေ့ ငါပြောပြချင်တာတွေကတော့ ဒါပါပဲ..." လီယွင်ဇီက တည်ငြိမ်သယောင်ဖြင့် ပြောပြနေသော်လည်း သူမ၏ စကားသံများတွင် တွေဝေမှုများ ရောယှက်နေ၏။

လီယွင်ဇီ၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို ကျူးမင်လန် နားလည်လိုက်သည်။

"မင်းက ငါ့ကို ယုံကြည်လို့ ဒီအကြောင်းတွေ အကုန်ပြောပြတာပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာလို့ အထင်မှားစရာ စကားလုံးတွေနဲ့ အဆုံးသတ်ခဲ့တာလဲ။ ငါသာ တည့်တိုးဆန်တဲ့ လူစားမျိုးဆိုရင် မင်းက ငါ့ကို လမ်းခွဲချင်နေတယ်လို့တောင် ထင်မိသွားနိုင်တယ်" ကျူးမင်လန်က ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

"မင်း ငါ့ကို လိုအပ်တယ်ဆိုရင် ပြောလိုက်ပါ။ ငါ မနက်ဖြန် ပစ္စည်းတွေ သိမ်းပြီး မင်းဆီကို ပြောင်းလာခဲ့မယ်။ အဲ... ငါဆိုလိုတာက မင်းကို ကာကွယ်ပေးဖို့အတွက် အနီးကပ် ပြောင်းလာခဲ့မယ်လို့ ပြောတာပါ" ကျူးမင်လန်က ဆက်ပြောသည်။

လီယွင်ဇီက ကျူးမင်လန်၏ စိတ်အားထက်သန်မူရှိသော မျက်နှာကို ကြည့်လိုက်ရင်း စိတ်သက်သာရာရသလိုလို၊ အားကိုးရာမဲ့သလိုလို ခံစားလိုက်ရ၏။

သူမ ပြောမထွက်ခဲ့သော စကားများကို ကျူးမင်လန် နားလည်ပေးနိုင်သဖြင့် စိတ်သက် သာရာရသော်လည်း၊ သူမ၏ အနာဂတ်မှာ မသေချာမရေရာလှသဖြင့် ကျူးမင်လန်ကို ဤအရေးကိစ္စတွင် မပါဝင်စေလိုသည်က အမှန်ပင်ဖြစ်သည်။

"မင်းကို ငါ မပြောပြရသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ မင်း သာ ဒီဆုံးဖြတ်ချက်ကို ချလိုက်မယ်ဆိုရင် ဒါက သေခြင်းရှင်ခြင်းနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စ ဖြစ်သွားပြီး၊ ငါ့ကို ကာကွယ်ပေးရုံလောက်နဲ့ ပြီးသွားမယ့် ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး..." လီယွင်ဇီမှာ ခဏတာ တွေဝေသွားပြီးနောက် သူမ၏ အခြားသော အစီအစဉ်များကို ကျူးမင်လန်အား ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ကျူးမင်လန်က ခေါင်းခါလိုက်ပြီး ဆက်လက်နားထောင်လိုစိတ် မရှိကြောင်း ပြသ လိုက်သည်။

"ငါ့ရဲ့အကဲဖြတ်မှုတွေကို ငါ ယုံကြည်တယ်" ကျူးမင်လန်၏ နှုတ်ခမ်းများမှာ ပြုံးရောင် သမ်းသွားပြီး လီယွင်ဇီကို ဂုဏ်ပြုသည့် အနေဖြင့် လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဂုဏ်ပြုအရက်သောက်ကဲ့သို့ အလေးပြုလိုက်သည်။

ဝူထူနယ်မြေတွင် 'ဗယ်လ်ကရီ' (ဧကရီဘုရင်, စစ်နတ်သမီး) ၏ ဂုဏ်ကျက်သရေမှာ တစ်ပြည်လုံးအနှံ့ တောက်ပနေပြီး အရေအတွက် မရေမတွက်နိုင်သော လူတို့က သူမကို သူတို့ယုံကြည်မှု၏ ခေါင်းဆောင်အဖြစ် ကိုးကွယ်ကြသည်။

