အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇) အသေခံရဲဆုံး လိုက်ဖ်လွှင့်သူ... အရှေ့မြောက်ကျား ကို သွားချောင်းရိုက်မလို့လား
ရွှီယန်က တောင်ထဲတွင် အချိန်အတော်ကြာ လမ်းလျှောက်ခဲ့သော်လည်း အရှေ့မြောက်ကျားကို ယခုအထိ မတွေ့ရသေးချေ။
တောင်ထဲ ဝင်လာသည့် အချိန်ကလည်း အတော်လေး ကြာနေပြီဖြစ်ရာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ တာဝန်တစ်ခု လဲလှယ်ယူရန် သူ ဆုံးဖြတ်လိုက်သည်။
[ရတနာရှာဖွေရေး တာဝန်ကို စတင်လိုက်ပါပြီ... ကျားကို ချောင်းရိုက်ခြင်း]
[တာဝန် ဖော်ပြချက်... အရှေ့မြောက်ကျား တစ်ကောင် အနားယူနေပါသည်... ကျား မနိုးခင် ၎င်းကို ထိတွေ့ပေးပါ]
[တာဝန် ဆုလာဘ်... ကျွမ်းကျင်မှု စွမ်းရည်... အသက်အောင့်ခြင်း နည်းစနစ်]
[အသက်အောင့်ခြင်း နည်းစနစ်... ဖြည်းညင်းစွာ လှုပ်ရှားနေစဉ်အတွင်း မည်သည့် အသံမျှ မထွက်ပေါ်စေရန် ပြုလုပ်ပေးသည့် နည်းစနစ် ဖြစ်ပါသည်]
တာဝန်၏ သတိပေးချက်များက ပေါ်ထွက်လာခဲ့၏။
တာဝန်၏ ခေါင်းစဉ်ကို မြင်သောအခါ ရွှီယန်က သက်ပြင်းချလိုက်မိသည်။
'လခွမ်း... ကျားကို သွားချောင်းရိုက်ရမှာလား...'
သို့သော် သူက ဤကဲ့သို့သော အခြေအနေများနှင့် အသားကျနေပြီ ဖြစ်သည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က တစ်ခါတစ်ရံတွင် ထူးဆန်းသော တာဝန်များကို ဖန်တီးပေးတတ်သည် မဟုတ်ပါလား။
တော်သေးသည်က ဤကျားကို သူ သိနေသဖြင့် သွားချောင်းရိုက်၍ ရနိုင်သည်။ အကယ်၍ အခြား ကျားတစ်ကောင်သာ ဖြစ်နေပါက ဤတာဝန်ကို စွန့်လွှတ်ရန်ပင် သူ စဉ်းစားထားပြီး ဖြစ်၏။
သူက မြစ်ကမ်းဘေးတွင် ဝက်ဝံနက် တစ်ကောင် ငါးဖမ်းနေသည်ကို ခဏမျှ ကြည့်နေလိုက်သည်။ ထိုအချိန်မှာပင် ဝက်ဝံနက်က နောက်လှည့်ကြည့်လိုက်ရာ ရွှီယန်ကို မြင်တွေ့သွားတော့၏။
ဝက်ဝံနက်က လန့်ဖျပ်သွားပြီး ချက်ချင်းပင် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားခဲ့သည်။ မည်သူကများ တောအုပ်ထဲတွင် ပုန်းကွယ်ကာ သူများကို ထိုင်ကြည့်နေတတ်သနည်း။ တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။
သာမန် လူတစ်ယောက် ဆိုလျှင်ပင် တောအုပ်ထဲတွင် ပုန်းနေသော လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရပါက လန့်ဖျပ်သွားမည်သာ ဖြစ်၏။
ဝက်ဝံနက်က ရွှီယန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြေးထွက်သွားတော့သည်။
"ဟေး... ဘယ်လိုဖြစ်လို့ ပြေးသွားတာလဲ..."
