← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇) အရသာရှိတဲ့ ကြက်သားနဲ့ မှိုစွပ်ပြုတ်... အတူတူလိုက်ချင်နေတဲ့ ရှောင်ဟေး

ရွှီယန် ချက်ထားသော ကြက်သားနှင့် မှိုစွပ်ပြုတ်က အံ့မခန်း မွှေးပျံ့နေသည်။

ကြက်သားနှင့် မှိုကို အတူတကွ ပေါင်းစွပ်ထားသဖြင့် အစပိုင်းတွင် ကြည့်မကောင်းလှသော်လည်း ကြက်သွန်မြိတ်နှင့် ငရုတ်သီး အနည်းငယ် ထည့်ကာ အလှဆင်လိုက်သောအခါ အနည်းငယ် သပ်ရပ်သွားသယောင် ခံစားရသည်။

အိမ်သုံးဟင်းလျာ တစ်ခွက်သာ ဖြစ်ပြီး အပြင်ပန်း အသွင်အပြင်က နိုင်ငံတော်အဆင့် ဧည့်ခံပွဲ ဟင်းလျာများကို မမီသော်လည်း အရသာကတော့ လုံးဝ အောက်ကျမနေပေ။

ရွှီယန် အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့သော အနံ့များက ထောင်းခနဲ ထွက်လာပြီး လူ၏ နှာခေါင်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

ရွှီယန်က ကြက်သားနှင့် မှိုစွပ်ပြုတ်ကို စားလျှင် ငရုတ်သီး အနည်းငယ် ထည့်စားရသည်ကို နှစ်သက်၏။

ကြက်ပေါင်းရည်နှင့် ထမင်းကို နယ်စားလိုက်ရာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ခံစားချက်လေးက အရသာခံဖုများကို လှုံ့ဆော်ပေးနေသည်။

ဝါကျင့်ကျင့် ကြက်သားပေါင်း ထမင်းနှင့်ပင် တူနေသေး၏။

သို့သော် ကြက်သားနှင့် မှိုစွပ်ပြုတ်က ထိုကြက်သားပေါင်းထမင်းထက် ပို၍ မွှေးပျံ့လှသည်။

ကြက်က မြို့ထဲမှ အခုလေးတင် ဝယ်လာသော ကြက်ဖြစ်ပြီး မှိုကလည်း ယနေ့မှ ခူးလာသော ထင်းရှူးမှို ဖြစ်ရာ ပေါင်းစွပ်လိုက်သောအခါ ထွက်ပေါ်လာသည့် အရသာက တကယ့်ကို ပြိုင်ဘက်ကင်းလှပေသည်။

ဝန်ထမ်းများကလည်း ဤအနံ့ကို ရရှိသွားကြသည်။

အားလုံးက ထမင်းစားပြီးကြပြီ ဖြစ်သော်လည်း အနံ့ကို ရသောအခါ သွားရည်ကျလာသည်ကို မအောင့်နိုင်ကြတော့ချေ။

"သူဌေးက ဘာတွေ ချက်နေတာလဲ... အရမ်း မွှေးနေတာပဲ"

"ဘာတွေ ထပ်စမ်းသပ်နေလဲ မသိဘူး... သူဌေးရဲ့ လက်ရာက တော်တော်လေး ကောင်းတာ... ဘာချက်ချက် အရသာရှိတယ်"

"တကယ်တော့ ငါတို့ ခြံဝင်းရဲ့ စားသောက်ရေးက တော်တော် ကောင်းနေပါပြီ... အဒေါ်ကျန်းရဲ့ လက်ရာက အရမ်းကောင်းတယ်... ဒါပေမယ့် သူဌေးရဲ့ လက်ရာကတော့ ပိုပြီး ပြောစရာတောင် မလိုတော့ဘူး"

"အာ... အခုလေးတင် ထမင်းစားထားတာတောင် ဗိုက်ပြန်ဆာလာပြီကွာ"

