← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆) နောက်ကနေ လိုက်လာတဲ့ ဝက်ဝံနက်နဲ့ အလွန်ညံ့ဖျင်းတဲ့ ပုန်းကွယ်မှု

ရွှီယန်သည် တောင်အောက်သို့ ဆင်းလာသော လမ်းတစ်လျှောက်တွင် သူ၏နောက်သို့ တစ်စုံတစ်ခု လိုက်လာနေသည်ဟု ခံစားနေရသည်။ သို့သော် ထူးဆန်းသည်မှာ အန္တရာယ်အာရုံခံနိုင်စွမ်းက လုံးဝ အလုပ်မလုပ်ခြင်းပင် ဖြစ်သည်။

သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

လေတိုက်သဖြင့် လှုပ်ခတ်နေသော သစ်ပင်များနှင့် မြက်ပင်များမှလွဲ၍ ဘာမျှမရှိပေ။

ရွှီယန်က တစ်ခုခုတော့ မှားယွင်းနေပြီဟု ခံစားလိုက်ရပြီး သေချာပေါက် တစ်ခုခု ရှိနေမည်ဟု တွေးလိုက်သည်။

[လောင်ရွှီ... ဘာဖြစ်လို့လဲ... ဘာလို့ နောက်ကိုချည်းပဲ လှည့်ကြည့်နေတာလဲ... နောက်မှာ ဘာရှိလို့လဲ]

[ဘာတွေ မြင်လိုက်လို့လဲ]

အင်တာနက်သုံးစွဲသူများက သူ၏ပုံစံကို မြင်သောအခါ သံသယဝင်လာကြပြီး မေးမြန်းကြတော့သည်။

ရွှီယန်က ကွန်မန့်များကို တစ်ချက်ကြည့်လိုက်ပြီး အားလုံး၏ မေးခွန်းများကို မြင်သောအခါ ပြန်ဖြေလိုက်သည်။

"ပြောရင်တော့ အားလုံး ယုံကြမှာ မဟုတ်ဘူး... ကျွန်တော့်ရဲ့ အလိုလိုသိစိတ်က အမြဲတမ်း တော်တော်လေး မှန်တယ်လေ"

"ခုနလေးတင်ပဲ ကျွန်တော့်နောက်ကို တစ်ခုခု လိုက်လာတယ်လို့ ခံစားလိုက်ရတယ်"

"ဒါပေမယ့် လှည့်ကြည့်တော့ ဘာမှ မတွေ့ဘူးကွာ"

"ဒီဘက်မှာ မြက်တွေနဲ့ သစ်ပင်တွေက အရမ်း ထူထပ်လွန်းတယ်လေ... မြက်တွေကလည်း ရှည်တော့ တကယ်ကို မြင်ရခက်တာပေါ့"

ရွှီယန်သည် အဝေးဆီသို့ လှမ်းကြည့်နေပြီး တစ်ခုခုကို အမှန်တကယ် တွေ့လိုက်ရသည့်အလားပင်။

ထို့နောက် သူက လှည့်ကာ ဆက်လျှောက်သွားသည်။

[လောင်ရွှီ... မင်းရဲ့ အလိုလိုသိစိတ်ကို ငါ ယုံတယ်နော်]

[မင်းကို မယုံတဲ့သူ မရှိလောက်ပါဘူးကွာ]

[မကောင်းတဲ့ အရာတွေများ ဖြစ်နေမလား... တောနက်ကြီးထဲမှာဆို မကောင်းဆိုးဝါး ဓာတ်တွေ များတယ်လို့ ကြားဖူးတယ်... သရဲတစ္ဆေတွေက တောင်ထဲမှာ စုဝေးရတာ ကြိုက်တယ်တဲ့]

[လိုက်ဖ်လွှင့်သူကို တစ်ခုခုကများ ပစ်မှတ်ထားနေပြီလား]

[အရင်က သရဲဇာတ်လမ်းတွေ အများကြီး ကြားဖူးတယ်... အားလုံးက တောင်ထဲမှာ ဖြစ်ခဲ့တာချည်းပဲ... အရမ်းကို တကယ့်အဖြစ်အပျက်တွေနဲ့ တူတာပဲ]