ရွှီယန် အနည်းငယ် ကြောင်အမ်းသွားခဲ့၏။ အင်တာနက်သုံးစွဲသူများကတော့ အော်ဟစ် ရယ်မောနေကြသည်။
[ဟားဟားဟား... လောင်ရွှီ က ဝက်ဝံနက် ထက်တောင် ပိုကြောက်စရာ ကောင်းနေပြီပဲ]
[ဒီဝက်ဝံနက် က တော်တော် ဉာဏ်ကောင်းတာပဲ]
[ဝက်ဝံနက် ရေ မြန်မြန်ပြေး... ဒီလူသား မိစ္ဆာဘုရင်ကြီး ကို သွားမစနဲ့]
[ဝက်ဝံနက် တောင် လူကို မြင်ပြီး လန့်သွားတယ်]
[ဝက်ဝံနက်... သူ့အကြည့်ကို ခံရတဲ့ အချိန်မှာ ငါ့ဆီကို သေမင်းရဲ့ အငွေ့အသက်တွေ ရောက်လာတယ် လို့ ခံစားလိုက်ရတယ်]
ရွှီယန်က ကျားကို ရှာဖွေရန်သာ ရည်ရွယ်ထားသဖြင့် ဝက်ဝံနက်ကို ဆက်မကြည့်တော့ဘဲ ပေါ့ပေါ့ပါးပါးပင် ထွက်ခွာလာခဲ့၏။
ဤတာဝန်က သူ့အတွက် အတော်လေး သင့်တော်ပေသည်။ မူလကတည်းက သူက ကျားကို လာရှာခြင်း ဖြစ်သည် မဟုတ်ပါလား။
ယနေ့ သူက ကြီးမားသော နို့ဘူး တစ်ဘူးနှင့် နို့သီးခေါင်း အကြီး တစ်ခုကိုပင် အထူး တကူးတက ပြင်ဆင်လာခဲ့သေးသည်။ နို့ဘူးကို ကိုကာကိုလာ ဘူးအကြီး တစ်ဘူးဖြင့် ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပြီး အထဲတွင် စနစ်မှ ဆုချထားသော နို့တိုက်သတ္တဝါများ အတွက် အထူး နို့မှုန့်ကို ဖျော်စပ် ထည့်သွင်းထား၏။
ဤနို့၏ အရသာက အတော်လေး ကောင်းမွန်မည်မှာ သေချာလှသည်။ အဘယ်ကြောင့်ဆိုသော် ရွှီယန်က ရှောင်ဟွာနှင့် မြေခွေးလေးများကို တိုက်ကျွေးစဉ်က သူတို့ အားလုံး အလွန် ပျော်ရွှင်စွာ သောက်သုံးခဲ့ကြသောကြောင့်ပင်။
ရွှီယန်က ရှေ့သို့ တောက်လျှောက် လျှောက်သွားလိုက်သည်။ အရှေ့ဘက်တွင် တောအုပ်ထူထူ တစ်ခု ရှိနေပြီး မြက်ပင်များက လူတစ်ရပ်စာခန့် မြင့်မားနေသဖြင့် မြက်ပင်များကို ဖယ်ရှားကာ အထဲသို့ ဝင်ရောက်ရမည် ဖြစ်၏။ ဤကဲ့သို့သော နေရာမျိုးက အတော်လေး အန္တရာယ် များလှပေသည်။
ကံကောင်းစွာဖြင့် ရွှီယန်က အဝတ်အစားများကို လုံခြုံစွာ ဝတ်ဆင်ထားသဖြင့် အထဲတွင် လမ်းလျှောက်ရာ၌ မြက်ပင်များကြောင့် ပွန်းပဲ့ ဒဏ်ရာရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။ သူက အထဲတွင် တောက်လျှောက် ဖြတ်သန်းသွားလာနေပြီး ဒရုန်းကလည်း အပေါ်စီးမှ ရိုက်ကူးပေးနေ၏။
"တောင်ထဲက အပင်တွေက တကယ်ကို မြန်မြန် ကြီးလာတာပဲ... အခုဆိုရင် တော်တော်လေး မြင့်နေပြီလေ..."
"နွေရာသီ ရောက်ရင် ဘယ်လောက်တောင် ထူထပ်လာမလဲ မသိဘူး..."
"အဲဒီအချိန်ကျရင် လမ်းတောင် မြင်ရမှာ မဟုတ်တော့ဘူး ထင်တယ်..."
