အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) ဘိုးဘေးနဂါးပန်းချီဝိညာဉ်။
သံမဏိခန်းမအတွင်း၌ ချက်ချင်းဆိုသလိုပင် ပရမ်းပတာ ဖြစ်သွားတော့သည်။
အကြီးအကဲနန်၊ လီရင်း၊ ခုန်ထုန်၊ အကြီးအကဲဖန်နှင့် အခြားသူများ အားလုံးမှာ နန်လင်းရှာ ကို ကောင်းကောင်း သိကျွမ်းကြသူများ ဖြစ်ကြသည်။
သူမသည် မည်သို့လျှင် ဤကဲ့သို့ ရုတ်တရက် လုပ်ဆောင်နိုင်ရပါသနည်း။
"နန်လင်းရှာ" အကြီးအကဲနန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
နန်လင်းရှာက သူ့ကို လျစ်လျူရှုလိုက်၏။ သူမသည် သံတံခါးကို ပြန်ပိတ်လိုက်ပြီး မှင်ရည် များကို သံမဏိခန်မးအတွင်းသို့ လွင့်စင်ပျံ့နှံ့သွားစေကာ၊ သူတို့၏ အမည်များကို လက်မှတ် ထိုးထားမိသူများမှာ မြေပြင်ပေါ်တွင် ဝေဒနာပြင်းထန်စွာဖြင့် ရုန်းကန်နေကြရသည်။
"ခွေးမ... အဓိပ္ပာယ်မဲ့လိုက်တာ" လီရင်းကလည်း အော်ဟစ်လိုက်သည်။ သူ၏ မျက်ဝန်းတို့ မှာ ဒေါသဖြင့် ပြည့်နှက်နေပြီး မယုံနိုင်အောင် ဖြစ်နေရသည်။
ဖခင်တစ်ယောက်ဖြစ်သော လီရင်းရော၊ မျိုးနွယ်စု အသိုင်းအဝိုင်း၏ ထိပ်သီး အကြီးအကဲ ဖြစ်သော အကြီးအကဲနန်ပါ လီယွင်ဇီနှင့် နန်လင်းရှာတို့ အဆင်မပြေကြောင်းမှာ လူတိုင်း သိသည့် အချက်ပင်ဖြစ်သည်။ အကယ်၍သာ ဤညီအစ်မနှစ်ယောက်သာ ပူးပေါင်းခဲ့ပါက လီယွင်ဇီ၏ နယ်ချဲ့ သိမ်းပိုက်မှုလမ်းကြောင်းမှာ ပိုမို၍ ချောမွေ့နေပေလိမ့်မည်။
ဒါပေမယ်...... ဘာ့ကြောင့်.......
ဘာ့ကြောင့် နန်လင်းရှာက ယခုမှ သစ္စာထဖောက်ရတာလဲ…..။
သူမတို့ညီအစ်မနှစ်ယောက် အဆင်မပြေမှုက အစကတည်းက ဟန်ဆောင်နေခြင်း သက်သက်လား…..။
လီယွင်ဇီ၏ အစစ်အမှန် ဆုံးသော နောက်ဆုံးဝှက်ဖဲမှာ သူမညီမ နန်လင်းရှာ ဖြစ်နေသည်။
ဘိုးဘေးနဂါး မြို့တော်မှာ အချိန်ကြာမြင့်စွာကတည်းက လီယွင်ဇီ၏ လက်ထဲတွင် ရှိနေ ခဲ့ပြီး၊ နှစ်ပေါင်းများစွာကြာအောင် နန်လင်းရှာနှင့် အဆင်မပြေ၊ အငြင်းပွားနေခြင်းတို့က သူမကို ဖြုတ်ချရန် ကြံစည်နေသူများအတွက် လီယွင်ဇီ ဖန်တီးထားသည့် အိပ်မက်ဆိုးသာ ဖြစ်နေခဲ့သည်။
ပုန်ကန်သူအားလုံးကို အမြစ်ပြတ်ချေမှုန်းရန်၊ ဘိုးဘေးနဂါး မြို့တော်တွင် သူမ၏ အခြေခံ အုတ်မြစ် မခိုင်မာသေးဟု လူတို့ကို မှားယွင်းစွာ ယုံကြည်လာစေရန်၊ ယနေ့အတွက် အရာ အားလုံးကို စီစဉ်ထားခဲ့ခြင်းလော...။
သို့သော်လည်း ဤညီအစ်မနှစ်ယောက်မှာ ကလေးအရွယ်ကတည်းက နှစ်ပေါင်းများစွာ အဆင်မပြေ ဖြစ်နေခဲ့ကြသည်ကို လီရင်းနှင့် အကြီးအကဲနန်တို့ အသိဆုံးပင်။