အားလုံးမှာ သံသယတွေ ဝင်လာကြတော့သည်။

တောနက်ကြီးထဲတွင် တစ်ယောက်တည်း ရောက်နေသော လူငယ်လေး တစ်ယောက်အကြောင်းကို သရဲကား နောက်ခံတေးဂီတလေးပါ တွဲဖက်လိုက်မည်ဆိုလျှင် သေချာပေါက် သရဲကားတစ်ကား၏ အစပိုင်းပင် ဖြစ်သွားတော့မည်။

ကွန်မန့်များထဲတွင် ထိုသို့ ပြောလိုက်ကြသဖြင့် လူအတော်များများ ချက်ချင်းပင် ကြောက်လန့်သွားကြသည်။ တကယ်ပင် အနည်းငယ် ကြောက်စရာ ကောင်းနေသည်ဟု ခံစားလိုက်ကြရ၏။

ရွှီယန်က ထိုကွန်မန့်များကို မြင်သောအခါ အလွန်ပင် တည်ငြိမ်နေသည်။

သူက ငယ်စဉ်ကတည်းက တောင်ထဲတွင် နေလာခဲ့သူဖြစ်ရာ ထူးဆန်းသော ဇာတ်လမ်းအချို့ကိုလည်း ကြားဖူးသော်လည်း ဤအရာများကို မကြောက်ရွံ့ချေ။ ငယ်ငယ်ကတည်းက သတ္တိကောင်းခဲ့သူ ဖြစ်သည်။

ရွှီယန်သည် ခြေလှမ်းအနည်းငယ် ထပ်လျှောက်သွားပြီး နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှင်းလင်းနေသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ဤနေရာရှိ သစ်ပင်များကြား အကွာအဝေးက တော်တော်လေး ကျယ်ဝန်းပြီး မြက်ပင်များကလည်း မမြင့်မားလှပေ။

ထို့နောက် ရွှီယန်က အနောက်သို့ ရုတ်တရက် ထပ်မံ လှည့်ကြည့်လိုက်ပြန်သည်။

ဤတစ်ကြိမ် လှည့်ကြည့်လိုက်ရာ သူ၏နောက်မှ လိုက်လာသော အကောင်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

အဲဒါက ဝက်ဝံနက် တစ်ကောင်ဖြစ်သည်။

ထိုအကောင်ကြီးက သူ ရွှီယန်၏ အမြင်ခံလိုက်ရမှန်း သိသည်နှင့် ချက်ချင်းပင် သစ်ပင်တစ်ပင်၏ နောက်သို့ သွားရောက် ပုန်းကွယ်တော့သည်။

သို့သော် ထိုသစ်ပင်က အလွန် သေးငယ်နေသဖြင့် ဝက်ဝံနက်၏ ခန္ဓာကိုယ်ကို လုံးဝ မကွယ်နိုင်ချေ။

ဝက်ဝံနက်က သစ်ပင်နောက်တွင် ပုန်းကွယ်ကာ မလှုပ်မယှက် နေနေသည်ကို မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ အနည်းငယ် လန့်နေပုံရပြီး ခေါင်းငုံ့ကာ စိတ်ထဲမှ ရွတ်ဆိုနေပုံရ၏။

'မင်း ငါ့ကို မမြင်ရဘူး... မင်း ငါ့ကို မမြင်ရဘူး'

ရွှီယန် ချက်ချင်းပင် ရယ်ချင်သွားတော့သည်။

"ငါ့နောက်ကို ဘာကောင် လိုက်လာတာလဲလို့... ငါ့အထင် မမှားဘူးပဲ"

"အားလုံး ဟိုမှာ ကြည့်လိုက်... ဝက်ဝံနက် တစ်ကောင်"

"ဒီကောင်ကြီးက တော်တော် ပါးနပ်တာပဲ"

ဒရုန်းက ဝက်ဝံနက်ဆီသို့ ရိုက်ကူးပေးလိုက်သည်။

အင်တာနက်သုံးစွဲသူများက ဤတုံးအအ ဝက်ဝံနက်ကြီးကို အထင်းသား မြင်တွေ့လိုက်ရ၏။

၎င်းက နည်းနည်းလေးမျှပင် မကွယ်နိုင်ဘဲနှင့် ပုန်းနေသည့် ပုံစံမျိုး ဖမ်းချင်နေသေးသည်။ ကြည့်ရသည်မှာ ပို၍ပင် ချစ်စရာ ကောင်းနေသေးတော့သည်။

ဝက်ဝံနက်က ရွှီယန်၏ နောက်သို့ ခြေရာထပ် လိုက်လာပြီး တော်တော်လေး လိမ္မာသည့် ပုံစံမျိုး ပြသနေခြင်းက တကယ်ကို အကြောင်းအရင်း ရှိပေသည်။

ဤဝက်ဝံနက်ကို ယခင်က ရွှီယန်က အဖော်ရှာပေးရန် ကူညီပေးခဲ့ဖူး၏။ ထို့အပြင် ဆောင်းတွင်းတုန်းက ရွှီယန် တာဝန်လုပ်သည့် အချိန်တွင် ဆောင်းခိုခါစ ဤကောင်ကြီးကို ငါးတစ်ပုံးတောင် ကျွေးခဲ့သေးသည်။

ဝက်ဝံနက်က ရွှီယန်နောက် လိုက်လျှင် ငါးစားရမည် ဆိုသည်ကို မှတ်မိနေခြင်း ဖြစ်၏။

၎င်းက ငါးစားချင်နေခြင်းပင်။ ထို့ကြောင့် ၎င်းက ရွှီယန် ဘယ်တော့များ ငါးကျွေးမလဲ ဆိုသည်ကို ကြည့်ရန် ရွှီယန်နောက်သို့ လိုက်လာခြင်း ဖြစ်သည်။

သို့သော် အချိန်အတော်ကြာသွားပြီ ဖြစ်သဖြင့် ဝက်ဝံနက်က ရွှီယန်ကို မြင်သောအခါ အနည်းငယ် ကြောက်ရွံ့နေသေးသည်။

အချို့ တိရစ္ဆာန်များက လူများကို ကြောက်ရွံ့ပြီး လူများကို မြင်သည်နှင့် ထွက်ပြေးတတ်ကြ၏။ ထို့ကြောင့် ၎င်းလည်း အနားမကပ်ရဲဘဲ ဤအတိုင်းသာ ပုန်းကွယ်နေခြင်း ဖြစ်သည်။

ကြည့်ရှုသူများက ဝက်ဝံနက်၏ ဤပုံစံကို မြင်သောအခါ အဆက်မပြတ် ရယ်မောကြတော့သည်။

[ဟားဟားဟား... ဒီဝက်ဝံနက်က ဘယ်လိုဖြစ်လို့ ချစ်စရာ ကောင်းနေတာလဲ... သူ အဲဒီမှာ ဘာလုပ်နေတာလဲ]

[လခွမ်း... တကယ်ပဲ တစ်ခုခု လိုက်လာတာကိုး... လောင်ရွှီရဲ့ အလိုလိုသိစိတ်က တော်တော်လေး စွမ်းတာပဲ]

[ဒီကောင်ကြီးက နည်းနည်းလေးတောင် မကွယ်နိုင်ဘူး]

[ဒီဝက်ဝံနက်က အရမ်း တုံးတာပဲ... ဟားဟားဟား... သူက သူ့ကိုယ်သူ သေချာ ပုန်းနေတယ်လို့ ထင်နေတာလား မသိဘူး]

ဝက်ဝံနက် ပေါ်လာသဖြင့် လိုက်ဖ်ထဲက လေထုက ချက်ချင်းပင် စည်ကားလာသည်။

ရွှီယန်က ရှေ့သို့ ခြေလှမ်း နှစ်လှမ်းခန့် လျှောက်သွားပြီး ဝက်ဝံနက်ကို လှမ်းအော်လိုက်၏။

"ဟေ့... မင်းက ငါ့နောက်ကို လိုက်ပြီး ဘာလုပ်ချင်တာလဲ... နောက်ယောင်ခံ လိုက်နေတာလား"

