← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) နဂါးဖြူမင်းသား။

ခြံဝင်းအတွင်းတွင် အရိပ်များ ထူထပ်နေပြီး နံရံမြင့်များက မိုးပျံမတတ် မတ်မတ်တည်ရှိနေ ၏။

လှုပ်ထွေးသော လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် အုံ့စိုင်းနေသော ကောင်းကင် အောက်တွင် ထူးခြားသော အရောင်အသွေးဖြင့် တောက်ပနေသည့် မိုးပြာရောင် သစ်ပင် တစ်တန်းကို တွေ့မြင်နိုင်သည်။

လမ်းကြောင်းရှေ့တွင် ကြည်လင်သော ရေကန်နေရာ၌ လှပသော ပြသာဒ်ဆောင် တစ်ခု ရှိနေသည်။ ရာသီဥတုသာ ကောင်းမွန်ပါက ငှက်ကလေးများ တေးသီဆိုနေမည်ဖြစ်ပြီး ရှုခင်းမှာလည်း အင်မတန် သာယာလှပပေလိမ့်မည်။

ပြသာဒ်ဆောင်နှင့် ရေကန်ကို ကျော်လွန်သွားလျှင်မူ ငွေရောင်တောက်ပနေသော အိမ်တော်တစ်လုံးကို တွေ့ရသည်။

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား၏အကြည့်မှာ ထိုနေရာသို့ ရောက်သည်နှင့် ပိုမို ပြင်းထန်လာခဲ့သည်။ သူ၏စိတ်ထဲသို့ အတိတ်က အမှတ်တရများ ရေလျှံလာသကဲ့သို့ပင်။ တစ်ချိန်က သူထားရှိခဲ့သော မျှော်လင့်ချက်များနှင့် စိတ်အားထက်သန်မှုများမှာ ဤနေရာ တွင် အပိုင်းပိုင်းစစ ကြေမွသွားခဲ့ရပြီး ဝေဒနာနှင့် ရူးသွပ်မှုအဖြစ် ပြောင်းလဲသွားကာ သူ၏ မျက်ဝန်းတို့တွင်မူ စိတ်နှလုံးထဲမှ အရာအားလုံးကို ဖော်ပြနေတော့သည်။

"ဖြစ်နိုင်ရင် သူမအရိုးကို ကျွန်တော့်ကို လက်ဆောင်အဖြစ် ပေးပါ။ ကျွန်တော် မြတ်နိုးစွာ သိမ်းဆည်းထားချင်တယ်" မျက်နှာဖုံးစွပ်လူက နောက်ဆုံးတွင် ပြောလိုက်သည်။

ဒူချန်းနှင့် လီခုန်ရှီတို့မှာ အံ့ဩသွားကြသည်။

ဒူချန်းက ရယ်မောလိုက်ပြီး ထိုလူ၏ကျောကို ပုတ်ကာ "ဒီဆန္ဒကတော့ ဖြည့်ဆည်းပေးရ မှာပေါ့။ မင်း သူမကို ဒီလောက်တောင် စွဲလမ်းနေမှန်း ငါ မသိခဲ့ဘူး။ သူမက အာဏာကို အသုံးချနေတဲ့ မိန်းမတစ်ယောက်သာသာပဲ ရှိတာပါ။ ငါတို့ ဗိမာန်ဂိုဏ်းထဲရောက်ရင် မင်း ဘုန်းကျက်သရေနဲ့ ပြည့်စုံတဲ့ အမျိုးသမီးလှတွေရဲ့ အချစ်ကို အဆုံးမရှိ ခံစားရမှာပါ"။

လီခုန်ရှီက မျက်နှာဖုံးစွပ်လူကို ကြည့်လိုက်ရာ သူမရင်ထဲတွင် ကြောက်ရွံ့မှုများ လှိုက်တက်လာခဲ့၏။

ဘာကြောင့် သူ့အသံက ဒီလောက်တောင် ရင်းနှီးနေရတာလဲ…..။

"ရေကန်ဘေးက ပြသာဒ်ဆောင်မှာ လူတစ်ယောက် ရှိနေတယ်" ပိန်ပိန်ပါးပါး သူရဲကောင်း က ပြောလိုက်သည်။

