← Chapters

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း ၁၄၅၃: အားလုံးရဲ့မျှော်လင့်ချက်! ၂

တချို့သတင်းထောက်များက သူဌေးများကိုအင်တာဗျူးရန်သက်သက်လာခြင်းဖြစ်ပြီး တချို့ကမူ နိုင်ငံ့အကျိုးဆောင်သူရဲကောင်းများ၏မိသားစုဝင်များကိုအင်တာဗျူးကြသည်။

လက်တစ်ဖက်နှင့်သက်လတ်ပိုင်းလူ၏မိသားစုကို သတင်းထောက်တစ်ယောက်ချဉ်းကပ်လာသည်။

"အနှောင့်အယှက်ပေးရတာ အားနာပါတယ်... ကျွန်တော်က ချင်းကျွမ်သတင်းရဲ့သတင်းထောက်ပါ... အင်တာဗျူးလို့ရမလားဗျ?''

သတင်းထောက်က အနားရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်ကာ မေးသည်_

"ကင်ဆာလက်ဖက်ခြောက်လက်တွေ့စမ်းသပ်ချက်ကိုခံယူခဲ့တာလား?''

ထိုအမေးကြောင့် လက်တစ်ဖက်နှင့်လူက ခေါင်းညိမ့်ပြီးစိတ်လှုပ်ရှားသံနှင့်_

"ဟုတ်တယ်... ကျွန်တော့်သမီးက လက်တွေ့စမ်းသပ်ချက်ခံယူခဲ့တယ်... အခုသူ့ကင်ဆာက လုံးဝပြန်ကောင်းသွားပြီ... နိုင်ငံတော်ကိုကျေးဇူးတင်ပါတယ်... တရုတ်ပြည်သူ့ဆေးရုံကိုကျေးဇူးတင်ပါတယ်... ချင်းလင်ဓာတ်ခွဲခန်းကိုကျေးဇူးတင်ပါတယ်... တော်ဝင်ပညာရှင်ချင်ကိုကျေးဇူးတင်ပါတယ်!''

လက်တစ်ဖက်နှင့်လူ၏စိတ်လှုပ်ရှားနေပုံ၊ ကျေးဇူးတင်နေပုံကို သတင်းထောက်များသိသိသာသာခံစားရသည်။ ကင်ဆာရောဂါမှာ လူပေါင်းများစွာကိုစိတ်ပျက်အားငယ်စေသည့်ရောဂါဆိုးတစ်ခုဖြစ်သောကြောင့် သူတို့ကိုယ်တိုင်ထပ်တူခံစားမိကြသည်။

ရောဂါဘယ်လောက်ကြောက်စရာကောင်းမှန်း လူတိုင်းသိသောကြောင့် သူတို့မိသားစုဝင်များကိုမဖြစ်စေချင်ကြ။

သတင်းထောက်က လက်တစ်ဖက်နှင့်လူကိုကြည့်ပြီး စူးစမ်းမေးလိုက်သည်_

"လူကြီးမင်း.. ကျွန်တော်သိသလောက်တော့ ချင်းလင်ဓာတ်ခွဲခန်းနဲ့တရုတ်ပြည်သူ့ဆေးရုံက နိုင်ငံ့အကျိုးဆောင်မိသားစုဝင်တွေအတွက် လက်တွေ့စမ်းသပ်ချက်ကိုပူးပေါင်းလုပ်ဆောင်တယ်လို့ကြားပါတယ်... ခင်ဗျားလည်း သူရဲကောင်းပဲဖြစ်ရမယ်... ဘယ်လိုဖြစ်ခဲ့တာလဲ ပြောပြနိုင်မလား?''