အားလုံးက အသီးသီး ပြောဆိုနေကြသည်။

ဤအချိန်တွင် ရွှီယန်ကတော့ အရသာရှိသော အစားအစာကို မြည်းစမ်းနေ၏။

သူက ထမင်း တစ်ပန်းကန်လုံး အပြည့် ခူးလိုက်ပြီး အိုးထဲမှနေ၍ ကြက်သား... မှိုနှင့် အာလူးများကို ဇွန်းကြီးဖြင့် တစ်ဇွန်း အပြည့် ခပ်ယူလိုက်သည်။

မှိုကတော့ လတ်ဆတ်သော ထင်းရှူးမှိုပင် ဖြစ်၏။

ထင်းရှူးမှိုကို သန့်စင်ထားပြီး အရသာအရှိဆုံး အနှစ်သာရ အစိတ်အပိုင်းများကိုသာ ချန်ထားခဲ့သည်။

၎င်းက အသားရည်များကို အပြည့်အဝ စုပ်ယူထားပြီး အိုးထဲတွင် အချိန်အတော်ကြာအောင် ပေါင်းစွပ်ထားခဲ့ခြင်း ဖြစ်သည်။

ထင်းရှူးမှို တစ်ဖတ်ကို စားလိုက်သည်နှင့် ချောမွေ့ပြီး လတ်ဆတ်သော အရသာကို ခံစားလိုက်ရသည်။

ဖွဖွလေး ကိုက်လိုက်သည်နှင့် ကြက်ပေါင်းရည်များက ထင်းရှူးမှို၏ အတွင်းပိုင်းမှနေ၍ စိမ့်ထွက်လာ၏။

ထင်းရှူးမှို၏ အထိအတွေ့က အလွန်ကောင်းမွန်ပြီး နူးညံ့ကာ အနည်းငယ် ကျစ်လျစ်နေသည်။

ဤသည်မှာ တောင်ကြီးထဲမှလာသော ညစ်ညမ်းမှု အနည်းငယ်မျှပင် မရှိသည့် တောရိုင်းမှို ဖြစ်ပြီး လူသားများက ဖန်တီး စိုက်ပျိုး၍ မရနိုင်သော အမျိုးအစားပင် ဖြစ်၏။

ဤကဲ့သို့သော မှိုမျိုးက ရရှိရန် အလွန် ခဲယဉ်းလှသည်။

ရွှီယန်က တစ်လုတ် စားလိုက်သည်နှင့် တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များ အားလုံး ပွင့်ဟသွားသည့်အလား အလွန်အမင်း လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။

"ဟူး... မှိုက လတ်ဆတ်မှပဲ တကယ် စားလို့ကောင်းတာ... ငါ ဒီနေ့ တောင်ထဲကို ပြေးရကျိုး နပ်သွားပြီ"

"တောင်ထဲ ပြေးလွှားလာတာ ဒီလောက် နှစ်တွေကြာပြီပဲ... နည်းနည်းပါးပါး ဇိမ်ခံလို့ မရဘူးလား"

ရွှီယန်က ကြက်သား တစ်တုံးကို ထပ်ညှပ်ကာ ထမင်းပေါ်သို့ တင်လိုက်သည်။

ကြက်သားက အရိုးမှ ကျွတ်ထွက်သည်အထိ အိနေအောင် ပေါင်းထားပြီးဖြစ်ရာ ဖွဖွလေး ကိုက်ပြီး ဆွဲဆုတ်လိုက်ရုံဖြင့် ကြက်သားများက အရိုးပေါ်မှနေ၍ အပြည့်အဝ ကျွတ်ထွက်လာတော့သည်။

စားရသည့် အထိအတွေ့ကလည်း အလားတူပင် လတ်ဆတ်ပြီး နူးညံ့နေ၏။

ပူလောင်နေသော အငွေ့များက ပါးစပ်ထဲမှ ထွက်ပေါ်လာပြီး နှစ်ချက်သုံးချက်ခန့် ဝါးကာ မျိုချလိုက်သောအခါ ဗိုက်ထဲတွင် နွေးထွေးသွားတော့သည်။

"လယ်သမားတွေ မွေးထားတဲ့ ရိုးရာကြက်ကမှ တကယ် အရသာရှိတာ... အသားက နူးညံ့ပြီး အရည်ရွှမ်းတယ်... ဘယ်လိုလုပ်စားလုပ်စား အရသာရှိတာပဲ"

