← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း (၂၁၃) ရှောင်ဟွာက ဒီလိုအကွက်တွေတောင် ရနေပြီလား

ဒီရက်ပိုင်းအတွင်း ရှောင်ဟွာတစ်ကောင် အတော်လေး ဂနာမငြိမ်ဖြစ်နေခဲ့သည်။ ဒါကြောင့် တောနက်ထဲသို့ ဝင်ရောက်လာသည်နှင့် ၎င်းက ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာတော့၏။

တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ သဘာဝအသိစိတ်များ စတင်နိုးကြားလာခဲ့ပြီ ဖြစ်သည်။

အစပိုင်းတွင် အနည်းငယ် ထုံထိုင်းနေသေးသော်လည်း တဖြည်းဖြည်းနှင့် ရှောင်ဟွာ၏ ခြေလှမ်းများက ပိုမိုမြန်ဆန်လာခဲ့သည်။ အချိန်တော်တော်များများတွင် ရှောင်ဟွာက ရှေ့မှဦးဆောင်သွားနေပြီး ရွှီယန်က နောက်မှ လိုက်သွားရသည့် အခြေအနေမျိုးပင် ဖြစ်နေသည်။

ရှောင်ဟွာက တစ်ခုခုကို အာရုံခံမိနေပုံရသည်။ ၎င်းက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေပြီး တစ်ခါတစ်ရံ ရပ်တန့်ကာ မြေကြီးပေါ်ရှိ အနံ့များကို သေချာစွာ နမ်းကြည့်နေတတ်သည်။

၎င်း၏ အပြုအမူများကို ကြည့်ကာ ရွှီယန် အတော်လေး ကျေနပ်သွားခဲ့၏။

"ဒီကောင်လေး ကြီးလာပြီပဲ... ကြည့်ရတာ တော်တော်လေး ဟန်ကျနေတာပဲ"

"ဒီလမ်းလျှောက်တဲ့ ပုံစံလေးတွေက တော်တော်လေး ပရော်ဖက်ရှင်နယ် ဆန်တယ်"

ရွှီယန်က ပြုံးရင်း မှတ်ချက်ချလိုက်သည်။ သူ့စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများကလည်း ရယ်မောလိုက်ကြ၏။

[ရှောင်ဟွာက တကယ်ကို ချစ်စရာကောင်းတာပဲ]

[အရမ်းကို အသည်းယားစရာလေး]

[ဟားဟားဟား... သူက အမဲလိုက်ဖို့ ပြင်နေတာလား]

[ရှောင်ဟွာ... ငါကတော့ ခံစားချက်မရှိတဲ့ သတ်ဖြတ်ရေးစက်ရုပ်ကြီးပဲ]

ရွှီယန်က နောက်မှနေ၍ အေးအေးဆေးဆေးပင် လိုက်ပါသွားခဲ့သည်။ ဤသို့ တောတောင်ရှာဖွေရသည်က အတော်လေး သက်သောင့်သက်သာ ရှိလှပေသည်။ တောင်ထဲတွင် ကျားသစ်လေးကို လမ်းလျှောက်ထွက်ခိုင်းနေရသလိုပင်။ ရှောင်ဟွာ လုပ်ချင်ရာလုပ်ခွင့်ပေးထားပြီး သူက ဝင်မနှောင့်ယှက်ခဲ့ပေ။

"ကျားသစ်မလေးရဲ့ အနံ့ကို ရသွားလို့ ဒီလောက် စိတ်လှုပ်ရှားနေတာ ဖြစ်မယ်... မျိုးတူအကောင်တွေကြားမှာ သေချာပေါက် ဆက်သွယ်တဲ့ နည်းလမ်းတွေ ရှိမှာပဲ"

"ဒါက သူ့ကို ရင့်ကျက်လာစေမယ့် အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်"

ရွှီယန်က ထပ်မံ မှတ်ချက်ချလိုက်ပြန်သည်။

ရှောင်ဟွာက ရှေ့သို့ အဆက်မပြတ် ဆက်လျှောက်သွားနေပြီး တစ်ခါတစ်ရံ ရပ်တန့်ကာ ရွှီယန်ကို နောက်လှည့်ကြည့်တတ်သည်။ ရွှီယန် နောက်မှ လိုက်လာသည်ကို မြင်မှသာ ရှေ့သို့ ဆက်လက် ပြေးထွက်သွားတော့၏။

