← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅) တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညနက်ယံ... လယ်ယာခြံဝင်းကို ရောက်လာတဲ့ မမျှော်လင့်ထားတဲ့ ဧည့်သည်

ရွှီယန်နှင့် ရှောင်ဟွာတို့က တောင်ပေါ်မှ တောက်လျှောက် ဆင်းလာခဲ့ကြသည်။

ကျားသစ်နက်က သူတို့နောက်မှ အကွာအဝေး တစ်ခုအထိ လိုက်ပါလာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ရပ်တန့်သွားခဲ့၏။

ယနေ့ တွေ့ဆုံမှုလေးက အချိန်တိုတောင်းသော်လည်း အလွန် လှပလွန်းလှပေသည်။

"ကိစ္စမရှိပါဘူးကွာ... ပြန်တွေ့ရမှာပါ"

"ဒီလိုလုပ်... နောက်လေးရက်လောက်နေရင် ငါတို့ ထပ်လာကြမယ်လေ"

ရွှီယန်က ရှောင်ဟွာကို နှစ်သိမ့်လိုက်သည်။

ရှောင်ဟွာက အင်ခနဲ အသံပြုကာ ခေါင်းညိတ်ပြလိုက်၏။

လိုက်ဖ်လွှင့်ခြင်းကိုလည်း ပိတ်လိုက်ပြီ ဖြစ်ပြီး မာဝန်က ကားထဲတွင် သူတို့ကို စောင့်ဆိုင်းနေသည်။ သိပ်မကြာခင်မှာပင် လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့က ကားနောက်ခန်းသို့ တက်လိုက်ကြပြီး ကားက လယ်ယာခြံဝင်း ရှိရာဘက်သို့ တောက်လျှောက် မောင်းနှင်သွားတော့၏။

ကျားသစ်လေးက ရွှီယန်၏ ပေါင်ပေါ်တွင် ဝပ်နေပြီး အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေကာ လူးနားကို လွမ်းဆွတ်နေပုံရသည်။

ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

"မင်း အမဲလိုက်တတ်အောင် သင်ယူမှ ရမယ်ကွ... အမဲလိုက်တတ်ပြီ ဆိုရင်တော့ တောထဲမှာ နေလို့ရပြီပေါ့"

ရွှီယန်က ၎င်းကို ပြောလိုက်သည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်ပြီးနောက် ရွှီယန်က ထုံးစံအတိုင်း လယ်ယာခြံဝင်းကို တစ်ပတ်လှည့်လည် စစ်ဆေးကာ အခြား တိရစ္ဆာန်လေးများကို ကြည့်ရှုလိုက်၏။

ရှောင်ဟွာကတော့ ကိုယ့်အသိုက်ထဲသို့ အစောကြီး ပြန်ဝင်ကာ အိပ်စက်နေပြီ ဖြစ်သည်။ ကြည့်ရသည်မှာ တစ်နေကုန် ဆော့ကစားထားသဖြင့် အနည်းငယ် ပင်ပန်းသွားပုံရ၏။

ညဘက်သို့ ရောက်သောအခါ ရွှီယန်က နာမည်ကျော်ကြားမှု ရမှတ်များကို တွက်ချက်လိုက်ရာ ယနေ့ လိုက်ဖ်လွှင့်မှုမှ ရမှတ် တစ်သိန်း ရှစ်သောင်းခန့် ရရှိခဲ့ပြီး ယခင်က လိုက်ဖ်လွှင့်မှုမှ ရရှိခဲ့သော ရမှတ်များနှင့်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း ရမှတ်က တစ်သန်း ပြည့်သွားခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်၏။

[ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်နေပါသည်]

[အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ]

[ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ သိုလှောင်နိုင်စွမ်းကို အကြိမ် ၁၀ ကြိမ်အထိ တိုးမြှင့်လိုက်ပါသည်... ရတနာရှာဖွေရေး တာဝန်များ ထွက်ပေါ်လာနိုင်ခြေ ပိုများလာပါမည်]

[ရတနာရှာဖွေရေး တာဝန်များကို ရည်ရွယ်ချက်ရှိရှိ ဖွင့်လှစ်နိုင်ပါပြီ]

