အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) မျက်စိတစ်ဆုံး ကျယ်ဝန်းလှတဲ့ ဂိုဘီ သဲကန္တာရကြီးနဲ့ တူးဖော်ရရှိခဲ့တဲ့ ကျောက်စိမ်းလှလှလေး
ရှင်းကျန်း ဂိုဘီ သဲကန္တာရကြီး။
မျက်စိတစ်ဆုံး ကျယ်ဝန်းလှသော ကျောက်စရစ်ခဲ ကမ်းခြေကြီးဖြစ်ပြီး အရေအတွက် မရေမတွက်နိုင်သော ကျောက်တုံးများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
မြေပြင်ပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မြစ်ကြမ်းပြင်ဟောင်းများက မို့မောက်ထွက်ပေါ်နေပြီး ကျောက်စရစ်ခဲများစွာက ထိုအထဲတွင် နစ်မြုပ်နေကာ အားလုံးက လေတိုက်စားခြင်းကို ခံထားရပြီ ဖြစ်သည်။
ဟယ်ထျန် ကျောက်စိမ်းရိုင်းများက ထိုအထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်၏။
သို့သော် ဤကဲ့သို့သော နေရာမျိုးက လွန်ခဲ့သော နှစ်တစ်ရာအတွင်း လူများ ဘယ်နှစ်ကြိမ်လောက် တူးဆွရှာဖွေခဲ့ကြပြီလဲ ဆိုသည်ကိုပင် မသိနိုင်တော့ချေ။
ယခုအချိန်တွင်လည်း တူးရွင်းများ ကိုင်ဆောင်ထားသော ရတနာမုဆိုး များစွာက ရတနာများ လာရောက် ရှာဖွေနေကြဆဲပင်။
အားလုံးက ကံတရားကို လောင်းကြေးထပ်နေကြခြင်း ဖြစ်ပြီး တစ်ညတွင်းချင်း သူဌေးဖြစ်မည့် ကံတရားမျိုးကို လောင်းကြေးထပ်နေကြခြင်း ဖြစ်သည်။
သို့သော် ကျောက်စိမ်း တူးဖော်ရရှိနိုင်မည့် ဖြစ်နိုင်ခြေက ထီပေါက်မည့် ဖြစ်နိုင်ခြေနှင့် အတူတူလောက်သာ ဖြစ်ပြီး ပို၍တောင် နည်းပါးနိုင်သေးသည်။
ဘာပဲဖြစ်ဖြစ် ထီဝယ်လျှင်တောင် အမြဲတမ်း ဆုကြီးပေါက်သူ ရှိတတ်သေးသော်လည်း ဤနေရာတွင်တော့ အဆင့်မြင့် ကျောက်စိမ်းများကို တူးဖော်မတွေ့ရှိရသည်မှာ နှစ်အတော်ကြာနေပြီ ဖြစ်၏။
လှပသော ကျောက်တုံး အချို့ကိုသာ ရှာတွေ့နိုင်ပေသည်။
ခရီးသွား အများအပြားက ဤဘက်တွင် လာရောက်ကာ ကျောက်တုံးများ ကောက်ယူလေ့ ရှိကြသည်။
လှပသော ကျောက်တုံးများ ကောက်ရပါက ပန်းအိုးထဲတွင် အလှဆင်ရန် သုံးကြသည် သို့မဟုတ် မြို့ထဲသို့ သွားကာ လက်မှုပညာဆိုင်များတွင် လက်ကောက် တစ်ကွင်း ပြုလုပ်ကြသည်။
လက်မှုပညာခ ကိုသာ ပေးချေရုံဖြင့် ရနိုင်ပေသည်။
အချို့လူများက ကျောက်စိမ်း၏ တန်ဖိုးက ဘယ်လောက်ရှိသလဲ ဆိုသည်ကို ဂရုမစိုက်ကြဘဲ ကျောက်စိမ်း လှပရန်ကိုသာ အလေးထားကြ၏။
ကိုယ်တိုင် ကောက်ရလာသော အရည်အသွေးနိမ့် ကျောက်စိမ်းကို လက်ကောက်အဖြစ် ပြုလုပ်ရသည်က အတော်လေး အမှတ်တရ ဖြစ်စေသည်ဟု ခံစားကြရသည်။
ဤသည်ကလည်း ကျောက်စိမ်း ကစားသူများအတွက် အကောင်းဆုံးသော စိတ်ထားပင် ဖြစ်ပေသည်။
လမ်းဘေးတွင် အရာအားလုံး ရှိပေသည်။ အချို့က ကွိုက်ကျောက်များ ဖြစ်ပြီး အချို့က ကျောက်စရစ်ခဲများ ဖြစ်ကာ အရောင်အသွေး စုံလင်လှသော ကျောက်စိမ်းများလည်း ရှိသည်။
အက်ကွဲနေသည်များ... အဖြူရောင်ထဲတွင် အနီရောင် အခွံလေးများ ပါဝင်နေသည်များ... အရောင် နောက်ကျိနေသည်များ... အရောင် ကြည်လင် တောက်ပနေသည်များ အစရှိသဖြင့် အမျိုးအစား စုံလင်လှသော ကျောက်စိမ်းများ ရှိပေသည်။
