အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) - သွေးနှင်းဆီ။
အမှန်စင်စစ် ဤသံမဏိခန်းမ အစည်းအဝေးသို့ တက်ရောက်နိုင်သူများ အားလုံးသည် ဤအဓိကအချက်ကို သိရှိကြသည်။
အခြားမြို့တော်များမှာ လီယွင်ဇီ၏ နင်းခြေမှုများကို မခံရပ်နိုင်ကြပေ။ ဘိုးဘေးနဂါး မြို့တော်သည် လီယွင်ဇီတစ်ဦးတည်း၏ ထိန်းချုပ်မှုအောက်သို့ မကျရောက်သေးခြင်းမှာ နန်မိသားစုမှ အကြီးအကဲနန်နှင့် နန်လင်းရှာကဲ့သို့သော အစွမ်းထက်သည့် နတ်ဘုရား အနွယ်ဝင်လူသားများ ရှိနေသောကြောင့်ပင် ဖြစ်သည်။
စွမ်းအားပိုင်းအရဆိုလျှင် နန်လင်းရှာသည် လီယွင်ဇီထက် အားမနည်းဘဲ အနည်းငယ်ပင် ပိုမိုသန်မာနိုင်သည်။
လီယွင်ဇီအနေဖြင့် နန်လင်းရှာကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူမ၏ သံမဏိမြင်းခွာတပ်ကို စေလွှတ်ကာ နန်အိမ်တော်ကို တိုက်ခိုက်ခြင်းသာ ဖြစ်လိမ့်မည်။
အတိတ်ကာလ တစ်လျှောက်လုံးတွင် လီမိသားစုသည် လီယွင်ဇီကို ဘိုးဘေးနဂါး မြို့တော် အနီးတွင် တပ်စွဲခွင့် မပြုခဲ့သောကြောင့် လီယွင်ဇီအနေဖြင့် သူမစစ်တပ်ကို အားကိုး၍ တစ်မြို့လုံးကို အုပ်စိုးရန် မဖြစ်နိုင်ပေ။
သို့သော် ယခုအခါ လီယွင်ဇီသည် ဝူထူနယ်မြေကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်း နယ်မြေကိုလည်း သိမ်းပိုက်ထားသည်။ အရှေ့တောင်ဘက်ရှိ ကြည်လင်ရေမြစ်မြို့ကပင် သူမထံ လျှို့ဝှက်စွာ အညံ့ခံခဲ့ပြီဟု ကြားသိရသည်။ ဘိုးဘေးနဂါး မြို့တော်၏ အိမ်နီးချင်း မြို့တော်များအပါအဝင် သိမ်းပိုက်မခံရသေးသော လင်ရှောင်မြို့တော်မှာလည်း ဤ ခြိမ်းခြောက်မှုမှ လွတ်ကင်းခြင်း မရှိတော့ပေ။
ဘိုးဘေးနဂါး မြို့တော်တစ်ခုလုံးကို အတွင်းမှနေ၍ မဖြိုဖျက်နိုင်လျှင် လီယွင်ဇီသည် အပြင် ဘက်မှနေ၍ တဖြည်းဖြည်း ချဉ်းကပ်လာကာ မြို့တော်တစ်ခုလုံးကို အညံ့ခံလာစေရန် ပိတ်ဆို့လာနိုင်သည်။
ဧကရီဘုရင်မ၏ တပ်ဖွဲ့များ၊ ဝူထူနယ်မြေမှ တပ်ဖွဲ့များ၊ တောင်ပိုင်းနယ်မြေများ၏ စစ်တပ် နှင့် ကြည်လင်ရေမြစ်မြို့တို့၏ မဟာမိတ်တပ်ဖွဲ့များကို ကွပ်ကဲနေသည့် လီယွင်ဇီသည် မကြာမီမှာပင် နန်အိမ်တော်ကို မှုန့်မှုန့်ညက်ညက်ကျေအောင် ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
အညံ့ခံမလား…..၊ ဒါမှမဟုတ်ရင် အသေခံမလား။
အကြီးအကဲနန်၊ နန်လင်းရှာနှင့် နန်မျိုးနွယ်စုတစ်ခုလုံးမှာ လူတုံးလူအများ မဟုတ်ကြပေ။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မျိုးကို မည်သို့လျှင် ဖြစ်ခွင့်ပေးမည်နည်း။