ကျူးမင်လန်သည် မည်သည့်အရာကိုမျှ ယုံကြည်ခြင်းမရှိခဲ့ပေ။ သူသည် မိမိကိုယ်ကိုသာ ယုံကြည်သူဖြစ်ပြီး လူတစ်ယောက်ကို အကဲဖြတ်နိုင်သည့် မိမိ၏ အရည်အချင်းကိုသာ အမှန်တကယ် ယုံကြည်သည်။

လီယွင်ဇီသည် အဆင့်ဝေးကွာလွန်းပြီး မထိတွေ့နိုင်သောသူ မဟုတ်ပေ။

သူမသည် အသက်ရှင်ပြီး အသက်ရူနေသော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။

လူတို့သည် ကောလာဟလများတွင်သာ အာရုံစိုက်နေကြစဉ် သူကမူ သူမ၏ အမှန်ကန်ဆုံး သော ကိုယ်ရည်ကိုယ်သွေးကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သူမသည် လူတိုင်းကို တန်းတူရည်တူ ဆက်ဆံသည်။

ဤမျှတမှုက သူမအနေဖြင့် အာဏာရှင်များ၊ လူကုံထံများ၏ အလိုကို လိုက်လျောခြင်း မရှိသလို၊ ဆင်းရဲနွမ်းပါးသူများနှင့် အလုပ်သမားထုအပေါ်တွင်လည်း အလွန်အမင်း ရင်းနှီးမှု မရှိခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤရှုပ်ထွေးလှသော နယ်မြေပြင်ပေါ်တွင် ဧကရီဘုရင်မဆိုသည်မှာ သူမတစ်ဦးတည်းသာရှိပြီး လီယွင်ဇီဆိုသည်မှာလည်း တစ်ဦး တည်းသာ ရှိပေသည်။

စစ်သည်ထောင်ပေါင်းများစွာ ရှိနေသော်လည်း သူမတွင် အမှန်တကယ် ယုံကြည်စိတ်ချရ သူမှာ နည်းပါးလှသည်။

လီယွင်ဇီ၏ ခံစားချက်များကို ကျူးမင်လန် နားလည်သည်။ သူမသည် ဤအကြောင်းအရာ များကို သူ့အား ပြောပြခြင်းမှာ သူမ၏ အခက်အခဲကို သိစေပြီး အန္တရာယ်မှ ရှောင်ထွက် သွားစေရန် ပြောပြခြင်းမျှသာ မဟုတ်ဘဲ၊ သူမအနားတွင် အမှန်တကယ် ယုံကြည်စိတ်ချရ သူတစ်ဦး လိုအပ်နေကြောင်း ဖော်ပြခြင်းလည်း ဖြစ်ပေသည်။

ထိုလူမှာ သူကိုယ်တိုင် မဟုတ်ပါလော။

နည်းနည်းပါးပါး အဆင်မပြေမှု ရှိနိုင်သော်လည်း သူသည် သူမကို ဒုက္ခမပေးမည့်လူ၊ သူမ ကို သစ္စာစောင့်သိမည့်လူ၊ သူမယုံကြည်စိတ်ချရသော အဖော်တစ်ယောက် ဖြစ်သည်။

အချစ်သင်္ကေတလက်ဆောင်များ ပေးအပ်နေမည့်အစား အနီးကပ် ကာကွယ်ပေးခြင်းမှာ ပို၍ သင့်တော်ပေလိမ့်မည်။

ရိုးရိုးသားသားပြောရလျှင် ကျူးမင်လန်အနေဖြင့် သူမဘေးရှိ ကြံ့ခိုင်သန်စွမ်းပြီး သစ္စာရှိ သည်ဟု ထင်ရသော အစောင့်များကို မယုံကြည်ပေ။ အထူးသဖြင့် သူမ ဒဏ်ရာရနေပြီး အကျပ်အတည်းကာလတွင် အားနည်းနေချိန်၌ ပို၍ပင် မယုံကြည်နိုင်ပေ။

