← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁) မှန်လုံအိမ်ထဲက အံ့ဖွယ်သီးနှံ... အရှေ့မြောက်ဒေသမှာ အုန်းပင်စိုက်ခြင်း

ဝက်ပေါက်လေး တစ်ကောင် ထွက်ပြေးသွားခဲ့သည်။

၎င်းက တောအုပ်ထဲသို့ ပြေးဝင်သွားခြင်း ဖြစ်၏။ နောက်တစ်ခါ ပြန်တွေ့ချိန်တွင်တော့ ဝက်အရိုးစု တစ်ခုသာ ကျန်ရစ်တော့မည် ဖြစ်သည်။

လယ်ယာခြံဝင်း၏ အခြေအနေက အလွန်ကောင်းမွန်ပြီး စားစရာ သောက်စရာ အပြည့်အစုံ ရှိသော်လည်း ထိုဝက်ပေါက်လေးက လွတ်လပ်မှုကို တောင့်တနေသဖြင့် ဘာမှ မတတ်နိုင်ချေ။ ဤကိစ္စကို ရွှီယန်က စိတ်ထဲ သိပ်မထားတော့ပေ။

နွေဦးပေါက်စ အချိန်ဖြစ်ရာ လယ်ယာခြံဝင်းတွင် လုပ်စရာ အလုပ်များ အလွန်များပြားလှသည်။ မှန်လုံအိမ်နှင့် စိုက်ခင်းများကို တစ်ပြိုင်နက်တည်း ထွန်ယက် စိုက်ပျိုးရသဖြင့် နေ့စဉ်နှင့်အမျှ အလုပ်များလွန်းလှ၏။ တကယ့်ကို စိုက်ပျိုးရေးရာသီ အလုပ်များချိန်ပင် ဖြစ်သည်။

လယ်ယာခြံဝင်း ဝန်ထမ်း အလုပ်ခန့်ထားရေး လူတွေ့စစ်ဆေးမှုများကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်နေသည်။ ရွှီယန်၏ လယ်ယာခြံဝင်းက ထိုဒေသတွင် အနည်းငယ် နာမည်ရနေပြီဖြစ်ရာ အလုပ်သမား ခေါ်မည်ဟု ကြားသည်နှင့် လူအတော်များများက လာရောက် လျှောက်ထားချင်ကြ၏။

ရွှီယန်လည်း လူအချို့ကို အလုပ်အင်တာဗျူးရန် အလုပ်ရှုပ်နေခဲ့သည်။ လာလျှောက်သူ အများစုမှာ ရွာ သို့မဟုတ် မြို့ပေါ်မှ လူများ ဖြစ်ကြသည်။

ထိုအထဲမှ လူတစ်ယောက်က ရွှီယန်၏ တောင်းဆိုချက်နှင့် အလွန် ကိုက်ညီနေပြီး သူ၏ အမည်မှာ ကျန်းရှန်ချန် ဟု ခေါ်သည်။ အခြား ထူးခြားချက် မရှိသော်လည်း အကြီးမားဆုံး ထူးခြားချက်မှာ အရပ်အမြင့် ၁.၉၅ မီတာခန့် ရှိပြီး ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရသည်ကို အထူး ဝါသနာပါခြင်းပင်။ ကြည့်ရသည်မှာ အလွန် ခန္ဓာကိုယ် ထွားကျိုင်းပေသည်။

သူက မူလက မြို့ပေါ်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ဘိလပ်မြေအိတ် ထမ်းရသည့် အလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်၏။ ဘိလပ်မြေအိတ်များကို မြေညီထပ်မှ ဆဋ္ဌမထပ်အထိ တစ်အိတ်ချင်း ထမ်းတင်ကာ ချွေးနှဲစာ ရှာဖွေခဲ့သူ ဖြစ်သည်။ နောက်ပိုင်း ခါးဒဏ်ရာ ရသွားခဲ့ပြီး မြို့နယ်လေးတွင်လည်း အိမ်ထောင်ကျသွားသဖြင့် မြို့နယ်ထဲတွင်သာ အလုပ်ရှာရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

ကျန်းရှန်ချန်၏ အလုပ်လုပ်ကိုင်လိုစိတ်က အတော်လေး ကောင်းမွန်ပြီး အလုပ်လည်း လုပ်နိုင်ကာ တက်ကြွမှုလည်း ရှိပေသည်။

