အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅) ဒီခြေကန်ချက်နဲ့ အမျိုးသားဘောလုံးအသင်းထဲ ဝင်ဖို့ မစဉ်းစားဘူးလား
ရွှီယန်က တောင်ထဲတွင် လမ်းလျှောက်လိုက် ရပ်လိုက်ဖြင့် ကျားသစ်များကို ပျော်ရွှင်စွာ လိုက်ရှာနေသည်။ တစ်ပတ်ခန့် ပတ်ရှာပြီးသော်လည်း ကျားသစ်များ သွားလာလှုပ်ရှားထားသည့် အရိပ်အယောင်မျှ မတွေ့ရချေ။
'ဒီကောင်လေးနှစ်ကောင် ဘယ်တွေများ ရောက်နေပါလိမ့်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
တောအုပ်ကြီးက အလွန်ကျယ်ဝန်းလှသဖြင့် ကျားသစ်နှစ်ကောင်ကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။ ကံကောင်းသည်မှာ ရွှီယန်က ပတ်ဝန်းကျင် နယ်မြေများကို ကောင်းစွာ သိရှိထားပြီး ရှောင်ဟွာ၏ သွားလာတတ်သော လမ်းကြောင်းများကို ရှင်းလင်းစွာ သိနေသဖြင့် ဦးတည်ချက်ထားကာ ရှာဖွေနိုင်ခြင်း ဖြစ်သည်။ သူ၏ နေ့စဉ်ဘဝက ဤသို့ပင် ဖြစ်ပြီး အားလပ်ချိန်များတွင် တောင်ထဲသို့ ဝင်ကာ လမ်းလျှောက်လေ့ရှိ၏။
သို့သော် လူဆိုသည်မှာ အမြဲတမ်း အသစ်အဆန်းများကို နှစ်သက်တတ်ကြစမြဲပင်။ ဤတောအုပ်ထဲသို့ လာရသည့် အကြိမ်အရေအတွက် များလာသောအခါ အနည်းငယ် ရိုးအီလာသလို ခံစားရသည်။ သို့တိုင်အောင် ရှုခင်းများက လှပလုံလောက်နေသေးသဖြင့် ခံစားရသည်မှာ သက်သောင့်သက်သာ ရှိနေဆဲပင် ဖြစ်၏။
"ခြံဝင်းထဲမှာ အလုပ်ပါးသွားရင် တခြားနေရာတွေကို လျှောက်လည်ဖို့ စဉ်းစားထားတယ်... တောင်ထွက်ပစ္စည်း ပေါများတဲ့ နေရာမျိုးတွေကို သွားမလို့... တောင်တက်ရင်း လိုက်ဖ်လွှင့်မယ်... လမ်းကြုံရင် ရှုခင်းတွေပါ ကြည့်လို့ရတာပေါ့"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
လိုက်ဖ်လွှင့်ခြင်းက သူ၏ ဘေးပေါက်အလုပ် တစ်ခု ဖြစ်သော်လည်း သေချာ ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ချန်ပိုင်တောင်တန်းတွင် လျှောက်လည်ရသည်မှာ အတော်လေး များနေပြီဖြစ်ရာ အခြား တောင်တန်းများသို့ သွားရောက် လည်ပတ်၍ ရနိုင်ပြီ ဖြစ်၏။
သူ ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ အားလုံးက ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။
[လောင်ရွှီ ဧဝရတ်တောင်ကို တက်ပြီး လိုက်ဖ်လွှင့်ပါလား... ငါကြည့်ချင်လို့]
[ဒါမှမဟုတ် မာရီယာနာ ချောက်ကမ်းပါးကြီးထဲ သွားပြီး လိုက်ဖ်လွှင့်လေ... အဲဒီအထဲမှာ သေချာပေါက် ရတနာတွေ ရှိမှာပဲ]