"ဈေးကွက်ထဲက ဆေးထိုးကြက်တွေ ဆိုရင်တော့ အသားက မာခေါက်နေလောက်ပြီ"

"မှိုကောင်းကောင်းက ကြက်သားကောင်းကောင်းနဲ့မှ လိုက်ဖက်တာလေ"

ရွှီယန်က သက်ပြင်းချကာ ပြောလိုက်သည်။

သူက ဤသို့ဖြင့် တစ်လုတ်ပြီးတစ်လုတ် အရသာရှိသော ကြက်သားနှင့် မှိုစွပ်ပြုတ်ကို မြည်းစမ်းနေလိုက်၏။

အိုးထဲရှိ အစားအစာများက ပို၍ပို၍ နည်းပါးလာတော့သည်။

ရွှီယန်လည်း ဗိုက်ဆာနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ နေ့လယ်ပိုင်းက တောင်ထဲ ဝင်ထားသဖြင့် ခွန်အား အများအပြား သုံးစွဲထားရပြီး သူက အစားစားနိုင်သော အရွယ်လည်း ဖြစ်ရာ နောက်ဆုံးတွင်တော့ တစ်အိုးလုံးရှိ ကြက်သားနှင့် မှိုစွပ်ပြုတ် အားလုံးကို သူက ပြောင်စင်အောင် စားသောက်လိုက်တော့သည်။

ရှောင်ဟေး နှင့် ယွမ်ပေါင် တို့က ဘေးတွင် ရှိနေကြပြီး လမ်းတစ်ဝက်တွင် ရွှီယန်က သူတို့ကို အသား အနည်းငယ် ထွက်ကျွေးလိုက်ရာ ဤကောင်လေး နှစ်ကောင်လည်း ပျော်ရွှင်စွာ စားသောက်နေကြ၏။

ဤထမင်းတစ်နပ်ကို အလွန် ကောင်းမွန်စွာ စားသောက်လိုက်ရသည်။

တောင်ထွက်ပစ္စည်း လတ်လတ်ဆတ်ဆတ်များက တကယ်ပဲ စားလို့ကောင်းသည်သာ ဖြစ်၏။

အစားစားခြင်းကလည်း ရွှီယန်၏ ဝါသနာများထဲမှ တစ်ခု ဖြစ်နေပေပြီ။

ထို့နောက် ရွှီယန်က အဝစားပြီးသွားသောအခါ ပန်းကန်ခွက်ယောက်များကို ကိုယ်တိုင် ပြောင်စင်အောင် ဆေးကြောသိမ်းဆည်းလိုက်ပြီး အခန်းထဲသို့ ပြန်ကာ ဗီဒီယို တည်းဖြတ်ရန် သွားတော့သည်။

သူ တည်းဖြတ်သော ဗီဒီယိုများက အမြဲတမ်း အနှေးဆုံး ဖြစ်လေ့ရှိ၏။

အကူလည်း မရှိသဖြင့် ကိုယ့်ဘာသာကိုယ်သာ အားကိုးရသည်။

ယခုအခါ အနည်းငယ်ပင် အလုပ် မနိုင်မနင်း ဖြစ်နေပေသည်။

သို့သော် ဤကိစ္စက မကြာခင်မှာပင် ဖြေရှင်းပြီးသား ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရွှီယန်၏ ဗီဒီယိုများကို သီးသန့် တည်းဖြတ်ပေးသော မားကတ်တင်း အကောင့်အချို့ ရှိနေပြီး ရွှီယန်က သူတို့ မည်သို့ တည်းဖြတ်ထားသလဲ ဆိုသည်ကို ကြည့်ကာ နောက်တစ်ကြိမ် ပြန်လည် တည်းဖြတ်လိုက်ရုံဖြင့် အဆင်ပြေသွားသောကြောင့် ဖြစ်၏။

သူ့၏ ကိုယ်ပိုင် အကောင့်အောက်တွင် တင်ထားသဖြင့် ကြည့်ရှုသူများလည်း အများအပြား ရှိပေသည်။