ရွှီယန်က မြက်ပင်ရှည်များ အကြားမှ ထွက်လာပြီးနောက် နောက်လှည့်ကြည့်ကာ မှတ်ချက်ချလိုက်သည်။ သူက အင်္ကျီပေါ်ရှိ သစ်ရွက်များကို ခါချလိုက်ပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် ခရီးဆက်လာခဲ့၏။
ရွှီယန်က အမြဲတမ်း ဤသို့ပင် ဖြစ်သည်။ သူ၏ စိတ်ထားက အလွန် ကောင်းမွန်ပြီး တာဝန် ရှိနေသည်ကို သိသော်လည်း အပြင်ပန်းတွင် မည်သည့် လှုပ်ရှားမှုမျှ မပြသခဲ့ချေ။ ထို့အပြင် ကျား၏ တည်နေရာ အတိအကျကို သိရှိထားသဖြင့် ရွှီယန်၏ စိတ်အခြေအနေက ပိုမို ကောင်းမွန်လာကာ ရှုခင်းများကို ကြည့်ရှုရသည်မှာလည်း ပို၍ သာယာလာခဲ့၏။
မိနစ် နှစ်ဆယ်ခန့် လျှောက်လာပြီးနောက် ရွှီယန်က တောင်ကုန်း တစ်ခု၏ အမြင့်ပိုင်းတွင် ရပ်ကာ အောက်သို့ လှမ်းကြည့်လိုက်သည်။ ဤနေရာက နေရောင်ခြည် တိုက်ရိုက် ရရှိသော တောင်စောင်း တစ်ခု ဖြစ်၏။
အရှေ့မြောက်ကျား က မြက်ခင်းပြင်ပေါ်တွင် ခြေကားယား လက်ကားယားဖြင့် ပက်လက်လှန်ကာ အိပ်မောကျနေသည်ကို မြင်တွေ့လိုက်ရသည်။ ခြေထောက် နှစ်ဖက်စလုံးက လေထဲတွင် တွဲလောင်း ကျနေသော်လည်း ၎င်းက အနည်းငယ်မျှ မညောင်းညာပုံ မရချေ။
"ဟိုမှာ ကြည့်လိုက်... အရှေ့မြောက်ကျား ကို တွေ့ပြီဗျာ..."
ရွှီယန်၏ အံ့ဩဝမ်းသာ အော်ဟစ်သံက လိုက်ဖ်ထဲတွင် ပေါ်ထွက်လာခဲ့၏။ ဒရုန်းကလည်း တစ်ပြိုင်နက်တည်း ရိုက်ကူး ပြသပေးလိုက်သည်။ အရှေ့မြောက်ကျား ကို မြင်သောအခါ လိုက်ဖ်ထဲတွင် နောက်တစ်ကြိမ် ပွက်လောရိုက်သွားတော့သည်။
[တကယ်ကြီးပဲ... အရှေ့မြောက် ရွှေရောင် ကြောင်ကြီး ကို တွေ့ပြီ]
[တွေ့ပြီဟေ့... လောင်ရွှီ တကယ် စွမ်းတာပဲကွာ]
[ဒီကောင်ကြီး အိပ်နေတဲ့ ပုံစံက ဒီလောက်တောင် ရင်ခုန်စရာ ကောင်းနေတာလား]
[တကယ်ကို လွတ်လပ်ပေါ့ပါးလွန်းတယ်... လုံးဝ မကြောက်ဘူးပဲ... ဒီအတိုင်းကြီး အိပ်နေတာ]
[သူ့အိမ် သူနေတာလေ... ဘယ်လို အိပ်အိပ် အဆင်ပြေတယ်... သူများအိမ် ရောက်ရင်တော့ ဒီလို နေမှာ မဟုတ်ဘူးပေါ့]
အင်တာနက်သုံးစွဲသူများက အရှေ့မြောက်ကျား ၏ အလှတရားကို အံ့ဩ ချီးကျူးနေကြ၏။ ဤကောင်ကြီးက လူအများ အနှစ်သက်ဆုံး အသားစား သတ္တဝါ တစ်ကောင်ပင် ဖြစ်သည်။
ရုပ်ထွက်က အလွန် ကောင်းမွန်လှပြီး ကြောင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ဟုပင် ဆိုရပေမည်။
ရွှီယန်က အရှေ့မြောက်ကျား ကို လှမ်းကြည့်နေလိုက်၏။ သူက ကျောပိုးအိတ်ကို မြေကြီးပေါ် ချထားခဲ့ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အရှေ့မြောက်ကျား မနိုးခင် ကျွန်တော် သူ့ကို သွားချောင်းရိုက်နိုင်မလား ဆိုတာ အားလုံး ခန့်မှန်းကြည့်ကြလေ..."