ဗိမာန်ဂိုဏ်းနှင့် လင်ရှောင်မြို့တော်တို့မှာ ပို၍ပင် ထိတ်လန့်နေကြသည်။
အကယ်၍ ဘိုးဘေးနဂါးမြို့တော်သာ မခုခံနိုင်ပါက လီယွင်ဇီသည် သူမ၏ အကြီးမားဆုံး ရန်သူများဖြစ်သည့် လင်ရှောင်မြို့တော်နှင့် ဗိမာန်ဂိုဏ်းတို့ကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် ချေမှုန်းတော့မည်မှာ အချိန်ပြဿနာသာ ဖြစ်သည်။
အာဏာရှင်ဖြုတ်ချရေးမှာ အရေးတကြီး လိုအပ်နေပြီ။
"လီယွင်ဇီက ကိုယ့်အမျိုးအနွယ်ကိုတောင် ပြန်လည်ပစ်ပယ်တဲ့အထိ ရက်စက်လွန်းတယ်။ ဒီမှာရှိတဲ့လူတွေကို ဖုံးကွယ်မထားပါဘူး၊ ဝူထူနယ်မြေက ထာဝရမြို့တော် ဖြစ်ရပ်ကလည်း ဗိမာန်ဂိုဏ်းက အကြီးအကဲဖန်နဲ့ ကျွန်မတို့ စီစဉ်ထားတာပါ။ ရှင်တို့အားလုံး မြင်တဲ့အတိုင်း ပဲ... အဲဒီဖြစ်ရပ်သာ မရှိရင် သူမဟာ ဒီနေ့ဒီအချိန်မှာ ပိုပြီး တားဆီးနှိမ်နင်းလို့ မရနိုင်တော့ သလို ကျွန်မတို့လဲ ဒီနေရာမှာ အာဏာရှင်ဖြုတ်ချသူတွေအနေနဲ့ ထိုင်နေရမှာ မဟုတ် တော့ဘူး။ ဖြစ်နိုင်တာကတော့ ကျွန်မတို့ဟာ အရိုးစုတွေ ဒါမှမဟုတ် သူမရဲ့ စစ်သုံ့ပန်းတွေ ဖြစ်နေမှာပဲ" သခင်မခုန်ထုန်က ထပြောလိုက်သည်။
အကြီးအကဲဖန်သည် ငယ်ရွယ်သော မိန်းမပျိုတစ်ဦးကဲ့သို့ စိုပြေသော အသားအရေရှိသည့် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ၏ ဆံပင်များမှာမူ နားသယ်စပ်နားတွင် ဖြူစပြုနေပြီ ဖြစ်သည်။
သူမက တိတ်ဆိတ်စွာ စောင့်ကြည့်နေတတ်သူ ဖြစ်ပြီး အပြောင်းအလဲများကို ငြိမ်သက်စွာ ကြည့်ရှုနေသည်။
ဤအကြောင်းအရာကို ပြောဆိုလာသည့်အခါ သူမက ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
ဗိမာန်ဂိုဏ်း၏ ကိုယ်စားလှယ်အနေဖြင့် သူမသည် လီယွင်ဇီနှင့် ရန်ငြိုးရန်စမှာ ပြေလည် နိုင်တော့မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ပြသလိုက်ရာ၊ တွေဝေနေကြသူအချို့ကို စိတ်သက်သာရာ ရစေခဲ့သည်။
"ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပါ၊ ခင်ဗျားတို့ထဲမှာ ဘယ်သူကရော ဩဇာအာဏာရှိပြီး လွှမ်းမိုးမှုမရှိတဲ့လူ ရှိလို့လဲ။ လီယွင်ဇီရဲ့ ပြင်းထန်တဲ့ ရန်လိုမှုတွေရှိပေမဲ့ ငါတို့အားလုံး သူမနဲ့ ချိုသာစွာ ပြောဆိုဖို့ ကြိုးစားခဲ့ကြတယ်၊ အလျှော့ပေးခဲ့ကြတယ် မဟုတ်လား။ ဒါပေမဲ့ သူမကတော့ အတ္တကြီးပြီး သည်းခံစိတ်မရှိဘူး၊ အသေးအဖွဲ ကိစ္စလေးမှာတောင် ဓားကို ဆွဲထုတ်ပြီး အသက်တွေကို နုတ်ယူပစ်တယ်၊ ငါတို့မျိုးနွယ်စု အပေါ်မှာလည်း ညှာတာမူမရှိပဲ တပ်ဖွဲ့တွေကို စေလွှတ်တယ်..." လီရင်းက နာကျင်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