ထို့နောက် ဂိမ်း အနည်းငယ် ဆော့ကစားပြီး ရေချိုးကာ အိပ်ရာဝင်လိုက်တော့သည်။

ဒုတိယနေ့တွင် နေမင်းကြီးက ပုံမှန်အတိုင်းပင် ထွက်ပေါ်လာပြီး လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝများကလည်း အရင်အတိုင်းသာ ဖြစ်၏။

ဘာအရေးကြီး ကိစ္စမှ မရှိသဖြင့် အားလုံးက အလုပ်ခဏလုပ်လိုက်... စကားပြောလိုက်ဖြင့် ထမင်းစားချိန်သို့ ရောက်ရှိသွားကြတော့သည်။

တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားသည်က အတော်လေး မြန်ဆန်လှပေသည်။

ရွှီယန်က လယ်ကွက်ထဲသို့ သွားရောက်ကာ စိုက်ပျိုးရေး သီးနှံများကို ကြည့်ရှုလိုက်သည်။ အချို့ သီးနှံများက အစိမ်းရောင် အညှောက်လေးများပင် ထွက်လာပြီဖြစ်ရာ ကြည့်ရသူကို စိတ်အခြေအနေ ကောင်းမွန်သွားစေ၏။

ဤသီးနှံများက လယ်ယာခြံဝင်း၏ မျှော်လင့်ချက်များကို ကိုယ်စားပြုနေပေသည်။

လယ်ယာခြံဝင်းမှ ဝန်ထမ်းများကလည်း အားလုံး မဆိုးလှပေ။ အနည်းဆုံးတော့ လူ့ကျင့်ဝတ်နှင့် သဘောထားပိုင်းတွင် ဘာပြဿနာမှ မရှိကြချေ။

ဤသို့ဖြင့် အားလုံး အတူတကွ ပေါင်းသင်းဆက်ဆံရသည်မှာ အဆင်ပြေလှသည်။

ထို့အပြင် ကိစ္စသေးသေးမွှားမွှား လေးများကိုလည်း သိပ်ပြီး တွက်ကပ်မနေကြပေ။

ရွှီယန်က လယ်ကွက်ထဲတွင် အာလူးနှင့် မြက်ခင်းများ၏ အခြေအနေကို ကြည့်ရှုပြီး မြေဩဇာ ကျွေးရန် ပြင်ဆင်နေ၏။ သူက မြေဩဇာ သုံးစွဲရမည့် ပမာဏကို တွက်ချက်ရမည် ဖြစ်သည်။

မြက်ခင်းများက စိုက်ပျိုးရေး တက္ကသိုလ်နှင့် ပူးပေါင်းထားသော အမှတ်တံဆိပ် ဖြစ်ပြီး ယခုနှစ်တွင် ထပ်မံ အဆင့်မြှင့်တင်ထားသဖြင့် စိုက်ပျိုးပြီး ထွက်ပေါ်လာပါက ရောင်းအား သေချာပေါက် ကောင်းမွန်မည် ဖြစ်၏။

အာလူးကတော့ ကျင်းတို အပန်းဖြေစခန်းနှင့် ပူးပေါင်းထားသော စီမံကိန်း ဖြစ်ပြီး စာချုပ်ပင် ချုပ်ဆိုထားပြီး ဖြစ်ရာ သေချာစွာ ပြုစုပျိုးထောင်ရမည် ဖြစ်သည်။

သူက ကိုယ်တိုင် စိုက်ပျိုးထားသော အရာများအပေါ်တွင် အလွန် ဂရုစိုက်လှပေသည်။

မာဝန်... လီဆန်း နှင့် ဝမ်ဝူ တို့ သုံးယောက်က လျှောက်လာကြပြီး အတူတကွ လိုက်ပါလာကြ၏။

"သူဌေး... ဒီမြက်ခင်းတွေက ကြီးတာ တော်တော် မြန်တယ်နော်... တစ်လတောင် မပြည့်သေးဘူး... မြက်ခင်းပြင်ကြီး ဖြစ်နေပြီ... နောက်ထပ် နှစ်လလောက် ဆိုရင်တော့ အရှည်ကြီး ထွက်လာတော့မှာပဲ"