"ကျေးဇူးတင်ပါတယ်" လီယွင်ဇီက ပြောလိုက်ပြီး နောက်ထပ် အငြင်းပွားမှုများ မလုပ်တော့ပေ။

အပြန်အလှန် နားလည်မှုရှိခြင်းမှာ သူတို့နှစ်ဦးအကြား တိတ်တဆိတ် သဘောတူညီမှု ရရှိသွားခြင်းပင် ဖြစ်သည်။

ထို့အပြင် လီယွင်ဇီအနေဖြင့် ကျူးမင်လန်နှင့် စကားပြောလိုသည့် အကြောင်းရင်းမှာလည်း သူတို့၏ အခြေအနေအရ သူမဘေးတွင် ခေတ္တရှိနေပေးစေလိုသောကြောင့်ဖြစ်သည်။

အကယ်၍ သူသာ နားမလည်ခဲ့ပါက သို့မဟုတ် ရှေ့တွင်ရှိသော အခက်အခဲများနှင့် အန္တရာယ်များကြောင့် ကြောက်ရွံ့သွားခဲ့ပါက၊ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ရှေ့ဆက်စရာ အကြောင်းမရှိတော့ပေ။ လီယွင်ဇီအနေဖြင့်လည်း အနာဂတ်တွင် အလားအလာရှိသော နဂါးထိန်းတစ်ဦးကို သူမ၏ ဒုက္ခတွင်းထဲသို့ ဆွဲခေါ်လာလိုခြင်းလည်း မရှိပေ။

‘ဧကရီဘုရင်မ၏ ကျော်ကြားသော နာမတော်ကို ငါတစ်ယောက်တည်း ကာကွယ်ပေးမည်' ဟူသော စကားကို ကျူးမင်လန် ပြောခဲ့ဖူးသော်လည်း ဤသို့ အမှန်တကယ် ဖြစ်လာလိမ့် မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဟုတ်ပါတယ်၊ ကျူးမင်လန်အနေဖြင့် ဤဆုံးဖြတ်ချက်ကို ချလိုက်ပြီးနောက်တွင် ရှေ့ဆက် မည့် လုပ်ဆောင်ချက်များ၌ ပို၍ သတိထားရတော့မည်ကိုလည်း နားလည်ထားသည်။ သူမ ပြောခဲ့သည့်စကားများမှာ သူ့ကို ကြောက်ရွံ့သွားစေရန် ပြောခဲ့ခြင်း မဟုတ်ပေ။

"ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းတစ်ခုသာ ရှိပြီး ဒုက္ခရောက်ချိန်မှာ အတူတူ ရှိမနေဘူးဆိုရင် နောက်ဆုံးမှာတော့ ခေတ္တခဏသာ တွဲနေကြတဲ့ ရွှေငန်းစုံတွဲလိုပဲ ဖြစ်လိမ့်မယ်... အဲ... ငါဆိုလိုတာက ဟန်ဆောင်ခြင်း၊ လူကြီးလူကောင်းဆန်ဆန် သူငယ်ချင်းအဖြစ် ဟန်ဆောင်ခြင်းမျိုးကို ပြောတာပါ" ကျူးမင်လန်က ပြောလိုက်သည်။

"နန်လင်းရှာနဲ့ ဝေးဝေးမှာ နေပါ" လီယွင်ဇီက နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက် သည်။

"ကောင်းပါပြီ။"

ကျူးမင်လန် ခေါင်းညိတ်လိုက်သည်။ သူသည် သူ့လက်ချောင်းလေးချောင်းကို မြှောက်ကာ ကောင်းကင်ဘုံကို ရည်ရွယ်၍ ကျိန်ဆိုရန်ပင် အသင့်ဖြစ်နေသည်။ သူ ဤခယ်မတော်လေး နှင့် လုံးဝ အဆက်အသွယ်ဖြတ်မည် ဖြစ်ပြီး သူမ၏ ရုပ်သွင်နှင့် တူညီမှုအပေါ် ခိုကိုးလိုစိတ် လုံးဝမရှိကြောင်း ကျိန်ဆိုမိတော့မလိုပင်။