ရွှီယန်က သူ့ကို အစမ်းခန့် ကာလ တစ်လ အခွင့်အရေး ပေးလိုက်ပြီး လယ်ယာခြံဝင်းနှင့် အံဝင်ခွင်ကျ ဖြစ်ပါက သတ်မှတ်ရက်အတိုင်း အမြဲတမ်း ဝန်ထမ်း အဖြစ် ခန့်အပ်မည် ဖြစ်၏။ လူတစ်ယောက်၏ စိတ်သဘောထားက မည်သို့ ရှိသည်ကို ပေါင်းသင်းဆက်ဆံ ကြည့်မှသာ သိနိုင်မည် မဟုတ်ပါလား။

ဤသို့ဖြင့် ကျန်းရှန်ချန် လယ်ယာခြံဝင်းတွင် အလုပ်ဝင်လာခဲ့သည်။ သူကလည်း လယ်ယာခြံဝင်းတွင် အလုပ်ရသဖြင့် အလွန် ဝမ်းသာနေ၏။

အလုပ်စဝင်သည့် အချိန်တွင် လယ်ယာခြံဝင်းမှ တိရစ္ဆာန်များ အားလုံးက သူ့ကို အတော်လေး ကြောက်ရွံ့ကြသည်။ သူ့ကို မြင်သည်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ရှောင်ဖယ်သွားတတ်ကြ၏။ အဓိက အကြောင်းရင်းမှာ သူ၏ ခန္ဓာကိုယ် ကြီးမားလွန်းပြီး ကျောက်ခဲလူသားကြီး တစ်ယောက်နှင့် တူနေသောကြောင့် ဖြစ်သည်။

သို့သော် တကယ်တမ်းတွင်တော့ ကျန်းရှန်ချန်၏ စရိုက်က အတော်လေး နူးညံ့သိမ်မွေ့ပြီး လူတွေ့ပါက အမြဲတမ်း ပြုံးရွှင်နေတတ်ကာ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်သည့်အပြင် လက်ရေးလှ ရေးရသည်ကိုလည်း ဝါသနာပါသေး၏။ သူက အတွင်းစိတ်သန်သော လူတစ်ယောက် ဖြစ်ရာ အခြားသူများနှင့် စကားများများ ပြောဆို ဆက်ဆံရသည်ကို မနှစ်သက်ချေ။

လူတစ်ယောက် ထပ်တိုးလာသော်လည်း အလုပ်များက များပြားနေဆဲပင် ဖြစ်သည်။ ရွှီယန်က အလုပ်ခန့်မည့် နေရာတစ်ခု ချန်ထားသေးပြီး သင့်တော်သူ ရှိမရှိကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။

မှန်လုံအိမ်များ အားလုံးကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ ထိုအထဲမှ မှန်လုံအိမ် တစ်ခုတွင် စတော်ဘယ်ရီ... နဂါးမောက်သီး နှင့် ကီဝီသီး ကဲ့သို့သော အသီးအနှံ မျိုးစုံကို စိုက်ပျိုးထား၏။ နောက်ထပ် မှန်လုံအိမ် နှစ်ခုတွင် ဩဇာသီးများ စိုက်ပျိုးထားပြီး ရွှီယန်က လောလောဆယ် ၎င်းတို့ကို မထိရသေးချေ။

ကျန်ရှိနေသည်မှာ ချယ်ရီ မှန်လုံအိမ် နှစ်ခုနှင့် ဘလူးဘယ်ရီ မှန်လုံအိမ် ငါးခု ဖြစ်သည်။ ဤမျှကြီးမားသော စကေးဖြင့် ဆိုပါက အမှန်တကယ်ကို လယ်ယာခြံဝင်း သူဌေးကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

ရာသီဥတုက တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။ မွန်းလွဲပိုင်း အချိန်တွင် ရွှီယန်က ချစ်စရာကောင်းသော မြေခွေးလေး သုံးကောင်ကို ပြုစုစောင့်ရှောက်နေ၏။

