အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) နေရောင်ခြည် ကင်းမဲ့ခြင်း။
ညဉ့်အချိန် ပိုမိုနက်ရှိုင်းလာလေ၊ စိုးရိမ်ပူပန်မှုများက ပိုမိုတိုးပွားလာလေ ဖြစ်သည်။
ဤနေ့ညဉ့်က အလွန်ပင် ရှည်လျားလွန်း၏။
လီယွင်ဇီသည် သူမ၏ သီးသန့်ခြံဝင်းအတွင်း၌ မျက်လုံးများကို ဖွင့်လိုက်ပြီး ကုလားကာ အပြင်ဘက်ရှိ ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။
မိုးလင်းတော့မည် မဟုတ်ပေ။
နေရောင်ခြည်က ငါတို့ထံ မလာတော့သည်မှာ သေချာနေပါသလော။
ဤအချိန်ဆိုလျှင် အကယ်၍ မိုးတိမ်များ ထူထပ်စွာ ဖုံးလွှမ်းနေပါလျှင်ပင် လင်းရောင်ခြည် များ ဖြန့်ကျက်သင့်ပြီ ဖြစ်သည်။ ဤမျှလောက် အမှောင်ထုဖုံးလွှမ်းနေရန် မဖြစ်နိုင်ပေ။
လေထုမှာ မည်းမှောင်နေပြီး လေပြင်းများ တိုက်ခတ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုအမှောင်ထုကို မဖယ်ရှားနိုင်ပေ။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သူမ သိရှိပြီးဖြစ်သော်လည်း၊ သူမခြံဝင်းမှ ထွက်ခွာခြင်းမပြုဘဲ နဂါးတစ်ပိုင်း ပျံသန်းရေးငှက် တပ်ဖွဲ့ဝင် အချို့ကိုသာ စေလွှတ်ခဲ့သည်။
"သခင်မလေး၊ အပြင်ဘက်မှာ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။ နေ့လည်ခင်းအချိန် ဖြစ်ပေမယ့် အမှောင်ထုက လင်းမလာပါဘူး။ ဘိုးဘေးနဂါးမြို့တော်ရဲ့ ဘိုးဘေးနတ်ကွန်း မှာ မကောင်းအကြံရှိသူတွေ စုဝေးနေကြပြီး သခင်မလေးကို ပြစ်တင်ဝေဖန်နေကြပါ တယ်။ အလိုလေးကောင်းကင်ဘုံ... သခင်မလေး စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ဝင်တွေက အဲဒီ နေရာကို အရင်ဆုံး ရောက်ရှိခဲ့တာပါ။ သခင်မလေးကသာ ပြည်သူတွေရဲ့ အသက်ကို ဂရုစိုက်တာပါ၊ ဒါပေမဲ့ သူတို့က အပြစ်အားလုံးကို သခင်မလေးဆီ ပုံချဖို့ ကြိုးစားနေကြ တယ်" ဖရော့စ်က ဒေါသတကြီး ပြောလိုက်သည်။
လီယွင်ဇီက တိတ်ဆိတ်နေပြီး သူမ၏ အကြည့်တို့က ပြတင်းပေါက် အပြင်ဘက်တွင် စူးစိုက်လျက် ရှိ၏။ ဤမျှလောက် အမှောင်ထုမှာ မင်္ဂလာမရှိသော နှစ်တစ်နှစ်တွင် ဖြစ်ပွား သည့် နေကြတ်ခြင်းထက်ပင် ပို၍ ကြာမြင့်နေသည်။ စကြဝဠာကြီးကို ဤမျှ အဆုံးမရှိ သော ညဉ့်ဦးယံအချိန်မျိုးဆီသို့ မည်သည့်အရာက တွန်းပို့လိုက်သနည်း။
သူမသည် အိမ်တွင်း၌သာ နေထိုင်ရင်း တိတ်ဆိတ်စွာဖြင့် ဒဏ်ရာများကို ကုသနေလိုက် သည်။