[အရှေ့အာဖရိက ကွဲအက်ကြောင်းကြီးဆီ တစ်ခေါက်လောက် သွားဖို့ အကြံပြုတယ်]
[မီးတောင်ထဲကို သွားပြီး ချော်ရည်ပူတွေကို သွားကြည့်ဖို့ အကြံပြုချင်တယ်... မီးတောင်စောင့်နတ်လေးတွေ ရှိရင် ရှိနေမှာ]
အားလုံး၏ မှတ်ချက်များက အလွန်ပင် လက်လွတ်စပယ် နိုင်လှပြီး အချင်းချင်း နောက်ပြောင်နေကြသည်။
ဤမှတ်ချက်များကို မြင်သောအခါ ရွှီယန်က မတတ်နိုင်စွာဖြင့် ပြုံးလိုက်မိ၏။
'မင်းတို့တွေ တကယ်ကို စိတ်ကူးယဉ် ဆန်လွန်းတာပဲ... တစ်ယောက်ချင်းစီတိုင်းက ငါ့ကို သေစေချင်နေကြတာ'
"ဒီနေရာတွေကို ငါလည်း သွားချင်ပါတယ်... ဒါပေမယ့် အသက်ရှင်လျက် သွားနိုင်ဖို့က အရေးကြီးတာလေ... ဥပမာ ဧဝရတ်တောင် ဆိုပါတော့... တက်မယ်ဆိုရင် ကြိုတင်ပြီး ခြောက်လလောက် လေ့ကျင့်ရမှာ... မာရီယာနာ ချောက်ကမ်းပါး နဲ့ မီးတောင် အတွင်းပိုင်း ကိုတော့ တွေးတောင် မတွေးနဲ့... သွားလိုက်ရင် အရိုးပြာတောင် ကျန်မှာ မဟုတ်ဘူး... အရှေ့အာဖရိက ကွဲအက်ကြောင်းကြီးဆီ သွားတာကတော့ ဖြစ်နိုင်ခြေ ရှိသေးတယ်... ဘာပဲဖြစ်ဖြစ် အခု အဲဒီနေရာက ရှုခင်းကြည့်စရာ နေရာတစ်ခု ဖြစ်နေပြီဆိုတော့လေ"
ရွှီယန်က တောအုပ်ထဲတွင် လမ်းလျှောက်ရင်း အားလုံး၏ စကားများကို ပြန်လည် တုံ့ပြန်နေသည်။
ထိုအချိန်မှာပင် အစိမ်းရောင် မြွေငယ်လေး တစ်ကောင်က ရွှီယန်၏ ဘေးမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ၎င်းက ရွှီယန်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ အလွန်အမင်း လန့်ဖျပ်သွားပြီး လမ်းမှားကာ ဤဘက်သို့ ပြေးလာခြင်းသာ ဖြစ်သည်။
ရွှီယန်က မြင်သောအခါ အလွန် တည်ငြိမ်နေပြီး တိုက်ရိုက်ပင် ခြေဖြင့် တစ်ချက် ကန်ထုတ်လိုက်ရာ မြွေစိမ်းလေးမှာ ဘေးသို့ လွင့်စင်သွားတော့သည်။ ဤခြေကန်ချက်၏ အားက သိပ်မပြင်းလှပေ။ မြွေစိမ်းလေးက လေထဲသို့ လွင့်တက်သွားပြီး မြက်တောထဲသို့ ကျသွားကာ မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။ ရွှီယန်ကတော့ ဘာခံစားချက်မှ မရှိသည့် မျက်နှာဖြင့် ရှေ့သို့ ဆက်လက် လျှောက်သွားနေသည်။
[လခွမ်း... ခုနက ဘာကောင်ကြီး လွင့်ထွက်သွားတာလဲ]
[မြွေ တစ်ကောင်များလား]
[ဟင်... မြွေ]
[လောင်ရွှီ... နိုင်ငံတော် ဘောလုံးအသင်းထဲ ဝင်ဖို့ မစဉ်းစားဘူးလား... အမျိုးသား ဘောလုံးအသင်းက မင်းရဲ့ ဒီခြေကန်ချက်ကို လိုအပ်နေတာကွ]
အင်တာနက်သုံးစွဲသူများက မတည်ငြိမ်နိုင်ကြတော့ပေ။