မြေခွေးမလေးက ကလေး မမွေးသေးဘဲ အသိုက်ထဲတွင်သာ ပုန်းနေပြီး အပြင်သို့ မထွက်ချေ။ ရွှီယန်ကို မြင်မှသာ ပြုံးဖြီးဖြီးဖြင့် ပြေးလာကာ အသည်းယားစရာလေး လုပ်ပြတော့သည်။ ဤကောင်လေးများက အလွန် ဉာဏ်ကောင်းကြ၏။ တိရစ္ဆာန် အတော်များများက လူသားများနှင့် မည်သို့ ဆက်ဆံရမည်ကို ကောင်းစွာ သိရှိကြသည်။

ဥပမာအားဖြင့် လွန်ခဲ့သည့် နှစ်ရက်ခန့်က တောင်ပေါ်မှ ကျားသစ် တစ်ကောင် မြို့ထဲသို့ ပြေးဆင်းလာရာ မြို့ခံ အများအပြားက ဖုန်းများကိုင်ကာ အနောက်မှ လိုက်လံ ရိုက်ကူးကြပြီး အနီးကပ် ဝိုင်းအုံ ကြည့်ရှုခဲ့ကြသည်။ ဝဝတုတ်တုတ် ကျားသစ်ကြီးက လူအများ၏ အချစ်ကို အလွန် ရရှိခဲ့၏။ ကျားသစ်၏ ခန္ဓာကိုယ် အရွယ်အစားက သိပ်မကြီးမားသဖြင့် ကြည့်ရသည်မှာ ထိုမျှလောက် မကြောက်စရာ မကောင်းသောကြောင့်လည်း ဖြစ်ပေသည်။

ဝမ်တာတောင် နံပါတ် ၁ ကဲ့သို့ ကျားကြီးမျိုး ဆိုပါကတော့ လုံးဝ မတူညီတော့ချေ။ ထိုအကောင်ကြီးက လူကို တိုက်ရိုက် ကိုက်ရဲသဖြင့် မည်သူမျှ အနားမကပ်ရဲကြပေ။

တောင်ပေါ်မှ ဆင်းလာသော ကျားသစ်လေး၏ စိတ်အခြေအနေက အတော်လေး တည်ငြိမ်ပြီး လမ်းဘေးတွင်သာ ဝပ်ကာ အနားယူနေခဲ့သည်။ ဖျားနာနေသဖြင့် လူသားများရှိရာ ဧရိယာသို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်ဟု ကြားရ၏။ အေးအေးဆေးဆေး နေပြီး အေးမြသော နေရာတစ်ခု ရှာကာ လှဲလျောင်းနေပါက ခြေနှစ်ချောင်း သတ္တဝါများ (လူသားများ) က ၎င်းကို ဆေးကုပေးခြင်း... အစာကျွေးခြင်းများ ပြုလုပ်ပေးမည့်အပြင် အဖော်ပါ ရှာပေးဦးမည် ဆိုသည်ကို ၎င်းက သိရှိနေပုံရသည်။

မြေခွေးလေး သုံးကောင်ကလည်း ထိုနည်းတူပင် ဖြစ်သည်။ ရွှီယန်၏ လယ်ယာခြံဝင်းသို့ လာရောက် မီးဖွားခြင်းက အလွန် လုံခြုံပြီး မည်သည့် အန္တရာယ်မှ မရှိသဖြင့် သူတို့က ဤနေရာတွင် အခြေချ နေထိုင်သွားကြတော့၏။

ရွှီယန်က မြေခွေး သုံးကောင်ကို အစာအချို့ ကျွေးကာ သူတို့၏ စိတ်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် လူနေဆောင်များ ရှိရာဘက်သို့ ပြန်လာခဲ့သည်။

သို့သော် ရွှီယန် လုံးဝ ထင်မှတ်မထားသော ကိစ္စများက အနောက်တွင် ကျန်ရှိနေသေးသည်။ ညဘက်သို့ ရောက်သောအခါ ရွှီယန်က ခြံဝင်းထဲတွင် အနားယူနေ၏။

ရှောင်ဟေးက တံခါးဝမှနေ၍ ဖြည်းညင်းစွာ ဝင်လာသည်ကို မြင်လိုက်ရပြီး ရင်ထဲတွင် စိတ်ညစ်စရာ ရှိနေသည့်အလား တစ်လှမ်း လျှောက်လိုက်တိုင်း ရွှီယန်ကို တစ်ချက် လှမ်းကြည့်နေသည်။ ရွှီယန်က သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ရှောင်ဟေးက ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးလိုက်ပြီး အမြီးကို ပျော်ရွှင်စွာ ခါယမ်းပြတော့၏။