ထိုစကားကြောင့် လက်တစ်ဖက်နှင့်လူ၏မျက်လုံးများတွင် အတိတ်ကိုပြန်ပြောင်းသတိရသွားပုံပေါ်သည်_

"ကျွန်တော်က မီးသတ်သမားပါ... မီးသတ်ရင်း လက်တစ်ဖက်ဆုံးရှုံးခဲ့တယ်ဆိုပေမဲ့ နောင်တမရပါဘူး... လက်ဆုံးရှုံးပြီး လူအယောက် ၃၀ ကျော်ကယ်နိုင်ခဲ့ပါတယ်... ပြီးတော့ အထက်လူတွေက ကျွန်တော့်ကိုမမေ့ခဲ့ပါဘူး... အဲဒါကြောင့် ကျွန်တော့်သမီးရဲ့ကင်ဆာနောက်ဆုံးအဆင့်ကိုအခမဲ့ကုသခွင့်ရပြီး ရောဂါပျောက်ကင်းသွားတာပေါ့''

လက်တစ်ဖက်နှင့်လူ၏စကားက ရိုးသားပွင့်လင်းသောကြောင့် သတင်းထောက်များလေးစားမိသည်။ လက်တစ်ဖက်နှင့်လူတစ်ယောက်ကိုကယ်ခဲ့သည်ထင်သော်လည်း လူအယောက် ၃၀ ကျော်တောင်ကယ်နိုင်ခဲ့သည်ဟုမထင်မိ။

သူ့ကိုသူရဲကောင်းမဟုတ်ဘူးလို့ ဘယ်သူပြောမလဲ?

ဒီအတွက် သူ့သမီးက ကင်ဆာလက်တွေ့စမ်းသပ်ချက်ကိုအရင်ဆုံးကုသခွင့်ရခဲ့သည်။

ဒီအခွင့်အရေးက သူနဲ့မထိုက်တန်ဘူးလို့ရော ဘယ်သူပြောမလဲ?

သတင်းထောက်များ၏အင်တာဗျူးကြောင့် ထိုကင်ဆာနောက်ဆုံးအဆင့်လူနာများ၏လက်တွေ့စမ်းသပ်ချက်အောင်မြင်သောသတင်းကို မကြာမီထုတ်လွှင့်နိုင်သည်။

လိုင်းပေါ်တွင် တခဏချင်း အုတ်အော်သောင်းတင်းဖြစ်သွား၏။ အတော်များများက ဒီကိစ္စကိုမေ့လုနီးနီးဖြစ်နေကြပြီ။ ဒီသတင်းပြန်တက်လာသောအခါ တန်းပေါက်သွားသည်။

ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တွင် ကင်ဆာနောက်ဆုံးအဆင့်လူနာများကိုခြွင်းချက်မရှိကုသနိုင်ခဲ့ပြီ။

လက်ဖက်ပင်ကိုပျိုးထောင်နိုင်သရွေ့ကင်ဆာလူနာအားလုံးကုသနိုင်ပြီဟူသောအဓိပ္ပါယ်လည်းဖြစ်သည်။ အထူးသဖြင့် ကင်ဆာမရှိသူများအတွက်လည်း အာမခံချက်ရှိသည်။

ဘာပဲဖြစ်ဖြစ် ဒီလိုအာမခံချက်မျိုးရှိတာ မပျော်ဘဲနေမလား? စိတ်မအေးတဲ့သူရှိမလား?

အသက်အန္တရာယ်ရှိသောရောဂါက သာမန်အအေးမိရုံလောက်ဖြစ်လာမည်။

မင်စီရင်စုတွင်အကြီးဆုံးကင်ဆာဆေးရုံမှာ မင်စီရင်စုနံပါတ်တစ်ကင်ဆာဆေးရုံဖြစ်သည်။

အစိုးရကင်ဆာဆေးရုံပင်။

ဆေးရုံဒါရိုက်တာဖူချန်းထင်မှာ အလွန်ကြင်နာတတ်သောအမျိုးသမီးတစ်ဦးဖြစ်သည်။

အပြင်လူများက ဆေးရုံများ၊ဆရာဝန်များမှာ လူနာကိုအမြဲနှိမ့်ချဆက်ဆံပြီး တံစိုးလက်ဆောင်များယူကြသည်ဟုပြောဆိုဝေဖန်နေကြသော်လည်း ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ လူနာများအတွက်ပေးဆပ်ကူညီလိုသူများလည်း ရှိစမြဲပင်။

ထိုသူများက ဆရာဝန်ဆိုသောအသက်မွေးဝမ်းကြောင်းနှင့်ဖြူစင်သည်ဟူသောဂုဏ်အတိုင်းနေထိုင်ကြသည်။

