အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) နဂါးသခင်အဆင့်။
ကျူးမင်လန်၏ ခန္ဓာကိုယ်ပတ်အဆိလည်တွင် ရေခဲအမွှေးအတောင် အမြောက်အမြား လည်ပတ်နေသည်။ ၎င်းတို့မှာ ပေါ့ပါးနူးညံ့သည့် အမွှေးအတောင်များ မဟုတ်ဘဲ၊ ရေခဲ အအေးဓာတ်ဖြင့် ထူထဲစွာ ဖုံးလွှမ်းထားသည့် ဒိုင်းကာများကဲ့သို့ ခိုင်ခံ့လှ၏။
ချော်ရည်များက သူ့ဆီသို့ လိပ်တက်လာပြီး သတ္တုများကိုပင် အရည်ပျော်စေနိုင်သည့် ကြောက်မက်ဖွယ် အစွမ်းအားဖြင့် တိုးဝင်လာသည်။ သို့သော် ကျူးမင်လန်ကမူ ရပ်တန့် နေမြဲဖြစ်သည်။ သူ၏ ဒိုင်းကာအမွှေးအတောင်များမှာ လှုပ်ခတ်နေပြီး ဝတ်ရုံများမှာလည်း လေထဲတွင် ဝဲပျံနေ၏။ သူသည် ထိုပြင်းထန်လှသော ငရဲမီးလျှံနှင့် လုံးဝ ကင်းကွာနေသည့် အခြားကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ ဖုန်မှုန့်တစ်စက်မျှပင် မစင်ခဲ့ပေ။
ငရဲမီးလျှံများ တဟုန်ထိုး မွှေနှောက်နေပြီး မီးတောက်အရိပ်များ လှုပ်ခတ်နေချိန်တွင် ငွေနှင်းအရုဏ်ဦးနဂါးဖြူက ကျူးမင်လန်၏ ပခုံးပေါ်မှ လှပစွာ ခုန်ချလိုက်၏။ သူ၏ ခြေလှမ်းတိုင်းတွင် ရေခဲသလင်းဖျာများ အလိုအလျောက် ဖြစ်ပေါ်လာသည်။
ခမ်းနားထည်ဝါသော နဂါးလည်ဆံများမှာ လှပစွာ ဝဲပျံနေပြီး၊ ယခင်က နူးညံ့လှပခဲ့သည့် ရေခဲဝိညာဉ်များမှာလည်း ပြင်းထန်သော အအေးဓာတ်အဖြစ် ပြောင်းလဲသွားသည်။ အဖြူရောင် အမွှေးအတောင်များကြားတွင် ငွေနှင်းအရုဏ်ဦး နဂါးဖြူမှာ ပိုမိုကြီးမား ခန့်ညားသော ပုံစံဖြင့် ပေါ်ထွက်လာသည်။
ရေခဲပြင်များမှာ ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း မရှိတော့ဘဲ ပတ်ဝန်းကျင်ရှိ အရာ အားလုံးကို ရက်စက်စွာ ဝါးမြိုပစ်နေသည်။
လေပြင်းများ တဟူးဟူး တိုက်ခတ်နေပြီး ကောင်းကင်ယံတွင် မှုန်ဝါးသော လေဆင်နှာ မောင်းများမှာ ကောင်းကင်စပါးအုံးမြွေများကဲ့သို့ လိမ်တွန့်နေကာ လီနန်းတော် တစ်ခုလုံး ကိုပင် ပျက်စီးလုနီးပါး တုန်လှုပ်သွားစေသည်။
ထိုခဏလေးကမှ ကြောင်လေးတစ်ကောင်ကဲ့သို့ သခင်ဖြစ်သူ၏ အနားတွင် ခိုနားနေခဲ့ သော နဂါးဖြူမှာ ယခုမူ သူ၏ စစ်မှန်သော ပုံစံကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ ၎င်း၏ နတ်ဘုရားဆန်သော အရှိန်အဝါနှင့် သန့်စင်သော အမျက်ဒေါသက ငရဲမီးလျှံနဂါးကြီးကို ပင် မျက်နှာဖြူဖျော့သွားစေသည်။