ဤစကားက လိုက်ဖ်ထဲမှ ထွက်ပေါ်လာသောအခါ အားလုံး ကြောင်အမ်းသွားကြတော့၏။
'ဘာကြီး...'
'တောရိုင်း အရှေ့မြောက်ကျား မနိုးခင် သွားချောင်းရိုက်မယ် ဟုတ်လား...'
'နားကြားများ မှားသွားတာလား...'
[လောင်ရွှီ... မင်း ဘာလုပ်ချင်လို့လဲ]
[အစ်ကိုကြီး... အသေမခံပါနဲ့ကွာ]
[မင်း တကယ်ကြီး လုပ်မလို့လား]
[လိုက်ဖ်လွှင့်သူ သက်ရှိထင်ရှား ရှိစဉ်က နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဗီဒီယို လေးပေါ့...]
[အစ်ကိုယန်... အမြဲတမ်း ဒီလို အဓိပ္ပာယ် မရှိတာတွေချည်း မလုပ်ပါနဲ့လားကွာ]
ကွန်မန့်များက ချက်ချင်းပင် ပွက်လောရိုက်သွားတော့၏။ သာမန် လူများက အရှေ့မြောက်ကျား ကို တွေ့လျှင်ပင် ကြောက်လန့်နေကြပြီ ဖြစ်သော်လည်း သူကတော့ အရှေ့မြောက်ကျား ကို သွားချောင်းရိုက်မည် ဟူ၍ ပြောနေသည်။ ဤသည်က လူတစ်ယောက် လုပ်နိုင်သည့် အလုပ်မျိုး ဟုတ်ပါရဲ့လား။
ရွှီယန်ကတော့ ချက်ချင်းပင် စတင် လှုပ်ရှားရန် ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရ၏။ သူက သေချင်၍ လုပ်နေခြင်း မဟုတ်ဘဲ တာဝန် ပြီးမြောက်စေရန် အတွက်သာ ဖြစ်သည်။ ထို့အပြင် လူကောင်းကတ် ၏ အာနိသင်ကလည်း အမြဲတမ်း ရှိနေသဖြင့် ပြဿနာ မရှိနိုင်ချေ။
သေချာအောင် လုပ်ရမည့် တစ်ခုတည်းသော အချက်မှာ ဤအရှေ့မြောက်ကျား သည် တောင်စောင့်နတ်လေး ဖြစ်ကြောင်း အတည်ပြုရန်သာ ဖြစ်၏။ အကယ်၍ မှားသွားပါကတော့ ဒုက္ခရောက်ပေမည်။
ရွှီယန်က တိရစ္ဆာန်များ၏ ကွဲပြားခြားနားမှုများကို သေချာစွာ ခွဲခြားနိုင်စွမ်း ရှိသည်။ ဤအကောင်မှာ တောင်စောင့်နတ်လေး ဖြစ်ကြောင်း သေချာမှသာ သူက ဤသို့ လှုပ်ရှားရဲခြင်း ဖြစ်၏။
ထိုအချိန်တွင် ရွှီယန်က စတင် လှုပ်ရှားလိုက်သည်။ သူက ခန္ဓာကိုယ်ကို နှိမ့်ချကာ ခြေဖော့နင်းပြီး အရှေ့မြောက်ကျား ရှိရာဘက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်ကို မြင်တွေ့လိုက်ရ၏။
ဤအချိန်တွင် ရွှီယန်က အမဲလိုက် သတ္တဝါ တစ်ကောင်နှင့် ပိုတူနေပြီး ကျားကတော့ သူ၏ သားကောင် ဖြစ်နေပေသည်။ အင်တာနက်သုံးစွဲသူများ၏ ရင်ထဲတွင်တော့ အလွန် ထိတ်လန့် တုန်လှုပ်နေကြတော့၏။
ဤမြင်ကွင်းကို AI ပင်လျှင် ဖန်တီးနိုင်မည် မဟုတ်ချေ။ သားရဲတိရစ္ဆာန်များက သားကောင်ကို အမဲလိုက်သည့် မြင်ကွင်းများကို လူတိုင်း အများအပြား မြင်တွေ့ဖူးကြပေသည်။ တစ်ခါတစ်ရံ မှတ်တမ်းရုပ်ရှင်များတွင် ဖြစ်စေ... တစ်ခါတစ်ရံ ဗီဒီယိုတိုလေးများတွင် ဖြစ်စေ။
