← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅) ကြံစည်မှုများကို နှိမ်နင်းခြင်း။

ရက်အတော်ကြာ ကုန်လွန်သွားပြီးနောက် ကောင်းကင်ယံမှာ အနည်းငယ် ပြန်လည် လင်းလက်လာသည်။ သို့သော် လင်းရောင်ခြည်မှာ မှိုင်းပျပျသာ ရှိနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ နေရောင်ခြည် လုံးဝကင်းမဲ့နေသည့် အခြေအနေထက်တော့ အဆပေါင်းများစွာ သာလွန်ပေသည်။

လီနန်းတော်ထဲတွင်မူ အနည်းငယ် လူသူကင်းမဲ့လျက် ရှိသည်။ ဖရော့စ်က လတ်ဆတ် သော ဟင်းသီးဟင်းရွက်များ ရယူရန်အတွက် မီးဖိုချောင်ကြီးဘက်သို့ သွားရောက်စဉ် လူအများစုမှာ ယနေ့နံနက်ပိုင်းကတည်းကပင် အကြီးအကဲနန်၏ မွေးနေ့ပွဲတက်ရောက် ရန် နန်အိမ်တော်သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

အကြီးအကဲနန်သည် လီချွမ်းနဂါးထိန်းအကယ်ဒမီတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လီမိသားစုနှင့် နန်မိသားစု နှစ်ဖက်လုံးကို ထောက်ပံ့ပေးခဲ့သည့် အလွန် ဩဇာကြီးမားသော နဂါးထိန်းတစ်ဦး ဖြစ်သည်။ သူသည် ဘိုးဘေးနဂါး မြို့တော်၏ ဂုဏ်သရေရှိ အကြီးအကဲတစ်ဦး အမှန်ပင် ဖြစ်သည်။

ယခုအခါ လီမိသားစုက အာဏာကို ချုပ်ကိုင်ထားပြီး အကြီးအကဲနန်မှာလည်း အိုမင်း ရင့်ရော်ကာ သူ၏နဂါးများမှာလည်း အသီးသီး ကွဲကွာကုန်ကြပြီ ဖြစ်သော်လည်း၊ သူ၏ မွေးနေ့ပွဲကိုမူ ခမ်းနားထည်ဝါစွာ ကျင်းပမြဲ ဖြစ်သည်။ လီမိသားစုဝင် အကြီးအငယ် အားလုံးမှာလည်း ထိုပွဲသို့ တက်ရောက်ကြသည်။

လီယွင်ဇီမှာမူ မတက်ရောက်ပေ။ ရှေးယခင်ကတည်းကပင် အကြီးအကဲနန်က သူမနှင့် အဆက်သွယ်ဖြတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ပြီးဖြစ်ရာ၊ လီယွင်ဇီအနေဖြင့် ထိုနေရာသို့ သွားရောက်ပြီး ဟန်ဆောင်ကောင်းပြနေရန် မလိုပေ။

ကျူးမင်လန်မှာမူ အကြီးအကဲနန်ဆိုသည်မှာ မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို မသိရှိပေ။ အသက်အရွယ်ကြီးရင့်မှုကို အခွင့်ကောင်းယူသူများမှာ များပြားလှပြီး၊ သူကိုယ်တိုင်ကမူ သူ၏ဇနီးသည်၏ လုံခြုံရေးကိုသာ အဓိကထား ဂရုစိုက်သည်။

ထို့အပြင် ယမန်နေ့ကပင် လင်ရှောင်မြို့တော်က စစ်ရေးအတွက် ထပ်မံ လှုပ်ရှားလာပြီး ဧကရီဘုရင်မ၏ တပ်ဖွဲ့ကို အနောက်ဘက် စစ်မျက်နှာသို့ သွားရောက်ရန် ဖိအားပေးခဲ့ သည်။

ဤအချိန်မှာ အလွန်တရာမှ သတိထားရမည့် အချိန်ဖြစ်နေသဖြင့် ကျူးမင်လန်အနေဖြင့် ပိုမို၍ သတိရှိရှိနှင့် စောင့်ကြည့်နေရပေမည်။

