အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း (၂၁၄) ရတနာရှာဖွေရေး တာဝန်ကနေ တွေ့ရှိခဲ့တဲ့ မမျှော်လင့်ထားတဲ့ နေရာလေးနဲ့ မျှော်လင့်စောင့်စားရတဲ့ ဆုလာဘ်
ကျားသစ်နှစ်ကောင်၏ သံယောဇဉ်က မျက်စိရှေ့တွင်ပင် တစ်ဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။
နောက်ဆက်တွဲ ဘယ်လိုစီစဉ်ရမလဲဆိုသည်က အနည်းငယ် ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့၏။
ရွှီယန်က ရှောင်ဟွာ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ လွှတ်ထားပေးရန် ဆုံးဖြတ်လိုက်သည်။
လယ်ယာခြံဝင်းကို ပြန်လာချင်လျှင်လည်း ပြန်လာနိုင်ပြီး ဤဘက်မှာပဲ နေချင်သည်ဆိုလျှင်လည်း ရွှီယန်က အချိန်ရတိုင်း အစာလာပို့ပေးမည် ဖြစ်သည်။
ဤကောင်လေးက တစ်ကောင်တည်း သီးသန့် မရှင်သန်ဖူးသေးသဖြင့် တောရိုင်းထဲတွင် အဆင်ပြေပြေ နေနိုင်ပါ့မလား ဆိုသည်က မသေချာလှပေ။
အကောင်းဆုံးကတော့ ကျားသစ်နက် လူးနားကို တောင်နောက်ဘက်တွင် သွားနေခိုင်းလိုက်လျှင် ပြဿနာအားလုံး ပြေလည်သွားမည် ဖြစ်သည်။
ရှောင်ဟွာနှင့် လူးနားတို့ အတူတကွ ဆော့ကစားနေကြသည်။
သူတို့က အခုမှ စတင်ထိတွေ့ရသည့် အဆင့်မှာသာ ရှိသေးပြီး တစ်ဖက်လူ၏ အငွေ့အသက်ကို ဖြည်းဖြည်းချင်း အသားကျအောင် ကြိုးစားနေကြဆဲ ဖြစ်၏။
အခြားအရာများ မပြောလျှင်တောင်မှ ရှောင်ဟွာက အဖော်လုပ်ပြီး ဆော့ကစားပေးသည့် နေရာတွင်တော့ အတော်လေး ပါရမီပါသည်ဟု ဆိုရမည်။
ကောင်လေးနှစ်ကောင်က မြက်ခင်းပြင်ပေါ်တွင် အတူတကွ ခုန်ပေါက်ပြေးလွှားနေကြသည်။
ထိုစဉ် ရှောင်ဟွာက ရွှီယန်ကို သတိရသွားပြီး ရွှီယန်ရှိနေသည့်ဘက်သို့ လှမ်းကြည့်လာသည်။
၎င်းက ရွှီယန်၏ အနားသို့ ခြေလှမ်းအနည်းငယ် ပြေးလာသေးပြီး ယခုမှ သိကျွမ်းထားသည့် သူငယ်ချင်းအသစ်ကို မိတ်ဆက်ပေးချင်နေသည့် ပုံစံမျိုးပင်။
တစ်ချိန်တည်းမှာပင် လူးနားကလည်း ရွှီယန်ကို မြင်သွားခဲ့သည်။
၎င်းက ချက်ချင်း သတိထားမိသွားကာ ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်မည့် ဟန်ပန်ကို ချက်ချင်း ပြင်လိုက်တော့၏။
ရွှီယန်က လူးနားကို လက်လှမ်းပြလိုက်သည်။
"နောက်တစ်ခါ ပြန်တွေ့ကြပြန်ပြီနော်... မကြောက်ပါနဲ့... ငါက ဘာအန္တရာယ်မှ မပေးပါဘူး"
ပတ်ဝန်းကျင်၏ လေထုက ချက်ချင်းကို တင်းမာသွားခဲ့သည်။
ရွှီယန်က ရယ်မောလိုက်၏။
"ရှောင်ဟွာ... မင်း သူနဲ့ သွားဆော့လိုက်ဦး... မွန်းလွဲပိုင်းကျမှ ငါတို့ ပြန်ကြတာပေါ့... ငါ့ဘာသာ လမ်းသွားလျှောက်လိုက်ဦးမယ်"