သို့သော် လူသား တစ်ယောက်က အမဲလိုက်သည့် ဟန်ပန်ဖြင့် သားရဲတိရစ္ဆာန်ကို "အမဲလိုက်" နေသည့် မြင်ကွင်းမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ တကယ်ကို အဓိပ္ပာယ် မရှိလောက်အောင်ပင်။ အားလုံးက တင်းမာစွာ လက်သီးဆုပ်ထားပြီး အသက်ပင် ပြင်းပြင်း မရှူရဲကြချေ။
[မဟုတ်သေးဘူးလေ... သူ တကယ် လုပ်နေတာပဲ]
[ပြိုင်စံရှားပဲကွာ]
[လောင်ရွှီ... မင်းရဲ့ စွမ်းရည်တွေကို ပြန်ရုပ်သိမ်းလိုက်ပါတော့ကွာ]
[ဒီလိုက်ဖ်လွှင့်သူ ရဲ့ ဗီဒီယိုကို ကြည့်ရတာ တစ်စက္ကန့် ကြည့်လိုက်ရရင် တစ်စက္ကန့် အသက်တိုသွားသလိုပဲ]
ရွှီယန်က ခန္ဓာကိုယ်ကို နှိမ့်ချကာ ကျားအနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်ကို မြင်တွေ့ရ၏။
သူက ခန္ဓာကိုယ်ကို အမြင့်ဆုံး အခြေအနေသို့ ထိန်းချုပ်ထားပြီး တစ်ခါတစ်ရံ ခြေဖျားထောက်ကာ ဖြည်းညင်းစွာ ပြန်ချတတ်သည်။ သူ၏ အကြည့်များက ကျားအပေါ်တွင်သာ အမြဲတမ်း စူးစိုက်နေ၏။
ဤသို့ဖြင့် ခြေတစ်လှမ်းချင်းစီ...
ကျားနှင့် သူ၏ အကွာအဝေးက ပို၍ပို၍ နီးကပ်လာခဲ့သည်။ ကျားကတော့ အလွန် ပေါ့ပါး လွတ်လပ်နေပြီး တစ်စုံတစ်ယောက်က ၎င်းကို လာရောက် ချောင်းရိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်ထားပုံ မပေါ်ချေ။
လူတစ်ယောက်က ကိုယ့်အိမ်က ဆိုဖာပေါ်မှာဆိုရင် ခြေထောက်တွေကို အပေါ်ထိ မြှောက်တင်ပြီး အနားယူတတ်ပေမယ့် သူများအိမ်က ဆိုဖာပေါ်မှာဆိုရင်တော့ ယဉ်ယဉ်ကျေးကျေးလေး ထိုင်တတ်တဲ့ သဘောတရားမျိုးပါပဲ။
ထိုအချိန်မှာပင် ကျားက တစ်ခုခုကို အာရုံခံမိသွားပုံရပြီး နားရွက်များက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ကျား၏ လှုပ်ရှားမှုကို မြင်သောအခါ ရွှီယန်က ချက်ချင်း ခြေလှမ်းရပ်လိုက်ပြီး အသက်ရှူ အောင့်ထားလိုက်သည်။
ခြေလှမ်း အနည်းငယ်သာ လျှောက်ခဲ့ရသော်လည်း သူ၏ ခန္ဓာကိုယ်မှ ချွေးများပင် ထွက်လာခဲ့ပြီ ဖြစ်၏။ ဤကဲ့သို့ ချောင်းရိုက်ရခြင်းက ပြေးလွှားရသည်ထက် အများကြီး ပို၍ ပင်ပန်းလှပေသည်။
အင်တာနက်သုံးစွဲသူများလည်း ကြည့်လေလေ ပို၍ စိတ်လှုပ်ရှားလေလေပင် ဖြစ်လာတော့၏။
'လူသားက အရှေ့မြောက်ကျား ကို သွားချောင်းရိုက်ခြင်း'
ဤမြင်ကွင်းက ကြည့်ရသည်မှာ တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖြစ်သည်။ ထိုအချိန်တွင် ကျားက တုံးအအဖြင့် ဆက်လက် အိပ်မောကျနေပြန်၏။ ရွှီယန်လည်း ဤအခွင့်အရေးကို အသုံးချကာ အနားသို့ တဖြည်းဖြည်း ထပ်မံ ချဉ်းကပ်သွားလိုက်သည်။
ငါးမီတာခန့်သာ လိုတော့သည့် အချိန်တွင် ရွှီယန်က ခြေလှမ်းများကို လျှော့ချလိုက်၏။ လေးမီတာ... သုံးမီတာ... နှစ်မီတာ...