လော့ရှောင်က နဂါးဦးချိုပေါ်တွင် ရပ်နေရင်း ငွေနှင်းအရုဏ်ဦး နဂါးဖြူ အရွယ်ရောက်ပြီး အဆင့်ပုံစံဖြင့် ရေခဲလှေကားထစ်များပေါ်သို့ တက်လှမ်းနေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်နေရသည်။
လီချွမ်းလွင်ပြင်တွင် ဤနဂါးဖြူမှာ သူ၏ ရွှေရောင်မီးနဂါးအတွက် သားကောင်မျှသာ ဖြစ်ခဲ့ ပြီး အသည်းအသန် ထွက်ပြေးခဲ့ရသူ မဟုတ်ပါလော။
သူသည် ရှေးဟောင်းတောင်တန်းမှ အသက်ရှင်လျက် ပြန်လာပြီးနောက် သူ၏ ရွှေရောင် မီးနဂါးကြီးမှာ နဂါးသခင်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည့် (နဂါးစစ်သူကြီး အဆင့်) ၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါတွင် သူသည် ဤငွေနှင်းအရုဏ်ဦးနဂါးဖြူကို ကြည့်ပြီး အဘယ်ကြောင့် တုန်ရီနေရပါသနည်း။
ယခင်က ပြိုင်ဘက်ကင်းခဲ့သော ငရဲမီးလျွှနဂါး……
၎င်းမှာ လော့ရှောင် ဘိုးဘေးနဂါးမြို့တော်သို့ ပြန်လာရဲသည့် တစ်ခုတည်းသော အားကိုး ရာ ဖြစ်သည်။
ကျူးမင်လန်၏ အရေးမပါလှသော နဂါးဖြူလေး ရှေ့တွင် ဤမျှ အဓိပ္ပာယ်မဲ့သွားလိမ့်မည် ဟု မည်သူကရော တွေးမိပါမည်နည်း…..။
သူသည် တောက်ပစွာ လင်းလက်နေရမည့်လူ ဖြစ်သည်။
အဆုံးမဲ့ အလားအလာများဖြင့် နဂါးသခင်အဆင့်သို့ တက်လှမ်းပြီး သူလိုချင်သမျှ အောင်မြင်ရမည့်လူ ဖြစ်သည်။
အဘယ်ကြောင့် ဤမျှ အရေးမပါ ဖြစ်နေရသနည်း……
အရေးမပါသည့်သူမှာ ကျူးမင်လန် ဖြစ်ရမည်။ လီမိသားစု၏ အတုအယောင်၊ သူ၏ ယုံကြည်မှုကို စော်ကားခဲ့သည့်အတွက် အပါယ်လေးပါးသို့ ကျရောက်သင့်သူ ဖြစ်သည်။
ဒီခွေးကောင်…….။
လော့ရှောင်မှာ ရူးမတတ်ဖြစ်နေပြီး ငရဲမီးလျှံနဂါးကို အရွယ်ရောက်အဆင့် ငွေနှင်း အရုဏ်ဦးနဂါးဖြူကို အပိုင်းပိုင်း ဆွဲဖြဲရန် အော်ဟစ်ညွှန်ကြားလိုက်သည်။
အရွယ်ရောက်အဆင့်သို့ ရောက်ရှိလာသည့်အခါ ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏ လည်ဆံမွှေး များမှာ ပိုမိုခန့်ညားလာပြီး၊ ၎င်း၏ ရေခဲအကြေးခွံ သံချပ်ကာမှာ ရှားပါးကျောက်မျက် ရတနာများထက်ပင် ပိုမိုတောက်ပနေသည်။