ရှောင်ဟွာက ရွှီယန်နှင့် အတူနေလာသည်မှာ ကြာပြီဖြစ်ရာ ရွှီယန် ပြောသည့် စကားများကို ကောင်းကောင်း နားလည်နေပြီ ဖြစ်သည်။
ထို့ကြောင့် ၎င်းက လူးနားရှိရာဘက်သို့ ပျော်ရွှင်စွာ ပြေးသွားတော့၏။
ကျားသစ်နှစ်ကောင် အတူတူရှိနေသည့် မြင်ကွင်းက တကယ့်ကို မျက်စိပသာဒ ဖြစ်စရာ ကောင်းလှသည်။
မည်သူကပဲ မြင်မြင် ခဏတာမျှ ရပ်ပြီး ငေးကြည့်သွားမိမည်မှာ သေချာလှပေသည်။
လိုက်ဖ်ထဲတွင်လည်း လူကြည့်များနေပြီး အင်တာနက်သုံးစွဲသူများက ကျားသစ်လေးများကို အချိန်နည်းနည်း ပိုပေးပြီး လိုက်ဖ်လွှင့်ပေးရန် တောင်းဆိုနေကြသည်။
"ဒီလိုလုပ်ကြတာပေါ့... နောက်လာမယ့် သုံးနာရီအတွင်းမှာ ရှောင်ဟွာနဲ့ လူးနားတို့ကို လိုက်ဖ်ရဲ့ အဓိက ဇာတ်လိုက်အဖြစ် ထားပေးလိုက်မယ်... ဒရုန်းကိုလည်း ကျားသစ်နောက်ကို အလိုအလျောက် လိုက်တဲ့စနစ် ဖွင့်ပေးထားလိုက်မယ်... ဒါဆိုရင် သူတို့ ဘယ်ရောက်နေလဲဆိုတာကိုလည်း ငါ သိနိုင်တာပေါ့"
ရွှီယန်က ဘေးမှနေ၍ ပြောလိုက်သည်။
ရှောင်ဟွာနှင့် လူးနားတို့က ယှဉ်တွဲလျက် လမ်းလျှောက်သွားကြသည်။ သူတို့က အတူတူ အပြင်ဘက်ကို ထွက်ပြီး ဆော့ကစားရန် သွားကြခြင်း ဖြစ်၏။
ဒရုန်းကလည်း ကျားသစ်လေးများ နောက်ကနေ လိုက်ပါသွားပြီး သူတို့၏ မြင်ကွင်းများကို ရိုက်ကူးပေးနေသည်။
ကျားသစ်နှစ်ကောင်၏ ပြေးသည့်အရှိန်က သိပ်မမြန်သဖြင့် အလွယ်တကူပင် နောက်ကနေ လိုက်ပါသွားနိုင်ခဲ့သည်။
ရွှီယန်က သူတို့ ဝေးကွာသွားသည်ကို လှမ်းကြည့်နေလိုက်သည်။
ဤကောင်လေး နှစ်ကောင် အတူတူရှိနေသည်ကို ကြည့်ရသည်မှာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။ အလွန်လည်း ချစ်စရာကောင်းကြပေသည်။
"ဒီနေ့တော့ သူတို့နှစ်ကောင်ကို ဆော့ချင်ရာ ဆော့ပါစေတော့... ငါ့ဘာသာပဲ လမ်းသွားလျှောက်လိုက်တော့မယ်"
ရွှီယန်က တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။
ကျားသစ်နှစ်ကောင်က အတူတကွ လမ်းလျှောက်နေကြပြီး တစ်ခါတစ်ရံ တောအုပ်ထဲတွင် ပြေးလွှားလိုက် မြက်ခင်းပြင်ပေါ်တွင် လူးလှိမ့်လိုက် လုပ်နေကြသည်။
ဆော့ကစား၍ အနည်းငယ် ပင်ပန်းသွားသည့်အခါ မြေကြီးပေါ်တွင် မှောက်ကာ အနားယူကြ၏။
မြင်ကွင်းက ကြည့်ရသည်မှာ အလွန် ပေါ့ပါးလွတ်လပ်နေသည်။
သာမန် အင်တာနက်သုံးစွဲသူများကို မဆိုထားနှင့်။ ဤအချိန်တွင် ကျားနှင့်ကျားသစ် စောင့်ကြည့်လေ့လာရေး စခန်းဘက်မှ ဝန်ထမ်းအချို့ပင် လိုက်ဖ်ကို ကြည့်ရှုနေကြခြင်း ဖြစ်သည်။
