← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) ဝက်ပေါက်လေးတွေ အပြေးပြိုင်ပွဲ ရလဒ်နဲ့ အခုမှ မွေးခါစ မြေခွေးပေါက်လေးများ

လယ်ယာခြံဝင်းထဲတွင် ပျော်စရာများ အပြည့်ဖြစ်နေသည်။

ပထမဆုံးအကြိမ် ဝက်ပေါက်လေးများ အပြေးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ကျင်းပသည့် နေရာကတော့ ကွက်လပ်တစ်ခုတွင် ဖြစ်ပြီး စုစုပေါင်း လူငါးယောက် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြခြင်း ဖြစ်သည်။

အင်တာနက်သုံးစွဲသူများကလည်း လိုက်ဖ်ထဲမှနေ၍ ပါဝင်ဆင်နွှဲနေကြပြီး အားလုံးက ကိုယ်ရွေးချယ်ထားသော ဝက်ပေါက်လေးများကို အားပေးနေကြသည်။

ပထမအုပ်စု၏ အနိုင်ရသူကတော့ နံပါတ် ၇ ဖြစ်သည်။

ရလဒ်ကို မြင်သောအခါ အချို့ ကြည့်ရှုသူများက လိုက်ဖ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေကြ၏။

[မတရားဘူး... မတရားဘူး... မတရားဘူး]

အချို့ကလည်း အလွန် ဝမ်းသာသွားကြသည်။

[ဟားဟားဟား... ငါရွေးထားတာ နံပါတ် ၇ လေ]

တခြား အုပ်စုသုံးခုမှ နံပါတ်များကို ရွေးချယ်ထားသော သူများကတော့ နောက်ထပ် လာမည့် ပြိုင်ပွဲများကို စောင့်မျှော်နေကြသည်။

ရွှီယန်က ဝန်ထမ်းများကို ဒုတိယအုပ်စု ဝက်ပေါက်လေးများအတွက် ပြိုင်ပွဲ ပြင်ဆင်ခိုင်းလိုက်သည်။

ရွှီယန် ရွေးချယ်ထားသည့် နံပါတ်ကတော့ ၁၈ ဖြစ်သည်။

ဝက်ပေါက်လေးများ၏ တင်ပါးပေါ်တွင် နံပါတ် ၁၁ မှ ၂၀ အထိ နံပါတ်စဉ်များ ကပ်ထားသည်ကို မြင်တွေ့ရသည်။

ရွှီယန်က လိုက်ဖ်ထဲမှ ပရိသတ်များကို လှမ်းပြောလိုက်သည်။

"ကျွန်တော် ရွေးထားတာက နံပါတ် ၁၈ ပါ... ဒီအတိုင်း ရမ်းရွေးလိုက်တာ... လုံးဝ တရားမျှတတယ်နော်"

"နောက်ထပ် ဘယ်သူ နိုင်မလဲ ဆိုတာကတော့ ကံတရားပေါ်မှာပဲ မူတည်တော့တယ်"

ပြောပြီးသည်နှင့် သူက မာဝန်ကို ခြံစည်းရိုး တံခါး ဖွင့်ခိုင်းလိုက်သည်။

တံခါး ပွင့်သွားသည်နှင့် ဝက်ပေါက်လေးများက တန်းစီပြီး ထွက်လာကြတော့သည်။

သူတို့က မူလကတည်းက ထွက်ပေါက်ကို ရှာနေကြသည်ဖြစ်ရာ ယခုလို ထွက်ပေါက် တစ်ခု တွေ့သွားသောအခါ သဘာဝကျကျပင် ပြေးထွက်သွားကြတော့၏။

အချို့ ဝက်ပေါက်လေးများကတော့ အနည်းငယ် နှေးကွေးကာ လမ်းလျှောက်လိုက် ရပ်လိုက် လုပ်နေကြသည်။