[ယခင်က ထိတွေ့ဖူးသော တိရစ္ဆာန်များ၏ တည်နေရာကို ရှာဖွေနိုင်သည့် ရတနာရှာဖွေရေး တာဝန်များကို ဖွင့်လှစ်နိုင်ပါပြီ]

[သမုဒ္ဒရာ အတွင်း ရတနာရှာဖွေရာတွင် ရှာဖွေနိုင်သည့် အချင်းဝက် အကွာအဝေးကို ၁၀ ကီလိုမီတာ အထိ တိုးမြှင့်လိုက်ပြီး ရှာဖွေနိုင်သည့် အနက်ကို မီတာ ၁၀၀ အထိ တိုးမြှင့်လိုက်ပါသည်]

စနစ်၏ သတိပေးချက်များက မျက်စိရှေ့တွင် ဆက်တိုက် ပေါ်ထွက်လာခဲ့၏။

ဤတစ်ကြိမ် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်လိုက်ခြင်းက အတော်လေး ကောင်းမွန်လှပေသည်။

အထူးသဖြင့် သမုဒ္ဒရာ အတွင်း ရတနာရှာဖွေရာတွင် ၁၀ ကီလိုမီတာ အကွာအဝေး အတွင်းရှိ ရတနာများကို ရှာဖွေနိုင်သည့်အပြင် အနက်ကိုလည်း မီတာ ၁၀၀ အထိ သတ်မှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

သာမန် လူသားများ အတွက်တော့ မီတာ ၁၀၀ အနက်ရှိသော ပင်လယ်ကြမ်းပြင် ဆိုသည်မှာ အလွန် နက်ရှိုင်းလှပေသည်။

သာမန်လူများက မည်သည့် အထောက်အကူပြု ကိရိယာမှ မပါရှိဘဲ ရေငုပ်မည် ဆိုပါက ၁၀ မီတာ အနက် ဆိုသည်မှာ အလွန်ဆုံး ကန့်သတ်ချက်ပင် ဖြစ်၏။ ကျွမ်းကျင်သူများ ဆိုလျှင်တော့ မီတာ ၂၀ မှ ၅၀ အထိ ငုပ်နိုင်ကြသည်။

ကမ္ဘာပေါ်ရှိ အတော်ဆုံး အလွတ်ရေငုပ် သမားများသာလျှင် မီတာ ၁၀၀ အောက်သို့ ရေငုပ်နိုင်ကြခြင်း ဖြစ်၏။ ထိုသို့ ငုပ်ရာတွင်လည်း အသက်တစ်ရှူတည်းနှင့်သာ ထိန်းထားရခြင်း ဖြစ်သည်။ ၎င်းတို့၏ ဗီဒီယိုများကို ကြည့်ရှုရသည်မှာပင် အသက်ရှူကြပ်သည့် ခံစားချက်မျိုး ဖြစ်ပေါ်စေသော်လည်း သူတို့ကတော့ အောက်သို့ ငုပ်ဆင်းသွားကာ ပြန်လည် တက်လာနိုင်ကြဆဲပင်။

တကယ်တော့ မီတာ ၁၀၀ အောက်သို့ ရေငုပ်ရန် ဆိုသည်မှာ သိပ်မခက်ခဲလှဘဲ လူတိုင်း လုပ်နိုင်ကြသည်။ သို့သော် ပြန်တက်လာနိုင်မလား ဆိုသည်ကတော့ နောက်တစ်ကဏ္ဍ ဖြစ်၏။

"သမုဒ္ဒရာထဲမှာ ရတနာရှာဖွေနိုင်တဲ့ အကွာအဝေး ကျယ်သွားတော့ ပင်လယ်ကြမ်းပြင်က ရတနာတွေကို သွားရှာလို့ ရပြီပေါ့... ပုလဲတို့ ဘာတို့များ ရှာတွေ့မလား မသိဘူး"

"ကမ္ဘာပေါ်က နာမည်ကြီး ရေငုပ် စခန်းတွေကို သွားရှာရင် အကောင်းဆုံးပဲ... အဲဒီမှာ ပစ္စည်းကောင်းတွေ သေချာပေါက် များမှာ"