ကျူးမင်လန်၏ အမြင်တွင် အကြီးအကဲနန်၏ မွေးနေ့ပွဲသည် လီယွင်ဇီအတွက် 'ဟုန်မန်းပွဲ' (လှည့်ကွက်ပါ၍ အန္တရာယ်ရှိသည့်ပွဲ) တစ်ခုကဲ့သို့ပင် ရူမြင်မိသည်။ ထို့ကြောင့် သူက လီယွင်ဇီကို မသွားရောက်ရန် လုံးဝ တားမြစ်ခဲ့သည်။

လီနန်းတော်သည် ယခုကဲ့သို့ တိတ်ဆိတ်နေသည်မှာ ရှားပါးလှသည်။ ဤတိတ်ဆိတ်မှုက ပင် ကျူးမင်လန်၏ စိတ်ကို ပိုမိုကြည်လင်လာစေသည်။

ကံမကောင်းစွာပင်, နွေရာသီသို့ ချဉ်းကပ်လာပြီ ဖြစ်သော်လည်း ကောင်းကင်ယံမှာ မှိုင်းညို့နေဆဲပင်။ မဟုတ်ပါက ကျူးမင်လန်အနေဖြင့် လီယွင်ဇီကို အနောက်တောင်ကုန်း ရှိ တောအုပ်ငယ်လေးဆီ လမ်းလျှောက်ထွက်ရန် ဖိတ်ခေါ်မိပေလိမ့်မည်။

နန်အိမ်တော်………။

၎င်း၏တည်နေရာမှာ လီနန်းတော်၏ တံတိုင်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ လီနန်းတော်၏ မိုးထိတံတိုင်းများလောက် မမြင့်မားသော်လည်း နန်အိမ်တော်မှာ ပိုမိုခန့် ညားထည်ဝါပြီး ဘိုးဘေးနဂါးမြို့တော်၏ အဓိက မျိုးရိုးမြင့်မျိုးနွယ်စုဆိုသည့် ဂုဏ်ပုဒ်ကို ဖော်ညွှန်းလျက်ရှိသည်။

အိမ်တော်ရှေ့တွင် လူအုပ်ကြီး၏ ဆူညံသံများကို ကြားနေရသည်။ နဂါးထိန်းလမ်းစဉ်ကို လေ့လာနေကြသော ကျောင်းသားများမှာ အိမ်တော်အတွင်းသို့ မဝင်နိုင်ကြသော်လည်း နဂါးတို့၏ ဩဇာအရှိန်အဝါကို ခံစားရစေရန် မျှော်လင့်လျက် စုဝေးနေကြသည်။ နဂါးတံခါး နှင့်ပတ်သက်သော နက်နဲမှုများမှာ အမြဲလိုလို အယူသည်းမှုများနှင့် ဆက်စပ်နေတတ် သည်။ မည်သူ့ကို ဂါရဝပြုရမည်၊ မည်သည့်နတ်ကို ယုံကြည်ရမည်ဆိုသည်မှာ သာမန် ပြည်သူတို့ကြားတွင် အမြဲရှိနေကျ ဓလေ့စရိုက်များပင် ဖြစ်သည်။

အိမ်တော်အတွင်း၌မူ အပြင်ဘက်မှ ဆူညံသံများနှင့် ဆန့်ကျင်စွာပင် အလွန်တရာ တိတ်ဆိတ် လေးနက်နေ၏။ အဘိုးအိုတစ်ဦး၏ မွေးနေ့ပွဲကို ကျင်းပနေသည့် ပုံစံမျိုး မရှိဘဲ၊ အစောင့်အရှောက်များဖြင့် တင်းကျပ်လျက်ရှိသည်။ မွေးနေ့လက်ဆောင်များ ပေးအပ်ရန် ရောက်ရှိလာကြသည့် ဧည့်သည်အချို့ကိုမူ အခြား တော်ဝင်ခန်းမတစ်ခုသို့ ခေါ်ဆောင် သွားကြသည်။