ငယ်ရွယ်စဉ်ကတည်းကပင် ဤနေ့ကို ကြိုတင် မျှော်မြင်ထားခဲ့ကြခြင်းလော…..။
ညီအစ်မချင်း အဆင်မပြေဟန်ဆောင်၍ အခြားသူများကို လှည့်ဖြားရန်မှာ လွယ်ကူသည်။
သို့သော် အရင်းနှီးဆုံးသော မိသားစုဝင်များကို လှည့်ဖြားရန်မှာ နှစ်ပေါင်းများစွာ မြှုပ်နှံ ထားရမည့် ကြံစည်မှုမျိုး လိုအပ်ပေသည်။
လီရင်း၊ အကြီးအကဲနန်နှင့် ခုန်ထုန်တို့၏ အမြင်တွင် ဤညီအစ်မတို့၏ အဆင်မပြေမှုမှာ အလွန်အမင်း ပြင်းထန်လွန်းရာ၊ သံမဏိခန်းမထဲရှိ လူတိုင်း လီယွင်ဇီဘက်သို့ ပါသွားလျှင် တောင် နန်လင်းရှာတစ်ယောက်သာ ချွင်းချက်အဖြစ် ကျန်ရစ်နေလိမ့်မည်ဟု သူတို့ ယူဆခဲ့ ကြသည်။
အကယ်၍ နန်လင်းရှာသာ လီယွင်ဇီဘက်သို့သာ ပါသွားပါက လီမိသားစုနှင့် နန် မိသားစု တို့၏ အာဏာကို အလုံးစုံ ချုပ်ကိုင်နိုင်မည် ဖြစ်ပြီး ဘိုးဘေးနဂါးမြို့တော်အတွင်း မည်သူမျှ သူမတို့၏ ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်ရဲကြလိမ့်မည် မဟုတ်ပေ။
"ဟီးဟီး... ဟီးဟီး..." လီရင်း၏ မျက်ဝန်းတို့မှာ သွေးရောင်သန်းလာသည်။
သူ၏မျက်နှာပေါ်ရှိ သွေးကြောများမှာ ဖောင်းကြွလာပြီး မှင်ရည်ဖြင့် ရေးဆွဲထားသော သေစေနိုင်သည့် ကျိန်စာတို့မှာ သူ့ဝိညာဉ်အတွင်းသို့ မတားဆီးနိုင်သော မိစ္ဆာစွမ်းအားဖြင့် တိုးဝင်ကာ ဝိညာဉ်ကို ဆွဲယူနေသည်။
သူ၏ ရုပ်သွင်မှာ ဝေဒနာခံစားရမူနှင့်အတူ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
သူ၏ အတွင်းအင်္ဂါများမှာ ပျက်စီးနေပြီ ဖြစ်သည်။
သူသည် လီယွင်ဇီက သူ၏လည်ပင်းကို ဓားဖြင့် ထိုးသွင်းခဲ့သည်ကို အိပ်မက်ထဲတွင် အကြိမ်ကြိမ် မြင်မက်ခဲ့ဖူးသော်လည်း၊ နန်လင်းရှာက ထိုသို့ လုပ်လိမ့်မည်ဟု မည်သည့် အခါမှ မတွေးထင်ခဲ့မိပေ။
ဤဝေဒနာမှာ လီယွင်ဇီက ဓားဖြင့် ထိုးသွင်းခြင်းထက် အဆ သိန်းပေါင်းများစွာ ပို၍ နာကျင်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤဖခင်နှင့်သမီးတို့ ချစ်ခြင်းမေတ္တာကို တစ်ခါမျှ သံသယမဝင်ခဲ့မိသောကြောင့်ပင်။ သူသည် အငယ်ဆုံးသမီးဖြစ်သူကို နှလုံးသား နက်ရှိုင်းဆုံးနေရာမှ ချစ်မြတ်နိုးခဲ့ပြီး သူမသည် ဘိုးဘေးနဂါး မြို့တော်တစ်ခုလုံးကို အမွေ ဆက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ပို၍ပင် စိတ်သက်သာရာ ရသည်မှာ သူမသည် အမြဲတမ်း သူ့ဘက်တွင် ရပ်တည်လျက်၊ အကြီးဆုံးသမီး လီယွင်ဇီ၏ အဆုံးမရှိသော ရည်မှန်းချက်များကို ထိန်းချုပ်ပေးထားနိုင်ခြင်းပင် ဖြစ်သည်...။
နောက်ဆုံးတွင်မူ သူမတို့နှစ်ယောက်စလုံးက သူ့ကို သစ္စာဖောက်သွားကြသည်။
"ဘုန်း…….."