ပုံမှန် မဟုတ်သည့် ကိစ္စများတွင် လျှို့ဝှက်ချက် တစ်ခုခု သေချာပေါက် ရှိတတ်စမြဲပင်။ ဤကောင်လေး ထံတွင် အရှုပ်အရှင်း တစ်ခုခု ရှိနေကြောင်း ရွှီယန်က ရိပ်မိသွားသည်။

"ဘာဖြစ်လို့လဲ... ဘာအမှား လုပ်လာပြန်ပြီလဲ"

ရွှီယန်က ပြဿနာကို ရိပ်မိသွားသဖြင့် ချက်ချင်း မေးလိုက်၏။

ရှောင်ဟေးက ထပ်မံ ပြုံးပြလိုက်ပြီးနောက် တံခါးပေါက်ဘက်သို့ ညင်သာစွာ တစ်ချက် လှမ်းအော်လိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့ ဗိုက်ကြီးနေသော ရိုးရာတောခွေး အဖြူမလေး တစ်ကောင် တံခါးပေါက်မှ လျှောက်ဝင်လာခဲ့၏။

ရွှီယန်၏ အာရုံက ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရပြီးနောက် အနားသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ သူက ရိုးရာတောခွေး အဖြူမလေးကို လှမ်းကြည့်လိုက်၏။

ရိုးရာတောခွေး အဖြူမလေး ဆိုသည်မှာ တောခွေး မျိုးစိတ်တစ်ခု ဖြစ်ပြီး တစ်ကိုယ်လုံး အမွေးများ ဖြူဖွေးနေကာ နားရွက်များက အဝါရောင် ရှိပြီး ကြည့်ရသည်မှာ ဖောင်းဖောင်းအိအိလေးနှင့် အတော်လေး ချစ်စရာ ကောင်းပေသည်။ ရွှီယန် ထင်မှတ်မထားခဲ့သည်မှာ ဤခွေးမလေး ကိုယ်ဝန်ရှိနေပြီး သူ၏ လယ်ယာခြံဝင်းသို့ ရောက်လာခဲ့ခြင်းပင်။

"လခွမ်း... မဟုတ်သေးပါဘူး... မင်း လက်ချက်လား..."

ရွှီယန်က ရှောင်ဟေးကို ကြည့်ကာ မေးလိုက်သည်။

ရှောင်ဟေးက ထိုစဉ်က တာ့ဟွမ် ခေါ်လာခဲ့သော ခွေးလေး ဖြစ်သည်။ ယေဘုယျအားဖြင့် ခွေးကလေးများ သုံးလသား အရွယ်ရောက်မှသာ မိခင်ခွေးမကြီးက သားသမီးများကို အခြားသူများထံ ပေးလေ့ရှိ၏။ ထို့ကြောင့် ရှောင်ဟေးကို ဧပြီလတွင် မွေးဖွားခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းရပြီး ယခုဆိုလျှင် အသက် တစ်နှစ် ကွက်တိ ရှိနေပြီ ဖြစ်သည်။

အသက် တစ်နှစ် အရွယ်ရှိ ရှောင်ဟေးတွင် ယခုအခါ ကလေး ရနေပြီ ဖြစ်၏။ ကြည့်ရသည်မှာ ဤကာလအတွင်း ရိုးရာတောခွေး ဂိုဏ်းများနှင့် အပြင်ထွက် ဆော့ကစားရင်း ရှောင်ဟေး တစ်ကောင် မကောင်းမှုများ အတော်လေး လုပ်ခဲ့ပုံရသည်။

"ဘာလုပ်ရမှာလဲ... သူ့အတွက် နေရာ တစ်နေရာ ရှာပေးရမှာလား..."