လီနန်းတော် အပြင်ဘက်သို့ ခြေချလိုက်သည့်အခါ ကျူးမင်လန်၏ မျက်နှာထားမှာ ပို၍ တည်ကြည်လေးနက်သွားသည်။ သူသည် ဘဝကို ပင်ပန်းစွာ ဖြတ်သန်းနေရပြီး ပိုးမွေးခြင်း ဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုနေရသော်လည်း၊ ကြီးမားသော အခြေအနေ အရပ်ရပ် ကို မသိနားမလည်သူ မဟုတ်ပေ။

လီယွင်ဇီမှာ အန္တရာယ်ကြီးမားသည့် အနေအထားတွင် ရှိနေသည်။ သူမသည် အုပ်စုပေါင်း များစွာ၏ မကျေနပ်ချက်များကြောင့် အချိန်မရွေး ဖြုတ်ချခံရနိုင်ပြီး၊ ထိုသို့ဖြစ်လာပါက သူမ၏ ကံကြမ္မာမှာ ပို၍ပင် ကြေကွဲဖွယ်ကောင်းလိမ့်မည်။ သူ၏ လက်ရှိ အင်အားနှင့် အဆင့်အတန်းမှာလည်း ထိုအခြေအနေများကို ပြောင်းလဲပစ်ရန် မလုံလောက်သေးပေ။

သူမသည် အမှန်တကယ်ပင် အန္တရာယ်များသည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေ ခြင်းလော၊ သို့မဟုတ် နောက်ကွယ်မှနေ၍ ဗျူဟာများကို စီမံနေခြင်းလော။ အရာအားလုံး မှာ အလွန်ပင် အရေးတကြီး ဖြစ်နေသည်။

အကယ်၍သာ ဘိုးဘေးနဂါး မြို့တော်၏ ခေါင်းဆောင်အဖြစ် ပို၍အချိန်ရခဲ့ပါက မဖြစ်နိုင် သည် မဟုတ်ပေ။ အဖြူလေး၏ ကြီးထွားနှုန်းမှာ သူထင်ထားသည်ထက်ပင် ပို၍ပင် မြန်ဆန်နေသည်။

သို့သော် လီယွင်ဇီကို အမှန်တကယ် လိုက်လံနှောင့်ယှက်နေသူက အတိအကျ မည်သူ နည်း။ သူမသည် အောင်ပွဲများစွာ ရရှိခဲ့သော်လည်း အဘယ်ကြောင့် စိုးရိမ်ပူပန်နေရသ နည်း။

သူမသည် သူမနိုင်ငံကို အမြန်ဆုံး တည်ထောင်ရန် အလွန်ပင် အလျင်စလို ဖြစ်နေသည်။ အကြောင်းမှာ ၎င်းက သူမကို လုံခြုံမှု အနည်းငယ်မျှ ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

သူမအပေါ် ကျရောက်နေသည့် ဖိအားများမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလောက် သည်။

ဟုတ်ပါတယ်၊ အရာအားလုံးမှာ အဆိုးချည်းတော့ မဟုတ်ပေ။ ‘စစ်သည်ထောင်ပေါင်းများ စွာ ရှိနေသော်လည်း အမှန်တကယ် ယုံကြည်စိတ်ချရသူမှာ နည်းပါးလှသည်' ဟူသော စကားကို တွေးမိသည့်အခါ ကျူးမင်လန်မှာ ဂုဏ်ယူမိသလို ခံစားလိုက်ရသည်။

လီယွင်ဇီ၏ စိတ်ထဲတွင် သူသည် အမြဲတစေ အားကိုးရသူတစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါ လော။

သာမန်ရိုးရှင်းသော အသွင်အပြင်အောက်မှ သူ၏ အမှန်တကယ် စရိုက်ကို မြင်တွေ့နိုင်ခဲ့ သော သူ၏ချစ်ဇနီးမှာ ကျောက်မျက်ရတနာများကို ကောင်းစွာ အကဲဖြတ်နိုင်သည့် မျက်လုံးအမြင်မျိုး ရှိပေသည်။