အချို့ ဝက်ပေါက်လေးများကတော့ ပိုပြီး ဉာဏ်ကောင်းကာ ရှေ့ကို တောက်လျှောက် ပြေးနေကြသည်။

ရွှီယန် ရွေးချယ်ထားသော နံပါတ် ၁၈ က အလွန် မြန်မြန် ပြေးနေသည်။

၎င်းက လမ်းတစ်လျှောက် ဝင်တိုက် ပြေးလွှားပြီး ပထမနေရာသို့ ရောက်သွားကာ နောက်ဆုံးအချိန်အထိ ဦးဆောင်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက ချက်ချင်းပင် အော်ဟစ်ကုန်ကြသည်။

[မတရားဘူး... သေချာပေါက် လိမ်ထားတာပဲ]

[နံပါတ် ၁၈ ဝက်လေးကို ဆီးစစ်ဖို့ အကြံပြုတယ်]

[ဒီဝက်ကို တစ်ခုခု ကျွေးထားတာ သေချာတယ်... လောင်ရွှီ မင်းကတော့ လွန်သွားပြီကွာ]

[လခွမ်း... ဒီလောက်တောင် မြန်မြန် ပြေးတာလား]

လိုက်ဖ်ထဲတွင် အလွန်ကို စည်ကားနေသည်။

နံပါတ် ၁၈ က မထင်မှတ်ထားစရာ မရှိဘဲ အုပ်စု ပထမ ရသွားခဲ့သည်။

ရွှီယန်က ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မတရားလုပ်ထားတာ လုံးဝ မရှိပါဘူးဗျာ... ကျွန်တော်က နံပါတ် ၁၈ ဝက်လေး ဒေါသ နည်းနည်း ကြီးတယ် ဆိုတာကို သိထားရုံတင်ပါ... အရင်က ဝက်စာကျွေးတုန်းက ဒီကောင်လေး အစားဝသွားရင် ဝက်စာခွက်ကို ထိုးလှန်ပစ်တတ်တယ်"

"နောက်ပိုင်း သူ့ကို အကြိမ်ကြိမ် ဆုံးမလိုက်ရမှ နည်းနည်း ငြိမ်သွားတာ"

"ဒီကောင်လေးက တော်တော် ဒေါသကြီးတာ"

ရွှီယန်၏ စကားက အားလုံးကို လက်ခံနိုင်အောင် မစွမ်းဆောင်နိုင်သည်မှာ သိသာလှပြီး အားလုံးက မတရားဘူး မတရားဘူး ဆိုပြီး ဆက်တိုက် အော်ဟစ်နေကြပြန်သည်။

ယနေ့ လိုက်ဖ်လွှင့်ခြင်းက မူလကတည်းက ပျော်စရာ သက်သက်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မြင်ကွင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ရှောင်ဟေး နှင့် မာလီနွိုက်ခွေး ယွမ်ပေါင် တို့က ဘယ်ဆီကို ရောက်သွားသည်မသိ... အပြင်ဘက်တွင် ရိုးရာတောခွေး ဂိုဏ်းနှင့် အတူ သွားဆော့နေသည်မှာ သေချာလှသည်။

ဒရယ်ပြောက်လေးက ရွှီယန်၏ ဘေးတွင် စိတ်ဝင်တစား ရပ်နေပြီး ပြေးလွှားနေသည့် ဝက်ပေါက်လေးများကို ကြည့်ရှုနေသည်။

ဤကောင်လေးလည်း ရှေ့ဆုံးတန်းကနေ ပွဲကြည့်နေသည်ဟု ဆိုရမည်။

ထို့နောက် တတိယအုပ်စု နှင့် စတုတ္ထအုပ်စုက ဝက်ပေါက်လေးများ၏ ပြိုင်ပွဲများက ဆက်တိုက် ပြီးဆုံးသွားခဲ့သည်။