လီရင်းသည် ယိုင်လဲသွားပြီး ရှေ့ရှိ ကျောက်စားပွဲကို ဝင်တိုက်မိကာ သူ၏ စိတ်အာရုံတို့မှာ ဝေဝါးလာသည်။
သူသည် ပတ်ဝန်းကျင်ရှိ နံရံများမှာ ငရဲပြည်၏ နံရံများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
ဘေးနှစ်ဖက်ရှိ ကျောက်စားပွဲများမှာ စနစ်တကျ စီထားသည့် ယမမင်း၏ စားပွဲ ဖြစ်သွား သည်။
မှင်ရည်မြူခိုးများအောက်တွင် ပတ်ဝန်းကျင်ရှိ လူများမှာ အစိမ်းရောင်မျက်နှာနှင့် အစွယ်ရှည်များပါသည့် ယာမဘုရင် (၁၀) ပါး အဖြစ် ပြောင်းလဲသွားသည်။
အရှေ့ဆုံးတွင်မူ တရားသူကြီးတစ်ဦး ရှိနေသည်။
သူမမှာ လီယွင်ဇီလည်း မဟုတ်သလို၊ နန်လင်းရှာလည်း မဟုတ်ပေ၊ အခြားမည်သူမှလည်း မဟုတ်ပေ။
သူမမှာ သူ၏ မူလဇနီးသည်ပင် ဖြစ်သည်။
သူမမှာလည်း သူ့သမီးများကဲ့သို့သော မျက်ဝန်းမျိုး ရှိနေသည်။
သူမက သူ့ကို တရားစီရင်နေသည်။
လီရင်း၏ နှလုံးသားတွင် အမျက်ဒေါသ၊ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း၊ ဤအမျိုးသမီး၏ ရှေ့မှောက်တွင်မူ သူမ၏မျက်ဝန်းကို တည့်တည့်ကြည့်ရန်ပင် မဝံ့ရဲချေ။
အကြောင်းမှာ... သူသည် သူမတို့ကို သစ္စာဖောက်ခဲ့သူ ဖြစ်သောကြောင့်ပင်။
သူ၏မိုက်မဲမှု၊ သူ၏ယုတ်မာမှု၊ စတင်ခဲ့သည့် မူလရည်ရွယ်ချက်များကို မေ့လျော့ခြင်း၊ လီယွင်ဇီ၏ သူ၏အာဏာကို လုယူခြင်းအပေါ်၌ ထားရှိသည့် မကျေနပ်ချက်များ၊ ဇနီးသည် ၏ သူ့အပေါ်လွှမ်းမိုးမှု၊ သူ၏ရင်ထဲတွင် မြှုပ်နှံထားသည့် မကျေနပ်မှုများ၊ အကြောင်းရင်း အမျိုးမျိုးကြောင့်၊ အကြောင်းရင်း အများအပြားကြောင့်.........။
တရားသူကြီးက ချဉ်းကပ်လာပြီး နဂါးသွေးစာရွက်ကို လီရင်းထံ ပေးအပ်လိုက်သည်။
လီရင်းသည် ၎င်းကို ကြည့်ပင်မကြည့်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပိုင်လက် ဖြင့် သူ၏နာမည်ကို ရေးသားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ဖခင်တစ်ယောက်အနေဖြင့် မည်သို့လျှင် ဤမျှရက်စက်သော အပြုအမူမျိုးကို ပြုလုပ်နိုင်ခဲ့သနည်း…..။
သူသည် ဤငရဲခန်းထဲသို့ ကျဆင်းသွားရန် အသင့်ဖြစ်နေပြီ။
သူ...