"ဒီကိစ္စကို အစီအစဉ်ဆွဲလို့ ရတယ်... ဒါပေမယ့် ကျွန်တော် အလုပ်အားမှပဲ ဖြစ်မှာပါ"

ရွှီယန်က အဆင့်မြှင့်တင်ပြီးသော သံလိုက်အိမ်မြှောင်၏ အချက်အလက်များကို ကြည့်ရှုကာ အလွန် ကျေနပ်နေမိ၏။

သူက ယခုလောလောဆယ်တွင် အလွန် အလုပ်များနေပြီး လယ်ယာခြံဝင်း၏ ကိစ္စများက အလွန် များပြားလွန်းသဖြင့် အချိန်မပေးနိုင်အောင် ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ စီးပွားရေး စတင် လုပ်ကိုင်နေသည့် အဆင့်မှာသာ ရှိသေးသည် မဟုတ်ပါလား။

နောင်တစ်ချိန် လယ်ယာခြံဝင်း၏ တိုးတက်မှုများ တည်ငြိမ်သွားပြီး သူက ဘာမှ စိတ်ပူစရာ မလိုတော့သည့် အချိန်ရောက်ပါက နေရာအနှံ့ လျှောက်သွား၍ ရနိုင်ပြီ ဖြစ်၏။

ချင်းလင် တောင်တန်းသို့ သွားပြီး ပန်ဒါများကို သွားကြည့်မည်... ကူလွန် တောင်တန်းသို့ သွားပြီး နှင်းကျားသစ် များကို သွားကြည့်မည်... သန္တာကျောက်တန်း ပင်လယ်ပြင်သို့ သွားပြီး ငါးမန်းများကို သွားကြည့်မည် စသည်ဖြင့် အားလုံးကို အစီအစဉ်ဆွဲထားမည် ဖြစ်သည်။

နောက်တစ်နေ့တွင်။

ရာသီဥတုက သာယာနေ၏။

ရွှီယန်က ဝန်ထမ်းများကို ခေါ်ကာ စိုက်ပျိုးရေး လုပ်ငန်းများကို စတင် လုပ်ဆောင်နေသည်။ တိရစ္ဆာန်လေးများ အားလုံးကလည်း ဆော့ကစားနေကြ၏။

ရှောင်ဟွာကတော့ စိတ်မပါ့တပါဖြင့် မြက်ခင်းပြင်ပေါ်တွင် ဝပ်ကာ အနားယူနေသည်။

ရှောင်ဟေးက ၎င်းအနားသို့ ပြေးသွားကာ တစ်ချက် ဟောင်လိုက်ပြီး အမြီးကို ခါယမ်းကာ ၎င်း၏ ဘေးတွင် လှည့်ပတ် လမ်းလျှောက်နေ၏။

ရှောင်ဟေးက...

'သွားမယ်လေ... အတူတူ ဆော့ကြမယ်...'

ရှောင်ဟွာက...

'မင်းတို့ဘာသာ သွားဆော့ကြပါ... ငါ စိတ်မဝင်စားဘူး...'

ရှောင်ဟေးက အမြဲတမ်း တက်ကြွနေပြီး စစ်မှန်သော ရိုးရာတောခွေး တစ်ကောင် ပီပီ ၎င်းက အမြဲတမ်း ပျော်ရွှင်နေသည့် ပုံစံမျိုး ရှိပေသည်။

တစ်ခါတစ်ရံ အမှားလုပ်မိ၍ ရွှီယန်က နှစ်ခွန်းခန့် ဟောက်လိုက်မှသာ သွားမဖြီးတော့ခြင်း ဖြစ်၏။ ရှောင်ဟေးကြောင့်ပင် လယ်ယာခြံဝင်းရှိ တိရစ္ဆာန်များ အားလုံးက အချင်းချင်း အတော်လေး အဆင်ပြေနေကြခြင်း ဖြစ်သည်။

လူသားများတွင် လူသားများ၏ ဘဝ ရှိသလို တိရစ္ဆာန်များတွင်လည်း တိရစ္ဆာန်များ၏ ဘဝ ရှိကြပေသည်။