"ဘာကိစ္စ ရှိလို့လဲ"

ဝက်ဝံနက်က ရွှီယန်၏ အော်သံကို ကြားသောအခါ သစ်ပင်နောက်မှ ထွက်လာပြီး ရွှီယန်ကို သတိကြီးစွာဖြင့် ကြည့်နေသည်။

၎င်းက မည်သည့် တိုက်ခိုက်လိုစိတ်မျှ မပြသဘဲ သနားစရာကောင်းသည့် ပုံစံမျိုးဖြင့် အမည်းရောင် မျက်လုံးကြီးများနှင့် ရွှီယန်ကို တုံးအအ ကြည့်နေ၏။

"ဘယ်လိုလဲ... ငါ့ခြံကို လိုက်ချင်လို့လား"

"ဒါတော့ မရဘူးနော်... ငါ့ခြံက အရုပ်ဆိုးတဲ့ ကောင်တွေကို လက်မခံဘူး"

ရွှီယန်က ရယ်မောလိုက်ပြီး နောက်ပြောင် ပြောဆိုလိုက်သည်။

[လောင်ရွှီ... လွန်သွားပြီကွာ... ဟားဟားဟား]

[ဒီစကားက ဝက်ဝံ တစ်ကောင်ကို ဘယ်လောက်တောင် ထိခိုက်စေလဲ ဆိုတာ မင်း သိလား]

ကြည့်ရှုသူများလည်း ရယ်မောနေကြသည်။

ရွှီယန်၏ လိုက်ဖ်က အလွန် စိတ်ဝင်စားစရာ ကောင်းပြီး တောင်ထဲမှ စည်ကားသည့် မြင်ကွင်းများက မြင်ရခဲလှပေသည်။

ဝက်ဝံနက်ကတော့ တုံးအအ ပုံစံလေးသာ ဖြစ်နေဆဲပင်။

ရွှီယန်က ဝက်ဝံနက်၏ အကြံအစည်ကို ရိပ်မိသွားပြီ ဖြစ်သည်။ ဤကောင်ကြီးက အစာလာတောင်းနေခြင်း ဖြစ်ကြောင်း သိသာလှ၏။

"ဒီဝက်ဝံနက်ကို မနှစ်က တွေ့ခဲ့ဖူးတယ်လို့ မှတ်မိတယ်... ဒီတောင်ရဲ့ နောက်ဘက်က မြစ်နားမှာလေ"

"အဲဒီတုန်းက ငါ သူ့အတွက် ငါးတချို့တောင် ဖမ်းပေးခဲ့သေးတယ်"

"အခု ငါ့ကို မြင်တော့ ငါ့ဆီက ငါးတောင်းစားချင်လို့ နေမှာပေါ့"

ရွှီယန်က မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

သူ ထိုသို့ ပြောလိုက်တော့မှ အားလုံးက နားလည်သွားကြတော့၏။ သြော်... ဒါကြောင့်ကိုး။

သေချာပေါက် လိုချင်တာ ရှိသောကြောင့်ပင်။

သို့သော် ယခု ရွှီယန်ဆီတွင် ငါးမရှိဘဲ ဘီစကွတ်နှင့် အသားခြောက် အချို့သာ ရှိပေသည်။ သူက ဝက်ဝံနက်ကို ကြည့်ကာ အိတ်ထဲမှ အသားခြောက်များကို ထုတ်ယူလိုက်သည်။

"ကျွန်တော် ဒီမှာ အလေးအနက် ပြောချင်တာက တောရိုင်း တိရစ္ဆာန်တွေနဲ့ တွေ့ရင် ခန္ဓာကိုယ် အရွယ်အစားကို အရင်ကြည့်ပြီးမှ အစာကျွေးမကျွေး ဆုံးဖြတ်ပါ"

"ဥပမာ မြေခွေးလေးတွေ... ဒရယ်ပြောက်လေးတွေ ဆိုရင် ကျွေးလို့ ရပါတယ်"

"ဒါပေမယ့် ခန္ဓာကိုယ် ကြီးတဲ့ တိရစ္ဆာန်တွေ ဆိုရင်တော့ မလုပ်ပါနဲ့"

