အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃) ထူးဆန်းသော ကောင်းကင်ဘုံ။
အနည်းငယ် စဉ်းစားပြီးနောက်တွင် ကျူးမင်လန်သည် ဖန်နန်နန်ကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူလိုအပ်သော ပစ္စည်းများကို ရှာဖွေပေးနိုင်သလို၊ အဆင့် နိမ့် အဆင့်မြှင့်တင်ရေးပစ္စည်းအချို့ကိုလည်း ရှာဖွေပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့နဂါးသုံးကောင်၏ သဘောသဘာဝနှင့် အကြိုက်များကို ကောင်းစွာ သိရှိထား သူ ဖြစ်သည်။
ဟုတ်ပါသည်, လူမြင်ကွင်းတွင်မူ ကျူးမင်လန်သည် သူမအား သူနှင့် အလွန်နီးကပ်စွာ မနေစေရန် တားမြစ်ထားရသည်။ လီယွင်ဇီနှင့်အတူ လိုက်ပါသွားမည့် သူ့ခရီးစဉ်မှာ အန္တရာယ်များလွန်းသဖြင့် ဖန်နန်နန်ကို ဤကိစ္စတွင် မပါဝင်စေလိုပေ။
"ငါကတော့ အစေခံမလေး မလုပ်ချင်ဘူး….."
"အိမ်တွင်းရေး စီမံခန့်ခွဲသူလေးလေ၊ အဲဒါက တော်တော်လေး မြင့်မားတဲ့ ရာထူးတစ်ခုပါ"
"ငါ တခြားနဂါးထိန်းတွေကို မြင်ဖူးတယ်။ သူတို့အများစုမှာ ထောက်ပံ့ပေးတဲ့ အဖွဲ့ကြီးတွေ ရှိကြတယ်။ တစ်မြို့လုံး ဒါမှမဟုတ် တစ်မိသားစုလုံးနဲ့ အလုပ်လုပ်နေကြတာ။ နင်က ဘာလို့ ဒီလောက်တောင် အထောက်အပံ့မဲ့ ဖြစ်နေရတာလဲ" ဖန်နန်နန်က မေးမြန်းသည်။
"ငါတို့က တစ်ဆင့်ချင်းစီ တည်ဆောက်နေရတာလေ၊ မဟုတ်ဘူးလား။ မင်းသာ ပါဝင်လာ ရင် နဂါးထိန်းသခင်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာပြီး နဂါးစာ ထောက်ပံရေး အားလုံး ကို တာဝန်ယူရမှာနော်" ကျူးမင်လန်က ပြောလိုက်သည်။
"နင် ပြောပုံက နားထောင်ရတာ တော်တော်လေး အထင်ကြီးစရာ ကောင်းသားပဲ" ဖန်နန်နန်က မှတ်ချက်ပေးသည်။
"ဒါဆိုရင် မင်း သဘောတူတယ်ပေါ့" ကျူးမင်လန်က ရယ်မောလိုက်သည်။ ဤမိန်းမငယ် လေးမှာ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စိတ်ညစ်စရာများ ကြုံတွေ့ခဲ့ရသည်ကို သူ သိသဖြင့် သူမကို နှစ်သိမ့်ရန် စကားကောင်းများ ပြောလိုက်ခြင်းဖြစ်သည်။
"ဒါက နင့်ကြောင့် မဟုတ်ဘူး၊ ငါက အဖြူလေးနဲ့ သွားမည်းကြီးကို သဘောကျလို့ပါ" ဖန်နန်နန်က အလေးအနက် ပြောကြားသည်။
"တစ်ခုတော့ ကြိုပြောထားမယ်နော်၊ မင်း လုပ်ဆောင်ချက် မကောင်းဘူးဆိုရင်တော့ ပိုပြီး အရည်အချင်းရှိတဲ့လူနဲ့ အစားထိုးပစ်မှာ" ကျူးမင်လန်က သတိပေးလိုက်သည်။