နှင်းများ အားလုံးနီးပါး အရည်ပျော်သွားခဲ့ပြီဖြစ်ပြီး အချို့နေရာများတွင် ပန်းပွင့်လေးများပင် စောစီးစွာ ပွင့်လန်းနေကြပြီ ဖြစ်သည်။ အဖြူရောင်... အဝါရောင်နှင့် ပန်းရောင် ပန်းပွင့်လေးများကို ရံဖန်ရံခါ မြင်တွေ့နေရသည်။

တောအုပ်ကြီးကလည်း ဆောင်းခိုရာမှ နိုးထလာခဲ့ပြီး သက်ဝင်လှုပ်ရှားမှုများ စတင်နေပြီ ဖြစ်၏။

ရှောင်ဟွာက အတော်လေး အဝေးအထိ လျှောက်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို ထပ်မံ လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆက်လက် ရှာဖွေနေပြန်သည်။

တိရစ္ဆာန်များက သူတို့၏ နယ်မြေကို ဆီးစွန့်ပြီး မှတ်သားလေ့ရှိကြသည်။ ကျားနှင့် ကျားသစ်များလည်း ထိုနည်းတူပင် ဖြစ်၏။ ဤအကြောင်းရင်းကြောင့်ပင် ဤနယ်မြေအတွင်း အခြား ကျားသစ်တစ်ကောင် လှုပ်ရှားနေကြောင်း ရှောင်ဟွာ သိရှိသွားခြင်း ဖြစ်ပေသည်။

ရှောင်ဟွာ အချိန်အတော်ကြာ ရှာဖွေနေသော်လည်း မတွေ့ရသေးပေ။

ရွှီယန်လည်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အချိန်တိုအတွင်း ကျားသစ်မလေး တစ်ကောင်ကို ရှာတွေ့ရန် ဆိုသည်မှာ ထိုမျှလောက် မလွယ်ကူလှချေ။

ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး တာဝန်ကို ဖွင့်လှစ်ရန် ရွေးချယ်လိုက်ပြီး တာဝန်ဘက်မှနေ၍ ရှောင်ဟွာကို ကူညီပေးနိုင်မလား ဆိုသည်ကို စမ်းသပ်ကြည့်လိုက်သည်။

[ရတနာရှာဖွေရေး တာဝန်ကို စတင်လိုက်ပါပြီ... ကျားသစ်လေးရဲ့ နွေဦးရာသီ]

[တာဝန် ဖော်ပြချက်... ကျားသစ် နှစ်ကောင် တွေ့ဆုံနိုင်ရန် ကူညီပေးပါ... ထို့နောက် သူတို့ဘာသာ လွတ်လပ်စွာ ဆက်လက် တိုးတက်ခွင့် ပေးလိုက်ပါ]

[တာဝန် ဆုလာဘ်... အထူး နို့မှုန့် အထုပ် ၁၀၀၀... ဖျော်သောက်၍ ရသော အထူး နို့မှုန့် ဖြစ်ပါသည်... အာဟာရ ပြည့်ဝပြီး နို့တိုက်သတ္တဝါ ပေါက်စလေးများ သောက်သုံးရန် သင့်တော်ပါသည်... နို့တိုက်သတ္တဝါများ၏ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန် အကျိုးကျေးဇူး ရှိပါသည်]

တာဝန်ပြဘုတ်အဖွဲ့က ရွှီယန်၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ စနစ်က တကယ်ကို အလိုသိလှပေသည်။ ဘာကို တွေးလိုက်သည်နှင့် အဲဒီအရာက ချက်ချင်း ရောက်လာတော့၏။