သံမဏိခြံဝင်းအတွင်း၌ နန်လင်းရှာသည် စကျင်ကျောက်လမ်းကြောင်းအတိုင်း ဖြည်းညင်း စွာ လျှောက်လှမ်းနေသည်။ သူမသည် နှင်းဆီရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူစင်ကာ နုနယ်လှပသည်။ မျက်နှာဖုံးကာ ဇာပုဝါဖြင့် ဖုံးအုပ် ထားသော်လည်း သူမ၏ ပြိုင်ဘက်ကင်းသော အလှတရားနှင့် လှုပ်ရှားမှုတိုင်းတွင် မင်းသမီးတစ်ပါး၏ ဂုဏ်အရှိန်အဝါကို ဖုံးကွယ်၍ မရနိုင်ပေ။

"သခင်လေး၊ သခင်လေး"

"ဒီမိန်းကလေးက ဘယ်သူလဲ" စတုတ္ထမြောက်သခင်လေး ဒူချန်းက လှေကားထစ်များ ပေါ်မှနေ၍ နန်လင်းရှာကို စိတ်ယစ်မူးစွာ ငေးကြည့်နေမိသည်။

"သူက နန်မိသားစုကို တာဝန်ယူထားတဲ့ နန်လင်းရှာပဲ။ ဟွန်း" လီခုန်ရှီက ထိုအချိန်တွင် မနှစ်မြို့ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"အော်၊ အော်..." ဒူချန်းက စိတ်မပါ့တပါ ခေါင်းညိတ်လိုက်သည်။ လီခုန်ရှီနှင့် စေ့စပ်ထား ခြင်းကို ဂရုမစိုက်ဘဲ သူက ထိုအမည်ကို အထူးတလည် မှတ်သားထားလိုဟန်ရှိသည်။

နန်လင်းရှာကမူ ဒူချန်းကို လှည့်ပင်မကြည့်ဘဲ လျှောက်သွားလိုက်သည်။ မျိုးနွယ်စုမှ နဂါးထိန်းအချို့က လေးလံသော သံမဏိတံခါးကြီးများကို ဖွင့်ပေးလိုက်ရာ နန်လင်းရှာ အထဲသို့ ဝင်ရောက်သွားသည်။

နန်အိမ်တော်၏ သံမဏိခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေ၏။ သူတို့မှာ စကားအများ ကြီး မပြောကြဘဲ တိတ်ဆိတ်နေခြင်းကပင် ထူးဆန်းသော စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေသည်။

"တံခါးပိတ်လိုက်ကြ" နန်လင်းရှာက သူမနောက်မှ နန်မိသားစုဝင် အချို့ကို ပြောလိုက် သည်။

တံခါးပိတ်လိုက်သည်နှင့် ထိုင်နေသူများမှာ စတင်ထိတ်လန့်လာကြသည်။ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်လိုက်သည့် ဧကရီဘုရင်မတစ်ဦးကို မြင်လိုက်ရသကဲ့သို့ နန်လင်းရှာကို ထိတ်လန့်တကြား ကြည့်နေကြသည်။

"အားလုံးပဲ၊ စိတ်မပူကြပါနဲ့။ ဒါက ကျွန်မရဲ့ အငယ်ဆုံးသမီး နန်လင်းရှာပါ" လီရင်းက အလျင်အမြန် ပြောလိုက်သည်။

"သူမက နန်မိသားစုကို ချုပ်ကိုင်ထားသူပါ။ သူမရဲ့ ထောက်ပံ့မှု မပါဘဲနဲ့ လီယွင်ဇီရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့က ခက်ခဲလိမ့်မယ်" အိုမင်းနေသော အကြီးအကဲ နန်က ပြောလိုက်သည်။