ရွှီယန်က ရှောင်ဟွာကို နောက်ရက်အနည်းငယ် ကြာလျှင် ကျားသစ်နက် လူးနားကို သွားရှာမည်ဖြစ်ပြီး သေချာပေါက် ရှာတွေ့မည်ဟု ပြောပြလိုက်၏။ ထိုစကားကို ကြားမှသာ ရှောင်ဟွာ၏ စိတ်အခြေအနေက အနည်းငယ် တည်ငြိမ်သွားတော့သည်။

ဤသို့ဖြင့် နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့သည်။

ထိုနေ့ညတွင် လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံး အိပ်ပျော်နေကြပြီ ဖြစ်၏။

မှောင်မည်းနေသော ညနက်ယံတွင် အရိပ်မည်း တစ်ခုက လယ်ယာခြံဝင်း အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းက အနားသို့ မကပ်ဘဲ လယ်ယာခြံဝင်း၏ ကွက်လပ် ဧရိယာထဲတွင်သာ သတိကြီးစွာဖြင့် လှည့်လည် သွားလာနေ၏။

အချင်းချင်း စိတ်ချင်း ဆက်သွယ်မှု ရှိနေ၍လားတော့ မသိ... ရှောင်ဟွာက အသံကြားသည်နှင့် ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့သည်။ ယခုအခါ ရှောင်ဟွာက အခန်းတစ်ခန်းထဲတွင် တစ်ကောင်တည်း အိပ်စက်နေပြီး တိုက်ခန်းတွင် နေထိုင်ရသည့် အခွင့်အရေးမျိုး ရရှိထားခြင်း ဖြစ်၏။

၎င်းက အသံကို ကြားပြီးနောက် အခန်းထဲမှ အသံမမြည်အောင် ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ ခြံဝင်း တံခါးကို ပိတ်ထားသော်လည်း ကျားသစ် တစ်ကောင်အတွက်တော့ တံခါး ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဘာမှ မကွာခြားလှချေ။

ရှောင်ဟွာက ပေါ့ပေါ့ပါးပါး တစ်ချက် ခုန်လိုက်ရာ နံရံပေါ်သို့ ရောက်ရှိသွားပြီးနောက် နောက်ထပ် တစ်နေရာကို အချိုးကျကျ ခုန်ဆင်းသွားခဲ့သည်ကို မြင်တွေ့လိုက်ရ၏။ ထို့နောက် ၎င်းက အပြင်ဘက်သို့ တောက်လျှောက် ပြေးထွက်သွားတော့သည်။

တစ်ခါတစ်ရံတွင် ကျားသစ်များက နေ့ဘက်တွင် အိပ်စက် အနားယူကာ ညဘက်မှသာ လှုပ်ရှားသွားလာတတ်ကြပြီး အထူးသဖြင့် နွေရာသီ အလွန် ပူပြင်းသော အချိန်များတွင် ပို၍ သိသာပေသည်။ နေ့ဘက်တွင် သူတို့က အေးမြသော ဂူများထဲတွင် အနားယူကြပြီး ညဘက် အေးမြချိန်မှသာ အပြင်ထွက်ကာ အမဲလိုက်ခြင်းနှင့် လှုပ်ရှားမှုများကို ပြုလုပ်ကြ၏။

ထို့ကြောင့် ကျားသစ်များ၏ ညဘက် အမြင်အာရုံက အလွန် ကောင်းမွန်ကြသည်။ သူတို့က အမှောင်ထုထဲမှ အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြပေသည်။

ရှောင်ဟွာက အဝေးမှနေ၍ လူးနားကို သတိထားမိလိုက်၏။ ဤကျားသစ်နက်က အမှောင်ထုထဲတွင် ပုန်းကွယ်နေပြီး အနည်းငယ် လှုပ်ရှားနေသော မျက်လုံးများကိုသာ မြင်တွေ့နိုင်ပေသည်။

လူးနားကို မြင်သောအခါ ရှောင်ဟွာက အလွန် ပျော်ရွှင်သွားပြီး ၎င်းရှိရာဘက်သို့ ချက်ချင်း ပြေးသွားတော့၏။