တကယ်တော့ ရတနာရှာဖွေရေး တာဝန် ဆိုသည်မှာ သတ်မှတ်ထားသော နယ်ပယ်တစ်ခုအတွင်းရှိ တိရစ္ဆာန်များ၏ အခြေအနေပေါ် မူတည်၍ ကျပန်း တာဝန်များကို ဖန်တီးပေးခြင်းပင် ဖြစ်သည်။ ယခုအခါ ဤနယ်ပယ်အတွင်း ကျားသစ် နှစ်ကောင် ရှိနေပြီး နှစ်ကောင်စလုံးမှာ မျိုးပွားရာသီသို့ ရောက်ရှိနေကြရာ သဘာဝကျကျပင် ဤတာဝန်ကို အရင်ဆုံး ပေးအပ်လိုက်ခြင်း ဖြစ်၏။

ရွှီယန်၏ တာဝန်မှာ ကျားသစ် နှစ်ကောင်ကို တွေ့ဆုံခွင့် ရစေရန် ဖြစ်သည်။

ဤကိစ္စက သူ့အတွက်တော့ မခက်ခဲလှချေ။ အဘယ်ကြောင့်ဆိုသော် အခြား ကျားသစ်တစ်ကောင်၏ တည်နေရာကို မြေပုံပေါ်တွင် အမှတ်အသား ပြုလုပ်ထားပြီး ဖြစ်သောကြောင့်ပင်။

ရွှီယန် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ကျားသစ်လေးက ရွှီယန်၏ ဘေးသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ ၎င်းက ခေါင်းကြီးကို မော့ကာ ကြည်လင်နေသော မျက်လုံးဝိုင်းကြီးများဖြင့် ရွှီယန်ကို သနားစရာကောင်းလောက်အောင် ကြည့်နေသည်။ မျိုးတူအကောင်ကို မရှာတွေ့သဖြင့် အနည်းငယ် စိတ်ပျက်နေပုံရ၏။

ဒီကောင်လေးက ရွှီယန်အပေါ် အရမ်း မှီခိုလွန်းနေသေးသည်။ သို့သော် ယနေ့ ကိုယ့်ဘာသာ အပြင်ထွက် လှုပ်ရှားနိုင်သည်ကိုက အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။

ရွှီယန်က ၎င်း၏ နူးညံ့အိစက်နေသော မျက်နှာကြီးကို ပွတ်သပ်ပေးလိုက်၏။

"ကိစ္စမရှိပါဘူးကွာ... သေချာပေါက် ရှာတွေ့မှာပါ... မလောနဲ့နော်"

ရွှီယန်က နှစ်သိမ့်ပေးလိုက်သည်။

သူက ရှောင်ဟွာကို ခေါ်ကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ရှောင်ဟွာက ပတ်ဝန်းကျင်ကို တစ်ချက်တစ်ချက် အကဲခတ်နေပြီး တစ်ခါတစ်ရံ ခြေလှမ်းများကိုလည်း ခပ်သွက်သွက် လျှောက်လိုက်သေး၏။ ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။

"ဒီနယ်မြေထဲမှာ နောက်ထပ် ကျားသစ် တစ်ကောင် ရှိနေတယ်... ကျွန်တော် အရင်က တွေ့ဖူးတဲ့ ကျားသစ်နက်လေး ဖြစ်ဖို့ များတယ်"

"ကျားသစ်နက် ဆိုတာ ကျားသစ် မျိုးရိုးဗီဇ ပြောင်းလဲသွားတဲ့ အကောင်တွေလေ... အရေအတွက်က အရမ်းကို ရှားပါးတယ်"

"အခု ရှောင်ဟွာ က သူ့ကို လိုက်ရှာနေတာ... သူနဲ့ သူငယ်ချင်း ဖြစ်ချင်လို့နေမှာပေါ့"

"မျိုးပွားရာသီ ရောက်ပြီဆိုရင် ကျားသစ် နှစ်ကောင်က အချင်းချင်း တွေ့ဆုံပြီး တစ်ဖက်လူကို လေ့လာအကဲခတ်ဖို့ လိုအပ်တယ်... စိတ်ဝင်စားမှု ရှိမရှိ ဆိုတာကိုပေါ့"

"စိတ်ဝင်စားရင်တော့ အတူတူ နေကြပြီး စိတ်မဝင်စားရင်တော့ ကိုယ့်လမ်းကိုယ် သွားကြတာပဲ... လူတွေ အဖော်လာရှာတာနဲ့ အတူတူလောက်ပါပဲ"