"ဟွန့်၊ ထူးဆန်းတဲ့ နေရာတွေမှာတောင်, နဂါးစာဝယ်တာကတော့ ဟင်းသီးဟင်းရွက် ဈေး ဝယ်တာနဲ့ အတူတူပါပဲ" ဖန်နန်နန်က ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လိုက်သည်။
ကျူးမင်လန်က ဘာမျှ ထပ်မပြောတော့ပေ။ နဂါးများအတွက် အစာအာဟာရအချို့မှာ လယ်သမားများနှင့် တောင်ပေါ် ဆေးပင်ရှာဖွေသူများထံမှသာ ရရှိနိုင်သည်။ ငွေကြေးဖြင့် ဝယ်ယူခြင်းမှလွဲ၍ နဂါးထိန်းများတွင် ထိုပစ္စည်များကို ရရှိနိုင်မည့် အခြားနည်းလမ်း မရှိ သလောက်ပင်။
ထို့ကြောင့် နဂါးများ ပိုမိုများပြားလာလေ နဂါးထိန်းတစ်ဦး၏ အဖွဲ့အစည်းမှာ ပိုမိုကြီးမား လာလေ ဖြစ်သည်။ နဂါးများ အစာစားခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝိညာဉ်သတ္တဝါငယ်များကို ပြုစုပျိုးထောင်ခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ မြို့ရွာများမှ အခွန်ကောက်ခံခြင်းနှင့် အလုပ် အပ်နှံမှုများကို ရှာဖွေခြင်းတို့အတွက် တာဝန်ရှိသူများ ထားရလေ့ရှိသည်။
ဟုတ်ပါသည်၊ ဤအရာများကို များသောအားဖြင့် နဂါးငါးကောင် ခြောက်ကောင်လောက် ရှိမှ လုပ်ဆောင်ရလေ့ရှိသည့် ကိစ္စများ ဖြစ်သည်။ ကျူးမင်လန်တွင် လက်ရှိ နဂါးသုံး ကောင်သာ ရှိသေးသဖြင့် အိမ်တွင်းရေး စီမံခန့်ခွဲသူတစ်ဦး ငှားရမ်းခြင်းက သူ၏ ဝန်ထုပ် ဝန်ပိုးကို များစွာ သက်သာစေလိမ့်မည်။
မြစ်ရေပြင်ပေါ်တွင် လှိုင်းကြက်ခွပ်များက ကြည်လင်နေပြီး၊ ကြည်နူးဖွယ်ကောင်းသော ညဥ့်အချိန်တွင် မီးအိမ်လေးများမှာ လှေငယ်လေးများကဲ့သို့ ယိမ်းနွဲ့နေ၏။ ဆောင်းရာသီ မှာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး ဘိုးဘေးနဂါး မြို့တော်မှ အမျိုးသမီးများမှာ တိမ်တိုက်သဖွယ် ဝတ်စုံများကို ဝတ်ဆင်ကာ မြစ်ကမ်းနားလမ်း၏ စိတ်ကူးယဉ်ဆန်သော ရှုခင်းများအဖြစ် ပုံဖော်နေကြသည်။
ရိုးရှင်းသော်လည်း တက်ကြွမှုရှိနေကာ၊ လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိနေသည့် အမျိုးသမီးများမှာ အလွန်ပင် ကျက်သရေရှိလှ၏။ ညဥ့်ယံဆုတောင်း ပန်းမီးအိမ် တစ်ခုကို ဝယ်ယူ၍ ယခင်က ထုတ်ဖော်မပြခဲ့ဖူးသော ဆုတောင်းများကို ရေးသားပြီး ထိုလှပသော ပန်းမီးအိမ်နှင့်အတူ ဝေးလံသော မြစ်ရေပြင်အတိုင်း လွှတ်တင်လိုက်သည်။ အဆုံးသတ် တွင် မည်သူက ထိုပန်းမီးအိမ်ကို ကောက်ယူသွားမည်နည်း။ ကရုဏာရှင် မြစ်စောင့် နတ်သမီး ဖြစ်မည်လော၊ အချစ်အကြောင်း နားမလည်သော မြစ်အောက်ပိုင်းမှ လူတစ်ဦး ဖြစ်မည်လော၊ သို့မဟုတ် မိမိ၏ နှလုံးသားကဲ့သို့ပင် မည်သည့်နေရာရောက်မှန်း မသိဘဲ ပျောက်ဆုံးသွား မည်လော။
မြစ်ပန်းမီးအိမ် တစ်ခုချင်းစီတိုင်းမှာ စီးဆင်းနေသော လှိုင်းလုံးများအကြားတွင် မိမိ၏ အိပ်မက်များကို ပွင့်လန်းစေသည်။ လူအများ၏ ဆုတောင်းများကား ဘာများ ဖြစ်မည် နည်း။
စိတ်ဝင်စားစရာအကောင်းဆုံးမှာ လူတိုင်း၏ ဆုတောင်းက မတူညီကြခြင်းပင်။
ကျူးမင်လန်သည် ဤမြစ်ပန်းမီးအိမ်များကို ငေးကြည့်ရင်း တဖြည်းဖြည်းနှင့် စိတ်ဝင်စား သွားသည်။ သူသည် ပိုမိုစည်ကားသော ကမ္ဘာများကို မြင်ဖူးသော်လည်း၊ သူ၏မျက်စိရှေ့မှ တိတ်ဆိတ်အေးချမ်းပြီး လှပနေသော ဤအရာထက် ပို၍တန်ဖိုးရှိသည့်အရာ မရှိဟု သူ ခံစားရ၏။
လီယွင်ဇီကို တားဆီးရန် ငြင်းဆန်ခဲ့သော သံမဏိမြင်းခွာတပ်မှာ ဤသေးငယ်ပြီး ငြိမ်းချမ်း သော ပစ္စုပ္ပန်အချိန်လေးကို ကာကွယ်ရန်အတွက်သာ ရှိနေခြင်းလော။
ကျူးမင်လန်သည် မီးအိမ်တစ်ခု ဝယ်ယူပြီး သူ့ဆုတောင်းကို ရေးသားလိုက်သည်။
"နင် ဘာရေးလိုက်တာလဲ" ဖန်နန်နန်က သိချင်စိတ်ဖြင့် သူ့ဘေးတွင် လာရောက်ကြည့်ရှု သည်။
"လောကကြီး ငြိမ်းချမ်းပြီး သာယာဝပြောပါစေလို့ ရေးလိုက်တယ်" ကျူးမင်လန်က အေးဆေးစွာ ပြန်ဖြေသည်။
"အရမ်းရိုးလွန်းပါတယ်"
"မင်းရော ဘာရေးလိုက်တာလဲ" ကျူးမင်လန်က မေးသည်။
"မပြောပြပါဘူး"
"မင်း ငါ့ဟာကို ကြည့်ပြီးပြီလေ"
"နင်ကမှ ဖုံးမထားတာ။ ပြီးတော့ နင့်ဆုတောင်းက တခြားသူတွေ မြင်လိုမရအောင် လျှို့ဝှက်တဲ့အရာမှ မဟုတ်တာ"
"ဒါဆို မင်းက တခြားသူတွေ မြင်လို့မရလောက်အောင် လျှို့ဝှက်တဲ့ ဆုတောင်းမျိုး ရေးထားတာပေါ့" ကျူးမင်လန်က ရယ်မောလိုက်သည်။
ဖန်နန်နန်မှာ သူမ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ ကြည့်ရှုရန် ကြိုးစားသူတိုင်း ကို သတိပေးလိုက်သည်။