ထိုအချိန်တွင် ရွှီယန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏။
"မြွေလေး တစ်ကောင်ပါ... ကိစ္စမရှိပါဘူး... အဆိပ်လည်း မရှိဘူး... အပင်တွေ ထူထပ်တဲ့ တောင်တွေထဲမှာ မြွေတွေ ရှိနေတာက ပုံမှန်ပါပဲ... သူတို့က ပုန်းနေတတ်လို့သာ မြင်ရခဲတာလေ... မြွေတွေက တော်တော်များသားပဲ"
ဤစကားကို ကြားသောအခါ အားလုံးက တောတောင်များနှင့် ပတ်သက်၍ ပိုမို နက်ရှိုင်းစွာ နားလည်သွားကြသည်။ မြွေကြောက်တတ်သော အင်တာနက်သုံးစွဲသူ အများအပြားက ဤတစ်သက် တောထဲသို့ လုံးဝ ဝင်မည်မဟုတ်ကြောင်း ပြောဆိုနေကြ၏။ အချို့ကလည်း ရွှီယန်၏ တည်ငြိမ်မှုကို အံ့ဩနေကြသည်။
[မဟုတ်သေးဘူးလေ... အဲဒါ မြွေနော်... မင်း တကယ်ပဲ နည်းနည်းလေးတောင် မကြောက်ဘူးလား]
"အဆိပ်ပြင်းတဲ့ မြွေလည်း မဟုတ်ဘူး... လူကိုလည်း မကိုက်ဘူးလေ... ဘာကြောက်စရာ ရှိလို့လဲ"
ရွှီယန်က နားမလည်နိုင်သလို ခံစားရသည်။
အကယ်၍ အဆိပ်ပြင်းသော မြွေသာဆိုလျှင် ကြောက်ရွံ့ခြင်းက သဘာဝပင်။ အဘယ်ကြောင့်ဆိုသော် အဆိပ်ရှိသော မြွေ အကိုက်ခံရပါက အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဖြစ်၏။ သို့သော် အဆိပ်မရှိသော မြွေက လူကိုလည်း မကိုက်၊ မစားနိုင်သဖြင့် အလွန်ဆုံး ရွံစရာ ကောင်းရုံသာ ရှိပြီး ကြောက်စရာတော့ မလိုပေ။ နှစ်ဖက်စလုံး၏ စကားများကလည်း အကြောင်းပြချက် ခိုင်လုံကြ၏။ ဤကဲ့သို့သော ကိစ္စမျိုးက လူတစ်ဦးချင်းစီ၏ အကြိုက်အပေါ်တွင်သာ မူတည်ပေသည်။
ရွှီယန်က တောင်ထဲတွင် နှစ်ပတ်ခန့် ရှာဖွေပြီးနောက် နောက်ဆုံးတွင်တော့ ကျားသစ် နှစ်ကောင်ကို ရှာတွေ့သွားခဲ့သည်။ ယခုအချိန်တွင် ဤကောင်လေး နှစ်ကောင်က မြက်ရှည်တော တစ်ခုထဲတွင် တစ်ကောင်ကို တစ်ကောင် ဖက်ကာ အိပ်မောကျနေကြ၏။ ရှောင်ဟွာ၏ လက်မောင်းက လူးနား၏ ကိုယ်ပေါ်တွင် တင်ထားပြီး ဖက်ထားသည့် အလားပင်။
"တော်တော်လေး ချစ်ကြတာပဲ"
ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
သူ၏ စကားသံ အဆုံးမှာပင် လူးနားက ရုတ်တရက် လန့်နိုးလာပြီး ချက်ချင်း ထရပ်ကာ ရွှီယန်ကို လှမ်းကြည့်လိုက်ပြီး သတိကြီးစွာဖြင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွား၏။ ငယ်စဉ်ကတည်းက တောထဲတွင် ကြီးပြင်းလာသော ကျားသစ် ဖြစ်သည့်အလျောက် သတိထားတတ်မှုက အလွန် မြင့်မားပြီး တောရိုင်းဆန်မှုများနှင့် ပြည့်နှက်နေပေသည်။