ဤမြင်ကွင်းက အမှန်တကယ်ပင် ထင်မှတ်မထားလောက်အောင် ဖြစ်သည်။ မည်သည့် လမ်းပြစနစ်မှ မပါရှိဘဲနှင့် လူးနားက မည်မျှ ကီလိုမီတာ အကွာအဝေးကို ဖြတ်သန်းလာခဲ့သလဲ မသိဘဲ ချန်ပိုင်တောင်တန်းကြီးထဲတွင် တောက်လျှောက် လမ်းလျှောက်လာကာ ရွှီယန်၏ လယ်ယာခြံဝင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

တိရစ္ဆာန်များ အတွက်တော့ ဤသည်က အလွန် အံ့ဩစရာကောင်းသော ကိစ္စတစ်ခုပင် ဖြစ်သည်။

ကျားသစ် နှစ်ကောင် တွေ့ဆုံသည်နှင့် ချက်ချင်းပင် ပူးကပ်သွားကြတော့၏။ သူတို့က လည်ပင်းချင်း အပြန်အလှန် ပွတ်သီးပွတ်သပ် လုပ်နေကြပြီး ဤရက်ပိုင်းအတွင်း ခွဲခွာနေခဲ့ရသည့် နာကျင်မှုများကို ပြောပြနေကြသည့်အလားပင်။

ထိုအချိန်မှာပင် လူးနားက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုလိုက်ပြီး လယ်ယာခြံဝင်း၏ အနောက်ဘက်သို့ ပြေးသွားကာ ရှောင်ဟွာကိုလည်း နောက်လှည့်၍ တစ်ချက် လှမ်းကြည့်လိုက်၏။ ဤတစ်ကြိမ်တွင်တော့ ရှောင်ဟွာက ချက်ချင်းပင် နောက်မှ လိုက်ပါသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှောင်ဟွာက အနီးအနားရှိ ပတ်ဝန်းကျင်ကို အလွန် ကျွမ်းကျင်နေပြီး ၎င်းက အိမ်ပြန်လမ်းကို သိရှိသဖြင့် အတူတကွ လိုက်ပါသွားခြင်း ဖြစ်၏။ ယခင်က မရင်းနှီးသော နေရာဖြစ်သဖြင့် မလိုက်ရဲခဲ့ခြင်း ဖြစ်သည်။

ကျားသစ် နှစ်ကောင်က ယှဉ်တွဲလျက် ပြေးသွားကြသည်။ သူတို့၏ အရွယ်အစားက အားလုံးနီးပါး တူညီကြပြီး ကြည့်ရသည်မှာ လူးနားက ရှောင်ဟွာ၏ အရိပ်လေး တစ်ခုနှင့်ပင် တူနေတော့၏။ မြင်ကွင်းက အလွန် ချစ်စရာ ကောင်းလှပေသည်။

နောက်တစ်နေ့ နံနက်ခင်း။

ယနေ့ ရွှီယန်က အနည်းငယ် နောက်ကျမှ အိပ်ရာထခဲ့၏။ နံနက် ရှစ်နာရီ ကြက်ဖတွန်သံ ကြားမှသာ သူက အိပ်ရာမှ နိုးလာခဲ့ခြင်း ဖြစ်သည်။ အနည်းငယ် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် နေ့စဉ် ကျွေးမွေးရမည့် အစာများကို စတင် ပြင်ဆင်တော့၏။

"ရှောင်ဟွာ..."

ရွှီယန်က လှမ်းခေါ်လိုက်သည်။

"ထမင်းစားရအောင်..."

သူက ရှောင်ဟွာ၏ အခန်းဘက်သို့ လျှောက်သွားလိုက်၏။ အထဲသို့ ရောက်သောအခါ ရှောင်ဟွာက အခန်းထဲတွင် မရှိသည်ကို တွေ့လိုက်ရသည်။

"မရှိပါလား... အပြင်များ ထွက်ပြေးသွားတာလား..."