ဖူချန်းထင် ဇဝေဇဝါဖြစ်နေသည်။ သူမက ဖုန်းထုတ်ပြီး လိုင်းပေါ်မှသတင်းများကိုကြည့်လိုက်သည်။ လိုင်းပေါ်တွင်ရေပန်းစားနေသောသတင်းများက အကြောင်းအရာတစ်ခုတည်းဖြစ်နေသည်:

'ကင်ဆာလက်ဖက်လက်တွေ့စမ်းသပ်ချက်အောင်မြင်ပြီ!'

'Carlton တို့သူဌေးတွေ နောက်ဆုံးအဆင့်ကင်ဆာကိုအောင်အောင်မြင်မြင်ကုသပြီး ဆေးရုံဆင်းသွားကြပြီ!'

'ကင်ဆာနောက်ဆုံးအဆင့်က ကြောက်စရာမဟုတ်တော့!'

'ကျေးဇူးတင်ပါတယ် တော်ဝင်ပညာရှင်ချင်... ကင်ဆာရဲ့ခြိမ်းခြောက်မှုကိုဖယ်ရှားပေးနိုင်တဲ့အတွက်!'

'ရိုးရိုးလက်ဖက်က သူရဲကောင်းတွေရဲ့မိသားစုဝင်တွေကိုကယ်တင်လိုက်နိုင်ပြီ!'

အားလုံးက ကင်ဆာနှင့်လက်ဖက်အကြောင်းချည်း။ နောက်ပြီး တော်ဝင်ပညာရှင်ချင်ပါနေသောကြောင့် အကြောင်းရင်းကို ဖူချန်းထင်တန်းသိလိုက်သည်။

တော်ဝင်ပညာရှင်ချင်က လူလေးစားခံရသောလူငယ်တစ်ယောက်မှန်း သူမသိသည်။

သူက ကင်ဆာကုနိုင်တဲ့လက်ဖက်ကိုတီထွင်လိုက်ပြီပေါ့?

အရင်က သူမသံသယဝင်ခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် အတိအလင်းကြော်ငြာထားခြင်းမရှိသောကြောင့်ပင်။

အခုတော့ သေချာသွားပြီ။

ဒီလောက်သတင်းတွေအများကြီး၊ လှူဒါန်းမှုတွေတပုံကြီးနှင့် ကုသခံရသောသူရဲကောင်းမိသားစုဝင်တွေရှိနေသောကြောင့် အတုမဖြစ်နိုင်။

ဖူချန်းထင်က ချက်ချင်းအံ့ဩပုံပေါက်သွားပြီး ဆရာဝန်တစ်ဦးအား_

"ဒီသတင်းကို TV မှာလွှင့်ဖို့ ဆေးရုံတစ်ခုလုံးအသိပေးလိုက်ပါ''

ဆရာဝန်ကခေါင်းညိမ့်ပြီး ချက်ချင်းအလုပ်စရန်ထွက်သွားသည်။

ကင်ဆာဆေးရုံ၏အငွေ့အသက်က သာမန်ဆေးရုံထက်ပိုပြီး စိတ်ပျက်အားငယ်စရာကောင်းသည်။ လူနာဆောင်တစ်ဆောင်တွင် ကင်ဆာနောက်ဆုံးအဆင့်လူနာများစွာရှိသည်။

ထိုလူနာများနာကျင်လျှင် သူတို့မိသားစုဝင်များနာကျင်ရသည်။ တချို့က ငိုတောင်ငိုသည်။

သို့ရာတွင် ဒီနေ့ လူနာဆောင်အသီးသီးရှိ TV များကို သူနာပြုများကတပြိုင်တည်းဖွင့်လိုက်သည်ကို လူနာရော လူနာရှင်များပါတွေ့ရသည်။ စင်္ကြံနှင့်ဧည့်ခန်းမှ TV ပါမကျန်ဖွင့်ကြသည်။

ဖန်သားပြင်တိုင်းတွင် သတင်းတစ်ပုဒ်တည်းဖြစ်ပြီး ကင်ဆာလက်တွေ့စမ်းသပ်ချက်အကြောင်းဖြစ်သည်။

