အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂) ကျွမ်းကျင်ရမယ့်ကိစ္စတွေကို ကျွမ်းကျင်သူတွေဆီ အပ်လိုက်ခြင်းနဲ့ လယ်ယာခြံဝင်းရဲ့ ဝန်ထမ်းအသစ်
ယေဘုယျအားဖြင့် ရိုးရာတောခွေးတွေ ကလေးမွေးပြီးရင် သုံးလလောက်နေမှ သခင်ကို ပေးကြည့်တတ်ကြသည်။
သို့သော် ရှောင်ဟေးကတော့ မွေးစခွေးပေါက်လေးများကို ကြည့်ရန် ရွှီယန်ကို ခေါ်ဆောင်သွားခဲ့၏။
ကောင်လေးများက ကန်စွန်းဥလေးများနှင့် တူနေပြီး အမွေးများ မပေါက်သေးသလို မျက်လုံးပင် မပွင့်ကြသေးပေ။
ရွှီယန်က ခဏမျှကြည့်ပြီးနောက် ဤကောင်လေးများကို ပြန်ချထားလိုက်သည်။
"တစ်ရက်တည်း အတူတူမွေးလာကြတယ်... ချိန်းထားကြတဲ့အတိုင်းပဲ"
"ဒီတလော သူတို့ကို သေချာဂရုမစိုက်ပေးနိုင်ခဲ့ဘူး... ဒါပေမယ့် ခွေးပေါက်လေးတွေက ငါဝင်ပါစရာမလိုတော့ သိပ်ပြီး အလုပ်မရှုပ်ပါဘူးလေ"
ရွှီယန်က နို့မှုန့်သွားဖျော်ရန် ရည်ရွယ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက ယခုအခါ နေ့စဉ် ဆိတ်နို့အချို့ကိုလည်း ဝယ်ယူလေ့ရှိသည်။ လယ်ယာခြံဝင်းတွင် တိရစ္ဆာန်များ များပြားသဖြင့် ကျွေးသင့်ကျွေးထိုက်သည်များကို ကျွေးရမည်သာ ဖြစ်၏။
ဤမြင်ကွင်းများကို လိုက်ဖ်လွှင့်နေခြင်း ဖြစ်သည်။ လယ်ယာခြံဝင်းသို့ အဖွဲ့ဝင်အသစ်များ ရောက်ရှိလာသည်ကို မြင်သောအခါ အားလုံးက အထူးပင် အားကျနေကြတော့သည်။
[လောင်ရွှီရဲ့ ခြံဝင်းက ထပ်ပြီး စည်ကားလာပြန်ပြီပေါ့]
[မြေခွေးရော ခွေးရော မွေးကြတယ်... တကယ်မိုက်တာပဲ]
[ငါလည်း ဒီလိုခြံဝင်းမျိုး ပိုင်ချင်လိုက်တာကွာ]
အားလုံးက အသီးသီး အော်ဟစ်ပြောဆိုနေကြ၏။
"တော်ပါသေးရဲ့... ဒီကောင်လေးတွေအတွက် ငါဘာမှ စိတ်ပူစရာမလိုလို့... သရေစာရှိရင် နည်းနည်းလောက် ကျွေးလိုက်ရုံပဲ"
"ငါက ဒီလိုလွှတ်ကျွေးတဲ့ပုံစံကို ပိုသဘောကျတယ်... ဥပမာ ရှောင်ဟွာတို့ မြေခွေးတို့ တောရိုင်းဒရယ်ပြောက်တို့ ဖေးကျူးတို့လိုမျိုးပေါ့"
"သူတို့ ခြံထဲလာချင်ရင် လာမယ်... မလာချင်ရင်လည်း အပြင်မှာ ကိုယ့်ဘာသာ သွားဆော့ကြမှာလေ"
"ခြံဝင်းကလည်း သူတို့ကို ကန့်သတ်မထားဘူး... ဒီတိုင်း အပျော်လေး မွေးထားရတာ ကောင်းပါတယ်"
ရွှီယန်က နို့တစ်ဘူးကိုဆွဲကာ အပြင်သို့ထွက်လာပြီး အင်တာနက်သုံးစွဲသူများကို ပြောပြနေသည်။