"အကယ်၍ ဝက်ဝံညိုနဲ့သာ တွေ့ရင် ခင်ဗျားတို့ အစာထုတ်လိုက်တာနဲ့ ဝက်ဝံညိုက ချက်ချင်း ခုန်အုပ်လာနိုင်တယ်"

"ဝက်ဝံနက်ကတော့ တော်သေးတယ်... အစုံစား သတ္တဝါ ဆိုတော့ တိုက်ခိုက်လိုစိတ် သိပ်မပြင်းထန်ဘူးလေ"

ရွှီယန်က ကြည့်ရှုသူများကို ဗဟုသုတ ဝေမျှရန်လည်း မမေ့ချေ။

သေချာ ရှင်းပြရမည် ဖြစ်ပြီး အားလုံးကို အထင်မလွဲစေချင်ပေ။

[လောင်ရွှီ... စိတ်ချပါ... သတ္တဝါကြီးတွေနဲ့ တွေ့ရင် ငါတို့က အစောကြီးကတည်းက ပြေးပြီးပြီ]

[တောရိုင်း သတ္တဝါကြီးတွေကို ဘယ်သူက အစာကျွေးရဲမှာလဲ... ကြောက်လန့်ပြီး သေတောင် သေသွားနိုင်တယ်]

ဝက်ဝံနက်က ရွှီယန်နှင့် ရှစ်မီတာ ကိုးမီတာခန့် ဝေးသော နေရာတွင် ရပ်ကာ ရွှီယန်ကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။

ဤအချိန်တွင် ရွှီယန်၏ တောင်ထဲမှ နေရာယူမှုက သက်ဝင်ထင်ရှားလာ၏။

ဝက်ဝံနက်က သူ့ကို တော်တော် ကြောက်နေကြောင်း အားလုံး မြင်သာသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ပါက မည်သူကများ အစ်ကိုယန် ဟု မခေါ်ဘဲ နေနိုင်မည်နည်း။

[ဝက်ဝံနက်က သူ့ကို ဒီလောက်တောင် ကြောက်တာလား... အနားတောင် မကပ်ရဲဘူး]

[ဒီအပိုင်းမှာတော့ ပြောစရာ မရှိဘူး... သူက တကယ်ကို စွမ်းတာပဲ]

ရွှီယန်က အသားခြောက်များကို ကွက်လပ် တစ်ခုတွင် ချထားလိုက်ပြီးနောက် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။

သူက ဘာမှ ထပ်မပြောတော့ဘဲ ဤအတိုင်းသာ ကြည့်နေလိုက်၏။

ဝက်ဝံနက်က ရွှီယန်၏ လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့်နေပြီး ရွှီယန် ထွက်သွားသည်ကို မြင်သည်နှင့် ချက်ချင်း ရှေ့သို့ ခြေလှမ်း အနည်းငယ် လျှောက်သွားကာ အသားခြောက်များ၏ ဘေးသို့ ရောက်သွားသည်။

၎င်းက ခေါင်းငုံ့ပြီး နှစ်ခါခန့် မြည်းစမ်းကြည့်လိုက်၏။

ဤသို့ စားလိုက်ရာ ဝက်ဝံနက်က အသားခြောက်၏ အရသာကို ချက်ချင်း စွဲလန်းသွားပြီး အလွန် ပျော်ရွှင်စွာ စားသောက်တော့သည်။

လူသားများ၏ အစားအစာကို မည်သူက ငြင်းပယ်နိုင်မည်နည်း။

ရှင်းကျန်း ဘက်တွင်ဆိုလျှင် လူများက တောရိုင်း လင်းယုန်များကိုတောင် အစာကျွေးနေကြပြီ ဖြစ်သည်။

အသားစိမ်း တစ်တုံး သို့မဟုတ် ကင်ထားသော ပေါင်မုန့် တစ်ချပ်ကို ကိုင်ကာ ကောင်းကင်သို့ မြင့်မြင့် လွှင့်ပစ်လိုက်ရုံဖြင့် လင်းယုန်များက လာရောက် ကိုက်ချီသွားကြ၏။