ကျူးမင်လန်မှာ အလွန်အမင်း သိချင်စိတ် မရှိပေ။ သူသည် မိုးဖွဲဖွဲရွာနေဆဲဖြစ်သော ညကောင်းကင်ယံကို မော့ကြည့်လိုက်၏။ ထိုအချိန်တွင် မြစ်ရေပြင်ပေါ်ရှိ မီးအိမ်များ၏ အလင်းရောင်များမှာ ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေပြီး အမှောင်ထုထဲတွင် တောက်ပနေသော မီးပွားလေးများကဲ့သို့ ထင်မှတ်ရ၏။ ကျူးမင်လန် အံ့ဩသွားပြီး ထိုမြင်ကွင်းကို အာရုံစိုက်ကြည့်လိုက်သည်။
ချက်ချင်းပင် သူ၏စိတ်ထဲတွင် အကြောင်းမဲ့ အလွန်အမင်း ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာ ခဲ့သည်။ ဘိုးဘေးနဂါး မြို့တော်အထက် ကောင်းကင်ယံတွင် မိုးရေစက်များအကြား၌ ပျံသန်းနေသော မီးပွားကြောင်းများမှာ အမှောင်ထုကို ဖြတ်ကျော်နေပြီး မြစ်ကမ်းလမ်း အထက်တွင်သာ မြင်ရသော မိုးရေစက်များကို လင်းထိန်စေလျက် ရှိ၏။
မိုးရေစက်များမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ယံကို ရွှေရောင်နှင်းမြူများဖြင့် လွှမ်းခြုံထားသည်။ ဤရုတ်တရက် လင်းထိန်သွားမှုကြောင့် မြို့တော်၏ အတွင်းအပြင် နေရာတိုင်းမှ မိုးရေစက်များကို ရွှေရောင်တောက်ပစွာ မြင်တွေ့နေရသည်။
သို့သော် ဤမိုးရေစက်များကို မည်သည့်အရာက ဤမျှ တောက်ပစေသနည်း။ ကောင်းကင် ကို ဖြတ်သန်းသွားသော ထိုအရာများမှာ အဘယ်ကြောင့် သူ၏ နက်ရှိုင်းဆုံး ဝိညာဉ်အထိ ကြောက်ရွံ့စေရသနည်း။ သူ၏မျက်လုံးများက ကြီးမားလှပသော မြင်ကွင်းကိုသာ မြင်နေရ သော်လည်း၊ သူ၏ စိတ်အသိကမူ မကြာမီ ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ် အဖြစ် အပျက်ကြီးကို ကြိုတင်သတိပေးနေသကဲ့သို့ သူ၏ ကျောရိုးတစ်လျှောက်တွင် တုန်လှုပ် ချောက်ချားမှုများ ဖြစ်ပေါ်လာစေသည်။
"ညမိုးရေထဲမှာ ကြယ်တွေ ကြွေကျလာတယ်၊ အလိုကောင်းကင်ဘုံ၊ အားလုံးကြည့်ကြ ပါဦး"
"ကောင်းကင်ဘုံကနေ ကြယ်တွေ တကယ်ကို ကြွေကျနေတာပဲ၊ တကယ်ကို တောက်ပ လွန်းတယ်။ ဒါက မင်္ဂလာရှိတဲ့ နိမိတ်တစ်ခုပဲ၊ ကောင်းကင်ဘုံကတောင် ငါတို့ရဲ့ ဘိုးဘေး နဂါးမြို့တော်ကို ကောင်းချီးပေးပြီး ကံကြမ္မာကောင်းတွေ ပေးသနားနေတာ ဖြစ်ရမယ်"
"ဝိုး၊ ဒီနားမှာ ပန်းချီဆရာ ရှိလား။ မြန်မြန်၊ ဒီရှားပါးတဲ့ ကောင်းကင်မြင်ကွင်းကို ပုံဖော်ကြ ပါဦး"