ရွှီယန်က ငှားရမ်းထားသော ကားကို မောင်းနှင်ကာ ကျောက်စိမ်း ကောက်ရမည့် နေရာသို့ ထွက်ခွာလာခဲ့သည်။
လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် အမျိုးအစား စုံလင်လှသော SUV ကားများဖြင့် ပြည့်နှက်နေ၏။
အားလုံးက ကားပေါ်မှ ဆင်းကာ ကျောက်စိမ်း သွားကောက်ကြသူများသာ ဖြစ်သည်။
သေချာစွာ ကြည့်လိုက်ပါက လမ်းဘေး နှစ်ဖက်ရှိ ဂိုဘီ သဲကန္တာရကြီးပေါ်တွင် လူအများအပြားက ဂေါ်ပြား တစ်လက်... ပုံးတစ်ပုံးစီ ကိုင်ဆောင်ကာ ကျောက်စိမ်းများကို တူးဆွ ရှာဖွေနေကြသည်။
ရွှေကျင်သူများနှင့် ဆင်တူပြီး ဤသူများ အားလုံးက ကျောက်စိမ်းရှာဖွေသူ များပင် ဖြစ်ကြ၏။
သို့သော် ဒေသခံများ ပြောသကဲ့သို့ပင် ဤနေရာများက လူများ၏ တူးဆွရှာဖွေခြင်းကို ဘယ်နှစ်ကြိမ်လောက် ခံခဲ့ရပြီလဲ ဆိုသည်ကိုပင် မသိနိုင်တော့ချေ။ အဆင့်မြင့် ကျောက်စိမ်းများကို အသာထား အရောင်အနည်းငယ် လှပသော ကျောက်တုံးများပင်လျှင် တူးဖော် ယူဆောင်သွားခြင်း ခံခဲ့ရပြီ ဖြစ်သည်။
ဤနေရာတွင် ကျောက်စိမ်း ရှာတွေ့ချင်သည်ဆိုပါက တကယ့်ကို ယုံတမ်းပုံပြင်သာ ဖြစ်နေတော့မည်။
အထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားရန်သာ ရှိပေသည်။
"တကယ်ကို ရူးသွပ်နေကြတာပဲကွာ"
ရွှီယန်က လမ်းဘေး နှစ်ဖက်တွင် ပြည့်နှက်နေအောင် ရပ်ထားသော SUV ကားများကို ကြည့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။
လူများက ထင်ထားသည်ထက် ပို၍ များပြားနေ၏။
ရွှီယန်က ကားရပ်ရန် နေရာတစ်ခုကို ရှာဖွေလိုက်သည်။
လမ်းဘေး နှစ်ဖက်ရှိ နေရာများတွင် ကောင်းမွန်သော ကျောက်စိမ်းများ သေချာပေါက် ရှာတွေ့မည် မဟုတ်ကြောင်းကို သူ သိထားပြီး အထဲသို့ နက်နက်သာ ဝင်သွားရမည် ဖြစ်၏။
ယင်းက သူ တောတောင်ထဲ ဝင်ရောက် ရှာဖွေရသည်နှင့် အတူတူပင် ဖြစ်သည်။
ရွာပတ်ဝန်းကျင်ရှိ နေရာများတွင် တောင်ထွက်ပစ္စည်းများ လုံးဝ ရှိနိုင်မည် မဟုတ်ချေ။ မှိုများပင် ရှိနိုင်မည် မဟုတ်ဘဲ ရွာပတ်ဝန်းကျင်တွင် မှိုများ ထွက်ပေါ်လာပါက အခုလေးတင် ပေါက်လာလျှင်ပင် လူများ၏ ခူးယူခြင်းကို ခံလိုက်ရမည် ဖြစ်သည်။
ထို့ကြောင့် ရွှီယန်က ကားကို သေချာစွာ ရပ်တန့်လိုက်ပြီးနောက် အတွင်းပိုင်းသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
သူက ကျောပိုးအိတ် တစ်လုံးကို လွယ်ထားပြီး ခိုင်ခံ့သော တူးရွင်း တစ်လက်ကို ကိုင်ဆောင်ထားကာ ခေါင်းတွင်လည်း ကောက်ရိုးဦးထုပ် တစ်လုံးကို ဆောင်းထား၏။
အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်က အတော်လေး ထင်ရှားပေါ်လွင်နေသည် ဆိုသော်လည်း ဂိုဘီ သဲကန္တာရ ကမ်းခြေကြီးပေါ်တွင် လမ်းလျှောက်နေချိန်၌ သူ့ကို အာရုံစိုက်မည့်သူ သိပ်ရှိမည် မဟုတ်ပေ။
အားလုံး၏ မျက်စိထဲတွင် ကျောက်စိမ်းများ... လှပသော ကျောက်စိမ်းများနှင့် တန်ဖိုးကြီးသော ကျောက်စိမ်းများသာ ရှိနေကြသည်။