ရွှေရောင်မီးနဂါးမှာ ဒေါသတကြီးဖြင့် ငရဲမီးလျှံများ ဖုံးလွှမ်းလျက် ကြမ်းတမ်းနေသော် လည်း ငွေနှင်းအရုဏ်ဦး နဂါးဖြူကမူ ခြေလှမ်းတိုင်းတွင် ရေခဲရွက်များ၏ အထောက်အပံ့ ယူကာ လှုပ်ရှားနေ၏။ သူ၏မျက်ဝန်းတို့မှာ လေနှင့်နှင်းများကို ဆင့်ခေါ်နိုင်သည့် စွမ်းရည် ဖြင့် တောက်ပနေသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူ တိုက်ခိုက်လိုက်သည့်အခါ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှ သည်။ ရိုးရှင်းသော ခြေလှမ်းဖြင့်ပင် သေမင်းရေခဲနှင်းကို ပွင့်လန်းစေလိုက်ရာ၊ ရေခဲလှံနှင့် ရေခဲဓားများဖြင့် တည်ဆောက်ထားသည့် တောင်ကုန်းတစ်ခုကဲ့သို့ ပတ်ဝန်းကျင်သို့ ပြင်းထန်စွာ ထိုးစိုက်သွားသည်။
သေမင်းရေခဲတောင်၏ အနှစ်သာရက ရွှေရောင်မီးနဂါး၏ ခန္ဓာကိုယ်အတွင်းသို့ စူးဝင်သွား ရာ အသားအရေများ ကွဲအက်သွားသည်။ သူ၏ အစွမ်းထက်လှသည့် မီးလျှံအကြေးခွံမှာ လည်း အေးစက်မှုဒဏ်ကို မခံနိုင်တော့ပေ။
ရွှေရောင်မီးနဂါးမှာ သွေးများဖြင့် စိုရွဲနေပြီး ထိုသွေးများမှာ မြေပြင်ပေါ်သို့ ကျရောက်သည် နှင့် မီးလောင်ကျွမ်းလာသည်။
ထိုအချိန်တွင် ရေခဲပန်းများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းထက်တွင်၊ အံ့ဩဖွယ် ကောင်းသည့် အဖြူရောင် တောင်ပံကြီးနှစ်ခုက ဖြန့်ကားလိုက်၏။
ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏နောက်ရှိ ကောင်းကင်ကြီးမှာ မှောင်မိုက်သွားပြီး၊ အေးစက် သော ကြယ်ပွင့်များမှာ လီနန်းတော်အထက် ကောင်းကင်ယံမှ မိုးသည်းထန်စွာ ရွာသွန်း သကဲ့သို့ ရွှေရောင်မီးနဂါးနှင့် ဗိမာန်ဂိုဏ်းမှ လူများထံသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာ တော့သည်။
နေ့အချိန်ကြယ်ကြွေခြင်း…….
ယခင်က ကပ်ဘေးများကို ဆောင်ယူလာသည့် ကောင်းကင်မီးတောက်များနှင့် နှိုင်းယှဉ်ပါ က ၎င်း၏စွမ်းအားမှာ ကွာဟချက် ရှိနေသေးသော်လည်း၊ သက်ရှိသတ္တဝါများအတွက်မူ ပျက်သုဉ်းခြင်းပင် ဖြစ်သည်။
ငရဲမီးလျှံနဂါးသည် အားအင်မဲ့စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းသည် သူ့အတွင်းစိတ်ထဲမှ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။
လော့ရှောင်မှာမူ သေမင်း၏ အသွင်ပြောင်းနှင့်အတူ အေးစက်သော ကြယ်ပွင့်များ ပြုတ်ကျ လာသည်ကို မြင်လိုက်ရသောအခါ သူ၏ဝိညာဉ်ပင် လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း……."