ရွှီယန်က ရှောင်ဟေးကို ကြည့်ကာ ထပ်မေးလိုက်သည်။

ရှောင်ဟေးက ထိုနေရာတွင် သွားဖြီးပြနေပြီးနောက် ရှေ့သို့ တိုးကာ ရွှီယန်၏ ဘောင်းဘီစကို ကိုက်ဆွဲပြီး ၎င်းနှင့်အတူ လိုက်ခဲ့ရန် အချက်ပြနေတော့၏။ ဤကောင်လေးက ဉာဏ်နီဉာဏ်နက် အတော်လေး များလှသည်။

ရွှီယန်လည်း ဒီအတိုင်း နောက်မှ လိုက်သွားလိုက်သည်။ ရှောင်ဟေးက အရှေ့မှ လမ်းပြနေပြီး ခြေနှစ်လှမ်း လျှောက်လိုက်တိုင်း အနောက်သို့ တစ်ချက် လှည့်ကြည့်ကာ ရွှီယန် လိုက်လာသည်ကို မြင်မှသာ ရှေ့ဆက် လမ်းပြတော့၏။ ကိုယ်ဝန်ဆောင်နေသော ရိုးရာတောခွေး အဖြူမလေး ကလည်း နောက်မှ လိုက်ပါလာခဲ့သည်။

သိပ်မကြာခင်မှာပင် ရှောင်ဟေးက ရွှီယန်ကို မြက်ခြောက်ပုံများ ရှိရာ ဧရိယာသို့ ခေါ်ဆောင်သွားခဲ့သည်။ မြက်ခြောက်ပုံ ဧရိယာက မြင်းခြံနှင့် သိပ်မဝေးလှဘဲ ယခုအချိန်တွင် မြက်များ အားလုံးက လုံးဝ ခြောက်သွေ့နေကာ ညိုရော်ရောင် သန်းနေပြီ ဖြစ်၏။ နေလောင်ခံထားရသော မြက်ခြောက်များ၏ ရနံ့တစ်မျိုးက သင်းပျံ့နေသည်။

ဤမြက်များ အားလုံးက မြင်းနက်ကြီး ကျင်းကျယ် အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြင်းမွေးမြူခြင်းက ထိုမျှလောက် မလွယ်ကူလှချေ။

ရှောင်ဟေးက အချက်ပြလိုက်မှသာ ရွှီယန်က မြက်ခြောက်ပုံ အလယ်တွင် အထဲသို့ တိုးဝင်သွား၍ ရသော နေရာလွတ် တစ်ခု ရှိနေကြောင်း သတိထားမိလိုက်ပြီး ထိုအထဲတွင် စောင်တစ်ထည်ပါ ခင်းထားသေး၏။ ဤစောင်က ရှောင်ဟေး ကိုက်ချီသွားခြင်း ဖြစ်ကြောင်း အလွန် သိသာလှပေသည်။

"မင်းက တော်တော် လည်တာပဲ... အသိုက်တောင် ရှာတတ်နေပြီ... မဆိုးဘူး... တော်တော် တာဝန်သိတဲ့ ခွေးပဲ..."

ရွှီယန်က ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောရင်း ပြောလိုက်သည်။

"ဒီနေရာမှာ သူ့ကို ပေးနေစေချင်တာ မလား... ရပါတယ်... ပေးနေလိုက်ပေါ့... သူ့မှာ သခင် မရှိဘူး ဆိုရင် ဒီမှာပဲ နေပါစေ... အခု ခြံထဲမှာ ခွေးနည်းနည်း နည်းနေတာဆိုတော့ များများမွေးလာရင်လည်း ကောင်းတာပါပဲလေ..."

ရွှီယန်က ရှောင်ဟေးကို ပြောလိုက်၏။

ရှောင်ဟေးက ရွှီယန်၏ စကားကို နားလည်ကြောင်း အလွန် သိသာလှပြီး ချက်ချင်းပင် အမြီးကို ပျော်ရွှင်စွာ ခါယမ်းနေတော့သည်။

နွေဦးပေါက်လာပြီဖြစ်ရာ ရွှီယန်၏ လယ်ယာခြံဝင်းက မီးဖွားစောင့်ရှောက်ရေး စင်တာ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မြေခွေးမလေးနှင့် ရိုးရာတောခွေး အဖြူမလေး တို့ နှစ်ကောင်လုံးက လယ်ယာခြံဝင်းတွင်သာ ကလေးမွေးရန် ရွေးချယ်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့အတွက်တော့ ဤနေရာက လုံလောက်အောင် ဘေးကင်းပြီး သက်သောင့်သက်သာ ရှိလှသည် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် လယ်ယာခြံဝင်းက ကျယ်ဝန်းသဖြင့် ရွှီယန်ကလည်း သူတို့ သဘောအတိုင်းသာ လွှတ်ထားလိုက်တော့သည်။