"ရှောင်ဟွာ တစ်ယောက် သူ့ကို ရှာတွေ့နိုင်မလား... ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် သဘောကျပါ့မလား ဆိုတာကိုတော့ မသိသေးဘူးပေါ့"

"ဒီနေ့ ရှောင်ဟွာ ကို အပြင်ခေါ်လာတာ သူ့အတွက် ချစ်သူ လာရှာပေးတာလေ"

ရွှီယန်၏ ရှင်းပြချက်ကြောင့် အားလုံးက ချက်ချင်းပင် ရယ်မောသွားကြတော့သည်။

[ရှောင်ဟွာ က ချစ်သူရှာဖို့ လိုသေးလို့လား... ရုပ်လုံးရုပ်ပေါက်က ဒီလောက် မိုက်နေတာ... ကျားသစ်မလေး တွေကို အလွယ်လေး ညှို့ယူနိုင်မှာပေါ့]

[ဟားဟားဟား... နည်းနည်းတော့ အနေအေးတယ်လေ... ကျားသစ်မလေး က သဘောကျချင်မှ ကျမှာ]

[ရှောင်ဟွာ... ကြိုးစားပါကွာ]

[ရှာတွေ့နိုင်ပါ့မလား ဆိုတာတောင် ပြဿနာ တစ်ခုပဲ... တောအုပ်ကြီးက အရမ်း ကျယ်တာကိုး]

အင်တာနက်သုံးစွဲသူများက အသီးသီး တုံ့ပြန်လာကြသည်။ ဤတစ်ကြိမ် လိုက်ဖ်လွှင့်မှုတွင်တော့ ရှောင်ဟွာက အဓိက ဇာတ်လိုက် ဖြစ်လာခဲ့၏။ အားလုံးက ၎င်း၏ ဇာတ်လမ်းကို အလွန် ကြည့်ရှုချင်နေကြသည်။

တိရစ္ဆာန်များ၏ ဇာတ်လမ်းများကို လူအတော်များများက စိတ်ဝင်စားကြပေသည်။ ဥပမာ အာဖရိကဘက်ရှိ ခြင်္သေ့ထီးများ နယ်မြေခွဲဝေမှု အခြေအနေ... ခြင်္သေ့မိသားစု အချင်းချင်း သတ်ပုတ်ကြသည့် အကြောင်းအရာများကို လူတိုင်းက စိတ်ဝင်စားစွာ ပြောဆိုဆွေးနွေးလေ့ ရှိကြသည်။

ယနေ့ ရှောင်ဟွာ ချစ်သူရှာဖို့ လာသည်ကိုလည်း အားလုံးက ထိုနည်းတူပင် စိတ်ဝင်စားနေကြ၏။

အတွင်းဘက်သို့ တောက်လျှောက် ဝင်လာခဲ့ရာ မြက်ခင်းပြင်များကို ဖြတ်သန်းပြီး သစ်တောကို ကျော်လွန်ကာ သိပ်မကြာခင်မှာပင် ရွှီယန်က ကျားသစ်နက် ရှိရာ နေရာနှင့် မလှမ်းမကမ်းသို့ ရောက်ရှိသွားခဲ့သည်။ ကျားသစ်နက် ကို သူ မြင်တွေ့လိုက်ရသည်။

ကျားသစ်နက် က ကျောက်ဆောင် တစ်ခုပေါ်တွင် လှဲလျောင်းကာ အနားယူနေပုံရသည်။ ၎င်း၏ အမွေးအမျှင်များက အလွန် နူးညံ့ပြီး တစ်ကိုယ်လုံး နက်မှောင်နေသည်ကို မြင်တွေ့ရ၏။ အချို့သော ကျားသစ်နက်များမှာ လုံးဝ အမည်းရောင် မဟုတ်ဘဲ အနီးကပ် ကြည့်ရှုပါက အရေပြားပေါ်ရှိ အညိုရောင် အမွေးများနှင့် အမည်းရောင် အပြောက်များကို မြင်တွေ့ရနိုင်ပြီး အနည်းငယ် ထူးဆန်းနေတတ်သည်။