ပြသာဒ်ဆောင်များ၊ ရေကန်ဘောင်များနှင့် အဆောက်အအုံများအားလုံး မြေပြင်နှင့် တစ်သားတည်း ပြိုကျသွားသည်။ လီနန်းတော်နယ်မြေတစ်ခုလုံး မြေကြီးထဲသို့ ရုတ်တ ရက် ဝါးမြိုခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး၊ မိုးခြိမ်းသံကဲ့သို့သော အသံကြီးများကြားတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဗိမာန်ဂိုဏ်းမှ သူရဲကောင်းလေးဦးမှာ အစကတည်းက ရေခဲဟင်းလင်းပြင်ကမ္ဘာကို ဖောက်ထွက်ပြီး အမြန်ဆုံး တိုက်ခိုက်လိုခဲ့ကြသော်လည်း၊ ယခုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ကြယ်ကြွေသည့် မြင်ကွင်းခြင်းကို မြင်လိုက်ရသောအခါ ထိုနေရာတွင် ဆက်လက် မနေရဲကြတော့ဘဲ ရေကန်ဘေးရှိ ပြသာဒ်ဆောင်များထံမှ အဝေးသို့ ထွက်ပြေး သွားကြသည်။
ဒူချန်းလည်း ရှောင်တိမ်းနေရသည်။ သူသည် နတ်ဘုရားအနွယ်ဝင်လူသားတစ်ဦး ဖြစ်ပုံရ ပြီး၊ သူ၏လှုပ်ရှားမှုများမှာ ထူးဆန်းပြီး လျင်မြန်လှသည်။ သို့သော် အေးစက်သော ကြယ်ပွင့်များ မြေပြင်ကို ထိမှန်ပြီး လေထုကို တုန်ခါသွားစေချိန်တွင်မူ၊ သူ၏ လှုပ်ရှားမှုမှာ အစာရှာနေသည့် ကြွက်တစ်ကောင်ကဲ့သို့ အဆင်မပြေဖြစ်ကာ မြေပြင်ကွဲအက်မှုများထဲသို့ အကြိမ်ကြိမ် ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
ထွက်မပြေးဘဲ ကျန်နေခဲ့သူများမှာ ငရဲမီးလျှံနဂါးနှင့် လော့ရှောင်တို့သာ ဖြစ်သည်။
ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏ တိုက်ခိုက်မှု ပစ်မှတ်မှာ သူတို့နှစ်ဦးပင် ဖြစ်သည်။
သူတို့ပတ်လည်တွင် မီးတောင်ပေါက်ကွဲသကဲ့သို့ တွင်းနက်ကြီးများ ပေါ်လာပြီး အပျက် အစီးများနှင့် တိုင်လုံးများမှာ နေရာအနှံ့ ပြန့်ကျဲနေ၏။ လီနန်းတော်ရှိ အမျိုးသမီးများကို သာ အစောကတည်းက ရည်ရွယ်ချက်ရှိရှိ ရွှေ့ပြောင်းပေးမထားခဲ့ပါက မည်သူမျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။
အသားအရေနှင့် အသွေးအသားများဖြင့် ဖွဲ့စည်းထားသော အတောင်ပံများ ကျိုးပဲ့သွားပြီး၊ ခြေလက်များမှာ လိမ်ကျိုးနေ၏။ သန်မာလှသည့် ရင်အုပ်ကြီးကို အေးစက်စက် ကြယ်တစ် ပွင့်က ဖောက်ဝင်သွားပြီး ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားရာ ငရဲမီးလျှံနဂါး၏ အတွင်း အင်္ဂါများမှာ အစအနများအဖြစ် ပြိုကွဲကုန်သည်။
လော့ရှောင်မှာ သွေးသံရဲရဲဖြင့် ငရဲမီးလျှံနဂါးဘေးတွင် လဲကျနေသည်။ အလွန်ပင် ပျက်စီး ယိုယွင်းနေသော သနားစဖွယ် ငရဲမီးလျှံနဂါးကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ဆူပွက် နေခဲ့သော အငြိုးအတေးနှင့် ဒေါသများမှာ နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။