မာဝန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

"ဟုတ်တယ်... ဒီတလော မိုးနည်းနည်း များတော့ မြက်တွေ ကြီးတာ မြန်တယ်လေ"

"ဒါတွေ အကုန်လုံးက မြက်ကောင်းတွေချည်းပဲ... မျိုးစိတ် အမျိုးမျိုးကို ရောစပ်ထားတာ ဆိုတော့ တိရစ္ဆာန်တွေ အသားတိုးဖို့ သင့်တော်တယ်"

"ဒါပေမယ့် နွေရာသီကျရင် မြက်ခင်းပြင်ဘက်မှာလည်း မြက်မရှားတော့ဘူး... မွေးမြူရေးသမားတွေကလည်း မြက်မလိုကြတော့ဘူး ဆိုတော့ အဲဒီအချိန်ကျရင် ဘယ်လို ရောင်းရမလဲ စဉ်းစားရဦးမယ်"

ရွှီယန်က မြက်ခင်းများ၏ စိုက်ပျိုးရေး ဧရိယာကို တိုးချဲ့ခြင်း မပြုခဲ့ပေ။ သူက ဆောင်းရာသီတွင် မြက်ခြောက်များ ရောင်းကောင်းသော်လည်း နွေရာသီတွင်တော့ ဈေးကောင်း မရနိုင်ကြောင်းကို ထည့်သွင်း စဉ်းစားထားသောကြောင့် ဖြစ်၏။

ထို့ကြောင့် စိုက်ပျိုးပြီး လယ်ယာခြံဝင်းမှ တိရစ္ဆာန်လေးများကို ဆော့ကစားစေရန် ပေးထားလျှင်လည်း ရသလို မြင်း... ဒရယ်ပြောက် နှင့် ငန်းများကို အစာကျွေးရန်လည်း အသုံးပြုနိုင်ပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးတော့ မပေါ်နိုင်ချေ။

"တကယ်လည်း နွေရာသီဆို မြက်မရှားတော့ဘူးလေ... ဘယ်သူမှ မဝယ်ကြတော့ဘူးပေါ့"

မာဝန်က ခေါင်းညိတ်လိုက်သည်။

"ဒါလည်း လွယ်ပါတယ်ကွာ... အလွန်ဆုံး ခြောက်သွေ့တဲ့ နေရာတစ်ခု ရှာပြီး ရေစိုခံဖျင် တစ်လွှာ ခင်းကာ သိမ်းထားလိုက်လို့ ရတာပဲ... ဆောင်းရာသီ ရောက်မှ ပြန်ရောင်းကြတာပေါ့"

"မြက်တွေကို နေလှန်းပြီး အခြောက်ခံထားလိုက်ရင် အာဟာရဓာတ်တွေ သိပ်ပြီး ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး"

ရွှီယန်တွင် အစီအစဉ် ရှိပြီးသား ဖြစ်ရာ လောလောဆယ်တွင် အလောတကြီး မဖြစ်နေချေ။

ဤနေရာသို့ ရောက်သောအခါ ရွှီယန်က ထပ်ပြောလိုက်၏။

"နောက်နှစ်ရက်နေရင် ငါ ခရီးဝေး သွားစရာ ရှိတယ်... သုံးရက် ကနေ ငါးရက်လောက်တော့ ကြာမယ် ထင်တယ်... မင်းတို့ ခြံကို သေချာ ဂရုစိုက်ထားကြဦး... ဘာကိစ္စ ရှိရှိ ငါ့ကို အချိန်မီ ဖုန်းဆက်လိုက်"

ရွှီယန်၏ စကားကို ကြားသောအခါ ဝမ်ဝူက ချက်ချင်း မေးမြန်းလိုက်သည်။

"သူဌေး... ဘယ်သွားမလို့လဲ... စီးပွားရေး သွားပြောမလို့လား ဒါမှမဟုတ် ခရီးသွားမလို့လား"

ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်၏။

"ရှင်းကျန်း ဘက်က ဂိုဘီ သဲကန္တာရ ကို သွားမလို့... ဂိုဘီ သဲကန္တာရကြီးကို သွားကြည့်ချင်နေတာ ကြာပြီ... အခု အလုပ်မများတုန်း မြန်မြန် သွားလိုက်မလို့"