ရှောင်ဟွာကို ပြန်ကြည့်လိုက်ရာ ၎င်းက အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ထရပ်ရန် ကြိုးစားသော်လည်း ပထမအကြိမ်တွင် မထနိုင်သေးချေ။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံ ကြိုးစားလိုက်မှသာ ဖြည်းညင်းစွာ မတ်တတ်ရပ်နိုင်တော့သည်။ ရွာထိပ်မှ အဘိုးအို တစ်ဦးနှင့်ပင် တူနေတော့၏။
ရှောင်ဟွာက သတိကြီးစွာ ထားနေသော လူးနားကို အရင်ဆုံး လှမ်းကြည့်လိုက်ရာ ၎င်း၏ မျက်ဝန်းထဲတွင် နားမလည်နိုင်မှုများ ပေါ်လာခဲ့သည်။
'ဘာတွေ ဖြစ်နေတာလဲ'
ထို့နောက် ၎င်းက ခေါင်းလှည့်ကာ ရွှီယန်ကို မြင်တွေ့သွားတော့သည်။
ရှောင်ဟွာက ယခင်အတိုင်းပင် ဖြစ်ပြီး မျက်ဝန်းများက ဖြူစင်ရိုးသားနေကာ တောရိုင်း သားရဲများ၏ ကြမ်းကြုတ်မှုမျိုး မရှိချေ။ ၎င်းက ရွှီယန်ကို မြင်သောအခါ မျက်စိရှေ့တွင်ပင် သိသိသာသာ ပျော်ရွှင်သွားတော့၏။ ထို့နောက် ရွှီယန်ဆီသို့ ခုန်ဆွခုန်ဆွဖြင့် တိုးကပ်လာကာ ရွှီယန်၏ ဘေးတွင် မျက်နှာချိုသွေးနေတော့သည်။
လူးနားကတော့ သတိထားနေဆဲ ဖြစ်သော်လည်း ကိုယ်ဟန်အမူအရာက အရင်ကလောက်တော့ တင်းမာမနေတော့ဘဲ အကွာအဝေး တစ်ခု ခြားထားရုံသာ ဖြစ်ကာ အနားသို့ တိုးမလာချေ။ မည်သို့ပင်ဆိုစေ တောရိုင်း ကျားသစ် ဖြစ်သည့်အလျောက် လူသားများကို ထိုမျှလောက် အလွယ်တကူ ယုံကြည်မည် မဟုတ်ပေ။
ရှောင်ဟွာက ကြည့်ရသည်မှာ တုံးအအပုံစံလေး ရှိနေဆဲ ဖြစ်ပြီး မျက်လုံးကြီးများက ဖြူစင်ကာ အပြစ်ကင်းစင်နေသည်။ အမြဲတမ်း တုံးအအဖြစ်နေတတ်သော အမူအရာလေးကို ပြသနေတတ်၏။ ရွှီယန်က ၎င်း၏ မျက်နှာကြီးကို စတင် ပွတ်သပ် နှိပ်နယ်ပေးလိုက်သည်။
ယခုအခါ ရှောင်ဟွာမှာ အရွယ်ရောက်ပြီးသော ကျားသစ် တစ်ကောင် ဖြစ်နေပြီဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားကလည်း အကြမ်းဖျင်း ပုံသေ ဖြစ်နေပြီ ဖြစ်သည်။ ၎င်း၏ ပုံစံက ချစ်စရာ ကောင်းလွန်းလှ၏။ အခြားသော ကျားသစ်များနှင့် နှိုင်းယှဉ်ပါက ပို၍ ပျော်ရွှင်နေသည့်ပုံ ပေါက်နေသည်။
"ဒီကောင်လေး... ရက်အနည်းငယ်လောက် မတွေ့ရတာတောင် ပိုဝလာသေးတယ်... မိန်းမ လုပ်ကျွေးတာကို အေးဆေး ထိုင်စားနေရလို့ အဆင်ပြေနေတာ မဟုတ်လား... ဟမ်"
ရွှီယန်က ၎င်း၏ ခေါင်းကြီးကို ပွတ်သပ်ပေးရင်း ပြုံးကာ မေးလိုက်သည်။
ရှောင်ဟွာက အမဲမလိုက်တတ်ဘဲ အလကား ထိုင်စားရန်သာ တတ်ကျွမ်းသည်။ တစ်ဖက်လူကလည်း ထိုသို့ လုပ်ကျွေးရသည်ကို ကျေနပ်နေပုံရ၏။ ဤကောင်လေးက တကယ်ကို ပျော်ရွှင်စွာ နေထိုင်နေရပေသည်။ နေ့စဉ်နေ့တိုင်း စားလိုက် အိပ်လိုက် ဆော့လိုက် လုပ်ရုံသာဖြစ်ပြီး ယခုနောက်ပိုင်း ချစ်သူ ကောင်မလေးပါ ရသွားသေးရာ ဘဝက တကယ်ကို ပြီးပြည့်စုံနေတော့သည်။