ကောင်းကင်တွင် လင်းယုန်များ အုပ်စုလိုက် ပျံသန်းနေသည်က ပင်လယ်ကမ်းစပ်မှ ဇင်ယော်များနှင့်တောင် တူနေသေးသည်။

အင်တာနက် နာမည်ကြီး ဝက်က လမ်းမပေါ်တွင် ဝက်အူချောင်းကင် သွားစားသည်။ လင်းယုန်က ရွာထဲတွင် ကင်ထားသော ပေါင်မုန့် သွားစားသည်။

တိရစ္ဆာန်များက လူသားများနှင့် အတူယှဉ်တွဲ နေထိုင်ရမည့် နည်းလမ်းကို တဖြည်းဖြည်း ရှာတွေ့လာကြသည်။

အလွန်အကျွံ အစာမကျွေးသရွေ့ တိရစ္ဆာန်များကို လူသားများ၏ စေတနာကို ခံစားခွင့် ပြုခြင်းကလည်း အဆင်ပြေလှပေသည်။

ဝက်ဝံနက်က ပျော်ရွှင်စွာ စားသောက်နေ၏။ ရွှီယန်က ၎င်း၏ ပုံစံကို မြင်သောအခါ ရယ်မောလိုက်သည်။

တိရစ္ဆာန်များကို အစာကျွေးရသည်က တကယ်ပင် စိတ်ဖိစီးမှု ပြေပျောက်စေသည်။

ကိုယ်ကျွေးသော အစာကို တိရစ္ဆာန်များ စားနေသည်ကို ကြည့်ရသည်က စိတ်ထဲတွင် အနည်းနှင့်အများတော့ ပျော်ရွှင်ရသည်ပင်။

ဝက်ဝံနက်က အသားခြောက်များကို ခဏလေးနှင့် အကုန် စားပစ်လိုက်သည်။

ရွှီယန်က လက်ကာပြလိုက်သည်။

"ကဲ... ကုန်ပြီ... ပြန်တော့"

"လျှောက်ပြီး မသွားလာနဲ့တော့နော်"

ဝက်ဝံနက်က ရွှီယန် လက်ကာပြသည်ကို မြင်သောအခါ ၎င်းလည်း လက်လှမ်းပြလိုက်၏။ ရွှီယန်ကို နှုတ်ဆက်နေသည့် ပုံစံမျိုးပင်။

မြင်ကွင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။

အချိန်မစောတော့သဖြင့် ရွှီယန်က တောင်အပြင်ဘက်သို့ ဆက်လျှောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ဝက်ဝံနက်က နောက်မှ ဆက်မလိုက်လာတော့ချေ။

သိပ်မကြာခင်မှာပင် ရွှီယန်က လိုက်ဖ်ကို ပိတ်လိုက်ပြီး ပြန်သည့်အရှိန်ကို မြှင့်လိုက်သည်။

ယနေ့ လိုက်ဖ်လွှင့်သည့် အကြောင်းအရာက မဆိုးလှပေ။ တည်းဖြတ်ရန် ကောင်းသော စိတ်ဝင်စားစရာ အကြောင်းအရာများစွာ ရှိ၏။

အင်တာနက်ပေါ်မှ ရွှီယန်၏ နာမည်ကျော်ကြားမှုကလည်း ထပ်မံ မြင့်တက်လာနိုင်ပေသည်။

တောင်ပေါ်မှ ဆင်းလာသည့် အချိန်တွင် ရွှီယန်က စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ်စိုက်ခင်းကို ဖြတ်သွားခဲ့သည်။

ကျောင်းသားများက ယနေ့အတွက် စိုက်ပျိုးရေး တာဝန်များကို အခုလေးတင် ပြီးစီးသွားကြပြီး ကျောင်းကားစီး၍ ပြန်ရန် ပြင်ဆင်နေကြ၏။

ရွှီယန်ကို မြင်သောအခါ အားလုံးက သူ့ကို လှမ်းနှုတ်ဆက်ကြသည်။

"အစ်ကိုယန်"

"အစ်ကိုယန်"