ညဘက်သို့ ရောက်သောအခါ ရွှီယန်က လိုက်ဖ်လွှင့်ကာ ရိုးရာတောခွေး အဖြူမလေး၏ အခြေအနေကို အားလုံးအား ပြသလိုက်၏။ သူ ယနေ့ည လိုက်ဖ်လွှင့်ရခြင်းမှာ အစီအစဉ်၏ တင်ဆက်မှု ရလဒ်တစ်ခု ဖန်တီးရန် ဖြစ်သည်။ ဤရလဒ်ကို သူ မျှော်လင့်နေခဲ့သည်မှာ အတော်လေး ကြာပြီ ဖြစ်၏။

ရွှီယန်က မှန်လုံအိမ် အရှေ့တွင် ရပ်ကာ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"အခု ကျွန်တော် မှန်လုံအိမ်ထဲ သွားပြီး လတ်လတ်ဆတ်ဆတ် သစ်သီး တစ်လုံး ခူးပြမယ်... ဘာအသီးလဲ ဆိုတာ အားလုံး ခန့်မှန်းကြည့်ကြပေါ့... အဖြေမှန်တဲ့ သူကို ဖန်ရတနာ ပြောင်းဖူး တစ်ဖူး လက်ဆောင် ပေးမယ်ဗျာ..."

လိုက်ဖ်ထဲတွင် လူအရေအတွက် အလွန် များပြားနေ၏။ ရွှီယန်၏ စကားသံ ဆုံးသွားသည်နှင့် ကွန်မန့်များက ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။ စတော်ဘယ်ရီ... ဘလူးဘယ်ရီ... ပန်းသီး... ဖရဲသီး... ကျွဲကောသီး... ဟာမီသခွားမွှေး စသည့် အသီးအနှံ အမည် မျိုးစုံက ဖန်သားပြင်ပေါ်တွင် အဆက်မပြတ် ဖြတ်သန်းသွားကြသည်။

သို့သော် အုန်းသီး ဟူသော အမည်တော့ မပါလာချေ။ ချန်ပိုင်တောင်တန်း တောနက်ထဲရှိ မှန်လုံအိမ် တစ်ခုတွင် အုန်းပင် စိုက်ပျိုးနိုင်လိမ့်မည်ဟု အင်တာနက်သုံးစွဲသူများ လုံးဝ ထင်မှတ်ထားမည် မဟုတ်ကြောင်း သိသာလှပေသည်။ ရွှီယန်က အတော်ကြာအောင် ကြည့်နေပြီးနောက် ခေါင်းခါယမ်းလိုက်၏။

"တစ်ခုမှ မမှန်သေးဘူး... ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူးပဲ..."

[တကယ်ကြီးလား... ဒီလောက် သစ်သီးနာမည်တွေ အများကြီး ပြောတာတောင် မမှန်သေးဘူးလား]

[လောင်ရွှီ... မင်းရဲ့ ဒီမှန်လုံအိမ် ထဲမှာ ဘာရတနာတွေများ စိုက်ထားလို့လဲ]

[ဩဇာသီး မဟုတ်ဘူးလား... မင်း ယန်ကျီး ဘက်မှာ ဩဇာသီး သွားရောင်းတယ် လို့ ကြားတယ်နော်]

အားလုံးက အသီးသီး တုံ့ပြန်လာကြ၏။

ရွှီယန်က အနည်းငယ် ပြုံးလိုက်ပြီး...

"ဒီလိုဆိုရင် အထဲကို ဝင်ကြည့်ကြတာပေါ့ဗျာ... ဒါက ကျွန်တော် ဆောင်းတွင်းတုန်းက သေချာ ကြိုးစားပြီး စိုက်ထားတာ... နေရာဒေသနဲ့တော့ မကိုက်ညီပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အပင်ပေါက်လာတာပဲလေ... ဘာလဲ ဆိုတာကိုတော့ အားလုံး လုံးဝ ခန့်မှန်းမိမှာ မဟုတ်ဘူး..."