သို့သော် ဤကျားသစ်နက် ကတော့ လုံးဝ အမည်းရောင် စစ်စစ်ဖြစ်ပြီး မျိုးရိုးဗီဇ ပြောင်းလဲမှုက အလွန် ပြီးပြည့်စုံလှပေသည်။

"တွေ့ပြီ... ဟိုမှာ ကြည့်လိုက်"

ရွှီယန်က တမင်တကာ အံ့ဩဟန်ဆောင်ကာ အော်ပြောလိုက်သည်။

သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ဒရုန်းကင်မရာမှ တစ်ဆင့် လိုက်လံ ကြည့်ရှုလိုက်ကြ၏။ ထင်ထားသည့်အတိုင်းပင် ကျားသစ်နက် တစ်ကောင် ကျောက်ဆောင်ပေါ်တွင် ကွေးကွေးလေး အိပ်စက် အနားယူနေသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။

ရှောင်ဟွာ ကလည်း ကျားသစ်နက်ကို မြင်တွေ့သွားခဲ့သည်။ ၎င်းက ချက်ချင်းပင် လည်ပင်းကို ဆန့်ထုတ်ကာ တစ်ဖက်လူကို သေချာစွာ အကဲခတ်နေတော့၏။ ထို့နောက် ၎င်းက တစ်လှမ်းချင်းစီ ရှေ့သို့ တိုးသွားခဲ့ပြီး အရှိန်က အလွန် နှေးကွေးလှသည်။

ရွှီယန်က နေရာမှာပင် ရပ်နေပြီး ရှေ့သို့ မသွားခဲ့ချေ။ ဤကဲ့သို့သော အချိန်မျိုးတွင် ဝင်မနှောင့်ယှက်သည်က အကောင်းဆုံးပင် ဖြစ်သည်။

ထိုအချိန်မှာပင် ကျားသစ်နက်က အန္တရာယ်ကို အာရုံခံမိသွားပြီး ချက်ချင်း လန့်နိုးလာကာ နေရာမှ ချက်ချင်း ထရပ်လိုက်သည်။ ၎င်း၏ လှုပ်ရှားမှုက အလွန် လျင်မြန်လှပေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မတ်တတ်ရပ်ပြီး ဖြစ်နေတော့၏။

ဤကျားသစ်နက် ကလည်း အလွန် ခန့်ညားလှသည်။ ၎င်း၏ ခန္ဓာကိုယ်က သာမန် ကျားသစ်များထက် အနည်းငယ် ပိုမို သွယ်လျပြီး ကြည့်ရသည်မှာ ပို၍ သွက်လက်သည့်ပုံ ပေါက်နေသည်။ ရုပ်လုံးရုပ်ပေါက်လှပြီး မျက်လုံးများကတော့ အနည်းငယ် ကြမ်းကြုတ်သည့် အသွင်ဆောင်နေ၏။

ကျားသစ်နက်က မူလက အလွန် သတိထားနေခဲ့သော်လည်း မျက်လုံးဖွင့်လိုက်သည်နှင့် ရှောင်ဟွာ ကို မြင်တွေ့လိုက်ရသည်။

ကျားသစ် နှစ်ကောင်စလုံး ရပ်တန့်သွားကြပြီး အပြန်အလှန် စိုက်ကြည့်နေကြတော့၏။ ကျားသစ်နက်က ကျောက်ဆောင်ပေါ်တွင် ရှိနေပြီး ရှောင်ဟွာက ကျောက်ဆောင် အောက်တွင် ရှိနေသည်။ သူတို့ နှစ်ကောင်လုံး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အကဲခတ်နေကြသည်။

ရွှီယန်ပင် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။

'ဒီတုံးအအ ကောင်လေးကို ဟိုဘက်က ကြိုက်ပါစေလို့ ဆုတောင်းရမှာပဲ'

'မဟုတ်ရင် ဒုတိယမြောက် ကျားသစ် တစ်ကောင်ကို ဘယ်သွားရှာရမလဲ'

ရှောင်ဟွာက ချစ်စရာ ကောင်းသော်လည်း အားသာချက်များလည်း အထင်အရှား ရှိနေပေသည်။ ၎င်းက ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်ပြီး ရုပ်လုံးရုပ်ပေါက်လည်း လှပကာ အမွေးအရောင်ကလည်း တောက်ပနေ၏။ တိရစ္ဆာန်များ အတွက်တော့ ဤအချက်များကပင် လုံလောက်နေပြီ ဖြစ်သည်။