အရုဏ်ဦး၏ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာချိန်တွင် သေချာမကြည့်လျှင် ထိုလူ ကို သတိထားမိမည် မဟုတ်ပေ။ ထိုလူသည် ပြသာဒ်ဆောင်တွင် နွေဦးရာသီ လည်ပတ်သူ တစ်ဦးကဲ့သို့ ရပ်နေပြီး၊ သန့်ရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ဆံပင်များက ကျီးကန်းတောင်ကဲ့သို့ နက်မှောင်နေသည်။

သူ၏ပခုံးပေါ်တွင် ခိုနားနေသည့် အပြစ်ကင်းစင်ပြီး သန့်စင်သော နဂါးဖြူမှာ အလွန်ပင် ခန့်ညားလှ၏။ ထိုလူနှင့် နဂါးဖြူမှာ ပြသာဒ်ဆောင်နှင့် ရေကန်ကြားတွင် ရပ်နေကြပြီး ကဗျာဆန်ကာ လှပသည့် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း ထိုလူနှင့် နဂါးဖြူ၏ မျက်ဝန်းတို့တွင်မူ သူတို့ထင်ထားသည်ထက် ပိုမို၍ ကြမ်းတမ်းသော အလင်းရောင်တို့ ထွက်ပေါ်နေသည်။

"ကံကြမ္မာရဲ့ စီမံမှုအရပဲ ဖြစ်မှာပါ။ ခင်ဗျားတို့ ကျွန်တော့်ဇနီးကို သတ်ဖို့ လာကြတာပေါ့" ထိုလူက ပြသာဒ်ဆောင်တံတားပေါ်မှတစ်ဆင့် သူတို့ဆီသို့ လမ်းလျှောက်လာသည်။

သူ လှုပ်ရှားလိုက်သည်နှင့် အုံ့မှိုင်းနေသော ကောင်းကင်ယံမှ အဖိုးတန် နှင်းခဲပန်းများသည် နတ်ဘုရားတို့၏ အမွေးအတောင်များကဲ့သို့ ဖြည်းညင်းစွာ ကျဆင်းလာပြီး လီနန်းတော်၏ အဆောင်များအားလုံးကို ဖုံးလွှမ်းသွားသည်။

မကြာမီမှာပင် အိမ်ခေါင်မိုးစွန်းများ၊ အမိုးခုံးများနှင့် ကျောက်လှေကားများမှာ တိတ်ဆိတ် ညင်သာစွာ ကျဆင်းလာသည့် နှင်းများဖြင့် ဖုံးလွှမ်းသွားသည်။

ရှေ့ဆက်လှမ်းလာချိန်တွင် နဂါးဖြူပတ်လည်ရှိ နှင်းခဲများမှာ လိပ်ပြာလေးများကဲ့သို့ လွင့်ပျံ နေသည့် ရေခဲဝိညာဉ်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ သန့်စင်ပြီး မြင့်မြတ်လှ ကာ ရေခဲဝိညာဉ်အချို့မှာ သူတို့ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သော နှင်းအစောင့် ရှောက်များအဖြစ် စုဝေးနေကြပြီး၊ အချို့မှာမူ ရေကန်ကို အသာအယာ ထိတွေ့လိုက်ရာ တည်ငြိမ်လှပသော ရေခဲသစ်ခွဲပန်းများ အလိုအလျောက် ပွင့်လန်းလာသည်။

ရေခဲသစ်ခွပန်းများ တစ်ခုနှင့်တစ်ခု ထိမိလိုက်ချိန်တွင် ရေကန်ကြီးမှာ မသိလိုက်ခင်မှာပင် ပန်းချီကားတစ်ချပ်အသွင် ဖြစ်သွားခဲ့ပြီး၊ တံတားပေါ်တွင် ဖြည်းညင်းစွာ လမ်းလျှောက်လာ သူမှလွဲ၍ ကျန်အရာအားလုံးမှာ တိတ်ဆိတ်သွားတော့သည်။