"သခင်မလေး... ဆရာကျူးမင်လန်က နန်းတော်ထဲကို ပြောင်းရွှေ့လာပါပြီ။ သူ့ကို အနီးဆုံး ခြံဝင်းမှာပဲ စီစဉ်ပေးရမလား" ဖရော့စ်က ဝင်ရောက်မေးမြန်းသည်။
"ဘယ်ဘက်ခြမ်းက အခန်းကို သန့်ရှင်းပေးလိုက်ပါ" လီယွင်ဇီက မိန့်ကြားသည်။
"အာ... ဒါဆိုရင် တစ်ခြံဝင်းထဲမှာ အတူတူ နေတော့မှာလား။ သခင်မလေးရဲ့ ခြံဝင်းထဲမှာ ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် နေခွင့်ပြုနိုင်မှာလဲ။ အလယ်ခြံဝင်းတစ်ခု ခြားထားပေမဲ့..." ဖရော့စ်မှာ အံ့ဩတကြီး ဖြစ်သွားသည်။
လီယွင်ဇီက ပြန်မဖြေပေ။ သူမ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီး စကားပြောရန်ပင် ခွန်အားမရှိတော့၍လား….၊ သို့မဟုတ်ပါက, သူမသည် တစ်စုံတစ်ခုကို စဉ်းစားတွေးတော နေပြီး သူမစကားကို ပြန်မပြောလို၍လည်း ဖြစ်နိုင်သည်။
ဖရော့စ်သည် သူမသခင်မလေးမှာ တွေဝေတတ်သည့်လူမျိုး မဟုတ်ကြောင်း သိရှိထား သည်။ သူမပြောသမျှ ဖြစ်မြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ဖရော့စ်သည် အမြန်ပင် အခန်းသန့်ရှင်းရေး ပြုလုပ်ရင်း ဘယ်ဘက်ခြမ်းအခန်းကို ပြင်ဆင် လိုက်သည်။ တစ်ချိန်တည်းမှာပင် အလယ်ခြံဝင်းနှင့် ဘယ်ဘက်ခြံဝင်းအကြားတွင် ယာယီ တံခါးတစ်ခု ထပ်မံ တပ်ဆင်သင့်မသင့် စဉ်းစားနေမိသည်။ မျှော်လင့်မထားသည့် မည်သည့် ကိစ္စမျှ မဖြစ်ပွားစေရန် ညဘက်တွင် ထိုတံခါးဝ၌ သူမ စောင့်ကြပ်နေမည် ဖြစ်သည်။
ကျူးမင်လန်သည် ဘယ်ဘက်ခြံဝင်းသို့ ပြောင်းရွှေ့လာပြီးနောက် ဖန်နန်နန်မှာလည်း ဖရော့စ်နှင့် အမြန်ပင် ရင်းနှီးသွားသည်။ ထိုမိန်းကလေးနှစ်ဦးမှာ စကားမပြတ်နိုင်အောင် ပြောဆိုနေကြပြီး ခြံဝင်းနှစ်ခုကြားတွင် အမြဲလိုလို ပြုံးရွှင်နေသည်ကို တွေ့ရသည်။
လီယွင်ဇီကမူ သူမအခန်းမှ ထွက်ခွာခြင်း မပြုပေ။
ကျူးမင်လန်မှာလည်း နဂါးများကို လေ့ကျင့်သည့်အချိန်မှသာ အနောက်တောင်ကုန်း ဘက်သို့ သွားရောက်တတ်သည်။
နေ့အချိန်မှာ အလင်းမရသည်မှာ ယခုဆိုလျှင် စတုတ္ထမြောက်နေ့သို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဤထူးဆန်းသော ဖြစ်စဉ်ကြောင့် ဘိုးဘေးနဂါး မြို့တော်တစ်ခုလုံးတွင် ပိုမို၍ ထိတ်လန့်မှုများ ဖြစ်ပွားလာပြီး ကောင်းကင်ယံကို စောင့်ကြည့် လေ့လာသူများမှာလည်း သူတို့၏ အယူအဆများကို ထင်ရာစိုင်း ပြောဆိုနေကြသည်။