နောက်ဆုံး အဆင့်သို့ ရောက်လေလေ ပို၍ သတိထားရလေလေပင် ဖြစ်သည်။ တာဝန်၏ သတ်မှတ်ချက်က ကျားမနိုးခင် ၎င်းကို ထိတွေ့ရန် ဖြစ်၏။ အကယ်၍ ရွှီယန်က အလောတကြီးဖြင့် နောက်ဆုံး အကွာအဝေးကို အမြန် ပြေးဝင်သွားမည် ဆိုပါက...
ကျားက ချက်ချင်း လန့်နိုးသွားပြီး နောက်သို့ ဆုတ်သွားမည့်အပြင် ထိုလုပ်ငန်းစဉ် အတွင်း ၎င်း၏ လက်ဝါးကြီးများဖြင့် နှစ်ချက် သုံးချက်ခန့် လှမ်းပုတ်သွားနိုင်ပေသည်။
ယခင်က ဥပမာ တစ်ခု ရှိခဲ့ဖူးသည်။ ကျားတစ်ကောင် အိပ်နေစဉ် အခြား ကျားတစ်ကောင်က သွားရောက် ချောင်းရိုက်ခဲ့ခြင်း ဖြစ်၏။ ၎င်းက အိပ်နေသော ကျားကို အနည်းငယ် ခြောက်လှန့်လိုက်ရာ တစ်ဖက်ကျားက ချက်ချင်း လန့်နိုးလာပြီး ရုတ်တရက် ခုန်ထလိုက်ကာ တစ်စက္ကန့် အတွင်းမှာပင် ၎င်းကို ပြင်းထန်သော လက်ဝါးရိုက်ချက်များ ဆက်တိုက် ပေးခဲ့သည်။
ရွှီယန်က ဤကဲ့သို့ စွန့်စားမှုမျိုးကို လုံးဝ မပြုလုပ်ရဲချေ။
ဤသို့ ကြည့်မည်ဆိုပါက ဤတာဝန်က တကယ်ကို မလွယ်ကူလှကြောင်း သိသာလှပေသည်။ ရွှီယန်က ဆက်လက်၍ သတိကြီးစွာဖြင့် ချဉ်းကပ်သွားလိုက်၏။ ထိုအချိန်မှသာ သူလည်း ဤအချက်ကို သတိထားမိသွားတော့သည်။
'ကျားကို လန့်မနိုးစေနဲ့...'
'မဟုတ်ရင် ကျားက နောက်လှည့်ပြီး လက်ဝါးနဲ့ တစ်ချက် ပုတ်လိုက်ရင် ငါ တကယ် ခံနိုင်မှာ မဟုတ်ဘူး...'