ရွှီယန် ကိုယ်တိုင်မွေးထားသော တိရစ္ဆာန်များကိုတော့ ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးပြီး အခြားတောရိုင်း တိရစ္ဆာန်များကတော့ အလွန်ဆုံး အစာလာတောင်းရုံသာရှိကာ ပြီးလျှင် တောအုပ်ထဲသို့ ပြန်သွားပြီး ကိုယ့်ဘာသာ ဆော့ကစားလေ့ရှိကြသည်။
မကြာမီမှာပင် ရွှီယန်က မြေခွေးတွင်းရှိရာဘက်သို့ ရောက်ရှိလာ၏။ သူက နို့တစ်ဘူးနှင့် အမဲသားခြောက်အချို့ကို ပြင်ဆင်လာခဲ့သည်။
မြေခွေးထီး နှစ်ကောင်က ဤမြင်ကွင်းကို မြင်သောအခါ စားချင်ဇောဖြင့် အနားသို့ တိုးကပ်လာကြသည်။
"သွားစမ်း သွားစမ်း... ဒါက မီးနေသည်စားဖို့ကွ... မင်းတို့နှစ်ကောင် လုပ်စရာရှိတာ သွားလုပ်ကြ"
"ဒါ မင်းတို့စားဖို့ မဟုတ်ဘူးနော်"
ရွှီယန်က လက်ကာပြကာ ဤကောင်လေး နှစ်ကောင်ကို မောင်းထုတ်လိုက်၏။ ထို့နောက် မြေခွေးမလေးကို လာစားရန် လှမ်းခေါ်လိုက်သည်။
မြေခွေးမလေးက ကလေးများကို ဘေးတွင် ညင်သာစွာ ချထားခဲ့ပြီး တွင်းထဲမှ ထွက်လာကာ ရွှီယန်၏ အနားသို့ ရောက်လာသည်။
ပထမဆုံး နို့တစ်ဘူးကို ကုန်အောင်သောက်လိုက်ပြီးနောက် အသားခြောက် အချို့ကို စားသုံးလိုက်၏။ ကလေးမွေးပြီးစအချိန် ဖြစ်ရာ ခွန်အား ပြန်လည်ဖြည့်တင်းရန် လိုအပ်နေချိန်ပင် ဖြစ်သည်။
တကယ်တော့ တွင်းအပြင်ဘက်တွင် ကြွက်များ၏ အရိပ်အယောင်များ ရှိနေသေးရာ မြေခွေးထီး နှစ်ကောင်ကလည်း မြေခွေးမလေးကို ပြုစုစောင့်ရှောက်ရန် ကြွက်များ ဖမ်းပေးနေကြောင်း သိသာလှ၏။ ကလေးမွေးပြီးစ ဖြစ်သဖြင့် သေချာစွာ ဂရုစိုက်ပေးရမည်သာ ဖြစ်သည်။
မြေခွေးမလေးက ညင်သာစွာ တစ်အိအိအော်လိုက်ရာ မျက်နှာချိုသွေးနေသည့် အဓိပ္ပာယ်က အလွန်ပင် သိသာနေသည်။ ဤကောင်လေးကလည်း ချစ်စရာကောင်းလှသဖြင့် ရွှီယန် အစာကျွေးရကျိုး နပ်ပေသည်။
ခွေးလေးများဘက်တွင်လည်း ရွှီယန်က အလားတူ အစားအစာများကို ကျွေးမွေးခဲ့၏။
နွေဦးရာသီသို့ ရောက်ရှိလာသည်နှင့် လယ်ယာခြံဝင်းက တကယ်ပင် စည်ကားစပြုလာတော့သည်။
"နို့စားနွား ဒါမှမဟုတ် ဆိတ်တစ်ကောင်လောက် မွေးထားရင် ကောင်းမလားပဲ... နောက်ပိုင်း ခြံဝင်းထဲကနေ နို့ထုတ်လုပ်လို့ ရတာပေါ့"
"နို့သုံးရတဲ့ ပမာဏကလည်း တော်တော်များနေတာ... သောက်ဖို့စောင့်နေတဲ့ တိရစ္ဆာန်တွေက အများကြီးပဲလေ"
ရွှီယန်က ခွေးလေးများကို အစာကျွေးပြီးနောက် မာဝန်ကို မြင်သောအခါ တစ်ချက် မေးမြန်းလိုက်သည်။