နှင်ထုတ်ဖယ်ရှားခြင်း ….။
နှင်ထုတ်ဖယ်ရှားခြင်း …..။
မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် ဝေဒနာတို့ကြားတွင် လီရင်းသည် " နှင်ထုတ်ဖယ်ရှားခြင်း" ဟူသော စာလုံးအောက်တွင် သူ၏နာမည် ရေးသားထားသည်ကို မြင်လိုက်ရသည်။
ဤသည်မှာ လီယွင်ဇီနှင့် နန်လင်းရှာတို့က သူမတို့ဖခင်၏ ဂုဏ်သိက္ခာကို ထောက်ထား၍ သူ့ကို မျက်နှာသာပေးလိုက်ခြင်းလော…..။
ကြိုးကွင်းမှာ ပို၍ တင်းကျပ်မသွားပေ။ လီရင်းသည် အသက်ရှူရ ခက်ခဲနေသည်ဟုသာ ခံစားရပြီး သတိပြန်လည်လာသောအခါ သူသည် သံမဏိခန်းမ၏ ရှုပ်ပွနေသော ကြမ်းပြင် ပေါ်တွင် လဲလျောင်းလျက် မလှုပ်နိုင်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ပတ်ဝန်းကျင်တစ်ဝိုက်တွင် အလောင်းများမှာ ပြန့်ကျဲနေပြီး မျက်လုံးများမှာ ပြူးကျယ်လျက် မျက်နှာများမှာ ထိတ်လန့်မှု ပုံစံမျိုးစုံဖြင့် ပုံပျက်နေကြ၏။ အများစုမှာ အသက်ရှူ ရပ်တန့်သွားကြပြီ ဖြစ်သော်လည်း သူတို့၏ နောက်ဆုံးအချိန်တွင် ကြုံတွေ့ခဲ့ ရသည့် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့မှာ ထင်ရှားစွာပင် ရှိနေသေးသည်။
လီရင်းသည် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းလျက် တုန်ရီနေသည်။
သူ၏ဝေဝါးသော အမြင်အာရုံမှတစ်ဆင့် ခုန်ထုန်ကို မြင်လိုက်ရ၏။ သူမမျက်နှာမှာ အမုန်း တရားများဖြင့် ပြည့်နှက်နေပြီး၊ မကျေနပ်မှု၊ ခါးသီးသော ဒေါသတို့ဖြင့် အခြားသူများနှင့် မထူးခြားဘဲ အသက်မဲ့နေရှာပြီ ဖြစ်သည်။
အကြီးအကဲနန်မှာမူ ယိုင်နဲ့နဲ့ ဖြစ်နေသည်။
သူသည် မတ်တပ်ရပ်နိုင်သေးသည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
သူ့ဘေးတွင် အကြီးအကဲဖန်က စားပွဲကို မှီတွယ်ထားလျက် အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည်။ အကြီးအကဲနန်ကဲ့သို့ပင် သူမလည်း မှင်ရည်ကြိုးကွင်းများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး ချွေးစေးတို့က အိုင်ထွန်းနေကာ ပြင်းထန်သော ဝေဒနာကို ခံစားနေ ရသည်။
နန်လင်းရှာ၏ ရှင်ခြင်းသေခြင်းမှတ်တမ်း၏ စွမ်းအားမှာ အခြားသူများသို့လည်း ပျံ့နှံ့သွား ခြင်းကြောင့်သာ ဤစွမ်းအားကြီးမားသူ နှစ်ဦး အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် လည်း သူတို့၏ သွေးရောင်ကင်းမဲ့နေသော မျက်နှာများက သူတို့ အလွန်ပင် ပင်ပန်းဆင်းရဲ နေကြောင်း ဖော်ပြနေသည်။
နန်လင်းရှာ၏ စွမ်းအားမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းပြီး သူမနှင့် ယှဉ်နိုင် မည့်လူကို မည်သူမျှ မတွေ့ဖူးကြပေ။ ‘ဘိုးဘေးနဂါးနတ်သမီး' သည် ဘိုးဘေးနဂါး မြို့တော်တွင် အစွမ်းထက်ဆုံးသော နတ်ဘုရားအနွယ်ဝင်လူသား ဖြစ်နေသည်မှာ အသေ အချာပင်။
"မသတ်တဲ့ ကျေးဇူး၊ မသတ်တဲ့ ကျေးဇူး၊ မသတ်တဲ့ ကျေးဇူးတင်ပါတယ်..." ကြမ်းပြင်ပေါ် တွင် ငှက်မွေးသရဖူ ဆောင်းထားသော လူတစ်ယောက်မှာ ပါးစပ်မှ အမြှုပ်များထွက်လျက် မျက်နှာမှာ လေဖြတ်ထားသကဲ့သို့ ဖြစ်နေသော်လည်း ထိုစကားများကိုပင် ရူးသွပ်စွာ ထပ်ခါတလဲလဲ ပြောဆိုနေသည်။