ရှောင်ဟွာက အရှေ့သို့ နောက်ထပ် တစ်လှမ်း တိုးသွားလိုက်ပြန်သည်။

ကျားသစ်နက်ကလည်း ရှောင်ဟွာကို အနည်းငယ် စိတ်ဝင်စားသွားပုံရပြီး ၎င်းက ကျောက်ဆောင်ပေါ်မှ ခုန်ဆင်းလာကာ ရှောင်ဟွာ အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။

တောင်တစ်တောင်တွင် ကျားနှစ်ကောင် အတူတကွ နေထိုင်၍ မရနိုင်ချေ။ အထီးနှင့် အမ ဖြစ်နေလျှင် လွဲ၍ပေါ့။ ဤစကားက ကျားသစ်များ အတွက်လည်း အတူတူပင် ဖြစ်၏။ အကယ်၍ ကျားသစ်ထီး နှစ်ကောင်သာ ဆိုပါက နယ်မြေလုဖို့အတွက် အချင်းချင်း သတ်ပုတ်ကြမည်မှာ သေချာပေသည်။

အထီးနှင့် အမ ဆိုလျှင်တော့ အခြေအနေက လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။ တိရစ္ဆာန်များ၏ သဘာဝ အလေ့အထက ဤအတိုင်းပင် ဖြစ်၏။

လိုက်ဖ်ထဲရှိ ကွန်မန့်များက ပွက်လောရိုက်လာခဲ့သည်။

[တကယ်ကြီး ကျားသစ်နက် ရှိနေတာပဲ... လောင်ရွှီ တကယ် မိုက်တယ်... ဒါကိုတောင် သိနေတယ်]

[ချန်ပိုင်တောင်တန်း က သူ့ပိုင်နက်ကြီးပဲလေ... သူ မသိတာ ဘာရှိမှာလဲ]

[အချင်းချင်း မျက်စိကျသွားကြပြီ ထင်တယ်]

[ဘုရားရေ... ငါက ကျားသစ် နှစ်ကောင်ရဲ့ အချစ်ဇာတ်လမ်း ကိုတောင် လိုက်ပြီး အားပေးနေရပြီလား]

[အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်]

ကျားသစ် နှစ်ကောင် အပြန်အလှန် စိုက်ကြည့်နေသည့် မြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့၏။

အရာအားလုံးက ပုံမှန် အတိုင်းသာ ရှိနေပုံရသည်။ ရှောင်ဟွာ၏ ကိုယ်ပေါ်တွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ မရှိသဖြင့် ဤအချက်ကို ကျားသစ်နက်က အတော်လေး ကျေနပ်ပုံရ၏။ ဤကျားသစ်နက်က အလွန် သတိကြီးလှပြီး ငယ်ရွယ်စဉ် ကတည်းက အန္တရာယ်များစွာကို ဖြတ်သန်းကာ ခက်ခက်ခဲခဲ အသက်ရှင် သန်လာခဲ့ရပုံရသည်။

အကယ်၍ အခြား ရက်စက် ကြမ်းကြုတ်သော ကျားသစ်ထီး တစ်ကောင်သာ ဆိုပါက ၎င်းက အနားကပ်လာမည် မဟုတ်ဘဲ ထွက်ပြေးသွားရန် အခွင့်အရေး များပေသည်။ သို့သော် ရှောင်ဟွာ ပေးစွမ်းသော ခံစားချက်ကတော့ မတူညီချေ။

တောအုပ်ကြီးထဲမှာ မျက်လုံးချင်း ဆုံမိသွားရုံလေးပါပဲ။ ကျားသစ် နှစ်ကောင်၏ အကွာအဝေးက တစ်မီတာပင် မပြည့်တော့ချေ။

သူတို့ နှစ်ကောင်လုံး ရပ်တန့်သွားကြပြီး တစ်ဖက်လူကို အကဲခတ်နေကြသည်။ ယခုတော့ တရားဝင် လူတွေ့စစ်ဆေးသည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