"ကျူးမင်လန်" မျက်နှာဖုံးစွပ်လူက ထိုနာမည်ကို အငြိုးတေးကြီးပြီး လက်စားချေလိုသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်၏။

"ဒါဆို မင်းက အကျဉ်းထောင်ထဲမှာ ဧကရီဘုရင်မနဲ့ အတူရှိနေခဲ့တဲ့ တောင်းစားကောင် ပေါ့။ ကောလာဟလတွေက မှားနေတာပဲ" ဒူချန်းက ကျူးမင်လန်ကို အထင်သေးစွာ ကြည့် လိုက်ပြီး "ဒါပေမဲ့ မင်းက သာမန်လူတစ်ယောက်ထက် ပိုမပိုပါဘူးလေ" ဟု လှောင်ပြောင် လိုက်သည်။

ကျူးမင်လန် ရယ်မောလိုက်သည်။

ကောင်းကင်နှင့် မြေပြင်မှာ ရေခဲပြင်အောက်သို့ ရောက်ရှိနေပြီး၊ သက်ရှိသတ္တဝါမှန်သမျှ ရေခဲသွားသည့် ဤမျှ ကဗျာဆန်သော၊ ပန်းချီကားတစ်ချပ်ကဲ့သို့သော နယ်မြေကို 'သာမန်' ဟု ခေါ်ဆိုနိုင်ပါမည်လော။

"မင်းတို့ရဲ့အကြည့်တွေက အမြင်အာရုံ မကောင်းဘူးဆိုရင်၊ မင်းတို့မျက်လုံးတွေကို ဖောက် ထုတ်ပြီး ငါ့ရဲ့အဖြူလေးအတွက် ဖန်လုံးတွေလို ဆော့ကစားဖို့ ပေးလိုက်လေ။"

"သခင်၊ အခြေအနေက ပြောင်းလဲသွားပုံရတယ်။ ဒီလိုနာမည်မကြီးတဲ့ လူငယ်လေးနဲ့ အချိန်ဖြုန်းမနေပါနဲ့၊ လီယွင်ဇီကိုပဲ အရင်သွားပြီး ကိုင်တွယ်လိုက်ပါ" ဗိမာန်ဂိုဏ်းက သူရဲကောင်းလေးဦးထဲမှ တစ်ဦးတည်းသော အမျိုးသမီးက ပြောလိုက်သည်။

ထိုအမျိုးသမီးမှာ အသက်သုံးဆယ်ကျော်အရွယ် ရှိပုံရပြီး အသားအရေမှာ ဖျော့တော့ကာ နှုတ်ခမ်းများမှာမူ အနီရောင် တောက်ပနေသည်။ ရာသီဥတုက ပူနွေးနေသော်လည်း သူမသည် အဝတ်အစားများကို အထပ်ထပ်ဝတ်ဆင်ထားသဖြင့် သူမ၏ ပုံပန်းသဏ္ဌာန်မှာ ဖောင်းကားပြီး ထူးဆန်းနေသည်။

"လော့ရှောင်၊ ဒီကောင်က မင်းအပိုင်ပဲ" ဒူချန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မင်း သူ့ကို သေခြင်းထက် ဆိုးရွားတဲ့ဒုက္ခမျိုး ခံစားရအောင် လုပ်မယ်လို့ ငါယုံကြည်တယ်၊ ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ နတ်သမီးလေးကို စော်ကားထားတာလေ"…..။

ပြောပြီးသည်နှင့် ဒူချန်းသည် အစွမ်းထက် သူရဲကောင်းလေးဦးကို ခေါ်ဆောင်ကာ ငွေရောင်အဆောင်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားသည်။

မျက်နှာဖုံးစွပ်လူလည်း ကျူးမင်လန်ဆီသို့ ခြေလှမ်းလှမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အရည်ပျော်နေသည့် အရာဝတ္ထုများ စီးကျလာကာ မကြာမီမှာပင် မြေပြင်ပေါ်၌ မီးတောက် နီရဲနေသည့် အရည်အိုင်ကြီးတစ်ခု ပြန့်နှံ့သွားသည်။