တောင်သူလယ်သမား တစ်ဦးအနေဖြင့် နို့စားနွားမ နှစ်ကောင်ခန့် မွေးမြူထားပါက နေ့စဉ် နို့ထွက်ရောင်း၍ ရနိုင်ပြီ ဖြစ်၏။ စက်ဘီး သို့မဟုတ် လျှပ်စစ်စက်ဘီး တစ်စီးကို စီးကာ နို့ထည့်သည့် ပုံးနှစ်ပုံးကို သယ်ဆောင်ပြီး အပြင်သို့ ထွက်ရောင်းရုံသာ ဖြစ်သည်။
ရွာထဲတွင် ဤသို့ရောင်းချနေသော အိမ်တစ်အိမ် ရှိသဖြင့် ရွှီယန်က တစ်ဖက်လူနှင့် စီးပွားရေး လုမည် မဟုတ်ပေ။ ကိုယ့်ဘာသာ လုံလောက်ရုံလောက်သာ ရည်ရွယ်ထားခြင်း ဖြစ်၏။
"ပြဿနာမရှိပါဘူး... ကျွန်တော် နို့စားနွားမကို အစာကျွေးပေးလို့ ရပါတယ်"
"ဒါပေမယ့် နို့စားနွားတွေက ဖျားနာလွယ်တယ်ဗျ... ရောဂါကုရတဲ့ ကိစ္စက တော်တော်လေး ရှုပ်ထွေးတာမို့ ကျွမ်းကျင်တဲ့သူ တစ်ယောက်ကို ရှာမှ ရလိမ့်မယ်"
မာဝန်က ပြန်ဖြေလိုက်၏။
ရွှီယန်လည်း ဤကိစ္စကို စတင် တွက်ချက် စဉ်းစားနေတော့သည်။
ညဘက်သို့ ရောက်သောအခါ လိုက်ဖ်လွှင့်ခြင်းကို ပိတ်ထားလိုက်ပြီ ဖြစ်၏။ လယ်ယာခြံဝင်းမှ ဝန်ထမ်းများက အတူတကွ စုရုံးကာ ထမင်းစားနေကြသည်။
ယနေ့ ဟင်းလျာမှာ အသားနှင့်ဟင်းသီးဟင်းရွက် ရောနှောချက်ပြုတ်ထားသော ဟင်းပေါင်းကြီး ဖြစ်ပြီး ဇလုံထဲတွင် အသားများ အလုံအလောက် ပါဝင်ကာ ပေါက်စီနှင့် ထမင်းကိုလည်း ဝလင်စွာ စားသုံးနိုင်၏။ ထို့အပြင် အကြော် တစ်ပွဲနှင့် အသုပ် နှစ်ပွဲလည်း ပါဝင်ပြီး အရသာ အားလုံးက ကောင်းမွန်လှပေသည်။
ဝန်ထမ်းများက စကားစမြည် ပြောဆိုနေကြပြီး ရွှီယန်က ထိုင်ကာ နားထောင်နေလိုက်သည်။
"ဒီတလော မြို့ထဲမှာ တိရစ္ဆာန်ဆရာဝန်ကြီး တစ်ယောက် ပင်စင်ယူလာတယ်... တိရစ္ဆာန်ဆရာဝန် လုပ်လာတာ အနှစ်သုံးဆယ်ကျော်လောက် ရှိပြီတဲ့... နွားတွေ ဆိတ်တွေကို ဆေးကုပေးတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တယ်လို့ ကြားတယ်... ရွာတော်တော်များများက လူတွေ သူ့ကို လာရှာကြတာပဲ"
"ငါတို့ခြံမှာ နွားမှ မမွေးတာ... မဟုတ်ရင် သူ့ကို ဆက်သွယ်ရမှာပဲ"
ဝမ်ဝူက ကြားလာခဲ့ရသည့် ကိစ္စများကို ပြောပြနေ၏။
ရွာထဲရှိ ရွာသားများ နွားမွေးမြူခြင်းမှာ သာမန်ကိစ္စ တစ်ခုပင်။ ဆိတ်များနှင့် နှိုင်းယှဉ်ပါက နွားက အန္တရာယ်များသလို အကျိုးအမြတ်လည်း များသော မွေးမြူရေး အမျိုးအစားတွင် ပါဝင်သည်။ နွားတစ်ကောင် ကြီးထွားလာပါက ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ပေသည်။