မီးအိမ်များ မျောလွင့်နေသော မြစ်ကမ်းနားလမ်းပေါ်တွင် အံ့ဩတကြီး အော်ဟစ်သံများမှာ နှစ်သစ်ကူးပွဲတော်ကဲ့သို့ ဆူညံပြီး စည်ကားနေ၏။ ဤကဲ့သို့သော ကောင်းကင်ဖြစ်စဉ်မျိုး ကို ယခင်က မည်သူမျှ မမြင်ဖူးခဲ့ပေ။ အလွန်ပင် လှပလွန်းလှသဖြင့် သာမန်မိုးဖွဲဖွဲလေးများ ပင် နတ်ဘုရားနန်းတော်ကြီးကဲ့သို့ တောက်ပပြီး မြင့်မြတ်သော ရွှေရောင်မီးရှူးမီးပန်းများ အဖြစ် ပြောင်းလဲသွားသည်။
"အားလုံးပဲ ဟိုဘက်ကို ဖယ်ကြ၊ ဟိုဘက်ကို သွားကြ။ မြန်မြန်၊ ရွှေ့ကြစမ်း" သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က အသံကုန်ဟစ်အော်လိုက်သည်။
ဤလူသည် ပျော်ရွှင်မြူးတူးနေသူများနှင့် လုံးဝမတူပေ။ သူ၏ မျက်နှာမှာ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ထိုလူမှာ ကျူးမင်လန်ပင် ဖြစ်သည်။
"အဝေးကို ဖယ်ကြ၊ အဲဒီအရာတွေ ကျလာတော့မယ်"
ကျူးမင်လန်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ပျော်ရွှင်စွာ အော်ဟစ်နေကြသည့် လူအုပ်ကြီးကို တားဆီးရန် ကြိုးစားသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော ဘေး အန္တရာယ်ကို သတိပေးရန် မလွယ်ကူပေ။ ကောင်းကင်ယံမှာ ပိုမိုတောက်ပလာပြီး နေ့အခါ ထက်ပင် လင်းထိန်နေသည်။ နှစ်ပေါင်းများစွာ မမြင်ဖူးသည့် ရောင်ပြန်ဟပ်မှုမျိုးဖြင့် တောက်ပနေ၏။
"ဟူး... ဟူး..."
ပန်းရောင်မိုးရေနှင့် ရွှေရောင်နှင်းစက်များမှာ ရေငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်သော အပူချိန်က ၎င်းတို့ကို လေထဲတွင်ပင် အငွေ့ပျံသွားစေပြီး ထူထဲသော မြူခိုး များကို ဖန်တီးလိုက်၏။ အပူလှိုင်းများမှာ မြို့တော်ကို ရိုက်ခတ်သွားပြီး ပျော်ရွှင်နေသော လူထုကို စတင်၍ စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။
ခဏတာ လေငြိမ်သွားပြီးနောက် ချက်ချင်းပင် မုန်တိုင်းတစ်ခု ရောက်လာသည်။ မြို့တော် ၏ မြစ်ရေပြင်မှာ ပြင်းထန်စွာ လှိုင်းထသွားပြီး မီးအိမ်များစွာကို ဝါးမြိုချလိုက်သည်။
လမ်းဘေးဆိုင်များမှာ မှောက်လဲလွင့်စင်သွားပြီး မီးအိမ်များမှာ လမ်းပေါ်တွင် ပြန့်ကျဲနေ သည်။ အချို့မှာ အိမ်ခေါင်မိုးများပေါ်တွင် ငြိတွယ်နေသည်။ လူများ၏ အဝတ်အစားများမှာ ရှုပ်ထွေးသွားပြီး ပျော်ရွှင်ရာမှ ကြောက်လန့်တကြားဖြင့် ဆိုင်များအတွင်းသို့ ပြေးဝင် ပုန်းရှောင်ကြသည်။
"အားလုံးပဲ ပြေးကြ၊ ပြေးကြတော့…….."