မြေပြင်ပေါ်တွင် ကျောက်တုံးများချည်းသာ ဖြစ်ပြီး ထိုအထဲတွင် အရောင်အသွေး စုံလင်သော ကျောက်တုံး အချို့လည်း ပါဝင်နေ၏။
လူများက ကောက်ယူကာ အချိန်အတော်ကြာအောင် ကြည့်ရှုပြီး လှပသည်ဟု ထင်ပါက သိမ်းထားလိုက်ကြသည်။
တကယ်တမ်းတော့ ဤကဲ့သို့သော ကျောက်တုံးများကို အင်တာနက်ပေါ်တွင် ဝယ်ယူမည်ဆိုပါက ယွမ်ဆယ်ယွမ်ဖြင့် အများအပြား ဝယ်ယူနိုင်ပေသည်။ တန်ဖိုး မရှိလှချေ။
ရွှီယန်က အတွင်းပိုင်းသို့ တောက်လျှောက် လျှောက်လာခဲ့သည်။
မည်သူကမျှ သူ့ကို သတိမထားမိကြချေ။
လမ်းဘေး နှစ်ဖက်တွင် ခရီးသွားများချည်းသာ ရှိပြီး အတွင်းသို့ ထပ်မံ ဝင်ရောက်သွားပါက ပရော်ဖက်ရှင်နယ် ဟယ်ထျန် ကျောက်စိမ်း ရှာဖွေသူများနှင့် ဤနေရာသို့ လာရောက်ကာ ကျောက်စိမ်းများ လာရောက် ဝယ်ယူကြသော အလယ်အလတ် ကုန်သည်များကို တွေ့ရမည် ဖြစ်၏။
ကျောက်စိမ်း ကုန်သည်များက ကျောက်စိမ်း တူးဖော်သူများကို ပစ္စည်းကောင်း ရမရ မကြာခဏ မေးမြန်းတတ်ကြပြီး တစ်ခါတရံတွင်တော့ ပွဲချင်းပြီး အရောင်းအဝယ် လုပ်၍ ရနိုင်ပေသည်။
ရွှီယန်က နာရီဝက်ခန့် လမ်းလျှောက်လာခဲ့၏။
ဤနေရာက လူသူကင်းမဲ့ပြီး ခြောက်သွေ့နေသော ဂိုဘီ သဲကန္တာရ တစ်ခုဖြစ်ပြီး မို့မောက်နေသော တောင်ကုန်းများ ရှိပေသည်။
ဤတောင်ကုန်းများ အားလုံးမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မြစ်ကြမ်းပြင်ဟောင်းများ ဖြစ်ကြပြီး ထိုအထဲတွင် ကျောက်တုံးများဖြင့် ပြည့်နှက်နေ၏။
ကျောက်စိမ်းတူးဖော်ခြင်း ဆိုသည်မှာ မြေအောက်ထဲမှ တူးဖော်ရခြင်း မဟုတ်ဘဲ မြစ်ကြမ်းပြင်ပေါ်မှနေ၍ ကျောက်တုံးများကို နည်းနည်းချင်းစီ ခေါက်ချရခြင်း ဖြစ်သည်။
လေတိုက်စားခံထားရသော ကျောက်စရစ်ခဲများထဲတွင် တန်ဖိုးမဖြတ်နိုင်သော ကျောက်စိမ်းရတနာများ ရှိနေနိုင်ပေသည်။
ဤအရာများ အားလုံးက ကံတရားအပေါ်တွင်သာ မူတည်သော်လည်း တစ်ညတွင်းချင်း သူဌေးဖြစ်နိုင်သဖြင့် ဤနေရာသို့ လာရောက်ကာ ကျောက်စိမ်းတူးဖော်သူများလည်း မနည်းလှပေ။ တစ်ရက်ပြီးတစ်ရက် ဤသို့ပင် ကုန်လွန်နေကြ၏။
ရွှီယန်က ပတ်ဝန်းကျင် နေရာများကို ကြည့်ရှုရင်း ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ မျက်နှာပြင်ကို တိတ်ဆိတ်စွာ ဖွင့်လိုက်သည်။
သူက ဤလူများနှင့် မတူညီချေ။ သူက ကံတရားကို အားမကိုးဘဲ ကိုယ်ပိုင် စွမ်းရည်ကိုသာ အားကိုးခြင်း ဖြစ်၏။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုရန် ရွေးချယ်လိုက်သော်လည်း သူ ထင်မှတ်မထားသည်မှာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က သတိပေးချက် တစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
[လက်ရှိနေရာက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် သတ်မှတ်ထားတဲ့ သဘာဝနယ်မြေ မဟုတ်ပါ... လက်ရှိမှာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တောတောင်များနဲ့ သမုဒ္ဒရာများထဲမှာပဲ အသုံးပြုဖို့ ကန့်သတ်ထားပါတယ်]