လိုက်ဖ်ထဲက ကြည့်ရှုသူများက အဆက်မပြတ် အော်ဟစ်နေကြသည်။

မြင်ကွင်းက အလွန် စည်ကားနေ၏။

ပြိုင်ပွဲလေးက ရိုးရှင်းသော်လည်း အားလုံးက ပါဝင်ဆင်နွှဲခွင့် ရသည့်အတွက် လေထုက အတော်လေး ကောင်းမွန်နေပေသည်။

နောက်ဆုံးတွင်တော့ ဗိုလ်လုပွဲသို့ ရောက်ရှိလာခဲ့သည်။

ဝက်ပေါက်လေး လေးကောင် အတူတကွ ပြိုင်ရမည် ဖြစ်သည်။

ရွှီယန် ရွေးချယ်ထားသော နံပါတ် ၁၈ ဝက်ပေါက်လေးလည်း ထိုအထဲတွင် ပါဝင်နေ၏။

ဤအချိန်တွင် ရွှီယန်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲ တစ်ခု ဖြစ်နေသည်မို့ ကိုယ့်၏ ဝက်ပေါက်လေးကို အနိုင်ရစေချင်သည်မှာ သဘာဝပင်။

ရိုးရိုးရှင်းရှင်း ဝက်ပေါက်လေးများ အပြေးပြိုင်ပွဲလေးက မြင်းပွဲ ကြည့်နေရသလို ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"နံပါတ် ၁၈... သေချာ ပြေးနော်... မင်းသာ နိုင်ရင် မနက်ဖြန် မင်းအတွက် ဝက်စာကို ငါကိုယ်တိုင် ပြုတ်ပေးမယ်"

ရွှီယန်က ဝက်ပေါက်ဖြူလေးကို လှမ်းအော်လိုက်သည်။

သို့သော် ဤဝက် လေးကောင်ကတော့ နားလည်မည် မဟုတ်ပေ။ ခြံစည်းရိုးကိုသာ ပတ်ချာလှည့်ပြီး အပြင်ကို ပြေးထွက်ရန် ထွက်ပေါက်ကို ရှာဖွေနေကြသည်။

အချိန်ကျပြီ ဖြစ်သဖြင့် ရွှီယန် ကိုယ်တိုင် ခြံစည်းရိုး တံခါးကို ဖွင့်ပေးလိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်လေး လေးကောင်လုံး ပြေးထွက်လာကြတော့သည်။

ဗိုလ်လုပွဲ ဖြစ်သည့်အတွက် ခံစားချက်ကလည်း မတူညီချေ။

ကောင်လေးများက ပျော်ရွှင်စွာ ပြေးလွှားနေကြပြီး တစ်ကောင်နှင့် တစ်ကောင် ယှဉ်ပြိုင် ပြေးနေသလို ခံစားချက်မျိုးတောင် ရှိနေသည်။

ရွှီယန်လည်း စိတ်လှုပ်ရှားလာခဲ့သည်။

နံပါတ် ၁၈ က ပထမ နေရာသို့ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ရွှီယန်တောင် အောင်ပွဲခံရန် ပြင်ဆင်နေပြီ ဖြစ်သည်။

သို့သော် ပန်းတိုင်နှင့် သုံးမီတာခန့် အလိုမှာပင် ဤကောင်လေးက ဘာရောဂါ ဖောက်လာမှန်း မသိဘဲ ဘေးဘက်ရှိ ခြံစည်းရိုးကို ရုတ်တရက် ဝင်တိုက်ပြီး ပြေးလမ်း ဘေးဘက်မှနေ၍ ပျော်ရွှင်စွာ ထွက်ပြေးသွားတော့၏။

ဤဝက်က တကယ်ကို ပြဿနာ ရှိပေသည်။

မဟုတ်လျှင် ဝက်စာခွက်ကို အမြဲတမ်း ထိုးလှန်နေမည် မဟုတ်ချေ။

၎င်းက အမြဲတမ်း ဤသို့ပင် တခြားသူများနှင့် မတူဘဲ ကွဲထွက်နေတတ်သည်။

"ဟေ... ဟေ"