ကျားသစ်နှစ်ကောင် အတူတကွ လှုပ်ရှားသွားလာနေသည့် မြင်ကွင်းမျိုးက အလွန် ရှားပါးလှပေသည်။
လိုက်ဖ်ထဲက ကွန်မန့်များမှာလည်း အတော်လေး ပွက်လောရိုက်နေသည်။
[အခုမှ ရောက်လာတာ... လောင်ရွှီရော ဘယ်ရောက်သွားပြီလဲ... ဟိုကျားသစ်နက်က လောင်ရွှီ ပြောင်းလဲသွားတာလား]
[ကျားသစ်လေးတွေရဲ့ လိုက်ဖ်ကနေ ကြိုဆိုပါတယ်ဗျာ]
[ဟုတ်တယ်... လိုက်ဖ်လွှင့်သူက ကျားသစ်တစ်ကောင်အဖြစ် ကိုယ်ယောင်ဖျောက်သွားပြီပေါ့]
[လောင်ရွှီက သူ့ဘာသာ တောင်ထဲ လမ်းလျှောက်ထွက်သွားပြီ... ဟိုကျားသစ်နက်က ရှောင်ဟွာရဲ့ ကောင်မလေးလေ]
[ဟားဟားဟား... လိုက်ဖ်ထဲက လူခြောက်သောင်းလောက်က တောရိုင်း အရှေ့မြောက်ကျားသစ်လေးတွေ ဒိတ်လုပ်နေတာကို ထိုင်ကြည့်နေကြတာလား... တကယ်ကို စည်ကားနေတာပဲကွာ]
ကျားသစ်နှစ်ကောင်က တော်တော်လေး လူကြိုက်များနေသည်။
တစ်ချိန်တည်းမှာပင် ရွှီယန်ကလည်း တစ်ယောက်တည်း တောင်ပေါ်ကင်းလှည့်သည့် ခရီးစဉ်ကို စတင်လိုက်၏။
သီးသန့်ကြည့်စရာရယ်လို့တော့ မရှိဘဲ ဒီအတိုင်း လမ်းလျှောက်ထွက်လာရုံ သက်သက်သာ ဖြစ်သည်။
အထဲကို နည်းနည်း ထပ်ဝင်သွားပါက အရှေ့မြောက်ကျား ဖြစ်သည့် တောင်စောင့်နတ်လေး၏ နယ်မြေကို ရောက်ရှိမည် ဖြစ်သည်။
ဆောင်းတွင်းတုန်းက ရွှီယန် တစ်ခေါက် သွားကြည့်ဖူးသေးပြီး အဲဒီကောင်လေးလည်း အရင်အတိုင်း လွတ်လွတ်လပ်လပ် ဖြတ်သန်းနေသည်ကို တွေ့ခဲ့ရသည်။
ယခုအခါ ဂေဟစနစ်က ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ကျားများအနေဖြင့် အမဲလိုက်တတ်ရန်သာ လိုအပ်ပြီး အဆင်ပြေပြေ ရှင်သန်နေထိုင်နိုင်ပြီ ဖြစ်၏။
ဤသို့ တစ်ယောက်တည်း တောင်ထဲ လမ်းလျှောက်ရသည်မှာ လိုက်ဖ်မလွှင့်ရသဖြင့် ပိုပြီးတော့တောင် အေးအေးဆေးဆေး ရှိလှသည်။
အခြားလူများ သဘာဝဥယျာဉ်များကို အလည်အပတ် သွားသကဲ့သို့ပင် ရှုခင်းများကို ငေးကြည့်ပြီး လတ်ဆတ်သော လေကို ရှူရှိုက်နေရသလိုမျိုး ဖြစ်သည်။
တောင်ထဲရှိ ပတ်ဝန်းကျင်က သူ့ကို စိတ်အေးချမ်းသာ ရှိစေသည်။
ရှောင်ဟွာ အနားမှာ မရှိတော့သဖြင့် အချို့ တိရစ္ဆာန်လေးများလည်း သတ္တိ ပိုကောင်းလာကြသည်။
ရွှီယန်က သစ်ပင်ပေါ်ရှိ ရှဉ့်နှစ်ကောင်ကို မြင်သောအခါ သစ်ပင်အောက်တွင် ရပ်ပြီး ခဏတာမျှ မော့ကြည့်နေလိုက်၏။
ရှဉ့်နှစ်ကောင်ကလည်း သစ်ပင်ပေါ်မှနေ၍ သူ့ကို ပြန်ကြည့်နေကြသည်။
သူတို့နှစ်ဖက်၏ အကြည့်များက အချင်းချင်း စကားပြောနေသလိုမျိုးပင်။
'မင်း ဘာကြည့်နေတာလဲ...'