"ဘာကြီးလဲဟ"
ရွှီယန် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
သူက မျှော်လင့်ချက် အပြည့်ဖြင့် ကျောက်စိမ်းလာတူးခြင်း ဖြစ်သော်လည်း အရေးကြီးသည့် အချိန်ကျမှ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အလုပ်မလုပ်တော့ချေ။
ဒါကတော့ တော်တော်လေး အနေရခက်သွားပြီ ဖြစ်သည်။
ပတ်ဝန်းကျင်မှာ အလွန် ကျယ်ဝန်းလှသော ဂိုဘီ သဲကန္တာရ ကမ်းခြေကြီးဖြစ်ပြီး ပေါင်းပင်များပင် မရှိဘဲ ကျောက်တုံးများချည်းသာ ရှိပေသည်။
တကယ်ပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြု၍ ရသော နယ်ပယ်ထဲတွင် မပါဝင်ချေ။
ရွှီယန် ကြောင်အမ်းနေစဉ်မှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က နောက်ထပ် သတိပေးချက်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့၏။
[ရှားပါး ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ... ဂိုဘီ သဲကန္တာရထဲက ကျောက်စိမ်းများ]
[လဲလှယ်ဖို့အတွက် အကြိမ်ရေ ၁၀ ကြိမ် အသုံးပြုရပါမယ်... လဲလှယ်မှာလား]
သတိပေးချက်ကို ကြားသောအခါ ရွှီယန်၏ မျက်နှာသွင်ပြင်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
'ရှားပါး ရတနာရှာဖွေရေး တာဝန်'
ရောက်လာမှတော့ သူက သဘာဝကျကျပင် လဲလှယ်ရန် ရွေးချယ်လိုက်၏။
တောင်တွေရေတွေ ကာဆီးနေပြီး လမ်းမရှိတော့ဘူးလို့ ထင်နေချိန်မှာပဲ မိုးမခပင်တွေ ပန်းပွင့်တွေကြားက ရွာလေးတစ်ရွာ ထွက်ပေါ်လာခဲ့သည် ဆိုသည့်အတိုင်းပင်။
စိတ်ခံစားချက်များက နိမ့်လိုက် မြင့်လိုက် ဖြစ်နေပြီး တကယ်ကို လူကို ထင်မှတ်မထားအောင် ဖြစ်စေပေသည်။
[လဲလှယ်ခြင်း အောင်မြင်ပါတယ်... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှာဖွေနေပါတယ်...]
[ရှာဖွေခြင်း အောင်မြင်ပါတယ်]
မကြာခင်မှာပင် စနစ်ထံမှ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
ရွှီယန်၏ ဖုန်းမြေပုံပေါ်တွင် ရတနာရှာဖွေရေး လမ်းညွှန်ချက်များ ပိုများလာခဲ့၏။
ထို့ကြောင့် သူက ရတနာရှာဖွေရေး လမ်းညွှန်ချက်၏ ဦးတည်ရာအတိုင်း ရတနာ ဝှက်ထားသည့် နေရာဆီသို့ ရှေ့ဆက် ထွက်လာခဲ့သည်။
ရတနာ ဝှက်ထားသည့် နေရာက မို့မောက်နေသော မြစ်ကြမ်းပြင်ဟောင်း တစ်ခု ဖြစ်သည်။
အပေါ်တွင် ကြီးမား သေးငယ်သော ကျောက်တုံးများဖြင့် အပြည့် နစ်မြုပ်နေ၏။
ဤနေရာတွင် လေတိုက် မိုးရွာသည့် ဒဏ်ကို ဘယ်နှစ်နှစ်လောက် ခံခဲ့ရပြီလဲ ဆိုသည်ကို မသိနိုင်သော်လည်း ယခုအထိ ကြံ့ကြံ့ခံ ရပ်တည်နေဆဲပင် ဖြစ်သည်။
သဘာဝတရား၏ အရာများနှင့် နှိုင်းယှဉ်ပါက လူသားများက တကယ်ကို သေးငယ်လွန်းလှပေသည်။
ကျောက်စိမ်းများက မြစ်ကြမ်းပြင်၏ အနက်ပိုင်းတွင် ရှိနေရာ ရွှီယန်ကလည်း တခြားသူများ၏ ပုံစံအတိုင်း လိုက်လုပ်ကာ စတင် တူးဖော်တော့သည်။
ဤဘက်တွင် ကျောက်တုံးများနှင့် မြေကြီးများသာ ရှိပြီး ပထဝီဝင် အနေအထားကလည်း အလွန် ခေါင်ဖျားကာ မည်သည့် တန်ဖိုးရှိသော သယံဇာတမှ မရှိသဖြင့် စိတ်ကြိုက် တူးဖော်ခွင့် ရှိပေသည်။