ရွှီယန်က ပြေးထွက်သွားသည့် နံပါတ် ၁၈ ဝက်ပေါက်လေးကို ကြည့်ပြီး ချက်ချင်း ကြောင်အမ်းသွားခဲ့သည်။

"မဟုတ်သေးပါဘူး... ဘယ်လို အခြေအနေကြီးလဲဟ"

သူက ဝက်ကို ဖမ်းရန် ပြေးသွားသော်လည်း နံပါတ် ၁၈ ဝက်ပေါက်လေးကလည်း ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းပြီး အပြင်သို့ တန်းပြေးတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများ အားလုံး ရယ်မောကုန်ကြသည်။

[ဟားဟားဟား... မတရားလုပ်ထားတာ မရှိဘူး ဆိုတာ အခုတော့ ငါ သေချာသွားပြီ]

[ကောင်းတယ်ဟေ့]

[လောင်ရွှီ က တော်တော်လေး ရိုးသားပါတယ်... ခုနက ငါ မင်းကို အထင်လွဲသွားတာ ဝန်ခံပါတယ်ကွာ]

[လိုက်ဖ်လွှင့်သူ က နံပါတ် ရွေးတတ်တာပဲ... ဒီဝက်လေးက အစီအစဉ်ရဲ့ ရလဒ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို တော်တော်လေး သိတာပဲ]

[တကယ် မတရားလုပ်ထားတာ မရှိဘူး... အရမ်း ရယ်ရတာပဲ]

လိုက်ဖ်ထဲက လေထုက အလွန် ပူပြင်း တက်ကြွနေသည်။

ရွှီယန်က ခြေလှမ်း အနည်းငယ် ပြေးလိုက်ပြီး မကြာခင်မှာပင် နံပါတ် ၁၈ ဝက်ပေါက်လေးကို ဖမ်းမိသွား၏။

အပြေးအမြန်နှုန်းကို ပြောရမည် ဆိုလျှင် ကိုယ်ပေါ်တွင် အနက်ရောင် အသည်းပုံ အကွက်လေး ရှိသည့် ဝက်ပေါက်လေးက အမြန်ဆုံး ပြေးနိုင်ခြင်း ဖြစ်သည်။

တခြား ဝက်ပေါက်လေးများကိုတော့ ရွှီယန်က ခဏလေးဖြင့် ဖမ်းမိသွားသည်။

သို့သော် ဤအချိန်တွင် နောက်ကျသွားခဲ့ပြီ။

တခြား ဝက်ပေါက်လေးတွေ အကုန်လုံး ပန်းဝင်သွားပြီး အနိုင်အရှုံး ပေါ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

နံပါတ် ၁၈ က ဗိုလ်လုပွဲတွင် နောက်ဆုံး နေရာကသာ ဝင်နိုင်ခဲ့သည်။

"ဒါကတော့ တကယ်ကို မတတ်နိုင်တော့ဘူးကွာ"

ရွှီယန်က ဝက်ပေါက်လေးကို ပွေ့ချီထားရင်း ရယ်ရခက် ငိုရခက် ဖြစ်နေသည်။

ဝက်ပေါက်လေးများ အပြေးပြိုင်ပွဲက ဤသို့ဖြင့် ပြီးဆုံးသွားခဲ့သည်။

"ပြိုင်ပွဲ ပြီးပါပြီ... ပထမ ရသွားတာကတော့ နံပါတ် ၂၉ ပါ"

"နံပါတ် ၂၉ ကို ရွေးထားတဲ့ ကြည့်ရှုသူတွေကို အခမဲ့ ရတဲ့ ပန်းလေးတွေ အရင် ခွဲပေးလိုက်ပါ့မယ်"