ရွှီယန်နှင့် ကျားတို့၏ အကွာအဝေးက အလွန် နီးကပ်နေပြီ ဖြစ်သည်။
လိုက်ဖ်ထဲရှိ ကြည့်ရှုသူ တစ်သိန်းကျော်လုံးက အသက်ရှူ အောင့်ထားကြ၏။ အားလုံးက ဤကိစ္စကို လုံးဝ မေ့လျော့နေကြပြီး နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်မလဲ ဆိုသည်ကိုသာ ကြည့်ရှုချင်နေကြသည်။ ရွှီယန်က အိပ်နေသော ကျားကြီး တစ်ကောင်၏ ဘေးသို့ ရောက်ရှိလာခဲ့၏။
ဤမြင်ကွင်းက အလွန် မှော်ဆန်လွန်းလှပေသည်။
ထိုအချိန်တွင် ရွှီယန်က စိတ်ထဲမှ တွေးလိုက်၏။
'ဒီကောင်ကြီး အိပ်ရာထ ဆက်တိုက် တိုက်ခိုက် တတ်တဲ့ အကျင့် မရှိဖို့ပဲ မျှော်လင့်ရတော့တာပဲ...'
သူက လက်ကို ဆန့်ထုတ်ကာ အရှေ့မြောက်ကျား ၏ ခြေဖဝါးကို သတိကြီးစွာဖြင့် ဖွဖွလေး ထိတွေ့လိုက်သည်။
ထိုတစ်ခဏမှာပင် အရှေ့မြောက်ကျား က ရုတ်တရက် လန့်နိုးလာခဲ့၏။
ရွှီယန်၏ တုံ့ပြန်မှုကလည်း အလွန် မြန်ဆန်လှပေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူတစ်ယောက်နှင့် ကျားတစ်ကောင်တို့က တစ်ပြိုင်နက်တည်း အနောက်သို့ ခုန်ဆုတ်သွားကြတော့သည်။ ရွှီယန်က လုံလောက်သော အကွာအဝေး တစ်ခုအထိ ခုန်ဆုတ်သွားခဲ့သဖြင့် အရှေ့မြောက်ကျား ၏ တိုက်ခိုက်မှုကို ခံရနိုင်ခြေ မရှိတော့ချေ။
လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများ အားလုံး မျက်လုံးပြူး မျက်ဆန်ကြောင် ဖြစ်သွားကြတော့၏။ ဤမြင်ကွင်းက အလွန် တုန်လှုပ်ဖွယ် ကောင်းလွန်းသဖြင့် အားလုံး၏ ဦးနှောက်များပင် ခဏတာ အလုပ်မလုပ်တော့သည့် အတိုင်း ဖြစ်သွားတော့သည်။
အရှေ့မြောက်ကျား က သတိပြန်ဝင်လာပြီး ရွှီယန် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ရွှီယန်ကို မြင်သောအခါ ၎င်း၏ သတိထားနေမှုများက ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။
"တောင်စောင့်နတ်လေး... ငါပါကွ..."
"မတွေ့ရတာ တော်တော် ကြာပြီနော်..."
ရွှီယန်က ၎င်းကို နှုတ်ဆက်လိုက်သည်။
နောက်ဆက်တွဲ မြင်ကွင်းက အနည်းငယ် နွေးထွေးသွားခဲ့၏။ အရှေ့မြောက်ကျား က ဖြည်းညင်းစွာ လျှောက်လာပြီး မည်သည့် ရန်လိုမှုမှ မရှိဘဲ ရွှီယန်၏ ဘေးတွင် ရပ်ကာ ပြန်လည် နှုတ်ဆက်နေသည်။ ကြာရှည်စွာ မတွေ့ရသော သူငယ်ချင်း နှစ်ယောက် ပြန်လည် ဆုံတွေ့နေကြသည့် အတိုင်းပင်။
အရှေ့မြောက်ကျား အတွက်တော့ ရွှီယန်က တကယ်ကို ၎င်း၏ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