ထိုစကားကို ကြားသောအခါ ဝန်ထမ်းများ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ရွှီယန် ထွက်သွားသော်လည်း အားလုံးက အလုပ်မလုပ်ဘဲ နေမည်ကိုတော့ စိုးရိမ်စရာ မလိုပေ။

အားလုံးက တော်တော်လေး ကိုယ်ပိုင် အသိစိတ် ရှိကြ၏။

ထို့အပြင် ယခုအခါ ရွှီဟုန်ရှန်းကလည်း လယ်ယာခြံဝင်းသို့ မကြာခဏ လာရောက်လေ့ရှိရာ ရွှီယန် မရှိလျှင် ရွှီဟုန်ရှန်းက လာရောက် ကြည့်ရှုပေးမည် ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စမျိုးကိုတော့ မိသားစုဝင်များကသာ တာဝန်ယူရမည် မဟုတ်ပါလား။

ရွှီယန် သွားမည့် နေရာက တကယ်ပင် ဂိုဘီ သဲကန္တာရကြီး ဖြစ်၏။

ဟိုဘက်တွင် မျက်စိတစ်ဆုံး တောင်တန်းများသာ ရှိသော်လည်း အပင်များကတော့ အလွန် ရှားပါးလှသည်။

မြက်ပင်များပင် သိပ်မရှိရာ သစ်ပင်များကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ရေတွက်၍ မရနိုင်သော ကျောက်စရစ်ခဲများနှင့် သဲများသာ ရှိပေသည်။

သို့သော် ထိုကဲ့သို့သော နေရာမျိုးက ကျောက်စိမ်းများ ကောက်ယူရန်အတွက် အထွတ်အမြတ် နေရာ တစ်ခု ဖြစ်နေ၏။

နှစ်စဉ်နှစ်တိုင်း လူအများအပြားက ဤဘက်သို့ လာရောက်ကာ ကျောက်တုံးများ ကောက်ယူလေ့ ရှိကြသည်။

တစ်ညတွင်းချင်း သူဌေးဖြစ်ရန် မျှော်လင့်နေကြခြင်း ဖြစ်၏။

ဤဘက်တွင် တောင်ထဲဝင်ပြီး ဂျင်ဆင်း တူးဖော်ကြသည်နှင့် အနည်းငယ် တူပေသည်။

ပိုက်ဆံရှာရခြင်းကတော့ အဆွဲဆောင်နိုင်ဆုံး အရာ ဖြစ်သည်မှာ အသေအချာပင်။

အကယ်၍ အဆင့်မြင့် ကျောက်စိမ်း တစ်တုံးခန့်သာ ရှာတွေ့ခဲ့ပါက တကယ်ပင် တစ်ညတွင်းချင်း သူဌေး ဖြစ်သွားနိုင်ပေသည်။

သို့သော် ကောင်းကင်ဘုံက ထိုမျှလောက် အလွယ်တကူ လက်ဆောင်များ ပေးသနားလေ့ မရှိဘဲ ပိုက်ဆံရှာရသည်မှာလည်း ထိုမျှ မလွယ်ကူလှချေ။

အချိန်အတော်များများတွင် ဂိုဘီ သဲကန္တာရထဲ၌ တစ်လခန့် လျှောက်သွားနေလျှင်တောင် တန်ဖိုးရှိသော ကျောက်တုံး တစ်တုံးမျှ ရှာတွေ့ချင်မှ ရှာတွေ့နိုင်မည် ဖြစ်၏။

ဤအရာက ကံတရားအပေါ်တွင်သာ မူတည်ပေသည်။

သို့သော် ရွှီယန် အတွက်တော့ ကံတရားကို အားကိုးရန် မလိုအပ်ပေ။

သူ၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က သူ့ကို ကျောက်စိမ်း ရှာဖွေရာတွင် ကူညီပေးနိုင်ပေသည်။

ရွှီယန်က ဂိုဘီ သဲကန္တာရကြီးဆီသို့ တစ်ခါမှ မရောက်ဖူးသေးချေ။ သူက အင်တာနက်ပေါ်တွင် အချက်အလက်များ ရှာဖွေရင်း ဟိုဘက်တွင် လူအတော်များများ ကျောက်စိမ်း ကောက်နေကြသည်ကို သိရှိသွားသဖြင့် သွားကြည့်ချင်နေခြင်း ဖြစ်၏။