သတင်းလွှင့်ပြီးမကြာမီ ဆေးရုံတစ်ခုလုံး အားတက်ပျော်ရွှင်သွားကြသည်။

ကင်ဆာလက်ဖက်ကို ဘယ်တော့ဖြန့်ချိပေးမည်မှန်းမသိသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်ရှိသေးသည်။ တစ်ခါတလေ မျှော်လင့်ချက်ရှိရင် လက်ဖက်ကိုမဖြန့်ချိခင် အိမ်ရောင်း၊ကားရောင်းပြီးအားတင်းထားရရင်တောင် စောင့်ရကျိုးနပ်သည်။

အခန်း ၁၄၅၄: အားလုံးရဲ့မျှော်လင့်ချက်! ၃

ဒီသတင်းထွက်လာတာ အားလုံးကိုမျှော်လင့်ချက်ပေးလိုက်သလိုပင်။

တရုတ်ပြည်တွင်သာမဟုတ်။

သတင်းက နိုင်ငံခြားသို့လည်းလျင်မြန်စွာပြန့်သွားသည်။

Carlton တို့သူဌေးများ ကင်ဆာနောက်ဆုံးအဆင့်ပျောက်ကင်းသွားသောသတင်းက မကြာမီ တစ်ကမ္ဘာလုံးမှသတင်းမီဒီယာများတွင်ပြန့်သွားသည်။

ဂျာမနီ_

ဂျာမနီတွင်အကြီးဆုံးနှင့်ကမ္ဘာ့အကြီးဆုံးလက်ဖက်ထုတ်လုပ်သူတစ်ယောက်ဖြစ်သော Hober လည်း ထိုသတင်းကိုမြန်မြန်ဆန်ဆန်ရသည်။

သတင်းကြည့်ပြီး သူမျက်နှာပျက်သွား၏။

အရှေ့တိုင်းမှာကင်ဆာကုနိုင်သောလက်ဖက်ရှိကြောင်း သူသိပြီးဖြစ်သည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းဖို့တောင်လျှောက်ထားသည်။

သို့သော် တဖက်က သူ့ကိုလျစ်လျူရှုထား၏။

နောက်ပြီး သူအဖြေရှာနေစဉ် Carlton တို့သူဌေးများ၏ကုသမှုကိုစောင့်နေသည်။

ဘယ်လိုဖြေရှင်းရမလဲ သူမတွေးတတ်သေး။

အထူးသဖြင့် Carlton တို့ပြန်ကောင်းတာ ဒီလောက်မြန်၊ဒီလောက်ကောင်းမည်ဟုမထင်မိပေ။

ကင်ဆာနောက်ဆုံးအဆင့်ကို လက်ဖက်ရည်သောက်ရုံနဲ့ ဒီလောက်မြန်မြန်ပြန်ကောင်းလာသတဲ့။

ဒီတော့ သူတစ်ခုခုလုပ်ရမည်။

သူကချက်ချင်း အတွင်းရေးမှူးကိုခေါ်ပြီး ညွှန်ကြားလိုက်သည်_

"ကမ္ဘာ့နံပါတ်တစ်သူခိုး Mike ကို ဆက်သွယ်လိုက်''

ထိုသူဌေးများက နိုင်ငံတကာဒုစရိုက်လောက၏အကြီးဆုံးဖောက်သည်များပင်။

အတွင်းရေးမှူးက ဆက်သွယ်ပြီးနောက် မျက်မှောင်ကြုတ်ကာ_

"သူဌေး.. Mike ကိုဆက်သွယ်မရဘူး''

"ဒါဆို တခြားလူရှာလိုက်... Mike ထက်ပိုတော်ရမယ်''

Hober က တန်းပြောသည်။

အတွင်းရေးမှူးကခေါင်းညိမ့်ပြီး_

"အမဲလိုက်အဖွဲ့ဆိုတာကြားဖူးတယ်... ခေါင်းဆောင်က Dominica တဲ့... Mike ထက်ပိုတော်မယ်ထင်တယ်... ကျွန်တော်ဆက်သွယ်ကြည့်လိုက်ဦးမယ်!''