ကျူးမင်လန်၏ အသံမှာ အကြိမ်ကြိမ် ပေါ်ထွက်နေသော်လည်း မည်သူမျှ နားမထောင်ကြ ပေ။ နောက်ဆုံးတွင် ကျူးမင်လန်၏ သွေးကို အေးခဲသွားစေမည့် မြင်ကွင်းတစ်ခု ပေါ်လာ တော့သည်။ မြို့တော်အထက် ကောင်းကင်ယံမှ ပန်းရောင်နှင့် ရွှေရောင်မီးတောက်များ ရစ်ပတ်နေသော အရုဏ်ဦးကျောက်တုံး အကြီးကြီးတစ်ခုသည် နေလုံးတစ်လုံးကဲ့သို့ မြစ်ကမ်းနားလမ်းအနီးသို့ တန်းတန်းမတ်မတ် ကျလာတော့သည်။
အလင်းရောင်မှာ ပြင်းထန်လွန်းသဖြင့် မျက်လုံးများကို မှိတ်ထားရ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်ကြောင့် လူတိုင်း နားမကြားဖြစ်သွားကာ မျက်စိများ ဝေဝါးသွားပြီး ခေါင်းများ မူးဝေကုန်သည်။
မြို့တော်မှာ တုန်ခါသွားပြီးနောက် မြစ်ကမ်းနားမှ စတင်သော ရေလှိုင်းလုံးကြီး တစ်ခုက ရိုက်ခတ်လာသည်။ မီးတောက်များ၊ တုန်ခါမှုများ၊ အိမ်များ ပြိုကျမှုများ၊ လမ်းများ ပျက်စီးမှု များနှင့်အတူ လူအုပ်ကြီးမှာ သွေးချောင်းစီးမည့် ကပ်ဘေးဒုက္ခထဲသို့ ရောက်ရှိသွားသည်။
၎င်းတို့မှာ လူအများ ဆုတောင်းခဲ့သလို ကောင်းသောနိမိတ်များ မဟုတ်ပေ။ ၎င်းမှာ ကောင်းကင်ဘုံ၏ နတ်ဘုရားအမျက်ဒေါသနှင့် ပြစ်ဒဏ်ပင် ဖြစ်သည်။
ထိုသို့သော စွမ်းအားကြီးမားသည့် အရာရှေ့တွင် လူသားတို့မှာ အလွန်ပင် အားနည်းလွန်း လှသည်။ နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် မြို့တော်မှာလည်း အကာအကွယ်မဲ့ ဖြစ်နေသည်။
လူတို့ ပြန်လည်ကြားနိုင်၊ မြင်နိုင်သောအချိန်တွင် အစည်ကားဆုံးသော နေရာမှာ မီးလောင် ကျွမ်းနေသည့် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ပျော်ရွှင်မှုမှသည် ထိတ်လန့်မှုသို့ အချိန်တို အတွင်း ပြောင်းလဲသွားပြီး မြို့တော်ဒေသခံ ပြည်သူများမှာ ငရဲတံခါးကို မြင်တွေ့လိုက်ရ သကဲ့သို့ ခံစားလိုက်ရသည်။
ကျူးမင်လန်က ဖန်နန်နန်ကို သူ၏နောက်ကွယ်တွင် ကာကွယ်ထားပြီး ရှေ့တည့်တည့်ရှိ သွေးချောင်းစီးနေသော မြင်ကွင်းကို မမြင်စေရန် သူမ၏ မျက်လုံးများကို ဖုံးအုပ်ပေးလိုက် သည်။
သူသည် အထက်ကောင်းကင်ယ့ကို မော့ကြည့်လိုက်ရာ မီးတောက်များက ကောင်းကင်ယံ ကို ဖြတ်ကျော်ပြီး အဝေးတစ်နေရာသို့ ကျရောက်သွားသည်ကို မြင်လိုက်ရ၏။ ၎င်းတို့ မည်သည့်နေရာသို့ ကျရောက်မည်ကိုမူ မည်သူမျှ မသိရှိနိုင်ပေ။
သို့သော် မြို့တော်ထဲသို့ ကျရောက်ခဲ့သည့် ထိုမီးတောက်တစ်ချက်တည်းကပင် မရေမ တွက်နိုင်သော ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်အားငယ်မှုများကို ယူဆောင်လာခဲ့သည်။
ကျူးမင်လန်၏ နှလုံးသားမှာ မငြိမ်မသက် ဖြစ်နေပြီး ကောင်းကင်ယံကို စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းသွားသည်။