ဝေဖန်မှုများအားလုံး လီယွင်ဇီတစ်ဦးတည်းအပေါ်သို့ အပြစ်ပုံချနေခြင်းမှာ မထူးဆန်းသော ကိစ္စရပ်ပင် ဖြစ်တော့သည်။
"လီယွင်ဇီဆိုတာ မကောင်းဆိုးဝါး ကြယ်တစ်လုံးပဲ။ သူမသွားတဲ့နေရာတိုင်းမှာ စစ်ပွဲတွေ က မပြတ်မလပ် ဖြစ်ပွားနေတာ။ နတ်ဘုရားကျောက်တုံးကြီး ကောင်းကင်ယံကနေ ပြုတ်ကျလာပြီး ဘိုးဘေးနဂါး မြို့တော်ပေါ်ကို တည့်တည့်မတ်မတ် ကျရောက်တာက ဘိုးဘေးနဂါး မြို့တော်က ငါတို့ကို သတိပေးနေတာ မဟုတ်ဘူးလား။ ဒီမကောင်းဆိုးဝါး ကြယ်ကို ဖယ်ရှားပစ်မှပဲ ကြည်လင်တောက်ပတဲ့ ကောင်းကင်ကြီးကို ပြန်မြင်ရတော့မှာ"
"လီယွင်ဇီရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေက ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို နှိုးဆွလိုက် တာပဲ။ ကောင်းကင်ဘုံက သူမရဲ့ ပြည်သူတွေကို အပြစ်ပေးနေပေမဲ့ မင်းတို့ကတော့ သူမ နောက်ကို မျက်စိစုံမှိတ် လိုက်နေတုန်းပဲလား။ ငါ့အမြင်တော့ သူမရဲ့ အပြစ်အတွက် သူမ ကိုယ်သူမ အဆုံးစီရင်လိုက်သင့်တယ်။ မဟုတ်ရင် ကောင်းကင်မီးတောက်တွေနဲ့ ငါတို့လဲ အပြစ်ပေးခံရတော့မှာ"
မြို့တော်အတွင်းအပြင် တစ်ခုလုံးမှာ ရှုပ်ထွေးနေသည်။
နေ့အလင်းရောင် မရှိသောကြောင့် ကမ္ဘာမြေကို ထာဝရအမှောင်ထုက လွှမ်းခြုံထားသည်။ နွေဦးနှင့် နွေရာသီသို့ ရောက်ရှိတော့မည် ဖြစ်ရာ လီချွမ်းလွင်ပြင်မှာ ပြန်လည် စိမ်းလန်း လာသင့်သော်လည်း၊ နေရောင်ခြည်မှာ ကောင်းကင်ဘုံမှ ပြန်လည် ရုတ်သိမ်းလိုက်သည့် နှယ် ဖြစ်နေသည်။
နေရောင်ခြည်မရှိပါက စိုက်ပျိုးရေး မဖြစ်နိုင်၊ စိုက်ပျိုးရေးမရှိပါက အစားအစာ မရှိနိုင်ပေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက နွေဦးနှောင်းပိုင်းတွင် ကမ္ဘာကြီးတစ်ခုလုံး ရှုပ်ထွေး သွားလိမ့်မည်မှာ အသေအချာပင်။
ယဇ်ပူဇော်ခြင်း၊
ကောင်းကင်ဘုံကို ဆုတောင်းခြင်း၊
နောင်တရခြင်းနှင့် တောင်းပန်ခြင်းစသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများစွာ လုပ်ဆောင်သော်လည်း အကျိုးမထူးပေ။
လူအများ၏ အယူအဆများအောက်တွင် နောက်ဆုံး၌ တစ်ခုတည်းသော အဖြေကို လူတို့ စတင်ယုံကြည်လာကြသည်။
လက်စားချေခြင်း……
ကပ်ဘေးဒုက္ခ၏ အရင်းအမြစ်ကို လက်စားချေခြင်း…….