"သူဌေး''

အတွင်းရေးမှူးက မျက်မှောင်ကြုတ်ပြန်သည်_

"Dominica က အလုပ်လက်ခံထားပြီဆိုတော့ သူ့ကိုခေါ်မရဘူး''

Hober က နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး_

"ဒါဆို ဘယ်သူရှိသေးလဲ?''

"ဂျာမနီမှာအတော်ဆုံးရှိပါတယ်... Mike ကိုမယှဉ်နိုင်ပေမဲ့ အရမ်းတော်ပါတယ်!''

အတွင်းရေးမှူးက ချက်ချင်းပြောသည်။

"အင်း!''

Hober က ခေါင်းညိမ့်ပြီး_

"သူ့ကိုဆက်သွယ်လိုက်!''

အင်္ဂလန်_

ရဲတိုက်ထဲတွင် Frey လည်း သတင်းတွေ့ပြီး သူ့လက်ထောက်ကိုတန်းရှာသည်။

သူ့မိသားစုမှာ အရှေ့တိုင်းလက်ဖက်ကိုဦးဆုံးခိုးခဲ့သောလက်ဖက်ကုန်သည်ဖြစ်သည်။ အရှေ့တိုင်းလက်ဖက်ကိုအစွမ်းကုန်ဖိနှိပ်ပြီး ခိုးလာသောလက်ဖက်ကိုတိုးတက်အောင်လုပ်ခဲ့သူလည်းဖြစ်သည်။

အခုအရှေ့တိုင်းမှာ ဒီလိုလက်ဖက်မျိုးရှိလာတော့ သူသေဖို့ထိုင်မစောင့်နိုင်။

လက်ထောက်ရောက်လာသောအခါ Frey က မေးသည်_

"ငါအရှေ့တိုင်းကလက်ဖက်လိုချင်တယ်... အာဏာရှိသူတွေနဲ့ဆက်သွယ်ပေးပါ''

လက်ထောက်က ချက်ချင်းပင်_

"သူဌေး.. နိုင်ငံတကာနံပါတ်တစ်သူခိုးကိုရှာလို့ရတယ်... သူက အင်္ဂလန်သားလို့ကြားတာပဲ... သူ့ကိုဆက်သွယ်လို့ရတယ်... ပြီးတော့ သူကသူများနိုင်ငံမှာပဲအလုပ်လုပ်ပေးတာ... သူ့နိုင်ငံသူမလုပ်ဘူးတဲ့... သူအလုပ်လုပ်တာ ယုံကြည်လို့ရတယ်''

ထိုစကားကြောင့် Frey က ချက်ချင်းပင်_

"သူ့ကိုဆက်သွယ်လိုက်... ဘယ်လောက်ပေးရပေးရ!''

"ကောင်းပါပြီ သူဌေး!''

လက်ထောက်က ခေါင်းညိမ့်ပြီး ချက်ချင်းထွက်သွားသည်။

Frey မျက်မှောင်ကြုတ်လိုက်သည်။ နိုင်ငံတကာလက်ဖက်ခြောက်မှာ သူတို့မိသားစုလက်ထဲတွင်ကြီးထွားရှင်သန်လာခဲ့ပြီး ထိုအရှေ့တိုင်းလက်မှကယ်တင်ခဲ့တာလည်း သူတို့ဖြစ်သည်။

သူတို့မိသားစုက လက်ဖက်ခြောက်ကိုကယ်တင်ခဲ့သောကြောင့် အရှေ့တိုင်းသားများလက်ထဲတွင် လက်ဖက်များပျက်စီးဆုံးရှုံးသွားမည်ကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။

အခန်း ၁၄၅၅: ရုံချန်းထောင်မှာလူစည်တော့မည်!