ကျောင်းသားများက ပျော်ရွှင်စွာဖြင့် ရွှီယန်ကို လက်လှမ်းပြနေကြသည်။

ရွှီယန်က ပြုံး၍ လက်ပြန်ပြကာ နှုတ်ဆက်လိုက်၏။

သူက ယခုအခါ စိုက်ပျိုးရေး တက္ကသိုလ်နှင့် ဆက်ဆံရေး ပိုပိုပြီး ကောင်းမွန်လာနေသည်။

အချို့ ခေါင်းဆောင်များတောင် သူ့ထံ လာရောက်ကာ စကားပြောကြသေး၏။

အချို့ ဆရာများကလည်း သူ့ကို စိုက်ပျိုးရေး တက္ကသိုလ်မှ လှုပ်ရှားမှု အချို့တွင် ပါဝင်ရန် ဖိတ်ခေါ်ချင်ကြသည်။

ဤဆက်ဆံရေးက တကယ်ကို ရရှိရန် ခက်ခဲလှသည်။

မည်သို့ပင်ဖြစ်စေ လယ်ယာခြံဝင်း ပိုင်ရှင်များထဲတွင် ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်သူက လက်ချိုးရေ၍ ရသည် မဟုတ်ပါလား။

ကျောင်း၏ အရင်းအမြစ်များက အလွန် ကောင်းမွန်ပြီး သာမန်လူများ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

ရွှီယန်က ကျောင်းသားများကို လယ်ကွက်များ ကူကြည့်ပေးရန်နှင့် မည်သို့ စိုက်ပျိုးရမည် ဆိုသည်ကို သင်ပေးရန်တောင် ကတိပေးထားသေး၏။

အနည်းဆုံးတော့ သူတို့ကို အမှတ်ပြည့် ရအောင် ကူညီပေးရမည်သာ ဖြစ်သည်။

အားလုံး၏ အသက်အရွယ်ကလည်း တူတူလောက်သာ ဖြစ်သဖြင့် စကားပြောရသည်မှာ ပို၍ အဆင်ပြေသည်။

တစ်ခါတရံ စကားပြောရသည်မှာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။

ရွှီယန်က ကျောင်းသားများကို နှုတ်ဆက်ပြီးနောက် ကျောပိုးအိတ် တစ်လုံး လွယ်ကာ သူ့၏ လယ်ယာခြံဝင်းဆီသို့ ပြန်လာခဲ့သည်။

ကျောင်းသား အချို့က စကားစမြည် ပြောနေကြသည်။

"အစ်ကိုယန်က တကယ် တော်တာပဲ... အမြဲတမ်း တောင်ထဲကို တစ်ယောက်တည်း ဝင်တယ်... ဒီတောနက်ကြီးထဲကို ငါဆိုရင် ဝင်တောင် မဝင်ရဲဘူး... တစ်ခုခု ဖြစ်မှာ စိုးလို့"

"ဒီနေ့ သူ့လိုက်ဖ်ကို ငါ ကြည့်သေးတယ်... ကျားသစ် နှစ်ကောင်ကို ရှာတွေ့ခဲ့တာလေ... ဒီလောက် ကြီးတဲ့ တောင်ကြီးထဲမှာ သူ ဘယ်လိုများ ရှာတွေ့လဲ မသိဘူး"

"သူကလည်း ပိုက်ဆံရှိတာကိုး... ဟိုမှန်လုံအိမ်တွေကို ကြည့်လိုက်... အကုန်လုံးက စမတ် မှန်လုံအိမ်တွေချည်းပဲ"

"ပိုက်ဆံမရှိဘဲ ဒီလောက်ကြီးတဲ့ ခြံဝင်းကြီး ဖွင့်နိုင်ပါ့မလား"

ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ထုံးစံအတိုင်း တစ်ပတ်ခန့် ပတ်ကြည့်လိုက်သည်။

နွားခြံထဲတွင် နို့စားနွားမ နှစ်ကောင်က အေးအေးဆေးဆေး မြက်စားနေကြ၏။

ဤဘက်ရှိ ပတ်ဝန်းကျင်က ကောင်းမွန်ပြီး သန့်ရှင်းကာ လေဝင်လေထွက် ကောင်းပြီး အပူချိန်ကလည်း သင့်တော်သည်။