သို့သော် နွားများက အလွယ်တကူ ဖျားနာတတ်ပြီး ရောဂါကြောင့် တစ်ကောင် သေဆုံးသွားပါကလည်း လယ်သမားများအတွက် စိတ်ထဲတွင် လက်ခံနိုင်ရန် ခက်ခဲလှ၏။ ထို့ကြောင့် နွားများကို ဆေးကုသပေးနိုင်သော တိရစ္ဆာန်ဆရာဝန်များက ထိုဒေသတွင် အလွန် လူကြိုက်များကြသည်။ လူများက သူ့ကို အမြဲတမ်း ဆက်သွယ်လေ့ ရှိကြ၏။
မြို့ထဲသို့ ယခုမှ ပြန်ရောက်လာသော တိရစ္ဆာန်ဆရာဝန်၏ နာမည်မှာ ရှန်ကျန့်ကော် ဖြစ်ပြီး အသက် ခြောက်ဆယ်ကျော်နေပြီဖြစ်ကာ အနည်းငယ် အသက်ကြီးနေပြီ ဖြစ်၏။ သို့သော် ဆေးကုသရာတွင်တော့ အလွန် ကျွမ်းကျင်သူ တစ်ဦးပင်။
တိရစ္ဆာန်များ အရိုးလွဲခြင်း... အရာဝတ္ထုများ မျိုချမိခြင်း သို့မဟုတ် ဖျားနာခြင်း... ဝမ်းလျှောခြင်း... အစားအသောက် ပျက်ခြင်း အစရှိသည်တို့ကို သူက အကြမ်းဖျင်း ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ရွှီယန်က အားလုံး ထိုသို့ ပြောဆိုနေကြသည်ကို ကြားသောအခါ ရှန်ကျန့်ကော်၏ ကိစ္စကို စိတ်ဝင်စားသွားပြီး အနည်းငယ် မေးမြန်းကြည့်လိုက်၏။
"သူက ရောဂါစစ်ဆေးရေးစခန်းမှာ တိရစ္ဆာန်ဆရာဝန် လုပ်လာတာ အနှစ်သုံးဆယ်ကျော်ပြီဗျ... တော်တော်လေး တော်တာ... အခု ပင်စင်ယူပြီး မြို့ထဲကို အခုလေးတင် ပြန်ရောက်လာတာလေ"
"ရောဂါစစ်ဆေးရေးစခန်းက သူ့ကို ပြန်ငှားချင်တယ်လို့ ကြားတယ်... ဆေးဆက်ကုပေးဖို့ တောင်းဆိုနေကြတာ"
"ဒါပေမယ့် သူက ငြင်းလိုက်တယ်ဗျ... နားနားနေနေ နေချင်လို့တဲ့"
"သူ့ရဲ့ ရောဂါစစ်ဆေးရေးစခန်းက မြက်ခင်းပြင်ဘက်မှာ ရှိတာ... စစ်ဆေးရေး ထွက်တိုင်း ကားကို ရက်တော်တော်ကြာအောင် စီးရပြီး မြက်ခင်းပြင်ထဲမှာ နေရာအနှံ့ သွားနေရတာလေ"
"အခြေခံအားဖြင့် လမ်းပေါ်မှာပဲ အချိန်ကုန်နေရတာပေါ့"
"အခုက ခါး သိပ်မကောင်းတော့ဘူးလေ... ကြာကြာထိုင်ရင် နာလာလို့ မသွားချင်တော့တာတဲ့"
ဝမ်ဝူကတော့ အတော်လေး ရှင်းလင်းစွာ သိရှိထား၏။ မြို့လေးက ထိုမျှလောက်သာ ကျယ်ဝန်းရာ လူများ ဘာလုပ်ကြသလဲ ဆိုသည်ကို အကြမ်းဖျင်း စကားစမြည် ပြောလိုက်ရုံဖြင့် အားလုံး သိနိုင်ပေသည်။
"ကြည့်ရတာ ဒီလူက တကယ် အရည်အချင်းရှိတဲ့ပုံပဲ"
"ငါလည်း ခြံဝင်းအတွက် တိရစ္ဆာန်ဆရာဝန် တစ်ယောက်လောက် ငှားချင်နေတာ"
"ဒါပေမယ့် အခုက ခြံဝင်းရဲ့ အဓိက ဦးတည်ချက်က မွေးမြူရေးဘက်မှာ မဟုတ်တော့ သိပ်ပြီး မလိုအပ်လှဘူး"