လော့ရှောင်မှာ လူတုံးလူအတစ်ယောက် မဟုတ်ပေ။ ဤလောကတွင် သူ့ထက် အစွမ်း ထက်သူများစွာ ရှိမှန်း သူသိသည်။ ထို့ကြောင့် သူမည်မျှပင် တိုးတက်လာပါစေ၊ အမြဲတမ်း နောက်ခံအင်အားတစ်ခုကို ရှာဖွေလေ့ရှိသည်။ ယခင်က လီမိသားစု၊ ယခုအခါ ဗိမာန်ဂိုဏ်း။
သို့သော်လည်း ဤဆိုးဝါးသော ဝေဒနာများကြားမှ သူမျက်လုံး မမှိတ်နိုင်သည့် အရာမှာ၊ ဝူထူနယ်မြေမှ သောက်အရေးမပါသော တောင်းစားကောင်က သူ့ထက်ပို၍ အစွမ်းထက်ပြီး သူ့ကို ဤမျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှိုက်သရိုက်ပုံဖြစ်သည့်အထိ နင်းချေနိုင်ရ ပါသနည်း…..။
"မေ့မရနိုင်တဲ့ မျက်ဝန်းတွေ၊ စွဲလမ်းခဲ့ရတဲ့ နှုတ်ခမ်းတွေ၊ ရူးမတတ် တပ်မက်ခဲ့ရတဲ့ ခန္ဓာကိုယ်၊ ဟား ဟား ဟား... နောက်ဆုံးတော့ အဲဒါတွေအားလုံးကို အဲဒီ ရွံရှာဖွယ်ကောင်း တဲ့ တောင်းစားကောင်ကပဲ အပြည့်အဝ ပိုင်ဆိုင်သွားခဲ့တာပဲ။ အကျဉ်းထောင်ထဲမှာ သူတို့ ရဲ့ စည်းမဲ့ကမ်းမဲ့ ပေါင်းသင်းပြီးနောက်၊ နိုးထလာတဲ့အခါ..." ထိုအမျိုးသမီး၏ ပြတ်သားပြီး ရူးသွပ်သော စကားသံများက သူ့ကို အချိန်တိုင်း ညှဉ်းပန်းနှိပ်စက်နေသည်။
သေမင်း၏ ထောင်ချောက်ထဲသို့ ကျရောက်နေသည့်တိုင် ထိုအသံများက သူ့ကို ထပ်ခါ တလဲလဲ နာကျင်စေပြီး၊ သူ မသေဆုံးခင်အထိ ဝေဒနာခံစားနေရသည်။
ဤခြံဝင်းကို စောင့်ရှောက်သင့်သူ။
အမှန်ဆိုလျှင် သူကိုယ်တိုင် ဖြစ်သင့်သည်။
သူကျူးမင်လန်က ဘယ်လို အရည်အချင်း၊ ဘယ်လိုစွမ်းအားမျိုးနဲ့များ.......
သူမ၏ မျက်ဝန်းများ၊ သူမ၏ နှုတ်ခမ်းများ၊ သူမတစ်ယောက်လုံးကို သူ နောက်ဆုံး တစ်ကြိမ်အဖြစ် မြင်တွေ့သွားချင်သေးသည်။
လော့ရှောင်က မြေပြင်ပေါ်တွင် တွားသွားလျက် အိမ်တော်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျား သွားသည်။ သူ၏ခန္ဓာကိုယ် အများစုမှာ ပျက်စီးသွားပြီး၊ လက်တစ်ဖက်နှင့် သရဲတစ္ဆေကဲ့သို့ မျက်နှာတစ်ခုသာ ကျန်ရစ်တော့သည်။
သူသည် နောက်ဆုံး ထွက်သက်ကို အလွယ်တကူ မမြိုချနိုင်ပေ။ ထိုရူးသွပ်စေသည့် မိန်းမ ၏အသံမှာ သေခြင်းတရား၏ အနက်ရှိုင်းဆုံး နေရာတွင် သူ့ကို စောင့်ကြိုနေသကဲ့သို့ ခံစား နေရပြီး သူသည် လွတ်မချနိုင်သေးပေ။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ယောက်က သူ့ရှေ့တွင် လာရောက် ရပ်တန့်လိုက်သည်။
ထိုသူမှာ ကျူးမင်လန် ဖြစ်သည်။ လော့ရှောင်သည် သူ၏ ခြေထောက်ကိုသာ မြင်နေရပြီး မျက်နှာကိုပင် မော့မကြည့်နိုင်တော့ပေ...