တိရစ္ဆာန်များ၏ ခံစားချက်က အလွန် ရိုးရှင်းလှပေသည်။ မျက်စိကျလျှင် ချက်ချင်း အတူတူ နေကြပြီး သားသမီးပင် စတင် မွေးဖွားနိုင်ကြသည်။ အရေးမပါသော ကိစ္စများ သိပ်များများစားစား မရှိချေ။ သဘောကျခြင်း မကျခြင်း အပေါ်တွင်သာ မူတည်၏။ သဘောမကျလျှင်လည်း ဘာမှ တတ်နိုင်မည် မဟုတ်ပေ။

အခြေအနေက အနည်းငယ် တင်းမာနေသည်။ ရွှီယန်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။

'သေချာပေါက် အောင်မြင်ပါစေ'

ထိုအချိန်မှာပင် ရှောင်ဟွာက ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်သည်။ ကျားသစ်နက်က သိသိသာသာ အနည်းငယ် ထိတ်လန့်သွားပြီး ချက်ချင်းပင် သွားဖြီးကာ ရှောင်ဟွာကို ဟိန်းဟောက်လိုက်၏။

ထိုအသံကြောင့် ရှောင်ဟွာက နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားပြီး မျက်လုံးများထဲတွင် အနည်းငယ် ကြောက်ရွံ့သည့် အရိပ်အယောင်များပင် ပါဝင်နေတော့သည်။ ၎င်းက အနောက်သို့ လှည့်ကာ ရွှီယန်ကို တစ်ချက် လှမ်းကြည့်လိုက်သေး၏။

ရွှီယန်က ခွန်အားပေးသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီး ဆက်လုပ်ရန် အချက်ပြလိုက်သည်။

ရှောင်ဟွာက အရှေ့သို့ နောက်ထပ် တစ်လှမ်း တိုးသွားပြန်ပြီးနောက် သတိကြီးစွာဖြင့် ခေါင်းကို ဆန့်ထုတ်ကာ ကျားသစ်နက်၏ မျက်နှာဆီသို့ လှမ်း၍ အနံ့ခံကြည့်လိုက်၏။

ကျားသစ်နက်က ၎င်းကို အနီးကပ် အကဲခတ်နေသည်။ ကျားသစ်နက်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြောင်း မြင်သာလှပေသည်။

ရှောင်ဟွာက ရုပ်လုံးရုပ်ပေါက် အလွန်ကောင်းသော ကျားသစ် တစ်ကောင် ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ရိုးအလွန်းသည် ဆိုသော်လည်း အလင်းပြန်နေသော အမွေးအမျှင်များနှင့် ကျော့ရှင်းသော ခန္ဓာကိုယ်က အခြား ကျားသစ်များနှင့် အမှန်တကယ်ပင် ကွဲပြားခြားနားနေ၏။

မြို့ပေါ်မှ ပြန်လာသော ကျားသစ် ဟူသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ရွှီယန်က အဝေးမှနေ၍ ဤမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်၏။

"ရှောင်ဟွာ က တော်တော်လေး တက်ကြွတာပဲ... ဒါဆို ကောင်းတယ်"

"သတ္တိကြောင်တဲ့ ကြောင်ထီးတွေလိုများ ကြောင်မကို မြင်တာနဲ့ မြေကြီးပေါ် ဝပ်ပြီး မလှုပ်ရဲ မရှားရဲ ဖြစ်နေမလားလို့ စိတ်ပူနေတာ"

ယခုအချိန်တွင် ရှောင်ဟွာက ကျားသစ်နက် အနားသို့ ကပ်သွားပြီး ကျားသစ်နက်၏ အနံ့ကို နှာခေါင်းဖြင့် ဖွဖွလေး နမ်းရှူနေသည်။ ၎င်းက...