'မင်းတို့ ချစ်စရာလေးတွေမို့ ကြည့်နေတာလေ...'
'စကားပြောတတ်သားပဲ...'
ဤကောင်လေးများက အလွန် ချစ်စရာကောင်းပြီး ကြည့်ရသည်မှာ တော်တော်လေး မျက်စိပသာဒ ဖြစ်လှပေသည်။
ရွှီယန်က တောနက်ထဲသို့ တောက်လျှောက် ဝင်လာခဲ့သည်။ သူက အရှေ့မြောက်ကျားကြီးကို သွားရှာချင်နေသေးခြင်း ဖြစ်၏။
နှမြောစရာကောင်းသည်က ဒရုန်းက ကျားသစ်လေးများကို ရိုက်ကူးနေရခြင်းပင်။ မဟုတ်လျှင် အရှေ့မြောက်ကျားကြီးကို ရိုက်ကူးပြပါကလည်း လူကြိုက်များမှုက ကျဆင်းသွားမည် မဟုတ်ချေ။
ဤမျှ ကျယ်ဝန်းသော တောင်ကြီးထဲတွင် ကျားတစ်ကောင်ကို ရှာတွေ့ရန် ဆိုသည်မှာ ထိုမျှလောက် မလွယ်ကူလှပေ။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး ရတနာရှာဖွေရေး တာဝန်တစ်ခုကို လဲလှယ်ယူလိုက်သည်။
စိတ်ထဲတွင်တော့ အရှေ့မြောက်ကျားကြီးနှင့် ပတ်သက်သည့် တာဝန်တစ်ခု ကျလာမည်လား ဆိုပြီး မျှော်လင့်နေမိ၏။
[ရတနာရှာဖွေရေး တာဝန်ကို စတင်လိုက်ပါပြီ... ပွင့်လန်းနေသော ဟောသွန်းဘီဂိုးနီးယား ပန်း]
[တာဝန် ဖော်ပြချက်... ချောက်ကမ်းပါးပေါ်ရှိ ဟောသွန်းဘီဂိုးနီးယား ပန်းများနှင့်အတူ ဓာတ်ပုံရိုက်ကူးပါ... ဟောသွန်းဘီဂိုးနီးယား ပန်းများကို ထိတွေ့ရန် လိုအပ်ပါသည်]
[တာဝန် ဆုလာဘ်... ကြီးထွားဖွံ့ဖြိုးပြီးသော ဟောသွန်းဘီဂိုးနီးယား ပန်းမျိုးစေ့ အစေ့ ၁၀၀]
တာဝန်ပြဘုတ်အဖွဲ့က ပေါ်ထွက်လာခဲ့သည်။
'ဟောသွန်းဘီဂိုးနီးယား ပန်း ဟုတ်လား...'
ရွှီယန် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
ဤအပင်ကို သူ သိထားသည်။ နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမည့် အပင်ဖြစ်ပြီး အရေအတွက်ကလည်း အလွန် ရှားပါးလွန်းလှပေသည်။
မူရင်းပေါက်ရောက်ရာ ဒေသမှာ ကျီလင်ပြည်နယ် ချန်ပိုင်တောင်တန်း ဒေသတွင် ဖြစ်ပြီး ကျီလင်ပြည်နယ်၌သာ သီးသန့် ပေါက်ရောက်ခြင်း ဖြစ်သည်။
ဤအပင်က ဧပြီလလောက်တွင် အဖူးလေးများ ထွက်လာတတ်ပြီး မေလနှင့် ဇွန်လလောက်တွင် ပန်းရောင် ပန်းပွင့်လေးများ ပွင့်လာတတ်သည်။
ဩဂုတ်လ ကုန်ပိုင်းလောက်တွင် အသီးများ မှည့်လာပြီး စက်တင်ဘာလလောက်ဆိုလျှင်တော့ စတင် ညှိုးနွမ်းသွားတော့၏။
ယခုဆိုလျှင် အချို့လူများက ဟောသွန်းဘီဂိုးနီးယား ပန်းများကို အထူးတလည် စိုက်ပျိုးပြုစုလာကြပြီ ဖြစ်သည်။