"အဲဒီနောက် အဲဒီအထဲကနေ လူ ဆယ်ယောက်ကို ရွေးပြီး ဖန်ရတနာ ပြောင်းဖူးလေးတွေ လက်ဆောင် ပေးပါမယ်"

"အခမဲ့ ဖူတိုက် တချို့လည်း ဖောက်ပေးပါဦးမယ်"

ရွှီယန်က ဝက်ပေါက်လေးကို ဝန်ထမ်းများထံ ပေးလိုက်ပြီးနောက် အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

လေထုက အလွန် စည်ကားနေပြီး ကြည့်ရှုသူ အတော်များများက နောက်တစ်ကြိမ်ကျလျှင် ပိုက်ဆံဖြင့် လောင်းသည့် စနစ် ဖွင့်ပေးရန်နှင့် အဖြေမှန်သည့် သူများက ပိုက်ဆံများ အကုန် ယူသွားရန် အကြံပြုနေကြသည်။

ရွှီယန်က မြင်သောအခါ ပြုံးရုံသာ ပြုံးနေလိုက်၏။

ဒါက သူ့ကို ထောင်ထဲ ဝင်စေချင်နေခြင်းပင်။

ဤကဲ့သို့သော ကိစ္စမျိုးက အခမဲ့ လုပ်ပြီး ပျော်ရွှင်ရန် သက်သက် ဆိုလျှင် ရသော်လည်း ပိုက်ဆံဖြင့်သာ လောင်းကစား လုပ်မည်ဆိုပါက တကယ်ပင် ထောင်ကျသွားနိုင်သည်။

ဤသို့သော ဥပမာများက မရှိသည်မှ မဟုတ်ဘဲ။

ထို့နောက် သူက ဝန်ထမ်းများကို ပြေးလမ်း သိမ်းဆည်းရန် စီစဉ်ခိုင်းလိုက်သည်။

နောက်အချိန် အနည်းငယ် ကြာလျှင် လှုပ်ရှားမှုများ လုပ်သည့်အခါ ထပ်သုံး၍ ရသေးသည် မဟုတ်ပါလား။

အဲဒီအချိန်ကျလျှင် ဤနည်းလမ်းကို သုံးပြီး ပရိသတ် အချို့ကို အရင် ရွေးချယ်ကာ မဲဖောက်ပေးပြီး လက်ဆောင်လေးများ ပေး၍ ရသည်။

ပုံမှန် လိုက်ဖ်လွှင့်သည့် အချိန်များတွင် လက်ဆောင်ပေးသည့် စနစ်ကို ဖွင့်ထားခြင်း ဖြစ်သဖြင့် ဝင်ငွေက အတော်လေး မြင့်မားသည်။

တစ်ခါတရံ လက်ဆောင်လေးများ ပြန်ပေးခြင်းကလည်း ပုံမှန် လည်ပတ်မှု နည်းလမ်း တစ်ခုပင် ဖြစ်၏။

အားလုံးကလည်း ဤသို့သော အစီအစဉ်များကို သဘောကျကြသည်လေ... လုံးဝ နှမြောတွန့်တိုနေ၍မှ မရတာ။

လိုက်ဖ်ထဲတွင် လူအရေအတွက်က များပြားနေဆဲပင် ဖြစ်သည်။

ရွှီယန်က မြင်းစီးပြီး တောင်ပေါ်လမ်းတွင် ခဏခန့် ပြေးလွှားရန် စဉ်းစားနေသည်။ ရွာထဲသို့ သွားလည်ပြီးနောက် တောင်ပေါ်လမ်းအတိုင်း အပေါ်သို့ တက်သွားကာ မြစ်တစ်စင်း ခြားနေသော ကိုရီးယား ရွာလေးကို သွားကြည့်ရန် ရည်ရွယ်ထား၏။