လီယွင်ဇီ၏ ဖခင်အရင်းဖြစ်သူ လီရင်းသည် သူ့သမီး မည်သည့်အချိန်ကတည်းက နတ်ဆိုး ဝင်ပူးထားသကဲ့သို့ ရက်စက်ပြီး နှလုံးသားကင်းမဲ့သွားသည်ကို နားမလည်နိုင်တော့ပေ။
ထို့နောက် သူမ၏ ညီမဖြစ်သူ နန်လင်းရှာကို ကြည့်ပါ။ လီယွင်ဇီထက် အားမနည်းသော် လည်း သူမသည် သူမတာဝန်ကို တင်းကျပ်စွာ လိုက်နာပြီး ဘိုးဘေးနဂါး မြို့တော်ကို စောင့်ရှောက်လျက် ရှိသည်။
အုပ်စိုးရှင်တို့သည် နတ်ဘုရားတို့က ပြစ်ဒဏ်ပေးခြင်း ရှိ/မရှိ မသိရှိကြသော်လည်း လီယွင်ဇီ၏ လုပ်ရပ်များကို တွေးမိသောအခါ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကို ကြောက်ရွံ့ လာကြသည်။
"လီမိသားစုခေါင်းဆောင်၊ ဘာလို့ ဒီလောက်တောင် ဟန်ဆောင်နေရတာလဲ။ လီနန်းတော် က အခွံသက်သက်ပဲ ကျန်တော့တယ်၊ ဒူချန်းကလည်း ဗိမာန်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေကို ခေါ်ပြီး လီယွင်ဇီကို လုပ်ကြံဖို့ လျှို့ဝှက် စေလွှတ်လိုက်ပြီလေ။ ဘာလို့ အားလုံးကို တိုက်ရိုက် မပြောပြတာလဲ" ဗိမာန်ဂိုဏ်းမှ အကြီးအကဲဖန်က နောက်ဆုံးတွင် ပြောလိုက် သည်။
အခုချိန်ထိ အခုလုပ်ရပ်တွေကို လက်မခံနိုင်တဲ့ ဖခင်တစ်ယောက်အဖြစ် ဆက်လက် ဟန်ဆောင်နေဖို့ လိုသေးလို့လား…..။
သူသည် ဤအခန်းထဲတွင် လီယွင်ဇီ၏ သေဆုံးခြင်းကို အလိုချင်ဆုံးသူဖြစ်သည်။
ခုန်ထုန်က မိသားစုခေါင်းဆောင်၏ ဇနီးတစ်ဦးသာ ဖြစ်သည်။
လီယွင်ဇီက သူမကို ကြိုတင်၍ သတိထားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
လီရင်း၏ ပါဝင်မှုသာ မရှိပါက ထာဝရမြို့တော် ကိစ္စမှာ ပို၍ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
လုပ်ရဲလျှင် အကျိုးဆက်များကိုလည်း လက်ခံရမည်။
လီမိသားစုမှာ ယခုအခါ အစောင့်အရှောက် ကင်းမဲ့နေသည်။ မိသားစုခေါင်းဆောင် တစ်ဦး ဖြစ်သူ ခုန်ထုန်မှာ ထိုမျှ အာဏာရှိပါသလော…..။
"ရှင်တို့ရဲ့ အမည်တွေကို ရေးသွင်းလိုက်ကြပါ။ ဒီနေ့ကစပြီး ကျွန်မတို့ မဟာမိတ်တွေ ဖြစ်သွားပြီ၊ ကျွန်မ ကတိပေးထားတဲ့ အကျိုးကျေးဇူးတွေကို ရှင်တို့ ခံစားရပါလိမ့်မယ်။ တကယ်လို့ တစ်စုံတစ်ယောက်က တွေဝေနေသေးတယ်ဆိုရင်တော့ မိမိဆန္ဒအတိုင်း ထွက်သွားနိုင်ပါတယ်" ဗိမာန်ဂိုဏ်းမှ အကြီးအကဲဖန်က အာဏာရှင်ဖြုတ်ချရေး အစည်း အဝေးကို ဦးဆောင်သူအဖြစ် တာဝန်ယူလိုက်သည်။