သူမသည် စစ်ပွဲများကို အဆက်မပြတ် ဖန်တီးကာ လောဘကြီးလွန်းပြီး တခြားလူများ၏ နယ်မြေများကို အကြိမ်ကြိမ် ကျူးကျော်နေသည်ဟု လူတို့က ထင်မှတ်လာကြသည်။ သူမ ဖန်တီးသော စစ်ပွဲများမှာ နယ်မြေကို ကာကွယ်ရန် သို့မဟုတ် ဘိုးဘေးနဂါး မြို့တော်ကို အားကောင်းစေရန် မဟုတ်ဘဲ၊ သူမ၏ ရက်စက်သော သွေးဆာမှုကို ဖြည့်ဆည်းရန်သာ ဖြစ်သည်ဟု လူတို့ စတင်ယုံကြည်လာကြသည်။
"သခင်မလေး... သခင်မလေးကို ပြစ်တင်ဝေဖန်သူတွေ ပိုများလာပါပြီ။ နေ့တိုင်း ဘိုးဘေး နတ်ကွန်းမှာ စုဝေးပြီး သခင်မလေးရဲ့ ခေါင်းကို တောင်းဆိုနေကြသလို ညစ်ပတ်ရိုင်းစိုင်း တဲ့ စကားတွေကိုလည်း ပြောနေကြတယ်။ အခု သခင်မလေးမှာ တပ်ဖွဲ့တွေ ရှိနေတာပဲ၊ ဒီလို အဓိပ္ပာယ်မရှိ ရမ်းကားပြောဆိုနေတဲ့ လူတွေကို ဘာလို့ မသုတ်သင်ရမှာလဲ" ဖရော့စ် က ပိုမိုစိုးရိမ်စွာဖြင့် ပြောလိုက်သည်။
အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီ ဖြစ်သည်။
ကောင်းကင်တွင် အလင်းရောင်မရှိသည့်အတွက် လူတို့၏ ဒေါသမှာ ပိုမိုပြင်းထန်လာ သည်။
"ကောင်းကင်ဘုံက ဖြစ်ပေါ်လာတဲ့ မူမမှန်မှုတွေကို ဘယ်သူမှ ထိန်းချုပ်လို့မရဘူး။ ဒါပေမဲ့ အမျက်ဒေါသကိုတော့ တစ်နေရာရာမှာ ပေါက်ကွဲပစ်ချင်ကြတာပေါ့။ တစ်စုံတစ်ယောက် ကတော့ လူထောင်ပေါင်းများစွာရဲ့ ပြစ်တင်ဝေဖန်မှုကို ခံရမှာပဲ။ သူတို့က ငါ့ကို အပြစ်ရှိ တယ်လို့ ထင်နေကြတာဆိုတော့လည်း သူတို့ထင်ချင်ရာ ထင်ပါစေတော့" လီယွင်ဇီက အေးစက်စက် လေသံဖြင့် ပြောသည်။
"ကောင်းကင်ဘုံက လူသားတွေကို အပြစ်ပေးတဲ့အခါ လူတွေက ကောင်းကင်ဘုံကို မရွံ့မုန်းဘဲ သခင်မလေးကိုပဲ ဝန်ထုပ်ဝန်ပိုးတွေ ပေးနေတာ ဘယ်လို ဆင်ခြေမျိုးလဲ။ သူတို့ သတ္တိရှိရင် ကောင်းကင်ဘုံကို ကိုယ်တိုင် ဖြိုချလိုက်ကြပါတော့လား။ ကြောက်စိတ်ဝင်နေ တဲ့ လူစုလူဝေးတွေ။ သခင်မလေးက ဘိုးဘေးနဂါး မြို့တော်အတွက် အများကြီး လုပ်ပေးခဲ့ တာ၊ သူတို့တွေ အကျိုးကျေးဇူးကို ခံစားခဲ့ကြရတယ်၊ စစ်ပွဲတွေရဲ့ ဘေးဒုက္ခကနေ လွတ်မြောက်ခဲ့ကြရတယ်၊ ဒါပေမဲ့ သူတို့က ကျေးဇူးတရားကို နည်းနည်းလေးတောင် နားမလည်ကြဘူး။ တခြားမြို့တော်တွေက အပြစ်တင်ရင်တောင် သည်းခံနိုင်သေးတယ်၊ ဘာလို့ ကျွန်မတို့ရဲ့ ဘိုးဘေးနဂါး မြို့တော်ကပါ ဒီလိုလုပ်ရတာလဲ" ဖရော့စ်၏ မျက်ဝန်းများမှာ ဒေါသကြောင့် နီရဲနေသည်။
လီယွင်ဇီက ဤမျှ အသရေဖျက်မှုများကို သည်းခံနိုင်သော်လည်း ဖရော့စ်ကမူ အပြင် လူတို့၏ ဝေဖန်တိုက်ခိုက်မှုကို သည်းမခံနိုင်ဖြစ်နေသည်။
ကောင်းကင်ဘုံ၏ ကပ်ဘေးဒုက္ခအတွက် လူသားတို့ကို အပြစ်တင်၍ ရပါမည်လော။