လိုင်းပေါ်တွင်ကင်ဆာလက်ဖက်သတင်းလွှင့်ပြီးနောက်ပိုင်း ချင်းလင်ဓာတ်ခွဲခန်းမှာ အာရုံစိုက်ခံရပြန်သည်။

တော်ဝင်ပညာရှင်ချင်လည်း လိုင်းပေါ်တွင်လူပြောအများဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။

သမိုင်းတွင်ကျန်ရစ်ဖို့ကံပါသူတစ်ယောက်ရှိလျှင် ကင်ဆာရောဂါကိုအမြစ်ပြတ်ချေမှုန်းပေးသူသာဖြစ်မည်။

တနည်းပြောရရင် တော်ဝင်ပညာရှင်ချင်က သမိုင်းတွင်ကျန်ရစ်တော့မည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုက မယုံနိုင်စရာပင်။

ချင်းလင်အပန်းဖြေစံအိမ်_

ဝန်ကြီးလုက ချင်လင်ရုံးခန်းထဲသွားတွေ့ပြန်သည်_

"သူဌေးချင်.. ထပ်ပြီးအနှောင့်အယှက်ပေးရတာ အားနာတယ်ကွာ''

ချင်လင်က ဝန်ကြီးလုကိုထိုင်ရန်ဖိတ်ပြီး ပြုံးပြုံးနှင့်_

"ဝန်ကြီးလု.. အားနာစရာမလိုပါဘူး... ဒီရောက်လာတာပဲ ဝမ်းသာပါတယ်... တကယ်လို့ ကူညီနိုင်တာရှိရင် ကျွန်တော်ကပိုပြီးဝမ်းသာသေးတယ်''

ဝန်ကြီးလုကပြုံးလိုက်ပြီး_

"ဒီလိုဖြစ်မယ်မှန်းသိရင် ငါပြန်မသွားပါဘူးကွာ... ဒါပေမဲ့ ဒီတစ်ခါ သူဌေးချင်ကိုတကယ်တောင်းဆိုစရာရှိတယ်... ကင်ဆာလက်ဖက်ပျိုးထောင်ရေးအကြောင်းပါ''

"အင်တာနက်တစ်ခုလုံးသိရုံတင်မကဘူး... တစ်ကမ္ဘာလုံးကပါ ဒီကိစ္စကိုအာရုံစိုက်နေကြတာ... အထူးသဖြင့် ကင်ဆာလူနာတွေပေါ့... သူတို့ကမျှော်လင့်စောင့်စားနေကြတယ်''

"အဲဒါကြောင့် ငါတို့သတင်းနည်းနည်းပေးသင့်တယ်လို့ အထက်လူတွေကထင်တယ်... အနည်းဆုံး လက်ဖက်ပျိုးထောင်ရေးတိုးတက်မှုအကြောင်း ပြည်သူတွေကိုအသိပေးတာမျိုးပေါ့''

ချင်လင်ကသဘောပေါက်သော်လည်း လက်ဖက်ပျိုးထောင်ရေးကို သူသိပ်အာရုံမစိုက်မိ_

"ဝန်ကြီးလု.. လက်ဖက်ပျိုးထောင်တဲ့စမ်းသပ်စိုက်ခင်းထဲ ခင်ဗျားကိုလိုက်ပြမယ်!''

"ကောင်းတာပေါ့!''

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။

နှစ်ယောက်သား ရုံးခန်းထဲမှထွက်ပြီး ဓာတ်ခွဲခန်းဘက်ဦးတည်လာကြသည်။ ချင်လင်က ရှန်လီကိုဖုန်းဆက်ပြီး လိုအပ်သည်များပြင်ဆင်ထားခိုင်းသည်။

စမ်းသပ်မှုအားလုံးကို ချင်းလင်ဓာတ်ခွဲခန်းထဲမှာလုပ်သည်မဟုတ်။ အတော်များများကို ဓာတ်ခွဲခန်းတဝိုက်တွက်လုပ်ဆောင်ခြင်းဖြစ်သည်။

အထူးသဖြင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ရမည့်စမ်းသပ်စိုက်ခင်းများ၊ ဥပမာ အရင်က သန့်စင်မြက်စိုက်ခင်း၊ လက်ရှိလက်ဖက်စိုက်ခင်းများဖြစ်သည်။

အဓိကအချက်မှာ ချင်းလင်ဓာတ်ခွဲခန်းက သုတေသနရလဒ်တစ်ခုထွက်ပြီး နောက်တစ်ခုမြန်မြန်ဆန်ဆန်ထွက်မည်ဟု ဘယ်သူမှမထင်သောကြောင့်ပင်။