"အချိန်ရရင် ငါသွားဆက်သွယ်ပြီး သူနဲ့ စကားနည်းနည်း ပြောကြည့်ရမယ်... ခြံဝင်းရဲ့ ရောဂါကာကွယ်ရေး အပိုင်းတွေကိုလည်း သေချာ လုပ်ထားမှ ရမယ်... မဟုတ်ရင် နောက်ပိုင်း တိရစ္ဆာန်တွေ များလာရင် ငါတစ်ယောက်တည်း သေချာ ဂရုမစိုက်နိုင်မှာ စိုးလို့"
ရွှီယန်က ထမင်းစားရင်း ပြောလိုက်၏။
တောင်ပေါ်တွင် တိရစ္ဆာန်များ မွေးမြူရသည်မှာ ထိုမျှလောက် မရိုးရှင်းလှပေ။ သဘာဝတရားနှင့် နီးကပ်နေသဖြင့် ပတ်ဝန်းကျင် အခြေအနေက အတော်လေး ဆိုးရွားနိုင်၏။
ဥပမာ ခွေးလေးများ၏ ကိုယ်ပေါ်တွင် မှက်များ အလွယ်တကူ တွယ်ကပ်နိုင်သည်။ သူတို့က မြက်တောများထဲတွင် အမြဲတမ်း ဝင်ထွက်သွားလာ နေကြသဖြင့် မှက်များ အလွယ်တကူ ကူးစက်ခံရနိုင်၏။
တစ်ခါတစ်ရံတွင် ရွှီယန်က တွန်လေ့ရှိသော ထိုကြက်ဖကြီးကို အောက်သို့ ခေါ်ချလိုက်သည်။ သူက ခွေးလေးများ၏ အမွေးများကြားတွင် ရှာဖွေပြီး မှက်များကို တွေ့ပါက ကြက်ဖကြီးကို ပြသလိုက်ရာ ကြက်ဖကြီးက အမည်းရောင် မှက်များကို တစ်ချက်တည်းနှင့် ကောက်ယူ စားသောက်လိုက်တော့၏။ ထို့အပြင် ၎င်းက ဤအရာများကို စားရသည်ကို အလွန်ပင် နှစ်သက်ပေသည်။
အခြားသော ရောဂါများစွာလည်း ရှိသေးရာ တိရစ္ဆာန်ဆရာဝန် တစ်ယောက် ရှိနေမှသာ ဂရုစိုက်ပေးနိုင်မည် ဖြစ်၏။
"အကောင်းဆုံးကတော့ အလုပ်သမား အဖြစ် ငှားရမ်းနိုင်ရင် ကောင်းမယ်... အပတ်တိုင်း တစ်ခေါက်လောက် လာကြည့်ပေးရုံနဲ့ အဆင်ပြေပါတယ်"
ရွှီယန်က ထပ်ပြောလိုက်သည်။
ဤကိစ္စကို ပြောပြီးသည်နှင့် ချက်ချင်း လက်တွေ့ လုပ်ဆောင်လိုက်၏။ နောက်တစ်နေ့တွင် ရွှီယန်က ဝမ်ဝူကို ခေါ်ကာ မြို့ထဲသို့ သွားပြီး တိရစ္ဆာန်ဆရာဝန် ရှန်ကျန့်ကော်ကို သွားရောက် ရှာဖွေခဲ့သည်။
ရွှီယန် ထင်မှတ်မထားသည်မှာ ရှန်ကျန့်ကော်က သူ့ကို အစကတည်းက သိရှိနေခြင်းပင်။ ရွှီယန် လာရှာသည်ကို ကြားသောအခါ အလွန် နွေးထွေးစွာ ကြိုဆိုခဲ့၏။
"အန်ကယ်က အရင်တုန်းက ရောဂါစစ်ဆေးရေးစခန်းမှာ အားနေတဲ့အချိန်တိုင်း မင်းရဲ့ လိုက်ဖ်ကို ကြည့်ရတာ သဘောကျတာကွ... ကြည့်လိုက်ရင် တစ်ဝက်လောက် အချိန်ကုန်သွားတာပဲ"
ရှန်ကျန့်ကော်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် မြက်ခင်းပြင်ပေါ်ရှိ အစိုးရ ဌာန ဖြစ်ရာ ရောဂါစစ်ဆေးရန် လိုအပ်ချိန်တွင်သာ အလုပ်များပြီး ကျန်အချိန်များတွင်တော့ အလွန် အားလပ်နေတတ်ကာ စခန်းထဲတွင် လက်ဖက်ရည်သောက်ခြင်းနှင့် ပညာပေး သင်တန်းများ တက်ရောက်ရုံသာ ရှိပေသည်။