၎င်း၏ တန်ဖိုးက အပိုင်းနှစ်ပိုင်း ရှိသည်။ ပထမတစ်ပိုင်းမှာ ဟောသွန်းဘီဂိုးနီးယား ပန်းများက လတ်ဆတ်သပ်ရပ်ပြီး အနံ့ကလည်း သင်းပျံ့သည့်အပြင် အသီးများကလည်း လှပသဖြင့် ခြံဝင်းအလှဆင် အပင်အဖြစ် စိုက်ပျိုးနိုင်ခြင်းပင်။
ဒုတိယတစ်ပိုင်းကတော့ အသီးများတွင် ဗီတာမင်စီ ပါဝင်ပြီး အရသာကလည်း ချိုချဉ်ချဉ်လေးမို့ အစိမ်းစား၍ ရသလို သစ်သီးဖျော်ရည် သို့မဟုတ် ယိုအဖြစ်လည်း ပြုလုပ်နိုင်ကာ ဝိုင်ချက်၍တောင် ရသေးသည်။
ဤသည်က တကယ့်ကို ပစ္စည်းကောင်း တစ်ခုပင် ဖြစ်၏။
"လခွမ်း... ဟောသွန်းဘီဂိုးနီးယား ပန်း ဟုတ်လား... အရင်က တွေ့ဖူးတယ်... ဒါပေမယ့် အဆင့်နှစ် ကာကွယ်စောင့်ရှောက်ရမယ့် အပင် ဖြစ်နေသလို တောရိုင်းထဲမှာလည်း အပင်နည်းနည်းလေးပဲ ရှိတာဆိုတော့ ရောင်းလို့လည်း မရလို့ မခူးခဲ့တာလေ... တကယ်လို့ ကိုယ်တိုင် စိုက်ပျိုးခွင့်ရမယ်ဆိုရင်တော့ တော်တော်လေး ကောင်းတာပေါ့"
ရွှီယန်က ယခုအခါ လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် ဖြစ်နေပြီမို့ သေချာပေါက် တစ်ခုခုတော့ စိုက်ပျိုးချင်နေမည်မှာ သေချာသည်။
အပင်များနှင့် သီးနှံ အမျိုးအစားများက အများအပြား ရှိနေသော်လည်း သူက နည်းနည်းလေးသာ စိုက်ပျိုးရသေး၏။
ယခုဆိုလျှင် လူလုပ် စိုက်ပျိုးထားသော ဟောသွန်းဘီဂိုးနီးယား ပန်းများ ရှိနေသော်လည်း ပြုစုပျိုးထောင်ရန်ကတော့ တော်တော်လေး ခက်ခဲလှပေသည်။
အလွယ်ကူဆုံးကတော့ မျိုးစေ့မှတစ်ဆင့် မျိုးပွားခြင်း ဖြစ်သော်လည်း အသက်ရှင်နိုင်စွမ်းက နည်းပါးလှသည်။
ထို့အပြင် ကိုင်းကူးကိုင်းဆက် နည်းလမ်းများကိုပါ အသုံးပြုရမည်ဖြစ်ရာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကလည်း တော်တော်လေး မြင့်မားသည်။
ရွှီယန် ရွေးချယ်မည်ကတော့ သေချာပေါက် မျိုးစေ့မှ မျိုးပွားသည့် နည်းလမ်းပင် ဖြစ်သည်။
သူ့ထံတွင် စနစ်မှ ချီးမြှင့်မည့် မျိုးစေ့များ ရှိနေသဖြင့် ပြုစုပျိုးထောင်ရသည်မှာ အခက်အခဲ သိပ်ရှိမည် မဟုတ်ချေ။ မှန်လုံအိမ် တစ်ခုတော့ လိုအပ်မည် ဖြစ်၏။
"မဆိုးဘူး... တာဝန်ကောင်း တစ်ခုပဲ... တောင်စောင့်နတ်လေးကိုတော့ နောက်မှပဲ လာရှာတော့မယ်... ဒီတစ်ခါတော့ ဟောသွန်းဘီဂိုးနီးယား ပန်းတွေကို အရင် သွားရှာလိုက်ဦးမယ်"
ရွှီယန် ဆုံးဖြတ်ချက် ချလိုက်သည်။
သူက ပစ်မှတ်ထားရာ နေရာဆီသို့ လျှောက်သွားလိုက်၏။ ဟောသွန်းဘီဂိုးနီးယား ပန်းများက အမြင့်ပိုင်း ဒေသတစ်ခုတွင် ပေါက်ရောက်နေခြင်း ဖြစ်သည်။