'မမလေး... မင်း ကိုယ်သင်းနံ့လေးက အရမ်း မွှေးတာပဲ'

ဟု ပြောနေသယောင်ပင်။

ကျားသစ် နှစ်ကောင်စလုံးက မျိုးပွားရာသီသို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ဤသို့ အနီးကပ် ထိတွေ့လိုက်သည်နှင့် ဟော်မုန်း အငွေ့အသက်များက ချက်ချင်းပင် လွှမ်းမိုးသွားတော့၏။

ကျားသစ်နက်က ရှောင်ဟွာ၏ အပြုအမူကြောင့် အနည်းငယ် ရှက်သွေးဖြာသွားပြီး ရင်ခုန်သံများပင် အနည်းငယ် မြန်ဆန်လာခဲ့သည်။ ၎င်းကလည်း သတ္တိမွေးကာ ရှောင်ဟွာ၏ အနံ့ကို လှမ်း၍ နမ်းရှူကြည့်လိုက်၏။

ကျားသစ် နှစ်ကောင်က အချင်းချင်း နီးကပ်သွားကြပြီး လည်ပင်းချင်း ပွတ်သီးပွတ်သပ် လုပ်နေကြတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်၏ မျက်လုံးများတွင် အံ့ဩဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

"ရှောင်ဟွာ က ဒီလောက်တောင် စွမ်းတာလား... အပိုင်ကိုင်နိုင်သွားပြီပေါ့"

"ဒီကောင်လေးက ဒီလို အကွက်တွေတောင် ရနေပြီလား"

"ငါကတော့ အလကားနေရင်း စိတ်ပူနေခဲ့တာပဲ"

ရွှီယန်က ဤမျှ ချောမွေ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ မူလက ရှောင်ဟွာ သေချာ မလုပ်နိုင်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤကောင်လေးက ကျားသစ်နက်ကို မြင်သည်နှင့် တိုက်ရိုက် သွားပြီး အနံ့ခံလိမ့်မည်ဟု မည်သူ သိမည်နည်း။

ကျားသစ် နှစ်ကောင်က အချင်းချင်း နားလည်မှု ယူကာ သံယောဇဉ် ဖွဲ့နေကြသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့က တဖြည်းဖြည်း ရင်းနှီးလာကြတော့၏။

"ဒီကျားသစ်နက် ကို အရင်တစ်ခေါက် မြင်ကတည်းက ရှောင်ဟွာ နဲ့ အသက်အရွယ် သိပ်မကွာဘူး ဆိုတာကို ကျွန်တော် ရိပ်မိတယ်"

"သူလည်း အရွယ်ရောက်ခါစပဲ ရှိသေးတယ်... ပြီးတော့ ကျားသစ်မလေး တစ်ကောင်လေ"

"အဲဒီအချိန်ကတည်းက သူတို့ နှစ်ကောင်ကို မိတ်ဆက်ပေးချင်နေခဲ့တာ"

ရွှီယန်က အားလုံးကို ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ အားလုံး ရယ်မောလိုက်ကြတော့၏။

[လောင်ရွှီ ရဲ့ လယ်ယာခြံဝင်းက တကယ် မိုက်တာပဲ... စားစရာ သောက်စရာ အပြည့်အစုံ ပေးတဲ့အပြင် မိန်းမပါ ရှာပေးသေးတယ်]

[လယ်ယာခြံဝင်းမှာ လူလိုသေးလား... ငါ့ကိုလည်း မိန်းမ တစ်ယောက်လောက် ရှာပေးရင် ရပါပြီ]

[ငါကတော့ နှစ်ယောက် လိုချင်တယ်]

[ဟားဟားဟား... ကျားသစ် နှစ်ကောင်လုံး အရမ်း ချစ်စရာ ကောင်းတာပဲ]

[မင်းကတော့ တကယ် လုပ်နိုင်လွန်းတယ်ကွာ... အကြံဉာဏ်တွေကလည်း ပေါက်ကွဲနေတာပဲ]

အင်တာနက်သုံးစွဲသူများက ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။ တောနက်ကြီးထဲတွင် ဖြစ်ပျက်နေသော ဤမြင်ကွင်းလေးက အလွန် လှပလွန်းလှပေသည်။

"ဒီကျားသစ်နက် ကို လူးန လို့ နာမည်ပေးလိုက်မယ်... လူးန ဆိုတဲ့ နာမည်က သူနဲ့ အရမ်း လိုက်ဖက်တယ်လို့ ထင်တယ်"

ထိုအချိန်မှာပင် ရွှီယန်က ထပ်ပြောလိုက်တော့၏။

All Chapters