ရှန်ကျန့်ကော် ပျင်းလာသည့်အခါတိုင်း ရွှီယန်၏ လိုက်ဖ်ကို ကြည့်ရှုလေ့ ရှိ၏။
တစ်ဖက်တွင် ရွှီယန် လိုက်ဖ်လွှင့်သည်မှာ ချန်ပိုင်တောင်တန်း ဖြစ်ပြီး သူ၏ ဇာတိမြေ ဖြစ်သဖြင့် ကြည့်ရသည်မှာ ရင်းနှီးကျွမ်းဝင်မှု ရှိပေသည်။ အခြား တစ်ဖက်တွင်တော့ ရွှီယန်၏ လိုက်ဖ်က တကယ်ကို ကြည့်ကောင်းပြီး တောရိုင်း တိရစ္ဆာန် အများအပြားကို မြင်တွေ့နိုင်သောကြောင့်ပင်။
"ဒါက တော်တော်လေး တိုက်ဆိုင်သွားတာပဲ... ကျွန်တော်က တောင်ထဲ ဝင်ရတာကို တော်တော် သဘောကျလို့ပါ"
ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်၏။
ထို့နောက် ရွှီယန်က သူ လာရောက်ရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
"ကျွန်တော့် ခြံဝင်းထဲမှာ ဝက်တွေ ငန်းတွေ မွေးထားတယ်... ခွေးတွေ ဒရယ်ပြောက်တွေ ဘာတွေလည်း ရှိသေးတယ်... နောက်ပိုင်းကျရင် နို့စားနွားမ နှစ်ကောင်လောက် ဝယ်မွေးဖို့ စဉ်းစားထားတာ"
"တိရစ္ဆာန်တွေက နည်းနည်း များနေတော့ အန်ကယ့်ကို လာပြီး ကူကြည့်ပေးစေချင်လို့ပါ"
"ဒါမှမဟုတ် ကျွန်တော်တို့ စာချုပ် တစ်ခုလောက် ချုပ်ထားလို့ ရမလား... တစ်ပတ်ကို တစ်ရက်လောက် လာကြည့်ပေးပေါ့... အရေးပေါ် အခြေအနေ ရှိရင်လည်း လာကြည့်ပေးလို့ ရပါတယ်"
"နောက်ပိုင်း တခြား တိရစ္ဆာန်တွေ ထပ်မွေးလာနိုင်သေးတော့ တိရစ္ဆာန်ဆရာဝန် က အမြဲတမ်း လိုအပ်နေမှာမို့လို့ပါ"
ရွှီယန်၏ စကားကို ကြားသောအခါ ရှန်ကျန့်ကော် အတော်လေး အံ့ဩသွားပြီး အနည်းငယ်ပင် စိတ်လှုပ်ရှားသွားခဲ့၏။
လယ်ယာခြံဝင်းက မြို့နှင့် သိပ်မဝေးလှဘဲ ကားမောင်းသွားလျှင် မိနစ် နှစ်ဆယ်ခန့်သာ ကြာမြင့်ပြီး လယ်ယာခြံဝင်း၏ ပတ်ဝန်းကျင်ကလည်း ကောင်းမွန်ကာ စည်ကားပေသည်။ နေ့တိုင်း မြို့ထဲတွင် အောင်းနေရသည်ထက် အများကြီး ပို၍ စိတ်ဝင်စားစရာ ကောင်းလှ၏။
"ရတယ်လေ... အန်ကယ့်ဘက်က ပြဿနာမရှိပါဘူး... နောက်ထပ် ရက်နည်းနည်းလောက် ပိုလာပေးလို့လည်း ရပါတယ်"
"ဒီတလော အန်ကယ်လည်း ခေါင်းရှုပ်နေတာနဲ့ အတော်ပဲ"
ရှန်ကျန့်ကော်က ပြန်ဖြေလိုက်သည်။
"အလုပ်တွေ အရမ်းများနေလို့လား... လူတော်တော်များများ အန်ကယ့်ကို သူတို့အိမ်က နွားတွေကို ဆေးကုပေးဖို့ လာရှာကြတယ်လို့ ကျွန်တော် ကြားထားတယ်"
ရွှီယန်က မေးမြန်းလိုက်၏။
ထိုစကားကို ကြားသောအခါ ရှန်ကျန့်ကော်က သက်ပြင်းချလိုက်ပြီး...