ထိုအပေါ်ပိုင်းကလည်း တော်တော်လေး မြေဆီဩဇာ ထက်သန်သည့် နေရာတစ်ခု ဖြစ်ပြီး နေရောင်ကွယ်ကာ အေးစိမ့်စိမ့် ဖြစ်နေသလို မြေသားကလည်း ကောင်းမွန်သည်။
ထို့အပြင် အပေါ်ဘက်တွင် သစ်တောအုပ် တစ်ခု ရှိနေသဖြင့် သစ်ရွက်ကြွေများက ဤနေရာတွင် အများအပြား ဖုံးလွှမ်းနေ၏။
ဆွေးမြည့်နေသော သစ်ရွက်များမှ ရရှိသည့် အာဟာရဓာတ်များက အလွန်ကို ပြည့်ဝနေသည်။
ရွှီယန်က ကျောပိုးအိတ်ကို မြေကြီးပေါ် ချထားခဲ့ပြီး တောင်စောင်းအတိုင်း အပေါ်သို့ တွယ်တက်သွားလိုက်သည်။
သူ့ခန္ဓာကိုယ်က သွက်လက်ပေါ့ပါးနေပြီး တောင်တက်သည့် ကျွမ်းကျင်မှုနှင့် ဆုပ်ကိုင်နိုင်စွမ်းတို့ကလည်း အားဖြည့်ထားပြီးသား ဖြစ်သဖြင့် တွယ်တက်ရသည်မှာ အလွန် ချောမွေ့နေတော့၏။
အပေါ်သို့ ရောက်သည်နှင့် နွားအသည်းမှို အတော်များများကို သူ တွေ့လိုက်ရသည်။
"မမျှော်လင့်ဘဲ ထပ်ရလိုက်ပြန်ပြီ... ညကျရင် ကြက်သား မှိုစွပ်ပြုတ် စားလို့ ရပြီပေါ့"
ရွှီယန်က အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်၏။
လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် အနေဖြင့် တစ်ခါတစ်ရံ မီးဖိုချောင်တွင် မစားဘဲ ကိုယ့်ဘာသာကိုယ် ဟင်းကောင်းလေးများ ချက်စားလေ့ ရှိသည်။
ဘာပဲဖြစ်ဖြစ် ကိုယ့်ပိုက်ဆံနှင့်ကိုယ် သုံးနေရခြင်းပင် မဟုတ်ပါလား။
ဤမျှ ကောင်းမွန်သော နွားအသည်းမှို များဖြင့် စွပ်ပြုတ် တစ်အိုးလောက် ချက်လိုက်လျှင် သေချာပေါက် အရသာ ရှိလှမည် ဖြစ်သည်။
သူက အဖူးလေးများ ထွက်ကာစ ဟောသွန်းဘီဂိုးနီးယား ပန်းပင်လေးများကိုလည်း ရှာတွေ့သွားခဲ့သည်။
ရွှီယန်က ဟောသွန်းဘီဂိုးနီးယား ပန်းပင်များကို ပွတ်သပ်လိုက်ပြီး ဓာတ်ပုံ အချို့ ရိုက်ကူးလိုက်၏။
တာဝန်က အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်ကို ကြည့်ရသည်မှာ သူ ပြန်ရောက်လျှင် မှန်လုံအိမ် အသေးစားလေး တစ်ခု ဆောက်လုပ်ပြီး ပန်းမန် အလှစိုက်ပျိုးရေးလေး နည်းနည်းပါးပါး လုပ်ရတော့မည် ဖြစ်၏။
'မဆိုးဘူး... တကယ်လို့ အသီးတွေသာ သီးလာရင် ယိုထိုးတာ ဖြစ်ဖြစ် ဝိုင်ချက်တာ ဖြစ်ဖြစ် လုပ်လို့ ရပြီ... ဟောသွန်းဘီဂိုးနီးယား ပန်းကနေ ချက်တဲ့ ဝိုင်ဆိုတာ ပုံမှန်အားဖြင့် တကယ် သောက်ဖို့ မလွယ်ဘူးလေ... အဆင့်မြင့် လမ်းကြောင်းကနေ သွားလို့ ရသေးတာပဲ...'