ထိုလူမှာ ရန်ရှို့ ဖြစ်သည်။
လင်ရှောင်မြို့တော်မှ ကိုယ်စားလှယ်ဖြစ်သည်။
သူသည်လည်း "နှင်ထုတ်ဖယ်ရှားခြင်း" ဟု ရေးသားခဲ့သည်။
ထို့ကြောင့် သူသည် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
လီယွင်ဇီ သေဆုံးသွားစေရန် ဆန္ဒရှိသူများမှာ အသက်ရှင်မနေနိုင်ကြပေ။
သို့သော် ဤသံမဏိခန်းမအတွင်း၌ အများစုမှာ "သေဆုံးခြင်း" ဟု လက်မှတ်ရေးထိုးခဲ့ကြ သည်။
သံတံခါးမှာ ပိတ်နေပြီး အပြင်ဘက်မှ မှိုင်းညို့နေသော အလင်းရောင်မှာ အက်ကြောင်းမှ တစ်ဆင့် ဓားသွားကဲ့သို့ ပါးလွှာသော အလင်းတန်းအဖြစ် ဝင်ရောက်လာသည်။
အကြီးအကဲနန်နှင့် အကြီးအကဲဖန်တို့မှာ ယိုင်နဲ့နဲ့ ဖြစ်နေကြဆဲပင်။
သူတို့၏ နောက်ကွယ်တွင်မူ အသက်ဆက်ရှင်သန်နိုင်ရန် ရုန်းကန်နေကြသူအချို့ ကျန်ရှိ နေသေးသည်။ သူတို့၏ မျက်ဝန်းတို့မှာ မှိုင်းညို့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ ဝိညာဉ်များတွင်လည်း ပြင်းထန်စွာ ထိခိုက်ထားကြ သည်။
သို့သော်လည်း သူတို့သိထားသည့်အချက်မှာ တရားသူကြီး အစစ်အမှန်က တံခါးနောက် ကွယ်တွင် ရှိနေဆဲပင်။
သူမသည် နှင်းဆီရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ကြယ်တာရာနှင့် လစန္ဒာတို့ကဲ့သို့ လှပ သော သူမ၏မျက်ဝန်းတို့မှာ စူးရှနေ၏။ သူမ၏ စုတ်တံအောက်တွင် ဖြတ်သန်းခဲ့ရသူများ သာလျှင် ဤသံမဏိခန်းမမှ အသက်ရှင်လျက် လမ်းလျှောက်ထွက်နိုင်သူများ ဖြစ်ကြသည်။
နောက်ဆုံးတွင် တံခါးကို တွန်းဖွင့်လိုက်သည်။
သူမ ပြောခဲ့သည့်အတိုင်းပင်။
နန်လင်းရှာသည် လှေကားထစ်၏ အထက်ဆုံးတွင် စောင့်ဆိုင်းနေသည်။
သူမ၏ မျက်ဝန်းတို့၌ နက်နဲလှသော စိတ်ခံစားမှုများ လှည့်ပတ်နေသော်လည်း တစ်ခု တော့ သေချာသည်။ သူမသည် အသက်ရှင်ကျန်ရစ်သူများကို အလွယ်တကူ လွတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
"ယုတ်မာပြီး ရက်စက်ကောက်ကျစ်တဲ့ မိန်းမ…။ "မင်းလည်း ငြိမ်းချမ်းစွာ အနားယူနိုင်ပါ စေ"
အကြီးအကဲဖန်က ဒေါသအမျက်တို့ ပြည့်နှက်နေသော မျက်ဝန်းဖြင့် နန်လင်းရှာကို လက်ညှိုးထိုးလိုက်သည်။
"အကြီးအကဲဖန်က လက်သည်းငါးချောင်း ကောင်းကင်နဂါးကို ဆင့်ခေါ်နိုင်တဲ့ နဂါးထိန်း သူတော်စင်လို့ ကျွန်မ ကြားဖူးတယ်။ ကျွန်မ ပန်းချီဆွဲထားတဲ့ မီးလျှံချီလင်နဂါးနဲ့ ယှဉ်နိုင် ပါ့မလား မသိဘူးနော်" နန်လင်းရှာက ပြောလိုက်သည်။
"အကြီးအကဲဖန်၊ သူမစွမ်းအားကို သွားမယှဉ်ပြိုင်ပါနဲ့။ သူမက ဘိုးဘေးနဂါးကိုတောင် ပန်းချီဆွဲနိုင်တဲ့လူ" ထိုအချိန်တွင် အကြီးအကဲနန်က အလောတကြီး လှမ်းပြောလိုက် သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အကြီးအကဲဖန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲ သွားတော့သည်။
သူမ၏ဝိညာဉ် ဒဏ်ရာရနေသည့် ယခုလိုအခြေအနေမျိုးတွင် အထူးပြောစရာ မလိုပေ။ သူမ၏ အကောင်းဆုံး အခြေအနေမှာပင် ဘိုးဘေးနဂါးပန်းချီဝိညာဉ်ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်အဝ မရှိပေ။