ထိန်းချုပ်ထားသော ကျောက်စိမ်း မိုင်းတွင်းများဆီသို့ မသွားသရွေ့တော့ ဘာပြဿနာမှ မရှိချေ။
ရွှီယန်က တူးရွင်းကို ကိုင်ကာ ပြောင်းပြန်လှန်ပြီး မြစ်ကြမ်းပြင်ပေါ်သို့ တစ်ချက်ပြီးတစ်ချက် ခေါက်ချလိုက်သည်။
တူးရွင်းဖြင့် ခေါက်ချလိုက်သည်နှင့်အမျှ ကျောက်တုံးများက ရွှဲခနဲ ပြုတ်ကျလာ၏။
မြေကြီး အနည်းငယ်လည်း ရောပါလာသည်။
ကံကောင်းသည်မှာ သူက နှာခေါင်းစည်း တပ်ထားသဖြင့် အသက်ရှူရန် ပြဿနာကိုတော့ စိုးရိမ်စရာ မလိုပေ။
ပြုတ်ကျလာသော ကျောက်တုံးများ အားလုံးက သာမန် ကျောက်တုံးများသာ ဖြစ်ပြီး ကြည့်ရှုစရာ ဘာမှမရှိချေ။
ရွှီယန် တူးဖော်နေသော ဤနေရာသို့ အခြေခံအားဖြင့် မည်သူမျှ လာရောက်ခြင်း မရှိပေ။
ဤဝါရင့် သမားများက ဤနေရာတွင် ကျောက်တုံး သေးသေးလေးများသာ ရှိပြီး တန်ဖိုးရှိသော ကျောက်စိမ်းများ မရှိကြောင်း သိထားကြ၏။
အားလုံးကလည်း ရွှီယန်ကို သိပ်ပြီး အာရုံမစိုက်ကြချေ။ ဘာပဲဖြစ်ဖြစ် ဤနေရာသို့ လာရောက်ကြသူများ အားလုံးက ကြီးပွားချမ်းသာရန်အတွက် ရည်ရွယ်လာကြခြင်း ဖြစ်ရာ အားလုံးက ကိုယ့်အလုပ်ကိုသာ အာရုံစိုက်နေကြပြီး အခြားသူများကို ဂရုစိုက်နေရန် အချိန်မရှိကြပေ။
ထို့အပြင် မည်သူက ပစ္စည်းကောင်း အကြီးစားကြီး ထွက်လာသည်ဖြစ်စေ အသံကျယ်ကျယ်ဖြင့် အော်ဟစ် ကြွားဝါနေမည် မဟုတ်ချေ။
ရွှီယန် နေရာရှာတွေ့ထားသော ထိုကျောက်စိမ်းက အလွန် နက်ရှိုင်းသော နေရာတွင် ရှိနေ၏။
ခဏလောက် ထပ်မံ တူးဖော်ရန် လိုအပ်သေးသည်။
သို့သော် ရွှီယန်က တစ်ကိုယ်လုံးတွင် ခွန်အားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားနေရ၏။
ဤသည်ကလည်း ပုံမှန်ပါပင်။ အထဲတွင် ပစ္စည်းကောင်း အကြီးစားကြီး ရှိနေသည်ကို သိထားပါက မည်သူမဆို ဤသို့ပင် ဖြစ်နေမည်သာ ဖြစ်သည်။
မကြာခင်မှာပင် နေမင်းကြီးက ပို၍ပို၍ မြင့်တက်လာပြီး အပူချိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
အရိပ်အာဝါသ ရနိုင်သော နေရာလည်း မရှိရာ ကျောက်စိမ်း တူးဖော်သူများက ဤကဲ့သို့ ပြင်းထန်သော နေရောင်အောက်တွင် ကျောက်တုံးများကို အဆက်မပြတ် တူးဆွနေကြ၏။
စိတ်ထဲတွင် မျှော်လင့်ချက် ရှိနေသဖြင့် သူတို့က ပင်ပန်းသည်ဟု မခံစားကြရချေ။
ကျောက်စိမ်းရှာဖွေသူ အများစု၏ အသားအရေက မည်းနက်နေသည်မှာလည်း မဆန်းတော့ပေ။
ဤကဲ့သို့ အချိန်အတော်ကြာအောင် နေပူခံထားရပါက မမည်းလျှင်မှ ထူးဆန်းနေမည် ဖြစ်သည်။
တစ်ခါတရံတွင် လူအချို့က ရွှီယန် ရှိရာဘက်သို့ နှစ်ချက်ခန့် လှမ်းကြည့်တတ်ကြသေးသည်။ ကြားဖူးသည်မှာတော့ အကယ်၍ နယ်ခံမဟုတ်သော အခြားဒေသမှ လူများက ကြီးမားပြီး ကောင်းမွန်သော ကျောက်စိမ်းကြီးများကို ရှာတွေ့သွားပါက အလွယ်တကူ လုယူခံရနိုင်သည်ဟု ဆို၏။
ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းကို အကဲဖြတ်မှု မလုပ်ရသေးခင် အချိန်အထိ တန်ဖိုးကို အတိအကျ မသိနိုင်သဖြင့် ရဲတိုင်လျှင်တောင် ဖြေရှင်း၍ မရနိုင်သောကြောင့် ဖြစ်သည်။