လုပ်ကြံဖို့လား……။
အရာအားလုံးမှာ စတင်လှုပ်ရှားနေပြီ ဖြစ်သည်။
ဧကရီဘုရင်မ၏ တပ်ဖွဲ့မှာ လင်ရှောင်မြို့တော်ကြောင့် အဝေးသို့ ရောက်ရှိနေပြီ။
လီနန်းတော်၏ အစောင့်တပ်ဖွဲ့များကို လီရင်းက အဝေးကို စေလွှတ်လိုက်ပြီ။
အကြီးအကဲနန်နှင့် နန်လင်းရှာတို့က အာဏာရှင်ဖြုတ်ချရေး စာချွန်လွှာတွင် ပထမဆုံး လက်မှတ်ရေးထိုးလိုက်ကြသည်။
ကောင်းကင်ဘုံ၏ မီးတောက်နှင့် အလိုတော်တို့က ပြဋ္ဌာန်းလိုက်ပြီ။
ဗိမာန်ဂိုဏ်းနှင့် ရဲရင့်သော သူရဲကောင်းတို့က လှုပ်ရှားလိုက်ကြပြီ။
ဒဏ်ရာရလျက် ခြံဝင်းအတွင်း တစ်ဦးတည်း ကျန်ရှိနေသည့် လီယွင်ဇီ….....
အကယ်၍ သူမ၏ ဒဏ်ရာများမှာ ဟန်ဆောင်ခြင်းဖြစ်စေ၊ အမှန်တကယ်ဖြစ်စေ, သူမသည် ဤကံကြမ္မာမှ လွတ်မြောက်နိုင်ဖွယ် မရှိတော့ပေ……။
"လူကြီးမင်းတို့... ဧကရီဘုရင်မရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို ဘေးဖယ်ထားလိုက်မယ် ဆိုရင် သူမဟာ ကျွန်တော် လေးစားရတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း ဝန်ခံပါတယ်။ ကျွန်တော် လီယွင်ဇီကို နှင်ထုတ်ဖယ်ရှားဖို့ အမိန့်စာကို ရေးသားထားပြီးပါပြီ၊ ခင်ဗျားတို့ အားလုံး လက်မှတ်ထိုးပေးဖို့ ဖိတ်ခေါ်ပါတယ်" လင်ရှောင်မြို့တော်၏ ကိုယ်စားလှယ် ရန်ရှို့ က စာရွက်စာတမ်းကို ရေးသားလိုက်သည်။
အာဏာရှင်ဖြုတ်ချရေး စာချွန်လွှာတွင် လက်မှတ်ထိုးရန် နေရာနှစ်ခုရှိသည်။
နှင်ထုတ်ဖယ်ရှားခြင်း သို့မဟုတ် လုပ်ကြံသတ်ဖြတ်ခြင်း။
အခြားရွေးချယ်စရာ မရှိပေ။
မည်သည့်နေရာတွင် လက်မှတ်ထိုးထိုး လီယွင်ဇီ အပေါ်ထားရှိသည့် မုန်းတီးမှု အတိုင်းအ တာကို ဖော်ပြနေခြင်းသာ ဖြစ်သည်။
အမှန်တကယ်တွင်မူ ဗိမာန်ဂိုဏ်းသည် လုပ်ကြံသတ်ဖြတ်မှုကို အကောင်အထည်ဖော်နေ ခြင်း ဖြစ်သည်။
အာဏာရှင်ဖြုတ်ချရေးစာချွန်လွှာ၏ မည်သည့်နေရာတွင် လက်မှတ်ရေးထိုးသည် ဖြစ်စေ၊ ထိုအရာအားလုံးသည် လီယွင်ဇီ၏ ရန်သူဖြစ်လာခြင်းနှင့် သေသည်အထိ တိုက်ခိုက်မည်ဟု ကျိန်ဆိုခြင်းပင် ဖြစ်သည်။
ရန်ရှို့ လက်မှတ်ရေးထိုးပြီးလေပြီ။
ဗိမာန်ဂိုဏ်းမှ အကြီးအကဲဖန်ကလည်း သူမနာမည်ကို ရေးသွင်းလိုက်သည်။
လီရင်းနှင့် ခုန်ထုန်တို့လည်း ထိုနည်းအတိုင်းပင် ပြုလုပ်ကြသည်။
လေထုမှာ ပြောင်းလဲသွားခဲ့ပြီ၊ ၎င်းမှာ ဆွေးနွေးခြင်း သက်သက်မဟုတ်တော့ပေ...