ရွှီယန်က စိတ်ထဲမှနေ၍ တွေးနေလိုက်သည်။ ဤတစ်ခေါက် အပြင်ထွက်လာခြင်းက တကယ်ကို ရလဒ်ကောင်းများ အများအပြား ရလိုက်ခြင်းပင်။
ရွှီယန်က ဖုန်းကို ထုတ်ယူပြီး လိုက်ဖ်၏ အခြေအနေကို တစ်ချက် ကြည့်လိုက်၏။
ဖုန်းက စနစ်မှ ဆုချထားခြင်း ဖြစ်သဖြင့် ဒရုန်းနှင့် ဝေးနေလျှင်တောင် ဖုန်းတွင် လိုင်းမိနေဆဲပင် ဖြစ်သည်။
လိုက်ဖ် မြင်ကွင်းက အလွန် သာယာလှပနေသည်။
ကျားသစ်နှစ်ကောင်က ဆော့ကစား၍ ပင်ပန်းသွားသဖြင့် အတူတကွ ဝပ်ကာ အနားယူနေကြ၏။
သူတို့က လောလောဆယ် ရှက်စရာကောင်းသည့် ကိစ္စများကိုတော့ မလုပ်ကြသေးချေ။
ကြည့်ရသည်မှာ အချိန်တစ်ခုတော့ ယူရဦးမည့် ပုံပေါ်သည်။
သို့သော် သူတို့နှစ်ကောင် သင့်သင့်မြတ်မြတ် နေနိုင်သည်ကိုပင် ရွှီယန်က ပျော်ရွှင်နေမိသည်။
ဘာပဲဖြစ်ဖြစ် ရှောင်ဟွာက သူ၏ သားကြီးလို ဖြစ်နေပြီ ဖြစ်ရာ ဤမျှ အချိန်အကြာကြီး မွေးလာခဲ့ခြင်းဖြစ်သဖြင့် သူ့ကို အမြဲတမ်း ပျော်ရွှင်စေချင်သည် မဟုတ်ပါလား။
ရွှီယန်က မှိုများကို ခူးယူပြီး ထည့်သိမ်းလိုက်ကာ အမြင့်ပေါ်မှနေ၍ အောက်သို့ ပြန်ဆင်းလာခဲ့၏။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်သာ မရှိပါက သူလည်း ဤကဲ့သို့သော နေရာမျိုးကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
'ဒီနေရာကို မှတ်သားထားမှ ရမယ်... အခုက နွေဦးပေါက်ခါစပဲ ရှိသေးတော့ ရာသီဥတု သိပ်မကောင်းသေးလို့ မှိုအရေအတွက် နည်းနေသေးတာ... ရာသီဥတု ကောင်းလာတာနဲ့အမျှ ဒီနေရာမှာ မှိုတွေ သေချာပေါက် ပိုများလာမှာပဲ... မှိုတွေ ပေါက်ဖို့ အရမ်း သင့်တော်တဲ့ နေရာပဲ... နောက်ပိုင်း နွားအသည်းမှို စားချင်ရင် ဒီကို လာရမယ်...'
ရွှီယန်က စိတ်ထဲတွင် ပျော်ရွှင်စွာဖြင့် တွေးနေလိုက်သည်။
ထို့နောက် သူက ကျောပိုးအိတ်ကို လွယ်ပြီး ရှောင်ဟွာ ရှိရာဘက်သို့ လျှောက်သွားလိုက်၏။
လိုက်ဖ်ထဲတွင် လူအရေအတွက်က များနေဆဲပင် ဖြစ်သည်။
ရှောင်ဟွာက ယခုဆိုလျှင် တော်တော်လေး နာမည်ကြီးနေပြီး သူ့ကို သဘောကျသူများ အများအပြား ရှိနေသည်။
လူသားများနှင့် အတူတကွ တောင်ထဲ ဝင်နိုင်သည့် ကျားသစ်တစ်ကောင် အနေဖြင့်ဆိုလျှင် နိုင်ငံတွင်းတွင် တစ်ကောင်တည်းသော ကျားသစ်ဟုတောင် ခေါ်ဆို၍ ရသဖြင့် အားလုံးက သဘာဝကျကျ သဘောကျနေကြခြင်း ဖြစ်၏။
ပရိသတ်များက ရှောင်ဟွာ၏ အခြေအနေကို အပူတပြင်း ဆွေးနွေးနေကြသည်။
[ရှောင်ဟွာက အရမ်း ချစ်စရာကောင်းတာပဲ... ငါလည်း ကျားသစ် မွေးချင်လိုက်တာကွာ]
[နှစ်ကောင်တောင် ရှိနေတာပဲ]
[ရှောင်ဟွာရဲ့ ပျော်ရွှင်စရာ ဘဝလေးပေါ့]
[သူတို့ အမြဲတမ်း အတူတူ နေသွားနိုင်ပါ့မလား]
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
ညနေ သုံးနာရီခွဲခန့်တွင် ရွှီယန်က အဆိုပါနေရာသို့ ရောက်လာပြီး ရှောင်ဟွာကို လှမ်းခေါ်လိုက်၏။
"ရှောင်ဟွာ... ပြန်ရအောင်..."