ထိုအရည်များမှာ မီးပုံပေါ် ဆီလောင်းလိုက်သကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာပြီး ခြံစည်းရိုးထက်ပင် မြင့်မားစွာ လောင်ကျွမ်းနေသည်။

မီးတောက်များအလယ်တွင် ငရဲပြည်မှ ဆင့်ခေါ်ထားသကဲ့သို့ ကြေးနီရောင် ရွှေရောင် သားရဲတစ်ကောင် ပေါ်ထွက်လာသည်။ မီးတောက်များကြားတွင် ခန့်ညားစွာ ရပ်တည်နေ သည့် ထိုသားရဲ၏အရှိန်အဝါမှာ ငရဲပြည်မှ ဝိညာဉ်ရာပေါင်းများစွာကို သယ်ဆောင်လာ သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

"ငါ ဘယ်သူလဲဆိုတာ သေချာကြည့်ထားစမ်း" နဂါးဦးချိုပေါ်တွင် ရပ်နေရင်း လော့ရှောင် ၏ အမျက်ဒေါသများပေါက်ကွဲထွက်လာသည်။ သူက ကျူးမင်လန် သူ့ကို မြင်နိုင်ရန် သူ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။

သို့သော် တံတားပေါ်တွင် ဘယ်သူမှ ရှိမနေတော့ပေ။ သူ မီးနဂါးကို မဆင့်ခေါ်မီက ရှိနေခဲ့ သော ကျူးမင်လန်မှာ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

သူ ထွက်ပြေးသွားတာလား……။

လော့ရှောင် မှင်သက်နေစဉ်မှာပင် ရေကန်ဘေး လမ်းကြောင်းတွင် ဒူချန်းနှင့် ဗိမာန်ဂိုဏ်းမှ သူရဲကောင်းလေးဦးတို့မှာ မျက်မှောင်ကြုတ်သွားကြပြီး၊ သူတို့၏ အကြည့်များက သူတို့ရှေ့ တွင် ရပ်နေသော ကျူးမင်လန်နှင့် နဂါးဖြူထံသို့ ရောက်ရှိသွားသည်။

လော့ရှောင် ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျူးမင်လန်က သူ့ကို လုံးဝ လျစ်လျူရှုထား သည်ကို မြင်လိုက်ရ၏။ သူသည် ပေါက်ကွဲလုနီးပါး ဖြစ်နေသော မီးတောင်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

ငရဲမီးလျှံ……..။

သူ ရှေးဟောင်းတောင်တန်းတွင် သေတွင်းထဲမှ လွတ်မြောက်လာပြီးနောက် ဤပြိုင်ဘက် ကင်း ငရဲမီးလျှံကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ယခင်က ရွှေရောင်မီးနဂါးမှာလည်း ငရဲမီး နဂါးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ရာ သူသည် အရင်လော့ရှောင် မဟုတ်တော့ပေ။

သူသည် ကျူးမင်လန်ကို သူ့မီးနဂါးအတွက် ပထမဆုံးသော ယဇ်ပူဇော်ရာအဖြစ် သတ်မှတ် ထားသည်။

"မင်းကိုယ်မင်း အရင်ကြည့်လိုက်စမ်းပါဦး၊" ကျူးမင်လန်က သူတို့၏ လမ်းကို ပိတ်ရပ်နေ သည်ကို မြင်သောအခါ ဒူချန်းက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ "ငါတို့အမြင်မှာတော့ မင်းတို့လို နဂါးထိန်းအချို့က တောင်းစားကောင်တွေထက်တောင် နိမ့်ကျသေးတယ်။ အမြီးတနှံ့နှံ့နဲ့ တောင်းရမ်းနေတဲ့ ခွေးတွေထက် ဘာမှမပိုဘူး"

"အကြီးအကဲတို့၊ လီယွင်ဇီကို သွားပြီး ကိုင်တွယ်လိုက်ကြပါ။ လော့ရှောင်နဲ့ ကျွန်တော်တို့ ဒီအနှောင့်အယှက်ပေးနေတဲ့ ခွေးကောင်ကို အရင်ရှင်းလိုက်မယ်။"