သူက အပြင်ဘက်သို့ ထွက်ကာ တစ်ပတ်ခန့် လှည့်ပတ် ရှာဖွေကြည့်သော်လည်း မတွေ့ရချေ။

ဤကိစ္စက ဖြေရှင်းရန် လွယ်ကူလှသည်။ လယ်ယာခြံဝင်းတွင် စီစီတီဗွီ ကင်မရာများ ရှိနေသဖြင့် မနေ့ညက ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို ရွှီယန်က ကင်မရာ ပြန်ကြည့်လိုက်ရုံဖြင့် သိနိုင်ပေသည်။ သူက ကင်မရာကို ဖွင့်ကာ ညဘက်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည် ကြည့်ရှုလိုက်၏။

ရှောင်ဟွာက ခြံဝင်းထဲမှ ခုန်ထွက်သွားပြီး အပြင်ဘက်သို့ တောက်လျှောက် ပြေးထွက်သွားကာ အမှောင်ထုထဲသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ အမှောင်ထုထဲတွင် တစ်စုံတစ်ရာက ၎င်းကို ခေါ်ဆောင်နေသည့် အလားပင်။

ဝန်ထမ်း အချို့က နံနက်စောစောကတည်းက ရွှီယန်၏ အသံကို ကြားလိုက်ရသဖြင့် သူနှင့်အတူ ကင်မရာကို ဝိုင်းကြည့်နေကြ၏။

ဝမ်ဝူက မေးလိုက်သည်။

"ရှောင်ဟွာ က ဘယ်လိုဖြစ်လို့ သူ့ဘာသာ ထွက်ပြေးသွားတာလဲ... အဲဒီနေရာမှာ ဘာတွေ ရှိနေလို့လဲ"

ကင်မရာက အပြင်ဘက်ကို ချိန်ထားသော်လည်း သိပ်ပြီး ရှင်းလင်းစွာ မမြင်ရချေ။ ရွှီယန်က မြင်ကွင်းကို ချဲ့လိုက်ပြီး ဖန်သားပြင်ကို သေချာစွာ စိုက်ကြည့်လိုက်၏။

သိပ်မကြာခင်မှာပင် သူက ထူးခြားမှုကို သတိထားမိသွားတော့သည်။

"တော်တော်လေး သေချာ ပုန်းနေတာပဲ... ကျားသစ်နက် တစ်ကောင်ပဲ..."

"ဒီနားကို သေချာ ကြည့်ကြည့်"

ရွှီယန်က လက်ညှိုးထိုးကာ ကင်မရာ မျက်နှာပြင်၏ အလယ်ဗဟိုကို ညွှန်ပြလိုက်၏။

"ဒီမှာ ကျားသစ်နက် တစ်ကောင် ရှိတယ်... ညဘက် ဆိုတော့ အကုန်လုံး ရှင်းရှင်းလင်းလင်း မမြင်ရဘူး... ဒါပေမယ့် အကြမ်းဖျင်း ပုံစံနဲ့ မျက်လုံးတွေကိုတော့ မြင်နေရတယ်"

ရွှီယန် ထိုသို့ ပြောလိုက်မှသာ လူအများကလည်း အာရုံစိုက်ကာ ကြည့်ရှုလိုက်ကြသည်။

သေချာ ကြည့်လိုက်သောအခါ ပုန်းကွယ်နေသော ကျားသစ်နက် တစ်ကောင်ကို တကယ်ပင် မြင်တွေ့လိုက်ရ၏။

"တကယ် ရှိနေတာပဲ... ကျားသစ်နက်ပဲ..."

"ဟာ... အဲဒီ ကျားသစ်နက် က ဒီအထိတောင် ရောက်လာတာလား"

"ရှောင်ဟွာ က သူ့ကို သွားရှာတာလား..."

ဝန်ထမ်းများ အားလုံး အလွန် အံ့ဩသွားကြတော့၏။ ရွှီယန်လည်း သက်ပြင်းချလိုက်မိသည်။ ရှောင်ဟွာ ဘာကြောင့် ထွက်သွားရသလဲ ဆိုသည်ကို သိရလျှင် တော်သေးသည်ပေါ့။ အခြား အန္တရာယ် တစ်ခုခု ဖြစ်မည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

"အင်း... ကျားသစ်နက် လူးနား က ဒီအထိ ရောက်လာနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားဘူး..."