ဒရုန်းက ဤမြင်ကွင်းကို လိုက်ဖ်လွှင့်နေ၏။ ဤကဲ့သို့သော မြင်ကွင်းများကို မြင်တွေ့ရတိုင်း အားလုံးက အံ့ဩတုန်လှုပ် သွားကြရစမြဲပင်။ လူနှင့် သားရဲတိရစ္ဆာန်တို့ သဘာဝတရားထဲတွင် သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ကြသည့် မြင်ကွင်းက တွေ့မြင်ရခဲလှသည်။ အများဆုံး တွေ့ဖူးသည် ဆိုလျှင်ပင် အာဖရိကမှ တိရစ္ဆာန်များကို ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာများက ခြင်္သေ့ သို့မဟုတ် ကျားသစ်များနှင့် တစ်ခါတရံ သဟဇာတဖြစ်စွာ နေထိုင်တတ်ကြသည်မျိုးသာ ဖြစ်၏။ သို့မဟုတ် ဆိုက်ဘေးရီးယား မှ လယ်ယာခြံဝင်း ပိုင်ရှင်များက ဝက်ဝံညိုကြီး တစ်ကောင်ကို မွေးမြူထားပြီး ဝက်ဝံညိုနှင့် သူငယ်ချင်း ဖြစ်နေကြသည်မျိုးပင်။ ဤမြင်ကွင်းများက အမြဲတမ်း အလွန် သာယာလှပနေတတ်သည်။
ရွှီယန်က ရှောင်ဟွာ၏ ဗိုက်ကို ပွတ်သပ်ပေးလိုက်ပြီး လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
"ပြောလိုက်ရင် အားလုံး ယုံကြမှာတောင် မဟုတ်ဘူး... ရှောင်ဟွာ က နည်းနည်း ထပ်ဝလာတယ်... ပုံမှန်ဆို ဒီရက်ပိုင်း တော်တော်လေး ပင်ပန်းမှာမို့ ပိန်သွားသင့်တာလေ... ဘာတွေများ စားထားလဲ မသိဘူး"
ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ရယ်ချင်စိတ်ကို မထိန်းနိုင်ကြတော့ပေ။
[လူးနား က အမဲလိုက်တာ ပိုများပြီး ရှောင်ဟွာ က ပိုစားရလို့ နေမှာပေါ့]
[တကယ်ကြီး ဝလာတယ်ဆိုတာ မယုံနိုင်စရာပဲ]
[ဟားဟားဟား... လောင်ရွှီ ရေ... မင်းနဲ့ ခွဲနေရပေမယ့် သူက ကောင်းကောင်း ရှင်သန်နိုင်သေးတာပဲ]
ထိုအချိန်တွင် ရွှီယန်က အိတ်ထဲမှ နို့ဘူးကို ထုတ်ယူကာ ရှောင်ဟွာကို နို့တိုက်လိုက်၏။ လူးနားက ဘေးမှနေ၍ ကြည့်နေပြီး အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်နေသည်။ ရှောင်ဟွာက နို့တစ်ဘူးကို ပြောင်စင်အောင် သောက်လိုက်ပြီးနောက် ရွှီယန်က နောက်ထပ် နို့တစ်ဘူး ထပ်ထုတ်ကာ လူးနား ရှိရာဘက်သို့ လှမ်းပေးလိုက်သည်။
"လာ... ဒီကိုလာပြီး နို့သောက်လှည့်"
ရွှီယန်က လူးနားကို လှမ်းခေါ်လိုက်သည်။