ထို့ကြောင့် နို့စားနွားများ၏ ကျန်းမာရေး အခြေအနေက ပိုကောင်းပြီး နို့ထွက်နှုန်းလည်း မြင့်မား၏။

ဤနို့စားနွားမ နှစ်ကောင်ထဲမှ တစ်ကောင်ကို ယွမ် တစ်သောင်းနီးပါး ပေးရသည် ဆိုသော်လည်း ပိုက်ဆံကုန်ရကျိုး တကယ် နပ်ပေသည်။

ဒါတောင် ယခု နို့စားနွားများ ဈေးကျနေ၍သာ ဖြစ်သည်။

အကယ်၍ လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် အနည်းဆုံး ယွမ် နှစ်သောင်း သုံးသောင်းခန့် ပေးရမည် ဖြစ်၏။

'ခြံဝင်းက နွားနို့တွေ ထွက်နိုင်ပြီ ဆိုတော့ နွေရာသီ ရောက်ရင် ရေခဲမုန့်တွေ ဘာတွေတောင် လုပ်လို့ ရသေးတယ်'

ရွှီယန်က ထပ်မံ တွက်ချက်နေပြန်သည်။

လယ်ယာခြံဝင်း ဖွင့်ရခြင်း၏ အကြီးမားဆုံး အားသာချက်ကတော့ အလုပ်များသော်လည်း ဦးနှောက် သိပ်သုံးစရာ မလိုခြင်းပင် ဖြစ်သည်။

အလုပ်နှင့် ပတ်သက်၍ စဉ်းစားရန် အချိန်ဖြုန်းစရာ မလိုပေ။

မည်သို့ စားရမည် မည်သို့ ကစားရမည် ဆိုသည်ကိုသာ ပို၍ စဉ်းစား၍ ရ၏။ ကိုယ်ခန္ဓာ ပင်ပန်းသော်လည်း စိတ်ကတော့ ပေါ့ပါးသည်။

ဥပမာ ယနေ့ညဆိုလျှင် ရွှီယန် စဉ်းစားနေသည်က အခုလေးတင် ခူးလာသော ထင်းရှူးမှိုများကို မည်သို့ စားရမည် ဆိုသည်ပင်။

ထိုအရာကတော့ သေချာပေါက် ကြက်သားနှင့် မှိုစွပ်ပြုတ်ပင် ဖြစ်သည်။

လတ်ဆတ်သော မှိုများကို ခူးလာတိုင်း ကြက်တစ်ကောင်ကတော့ အသက်ပေးရစမြဲပင်။ မတတ်နိုင်ချေ။ ဤသည်က တကယ်ကို လိုက်ဖက်လွန်းနေသောကြောင့် ဖြစ်၏။

ရွှီယန်က ဝန်ထမ်းများကို သူ လာမစားတော့ကြောင်း ပြောပြီး သူတို့ကို စားခိုင်းလိုက်သည်။

သူက မီးဖိုချောင်မှနေ၍ ကြက်တစ်ကောင်နှင့် ဟင်းခတ်အမွှေးအကြိုင် အချို့ ယူကာ သူ့၏ ခြံဝင်းလေးထဲ ပြန်ပြီး အစားအသောက်များကို စမ်းသပ် ချက်ပြုတ်တော့သည်။

ရွှီယန်၏ ဟင်းချက်စွမ်းရည်က တော်တော်လေး ကောင်းမွန်လှသည်။

ယခင်က ဘဲဟင်း ချက်နည်း မျိုးစုံကို တတ်ကျွမ်းထားသည် ဖြစ်ရာ ဤချက်နည်းများကို အခြေခံပြီး ကြက်ကို ချက်ရသည်က ဘာမျှ မခက်ခဲပေ။

ခြံဝင်းလေးထဲတွင် ရွှီယန် အလုပ်ရှုပ်နေ၏။

လယ်ယာခြံဝင်း၏ ခြံဝင်းလေးက နေ့စဉ်ဘဝ၏ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ဟင်းရနံ့များက မကြာခင်မှာပင် လွင့်ပျံ့လာပြီး အပြင်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။

All Chapters