"ခရီးအဝေးကြီးကို ဘယ်လိုများ လျှောက်လာခဲ့လဲ မသိပါဘူး..."

"တိရစ္ဆာန်တွေရဲ့ သဘာဝက တကယ်ကို ဆန်းကြယ်လွန်းတယ်..."

ရွှီယန်က တအံ့တဩ ချီးကျူးလိုက်၏။

ရှောင်ဟွာနှင့် လူးနားတို့ အနောက်ဘက် တောင်ပေါ်သို့ သွားကြကြောင်း သိလိုက်ရသဖြင့် သူတို့ မည်သည့် နေရာတွင် နေထိုင်မည်ကို ရွှီယန် ခန့်မှန်းနိုင်သွားပြီ ဖြစ်သည်။ ယခင်က တားဟွာနှင့် ရှောင်ဟွာတို့ အတူတကွ နေထိုင်ခဲ့ဖူးသည့် နေရာ ဖြစ်နိုင်ခြေ အများဆုံးပင်။

"တကယ်လို့ လူးနား ကို အနောက်ဘက် တောင်ပေါ်မှာ အခြေချ နေထိုင်ခိုင်းနိုင်ရင်လည်း မဆိုးဘူး..."

"ကျွန်တော့်ရဲ့ ဒီအနောက်ဘက် တောင်ပေါ်မှာ တိရစ္ဆာန်တွေ တော်တော်များတယ်... ပြီးတော့ ပုံမှန်ဆို ဘယ်သူမှလည်း လာလေ့ မရှိဘူးလေ..."

"ရဲစခန်းနဲ့ ဆက်သွယ်ပြီး ကျားနဲ့ ကျားသစ် တွေ ရှိတဲ့အကြောင်း သတိပေး ဆိုင်းဘုတ်တွေပါ ထောင်ထားလိုက်ရင် ပိုပြီးတောင် လာရဲမယ့်သူ ရှိမှာ မဟုတ်ဘူး..."

"သူတို့အတွက် အရမ်း သင့်တော်တဲ့ နေရာပဲ..."

"လူးနား သာ ကျန်နေခဲ့ဖို့ မျှော်လင့်ရတာပဲ..."

ရွှီယန်က စိတ်ထဲမှ တွေးလိုက်၏။

"ကောင်းပြီ... သူ ဘယ်မှာ ရှိနေလဲ ဆိုတာ သိရရင် ပြီးတာပဲ... မနက်ပိုင်း ပုံမှန် အတိုင်းပဲ အလုပ်ဆက်လုပ်ကြ... မွန်းလွဲပိုင်း ထမင်းစားပြီးရင် ကျွန်တော် တောင်ပေါ် သွားပြီး တစ်ပတ်လောက် ပတ်ကြည့်လိုက်ဦးမယ်..."

ရွှီယန်က ဝန်ထမ်းများကို အလုပ်ခွဲဝေ ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အားလုံးက အလုပ်များကို အသီးသီး စတင် လုပ်ဆောင်ကြတော့၏။

"သူဌေး... သူဌေး မှာထားတဲ့ မှန်လုံအိမ် အသေးစားလေး ဒီနေ့ လာတပ်ပေးမယ် ပြောတယ်... ဒီတစ်ခါက အအေးခံ မှန်လုံအိမ် အသေးလေး ဆိုတော့ အပေါ်ကနေ ဖျင်တစ်ထပ်ပဲ ဖုံးထားရုံပဲလေ..."

ထိုအချိန်မှာပင် မာဝန်က ဘေးမှနေ၍ ဝင်မေးလိုက်သည်။

"ဟုတ်တယ်... ဧရိယာကလည်း သိပ်မကျယ်ပါဘူး... သေးသေးလေး တစ်ခုပဲ... အထဲက မြေကိုတော့ နည်းနည်း မြေဆီ ဩဇာ ကောင်းအောင် လုပ်ရမယ်... ပစ္စည်းကောင်းလေးတွေ စိုက်မလို့ စဉ်းစားထားတယ်..."