ထိုအချိန်မှာပင် မြေခွေးပေါက်လေး နှစ်ကောင်က ရုတ်တရက် ပျော်ရွှင်စွာ ပြေးလာကြသည်။

သူတို့က ရွှီယန်ဆီသို့ တန်းပြေးလာပြီး ရွှီယန်၏ အရှေ့တွင် တစ်အိအိဖြင့် အဆက်မပြတ် အော်နေကြ၏။

ကြည့်ရသည်မှာ အလွန်ကို ချစ်စရာ ကောင်းနေပေသည်။

"ဘာဖြစ်လို့လဲဟ"

ရွှီယန်က အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

သူက ဝန်ထမ်းများကို ဝက်ပေါက်လေးများ ကိစ္စ တာဝန်ယူခိုင်းလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချကာ မြေခွေးထီး နှစ်ကောင်ကို ပွတ်သပ်ပေးလိုက်သည်။

ဤကောင်လေး နှစ်ကောင်က ရွှီယန် လာသည်ကို မြင်သောအခါ ချက်ချင်းပင် အပြင်သို့ ခြေလှမ်း အနည်းငယ် ပြေးထွက်သွားပြီးနောက် နောက်လှည့်ကြည့်ကာ သူ့ကို နောက်က လိုက်ခဲ့ရန် အချက်ပြနေ၏။

သူတို့၏ ရည်ရွယ်ချက်ကို ရွှီယန် ချက်ချင်းပင် ခန့်မှန်းမိသွားတော့သည်။

"ဟာ... သူတို့က ငါ့ကို နောက်က လိုက်ခဲ့ခိုင်းနေတာ... မြေခွေးလေးတွေ မွေးပြီ ထင်တယ်"

"မြေခွေးတွေက သခင် အဖြစ် အသိအမှတ်ပြုရင် လူတွေကို သူ့ကလေးတွေဆီ သွားကြည့်ခိုင်းတတ်တယ်လေ"

"အရင်ကလည်း ဒီလို ဥပမာမျိုး ရှိဖူးတယ်"

"သူတို့က သူတို့ရဲ့ ကလေးတွေကိုလည်း ဒီလူသားရဲ့ အနံ့ကို မှတ်မိစေချင်ကြလို့လေ"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။

လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ဝက်ပေါက်လေးများ အပြေးပြိုင်ပွဲ ကစားပွဲ ပြီးသည်နှင့် မြေခွေးလေးများ ထွက်လာကြပြန်၏။

[မြေခွေး မွေးပြီလား... လယ်ယာခြံဝင်းမှာ မြေခွေးတွေ ထပ်မွေးဖို့ ရပြီပေါ့]

[ဒီမြေခွေး နှစ်ကောင်က အရမ်း ချစ်စရာ ကောင်းတာပဲ]

[ဒီလယ်ယာခြံဝင်းမှာ တိရစ္ဆာန်တွေ အရမ်း များတာပဲ... ကြည့်ရတာ အရမ်း ပျော်စရာ ကောင်းနေတယ်]

[တကယ် အားကျတာပဲ]

ရွှီယန်က မြေခွေးထီး နှစ်ကောင် နောက်မှနေ၍ အပြင်သို့ ထွက်လာခဲ့သည်။

ကောင်လေး နှစ်ကောင်က ခြေလှမ်း အနည်းငယ် ပြေးသွားပြီးတိုင်း ရွှီယန် မလိုက်လာမည်ကို စိုးရိမ်သည့် အတိုင်း ရွှီယန်ကို နောက်လှည့်ကြည့်နေကြ၏။

ဤသို့ဖြင့် အပြင်သို့ တောက်လျှောက် လျှောက်လာခဲ့ရာ မကြာခင်မှာပင် ရွှီယန်က မြေခွေးတွင်း ဘေးသို့ ရောက်ရှိလာခဲ့သည်။

ဤသည်မှာ တူးဆွထားသော တွင်း တစ်ခု ဖြစ်ပြီး သိပ်မနက်သော်လည်း အထဲတွင်တော့ အလွန် သန့်ရှင်းနေ၏။