ရွှီယန်၏ ခေါ်သံကို ကြားသောအခါ ရှောင်ဟွာက ချက်ချင်းပင် ရွှီယန် ရှိရာဘက်သို့ ပြေးလာခဲ့သည်။
ကျားသစ်နက် လူးနား ကတော့ ဤဘက်ကို ကြောင်အမ်းအမ်းဖြင့် လှမ်းကြည့်နေ၏။
ရှောင်ဟွာ ဘာကြောင့် ထွက်သွားရသလဲ ဆိုသည်ကို ၎င်း နားမလည်နိုင် ဖြစ်နေသည်။
မတတ်နိုင်ပေ။ ရှောင်ဟွာက လောလောဆယ် အမဲမလိုက်တတ်သေးသဖြင့် ရွှီယန် နောက်သို့ လိုက်ပြီး အချောင် စားသောက်နေရတုန်းပင် မဟုတ်ပါလား။
ရွှီယန်လည်း ဤမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် နှမြောတသ ဖြစ်သွားမိသည်။
နောက်ပိုင်း ထပ်လာလျှင် ရှောင်ဟွာ တစ်ယောက် လူးနား နှင့် ပြန်မဆုံနိုင်တော့မည်ကို သူ စိုးရိမ်နေမိ၏။
ထိုသို့ဆိုလျှင်တော့ ပြဿနာပင်။
ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး တာဝန်မှတစ်ဆင့် တိရစ္ဆာန်များ၏ တည်နေရာကို သတ်မှတ် ရှာဖွေ၍ ရနိုင်မလား ဆိုပြီး စနစ်ကို မေးမြန်းလိုက်သည်။
စနစ်၏ အဖြေကတော့ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ပြီးပါက ယခင်က တွေ့ဖူးထားသော တိရစ္ဆာန်များ၏ တည်နေရာကို ရှာဖွေနိုင်သည့် စွမ်းဆောင်ရည်ကို ဖွင့်၍ ရနိုင်ကြောင်း၊ သို့သော် ရတနာရှာဖွေရေး တာဝန်များကို စတင်ခြင်းအားဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြန်လည် ဖြေကြားလာခဲ့၏။
သတိပေးချက်ကို မြင်သောအခါ ရွှီယန်က နောက်တစ်ကြိမ်တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ရှောင်ဟွာ၏ ကိစ္စက ပိုပြီး အရေးကြီးသည် မဟုတ်ပါလား။
"နောက်တစ်ခါ ပြန်တွေ့ရမှာပါ... ကိစ္စမရှိပါဘူး... ငါ့ကို ယုံစမ်းပါ..."
ရွှီယန်က ရှောင်ဟွာကို နှစ်သိမ့်ရင်း ကတိပေးလိုက်၏။
ထို့နောက် သူက အပြင်ဘက်သို့ လျှောက်သွားရာ ရှောင်ဟွာ ကလည်း နောက်မှ လိုက်ပါလာခဲ့သည်။
ရှောင်ဟွာက ကျားသစ်နက် ကို နောက်လှည့်ပြီး တစ်ချက်တစ်ချက် လှမ်းကြည့်နေ၏။
ကျားသစ်နက် ကလည်း သူတို့နှင့် ဆယ်မီတာခန့် အကွာအဝေး မှနေ၍ ရှောင်ဟွာကို လှမ်းကြည့်နေဆဲပင် ဖြစ်သည်။
သူတို့ နှစ်ကောင်၏ သံယောဇဉ်က ယခုမှ စတင်ရုံသာ ရှိသေးသည်။
ရွှီယန်က ဤသံယောဇဉ်ကို ဆက်လက် ရှင်သန်ခွင့် ပေးသွားမည် ဖြစ်၏။
ထို့အပြင် ရွှီယန်က ဤသည်မှာ ရှောင်ဟွာ ကြီးပြင်း ရင့်ကျက်လာရန်အတွက် အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်သည်ဟုလည်း ယုံကြည်နေပေသည်။