စစ်မြေပြင်တွင် တိုက်ခိုက်ရင်း မည်သည့်စစ်ပွဲမျှ ဘိုးဘေးနဂါး မြို့တော်ထံ မရောက်အောင် တားဆီးပေးခဲ့သူကို အပြစ်တင်ရပါမည်လော။
ဤကမ္ဘာလောကရှိ လူသားတို့သည် ဤအတိုင်းပင် ဖြစ်နေကြသလော။
ထိုသို့ဆိုပါက သူတို့အတွက် ဘာကြောင့် ပင်ပန်းခံနေဦးမည်နည်း။
"လူတွေဆိုတာ ဒီလိုပါပဲ။ သူတို့အပေါ် အမျက်ဒေါသ၊ မုန်းတီးစိတ် ထားမနေပါနဲ့" လီယွင်ဇီ က ဒေါသကြောင့် မျက်ရည်ကျလုနီးပါး ဖြစ်နေသော ဖရော့စ်ကို နှစ်သိမ့်လိုက်သည်။
ထိုသို့ပြောပြီးနောက် လီယွင်ဇီက ခြံဝင်းအတွင်း၌ ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ သည်။ ကျူးမင်လန်သည် ဖြောင့်မတ်သန့်ရှင်းစွာ ရပ်နေပြီး၊ တစ်ချိန်က ပေါ့ဆသွက်လက်ခဲ့ သော သူ၏မျက်လုံးများမှာ ယခုအခါတွင် ပိုမိုနက်ရှိုင်းတည်ငြိမ်နေသည်။
"ဒါက လူတွေ ဖန်တီးထားတာ မဟုတ်ဘူး" ကျူးမင်လန်က လီယွင်ဇီဆီသို့ လျှောက်သွား ရင်း ပြောသည်။
"အင်း... ဒါဟာ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ" လီယွင်ဇီက ခေါင်းညိတ်သည်။
ဤလောကတွင် မြို့တော်များကို ဖျက်ဆီးနိုင်လောက်သည့် ကောင်းကင်မီးတောက်များကို ဆင့်ခေါ်နိုင်သော နတ်ဘုရားအနွယ်ဝင်လူသားများ ရှိနိုင်သော်လည်း၊ ကောင်းကင်ကြီးကို ထာဝရအမှောင်ထုဆီသို့ တွန်းပို့နိုင်သူမျိုး လုံးဝ မရှိနိုင်ပေ။
ကျူးမင်လန်မှာ လီယွင်ဇီကို ဂုဏ်သတင်းကျော်ကြားသော စစ်နတ်သမီးအဖြစ်မှ မကောင်း ဆိုးဝါး ကြယ်တစ်ပွင့်အဖြစ် ပြောင်းလဲသွားစေရန် အားလုံးမှာ ကြိုတင် စီစဉ်ထားသကဲ့သို့ ခံစားရသဖြင့် အလွန်ဒေါသထွက်ခဲ့သည်။
သို့သော် ထိုမီးတောက်မှာ လူသားတို့ဖန်တီးထားခြင်း မဟုတ်ဘဲ၊ ထာဝရညဉ့်မှာလည်း နတ်ဘုရားတန်ခိုး စွမ်းရည်ရှိသူ မည်သူတစ်ဦးတစ်ယောက်၏ လက်ချက်မျှ မဟုတ်ပေ။
ဤသဘာဝဘေးဒုက္ခကြီးကသာ လီယွင်ဇီကို အရှုပ်အထွေးများကြားမှ ချောက်ကမ်းပါးဆီ သို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
"ငါတို့မှာ အချိန်ဘယ်လောက် ကျန်သေးလဲ" ကျူးမင်လန်က မေးသည်။
"ကောင်းကင်ကြီး လင်းလာမလား၊ မလင်းလာဘူးလားဆိုတာကို သခင်မလေးက ဘယ်လို လုပ် သိနိုင်မှာလဲ" ဖရော့စ်က ဒေါသတကြီး ပြန်ဖြေသည်။
"ခုနစ်ရက်လွန်ပြီးရင် ဘယ်နေ့မဆို ဖြစ်လာနိုင်တယ်" လီယွင်ဇီက ကျူးမင်လန်ကို ပြန်ဖြေ သည်။
"ခုနစ်ရက်... ဒါဆိုရင် လုံလောက်ပါပြီ။ စိတ်ချလက်ချနဲ့ ဒဏ်ရာတွေကို ကုသပါ၊ ဒီခြံဝင်း ထဲကို ဘယ်သူမှ ဝင်လာခွင့်မပြုဘူး" ကျူးမင်လန်က ပြောသည်။
"အင်း"
ဘေးတွင် ရပ်နေသော ဖရော့စ်မှာ လီယွင်ဇီနှင့် ကျူးမင်လန်တို့၏ စကားပြောဆိုမှုများကို လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