နေ့လယ်ပိုင်း ရွှီယန် ကျောက်စိမ်းတူးဖော်နေချိန်တွင် ဒေသခံ တစ်ဦးက လာရောက်ကာ ပွဲကြည့်နေသေး၏။
"လူလေး... ဒီနေရာက မကောင်းဘူးကွ... ဒီမှာ ကျောက်စိမ်း မရှိဘူး... အထဲကို သွားတူးမှ ရမှာ"
ထိုဒေသခံက ကြည့်ရသည်မှာ အတော်လေး စေတနာကောင်းသည့်ပုံ ပေါ်သည်။
"ကျွန်တော်က ဒီအတိုင်း အပျော်လာတူးကြည့်တာပါ"
ရွှီယန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"လှတဲ့ ကျောက်တုံးလေးတွေ ဘာတွေရော တူးမိသေးလား"
ထိုဒေသခံက ထပ်မံ မေးမြန်းလိုက်သည်။ လေယူလေသိမ်းက သိုးသားကင်ရနံ့ အနည်းငယ် သင်းပျံ့နေသယောင်ပင်။
"မတူးမိသေးပါဘူး... မီးခိုးရောင် ကျောက်တုံးတွေချည်းပဲ"
ရွှီယန်က ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
ရွှီယန်၏ ပုံစံက လိမ်ညာနိုင်မည့်ပုံ မပေါ်သဖြင့် ထိုဒေသခံလည်း ထွက်ခွာသွားတော့သည်။
ရွှီယန်က ကျောက်စိမ်း တူးဖော်သည့် အရှိန်ကို မြှင့်လိုက်၏။
ရပ်တန့်ပြီး လိုက်လံ ရှာဖွေနေရန် မလိုအပ်ဘဲ ခေါင်းငုံ့ကာ တောက်လျှောက် တူးဖော်နေရုံသာ ဖြစ်ရာ သူ တူးဖော်သည့် အရှိန်က အလွန် မြန်ဆန်လှပေသည်။
ကျောက်တုံးများနှင့် မြေကြီးများ အများအပြားကို သူက တူးရွင်းဖြင့် တူးထုတ်ပစ်လိုက်၏။
ဤကဲ့သို့ နာရီအနည်းငယ်ခန့် ဆက်တိုက် တူးဖော်ပြီးနောက် နောက်ဆုံးတွင်တော့ သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် နေရာပြထားသော ကျောက်စိမ်းကို တူးဖော်တွေ့ရှိသွားခဲ့သည်။
ယင်းက ငုံးဥ အရွယ်အစားခန့် ရှိသော အဖြူရောင် ကျောက်စိမ်း တစ်တုံးဖြစ်ပြီး အပြင်ခွံက အလွန် ချောမွေ့နေကာ မျက်နှာပြင်ပေါ်တွင် အနီရောင် အရိပ်အယောင်လေးများ အနည်းငယ် ရှိနေသော်လည်း ၎င်း၏ လှပမှုကို နည်းနည်းလေးမျှပင် မထိခိုက်စေချေ။
ရွှီယန်က တစ်ချက်မျှသာ ကြည့်လိုက်ပြီး ကျောက်စိမ်းကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
အဆင့်မြင့် ဟယ်ထျန် ကျောက်စိမ်းက အဖြူရောင်ဖြစ်ကြောင်း သူ လေ့လာထားဖူး၏။ ဤအဖြူရောင်က သာမန် ကျောက်စရစ်ခဲများကဲ့သို့ ကြည်လင်တောက်ပနေသော အဖြူရောင်မျိုး မဟုတ်ဘဲ တောက်ပပြီး နူးညံ့ကာ အနည်းငယ် မှိုင်းနေသယောင် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
ယေဘုယျအားဖြင့် အဖြူရောင် ကျောက်စိမ်းများတွင် အတွင်းပိုင်းသို့ စိမ့်ဝင်နေသော အနီရင့်ရောင်လေးများ ပါဝင်တတ်ပြီး ကျောက်စိမ်း ပန်းပုဆရာကြီးများက ကျောက်စိမ်း၏ ဖွဲ့စည်းပုံနှင့် အရောင်အသွေးအပေါ် မူတည်ကာ ကျောက်စိမ်းကို ပုံစံတစ်မျိုးမျိုး ထွက်ပေါ်လာအောင် ထုဆစ်လေ့ ရှိကြသည်။
ထို့နောက် ရွှီယန်က ဘာမှမဖြစ်ခဲ့သည့်အလား ဆက်လက် တူးဖော်နေလိုက်၏။
ဆယ်မိနစ်ကျော်ခန့် ထပ်မံ တူးဖော်ပြီးနောက် သူက စိတ်ပျက်သွားသည့်အလား တူးရွင်းကို ဘေးသို့ ပစ်ချလိုက်ပြီး မြစ်ကြမ်းပြင် အောက်ဘက်ရှိ အရိပ်ထဲတွင် ထိုင်ကာ အနားယူနေလိုက်သည်။