သို့မဟုတ် လူတိုင်းက အချိန်ကြာမြင့်စွာကတည်းက ဆုံးဖြတ်ချက် ချထားပြီးဖြစ်နိုင်သည်။ ဤလျှို့ဝှက်စစ်ဆင်ရေးအတွင်း မည်သူမျှ နောက်မဆုတ်ရန် သို့မဟုတ် လီယွင်ဇီဘက်သို့ မကူးပြောင်းသွားစေရန်အတွက် အားလုံးကို ချည်နှောင်ထားခြင်းသာ ဖြစ်သည်။
"ဒီမှင်က နဂါးသွေးနဲ့ ပြုလုပ်ထားတာ။ ဒီစက္ကူက နဂါးရေအရေခွံနဲ့ ပြုလုပ်ထားတာပါ။ ဒီနေ့ ကျွန်တော်တို့ မဟာမိတ်ဖွဲ့ပြီး စစ်ဆင်နွှဲကြမယ်။ လုပ်ကြံမှုရဲ့ရလဒ် ဘယ်လိုပဲ ဖြစ်ပါ စေ၊ ကျွန်တော်တို့ အားလုံး စုပေါင်းလှုပ်ရှားကြမယ်၊ လီယွင်ဇီကို ဘိုးဘေးနဂါး မြို့တော်ထဲ ကနေ အသက်ရှင်လျက် ထွက်မသွားနိုင်စေရဘူး" အကြီးအကဲနန်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် ဂရုမစိုက်ဟန်နှင့် ပြတ်သားသော ဆုံးဖြတ်ချက်တို့ ပေါ်လွင်နေသည်။
လီရင်းကလည်း သူကိုယ်တိုင် ရေးသားထားသည့် အာဏာရှင်ဖြုတ်ချရေး စာချွန်လွှာကို မြှောက်ကိုင်လျက် မတ်တပ်ရပ်လိုက်သည်။ အခြားသူများကလည်း လိုက်ပါပြုလုပ်ကြပြီး သူတို့၏ လက်မှတ်များကို အမြင့်သို့ မြှောက်ကိုင်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် သံမဏိခန်းမအတွင်း၌ လေးနက်ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်သွားသည်။
သွေးမှင်နံ့မှာ ထူထပ်စွာ ထွက်ပေါ်နေပြီး လူတိုင်း ၏ လက်ချောင်းထိပ်များတွင် စွဲကပ်နေ သည်။ နန်လင်းရှာသည် သူမ၏ မျက်နှာကို မျက်နှာဖုံးဖြင့် ဖြည်းညင်းစွာ ဖုံးအုပ်လိုက်ပြီး သူမ၏ နှင်းဆီရောင်ဝတ်ရုံကို နောက်မှ ဆွဲငင်လျက် သံတံခါးကြီးဆီသို့ လျှောက်လှမ်းသွား တော့သည်။
လူတို့က သူမကို ငေးကြည့်နေကြသည်။ သူမ၏ ပုံပန်းသဏ္ဌာန်မှာ လီယွင်ဇီနှင့် အလွန်ဆင် တူလွန်းလှသဖြင့်၊ တက်ရောက်လာသူ အများစုမှာ သူမတို့နှစ်ဦးကို အတူတကွ မြင်ဖူးပြီး ရန်ငြိုးရန်စ ရှိသည်ကို မသိရှိကြပါက ထိတ်လန့်မိကြပေလိမ့်မည်။
"အဖေ... ထာဝရမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေမှာ အဖေ မပါဝင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား" ရုတ်တရက် နန်လင်းရှာက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး နောက်သို့ လှည့်ကြည့်ကာ သူမ၏ပါးပြင်ပေါ်တွင် ဝမ်းနည်းရိပ်သန်းသော အပြုံးတစ်ခုကို ဖော်ပြ လိုက်သည်။