ထို့ကြောင့် ထိုစိုက်ခင်းများကိုကာကွယ်ရန်၊ပတ္တရောင်လှည့်ရန် ချင်းလင်ဓာတ်ခွဲခန်းက လုံခြုံရေးအင်အားကောင်းကောင်းစီစဉ်ထားရသည်။

ချင်လင်နှင့်ဝန်ကြီးလု စမ်းသပ်စိုက်ခင်းထဲရောက်သောအခါ ရှန်လီကအသင့်စောင့်နေသည်_

"ဥက္ကဌချင် ဝန်ကြီးလု ဒီဘက်ကြွပါ... လက်ဖက်စမ်းသပ်စိုက်ခင်းက ဟိုနားမှာ!''

ဝန်ကြီးလုက စူးစမ်းပြီးလိုက်လာရာ လက်ဖက်ပင်များစိုက်ထားသောနေရာကိုတွေ့ရသည်။

လက်ဖက်ပင်က အတိုင်းအတာတစ်ခုအထိကြီးနေပြီဖြစ်ပြီး အရွက်များအုံ့ဆိုင်းနေသည်။

ချင်လင်က လက်ဖက်ပင်မြင်ပြီး နည်းနည်းအံ့ဩသွားသည်။ သူထင်ထားသည်ထက် အကြီးမြန်သောကြောင့်ပင်။

ပုံမှန်အတိုင်းဆို လက်ဖက်ပင်က ဒီလောက်မြန်မြန်ကြီးဖို့မဖြစ်နိုင်။

ရှန်လီက ချင်လင်နှင့်ဝန်ကြီးလုကို လက်ဖက်စမ်းသပ်စိုက်ခင်းထဲခေါ်သွားပြီး ရှင်းပြသည်_

"ဥက္ကဌချင် ဝန်ကြီးလု.. ဒီလက်ဖက်ပင်တွေက လက်ဖက်ခြောက်မရသေးပေမဲ့ ကျွန်တော်တို့ဓာတ်ခွဲခန်းက နေ့စဉ်ကြည့်ရှုပေးတဲ့အထူးစိုက်ခင်းအဖွဲ့ရှိပါတယ်''

"ကျွန်တော်တို့ကောက်ချက်ချပြီးပါပြီ... ဒီအပင်တွေရဲ့လက်ဖက်ခြောက်က အပန်းဖြေစံအိမ်ထဲကလက်ဖက်ပင်နှစ်ပင်လောက်အစွမ်းမထက်ရင်တောင် ကင်ဆာအပေါ်သေချာပေါက်အာနိသင်ရှိပါလိမ့်မယ်''

ထိုစကားကြောင့် ဝန်ကြီးလုဝမ်းသာသွားပြီး_

"ဥက္ကဌရှန်.. လက်ဖက်ပင်က လက်ဖက်ခြောက်ရဖို့ဘယ်လောက်ကြာဦးမလဲ?''

ရှန်လီက_

"လက်ဖက်ခြောက်က နောက်နှစ်ဆိုရပါမယ်... အဲဒီကျရင် လက်ဖက်ခြောက်ပထမအသုတ်ကို ကမ္ဘာမှာဖြန့်ချိနိုင်ပါမယ်... အရွက်ကိုချက်ချင်းခူးပြီး လက်ဖက်ပင်အသစ်တစ်သုတ်စိုက်ပျိုးနိုင်ပါတယ်''

"ကောင်းတယ်''

ထိုသတင်းကြောင့် ဝန်ကြီးလုမျက်နှာဝင်းထိန်သွားသည်။

လက်ဖက်ခြောက်ပထမအသုတ်က နောက်နှစ်ရရင် ကင်ဆာနောက်ဆုံးအဆင့်လူနာပထမအသုတ်ကိုကုသပေးနိုင်မည်။