ဤလျှို့ဝှက် နှိမ်နင်းရေးအစည်းအဝေးကို စီစဉ်မဆောင်ရွက်မီကပင် လီမိသားစုသည် နန် မိသားစုနှင့် ဆက်သွယ်ထားခဲ့ပြီး ဖြစ်သည်။ ဤရှားပါးသော သဘာဝဘေးဒုက္ခကို အခွင့် ကောင်းယူကာ လီယွင်ဇီကို ဖြုတ်ချရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

လီယွင်ဇီ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် မြို့တော်အများအပြားကို စစ်ရေးအရ အုပ်စိုးကာ စစ်တပ်အင်အားကို ဆက်လက်ထိန်းချုပ်ထားပါက ဤနေရာတွင် ရှိနေသူ မည်သူမျှ သူမကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

"လင်ရှောင်မြို့တော်က တပ်ဖွဲ့တွေကို စေလွှတ်နေတာ ရက်အတော်ကြာပြီဖြစ်လို့ လင် မျိုးနွယ်စုခေါင်းဆောင်ရဲ့ စေတနာကို လုံလောက်အောင် ပြသပြီးသားပါ။ နောက်ထပ် တွေဝေမနေကြပါနဲ့တော့..." ရန်ရှို့က ပထမဆုံး စတင်ပြောကြားသည်။

"ဗိမာန်ဂိုဏ်းကလည်း သခင်ဒူချန်းကို စေလွှတ်ထားပြီး သူကလည်း အချိန်ကိုက် လှုပ်ရှား နေပါတယ်"

"လီမိသားစုရဲ့ အစောင့်တပ်နဲ့ စစ်သည်အားလုံးကို အဝေးကို စေလွှတ်လိုက်တာမျိုး၊ ဒါမှ မဟုတ် မွေးနေ့ပွဲ တက်ရောက်ဖို့ဆိုပြီး လှည့်စားခေါ်ဆောင်ခဲ့တာမျိုး လုပ်ဆောင်ထားပြီး ပါပြီ။ အခုအချိန်မှာ လီနန်းတော်ဟာ အခွံသက်သက် မြို့ရိုးတွေသာ ကျန်ပါတော့တယ်" ခုန်ထုန်က အစည်းအဝေးရှိ လူအားလုံးကို လှမ်းပြောသည်။

မွေးနေ့ပွဲလား……..။

ဒါက အပြင်လူတွေအတွက် အကြောင်းပြချက် သက်သက်သာ ဖြစ်သည်။

အကြီးအကဲနန်၏ မွေးနေ့သည် လီယွင်ဇီ၏ ကံကြမ္မာ အဆုံးသတ်မည့် နှစ်ပတ်လည်နေ့ပင် ဖြစ်သည်။

ယခုအခါ အရာအားလုံးမှာ အဆင်သင့် ဖြစ်နေပြီ။ ကောင်းကင်ဘုံကပင် ဤအခါသမယ အတွက် အထောက်အကူ ပြုပေးသလို ဖြစ်နေပြီး၊ လီယွင်ဇီကို အချိန်တိုအတွင်းမှာပင် ပြည်သူတို့၏ အချစ်တော်အဖြစ်မှ ဆုံးရှုံးသွားစေခဲ့သည်။

"ဒါက ကောင်းကင်ဘုံရဲ့ အလိုတိုင်းပဲ။ ဒီနေ့ ခင်ဗျားတို့ကို ဒီနေရာမှာ စုဝေးခိုင်းရတဲ့ အကြောင်းရင်းက ခုခံကာကွယ်ဖို့ လျှို့ဝှက်ကြံစည်ဖို့ မဟုတ်ဘူး။ လီယွင်ဇီ ပြုတ်ကျသွား ပြီးနောက် ဖြစ်ပေါ်လာမည့် ရှုပ်ထွေးမှုတွေကို တားဆီးဖို့အတွက်ပါ။ ဝူထူမှာ အခွန်ကောက် ခံမယ့်လူ လိုအပ်နေတယ်၊ တောင်ပိုင်းမြို့တော်မှာ ပြည်သူတွေက အုပ်စိုးရှင်အသစ် လိုအပ် နေတယ်၊ ပြီးတော့ ဘိုးဘေးနဂါး မြို့တော်ရဲ့ အစောင့်တပ်ဖွဲ့ကိုလည်း တစ်စုံတစ်ယောက် က ထိန်းချုပ်ထားနိုင်ရမယ်..." အကြီးအကဲနန်က ဆက်လက်ပြောကြားသည်။