အခက်အခဲများကို အတူတူ ကျော်ဖြတ်ပြီး စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲတွင် တူနှစ်ကိုယ် ပေါင်းဖက်ရမည့် ဘဝကို မျှော်လင့်ရခြင်းမှာ ပျင်းရိဖွယ်ကောင်းသော ဘဝတစ်ခုကနေ ရုတ်တရက် မမျှော်လင့်ထားသည့် စိတ်ကူးယဉ်ဆန်သော ဘဝတစ်ခုအဖြစ် ပြောင်းလဲသွား မျိုး ဖြစ်စေသည်။

ခြံဝင်းအတွင်းတွင် ဖရော့စ်မှာ ပါးလွှာသော ကန့်လန့်ကာနောက်မှ ထွက်လာပြီး ကျူးမင်လန်၏ ကျောခိုင်း၍ ထွက်ခွာသွားသော ပုံရိပ်ကို ငေးမောကြည့်ရှုနေသည်။ သူ လုံးဝ ပျောက်ကွယ်သွားမှသာလျှင် အသစ်ဖျော်ထားသော လက်ဖက်ရည်နွေးကို ယူဆောင် လာခဲ့သည်။

"သခင်မလေး၊ သမက်တော်က နူးညံ့ပြီး ချဉ်းကပ်ရလွယ်ကူတဲ့လူ ဖြစ်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ သူက အနည်းငယ် နူးညံ့ပြီး ပေါ့ပေါ့တန်တန် ပုံစံပေါက်ပေမဲ့ တာဝန်ယူ မှုရှိပြီး ရဲစွမ်းသတ္တိလည်း ရှိနေတာပဲ။ ရိုးရိုးသာမန် လူသားတစ်ယောက်လို မထင်ရဘူး..." ဖရော့စ်က လီယွင်ဇီကို တိုးတိုးလေး ပြောလိုက်သည်။

လီယွင်ဇီသည် သူမ၏အစေခံမလေးကို မော့ကြည့်လိုက်၏။ ဖရော့စ်သည် သူမ ပြောလိုက်သော စကား၏ အဓိပ္ပာယ်ကို မူလက မရိပ်မိခဲ့သော်လည်း၊ ကျူးမင်လန်ကို ရည်ညွှန်းပြောဆိုမိမှန်း သတိရသွားချိန်တွင် သူမ၏ ပါးပြင်များမှာ နီရဲသွားပြီး "ကျွန်မ ပြောတာ လွန်သွားပါတယ်။ ကျွန်မ မှားသွားမှန်း သိပါတယ်" အမြန်တောင်းပန်လိုက် သည်။

အပြောလွန်သွားတယ် ဟုတ်လား…..။ ဒါဆိုရင် ဒီမိန်းကလေးက တကယ်ပဲ အဲဒီလို ထင်နေတာပေါ့……။

လီယွင်ဇီက လက်ကို ဝှေ့ယမ်းကာ သူမကို ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် မျက်လုံး များကို မှိတ်ကာ ပန်းပွင့်များ ကြွေကျသံကဲ့သို့ တိတ်ဆိတ်သော မိုးရွာသံကို နားထောင်ရင်း အနားယူလိုက်သည်။

သူမ ဤအန္တရာယ်ကပ်ဘေးကို ကျော်ဖြတ်နိုင်မလား ဆိုသည်မှာ မသေချာသေးပေ။ လီယွင်ဇီ၏ စိတ်ထဲတွင် နူးညံ့သော ခံစားချက်များ ပေါ်ပေါက်လာလျှင်ပင် လက်ရှိ အခြေ အနေများက ထိုခံစားချက်များကို ချက်ချင်းပင် ဖုံးလွှမ်းသွားလိမ့်မည် ဖြစ်သည်။

လီနန်းတော်၏ ပင်မခြံဝင်းအတွင်း။ နန်လင်းရှာသည် ပုလဲသစ်သားခန်းမ ရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။ ခန်းမအတွင်း ဂုဏ်ပြုခံနေရာတွင် ထိုင်နေသည့် လီရင်းမှလွဲ၍ အခြားမည်သူမျှ မရှိပေ။