ရွှီယန် ဆောင့်ကြောင့်ထိုင်ချကာ ကြည့်လိုက်ရာ မြေခွေးမလေးက တွင်းထဲတွင် အမွေး မပေါက်သေးသည့် မြေခွေးပေါက်လေး လေးကောင်ကို ယုယကြင်နာစွာ နို့တိုက် ကျွေးမွေးနေသည်ကို တွေ့လိုက်ရသည်။

ရွှီယန် ရောက်လာသည်ကို မြင်သောအခါ မြေခွေးမလေးက ချက်ချင်း ထရပ်လိုက်ပြီး မြေခွေးပေါက်လေး တစ်ကောင်ကို ကိုက်ချီကာ အပြင်သို့ ထွက်လာသည်။

ရွှီယန်လည်း အမြန်ပင် လက်ဖြင့် လှမ်းခံလိုက်၏။

"သူတို့က မြေခွေးပေါက်လေးတွေကို ကျွန်တော့် အနံ့ မှတ်မိစေချင်တာ... ပြီးတော့ ဒီကလေးတွေကို ကျွန်တော့်ကို လက်ခံစေချင်တာလေ"

"တချို့ မြေခွေးတွေက သခင် သဘောကျမကျ ကြည့်တတ်ကြတယ်... အကယ်၍ သခင်က လက်မခံတဲ့ ပုံစံ ပြရင် ကလေးတွေကိုတောင် စွန့်ပစ်သွားနိုင်တယ်"

"ကျွန်တော် ဒီကောင်လေးတွေကို သေချာ ဂရုစိုက်ပေးမှ ရမယ်"

ရွှီယန်က မြေခွေးများ၏ သဘာဝကို ပြောပြနေသည်။

သူက မြေခွေးပေါက်လေး တစ်ကောင်ကို လက်နှစ်ဖက်ဖြင့် ပွေ့ချီထား၏။ ဤကောင်လေးက သေးသေးလေးသာ ရှိသေးပြီး အမွေးလည်း မပေါက်သေးသလို မျက်လုံးလည်း မပွင့်သေးဘဲ ရွှီယန်၏ လက်ထဲတွင် တစ်ကျီကျီဖြင့် အော်နေသည်။

မြေခွေးမလေးက မြေခွေးပေါက်လေးများ အကုန်လုံးကို အပြင်သို့ ကိုက်ချီ ထုတ်လာပြီး ရွှီယန်ကို ပြသသည်။

အဲဒီနောက် မြေခွေး သုံးကောင်စလုံးက ရွှီယန်ကို ကြည့်နေကြ၏။

သူတို့က တစ်အိအိဖြင့် အော်နေကြပြီး ကြည့်ရသည်မှာ အလွန် ပျော်ရွှင်နေပုံရသည်။

"အကုန်လုံး ချစ်စရာလေးတွေပဲ... တကယ် မဆိုးဘူး"

ရွှီယန်က ပြုံးရင်း ချီးကျူးလိုက်သည်။

ယခုမှ မွေးကာစ မြေခွေးပေါက်လေးများက အနည်းငယ် ရုပ်ဆိုးနေသေးသည် ဆိုသော်လည်း တစ်လခန့် အချိန်ယူပြီး ဤမြေခွေးလေးများ၏ အမွေးများ ရှည်လာသည့်အခါ သေချာပေါက် ပထမတန်းစား ချစ်စရာ ကောင်းသွားမည် ဖြစ်၏။

မြေခွေးများက ငယ်ရွယ်သည့် အချိန်တွင် ရုပ်လုံးရုပ်ပေါက် အလွန် လှပပြီး အလွန် ချစ်စရာ ကောင်းလှသည်။

ထို့ကြောင့် သူတို့ ကြီးလာရန်ကို စောင့်နေရုံသာပင်။

ဒါ့အပြင် မြေခွေးများ များလာပါက လယ်ယာခြံဝင်း ထဲရှိ ကြွက်များလည်း နည်းသွားမည် ဖြစ်သည်။