အစွမ်းထက် သူရဲကောင်းလေးဦးမှာ ချက်ချင်းပင် လမ်းကြောင်းခွဲ၍ အိမ်တော်၏ နေရာ အသီးသီးသို့ ပြေးဝင်သွားကြသည်။

သို့သော် ကျူးမင်လန်က မည်သူ့ကိုမျှ ဖြတ်သွားခွင့်ပေးရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ပိုးသားကဲ့သို့ နူးညံ့သော နဂါးဖြူ၏ လည်ပင်းကို အသာအယာ ပွတ်သပ်လိုက်၏။ သူသည် အစကတည်းက ထောင်ချောက်တစ်ခုကို ပြင်ဆင်ထားပြီးပုံရသည်။

"ရေခဲပြင်လေဟာနယ်ကမ္ဘာ"……

အသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်သည်နှင့် နှင်းထူထပ်သော ကမ္ဘာကြီးမှာ ရုတ်တရက် တုန်ခါ သွားသည်။ မှုန်ဝါးနေသော နှင်းဖုံးကောင်းကင်မှ ငွေရောင်ရေတံခွန်ကြီးတစ်ခုသည် ပြဒါးရည်များ လောင်းချလိုက်သကဲ့သို့ နှေးကွေးလေးလံသော ရေခဲပုံဆောင်ခဲ အမှုန် အမွှားများနှင့်အတူ စီးဆင်းကျလာသည်။

ရေခဲအမှုန်အမွှားပေါင်း များစွာတို့က ရေတံခွန်အဖြစ်၊ ကုလားကာအဖြစ် ချိတ်ဆွဲထား လိုက်ရာ အိမ်တော်နှင့် ပြသာဒ်ဆောင် ရေကန်ကြားတွင် ပိတ်ဆို့သွားသည်။ ထိုရေခဲပြင် လေဟာနယ် ကုလားကာကို ကြည့်လိုက်ပါက ကြည်လင်နေသော်လည်း၊ လုံးဝ မတူညီ သော ကမ္ဘာတစ်ခုအဖြစ် ကွဲပြားသွားသကဲ့သို့ ခံစားမိလိုက်၏။

အစွမ်းထက် သူရဲကောင်းလေးဦးမှာ ရေခဲပြင်လေဟာနယ်ကမ္ဘာအောက်တွင် ရပ်တန့်သွား ကြသည်။ မကျော်လွှားနိုင်သော ငွေရောင် ရေတံခွန် ရေခဲကုလားကာကို ကြည့်ကာ ထိတ်လန့်သွားကြပြီးနောက် သူတို့၏အကြည့်များကို နဂါးဖြူထံသို့ ပြောင်းလဲလိုက် ကြသည်...

"ဒီနဂါးထိန်းရဲ့ နယ်မြေက အဆင့်မနိမ့်ဘူး၊ သတိထားကြ" ပုဂ္ဂိုလ်ကြီးလေးဦးထဲမှ ပိန်ပိန်းပါးပါး အမျိုးသားက သတိပေးလိုက်သည်။

"ဒါဆိုရင် လီယွင်ဇီကို လက်ဆောင်ပေးဖို့ သူ့ခေါင်းကို အရင်ဖြတ်ယူလိုက်ကြမယ်" ဒူချန်း က အေးစက်စက် ပြောလိုက်သည်။

သို့သော် ထိုလေးဦး မလှုပ်ရှားခင်မှာပင် ငရဲမီးလျှံနဂါးကို စီးနင်းထားသော လော့ရှောင်မှာ ဒေါသတကြီးဖြင့် ရှေ့သို့ အရှိန်ပြင်းစွာ ထိုးဝင်သွားခဲ့သည်။

မုန်တိုင်းထန်ပြီး ကြမ်းတမ်းသော ကြေးနီရွှေရောင်နဂါးကြီးသည် ခေါင်းကို မော့လိုက်ပြီး ကျူးမင်လန်ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။ ၎င်း၏ပါးစပ်မှ ငရဲမီးလျှံချော်ရည် များသည် ရေပန်းတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပန်းထွက်လာတော့သည်။

All Chapters