အချိန်ဆိုသည်မှာ အဘယ်နည်း၊ လီနန်းတော်အတွင်း၌ရှိသော ဤခြံဝင်းထဲကို မည်သူက ဝင်ရောက် စီးနင်းရဲမည်နည်း။ ထိုဆူပူနေသော လူအုပ်ကြီးက ဧကရီဘုရင်မကို တကယ်ပဲ အပြစ်ပေးရဲသလော။
ကျူးမင်လန်မှာ သခင်မလေးနှင့် အစောပိုင်းက စကားမပြောခဲ့ဘဲ ယခုလို အရာအားလုံးကို သိရှိနေသကဲ့သို့ ဘာလို့ ဖြစ်နေရသနည်း။
သူတို့နှစ်ဦးကြားတွင် သူမ မသိနိုင်သော နားလည်မှုမျိုး ရှိနေသလို ခံစားရသည်။ တစ်စုံ တစ်ရာ ကြီးမားသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာတော့မည်လော။
"ဒေါက်၊ ဒေါက်၊ ဒေါက်"
ခြံဝင်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်သည်။ ဖရော့စ်မှာ စိတ်ရှုပ်ထွေးနေပြီး အာရုံလွင့်နေသဖြင့် တံခါးဝတွင် မည်သူရောက်နေသည်ကို စစ်ဆေးရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူမသည် သူမ၏ စကတ်အနားစများကို စုကိုင်လိုက်ပြီး ခြံဝင်းရှေ့သို့ အမြန်လျှောက်သွားသည်။
ခဏအကြာတွင် သူမသည် လီယွင်ဇီ၏ ဘေးသို့ အမြန်ပြန်လည်ရောက်ရှိလာသည်။
"သခင်မလေး... ဗိမာန်ဂိုဏ်းက ဒူချန်း ရောက်ရှိနေပါတယ်။ သခင်မလေးအနေနဲ့လဲ တော်ဝင်ခန်းမကို တက်ရောက်စေချင်ကြောင်း မျိုးနွယ်စုခေါင်းဆောင်က မှာကြားလိုက်ပါ တယ်၊ မတက်ရောက်ရင် မယဉ်ကျေးရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်" ဖရော့စ်က တိုးတိုးလေး လျှောက်တင်သည်။
လီယွင်ဇီ စကားပြောရန် ပြင်ဆင်နေစဉ်တွင် ခြံဝင်း၏ ဘယ်ဘက်ခြမ်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"မလိုပါဘူး။ သခင်မလေးက ဒဏ်ရာကို ကုသဖို့ အာရုံစိုက်နေရတာမို့ ဆွေးနွေးပွဲတွေ တက်ရောက်မှာ မဟုတ်သလို ဘယ်ဧည့်သည်ကိုမှလည်း လက်ခံတွေ့ဆုံမှာ မဟုတ်ဘူးလို့ သတင်ပို့သူကို ပြောလိုက်ပါ" ကျူးမင်လန်၏ အသံက ထွက်ပေါ်လာသည်။
ဖရော့စ်က ထူထဲသော နံရံကို လှမ်းကြည့်လိုက်သည်။ သူက အကွာအဝေး အနည်းငယ်ရှိ နေသော်လည်း သူမအသံကို မည်သို့ ကြားနိုင်ရသနည်း။
"သူပြောတဲ့အတိုင်းပဲ ပြန်ပြောလိုက်ပါ" လီယွင်ဇီက အမိန့်ပေးသည်။
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့" ဖရော့စ် ခေါင်းညိတ်လိုက်သည်။
သူမက စကတ်အနားစကို ပြန်စုကိုင်ကာ ခြံဝင်းရှေ့သို့ ပြန်လျှောက်သွားသည်။ ယခင်က ကဲ့သို့ အလွန်အမင်း အလျင်မလိုတော့ပေ။
သခင်မလေးနှင့် ကျူးမင်လန်တို့ နှစ်ဦးစလုံးက ဗိမာန်ဂိုဏ်းကို အလေးအနက် မထားသည် ကို တွေ့ရသဖြင့် သူမလည်း အလျင်စလို လုပ်စရာမလိုတော့ဟု ခံစားမိသည်။
ထို့ကြောင့် သူမသည် ဝေးဝေးမသွားခင်မှာပင် စကတ်အနားစကို လွှတ်ချလိုက်ပြီး ဖြည်းညင်းစွာ လမ်းလျှောက်သွားကာ သတင်းပို့သူကို အေးဆေးစွာ ပြန်လည် ဖြေကြား လိုက်သည်။