ရွှီယန်က မှန်လုံအိမ် အတွင်းသို့ လျှောက်သွားလိုက်သည်။ ဤမှန်လုံအိမ်၏ အပူချိန်က နှိုင်းယှဉ်ကြည့်မည် ဆိုပါက အတော်လေး မြင့်မားနေ၏။ အဘယ်ကြောင့်ဆိုသော် ဩဇာသီးမှာ အပူပိုင်းဒေသ သီးနှံဖြစ်ရာ အပူချိန်နှင့် စိုထိုင်းဆကို ထိန်းသိမ်းထားရသောကြောင့် ဖြစ်သည်။

အင်တာနက်သုံးစွဲသူများ၏ ရင်ထဲတွင် ပို၍ပို၍ သိချင်စိတ် ပြင်းပြလာကြတော့သည်။ လောင်ရွှီ တစ်ယောက် တကယ် ဘာတွေ စိုက်ထားသနည်း ပေါ့။ လူဒီလောက်များတာတောင် တစ်ယောက်မှ အဖြေမှန် မရကြချေ။ အတော်လေး အဓိပ္ပာယ် မရှိလောက်အောင်ပင် ဖြစ်၏။

ရွှီယန်က မှန်လုံအိမ် အတွင်းပိုင်းသို့ တောက်လျှောက် လျှောက်သွားပြီး ဩဇာသီး အပင်များကို ဖြတ်ကျော်ကာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက ထောင်ထားသော လှေကား တစ်ခုပေါ်သို့ တက်ကာ အပေါ်သို့ ခြေလှမ်း အနည်းငယ် တက်သွားပြီး လက်လှမ်း၍ အပင်ပေါ်မှ အုန်းသီး တစ်လုံးကို ခူးယူလိုက်၏။

"ပဟေဠိ အဖြေကတော့... ကျွန်တော် အရှေ့မြောက် ဒေသမှာ အုန်းပင် စိုက်ထားတာပါဗျာ..."

အုန်းပင်က သိပ်မမြင့်လှချေ။ ဤဘက်ရှိ ရေမြေ သဘာဝကြောင့် ဤအုန်းပင်က တောင်ပိုင်းရှိ အုန်းပင်များထက် အများကြီး ပို၍ ပုနေသည်။ သို့သော် မျိုးကောင်းမျိုးသန့် ဖြစ်သဖြင့် အရွယ်အစား ကြီးမားသော အုန်းသီးများကို သီးနိုင်စွမ်း ရှိနေဆဲပင် ဖြစ်၏။

ရွှီယန်၏ လက်ထဲရှိ အုန်းသီးနှင့် သူ၏ နောက်ကွယ်ရှိ အုန်းပင်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ၏ ဦးနှောက်များပင် ခဏတာ အလုပ်မလုပ်တော့သည့် အတိုင်း ဖြစ်သွားတော့၏။

‘ဘာကြီးလဲ... အုန်းသီးလား... ချန်ပိုင်တောင်တန်း မှာ အုန်းပင် စိုက်တဲ့သူ ရှိတယ်လား…’

ရွှီယန် ဘာကြောင့် ဤမျှ လျှို့ဝှက်နေသလဲ ဆိုသည်ကို အားလုံး သဘောပေါက်သွားကြတော့သည်။ ဤအရာကို မည်သူက ခန့်မှန်းနိုင်မည်နည်း။ ကွန်မန့်များ ချက်ချင်းပင် ပွက်လောရိုက်သွားတော့၏။

[လောင်ရွှီ... မင်းက တကယ့် လူကြမ်းကြီးပဲ]

[လခွမ်း... အုန်းသီးလား... ဟိုင်နန် ဘက်ကနေ ကူးလာတာလား]

[ဒါ ဘယ်လို မျိုးစိတ်လဲဟ]

[တစ်ချက်တည်းနဲ့ ငါ့ကိုတောင် ဘာပြောရမှန်း မသိတော့အောင် လုပ်ပစ်လိုက်တာပဲ]