သူက ကျောပိုးအိတ်ထဲမှ ရေတစ်ပုလင်းကို ထုတ်ယူကာ အေးအေးဆေးဆေးပင် သောက်နေလိုက်၏။
သရုပ်ဆောင်ကောင်း တစ်ယောက်၏ ကိုယ်ပိုင် အသိစိတ်ပင် ဖြစ်သည်။
အဝေးတွင် လူအချို့က တူးဖော်နေကြဆဲ ဖြစ်သည်။
ဤနေရာက တကယ်ကို ကျယ်ဝန်းလှပေသည်။
မြစ်ကြမ်းပြင်ဟောင်းကြီးက အဆုံးအစမရှိ ရှည်လျားနေပြီး ရှေးဟောင်းခေတ်ကာလမှ အကြွင်းအကျန်များနှင့်ပင် တူနေတော့၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနေရာတွင် ဧရာမ မြစ်ကြီး တစ်စင်း စီးဆင်းခဲ့ဖူးမည် ဆိုသည်ကို မှန်းဆကြည့်ရန် မခက်ခဲလှပေ။
ကြီးမား သေးငယ်သော ကျောက်တုံး ကျောက်ဆောင်များစွာကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။
ခေတ်သစ် လူသားများက ဤကဲ့သို့သော အကြွင်းအကျန်များထဲတွင် ရှေးဟောင်းခေတ်ကာလမှ ရတနာများကို ရှာဖွေနေကြခြင်းပင်။
ရွှီယန်က ခဏမျှ အနားယူပြီးနောက် ကျောပိုးအိတ်ကို လွယ်ကာ မြစ်ကြမ်းပြင်ဟောင်း၏ အမြင့်ပိုင်းသို့ တက်သွားပြီး အပေါ်မှနေ၍ အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။
ဤနေရာ၏ ပထဝီဝင် အနေအထားက နိမ့်လိုက် မြင့်လိုက် ဖြစ်နေသော်လည်း မျက်စိတစ်ဆုံး ကြည့်လိုက်မည်ဆိုပါက မည်သည့် သက်ရှိ အရိပ်အယောင်မျှ မရှိချေ။
အစိမ်းရောင် အရိပ်အယောင် နည်းနည်းလေးမျှပင် မမြင်တွေ့ရပေ။
နေရာအတော်များများတွင် ဖုန်မှုန့်များသာ ထောင်းလွင့်နေ၏။
"ဒါက ဂိုဘီ သဲကန္တာရကြီးပဲ... လူတွေ ဒီလောက် အများကြီး မရှိဘူး ဆိုရင် ဒီလို နေရာမျိုးက အရမ်း ကြောက်စရာ ကောင်းမှာပဲ"
"သက်ရှိ အရိပ်အယောင် နည်းနည်းလေးတောင် မရှိဘူးကွာ"
ရွှီယန်က မနေနိုင်ဘဲ သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။
သူက သက်ဝင်လှုပ်ရှားနေသော ခံစားချက်မျိုးကို နှစ်သက်သော်လည်း ဤနေရာကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။
အကြမ်းဖျင်း တစ်ပတ်ခန့် လျှောက်သွားပြီးနောက် ရွှီယန်က တိုက်ရိုက်ပင် ထွက်ခွာလာခဲ့၏။
ဒေသခံ အချို့က သူ့ကို သတိထားမိကြသော်လည်း ဂရုမစိုက်ကြချေ။
သူတို့၏ မျက်စိထဲတွင်တော့ ရွှီယန်က တစ်ညတွင်းချင်း သူဌေးဖြစ်မည့် အိပ်မက်များကို ပိုက်ထွေးလာကြသော ထောင်သောင်းမကသည့် အခြားဒေသမှ လူများနည်းတူ လက်တွေ့ဘဝ၏ သင်ခန်းစာ ပေးခြင်းကို ခံလိုက်ရပြီး ဖုန်တလူးလူးဖြင့် ထွက်ခွာသွားရသူ တစ်ယောက်သာ ဖြစ်ပေသည်။
...
ရွှီယန်က မြို့ထဲသို့ ကားမောင်းလာခဲ့ပြီး တစ်ညခန့် ကောင်းမွန်စွာ အနားယူလိုက်သည်။
ဒုတိယနေ့သို့ ရောက်သောအခါ သူက ကျောက်စိမ်း ဝယ်ယူသူများကို စတင် ရှာဖွေတော့၏။
ချန်ပိုင်တောင်တန်းတွင် ဂျင်ဆင်း ဝယ်ယူမည့် ဆေးကုန်သည်များ မရှားပါးသကဲ့သို့ ဤဘက်တွင်လည်း ကျောက်စိမ်း ဝယ်ယူမည့် ကုန်သည်များ မရှားပါးလှချေ။
ထို့အပြင် ဤလူများ အားလုံးက အလွန် ပရော်ဖက်ရှင်နယ် ဆန်ကြပြီး ရွှီယန်က ကြီးမားသော အဖွဲ့အစည်းကြီး တစ်ခုမှ ရတနာ အကဲဖြတ်ပညာရှင် ကို ရှာဖွေခဲ့ခြင်း ဖြစ်ရာ ပို၍ တရားဝင်မှု ရှိပေသည်။