"လော့ရှောင် ညီအစ်ကိုပါလား၊ အခုနက မမှတ်မိလိုက်လို့ တောင်းပန်ပါတယ်ဗျာ။"
မျက်နှာကို မမြင်ရသော်လည်း သူ၏အသံကိုမူ ကြားနေရသည်။
ကျူးမင်လန်က အပေါ်မှ ငုံ့ကြည့်လိုက်သည်။
သို့သော် ဤကဲ့သို့ အထင်သေးဟန်ဖြင့် ရွံရှာဖွယ်ကောင်းသော အသံနှင့် စကားလုံးများက လော့ရှောင်၏ စိတ်ထဲတွင် ပေါ်လာသော ကျူးမင်လန်၏ မျက်နှာကို လူကိုယ်တိုင် မြင်တွေ့ရသည်ထက်ပင် ပိုမိုရှင်းလင်းနေသည်။
သူ၏နောက်ဆုံး ထွက်သက်ဝင်သက်မှာ ဤစကားလုံးများကြောင့်ပင် အဓမ္မ ပြန်လည် ဆွဲချခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
အကယ်၍ အဝါရောင်စမ်းချောင်းနှင့် မြေအောက်တံတား ဆိုသောအရာများ အမှန်တကယ် ရှိခဲ့ပါလျှင်၊ အဘွားမင်၏ စွပ်ပြုတ်တခွက်ကို သောက်လိုက်ရင်တောင် လော့ရှောင်အတွက် ဤမြင်ကွင်းကို မေ့ဖျောက်သွားနိုင်မည် မဟုတ်တော့ပေ။ (Yellow Springs- အဝါရောင်စမ်းချောင်း- တရုတ်ရိုးရာယုံကြည်ချက်အရ လူသေပြီးနောက် ရောက်ရှိသွားတဲ့ "ငရဲပြည်" သို့မဟုတ် "သေသူတို့ရဲ့ကမ္ဘာ" ကို ဆိုလိုတာပါ။ မြေအောက်ကမ္ဘာရဲ့ အခြား တစ်ဖက်ကို သွားရာလမ်းလို့လည်း ခေါ်ကြပါတယ်။
(Naihe Bridge- မြေအောက်တံတား - ဒါကတော့ သေသူတွေ ဝိညာဉ်ကမ္ဘာကို သွားရာ လမ်းမှာ ဖြတ်သန်းရမယ့် "မြေအောက်တံတား" ဖြစ်ပါတယ်။ ဒီတံတားကို ဖြတ်ပြီးမှသာ နောက်ဘဝကို သွားရတာပါ။
(Soup of Granny Meng- အဘွားမင်၏ စွပ်ပြုတ် - ဒဏ္ဍာရီအရ မြေအောက်တံတားမှာ "အဘွားမင်" ဆိုတဲ့ နတ်သမီးတစ်ပါး ရှိပါတယ်။ သူမပေးတဲ့ "မေ့ဆေးစွပ်ပြုတ်" ကို သောက်လိုက်ရင် ယခင်ဘဝက အမှတ်တရတွေ၊ အငြိုးအတေးတွေ၊ ပူဆွေးမှုတွေ အားလုံး ကို မေ့ပျောက်သွားပြီးမှ နောက်ဘဝကို ပြန်ဝင်စားရတာ ဖြစ်ပါတယ်။)
စာစဉ် (၁၀) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။