အကျိုးအမြတ်များကို ခွဲဝေခြင်း……။

အကြီးအကဲနန်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေသည်။

ဒီနေ့အစည်းအဝေးသည် လီယွင်ဇီ အပြစ်ပေးလာမည့် အန္တရာယ်ကို ရင်ဆိုင်ရန် မဟုတ်ဘဲ၊ အကျိုးစီးပွားများကို ခွဲဝေရန်သာ ဖြစ်သည်။

ယခုအခါ လူတစ်ဦးချင်းစီ၏ ရှေ့တွင် အာဏာရှင် ဖြုတ်ချရေး စာချွန်လွှာ တစ်စောင်စီ ချထားသည်။ သံမဏိခန်းမအတွင်းရှိ လူတိုင်းမှာ ဘိုးဘေးနဂါးမြို့တော် အတွင်းနှင့် အပြင် ဘက်သာမက ဗိမာန်ဂိုဏ်း၊ လီမိသားစု၊ နန်မိသားစု၊ တောင်ပိုင်းမြို့တော် သခင်အဟောင်း များ၊ လင်ရှောင်မြို့တော်နှင့် အခြားသော နယ်မြေများကိုပါ အုပ်စိုးနိုင်ကြသည့် အာဏာရှိ သူ အုပ်စိုးရှင်များ ဖြစ်ကြသည်။

တကယ်တမ်းတွင်မူ အခြားသော မြို့တော်များမှ ကိုယ်စားလှယ်များအနေဖြင့် အိမ်ရှင် လီ မိသားစုဝင်များ၊ နန်မိသားစုမှ အကြီးအကဲနန်နှင့် ဤအစီအစဉ်ကို စတင်သူများအားလုံးမှာ အာဏာရှင်ဖြုတ်ချရေးကို ဦးဆောင်သူများ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ စိတ်အေးလက်အေး ဖြစ်သွားကြတော့သည်။

မြို့တော်အများအပြားမှာ လီယွင်ဇီ၏ ကျူးကျော်စစ်ပွဲများကြောင့် ဒုက္ခရောက်ခဲ့ရပြီး စစ်သည်အမြောက်အမြား သေဆုံးခဲ့ကာ သူပုန်များကိုလည်း သနားညှာတာမှုမရှိဘဲ ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်။

ဗိမာန်ဂိုဏ်းမှာမူ လီယွင်ဇီ အာဏာကို တစ်ကိုယ်ကောင်းဆန်စွာ ချုပ်ကိုင်ထားသည်ကို မမြင်လိုကြသလို၊ ဘိုးဘေးနဂါးမြို့တော်၏ အိမ်နီးချင်းများမှာလည်း ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြသည်။ ဘိုးဘေးနဂါး မြို့တော်အတွင်း၌ပင် လီယွင်ဇီ၏ လူသားတိုင်း၏ အခွင့်အရေးကို ရက်ရက်စက်စက် နင်းခြေမှုများကို သည်းခံနိုင်ဖွယ် မရှိတော့ပေ။

လီယွင်ဇီမှာ ဒဏ်ရာရရှိထားပြီး ပြန်လည်ကုသရန်အတွက် နေအိမ်သို့ ပြန်ရောက်နေသည်။

ကောင်းကင်ယံမှ မီးတောက်များကြောင့် ပြစ်တင်ဝေဖန်ခံနေရပြီး နေရောင်ခြည်မှာလည်း မှိုင်းညို့နေသေးသည်။ ဤအချိန်တွင် သူမကို မတိုက်ခိုက်လျှင်၊ လီယွင်ဇီ၏ သံမဏိတပ်ဖွဲ့ များက မိမိတို့၏ နေအိမ်များနှင့် မြို့များကို လာရောက်နင်းခြေမည်ကို စောင့်ဆိုင်းနေကြ မည်လော။