ရွှီယန်က ပြန်ဖြေလိုက်၏။ ထိုစကားကို ကြားသောအခါ ဝန်ထမ်းများ အားလုံး အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာကြသည်။

"သူဌေး... ဒီတစ်ခါ ဘာစိုက်မလို့လဲ..."

ရွှီယန်က ပြုံးလိုက်ပြီး...

"အသီးသေးသေးလေးတွေ သီးနိုင်တဲ့ အပင်မျိုးပေါ့... ပန်းပွင့်ရင်လည်း အရမ်း လှတယ်... ဟောသွန်းဘီဂိုးနီးယား လို့ ခေါ်တယ်..."

"ဒီအပင်က စိုက်ရတာ တော်တော်လေး ခက်တယ်... အဲဒါကြောင့် ကျွန်တော်လည်း စမ်းကြည့်မလို့..."

"အသီးက ချိုချဉ်ချဉ် အရသာလေး ဆိုတော့ အဲဒီအချိန်ကျရင် ဝိုင်ချက်တာ ဖြစ်ဖြစ် ယိုထိုးတာ ဖြစ်ဖြစ် စမ်းလုပ်ကြည့်လို့ ရတာပေါ့..."

ဟောသွန်းဘီဂိုးနီးယား ပန်း လား။ ရှန်းကျား (Hawthorn) ကို သူတို့ သိကြပြီး ဟိုင်ထန် (Begonia) ကိုလည်း သိကြသည်။ သို့သော် ဟောသွန်းဘီဂိုးနီးယား ဟု ပေါင်းစပ်ခေါ်ဆိုခြင်းကိုတော့ တစ်ခါမှ မကြားဖူးကြချေ။

"ကျွန်တော် ရှာကြည့်လိုက်မယ်..."

ဝမ်ဝူက ဖုန်းကို အလျင်အမြန် ထုတ်ကာ ဟောသွန်းဘီဂိုးနီးယား အကြောင်းကို ရှာဖွေကြည့်လိုက်၏။

ရှာကြည့်လိုက်မှသာ ဤအပင်က နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမည့် အပင်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရ အလွန် ခက်ခဲကြောင်းကို သိလိုက်ရသည်။

"အဲဒီအချိန်ကျရင် ကျွန်တော်ပဲ လာကြည့်ပေးပါ့မယ်... ဟောသွန်းဘီဂိုးနီးယား က နေရောင်ခြည်နဲ့ မြေဆီ ဩဇာကောင်းပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို သဘောကျတယ် ဆိုတော့ မှန်လုံအိမ် ထဲမှာ စိုက်ဖို့ တော်တော်လေး သင့်တော်ပါတယ်..."

"နေရာလည်း ကျွန်တော် ရွေးထားပြီးပြီ... စမတ် မှန်လုံအိမ် ရဲ့ ဘေးမှာပဲ... အဲဒီအချိန်ကျရင် ကျွန်တော် ပြောတဲ့အတိုင်းပဲ လုပ်ပေးကြပေါ့..."

ရွှီယန်က ထပ်ပြောလိုက်၏။

ရွှီယန်၏ စိုက်ပျိုးရေး အတွေ့အကြုံက ကြွယ်ဝကြောင်းကို ဝန်ထမ်းများက သိရှိထားကြသဖြင့် ချက်ချင်းပင် အနည်းငယ် မျှော်လင့်လာကြတော့သည်။

အရည်အချင်းရှိသော လူတစ်ယောက်နှင့် အတူ အလုပ်လုပ်ရခြင်းက တကယ်ကို ကောင်းမွန်သော ခံစားချက်ပင် ဖြစ်၏။ ဗဟုသုတ... အရည်အချင်း သို့မဟုတ် တိုးတက်မှု အပိုင်းတွင်ဖြစ်စေ အားလုံးက ပိုမို ကောင်းမွန်လာမည်သာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ခေါင်းဆောင်ကောင်းများ အလွန် ရှားပါးပြီး လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။ တွေ့ဆုံခွင့် ရခြင်းက ကံကောင်းခြင်း တစ်ခုဟုသာ ဆိုရမည် ဖြစ်၏။

All Chapters