လူးနားက တစ်ကိုယ်လုံး အမည်းရောင် ဖြစ်နေသော ကျားသစ် တစ်ကောင် ဖြစ်ပြီး သစ်တော ပတ်ဝန်းကျင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ ၎င်း၏ ခန္ဓာကိုယ်က ကြည့်ရသည်မှာ အလွန် သွက်လက်ပေါ့ပါးမည့်ပုံ ပေါ်၏။ လူးနားက ရွှီယန်၏ ခေါ်သံကို ကြားသော်လည်း သူ့ကို လှမ်းကြည့်နေရုံသာ ဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။ နည်းနည်းလေးမျှပင် ဆွဲဆောင်ခြင်း မခံရပေ။
လမ်းဘေးရှိ လူသားများကို ဂရုမစိုက်သော လမ်းဘေးကြောင်လေး တစ်ကောင်ကဲ့သို့ပင်။ လူတစ်စုက မီးမီး... မီးမီး ဟု ခေါ်နေသည်ကို ကြားသော်လည်း လုံးဝ နောက်လှည့်မကြည့်သည့် အတိုင်းပင် ဖြစ်သည်။
"နို့တိုက်မယ့် နည်းဗျူဟာကြီးတောင် ကျရှုံးသွားပါလား... ဒါ ပထမဆုံးအကြိမ်ပဲ"
ရွှီယန်က နောက်ထပ် အကြိမ်အနည်းငယ် ထပ်စမ်းကြည့်သော်လည်း လူးနားက လုံးဝ မတုန်လှုပ်သဖြင့် သူက သက်ပြင်းချကာ ပြောလိုက်ရတော့သည်။
လိုက်ဖ်ထဲတွင် လေထုက ပျော်ရွှင်မြူးထူးနေ၏။
[ဟားဟားဟား... လောင်ရွှီ မှာလည်း အရှက်ကွဲရတဲ့ အချိန် ရှိသေးတာပဲ]
[တိရစ္ဆာန် ယဉ်ပါးအောင် လုပ်တဲ့ နည်းလမ်းကြီး အလုပ်မဖြစ်တော့ဘူးဟေ့]
[ဒီကျားသစ်နက် က တကယ်ကို သတိကြီးတာပဲ... ထွက်မပြေးသွားတာကိုက လောင်ရွှီ ကို အသိအမှတ် ပြုထားလို့ပဲ]
[နို့တိုက်တာတောင် အလုပ်မဖြစ်ဘူးလား]
ရွှီယန်က ရှောင်ဟွာကို လှမ်းကြည့်လိုက်ရာ ဤကောင်လေးက လုံလောက်အောင် သောက်ပြီးသွားပြီဖြစ်ပြီး ဘေးတွင် သက်သောင့်သက်သာ အနားယူနေ၏။
"ကဲပါ... ငါလည်း တောင်ထဲမှာ ဆက်ပတ်ရဦးမယ်... တောင်ပေါ်တက်လာတာက မင်း ရှိမရှိ နဲ့ ဗိုက်ဆာနေပြီလား လို့ လာကြည့်တာလေ... မင်း ဗိုက်ဆာရင် အချိန်မရွေး ခြံဝင်းကို ပြန်လာခဲ့နော်... အခုတော့ မိန်းမကိုပဲ ဆက်အဖော်ပြုပေးလိုက်ဦး"
ရွှီယန်က ရှောင်ဟွာကို မှာကြားလိုက်သည်။ ရှောင်ဟွာက ရွှီယန်၏ အရှေ့တွင် နောက်တစ်ကြိမ် မျက်နှာချိုသွေးလိုက်ပြီးနောက် ရွှီယန်က ထွက်ခွာလာခဲ့တော့၏။
ထွက်ခွာသွားချိန်တွင် ရွှီယန်၏ အကြည့်များက ကျားသစ်နက် လူးနား အပေါ်သို့ ကျရောက်သွားသည်။ လူးနားက အလွန် လှပလှပြီး ထို အမည်းရောင် အမွေးအမျှင်များက ကြည့်လိုက်ရုံဖြင့် အလွန် နူးညံ့ချောမွေ့နေကြောင်း သိသာလှပေသည်။ နှမြောစရာ ကောင်းသည်မှာ အနားသို့ အကပ်မခံဘဲ သတိထားနေဆဲ ဖြစ်ခြင်းပင်။ သတိထားနေမှုကို အလွယ်တကူ လျှော့ချမည် မဟုတ်ရာ တဖြည်းဖြည်းချင်း အချိန်ယူ၍ ဆက်ဆံရမည်သာ ဖြစ်၏။