လူနာဘယ်လောက်ကုသခွင့်ရမလဲက ထုတ်လုပ်မှုအပေါ်မူတည်သည်။

ဒီအတောအတွင်း ကင်ဆာနောက်ဆုံးအဆင့်လူနာများရှိနိုင်သော်လည်း ဒါသူထိန်းချုပ်နိုင်သောအရာမဟုတ်။ တစ်ခါတလေ သူမတတ်နိုင်တာတွေအများကြီးရှိသည်။

သူတတ်နိုင်တာက လုပ်သင့်တာကိုအကောင်းဆုံးလုပ်ရန်သာ။

ထို့နောက် ဝန်ကြီးလုက ရှန်လီနောက်လိုက်ပြီး လက်ဖက်စိုက်ခင်းထဲလျှောက်သွားသည်။ လမ်းလျှောက်ရင်း ရှန်လီကိုလက်ဖက်ပင်အကြောင်းများတတွတ်တွတ်မေးသည်။

ရှန်လီက တစ်ခုချင်းဖြေပေးသည်။ Carlton တို့သူဌေးများကင်ဆာကုသမှုမပြီးခင် ဒီလက်ဖက်ပင်များထုတ်လုပ်ရန်အသုံးပြုထားသောနည်းပညာကို သူအထူးတလည်စစ်ဆေးကြည့်ခဲ့သည်။ ထို့ကြောင့် လက်ဖက်ပင်အကြောင်းနှံ့နှံ့စပ်စပ်သိထားပြီး ဝန်ကြီးလုမေးသမျှမေးခွန်းတိုင်းလိုလိုဖြေဆိုနိုင်သည်။

ချင်လင်က ဝန်ကြီးလုကိုလက်ဖက်စိုက်ခင်းထဲလိုက်ပြနေစဉ် လုံခြုံရေးဝန်ထမ်းနှစ်ယောက်ကိုမြင်ပြီး စိတ်ဝင်စားသွားသည်။

ဒီနားတဝိုက်လုံခြုံရေးဝန်ထမ်းများမှာ ချင်းလင်ဓာတ်ခွဲခန်းမှဖြစ်ပြီး အားလုံးက ဓာတ်ခွဲခန်းယူနီဖောင်းကိုဝတ်ဆင်ထားကြသည်။

သို့သော် ထိုနှစ်​ယောက်ကမူ ချင်းလင်ရှုမျှော်ခင်းလုံခြုံရေးယူနီဖောင်းကိုဝတ်ထားသည်။ နောက်ပြီး ယူနီဖောင်းအရောင်က သူဂိမ်းထဲမှာလုပ်ခဲ့သောယူနီဖောင်းအရောင်၊ အမည်းရောင်​ဖြစ်နေသည်။

တနည်းပြောရရင် ဒီနှစ်​ယောက်က မာဟုန်ရဲ့တပည့်တွေ။

ဒီလိုဖြစ်မည်။

လက်ဖက်ခြောက်က ကင်ဆာကုနိုင်တဲ့သတင်းလုံးဝပြန့်သွားပြီ။ မကြာမီ လက်ဖက်ပင်ကိုအာရုံစိုက်လာကြပြီး ပစ်မှတ်ထားကောင်းထားနိုင်သည်။

ဒီတော့ လုံးဝပြန့်မသွားခင်ကတည်းက သူတို့ကစိုက်ခင်းကိုပိုအာရုံစိုက်ထားမည်။ ထို့ကြောင့် ဓာတ်ခွဲခန်းလုံခြုံရေးအတွက် မာဟုန်က လူနှစ်ယောက်လွှတ်ထားခြင်းပင်။

ဒီနှစ်ယောက် ဘာကြောင့်ရောက်နေလဲ ချင်လင်သိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သတင်းအရမ်းကြီးပြီး အရမ်းအာရုံစိုက်ခံနေရသည်။

သူက ဒီကိစ္စကိုအာရုံမစိုက်ချင်သောကြောင့် ဝန်ကြီးလုကိုအဖော်ပြုပြီး လက်ဖက်ပင်များဆက်ကြည့်နေလိုက်သည်။

သို့သော်လည်း လက်ဖက်စမ်းသပ်စိုက်ခင်းကို တိတ်တဆိတ်စောင့်ကြည့်နေသူများရှိနေပြီမှန်း သူမသိချေ။

All Chapters