အားလုံးက အသီးသီး တုံ့ပြန်လာကြ၏။

ရွှီယန်က အုန်းသီး တစ်လုံး ခူးယူပြီးနောက် ဘေးမှ ဓားမ တစ်လက်ကို ကောက်ယူကာ အုန်းသီး အပေါ်ဘက်ရှိ အခွံများကို အရင်ဆုံး ခွာချလိုက်ရာ နူးညံ့သော အတွင်းခွံများ ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဓားထိပ်ဖြင့် နှစ်ချက် သုံးချက်ခန့် ထိုးဖောက်လိုက်ပြီး အပေါ်သို့ ကလော်လိုက်ရာ အဖုံးက ပွင့်ထွက်သွားတော့၏။ အုန်းသီး အတွင်းတွင် ကြည်လင်နေသော အုန်းရည်များ ရှိနေသည်။

ရွှီယန်က ဘောင်းဘီအိတ်ကပ်ထဲမှ ပလတ်စတစ် ပိုက်တံ တစ်ချောင်းကို ထုတ်ယူကာ ပလတ်စတစ် အခွံကို ခွာလိုက်ပြီး ပိုက်တံကို အုန်းသီးထဲသို့ ထည့်လိုက်၏။ ထို့နောက် ဖွဖွလေး စုပ်သောက်လိုက်သည်။ အုန်းရည်၏ ချိုမြိန်သော အရသာက ပါးစပ်ထဲတွင် ချက်ချင်း ပျံ့နှံ့သွားတော့၏။

"အရသာ မဆိုးဘူးပဲ... တော်တော်လေး ချိုတယ်... အကျယ်ကြီး စိုက်လို့ မရတာ တစ်ခုပဲ... မဟုတ်ရင် ကျွန်တော် အရှေ့မြောက် ဒေသမှာ အုန်းတောကြီး တစ်ခု စိုက်လိုက်ရင် တော်တော် ကောင်းမှာပဲ..."

ရွှီယန်က ညည်းတွားလိုက်သည်။

[ဟားဟားဟား... လောင်ရွှီ... နည်းနည်း ပိုစိုက်ပြီး အုန်းတောကြီး တစ်ခု ဖန်တီးလိုက်လေ]

[ပြီးရင် သဲသောင်ပြင် တွေ... ပြာလဲ့နေတဲ့ ရေပြင်တွေပါ ဖန်တီးလိုက်... ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေရသလို နေလို့ ရတာပေါ့]

[ဘာလို့ စိုက်လို့ မရရမှာလဲ... အုန်းတောကြီး တစ်ခု စိုက်လိုက်ရင် အရမ်း ကောင်းမှာကို]

အားလုံးက အသီးသီး တုံ့ပြန်လာကြ၏။

ရွှီယန်က ခေါင်းခါယမ်းလိုက်ပြီး...

"အုန်းသီး ဈေးက သိပ်မများဘူးလေ... ဒါပေမယ့် ဒီဘက်မှာ စိုက်မယ် ဆိုရင်တော့ ကုန်ကျစရိတ် အရမ်း ကြီးပြီး အရင်းပြန်ရဖို့ လုံးဝ မလွယ်ဘူး... မဟုတ်ရင် စိုက်တဲ့သူတွေ ရှိနေတာ ကြာလောက်ပြီပေါ့..."

"စိုက်လို့ မရတာ မဟုတ်ဘူး... စိုက်ဖို့ မလိုအပ်တာ... ကုန်ကျစရိတ် ယွမ် တစ်သိန်းလောက် သုံးပြီး စိုက်ထားတဲ့ အုန်းသီး ကနေ အရင်း တစ်ဝက်တောင် ပြန်ရမှာ မဟုတ်ဘူးလေ... စီးပွားရေး ဆိုတာ ဒီလို လုပ်လို့ မရဘူးဗျ..."

ရွှီယန်၏ ရှင်းပြချက်ကို ကြားမှသာ အားလုံး သဘောပေါက်သွားကြတော့သည်။ သို့သော် မှန်လုံအိမ် အတွင်းရှိ အုန်းပင်ကို မြင်ရသည်မှာတော့ အားလုံးက အလွန် ထူးဆန်းနေသည်ဟု ခံစားနေရ၏။ ရွှီယန်၏ လယ်ယာခြံဝင်းက အမြဲတမ်း အံ့သြစရာ ခံစားချက်များကို ပေးစွမ်းနိုင်ပေသည်။

All Chapters