ယနေ့ နေ့လယ်ပိုင်းမှ တောင်ထဲသို့ ဝင်လာခြင်းဖြစ်ရာ အချိန် သိပ်မများလှသဖြင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နှစ်ကြိမ် အရင် အသုံးပြုကြည့်ပြီး အခြေအနေကို လေ့လာရန် စဉ်းစားလိုက်သည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က မြေပုံပေါ်တွင် ရတနာများ၏ တည်နေရာကို ပြသပေးလိုက်၏။
ကံတရားက တကယ်ကို ကောင်းမွန်လှပေသည်။ သွားရောက် ကြည့်ရှုလိုက်သောအခါ မြက်ခင်းပြင် တစ်ခုလုံးတွင် ထင်းရှူးမှိုများ အပြည့် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရ၏။ ထင်းရှူးမှို ဆိုသည်မှာ လူသားများက ဖန်တီး စိုက်ပျိုး၍ မရသော မှို အနည်းငယ်ထဲတွင် ပါဝင်ပြီး ထင်းရှူးပင်များနှင့် အတူတကွ ပေါက်ရောက်မှသာ ရနိုင်ခြင်း ဖြစ်သည်။ ထင်းရှူးမှိုက အသားထူပြီး အရသာက လတ်ဆတ်ကာ နူးညံ့ချောမွေ့သည့်အပြင် အာဟာရလည်း အလွန် ပြည့်ဝလှပေသည်။
"ဟူး... နှမြောစရာကြီးကွာ"
မြေပြင် အနှံ့တွင် ပေါက်ရောက်နေသော ထင်းရှူးမှိုများကို ကြည့်ရင်း ရွှီယန်က သက်ပြင်းချလိုက်မိသည်။
"နှမြောစရာပဲ... ဝါးတောင်း ပါမလာတော့ အိတ်ထဲကို နည်းနည်းလောက်ပဲ ထည့်သွားလို့ ရမယ်... ဒီလောက်များတဲ့ ထင်းရှူးမှိုတွေ ဒီအတိုင်း ထားခဲ့ရမှာ နှမြောစရာကြီး... ဒါတွေ အကုန်လုံးက ပစ္စည်းကောင်းတွေချည်းပဲ... အကုန် မခူးသွားနိုင်တာ တကယ် နှမြောစရာပဲ"
လိုက်ဖ်ထဲတွင် လူအတော်များများက ထင်းရှူးမှို၏ တန်ဖိုးများကို ရှင်းပြနေကြပြီး အချို့ကလည်း အလွန်အမင်း အားကျနေကြ၏။ ရွှီယန် ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ အားလုံးက ချက်ချင်းပင် ဒေါသထွက်သွားကြတော့သည်။
[လောင်ရွှီ... မင်းကတော့ လေလုံးထွားနေပြန်ပြီ]
[ဒီလောက်များတဲ့ ထင်းရှူးမှိုတွေ... သူ့ကံက တကယ် ကောင်းတာပဲ... ဒါတွေ အကုန်လုံးက ပထမတန်းစား ပစ္စည်းကောင်းတွေချည်းပဲ]
[တောင်ထွက်ပစ္စည်း ဈေးတန်းမှာတောင် ဝယ်ရခက်တယ်... အကုန်လုံးက ကံတရားပေါ်ပဲ မူတည်တာလေ]
[လောင်ရွှီ... ငါ့ဆီကို နည်းနည်းလောက် ပို့ပေးလိုက်စမ်း... အကောင်းပြောနေတုန်း နားထောင်နော်]
တောင်ထဲရှိ လိုက်ဖ်လွှင့်ခြင်းက အမြဲတမ်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေတတ်သည်။ ရွှီယန်က အိတ်ကို ထုတ်ယူကာ ဆောင့်ကြောင့်ထိုင်ချပြီး မှိုများကို စတင် ခူးယူလိုက်၏။ မှိုများကို သူက တစ်ခုပြီးတစ်ခု ခူးယူနေပြီး နည်းလမ်းကလည်း ရိုးရှင်းလှသည်။ အမြစ်မှ ကိုင်ကာ ဖွဖွလေး ဆွဲနှုတ်လိုက်ရုံပင်။ မှို၏ အမြစ်များတွင် မြေကြီးများ အနည်းငယ် ကပ်နေသော်လည်း အခြားနေရာများကတော့ သန့်ရှင်းသပ်ရပ်နေပေသည်။