မွေးထားရသည်ကလည်း မဆိုးပါဘူးလေ။

ရွှီယန်၏ ပုံစံကို မြင်သောအခါ မြေခွေး သုံးကောင်က ပိုပြီး ပျော်ရွှင်သွားကြ၏။

"ကဲပါ... ပြန်ခေါ်သွားလိုက်တော့... အပြင်မှာ လေတိုက်တယ်... အအေးမိသွားဦးမယ်"

ရွှီယန်က မြေခွေးပေါက်လေးများကို လက်နှစ်ဖက်ဖြင့် ပွေ့ချီပြီး ပြန်ပေးလိုက်သည်။

မြေခွေးမလေးက သဘောပေါက်သွားပြီး ကောင်လေးများကို ကိုက်ချီကာ တွင်းထဲသို့ ပြန်သယ်သွားတော့၏။

အင်တာနက်သုံးစွဲသူများက ရယ်ချင်စိတ်ကို မထိန်းနိုင်ကြတော့ချေ။

[ဟားဟားဟား... သခင် အသိအမှတ်ပြုတာ အောင်မြင်သွားပြီ... နောက်ပိုင်း လောင်ရွှီ ဆက်မွေးရတော့မှာပဲ]

[ဒီမြေခွေးက ကလေးတွေအတွက်ပါ အလုပ်နေရာ ရှာပေးသွားတာပဲ]

[မြေခွေးက ပြောနေတယ်... ငါတို့မှာ အလုပ်နေရာ ရှိသလို ငါတို့ ကလေးတွေလည်း အလုပ်နေရာ ရှိရမယ် တဲ့လေ]

[ဆရာလာကန်တော့တာပဲ ဆိုတော့ နောက်ပိုင်း လယ်ယာခြံဝင်းမှာ ဝင်ရှုပ်လို့ ရပြီပေါ့]

ရွှီယန်က ဤမြင်ကွင်းကို ကြည့်ရင်း အလွန် နွေးထွေးသည်ဟု ခံစားရသည်။

မြေခွေးပေါက်လေးများ ကြီးလာမည့် အချိန်ကိုတောင် သူ မျှော်လင့်နေမိ၏။ မြက်တောထဲတွင် ခန္ဓာကိုယ် သေးသေးလေးနှင့် မြေခွေးလေးများ ပိုများလာလျှင် သေချာပေါက် အရမ်း စိတ်ဝင်စားစရာ ကောင်းလာမည်ပင်။

"မင်း စောင့်နေနော်... ငါ နို့သွားဖျော်ပေးမယ်... သေချာပေါက် ဗိုက်ဆာနေလောက်ပြီ"

ရွှီယန်က မြေခွေးမလေးကို ပွတ်သပ်ပေးလိုက်ပြီး မတ်တတ်ရပ်ကာ လူနေဆောင် ဧရိယာ ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

ခြေနှစ်လှမ်းခန့်သာ လျှောက်ရသေးသည်... ရှောင်ဟေးက မျက်နှာချိုသွေးပြီး ပြေးလာသည်ကို တွေ့လိုက်ရ၏။

အဲဒီနောက် ၎င်းက ညင်ညင်သာသာလေး အော်လိုက်ပြီး ရွှီယန်ကို ၎င်းနောက် လိုက်ခဲ့ရန် အချက်ပြနေသည်။

၎င်း ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ ရွှီယန် အံ့ဩသွားခဲ့၏။

ရွှီယန်က မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"ဟာ... မင်းကလည်း လာပြန်ပြီလား"

"နေပါဦး... မင်း မိန်းမ လည်း မွေးပြန်ပြီလား"

"တကယ်ပဲ ဒီနေရာကို မီးနေသည် စောင့်ရှောက်ရေးဂေဟာ မှတ်နေကြတာလားကွာ”

All Chapters