လိုက်ဖ်ထဲတွင်တော့ လုံးဝ ပွက်လောရိုက်သွားပြီ ဖြစ်၏။
[ဘုရားရေ... လိုက်ဖ်လွှင့်သူ က အရမ်း မိုက်လွန်းနေပြီ]
[အစ်ကိုယန်... ပြိုင်စံရှားပဲကွာ]
[ငါတောင် ကြောက်လို့ ချွေးစေးတွေ ပြန်လာပြီ]
[ငါ ခုနက အသက်တောင် မရှူရဲဘူး]
[စက္ကန့်တိုင်း မိနစ်တိုင်း လိုက်ဖ်လွှင့်သူ သေတော့မယ်လို့ပဲ ထင်နေခဲ့တာ]
[အသေခံရဲဆုံး လိုက်ဖ်လွှင့်သူ နံပါတ်တစ် ပဲ]
မြင်ကွင်းက တကယ်ကို စည်ကားနေပြီး ကွန်မန့်များကလည်း အလွန် လျင်မြန်စွာ လိမ့်ဆင်းနေတော့သည်။ ယနေ့ ရွှီယန်၏ လုပ်ရပ်က လူတိုင်းကို အလွန်အမင်း အံ့ဩ တုန်လှုပ်သွားစေခဲ့၏။
ယခုအချိန်တွင်တော့ ရွှီယန်က အလွန် ပျော်ရွှင်နေသည်။ ကျားကြီးကို မတွေ့ရသည်မှာ အတော်လေး ကြာပြီဖြစ်ပြီး ယခု ပြန်တွေ့ရချိန်တွင်လည်း ချစ်စရာ ကောင်းနေဆဲပင် ဖြစ်၏။
"ငါ နို့ဘူး ယူလာတယ်... အပေါ်မှာ ထားခဲ့တာ... လာ... ငါနဲ့ အတူတူ သွားယူရအောင်..."
ရွှီယန်က အရှေ့မြောက်ကျား ကို ခေါ်ကာ အပေါ်သို့ တက်သွားခဲ့သည်။
လူတစ်ယောက်နှင့် ကျားတစ်ကောင်တို့က တောင်ကုန်း အမြင့်ပိုင်းသို့ ရောက်ရှိသွားသောအခါ ရွှီယန်က ကျောပိုးအိတ်ထဲမှ နို့ဘူး အကြီးကြီး တစ်ဘူးကို ထုတ်ယူလိုက်၏။
နို့ဘူးကို မြင်သောအခါ အရှေ့မြောက်ကျား ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် အချို့ ပေါ်လာခဲ့သည်။ ၎င်းက ဤအရသာကို အလွန် နှစ်သက်သည် မဟုတ်ပါလား။
ထို့နောက် အားလုံး ရင်းနှီးပြီးသား ဖြစ်သော ကျားကို နို့တိုက်သည့် အစီအစဉ် ရောက်ရှိလာခဲ့ပြန်၏။ ဤမြင်ကွင်းကို မြင်တွေ့ရတိုင်း အင်တာနက်သုံးစွဲသူများက အမြဲတမ်း အဓိပ္ပာယ် မရှိဟု ခံစားနေကြရသည်။
[ဒါက တကယ်ပဲ တောရိုင်း အရှေ့မြောက်ကျား ကြီးလား... မွေးမြူထားတဲ့ ကျားဆိုရင်တောင် ငါ လက်ခံပေးလို့ ရသေးတယ်]
[တကယ်ကို တောရိုင်းကျား စစ်စစ်ကြီးပါ... အရင်က သစ်တောရေးရာ ဌာနက လူတွေတောင် အတည်ပြုပေးထားတာလေ]
[သူ တောင်ထဲကို နာရီပေါင်းများစွာ ဝင်လာပြီးမှ ဒီကျားကြီးကို ရှာတွေ့တာလေ... သေချာပေါက် တောရိုင်းကျား ကြီးပေါ့... မွေးမြူထားတဲ့ ကျားတွေ အကုန်လုံးက လှောင်အိမ်ထဲမှာပဲ ရှိတာ... ဒီလို တောနက်ကြီးထဲမှာ ဘယ်ရှိမလဲ]
ကြည့်ရှုသူများက အချင်းချင်း စကားပြောဆိုနေကြ၏။
ယနေ့ လိုက်ဖ်လွှင့်မှုက သေချာပေါက် အလွန် စိတ်လှုပ်ရှားစရာ ကောင်းမည်မှာ အသေအချာပင်။ ဤနေ့ကလည်း ဆူညံ ပွက်လောရိုက်သော နေ့တစ်နေ့ ဖြစ်လာခဲ့တော့သည်။