"အားလုံးပဲ ထင်းရှူးမှိုကို ကြည့်လိုက်... ဖောင်းမို့ပြီး လုံးဝန်းနေတာပဲ... အသားလေးတွေတောင် ပါသလို ခံစားရတယ်... ဒီလိုမှိုမျိုးက စားလို့ အရမ်း ကောင်းတာလေ... ဈေးကွက်ထဲမှာလည်း အားလုံး ထင်းရှူးမှိုကို ဝယ်လို့ ရနိုင်ပါတယ်... ဒါပေမယ့် အကုန်လုံးက လေလုံခံပြီး အခြောက်ခံထားတာတွေချည်းပဲ... ဒီလောက်တော့ မလတ်ဆတ်တော့ဘူးပေါ့"
ရွှီယန်က အလွန် လှပသော မှိုကြီး တစ်ခုကို မြှောက်ပြကာ အင်တာနက်သုံးစွဲသူများကို ဗဟုသုတ ဝေမျှနေသည်။
မှိုက ကြည့်ရသည်မှာ အလွန် လှပလှ၏။ ဤကဲ့သို့သော မှိုမျိုးကို တောင်ထဲတွင်သာ မြင်တွေ့နိုင်မည် ဖြစ်သည်။ ရွှီယန်၏ လိုက်ဖ်လွှင့်မှုက ကြည့်ရှုရသည်မှာ အမြဲတမ်း စိတ်ဖိစီးမှုများကို ပြေလျော့စေပေသည်။
တောင်ထဲတွင် အတန်ကြာ အလုပ်ရှုပ်ပြီးနောက် အချိန်လည်း နှောင်းနေပြီဖြစ်ရာ ရွှီယန်က အိမ်သို့ ပြန်ရန် လှည့်ထွက်လာခဲ့၏။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နှစ်ကြိမ်သာ အသုံးပြုခဲ့ပြီး ကျန်ရှိနေသော အကြိမ်ရေများကိုတော့ ချန်ထားခဲ့သည်။ သူက နေရာကောင်း တစ်ခု ရှာဖွေပြီး ပစ္စည်းကောင်း အကြီးစားကြီးများကို ရှာဖွေချင်နေခြင်း ဖြစ်၏။ ရွှီယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရှိနေသော်လည်း ယခုအထိ လက်တွေ့ အကောင်အထည် မဖော်ရသေးချေ။
သူက တောင်ပေါ်လမ်းတွင် လမ်းလျှောက်ရင်း စိတ်ထဲမှ တွက်ချက်နေလိုက်သည်။
'နောက်တစ်ခါ ကျောက်စိမ်းတွေ ထွက်တဲ့ ကျောက်မိုင်းတွေဆီ သွားကြည့်ရမယ်... တူးဖော်ထားတဲ့ ကျောက်တုံးတွေကို လူတော်တော်များများက လုဝယ်တတ်ကြတယ်လေ... အဲဒီအထဲမှာ ယွမ် သိန်းချီ သန်းချီ တန်တဲ့ ကျောက်စိမ်းတွေလည်း မနည်းပါဘူး... ပြီးတော့ ပတ်ဝန်းကျင် ဈေးကွက်မှာ အလွယ်တကူ ပြန်ရောင်းလို့ ရတယ်... ငါ့ဆီမှာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေတာပဲ... ဒီလို နေရာမျိုးက ငါနဲ့ အရမ်း သင့်တော်တာပေါ့... တကယ့်ကို အဆင့်မြင့် ကျောက်စိမ်း တစ်တုံးလောက် ရှာတွေ့သွားပြီး ယွမ် သိန်းချီလောက်နဲ့ ရောင်းရနိုင်တယ် မဟုတ်လား'
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အခြား အသုံးပြုနည်း တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။ ထို့ကြောင့် ချက်ချင်းပင် အနည်းငယ် မျှော်လင့်ချက် ကြီးမားလာတော့သည်။