"အစောင့်တွေ မရှိဘူးလား" လီရင်းက အနည်းငယ် အံ့ဩစွာ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်၊ သူမက ကျူးမင်လန်နဲ့ လက်ဖက်ရည် သောက်နေပါတယ်" နန်လင်းရှာက ပြောသည်။

"ဒါ မဖြစ်နိုင်ပါဘူး။ သူမ ဒဏ်ရာ အကြီးအကျယ် ရထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေ တယ်။ သူမဘေးမှာ အစောင့်အရှောက် တစ်ယောက်မှ မပါဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီရင်းက အနည်းငယ် နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

"အဖေ၊ အဖေကိုယ်တိုင်ရော ထာဝရမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ လီယွင်ဇီရဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ထားတာမျိုး ရှိနေလား" နန်လင်းရှာက မေးသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူမက မျိုးနွယ်စုဆီကနေ အာဏာကို အမြဲတစေ သိမ်းယူ နေပြီး မျိုးနွယ်စုဦးစီးခေါင်းဆောင် အဖေဖြစ်တဲ့ ငါ့ကိုတောင် ဂရုမစိုက်ဘဲ မိုက်ရူးရဲဆန်စွာ လုပ်ဆောင်နေပေမဲ့၊ သူမက ငါ့သမီးပဲလေ။ ငါ ဘယ်လိုလုပ်ပြီး ဒီလို ရက်စက်တဲ့ အပြုအမူ မျိုးကို လုပ်ရက်မှာလဲ" လီရင်းက ဒေါသတကြီး ပြောသည်။

"ဒါဆိုရင် ဘယ်သူ လုပ်တာလဲ။ သမီးတို့ မိသားစုပဲ သိနိုင်တဲ့ ကိစ္စတွေ ရှိနေတယ်... အခု လီယွင်ဇီက သူမစိတ်တွေ လွတ်သွားသလိုမျိုးပဲ အမြဲတမ်း အာဏာကို လိုချင်ပြီး စစ်တပ် တွေကို စုဆောင်းနေတယ်။ သူမ လက်စားချေဖို့ ကြိုးစားနေတာ မဟုတ်ရင် ဘာလုပ်နေ တာလဲ" နန်လင်းရှာက နားမလည်နိုင်စွာ ပြောလိုက်သည်။

"သမီး တစ်ချက်တော့ နားလည်ထားဖို့ လိုတယ်။ အဖေက ဘိုးဘေးနဂါး မြို့တော်မှာ တည်ငြိမ်မှုပဲ လိုချင်တာ။ ယွင်ဇီနဲ့ အဖေ့ရဲ့ခံယူချက်တွေက ကွာခြားနေပြီး အဖေက သူမနဲ့ ပွင့်ပွင့်လင်းလင်းပဲ ရင်ဆိုင်မှာပါ" လီရင်းက အနည်းငယ် စိတ်အေးဟန်ဖြင့် ပြောသည်။

နန်လင်းရှာ ထပ်မမေးတော့ပေ။ သူမက ဦးညွှတ်လိုက်ပြီး ထွက်ခွာသွားရန် ပြင်ဆင်လိုက် သည်။

"မိုးရွာတော့မယ်၊ မိုးကာအင်္ကျီ ဝတ်သွားပါ" လီရင်းက လှမ်းခေါ်လိုက်သည်။

"သမီး ထမ်းစင် ယူသွားပါ့မယ်"

"ငါလူလွှတ်ပြီး ထမ်းစင် ယူခိုင်းလိုက်မယ်၊ ဒီမှာ ခဏစောင့်နေပါ" လီရင်းက ပြောသည်။

"သမီး မြစ်ကမ်းနားက မီးအိမ်ပွဲတော်ကို ကြည့်ချင်တယ်"

"ဟေ့… လာကြစမ်း….၊ မြစ်ကမ်းလမ်းကို သန့်ရှင်းပေးဖို့ လမ်းသန့်ရှင်းရေးသမားတွေကို သွားအမိန့်ပေးလိုက်စမ်း" လီရင်းက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

All Chapters