အကယ်၍သာ တစ်စုံတစ်ယောက်က ဤမီးတောက်များကို ထိန်းချုပ်နေခြင်း ဖြစ်ပါက ထိုလူမှာ မိစ္ဆာတစ်ကောင် ဖြစ်ရမည်။
အော်ဟစ်ငိုယိုသံများ၊ ချစ်ရသူများကို တမ်းတခေါ်ဆိုသံများမှာ တစ်ခုနှင့်တစ်ခု ရောထွေး နေသည်။ လူတို့သည် မီးတောက်များ ကျရောက်နေစဉ်အတွင်း မိမိတို့၏ ခံစားချက်များကို မေ့လျော့နေကြပြီး၊ ဘေးဒုက္ခမှ လွတ်မြောက်ချိန်ရောက်မှ အိပ်မက်ဆိုးတစ်ခုမှ နိုးထလာ သကဲ့သို့ ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုများကို ပြန်လည် အမှတ်ရလာကြသည်။ မီးအိမ်ပွဲ တော်သို့ အတူတူလာခဲ့သူများ အသက်ရှင်သေးရဲ့လားဟု ရှာဖွေရတော့သည်။
အချို့သော ကြောက်ရွံ့မှုများကို ရှောင်လွှဲနိုင်သော်လည်း၊ ဤကောင်းကင်မီးတောက်မှာမူ သူတို့အတွက် သေဒဏ်ပေးလိုက်သကဲ့သို့ပင် ဖြစ်နေသည်။ ကလေးငယ်များမှာ မိဘများ ၏ ရင်ခွင်ထဲတွင် ခိုလှုံနေပြီး မိဘများမှာလည်း ပြိုကျနေသော အဆောက်အအုံများ အောက်တွင် မိမိတို့၏ သားသမီးများကိုသာ တင်းကျပ်စွာ ပွေ့ဖက်ထားကာ မည်သူ့ကို ဆုတောင်းရမှန်းမသိဘဲ အားကိုးရာမဲ့ ဖြစ်နေကြသည်။
"မြန်မြန်၊ လူအုပ်ကို လူစုခွဲလိုက်ကြ။ နောက်ထပ် မီးတောက်တစ်ခုခု ထပ်ကျလာရင် ထိခိုက်သေဆုံးသူတွေ ပိုများလာလိမ့်မယ်" ကျူးမင်လန်က လမ်းထိန်းအစောင့်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။
လမ်းထိန်းအစောင့်မှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသော်လည်း ကျူးမင်လန်၏ စကားကို ကြားသောအခါ ကြောက်ရွံ့မှုကြောင့် အူကြောင်ကြောင် ဖြစ်နေသူများကို လူအုပ်ထဲမှ ထွက်ခွာသွားရန် တွန်းအားပေးလိုက်သည်။ ထိုရှုပ်ထွေးမှုနှင့် အားကိုးရာမဲ့မှုမှာ မည်မျှ ကြာမြင့်မည်ကို မည်သူမျှ မသိနိုင်ပေ။ ကောင်းကင်ယံမှ မီးတောက်များ မရှိတော့သည့် တိုင် ထိုသေမင်း၏ ကြွေးကြော်သံအရိပ်ကို သူတို့ လွတ်မြောက်နိုင်ရန် ခက်ခဲလှသည်။
ဖြည်းဖြည်းချင်းဆိုသလို စစ်တပ်များ ရောက်ရှိလာသည်။ သူတို့၏ မျက်နှာများတွင်လည်း ထိတ်လန့်မှုများ ရှိနေသည်။ သူတို့သည် အသုရာစစ်မြေပြင်ကို ရှင်းလင်းကာ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေတူးဖော်ရန် ကြိုးစားနေကြသည်။
ကျူးမင်လန်နှင့် ဖန်နန်နန်တို့လည်း ထိုနေရာမှ ထွက်ခွာလာခဲ့ရသည်။ ဤမျှကြီးမားသော ဘေးဒုက္ခရှေ့တွင် သူတို့မှာ စွမ်းအားမဲ့နေကြပြီး၊ ပျောက်ဆုံးနေသော ကလေးငယ်များကို အိမ်ပြန်ပို့ပေးခြင်းနှင့် စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးခြင်းများသာ လုပ်ဆောင်နိုင် ကြသည်။
ညဉ့်နက်ပိုင်းတွင် နောက်ထပ် မီးတောက်များ ကျမလာခြင်းက တစ်ခုတည်းသော စိတ်သက်သာရာ ဖြစ်သည်။ သို့သော် ဤကြောက်ရွံ့မှုမှာ လူတို့၏ နှလုံးသားထဲတွင် မည်မျှ ကြာရှည်စွာ စွဲထင်ကျန်ရစ်နေဦးမည်နည်း...။