ထို့အပြင် သူက လိုက်ဖ်လွှင့်ရန်လည်း မရည်ရွယ်ထားပေ။

ကျောက်စိမ်း ရှာရသည်မှာ ကြည့်ကောင်းစရာ ဘာမှမရှိဘဲ ရှုခင်းများကလည်း လူသူကင်းမဲ့ကာ တိရစ္ဆာန်များလည်း လုံးဝနီးပါး မရှိချေ။

သီးသန့် ကျောက်တုံး ကောက်ခြင်းသာ ဖြစ်၏။

ထို့အပြင် အကယ်၍ ရှာတွေ့သွားပါက အခြားသူများ၏ မနာလိုမှုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။

ထိုနေရာက အလွန် ခေါင်ဖျားပြီး အကျိုးအမြတ်များနှင့် ပတ်သက်လာပါက အန္တရာယ် တစ်ခုခု ရှိနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် တိတ်တိတ်ဆိတ်ဆိတ် နေသည်ကသာ ပိုကောင်းပေသည်။

ဤနှစ်များအတွင်း ပြဿနာတက်သွားသော အင်တာနက် နာမည်ကြီးများ အများအပြား ရှိခဲ့ပေသည်။

ကံကောင်းသည်မှာ ရွှီယန်၏ စိတ်နေစိတ်ထားက တည်ငြိမ်ပြီး ဦးနှောက်ကလည်း သွက်လက်ကာ မည်သည့်အရာကို ယူသင့်၍ မည်သည့်အရာကို မယူသင့်ဘူး ဆိုသည်ကို သိရှိထားခြင်းပင် ဖြစ်၏။

အမြဲတမ်း ကိုယ်ပိုင် စည်းမျဉ်းများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်ပေသည်။

ပြောပြီးသည်နှင့် ချက်ချင်း လက်တွေ့ လုပ်ဆောင်တော့သည်။

ရွှီယန်က ခရီးဆောင်အိတ်ကို စတင် ပြင်ဆင်တော့၏။

သူ ခရီးဆောင်အိတ် ပြင်ဆင်တိုင်း ရှောင်ဟေး နှင့် ယွမ်ပေါင် တို့က ရွှီယန် ခရီးဝေး သွားတော့မည် ဆိုသည်ကို သိရှိကြသည်။

ယေဘုယျအားဖြင့် ဤကောင်လေး နှစ်ကောင်က အိမ်ထဲသို့ မဝင်တတ်ကြသော်လည်း ရွှီယန် ပစ္စည်းများ သိမ်းဆည်းနေသည်ကို မြင်သောအခါ အိမ်ထဲသို့ ဝင်လာကြပြီး ရွှီယန်၏ ဘေးတွင် ကြည့်နေတတ်ကြ၏။

ရွှီယန်ကို သူတို့ပါ ခေါ်သွားစေချင်နေသည့်ပုံပင်။

သို့သော် ရွှီယန်က လေယာဉ် စီးရမည်ဖြစ်ရာ ခွေးများကို သေချာပေါက် ခေါ်သွား၍ မရနိုင်ချေ။

ရှောင်ဟေးက အမြီးကို ခါယမ်းကာ ရွှီယန်က အဝတ်အစားများကို ခရီးဆောင်အိတ်ထဲ ထည့်နေသည်ကို ကြည့်နေသည်။

၎င်းက ရွှီယန်၏ အာရုံစိုက်မှုကို ရရှိစေရန် အဆက်မပြတ် မျက်နှာချိုသွေးနေ၏။

ရွှီယန်က သူတို့၏ စိတ်ကူးများကို မည်သို့မျှ မရိပ်မိဘဲ နေမည်နည်း။

"ငါက ဂိုဘီ သဲကန္တာရ ကို သွားမှာမို့ မင်းတို့ကို ခေါ်သွားလို့ မရဘူးကွ"

"အဲဒီနေရာက ဆော့လို့ မကောင်းဘူး"