ရတနာ အကဲဖြတ်ပညာရှင် က ကျောက်စိမ်းကို ရရှိသွားသောအခါ လက်ထဲတွင် တစ်ခဏမျှ ပွတ်သပ်ကြည့်ပြီးနောက် လက်နှိပ်ဓာတ်မီး အသေးလေးဖြင့် သေချာစွာ ထိုးကြည့်ကာ စက်ဖြင့်လည်း တစ်ချက် စစ်ဆေးလိုက်၏။
ထို့နောက် ယွမ် ခုနစ်သိန်းခွဲ ဟူသော ဈေးနှုန်းကို ပေးလာခဲ့သည်။
"ဘယ်လောက်"
ရွှီယန်က မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။
"ခင်ဗျားရဲ့ ဒီကျောက်စိမ်းက တကယ်ကောင်းတယ်... စုဆောင်းသိမ်းဆည်းရတဲ့ အဆင့်အတန်းမျိုး ဖြစ်နေပြီ... ဒါပေမယ့် အဆင့်မြင့် ကျောက်စိမ်းတွေကလည်း အဲဒီလောက် ရောင်းရလွယ်တာတော့ မဟုတ်ဘူးလေ... ခုနစ်သိန်းခွဲ ဆိုတာက ဈေးကောင်းပေးထားတာပါ"
"ပုဂ္ဂလိက ဝယ်လက်တွေဆိုရင် လုံးဝ ကျွန်တော်တို့လောက် ဈေးပေးနိုင်မှာ မဟုတ်ဘူး"
တစ်ဖက်လူက ပြန်ဖြေလိုက်၏။
ရွှီယန် အံ့ဩသွားသည်က ကျောက်စိမ်း၏ ဈေးနှုန်းပင် ဖြစ်ပြီး တကယ်ကို မြင့်မားလွန်းလှပေသည်။
ဂျင်ဆင်းများပင် ဤဈေးနှုန်းအထိ ရောင်းရရန် ခက်ခဲလှ၏။
တကယ်တမ်းတော့ အတိုင်းအတာ ပမာဏကို ကြည့်လိုက်ရုံဖြင့် သိနိုင်ပေသည်။ နှစ်စဉ်နှစ်တိုင်း ဂျင်ဆင်း တူးဖော်သူ အရေအတွက်က မများလှသော်လည်း ကျောက်စိမ်း တူးဖော်သူများကတော့ ဂိုဘီ သဲကန္တာရကြီး အပြည့် ရှိနေကြသည်။
အားလုံးက အကျိုးအမြတ် မရှိဘဲ စောစောထကြမည့်သူများ မဟုတ်ကြချေ။
"ရပါတယ်... ကျွန်တော် တခြား ဆိုင်နည်းနည်းလောက် သွားမေးပြီး ဈေးနှိုင်းကြည့်လိုက်ပါဦးမယ်"
ရွှီယန်က ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဤနာမည်ကြီး အမှတ်တံဆိပ်ကြီးများ အားလုံးက ပြိုင်ဘက် ဆက်ဆံရေးများ ဖြစ်ကြရာ သူတို့ အချင်းချင်း ပူးပေါင်းကြံစည်ကြမည်ကိုတော့ စိုးရိမ်စရာ မလိုပေ။
ပစ္စည်းဝယ်ယူသည်က ဤသို့ပင် ဖြစ်ပြီး ဆိုင်သုံးဆိုင်လောက် နှိုင်းယှဉ်ကြည့်လိုက်ပါက အကြမ်းဖျင်း သိနိုင်မည် ဖြစ်၏။
ရွှီယန်က နောက်ထပ် ဆိုင်နှစ်ဆိုင်သို့ သွားရောက် မေးမြန်းကြည့်ရာ တစ်ဆိုင်က ယွမ် ခြောက်သိန်း ဈေးပေးပြီး နောက်တစ်ဆိုင်ကတော့ ယွမ် ငါးသိန်းခွဲ ဈေးပေးသည်။
အားလုံးက ပထမဆိုင်လောက် မကောင်းကြချေ။
ထို့ကြောင့် ရွှီယန်က ပထမဆုံးဆိုင်ကိုသာ ကျောက်စိမ်း ရောင်းချရန် ဆုံးဖြတ်လိုက်တော့၏။
တိတ်တဆိတ် ငွေသားဖြင့် အရောင်းအဝယ် လုပ်မည်ဆိုပါက အခွန်ဆောင်ရန် မလိုအပ်ရာ ဤဘက်ရှိ ကျောက်စိမ်း ကုန်သည်များက ငွေသားဖြင့်သာ အရောင်းအဝယ် လုပ်လေ့ရှိကြသည်။
တရားဝင် လမ်းကြောင်းများ ဆိုပါက အခွန်ဆောင်ရမည် ဖြစ်၏။
အဖွဲ့အစည်းကြီးများက တရားဝင် လမ်းကြောင်းများဖြင့် သွားကြသည်ဖြစ်ရာ ရွှီယန်ကလည်း သဘာဝကျကျပင် သဘောတူလိုက်သည်။
ဤသို့ဖြင့် အရောင်းအဝယ် ကိစ္စက အတည်ဖြစ်သွားတော့သည်။
ဟယ်ထျန် သို့ တစ်ခေါက် လာရောက်ခဲ့ပြီး ယွမ် သိန်းအတော်များများ မြတ်စွန်းသွားခဲ့၏။
အလကား လာခဲ့ရသည်တော့ မဟုတ်ပေ။