"ရွာကလူတွေက သူတို့နွားတွေကို တကယ် ဆေးကုချင်လို့ လာခေါ်ရင် အန်ကယ်လည်း ဝမ်းသာအားရ သွားပေးမှာပါ... ဘာပဲဖြစ်ဖြစ် အားနေတာပဲ ဆိုတော့ လမ်းနည်းနည်း လျှောက်ရတာလည်း ကောင်းပါတယ်"
"အန်ကယ်လည်း ဘာပိုက်ဆံမှ မယူပါဘူး... ဆေးသွင်းဖို့ ဆေးစားဖို့ လိုတယ် ဆိုရင်တောင် သူတို့ကို ကိုယ့်ဘာသာကိုယ် ဝယ်ခိုင်းပြီး အန်ကယ်က သွင်းပေးရုံပဲလေ... ပိုက်ဆံလည်း သိပ်မကုန်ပါဘူး"
"ဒါပေမယ့် ဒီတလော လူတချို့က အန်ကယ် ဆေးကုပေးရင် ပိုက်ဆံမယူဘူး ဆိုတာကို သိသွားတော့ အခွင့်အရေး ယူချင်လာကြတယ်"
"သူတို့က မွေးမြူရေးခြံ တွေဆီကနေ နွားနာတွေကို သီးသန့် လိုက်ဝယ်ပြီး အန်ကယ့်ဆီ ဆေးလာကုခိုင်းကြတာ... ရောဂါပျောက်သွားရင် ပြန်ရောင်းစားကြတယ်လေ"
"နွားကို ဆေးကုပေးရတာ ဘာမှမဖြစ်ပေမယ့် အန်ကယ် စိတ်ထဲမှာတော့ တစ်မျိုးကြီး ဖြစ်နေလို့"
ရှန်ကျန့်ကော်၏ စကားကို ကြားသောအခါ ရွှီယန် အနည်းငယ် အံ့ဩသွားသော်လည်း အချို့လူများ၏ လုပ်ရပ်များနှင့်တော့ အလွန် ကိုက်ညီလှပေသည်။
လူအတော်များများက အကျိုးအမြတ်ကိုသာ ကြည့်တတ်ကြသဖြင့် ဉာဏ်နီဉာဏ်နက် များတတ်ကြ၏။
မွေးမြူရေးခြံ များတွင် နွားနာ အချို့ ရှိတတ်ပြီး ယေဘုယျအားဖြင့် မွေးမြူရေးခြံများက ဤနွားနာများကို ဂရုမစိုက်နိုင်တော့ပါက ဈေးပေါပေါဖြင့် ရောင်းချပစ်တတ်ကြသည်။
အကယ်၍ နွားနာများကို ဝယ်ယူပြီးနောက် ရောဂါ ပျောက်ကင်းအောင် ကုသနိုင်ပါက နွားတစ်ကောင်လျှင် ယွမ် နှစ်ထောင်မှ သုံးထောင် အထိ ပိုမို မြတ်စွန်းနိုင်ကြောင်း လူအချို့က တွေ့ရှိသွားကြခြင်း ဖြစ်၏။
အကယ်၍ ကုသ၍ မရလျှင်တောင်မှ သတ်ပြီး အမဲသားအဖြစ် ရောင်းချပါက သိပ်ပြီး အရှုံးမပေါ်နိုင်ချေ။
ထို့ကြောင့် နွားနာများကို အထူး တကူးတက ဝယ်ယူကာ ရှန်ကျန့်ကော်ကို လာရောက် ကုသခိုင်းကြခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် နွားနာများကို တိုက်ရိုက်ပင် ခေါ်လာတတ်ကြသေး၏။
ရှန်ကျန့်ကော်က ယခုအခါ မည်သည့်နွားကိုမျှ ဆေးမကုပေးတော့ဘဲ တိုက်ရိုက်ပင် ငြင်းပယ်လိုက်တော့သည်။
နှစ်ရက်ခန့် အပြင်ထွက်၍ ပုန်းရှောင်နေရန်ပင် ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။
"ဒါက တကယ်ကို ပြောရခက်ပါတယ်... ဒါပေမယ့်လည်း ပုံမှန်ပါပဲလေ"
"ကျွန်တော့် ခြံဝင်းထဲမှာ တစ်ထပ်အိမ်တွေ အများကြီး ရှိတယ်... သန့်ရှင်းရေး လုပ်ပြီး အန်ကယ့်အတွက် တစ်ခန်း ပြင်ပေးထားမယ်... အဲဒီမှာပဲ နေလိုက်တော့ပေါ့"