"မင်းတို့တွေ အိမ်ကနေပဲ ငါ့ကို စောင့်နေကြ... ရက်အနည်းငယ်လောက်ဆို ပြန်ရောက်လာပြီ"

ရွှီယန်က ရှောင်ဟေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ရှောင်ဟေးက သဘောပေါက်သွားပြီး ချက်ချင်းပင် အပြင်သို့ ထွက်ကာ ဆော့ကစားတော့၏။

ယွမ်ပေါင် ကလည်း အတူတကွ လိုက်သွားသည်။

မထွက်ခွာမီ ရွှီယန်က လယ်ယာခြံဝင်းကို နောက်တစ်ခေါက် ထပ်မံ လှည့်လည် ကြည့်ရှုလိုက်သည်။

လယ်ယာခြံဝင်းက ကြည့်ရသည်မှာ ထိုမျှလောက် မခမ်းနားလှသော်လည်း အတွင်းပိုင်း ဖွဲ့စည်းပုံနှင့် စိုက်ပျိုးထားသော သီးနှံများကတော့ အလွန် ကောင်းမွန်လှပေသည်။

ရွှီယန်က သူ့၏ လယ်ယာခြံဝင်းကို ပိုမို တောက်ပလာစေချင်ပြီး အနည်းဆုံးတော့ လူနေဆောင် ဧရိယာရှိ အဆောက်အအုံများကို ကိုးဆယ်ကျော် ခုနှစ်များက အနီရောင် အုတ်ခဲ ပုံစံမျိုး မဟုတ်ဘဲ ပို၍ ခေတ်မီလာစေချင်သည်။

ဤအတွက် ပိုက်ဆံ ပိုရှာရန် လိုအပ်ပေသည်။

ငွေကြေး အမြောက်အမြား လိုအပ်လှ၏။

"သူဌေး... မနက်ဖြန် ထွက်မှာလား"

မာဝန်က ရွှီယန်ကို မြင်သောအခါ မေးမြန်းလိုက်သည်။

"အင်း... မနက်ဖြန် သွားမှာ... လျှောက်လည်မလို့"

ရွှီယန်က ဖြည်းညင်းစွာ ပြန်ဖြေလိုက်၏။

"သူဌေး... ဟိုဘက်မှာ စီးပွားရေး ကိစ္စများ ရှိလို့လား... ခင်ဗျား လယ်ယာခြံဝင်း ကိစ္စတွေအတွက် အမြဲတမ်း ပြေးလွှားလှုပ်ရှား နေရပြီး တော်တော် ပင်ပန်းနေတယ် ဆိုတာ အားလုံး သိကြပါတယ်... ခြံဝင်းမှာ ဘာကိစ္စ ရှိရှိ ကျွန်တော်တို့ကိုသာ ကြိုက်သလို လုပ်ခိုင်းပါ"

မာဝန်က သူ၏ သဘောထားကို ဖော်ပြလိုက်သည်။

ဤစကားများက လူမှုရေးအရ ပြောဆိုခြင်းသာ ဖြစ်သော်လည်း သူဌေးတစ်ယောက် အနေဖြင့် ကြားရသည်မှာ စိတ်သက်သာရာ ရစေပေသည်။

"ဘာမှမရှိပါဘူး... မင်းတို့ရဲ့ ကိုယ်ပိုင် အလုပ်တွေကိုသာ သေချာ လုပ်ထားကြပါ... ဘာကိစ္စ ရှိရှိ ငါ့ကို ဖုန်းဆက်လိုက်"

ရွှီယန်က ပြုံးရုံသာ ပြုံးနေလိုက်၏။

လယ်ယာခြံဝင်း အရာအားလုံးကို သေချာစွာ စီစဉ်ပြီးစီးသွားပြီ ဖြစ်သည်။

ဒုတိယနေ့ နံနက်စောစောတွင် ရွှီယန်က လေယာဉ်ပေါ်သို့ တက်ကာ ရှင်းကျန်း ဘက်ရှိ တောင်တန်းများဆီသို့ တိုက်ရိုက် ဦးတည် ထွက်ခွာသွားတော့သည်။

All Chapters