"ရှင်တို့ရဲ့ အမည်တွေကို ရေးသွင်းလိုက်ကြပါ။ ကျွန်မက လီယွင်ဇီနေရာမှာ ခေတ္တအစား ထိုးပြီး သူမရဲ့ နဂါးတစ်ပိုင်း ပျံသန်းရေးငှက်တပ်ဖွဲ့ကို လုံးဝ ဖျက်သိမ်းလိုက်မယ်။ သူမရဲ့ သစ္စာခံတွေက လက်စားချေဖို့ ကြိုးပမ်းလာမှာကို ဘယ်သူမှ စိုးရိမ်စရာ မလိုတော့ဘူး" နန်လင်းရှာက စားပွဲတစ်လျှောက် လမ်းလျှောက်ရင်း ပြောလိုက်သည်။

"မင်းက သူမနေရာမှာ ဘယ်လို အစားထိုးမှာလဲ။ လီယွင်ဇီရဲ့ သစ္စာရှိ နဂါးတစ်ပိုင်း ပျံသန်း ရေးငှက်တပ်ဖွဲ့က နန်မိသားစုက မိန်းကလေးတစ်ယောက်ရဲ့ စကားကို နားထောင်မယ်လို့ ထင်နေတာလား" တောင်ပိုင်းနယ်မြေဟောင်းများမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကျုံးယွဲ့ က အေးစက်စက် လေသံဖြင့် ခနဲ့လိုက်သည်။

"ဒါက အနာဂတ် ပြဿနာတွေကို တားဆီးဖို့အတွက် အာဏာရှင်ဖြုတ်ချရေးရဲ့ အဓိက သော့ချက်ပဲ"

"အများစုက မသိကြသေးပေမဲ့ ငါ့သမီး လီယွင်ဇီနဲ့ နန်လင်းရှာတို့က အမြွှာညီအစ်မတွေ ဖြစ်တယ်" လီရင်းက မတ်တပ်ရပ်ကာ တက်ရောက်လာသူ အားလုံးကို အသိပေးလိုက် သည်။

နန်လင်းရှာက သူမ၏ မျက်နှာဖုံးကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ရာ သူမ၏ မူလ မျက်နှာသွင်ပြင်ကို မြင်လိုက်ရ၏။

နန်လင်းရှာ၏ မျက်နှာကို မြင်လိုက်ရသောအခါ ကျုံးယွဲ့သည် ထိတ်လန့်သွားပြီး ကုလား ထိုင်ပေါ်မှပင် ပြုတ်ကျသွားသည်။ နှစ်စဉ်ကျင်းပသည့် ပွဲတော်ညတွင် ထိုမကောင်းဆိုးဝါး မိန်းမပျို၏ မျက်လုံးများထဲရှိ အေးစက်ရက်စက်သော အကြည့်ကို သူ မမေ့သေးပေ။

"သူမရဲ့ နဂါးတစ်ပိုင်းပျံသန်းရေးငှက်တပ်ဖွဲ့တွေက နန်လင်းရှာကို မသိကြတဲ့အတွက် လီယွင်ဇီကို ဖမ်းဆီးလိုက်တဲ့အခါ သူတို့ရဲ့သခင်မနေရာမှာ သူမညီမဖြစ်သူ လင်းရှာနဲ့ အစားထိုးလိုက်တာကို သိရှိကြမှာ မဟုတ်ဘူး။ ဒါက နန်မိသားစုက ခင်ဗျားတို့အားလုံးကို ပေးအပ်တဲ့ အာမခံချက်ပဲ" အကြီးအကဲနန်က ကြော်ညာလိုက်သည်။

All Chapters