"ဒီနှစ်တော့ အိမ်တွေကို ပြန်မပြင်ရသေးဘူး... နောက်ပိုင်းကျရင် အိမ်တွေကို အသစ်ပြန်ဆောက်ဖို့ ပြင်ဆင်နေတာ"
"ဆောင်းဦးရာသီ ရောက်ပြီး ခြံဝင်းကနေ ဝင်ငွေရလာရင် နေထိုင်ရတဲ့ ပတ်ဝန်းကျင်လည်း ပိုကောင်းလာမှာပါ"
ရွှီယန်က ထပ်ပြောလိုက်သည်။
"ပြဿနာမရှိပါဘူးကွာ... အရမ်းကောင်းတာပေါ့... အန်ကယ်လည်း အဲဒီခြံဝင်းကို တော်တော်လေး သဘောကျနေတာ... အချိန်တစ်ခုလောက် သွားနေလည်း ရပါတယ်"
ရှန်ကျန့်ကော်က ချက်ချင်းပင် သဘောတူလိုက်၏။ သူတို့နှစ်ယောက်က ချက်ချင်းပင် အဆင်ပြေသွားကြသည်။ ပူးပေါင်းဆောင်ရွက်မှုက ထင်ထားသည်ထက်ပင် ပို၍ ချောမွေ့နေခဲ့သည်။
ဤရက်ပိုင်းအတွင်း ရှန်ကျန့်ကော် အတော်လေး ခေါင်းရှုပ်နေခဲ့ရ၏။ ကိုယ့်ဘာသာကိုယ် ရိုးရိုးသားသား နွားတွေကို ဆေးကုပေးနေရင်းမှ အခြားသူများ၏ အခွင့်အရေးယူခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။
ယခုတော့ သူက ဆက်လက်၍ ဆေးမကုချင်တော့ရာ ကိုယ့်အိမ်မှ နွားများကို အမှန်တကယ် ဆေးကုချင်သော သူများပင် သူ့ကို လာရှာ၍ မရနိုင်တော့ချေ။
ထို့ကြောင့် အခွင့်အရေး ယူတတ်သူများက တကယ်ကို ရွံရှာဖွယ် ကောင်းလှပေသည်။ စည်းကမ်းများကို ဖျက်ဆီးပစ်သဖြင့် လူအတော်များများပါ ကံဆိုးသွားရခြင်း ဖြစ်၏။
သို့သော် အချို့သော လယ်သမားများက အိမ်တိုင်ရာရောက် လာရှာတတ်ကြသေးရာ ရှန်ကျန့်ကော်က သူတို့ကို အခြေအနေ အရင် ပြောပြခိုင်းပြီးနောက် ကုသမှုဆိုင်ရာ အကြံပြုချက်များ ပေးလေ့ရှိသည်။ ကူညီနိုင်သလောက် ကူညီပေးခြင်းပင်။
ရှန်ကျန့်ကော်က ရွှီယန်၏ လယ်ယာခြံဝင်းသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။ အရင်ဆုံး သွားကြည့်မည် ဖြစ်သည်။ ကိစ္စရှိလာပါက အခြားရွာများသို့ သွားရောက်ကာ နွားများနှင့် ဆိတ်များကို ဆေးကုပေးမည် ဖြစ်သည်။
ရှန်ကျန့်ကော်က တကယ်ကို ကျွမ်းကျင်သူ ပီသပေသည်။ ဝက်ခြံနှင့် ငန်းခြံ၏ အခြေအနေများကို ကြည့်ရှုပြီးနောက် အကြံပြုချက် အချို့ကို ပေးခဲ့၏။ နို့စားနွား မွေးမြူနည်းများကိုပါ ပြောပြခဲ့သေးသည်။ သူ ရှိနေသဖြင့် မွေးမြူရေး လုပ်ငန်းများက ပိုမို လွယ်ကူလာခဲ့တော့သည်။
တကယ်ပဲ ကျွမ်းကျင်ရမည့် ကိစ္စများကို ကျွမ်းကျင်သူများထံ အပ်နှံရမည် ဆိုသည်က မှန်ကန်လှပေသည်။ ရောဂါစစ်ဆေးရေးစခန်းမှ နှစ်သုံးဆယ်ကျော် အတွေ့အကြုံများကြောင့် သူ ကြည့်ရှုခဲ့ဖူးသော ရောဂါဖြစ်စဉ်များက ရေတွက်၍ပင် မရနိုင်ချေ။ ရှန်ကျန့်ကော် အတွက်တော့ တိရစ္ဆာန် ရောဂါများက သူ၏ မျက်စိထဲတွင် အဆန်းတကြယ် မဟုတ်တော့ပေ။ ထိုမျှလောက်သာ ရှိသည် မဟုတ်ပါလား။