လီရင်းက မျက်မှောင်ကြုတ်လိုက်သည်။
နန်လင်းရှာသည် အဘယ်ကြောင့် ဤအချိန်တွင် ဤကိစ္စကို မေးမြန်းရသနည်းဟု သူ နားမလည်နိုင်ပေ။
"သူမကို အကျဉ်းထောင်ထဲ ပို့လိုက်တာက မင်းအဖေလက်ချက်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုတော့ သူ ဘာမှမသိခဲ့ပါဘူး" ထိုအချိန်တွင် ခုန်ထုန်က ဝင်ပြောသည်။
"အော်... ဒါဆိုရင် သူမကို ထောင်ထဲမှာ အရှက်ရစေခဲ့တာက သခင်မ ခုန်ထုန်ပေါ့နော်" နန်လင်းရှာက မျက်ခုံးပင့်ကာ တိုးတိုးလေး မေးလိုက်သည်။
ခုန်ထုန် တိတ်ဆိတ်သွားသည်။ ၎င်းမှာ တိတ်ဆိတ်စွာ ဝန်ခံခြင်းပင် ဖြစ်သည်။
"မဟာဆန္ဒက ကောင်းကင်ဘုံထက် မြင့်မားသော်လည်း ကံကြမ္မာကား စာရွက်တစ်ရွက် ကဲ့သို့ ပါးလွှာလှသည်။"
"လူကြီးမင်းတို့... ရှင်တို့ရဲ့ အမည်တွေကို ရှင်ခြင်းသေခြင်းစာအုပ်ထဲမှာ ကိုယ်တိုင် ရေးသွင်းပြီးကြပါပြီ။ ကျွန်မရဲ့စာအုပ်ထဲကနေ အသက်ရှင်ကျန်ရစ်နိုင်သူတွေကို တံခါး အပြင်ဘက်မှာ ကျွန်မ စောင့်မျှော်နေပါမယ်။"
နန်လင်းရှာက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူမ၏ ပုံမှန်အားဖြင့် လှပနူးညံ့ သော အမူအရာများမှာ ရေခဲတမျှ အေးစက်သွားသည်။ သူမ ဆင်မြန်းထားသည့် နှင်းဆီ ရောင် ဝတ်ရုံမှာ သူမ၏ရေခဲရုပ်ကဲ့သို့ ဖြူစင်သောအသားအရေနှင့် ပေါင်းစပ်လိုက်သော အခါ အသက်ရှူမှားလောက်အောင်ပင် လှပနေသည်။
သို့သော် ဤနေရာတွင် ရောက်ရှိနေသူတို့ မြင်လိုက်ရသည့် သူမ၏ပုံရိပ်မှာမူ ယမမင်း၏ အရိပ်ကဲ့သို့ အဘယ့်ကြောင့် ဖြစ်နေရသနည်း။ သူတို့၏ ကျောရိုးတစ်လျှောက် တုန်ယင် သွားမိကြသည်။
နဂါးအရေခွံ စက္ကူတို့မှာ တုန်ခါနေသည်။
မှင်ဖြင့် ရေးသားထားသော စာလုံးများမှာ ရုတ်တရက်ဆိုသလိုပင် ကြိုးကွင်းများအဖြစ် ပြောင်းလဲသွားသည်။
ထိုကြိုးကွင်းတို့မှာ သံမဏိခန်းမအတွင်းရှိ လူတိုင်း၏ လက်ချောင်းထိပ်များဆီသို့ ရစ်ပတ် လာကြသည်။ ဝိညာဉ်ကို ဆွဲယူသွားမည့် အဆိပ်ပြင်းသော မြွေဟောက်များကဲ့သို့ပင် သူတို့၏ ဝိညာဉ်များဆီသို့ တရွေ့ရွေ့ တွားသွား ချဉ်းကပ်လာတော့သည်။
'သေခြင်ရှင်ခြင်းစာအုပ်' ……။
ဝိညာဉ်လုယူခြင်း……၊ ဝိညာဉ်ကို ချုပ်နှောင်ခြင်း…….။